News @ M-Media

Tag: opinion

  • ဒီမိုကရေစီ ခရီးရှည်ကို ဆက်လက်လျှောက်လှမ်း ရဦးမည့် မြန်မာပြည်

    ဒီမိုကရေစီ ခရီးရှည်ကို ဆက်လက်လျှောက်လှမ်း ရဦးမည့် မြန်မာပြည်

    ဧပြီ ၁၆ ၊ ၂၀၁၅
    M-Media
    Myanmar
    – မြန်မာနိုင်ငံ၏ တိုးတက်မှုများက နှစ်ဆတိုးလာသည်။ သို့သော်လည်း အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး ပြည်တွင်း ရှိသူများ၊ ပြည်ပမှနိုင်ငံခြားသားများ အားလုံး မြင်တွေ့နိုင်လေသည်။

    မြန်မာနိုင်ငံသို့ လာရောက်လေ့လာစူးစမ်းသော ခရီးသွားတစ်ယောက်အဖြစ် နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုပမာဏနှင့် ခြေလှမ်းများကို လစ်လျူရှုရန် ခက်သည်။ ကြည့်လိုက်သည့်နေရာတိုင်းတွင် အဆောက်အဦးများ ဆောက်လုပ်နေခြင်း သို့မဟုတ် ပြုပြင်နေခြင်း တစ်မျိုးမျိုးကို တွေ့နေရသည်။ ရုံးအိုရုံးဟောင်းများအား ဆေးသုတ်နေခြင်းမှ ကပ်လျက်တွင် ဇိမ်ခံဟိုတယ်များ ဆောက်နေခြင်းတို့ကိုလည်း မြင်ရသည်။

    ငွေကြေးများကလည်း နိုင်ငံအတွင်းသို့ ရေလိုဝင်နေသည်။ ထိုငွေများကို အကျိုးရှိသောနေရာတွင် အသုံးချရန်အတွက် နှောင့်နှေးစရာ အချိန်မရှိ။ အနည်းဆုံးတော့ ဒါတွေက လက်တွေ့အခြေအနေတွင် ဖြစ်နေသည့် ကိစ္စများဖြစ်သည်။သို့သော်လည်း စိတ်ပါဝင်စားသူ နိုင်ငံခြား ခရီးသွားများ မြင်နေရသည်ထက်ပို၍ တိုးတက်မှုများ မြန်မာနိုင်ငံတွင် ရှိနေသေးသည်။

    ၂၀၁၅ ခုနှစ်တွင် ၈.၅ ရာခိုင်နှုန်း မြင့်တက်လာရန် မျှော်လင့်ထားသည့် မြန်မာ့စီးပွားရေးကလည်း အတော်လေး ကောင်းနေသည်။ ထိန်းချုပ်ထားမှုများ ဖယ်ရှားလိုက်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မက်လုံးများက ပြည်တွင်းနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ပို၍ လွယ်ကူသွားစေသည်။ တရုတ်နိုင်ငံက ထိပ်ဆုံးတွင်ရှိနေသည့် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံအတွင်းသို့ ဒလဟော လှိမ့်ဝင်လာသည်။ ပထမဆုံးအကြိမ်အဖြစ် ဆက်သွယ်ရေးနှင့် အင်တာနက် ကုမ္ပဏီများကဲ့သို့ ၀န်ဆောင်မှုလုပ်ငန်းများက အဓိကမြို့ကြီးများ၏ အပြင်ဘက်သို့ တဖြည်းဖြည်းဖြင့် ချဲ့ထွင်လာကြပြီး ကျေးလက်ဒေသနှင့် ဝေးလံခေါင်ဖျားသောဒေသများကိုပါ ကမ္ဘာကြီးနှင့် ချိတ်ဆက်ပေးနေကြသည်။ ထိုလုပ်ငန်းက လူတိုင်းအတွက် စီးပွားရေးအခွင့်အလမ်းများကို ဖြစ်ပေါ်စေသည်။ မကြာသေးမီကာလအထိ မြို့ကြီးများ၏ အပြင်ဘက်တွင် မြင်တွေ့ရခဲသော ATM ငွေထုတ်စက်များမှာလည်း ယခုအချိန်တွင် နိုင်ငံတစ်ဝှမ်းတွင် အသုံးပြုနိုင်နေပြီဖြစ်သည်။

    နိုင်ငံရေးပိုင်းမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ တိုင်းပြည်က ရှေ့ကို အတော်လေးသွားနေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် သိသိသာသာရလာခြင်း၊ လွှတ်တော်တွင် နိုင်ငံရေး ဆွေးနွေးငြင်းခှုံမှုများ ပြန်လည်အသက်ဝင်လာခြင်းက စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြသည့် ကမ္ဘာကြီးကို အထင်ကြီး အံ့အားသင့်စေခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့ကိုယ်တိုင် သတ်မှတ်ထားသော ခရီးသွားလာခွင့်ကိုလည်း ဖွင့်ပေးလိုက်ပြီး ခရီးသွားများက အတောမသတ် ၀င်လာကြသည်။ သူတို့က ပြည်တွင်းမှ ပြည်သူများအား နိုင်ငံရပ်ခြား လူမှုဘ၀နှင့် နေထိုင်ပုံတို့ကို မိတ်ဆက်ပေးကြသည်။ ၎င်းတို့၏ အမြင်များက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ သည်။ မြောက်များစွာသော လက်နက်ကိုင်များအရေး အဆုံးသတ်ရန် ငြိမ်းချမ်းရေးသဘောတူညီချက်များကို ညှိနှိုင်းဆွေးနွေးနေသည်။

    ခြုံ၍ကြည့်လျှင် တိုးတက်မှုလက္ခဏာများကိုတွေ့ရမည်။ သို့သော်လည်း နှစ်ပါင်း ၅၀ တစ်သီးတစ်ခြားဘ၀မှ ရှေ့ ထွက်လာသည့် မြန်မာနိုင်ငံမှ မျှော်လင့်စရာများ ရှိနေသည်။ သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ထိုမျှော်လင့်ချက်များကို ဆက်လက်ဆောင်ရွက်နိုင်ပါ့မလား? အပြုသဘောဆောင်သည့် လက္ခဏာအားလုံးကို ဘေးဖယ်လိုက်လျှင် ထိုမေးခွန်းအတွက်အဖြေက လက်တွေ့နှင့် ဝေးကွာနေသည်။

    စီးပွားရေး စိုးရိမ်ရမှု
    ———————
    အခြေခံအဆောက်အဦးများကိုကြည့်လျှင် မြန်မာနိုင်ငံက ဆောင်ရွက်ရမည့် စိန်ခေါ်မှု မြောက်မြားစွာရှိနေသည်။ အချိန်ကြာမြင့်စွာ တစ်သီးတစ်ခြားဖြစ်နေမှုကြောင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးများက ဖွံ့ဖြိုးမှုအလွန်နိမ့်နေသည်။ လက်တွေ့တောင်းဆိုမှုများကို ပြည့်မီရန် အတွက်လည်း ပြည့်စုံသည့်အနေအထားတွင်မရှိ။ လမ်းမများ၊ ရထားလမ်းများ၊ သင်္ဘောဆိပ်များနှင့် လေဆိပ်များအားလုံး ချဲ့ထွင်ရန်နှင့် အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။

    မြန်မာနိုင်ငံတွင် သင့်တင့်လျောက်ပတ်သော ပို့ဆောင်ရေးစနစ်များ အလွန်ကိုအားနည်းသည်။ ယခင်မြို့တော်ဟောင်းဖြစ်ပြီး ယခုတွင် ကုန်သွယ်ရေးအချက်အခြာနေရာဖြစ်သည့် ရန်ကုန်မြို့ရှိ လမ်းများတွင် ကားပိတ်မှုပြဿနာ ရှိနေသည်။ ဆယ်စုနှစ်များစွာကြာ မပြောင်းမလဲရှိနေသည့် မြို့ပတ်ရထားလမ်းက ယနေ့ခေတ် ခရီးသည်များ၏ တောင်းဆိုမှုများကို မဖြည့်ဆည်းပေးနိုင်။ ခေတ်မီ ရထားလမ်းများတည်ဆောက်ရေး ပြောဆိုမှုများ ရှိနေသော်လည်း ဆောက်လုပ်ရေးလုပ်ငန်း မည်သည့်အချိန်၌ စတင်မည်ကို ရှင်းရှင်းလင်းလင်းမသိရ။

    နိုင်ငံအတွင်း ပညာတတ်များနှင့် ကျွမ်းကျင်လုပ်သားများ အလွန်အမင်း လိုအပ်နေသည့်အတွက်ကြောင့် ပညာရေးက မြန်မာနိုင်ငံ အတွက် နောက်ထပ်အခက်အခဲဖြစ်သည်။ ထိုနည်းတူစွာ ပညာတတ်များနှင့် ကျွမ်းကျင်လုပ်သားများကို လေ့ကျင့်သင်ကြားပေးရန် တက္ကသိုလ်များလည်း လိုအပ်သည်။ အခြားတစ်ဖက်ကဆိုရလျှင် မြန်မာနိုင်ငံမှာ ချစားမှု၊ တရားမ၀င်ကုန်သွယ်မှု၊ အချက်အလက်များ မလုံလောက်မှု၊ ပွင်းလင်းမြင်သာမရှိမှု၊ ခိုင်မာသည့် ဥပဒေစနစ်မရှိမှု စသည်တို့ကိုလည်း ခံစားနေရသည်။ တည်ငြိမ်ပြီး လွတ်လပ်သည့် ဈေးကွက်စီးပွားရေးကို အထောက်အကူဖြစ်စေရန် ထိုအရာများအားလုံးကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။

    အကောင်းဘက်ကကြည့်လျှင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြောင့် တရုတ်နှင့် အမေရိကန်တို့ကဲ့သို့သော အင်အားကြီးနိုင်ငံများက ၎င်းတို့၏ သြဇာနယ်နမိတ်အောက်သို့ရောက်ရှိရန် ကြိုးစားလာကြသည်။ ထို့ပြင် အာဆီယံအဖွဲ့၌ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်နေသောကြောင့် ထိုနိုင်ငံကြီးများက အာဆီယံဒေသကိုလည်း ပိုပြီး အာရုံစိုက်လာကြသည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလက စတင်ခဲ့သော အာဆီယံစီးပွားရေးအသိုက်အ၀န်း၏ အစိတ်အပိုင်းဖြစ်လာကတည်းက ဖြစ်သည်။ ထိုသို့ နိုင်ငံကြီးများ၏ ချဉ်းကပ်လာမှုက အကျိုးကျေးဇူးများအပြင် လက်ရှိအချိန်၌ ပိုမိုကောင်မွန်လာသည့် ကမ္ဘာ့စီးပွားရေး အတက်၊ အကျတွင် တိုင်းပြည်ကို ပို၍ အားနည်းလာစေသည်။

    ဒီမိုကရေစီကျင့်သုံးခြင်း
    ———————
    မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ကျင့်သုံးမှုလုပ်ငန်းစဉ်မှာ ချီးကျူးလောက်စရာဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း တိုးတက်မှုများစွာ ပြုလုပ်နိုင်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးအစီအစဉ်မှာ ၁၉၉၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းကဲ့သို့ ရည်ရွယ်ချက်ကြီးမားမည်ဟု ယူဆရန် မသင့်သေး။ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသည့် တပ်မတော်ဟုခေါ်သည့် စစ်တပ်က ဒါကို ညွှန်ပြနေပြီး ပြုပြင်ပြောင်းလဲရေး ကာလအစား အင်ဒိုနီးရှား၏ အာဏာရှင်ဆန်သောအုပ်ချုပ်မှု အမြင့်ဆုံးအချိန်နှင့် သွားတူနေသည်။

    မြန်မာနိုင်ငံ၏ စစ်ဘက်ခေါင်းဆောင်ပိုင်းက အသစ်တည်ဆောက်ထားသည့် မြို့တော် နေပြည်တော်တွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေသည်ကိုလည်း မေ့မထားရန် အရေးကြီးသည်။ ဒါက မြို့တော်အသစ်နှင့်ပတ်သက်၍ ၀ိရောဓိကို ဖြစ်စေသည်။ ၁၀ နှစ်မကြာသည့်အချိန်အတွင်း ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးစတင်ကာ ၎င်းတို့၏ အာဏာကို လျော့ချတော့မည်ဖြစ်သော်လည်း ၎င်းတို့အတွက် သစ်လွင်ပြီး လုံခြုံသည့် အုပ်ချုပ်ရေးမြို့တော်တစ်ခုကို အဘယ့်ကြောင့် စစ်တပ်က အသည်းအသန် ဆောက်ခဲ့သနည်း?

    ဒါက တပ်မတော်အနေဖြင့် ဒီမိုကရေစီပြောင်းလဲကျင့်သုံးသည့်ကာလကို မည်မျှလောက်အထိ ကြာစေချင်သနည်းဟူသော မေးခွန်းနှင့် မလေးရှား၊ စင်ကာပူတို့ကဲ့သို့ အမည်ခံ ဒီမိုကရေစီပုံစံမျိုး သွားမလားဆိုသည့် မေးခွန်းများလည်း ပေါ်ထွက်လာခဲ့သည်။ ဒုတိယမေးခွန်းမှန်လာခဲ့လျှင် နောက်ထပ်မေးခွန်းတစ်ခုက တပ်မတော်အနေဖြင့် အဘယ့်ကြောင့် ဒီမိုကရေစီပြောင်းလဲ ကျင့်သုံးမှုကို ရွေးချယ်ခဲ့သနည်း?

    ယနေ့ မြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် ဖိအားပေးအခံရဆုံး ပြည်တွင်းပြဿနာများထဲမှ တစ်ခုမှာ ရိုဟင်ဂျာလူမျိုးများ၏ အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း ဘင်္ဂါလီဟု စာရင်းပေးသွင်းသည့် ရိုဟင်ဂျာများသာ နိုင်ငံသားဖြစ်ခွင့် ရမည့် ၂၀၁၄ ရခိုင်ပြည်နယ်စီမံကိန်း အစီအစဉ်မှာ ရိုဟင်ဂျာများ၏ အနေအထားကို ပို၍ ဆိုးဝါးသွားစေခဲ့သည်။ မြန်မာအစိုးရက ထိုအစီအစဉ်ကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် ဆန်းစစ်သွားမည်ဟု လူ့အဖွဲ့အစည်းအား အသေအချာပြောကြားခဲ့သော်လည်း အထူးသဖြင့် ဘာသာရေးအစွန်းရောက်မှုနှင့် အစိုးရ၏ ဂရုမစိုက်မှုအကြား ရိုဟင်ဂျာများ၏ အခြေအနေ ပိုကောင်းလာရေးအတွက် အာမခံချက်တော့ မပေးခဲ့။ အထွေထွေရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လက္ခဏာများက တဖြည်းဖြည်း အကျဘက်ပြလာသည်။

    ထိုကိစ္စတွင် နိုဘယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ကလည်း အသံမထွက်။ သူမ လွတ်မြောက်လာပြီးကတည်းက ငြိမ်းချမ်းရေး အမှတ်အသားအဖြစ်မှ မိမိ၏ လုပ်ရပ်များကို ပိုမိုတွက်ဆလာသည့် နိုင်ငံရေးသမားတစ်ယောက်အဖြစ်သို့ ပြောင်းသွားခဲ့သည်။

    အမှတ်သညာ
    ————–
    အတိတ်ကို ပြန်ပြောင်းစဉ်းစားကြည့်လျှင် နိုင်ငံတစ်ဝှမ်း တိုင်းရင်းသား ပဋိပက္ခများ အဆုံးမသတ်သေးသော်လည်း မြန်မာနိုင်ငံကို ပဋိပက္ခအလွန် လူ့အဖွဲ့အစည်းဟု ရှုမြင်နိုင်သည်။ သို့သော်လည်း ယခုအချိန်တွင် နိုင်ငံအတွင်းရှိ လူများစုကြီးမှာ ၎င်းတို့၏ အမှတ်သညာကို ကိုယ်တိုင်သတ်မှတ်နေသော လုပ်ငန်းစဉ်တွင် ရှိနေကြသည်။

    နည်းပညာ ရုတ်ချည်းဝင်ရောက်လာခြင်းကလည်း ထိုလုပ်ငန်းစဉ်တွင် တဖြည်းဖြည်းဖြင့် အဓိကနေရာမှ ပါဝင်လာသည်။ နှစ်ပေါင်းများစွာ တစ်သီးတစ်ခြားဖြစ်နေပြီးနောက် အပြင်ကမ္ဘာရှိ ပြည်သူများနှင့် အချင်းချင်းဆက်သွယ်မှု ရုတ်ချည်းတိုးတက်လာခြင်းက မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမှတ်သညာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သြဇာလွှမ်းမိုးလာသည်။ ကိုရီးယားဆန်လာခြင်းက ထိုအထဲမှ အကြောင်းအရင်း တစ်ခု ဖြစ်သည်။ ကိုရီးယားဇာတ်ကားများနှင့် ကေပေါ့ပ် ဂီတများ လူကြိုက်များလာမှုကြောင့် အထူးသဖြင့် လူငယ်များအကြား ထိုအခြေအနေကို တွေ့မြင်နိုင်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းကလည်း အရှေ့သို့ရောက်လာသည်။ အထူးသဖြင့် မျက်နှာတွင် သနပ်ခါးလိမ်းချယ်မှုအတွင်း အလှပြင်ပစ္စည်းများနှင့် အနောက်တိုင်းဝတ်စုံများလည်း အတူတွဲ၍ ပါလာကြသည်။

    ထပ်၍ဆိုရလျှင် မူးယစ်ဆေးစွဲမှုပြဿနာကလည်း အသေအချာဖြေရှင်းရန်လိုအပ်သည့် သိသာသော ပြဿနာဖြစ်သည်။ မြန်မာနိုင်ငံမှာ ဘိန်းဖြူစွဲမှုရောဂါ အဓိကဖြစ်ပွားနသည့်နေရာဖြစ်ပြီး အထူးသဖြင့် ကချင်ပြည်နယ်တွင်ဖြစ်ကာ ဆေးထိုး အပ်များက မြစ်ကမ်း တလျှောက် ပြန့်ကျဲနေပြီး အမှိုက်ပုံးများတွင်လည်း ပြည့်လျှံနေသည်။တိုင်းရင်းသားများ၏ လက်နက်ကိုင် သူပုန်ထမှု၊ နိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်း မိုင်းတွင်းများနှင့် ထိစပ် တည်ရှိမှုတို့ကလည်း မီးလောင်ရာ လေပင့်နေသည်။ ဘိန်းဖြူနှင့် ဘိန်းစိမ်းတို့ကို သုံးစွဲမှုမှာ ကချင်ပြည်နယ်၏ ဆင်းရဲမွဲတေသော လူဦးရေ၏ ၆၅ ရာခိုင်နှုန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်လာနေသည်။ အများစုက တရားစွဲဆိုမှုကို ကြောက်ရွံ့ခြင်း မရှိဘဲ ပေါ်ပေါ်ထင်ထင်ပင် အသုံးပြုကြသည်။

    အစိုးရ တာဝန်ရှိသူများကတော့ ထိုသို့ သူပုန်ထမှုကာ ဒေသအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အစီအစဉ်များ အကောင်အထည်ဖော်ရေးကို အတားအဆီးဖြစ်နေသည် ဟုဆိုကာ တိုင်းရင်းသားများ၏ လက်နက်ကို သူပုန်ထမှုကို အပြစ်တင်သည်။ ထိုပြဿနာကိုဖြေရှင်းရန် အတွက် ဒေသတွင်းရှိ ခရန်ယာန် ပြည်သူများကလည်း ရှေ့ထွက်လာကြသည်။ သို့သော်လည်း အလုပ်မဖြစ်။ ဆေးစွဲနေ သူများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးသော်လည်း ပြန်ကောင်း သွားသည့်နောက်ပိုင်းတွင် ဆေးပြန်စွဲသွားကြသည်။

    မြန်မာ့ လူ့အဖွဲ့အစည်း၌ လူမျိုးစုတိုင်းကို နေရာပေးခြင်းဖြင့် သာတူညီမျှမှုကို တွေ့မြင်ရအောင်ဆောင်ရွက်ရန် ပို၍ အရေးကြီးသည်။ ထိုကိစ္စနှင့်ပတ်သက်၍ လက်ရှိ အချိန်တွင် တိုင်းပြည်က ရုန်းကန်နေရဆုံးဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာများသာ ဖယ်ထုတ်ခံရခြင်းမဟုတ်။ ၀မ်းနည်းစွာပင် တိုင်းရင်းသား လက်နက်ကိုင်တပ်များမှ စစ်သားများ ပါဝင်သည့် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေး အပါအ၀င် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရေး အစီအစဉ်များကလည်း တိုးတက်မှု သိပ်မရှိဘဲ၊ လက်တွေ့တွင် နောက်ပြန်သွားနေသည်။ နိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်တပ်တို့အကြား ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ကိုးကန့်ဒေသအတွင်း သုံးလတာ စစ်အုပ်ချူပ်ရေး အမိန့် ထုတ်ပြန်ခဲ့သည်။

    မြန်မာနိုင်ငံ၏ အစမ်းသပ်ခံရမှုများက လွယ်မည် မဟုတ်။ တိုးတက်မှုများကလည်း အားနည်းနေပြီး နောက်ပြန်သွားနေသည်။ အချိန်ယူရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် အစိုးရသစ် တက်မလာခင်အချိန်အထိ မည်မည်ရရ ပြောင်းလဲမှုမျိုးကိုလည်း တွေ့ရဖွယ်မရှိ။

    သို့သော်လည်း နိုင်ငံက အရှိန်ရနေပြီး ပြုပြင်ပြောင်းလဲမှု ဆက်လက်လုပ်ဆောင်ရန်ကိုလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက စေ့စော် တိုက်တွန်းပေးနေသည်။ တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်နေခြင်းထက် အတူတကွ အလုပ်လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ အား ပြုပြင်ပြောင်းလဲစေရန် မြန်မာ့နိုင်ငံရေးတွင် ပါဝင်သောသူအားလုံးက သင့်လျော်သည့် ဆန္ဒများလည်း ရှိရမည်ဖြစ်လေသည်။

    Fair observer မှ  Lucas Ausems  ၏ “Myanmar Still Has a Long Way To Go” ဆောင်းပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • စကားဝိုင်းမှ သူ့အမြင်များ

    စကားဝိုင်းမှ သူ့အမြင်များ

    မတ်လ ၃၀ ၊ ၂၀၁၅
    ဆွေမွန်ရေးသည်။

    .11112744_1606183022927133_6806012941911440757_n
    ဒီမနက်က အိပ်ယာထပြီး မုန့်လေး ဘာလေး ထွက်ဝယ်ရင်း အပြင်ခဏထွက်ဖြစ်တော့ မတွေ့တာကြာပြီဖြစ်တဲ့ ရဲမှူးကြီးတစ်ဦးနဲ့ လမ်းပေါ်မှာ ပြန်ဆုံဖြစ်ခဲ့တယ်။ သူက ၆၅ ကျော် ၇၀ နား။ ပင်စင်စားပေမယ့် စမတ်ကျကျနဲ့ လန်းဆန်းနေဆဲပါပဲ။ တစ်လမ်းတည်းနေကြသူတွေပီပီ အပြန်အလှန်လေးစားမှုလည်း ရှိကြသလို စကားလည်း မကြာခဏဆိုသလိုတော့ ပြောဖြစ်ကြတယ်။ သူလည်း မနက်ပိုင်း အပြင်ထွက်လမ်းလျှောက်ရာက ကျွန်တော်နဲ့တွေ့တော့ “လာဗျာ၊ ကြုံတုန်း စကားလေး ဘာလေးပြောရအောင်” ဆွဲခေါ်၊ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်သွားရင်း နောက်ထပ်အသိမိတ်ဆွေတစ်ဦး နှစ်ဦးပါ ၀င်ပါလာတဲ့ စကားဝိုင်းလေးဖြစ်သွားပါတယ်။
    .
    ၂၀၁၅ နဲ့ သူ့အမြင်ကို ခေါက်ကြည့်ပါတယ်။ ပွင့်လင်းပါတယ်။ ရွေးကောက်ပွဲ မရှိနိုင်တော့ဘူးလားလို့ ငါတော့ ထင်မိတယ်ကွ လို့ တစ်ခွန်းတည်း တိုတိုပြတ်ပြတ် ဖြေပါတယ်။ ဒါနဲ့ မြင်သမျှလေး ပြောပြပါဦး။ အန်ကယ့်အမြင်လေးသိပါရစေ၊ စကားထောက်မိတော့ ဒေါ်စုဟာ လွှတ်တော်မှာ လုပ်ပိုင်ခွင့်မယ်မယ်ရရမရှိဘဲ ထိုင်နေရတဲ့အတွက် လုပ်ချင်တာတွေ ရှိနေခဲ့ရင်တောင် ဘာမှ လုပ်မရတော့တာရယ်၊ သူသာ လွှတ်တော်မှာ ထိုင်မနေရင်လည်း ဒီထက် အခြေအနေဆိုးသွားနိုင်တယ်။ Democratic Reform လမ်းကြောင်းဟာ သူ လွှတ်တော်မှာ ထိုင်နေတဲ့အတွက် အသက်ဝင်နေသေးတာဖြစ်တယ် လို့ ထောက်ပြပါတယ်။

    စကားပြင်ပြီး နောက်တစ်မျိုးပြောရရင် ၂၀၁၅ ရွေးကောက်ပွဲဟာလည်း ဒေါ်စုလွှတ်တော်မှာ ထိုင်နေသေးတဲ့အတွက် ရှိကောင်း ရှိနိုင်မယ်။ ဒေါ်စုသာ လွှတ်တော်မှာ မရှိတော့ရင် ဒီလူတွေ ပြန်ပြီး ဘောင်းဘီကောက်ဝတ်လိုက်တာ ကြာလှပြီလို့ သူ့အမြင်ကို ထုတ်ပြောပါတယ်။
    .
    ကြားထဲမှာ ရွေးကောက်ပွဲပျက်အောင် မွှေနေတဲ့အဖွဲ့အစည်းတွေဟာလည်း တကယ်ရှိနေတယ်။ ဘာကိုမှ အလျှော့အတင်း မလုပ်ချင်တဲ့ အုပ်စု၊ သဘောထားတင်းမာတဲ့အုပ်စု၊ ဒီအုပ်စုက အဓိကပဲ။ ဒီအုပ်စုဟာ ဘယ်သူတွေလဲ၊ မသဲကွဲဘူးလို့ ပြောနေကြပေမယ့် မြင်တတ်ဖို့ပဲ လိုပါတယ်လေ၊ တစ်ရက်က မန္တလေးအဓိကရုဏ်းအစီရင်ခံစာမှာပါသလို ၃ မျိုးရှိတယ်လို့ ပြောကြတယ်။ ပထမအုပ်စုက သမ္မတ ဦးသိန်းစိန်ကို မလိုလားသူတွေက သမ္မတ ရာထူး နောက်ထပ် သက်တမ်း အတွက် ယှဉ်ပြိုင်လိုစိတ်နဲ့ လုပ်ကြတာ၊ ဒုတိယ အချက်က NLD ကို ပစ်မှတ်ထားပြီးတော့ ဘာသာရေး အရ ခုတုံးယူ နိုင်ငံရေးအရ အသာစီး ရဖို့ လုပ်တာ၊ တတိယက စစ်အုပ်ချုပ်ရေးအောက်မှာ ရွေးကောက်ပွဲ ကျင်းပချင်တဲ့ ဆန္ဒရှိသူတွေက တိုင်းပြည် မငြိမ်သက်အောင် လုပ်ပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းအောင် လုပ်နေကြတာလို့ ပြောကြပြန်တယ်။ ၃ မျိုးရှိသလို ၃ မျိုးပေါင်း တစ်မျိုးတည်းလို့လည်း သတ်မှတ်နိုင်တဲ့အချိန်တွေလည်း ရှိခဲ့ပြန်တယ်။ လုပ်သမျှ ပြသနာတွေဟာ ဒီအုပ်စု၊ ဒီလူတွေကြောင့်၊ တတိယအုပ်စုပေါ့ကွာ၊ ဒီလိုပဲ အကြမ်းမှတ်ထားပေါ့ကွာ။
    .
    ရွေးကောက်ပွဲ မဖြစ်မနေလုပ်ရရင်လည်း ဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီ သေချာပေါက် ရှုံးလိမ့်မယ်။ အရင်က ဒီပဲယင်းကိစ္စ၊ လောလောလတ်လတ် လုပ်ထားတဲ့ လက်ပံတန်းကိစ္စ၊ ရှေ့က သန္တိသုခဘုန်းကြီးကျောင်းကိစ္စ၊ ကိုပါကြီးကိစ္စ၊ ဒေါ်ခင်ဝင်းကိစ္စ၊ ကချင်ဆရာမတွေ DNA စစ်တာတောင် အဖြေမထွက်သေးတဲ့ ကိစ္စတွေအပြင် ဒီရက်တွေမှာ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်က မီးလောင်သံဃာတွေကို အမှုဖွင့်ခွင့်မပေးတာတွေဟာ ငါတို့ ရဲ လုပ်ထုံးမှာ မရှိဘူး။ အမှုလာဖွင့်ရင် လက်ခံကို ခံပေးရမှာက ရဲတာဝန်ပဲ။ အမှုဖွင့်သူ မရှိရင်တောင် ရဲက တရားလို လုပ်ပြီး အမှုဖွင့်ရမယ့်ဟာကို အမှုဖွင့်ခွင့် မရှိဘူး၊ စုံစမ်းခွင့်ပိတ်တယ်၊ နံပတ်တုတ်ကိုင်ပြီး ရိုက်နှက်တာတွေ၊ မန္တလေးမှာဆိုရင် ဆိုင်ကယ်ပေါ်ကလူကို ရဲယူနီဖောင်းကြီးနဲ့ ဆွဲချလိုက်တာတွေဟာ ဥပဒေ ပ လုပ်ရပ် တွေချည်းပဲ။ အမိန့်ကို နာခံတာက တပိုင်းပေါ့ကွာ၊ ဥပဒေပြင်ပက မလုပ်ရဘူး၊ ဒီတော့ လူတွေ မကျေနပ်ထားတာ အများကြီးပဲ။ ဒီလူတွေကို ဒေါ်စုက ထိန်းထားတာ၊ ဒေါ်စု ရှိနေလို့ ဒီလူတွေရဲ့ မကျေနပ်ချက်တွေဟာ ပေါက်ထွက်မသွားသေးတာလို့တော့ ငါမြင်မိတယ်။ ဖိထားလွန်းလို့ ခဏအောင့်နေတဲ့ ပေါက်ကွဲလုလုမီးတောင်ကြီးနဲ့ အတူတူပဲ။
    .
    ရွေးကောက်ပွဲလုပ်ပေးတာနဲ့ သူတို့ ရှုံးမယ်။ အခုဖွင့်မရတဲ့ အမှုတွေဟာ ကျေအေးသွားကြမှာ မဟုတ်ဘူး။ ဒါကို သူတို့ ကောင်းကောင်း သိတယ်။ ရခိုင်ကစ တစ်နိုင်ငံလုံး မီးတင်ရှို့ထားတာတွေ၊ လူသတ်ထားတာတွေ၊ လယ်သိမ်းထားတာတွေ၊ ပြည်သူပိုင်တွေကို ကိုယ်ကျိုးအတွက်သုံး ရောင်းစား လက်သိပ်ထိုးထားတာတွေဟာ တရားခံမရှိ၊ အမှုမပေါ်တာများကြတယ်။ သတ်ဖြတ်ခံထားရတဲ့လူတွေဖက်က ပြန်တရားစွဲကြရင်၊ တရားလိုပေါ်လာရင် ဒါတွေဟာ အမှုမဖွင့်ပါနဲ့ လို့ ပြောလို့ မရမယ့်အချိန် ရောက်လာမှာကို သူတို့ ဘယ်လိုလားပါ့မလဲ။ သူတို့ ကိုယ့်လည်ပင်းကို ကိုယ် ကြိုးကွင်းစွပ်မယ့်လူတွေ မဟုတ်ကြဘူးလေ။
    .
    အဲဒီအခြေအနေကို မရောက်အောင် ရွေးကောက်ပွဲ မရှိမှာ ဖြစ်မှာ။ ဒီတော့ တတိယအုပ်စုသားတွေဟာ ရွေးကောက်ပွဲနောက်ဆုတ်သွားအောင်၊ ရွေးကောက်ပွဲမှာ မရှုံးအောင် သူတို့ ညစ်ပတ်ချင်ရင်၊ စကားခံထားတယ်နော်၊ (ညစ်ပတ်ချင်ရင်) ဖြစ်လာနိုင်တာ ၃ မျိုးလောက်ရှိနိုင်တယ်။ မိုးရာသီမတိုင်ခင် ဖြစ်သွားနိုင်တယ်လို့တော့ သူမြင်မိတယ်လို့ ပြောပါတယ်။
    .
    နံပတ် (၁) က ထုံးစံအတိုင်း အဓိကရုဏ်းတွေဖက်ကို လှည့်နိုင်သေးတယ်။ ဒါပေမယ့် ငါတော့ သိပ်မထင်မိတော့ဘူး။ တရုတ်ဖက်ကို မလှည့်ရဲဘူး။ ဒါက သေချာတယ်။ ကုလားဖက်ကိုလည်း လှည့်မရလောက်တော့ဘူး။ လူတော်တော်များများက သိနေကြပြီ။ မန္တလေးကိစ္စ မဖြစ်မြောက်ကတည်းက ၉၆၉ ဟာ အရှိန်သေသလောက်ဖြစ်သွားတယ်။ ဒါပေမယ့် လိုတရဖြစ်နေတဲ့ ကုလားကို ဆက်ပြီးတော့ မုန်းနေဖို့ တရားပွဲတွေနဲ့ အဆက်ပြတ်မသွားအောင် သွေးမအေးသွားအောင် မီးထိုးပေးနေသေးတယ်။ အရင်က တစ်နှစ်တစ်ပွဲတောင် မရှိတဲ့ တရားပွဲတွေဟာ ခု တစ်ပတ် နှစ်ပွဲ သုံးပွဲ လုပ်ခွင့် ရနေသေးတယ်။ ဘယ်က ပိုက်ဆံတွေ ထွက်လာနေသလဲ။ ဘယ်သူတွေ ထောက်ပံ့နေကြသလဲ။ ဒီဘုန်းကြီးသွားလာဖို့ လုံခြုံရေးအားလုံးကို ဘယ်သူတွေ စီစဉ်ပေးနေသလဲ။ ဘုန်းကြီးအားလုံးက သူတို့ လူတွေလို့ ပြောနိုင်တဲ့ ကြံ့ခိုင်ရေးအားပေးတဲ့ ဘုန်းကြီးတွေချည်းပဲ။ ဒါက တချက်။
    .
    ဒီတော့ ကုလားဖက်နဲ့လည်း တိုက်နေဦးမယ်။ အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်ဖို့ ကြံ့ခိုင်ရေးကို မဲပေးစို့လို့ အမည်တပ်နိုင်ဖို့ ကုလားကို လိုတဲ့အချိန် ထိုးကျွေးနိုင်ဖို့ ပြင်ဆင်နေဦးမှာပဲ။ ခုလည်း ၉၆၉ ကို မဘသ လို့ ပြောင်းထားပေမယ့် လိုရင် ထပ်ပြောင်းလိမ့်ဦးမယ်လို့ ထင်မိတယ်။ အဓိကရုဏ်းတော့ မဖြစ်လောက်တော့ဘူး၊ ငါ ဒီလိုပဲ ထင်မိထားသေးတယ်။
    .
    (၂) အချက် အနေနဲ့ ရွေးကောက်ပွဲ ပျက်သွားနိုင်တာက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အရှိန်မြှင့်တိုက်ပွဲတွေ ဖန်တီးဖို့ပဲ။ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေတဲ့အတွက် အေးချမ်းတည်ငြိမ်မရှိလို့ ရွေးကောက်ပွဲ ပျောက်ရပါတယ်ပေါ့။ ခုလည်း ကရင် DKBA ၊ ကချင် KIA ၊ TNLA ၊ ကိုးကန့်၊ ၀၊ ရခိုင် အကုန်လုံးနဲ့ ချနေတာပဲလေ။ ဖြစ်နေတဲ့ အရှိန်လေးကို ထပ်တင်လိုက်ဖို့ပဲ လိုတယ်။ နောက်တစ်ခါ နေရာအနှံ့ ဗုံးခွဲမှုတွေ ဖြစ်လာနိုင်တယ်။ တစ်နှစ်ကလို သာကေတဖက်က အမှိုက်ပုံတွေမှာ ဗုံးခွဲ၊ ကုန်သည်ကြီးများဟိုတယ်တက် ဗုံးထောင်၊ စောနေတိုးဆိုပြီး အမည်တစ်ခုကို ရွတ်ပြ၊ သတင်းစာ ရှင်းလင်းပွဲတွေ အကြီးအကျယ်လုပ်၊ ဒလံဂျာနယ်တွေကတဆင့် ကြော်ငြာ၊ ဟိုလူ လက်ညှိုးထိုး၊ ဒီလူ လက်ညှိုးထိုး၊ အားလုံးက ကြောက်လန့် စိုးရွံ့နေရအောင် လုပ်ထား။ ပင်မပစ်မှတ်က ရွေးကောက်ပွဲ ပျက်သွားဖို့ပဲ။ နောက်ဆုတ်သွားစေဖို့၊ စစ်အုပ်ချုပ်ရေးပြန်ဝင်လာဖို့ပဲ။

    .
    ငါနောက်တစ်ခု အကြီးအကျယ် စိုးရိမ်မိတာ ဒီသင်္ကြန်တွင်းပဲ။ အကြမ်းဖက် သောင်းကျန်းသူလို့ အမည်တပ်ပြီး ဂျာနယ်တွေမှာ ခုတလော ပါလာနေတယ်။ စစ်ကိုင်းလိုလို၊ ရှမ်းတောင်လိုလို၊ ကြိုလွှင့်ထားပြီးသား။ ဒီကြားထဲမှာ IS အမည်တပ်ပြီး သင်္ကြန်မဏ္ဍပ်အကြီးကြီးတစ်ခုမှာ ဗုံးခွဲချလိုက်လို့ လူ ၅၀ – ၁၀၀ လောက် သေပြီဆိုရင် ပြီးသွားပြီ။ လူ ၁၀၀ လောက်ပဲ ရင်းရမယ်။ မရင်းရဲစရာ မရှိဘူး။ ဒီလူတွေမှာ ပြည်သူ ပြည်သား အသက်သေကြေမှာကို စာနာစိတ်က တစက်မှ မရှိဘူး။ ဒါက အားလုံး အသိပဲလေ။ မှတ်မိဦးမယ်၊ X2O မဏ္ဍပ်ဗုံးခွဲတရားခံဆိုပြီး မွတ်ဆလင်ကို လူမှားဖမ်းတဲ့ထဲမှာ အခု လ၀က ၀န်ကြီး ဦးခင်ရီတောင် ဦးစီးပြီး သတင်းစာတွေ ဘာတွေ ရှင်းလိုက်သေးတယ်ကွာ၊ မင်းတို့ သိကြဦးမယ်။ တရားခံအစစ် ပျောက်သွားတယ်။ ကြားထဲက မဆိုင်သူတွေ ဘ၀ပျက်ရတယ်။ ထိုးကျွေးကြတာကို ပြောတာပါကွာ။ ဒီလူတွေ ဒီလို လုပ်ဖူးတယ်။ ဒီလို လုပ်တတ်တယ်။ လုပ်ရဲတယ်။
    .
    ခုလည်း ၂၀၁၅ မှာ သင်္ကြန်မဏ္ဍပ်ဗုံးကွဲပြီး လူ ၁၀၀ လောက် အသေပြ၊ အဲဒီထဲမှာ အနုပညာရှင် နည်းနည်းပါးပါး ဒူးပြတ် ပေါင်ပြတ် အသေပြ၊ ဘုန်းကြီးတစ်ပါး နှစ်ပါးလောက် သွေးရွှဲရွှဲနဲ့ အသေပြလိုက်ရင် ရပြီ။ IS အဖွဲ့က မြန်မာပြည်ကို ဂျီဟတ်လုပ်နေပါပြီ။ ဗုဒ္ဓဘာသာဝင်တွေကို ဂျီဟတ်လုပ်ပါတယ်လို့ အစိုးရ သတင်းစာတွေ ကိုယ်တိုင်က ရေး၊ ကုလားရုပ်တွေနဲ့ ချိတ်ပြလိုက်ရင် မင်းတို့ ဘာလုပ်ကြမလဲ။ တစ်နိုင်လုံးမှာ အဓိကရုဏ်း အကြီးအကျယ်ထပ်ဖြစ်၊ သွေးချောင်းစီးကုန်ကြလိမ့်မယ်။ အကွက်က ရိုးရိုးလေးပဲ၊ အဖြေ ဆန်းဆန်းလေး ထွက်သွားမယ်။ ဘယ်အဖွဲ့မှ တားမရတော့ဘူး။ မြို့တိုင်းမှာ သူတို့လူတွေချည်းပဲ။ ချထားပြီးသား။ စလုပ်မယ့် အကြောင်းတရား ဖန်တီးပေးလိုက်ဖို့ပဲလိုတယ်။ ပွဲစတာနဲ့ အချိန်ကိုက် အခါကိုက် ဖျက်ဆီးသတ်ဖြတ်မှုတွေ အကြီးအကျယ် ဖြစ်ကုန်လိမ့်မယ်။
    .
    ၁၉၉၄ ဧပြီ တုန်းက ရ၀မ်ဒါမှာ ဟူတူ နဲ့ တွတ်ဆီတွေ အပြန်အလှန်ဆော်ကြတာကို သိတယ်မလား။ ရက် ၁၀၀ အတွင်း လူ ရှစ်သိန်းကျော် အသတ်ခံကြရတယ်။ ကုလသမဂ္ဂမပြောနဲ့၊ ဘယ်အဖွဲ့အစည်းမှ တားဖို့ အချိန်မရလိုက်ဘူး။ ကလေး၊ မိန်းမ၊ အရပ်သား၊ လူတွေ ကုန်သွားပြီ။ ဒါမျိုး ဒီမှာ မလုပ်ဘူး၊ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။ မိတ္ထိလာမှာလည်း ဘယ်သူမှ မတားနိုင်ခဲ့ဘူး။ ကလေးတွေကို အရှင်လတ်လတ် မီးရှို့သတ်ပြခဲ့တာ။ ရဲတွေ တားနိုင်ပေမယ့်၊ လက်ပတန်းမှာ ကျောင်းသားလေးတွေကို နံပတ်တုတ်နဲ့ရိုက်ပြီး တားသလို တားလို့ရလျှက်နဲ့ အထက်အမိန့်မရလို့ မတ်တပ်ရပ်ကြည့်နေခဲ့ကြတယ်။
    .
    ‪#‎အဲဒီအထက်အမိန့်ကိုဘယ်သူပေးနေသလဲ‬။

    လက်ပတန်းမှာ ကျောင်းသားတွေကို ရိုက်မိန့်လာတယ်။ လက်ပံတောင်းမှာ မီးဆွမ်းကပ်မိန့်လာတယ်။ မိတ္ထိလာမှာ မတ်တပ်ရပ်ခိုင်းထားတယ်။ ဒီလူသတ်သမားတွေ၊ ကြိုးကိုင်သူတွေဟာ ခုချိန်ထိ လက်မည်းကြီး အမည်ခံပြီး အရှင်လတ်လတ်ကြီး ငုတ်တုတ်ကြီးရှိနေသေးတယ်။ လူ လေး ငါးဆယ်လောက် သတ်ဖူးသူတွေဟာ ပိုသတ်ဖို့လည်း ၀န်မလေးနိုင်ဘူး။ အကြီးကြီးကို လုပ်ပြမှ အပြောင်းအလဲ အကြီးကြီး ဖြစ်သွားမှာ။ ဒီလိုလုပ်ဖို့အတွက် အကွက်ကောင်းကောင်း စောင့်နေတာပဲ ရှိတယ်။ ဒီသင်္ကြန်မှာ ဒီတစ်ချက်ကို ငါ အစိုးရိမ်ဆုံးပဲကွာ လို့ သူက ပြန်ပြောခဲ့ပါတယ်။
    .
    သူပြောပြတဲ့ ဒီအတွေးအမြင်က ကျွန်တော့်ကို တကယ်ကျောချမ်းစေပါတယ်။ ဖြစ်အောင် ဖန်တီးရင် ဖြစ်သွားနိုင်တာပါပဲ။
    .
    နံပတ် (၃) က ရွေးကောက်ပွဲ မတိုင်မီ ဒေါ်စု လုပ်ကြံခံရနိုင်တယ်။
    ဒီအချက်ကို အရင်ကတွေးဖူးပေမယ့် ဖယ်ထားတာ ကြာနေပါပြီ။ တလောက မြို့တော်ခန်းမရှေ့မှာ လက်ပတ်နီစွမ်းအားရှင်တွေကို ထုတ်သုံးနေသေးတာကို မြင်ကတည်းက အားလုံးဟာ အရင်အတိုင်းပဲ။ ပြောင်းလဲမှု ဘာမှမရှိသေးဆိုတာကို မြင်ကြမယ်။ ပြောင်းလဲမှုအားလုံးရဲ့ အရင်းအမြစ်ဟာ အသက်ဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒေါ်စုသာ တိမ်းပါးသွားရင် အဖြေဟာ ပြောင်းသွားနိုင်တယ်။ ဒီမှာလည်း ကုလားကို ထိုးကျွေးလို့ ရနိုင်သေးတယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်၊ ဒေါ်စုကို သတ်တာ ကုလားပါခင်ဗျာ။ ကုလားရုပ်ခံလေးနဲ့ ပြီးသွားပြန်ပြီ။ ဒါပေမယ့် မဖြစ်နိုင်လောက်သလို မဖြစ်ပါစေနဲ့လို့ ငါ ဆုအတောင်းဆုံးပဲ။ နိုင်ငံတကာက မျက်လုံးဒေါက်ထောက် ကြည့်နေတဲ့ကြားက အလုပ်ခံရရင် ဘယ်သူတွေ အမြတ်ထွက်မလဲ။ ရွေးကောက်ပွဲ ချိန်ခွင် အနည်းနဲ့ အများအပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီတစ်ချက်ကို ငါ ခဏခဏ ပြန်ပြီး စဉ်းစားမိတယ်လို့ ပြန်ပြောခဲ့ပါတယ်။

    အားလုံး ပြန်သုံးသပ်ကြည့်ရင် ရွေးကောက်ပွဲကို နိုဝင်ဘာမှာ လုပ်ရင် ရှုံးမယ်။ ရွေးကောက်ပွဲကိုလည်း ကျင်းပကို ကျင်းပပေးရတော့မယ်။ ရွေးကောက်ပွဲ ရက်ထွက်နေပြီ။ ဒါပေမယ့် ရှုံးလို့ကို မရဘူး။ ရှုံးရင် အာဏာ လွှဲပေးလို့ မရဘူး။ ဒါကသေချာတယ်။ ရှုံးတာနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေဟာ အကုန်ပေါ်လာမှာ။ မျိုထားသမျှ ပြန်လျော်ရမှာ။ ဒါလည်းသေချာနေပြန်တယ်။ ဒါတွေက ထွက်လာနိုင်ဖို့ ထွက်ပေါက်လိုတယ်။ သရေလောက်ဆို မဆိုးဘူး။ သူတို့ ခု လုပ်နေသမျှဟာ သရေလောက်ရဖို့၊ ၅၀-၅၀ လောက် ရဖို့ မှန်းပြီး လုပ်နေကြတဲ့ အကွက်တွေချည်းပဲ။ စစ်တပ်က တမတ်နဲ့ပေါင်းပြီး ၅၀-၆၀ ကျော်နိုင်ရင် သူတို့အသက်ရှိဦးမယ်။
    .
    NLD က ကျေအေးပါတယ်၊ အာဃာတ မထားဘူးလို့ အလကားအော်နေခဲ့တာမှ မဟုတ်ဘဲ။ သူတို့ ဘာကို စိုးရိမ်နေသလဲဆိုတာတွေကို NLD က သေသေချာချာကြီးကို သိထားတယ်။ ဒါကြောင့် NLD နိုင်ရင် သူတို့ကို ဘာမှ ပြန်မလုပ်ပါဘူးလို့ ဖွင့်ဟထားသလို သူတို့ဖက်ကလည်း နောက်ကြောင်းပြန် အရေးယူလို့ မရအောင် ဥပဒေကို အဆင့်ဆင့် ချုပ်ထားတယ်။ စစ်တပ်က တမတ်ဖိုးပါနေသေးတာ ဒီအချက်ကြောင့်ပဲ။ မျိုထားသမျှ ပြန်မအန်ရအောင် လုပ်ထားတာတွေချည်းပဲကွာ။ ဒါပါပဲ။ နိုင်ငံရေး အစစ်အမှန်တွေ မဟုတ်ကြပါဘူး။
    .
    မင်းကို ပြောပြတဲ့ ငါ့အမြင်တွေကလည်း ‪#‎မှန်းဆချက်တွေပါပဲ‬။ မှန်းတာဖြစ်တဲ့အတွက် ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်။ လွဲသွားတာလည်း ဖြစ်နိုင်မယ်။ ကောင်းတဲ့ အပြောင်းအလဲ ဖြစ်လာနိုင်ဖို့ ဆုတောင်းရတာလည်း အမောပါပဲကွာ။ ကောင်းတဲ့ တိုးတက်ပြောင်းလဲမှုတွေကိုပဲ မြင်ချင်ပါတယ်။ ငါလည်း မင်းတို့တွေကို ဒီမက ပြောချင်တာတွေ ရှိနေသေးတယ်။ ခုတော့ ငါလည်း ပြန်ရဦးမယ်ကွ။
    .
    ဟုတ်ကဲ့ပါခင်ဗျာ။ နောက်တွေ့ချင်ပါသေးတယ်။ စကားပြောရတာ အင်မတန်ဗဟုသုတရစေပါတယ်။ ကျေးဇူးပါပဲ။
    .
    စကားဝိုင်းအမည်ခံပေမယ့်လည်း နားထောင်သက်သက်ဖြစ်ခဲ့ရတဲ့ စကားဝိုင်းလေး အပြီးမှာ ကျန်ခဲ့သူတွေဟာ စကားဆက်ပြောစရာ မကျန်တော့သလိုပါပဲ။ အဲဒီ ရဲမှူးကြီးနဲ့ ပြောခဲ့သမျှကို အတွေးထဲမှာပဲထားဖို့၊ မရေးဖို့ ဆုံးဖြတ်ထားပေမယ့် မနေ့ မနက်ပိုင်းက ရခိုင်သူပုန်နဲ့ စစ်တပ်ချကြတဲ့သတင်းကိုလည်း ကြားရော၊ ငါတို့အန်ကယ်ကြီးပြောတာ တစ်ချက်တော့ ပက်ပင်းလက်ငင်း ထိပဟလို့ တွေးမိရင်း သူ့အမြင်အချို့လို့ပဲ ရိုးရိုးရှင်းရှင်း မှတ်ပေးကြဖို့ ပြောပြခဲ့သမျှ ရေးချလိုက်ရပါတယ်။

    ဆွေမွန်
    ၃၀ မတ်လ ၂၀၁၅

  • အမျိုးသမီးများနှင့် စွမ်းဆောင်ရည်ကဏ္ဍ

    အမျိုးသမီးများနှင့် စွမ်းဆောင်ရည်ကဏ္ဍ

    မတ် ၂၈ ၊ ၂၀၁၅
    M-Media
    ထက်မြတ် ရေးသည်။

    women

    ယနေ့ ၂၁ ရာစု ဒီမိုကရေစီကာလကို ကူးပြောင်းနေတဲ့ခေတ်ကြီးမှာ ယောက်ျားလေးများ (အမျိုးသားများ)နှင့်တန်းတူ ရင်ဘောင်တန်း လုပ်ဆောင်လာကြသည်မှာ မိန်းကလေးများ (အမျိုးသမီးများ) ပင်ဖြစ်ကြပါသည်။ အခုခေတ် မိန်းကလေးများ ကို ရှေးယခင်က ခေါ်ဆိုခဲ့ကြသည့်အတိုင်း အားနွဲ့သည့် သူများဟု ဆိုလျှင် မှားမည်ဟုထင်မိပါသည်။

    မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးရှိ လူဦးရေထက်ဝက်ကျော်ကျော်က အမျိုးသမီးများပင်ဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ထို့ကြောင့် မိမိအမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးများတွင်လည်း တာဝန်ရှိပါသည်။ နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေအားလုံး ဆရာမတွေ၊ ဆရာဝန်တွေ၊ အရောင်းစာရေးတွေချည်း လုပ်နေလို့မရပါဘူး။ အမျိုးသမီး အင်ဂျင်နီယာတွေ၊ အမျိုးသမီး လေယာဉ်ပိုင်းလော့တွေနှင့် အမျိုးသမီးဘတ်စ်ကားမောင်းတဲ့ သူတွေလည်း လိုအပ်လှပါတယ်။

    နိုင်ငံတကာမှာဆိုလျှင် မီးရထား၊ ဘတ်စ်ကားမှအစ အာကာသယာဉ်မောင်းတာအထိ အမျိုးသမီးများ ဝင်ရောက်မောင်းနှင်နေ တာမျိုးကို တွေ့ရမှာပါ။ တရုတ်နိုင်ငံမှာဆိုလျှင် သဘောင်္မောင်းတဲ့ အမျိုးသမီးတွေတောင် ရှိနေပြီဖြစ်ကြောင်း သိရှိမှာပါ။ အမျိုးသမီးများကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသော ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများစွာကိုလည်း ယနေ့ရှိနေပါပြီ။ အမျိုးသမီးများမှာ ယနေ့ခေတ်အမျိုးသားများတန်းတူ မည်သည့်အလုပ်မဆို တန်းတူလုပ်ကိုင်လျှက်ရှိကြောင်းကို တွေ့ရှိရမှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံတွင် မိန်းကလေးအများစုဟာ ရှေးယခင်ကအယူအဆတွေအတိုင်း မိန်းကလေးတွေရဲ့ နေရာဟာ မီးဖိုချောင်သာ ဖြစ်တယ် ဆိုတဲ့ အယူအလွဲကြီးကို ကျင့်သုံးနေကြတုန်း ဖြစ်တယ်။ မိန်းကလေးများဟာ ယောင်္ကျာလေးများကို အလုပ်အကျွေးပြုသည့် အနေအထားတွင်သာ ရှိနေရင် လုံလောက်ပြီဟု ထင်နေကြသည်။ မိန်းကလေးများကို နေရာမပေးဘဲ အိမ်ထဲတွင်သာ ထားချင်ကြသည်။ မိန်းကလေးများတွင်လည်း မွေးရာပါ ပါရမီများရှိနိုင်ပါသည်။ သူမတို့ ကျွမ်းကျင်ရာသည် အိမ်အလုပ် လုပ်ရခြင်းဖြစ်ချင်မှ ဖြစ်လိမ့်မည်။ အင်ဂျင်နီယာဝါသနာပါသူလည်း ဖြစ်နိုင်သည်။ ကားမောင်းကျွမ်းကျင်သူလည်း ဖြစ်နိုင်သည်။ သူမတို့ ဝါသနာပါရာကို လုပ်ကိုင်ခွင့်ပေးမည်ဆိုပါက ယင်းပညာရပ်တွင် ထူးချွန်သူတစ်ယောက်ဖြစ်လာနိုင်မည်မှာ ငြင်းပယ်၍မရပါ။

    မိန်းကလေးများထက် “ဗလ” တစ်မျိုးတည်းသာ သာတဲ့ ယောက်ျားလေးများကို “အိမ်ဦးနတ်” နေရာမှာထားပြီး ရိုသေလေးစားကျွေးမွေးနေဖို့ မလိုအပ်လှပါဘူး။ မိန်းကလေးများ အချက်အပြုတ်၊ အချုပ်အလုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေဖို့ မသင့်တော်တော့ပါဘူး။ ယနေ့ခေတ် နာမည်ကြီး စာဖိုမှူး၊ ဒီဇိုင်နာတွေကို ကြည့်လိုက်ပါ။ အမျိုးသမီးများထက် အမျိုးသားများကို တွေ့နိုင်မှာပါ။ ထမင်းဟင်းချက်တာကို “အလုပ်” တစ်ခုလို သတ်မှတ်ပြီး လုပ်စားနေတဲ့သူတွေ ယနေ့ခေတ်မှာအများကြီးရှိပါတယ်။ ပိုက်ဆံပေးနိုင်ရင် အချိန်မရွေး ငှားရမ်းနိုင်ပါတယ်။

    မိန်းကလေးများမှာလည်း ပညာနဲ့ အသိဥာဏ်ရှိဖို့ လိုအပ်ပါတယ်။ ရုပ်မလှရင်နေရပါ ပညာလှဖို့တော့ လိုအပ်လှပါသည်။ ပညာလှပြီး ထူးချွန်ထက်မြက်လှတဲ့အမျိုးသမီးတွေ၊ နိုင်ငံတော်ကို အမျိုးသားများနည်းတူ အလုပ်ကျွေးပြုနေကြတဲ့ အမျိုးသမီးတွေ နိုင်ငံတကာမှာ ရှိပါတယ်။ သူမတို့၏ ဘဝများကို လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံမှာလည်း ထူးချွန်ထက်မြက်တဲ့ နိုပယ်ဆုပိုင်ရှင် အမျိုးသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လူတိုင်းသိကြမယ် ထင်ပါတယ်။ သူမက နိုင်ငံတကာ အမျိုးသမီးစွမ်းဆောင်ရှင်တွေထဲက တစ်ဦးဆိုလျှင်လည်း မမှားပါဘူး။

    မကြာသေးမီအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပေးအပ်သည့် အမျိုးသတ္တိရှင် (၁၀) ဦးတွင် မြန်မာနိုင်ငံမှ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်တွင် ဦးဆောင်လှုပ်ရှားနေသူ ဒေါ်မေစံပယ်ဖြူ သည် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူမသည် အမျိုးသမီးများအား အကြမ်းဖက်မှုကနေ တားဆးမှုဥပဒေမူကြမ်းကို ရေးဆွဲနိုင်ရန်အတွက် ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့အတွက်ကြောင့် ယခုလိုရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ အမျိုးသမီး မြောက်များစွာ လိုအပ်နေပါသည်။

    မြန်မာအမျိုးသမီးများအနေနှင့် အိမ်ထဲမှာပဲ ဟင်းချက် ထမင်းချက်မနေသင့်တော့ဘဲ ကဏ္ဍပေါင်းစုံတွင် အမျိုးသမီးများပါဝင်ခွင့်ရနေပါပြီ။ အမျိုးသားများချည်း အရာရာကို ဦးဆောင်နိုင်သည့်ခေတ် မဟုတ်တော့ပါ။ လွှတ်တော်ထဲတွင်လည်း အမျိုးသမီးများ ဝင်ရောက်နေကြပြီး တိုင်းပြည်အတွက် ကူညီပံ့ပိုးနေကြပါပြီ။ လွှတ်တော်ထဲတွင် အမျိုးသမီးအရေအတွက်မှာ အမျိုးသားများထက် နည်းပါးနေခြင်းကြောင့် ကြိုးစားရန်လိုနေသေးသည်။ အမျိုးသမီးများအနေနှင့် အိမ်ပြင်ကိုထွက်ပြီး လောကကြီးကို မျက်စိဖွင့်ကြည့်ရန် လိုအပ်နေချိန်ဖြစ်ပါသည်။ စွမ်းဆောင်နိုင်သည့် ကဏ္ဍများမှပါဝင်စွမ်းဆောင်ပြီး နိုင်ငံတော်ကြီးကို ဦးဆောင်နိုင်တဲ့ အမျိုးသမီးများဖြစ်လာနိုင်ရန် လိုအပ်လှပါသည်။ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နိုင်အောင် လုပ်ပေးနိုင်ရန် အမျိုးသားများတန်းတူ အမျိုးသမီးများမှလည်း ဝိုင်းဝန်းကြိုးပမ်းသွားရမည် မဟုတ်ပါလား။

    ထက်မြတ်

    ဓါတ်ပုံ အညွှန်း-အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ ၂၀၁၅ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် ဆုပေးပွဲ အခမ်းအနားမှာ ကချင်တိုင်းရင်းသူ မမေစပယ်ဖြူ တက်ရောက်ပြီး ဆုကို လက်ခံရယူ။ သတင်းဓာတ်ပုံ- ရေဗက္ကဝင်း

  • အလင်း နဲ့ အမှောင်ကြားက အာဆီယံခေါင်းဆောင်တစ်ဦး

    အလင်း နဲ့ အမှောင်ကြားက အာဆီယံခေါင်းဆောင်တစ်ဦး

    မတ် ၂၄ ၊ ၂၀၁၅
    M-Media
    ဆွေမွန်ရေးသည်။
    644444_1603914243154011_7123839644553152360_n
    .
    ဗိသုကာကြီး လီကွမ်းယူ၊ စင်္ကာပူရဲ့ ပထမဆုံး ၀န်ကြီးချုပ်၊ ခေတ်မီစင်္ကာပူကို တည်ဆောက်ခဲ့သူ စသည်ဖြင့် လီကွမ်ယူအကြောင်း အကောင်းရေးကြသူများပါတယ်။ အကောင်းရေးကြရအောင်လည်း သူ့လုပ်ရပ်တွေ (အများစု)က စင်္ကာပူနိုင်ငံကို တိုးတက်စေဖို့ ကိုယ်စားပြုနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
    .
    အခြားတဖက်ကို ကြည့်ရင် သူဟာ တရုတ်မျိုးရိုး အစစ်ပါပဲ။ စင်္ကာပူနိုင်ငံမဖြစ်သေးတဲ့ စင်္ကာပူကို ၀င်လာတာ မျိုးရိုး လေးဆက်ပဲ ရှိပါသေးတယ်။ ကွမ်းတုံသားပါ။ ၁၈၆၃ မှာ တရုတ်က သူ့ဘိုးဘွားတွေ စင်္ကာပူကို အခြေချပြောင်းဝင်လာခဲ့တယ်။ British Education ကို ဖြစ်ဖြစ်မြောက်မြောက်တတ်ကျွမ်းတာရယ်၊ PAP ပါတီကတဆင့် နိုင်ငံရေးလမ်းကြောင်းကို ပါးပါးနပ်နပ် ရွေးချယ်ခဲ့တာတွေရယ်၊ အင်္ဂလိပ်လက်အောက်ခံ၊ ဂျပန်လက်အောက်ခံ၊ မလေးရှားလက်အောက်ခံတွေ ဖြစ်ခဲ့ပြီး ၁၉၆၅ မှာ မလေးက ခွဲထွက်ကာ စင်္ကာပူကို ကမ္ဘာ့အဆင့် အာရှကျားတစ်ကောင် ဖြစ်လာစေတာတွေက သူ့ကို အသိအမှတ် မပြုလို့ မရတဲ့အကြောင်းအရာတွေပါ။ မလေးကနေ စင်္ကာပူကို ခွဲထုတ်ခဲ့တဲ့အပိုင်းဟာ စိတ်ဝင်စားဖို့ အကောင်းဆုံးပါ။ လူ ၂၀ လောက်ပဲ အသေအပျောက်ရှိတဲ့ လူမျိုးရေးအဓိကရုဏ်းတစ်ခုကို အကြောင်းပြုပြီး စင်္ကာပူခွဲထွက်ခဲ့တယ်။ ဒီနေရာကို သေချာလေ့လာကြည့်ရင် စိတ်ဝင်စားစရာ အများကြီး၊ နောက်ဆက်တွဲ တွေးစရာတွေအများကြီး ရှိနေတာကို တွေ့ကြရပါမယ်။
    .
    တကယ်တိုးတက်သင့်တဲ့ ပင်မနိုင်ငံ မလေးရှားက မတိုးတက်ဘဲ စင်္ကာပူက ကျော်တက်လာရတဲ အကြောင်းအရာတွေ၊ မလေးကို ယှဉ်နိုင်ဖို့ မလေးရဲ့ပြိုင်ဖက် ဆူကာနိုရဲ့ အင်ဒိုနဲ့ ပြေးကပ်ခဲ့တဲ့ အကြောင်းတွေ၊ အာဆီယံကို ထူထောင်ခဲ့တဲ့ အကြောင်းတွေအပြင် အာရှသားတွေ ကမ္ဘာကကို ရင်ဘောင်တန်းနိုင်ဖို့ သူကြိုးစားခဲ့တာတွေကို ပိုပြီး လေ့လာသင့်ကြပါတယ်။
    .
    သူနဲ့ခေတ်ပြိုင် မြန်မာနိုင်ငံက တစ်တိုင်းပြည်လုံးမွဲ၊ သူ့မိသားစုတစ်စုတည်း ကျိကျိတက်ချမ်းသာတဲ့ (၁၉၈၄ လောက် နယူးစ်ဝိခ်လား တိုင်းလား၊ မဂ္ဂဇင်းတစ်စောင်မှာ ထင်မိတယ်။ သေချာ မမှတ်မိတော့။ ကမ္ဘာ့အချမ်းသာဆုံးနံပတ် ၆ ၀င်အောင် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့) ဦးနေ၀င်း၊ ( ခုချိန်ထိ သူ့မြေးတွေ ဒေါ်လာကို ဘီလီယံလို်က် ချမ်းသာကြသေးတယ်။) ဖိလစ်ပိုင်ဖက်မှာဆိုရင် အတိုက်အခံခေါင်းဆောင် အကွီနိုကို အနီးကပ်သတ်ပစ်ခဲ့တဲ့အပြင် ပြည်သူ့ဘဏ္ဍာအကုန်ဘုံးခဲ့တဲ့ သမ္မတ ဖာဒီနန်မားကို့စ်နဲ့ သူ့ကတော် ဖိနပ်အရံ ၂၀၀၀ ပိုင်ရှင် အီမယ်လ်ဒါမားကို့စ်တို့ထက်စာရင် လီကွမ်းယူဟာ နိုင်ငံဘဏ္ဍာကို ဘုံးချင် ခိုးချင်တဲ့သဘော မရှိခဲ့ပေမယ့် သူ့အာဏာတည်မြဲဖို့ အတွင်းစည်းဝိုင်းကို သူ့မိသားစုကိုပဲ ရွေးခဲ့တယ်။
    .
    မလေးရှားက အတိုက်အခံခေါင်းဆောင် အန်န၀ါ အီဗရာဟင်လို နိုင်ငံရေးပြိုင်ဖက်တွေကို အပြတ်ဖြုတ်တတ်တဲ့ မဟာသီ၊ ထိုင်းက အာဏာသိမ်းနိုင်လွန်းပြီး ပြန်ဆင်းမပေးချင်တဲ့ စစ်တပ်အဆက်ဆက်ရဲ့ ပင်မဆရာကြီး ဗိုလ်ချုပ်ကြီးချာဗလစ်ယောင်ချိုင်ယုဒ် (ဦးနေ၀င်းက အကိုကြီးလို့ ခေါ်ဖူးသေး) တို့လိုပဲ နိုင်ငံရေးအာဏာနဲ့ပတ်သက်လာရင် ဘယ်သူ့ကိုမှ မညှာတာခဲ့ပါဘူး။ နိုင်ငံရေးလမ်းကြောင်းမှာ အတိုက်အခံဟူသမျှ နှိပ်ကွပ်ခဲ့တဲ့ အာဏာရှင်အစစ်ပါ။ သူ့ကို အတိုက်အခံလုပ်သူတွေကို အမှုမစစ်ဘဲ ထောင်ချပစ်ခဲ့တယ်လို့ သူကိုယ်တိုင်ဝန်ခံဖူးပါတယ်။
    .
    ဒါ့အပြင် အာဏာပိုင်ဆိုင်ခြင်းကတဆင့် ရလာတဲ့ ဆင့်ပွားအခွင့်အရေးတွေကို မိသားစုလိုက် လက်ဝါးကြီးအုပ်ခဲ့တယ်လို့ ပြောနိုင်တယ်။ သားအကြီးဆုံးဖြစ်သူ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းကို ၀န်ကြီးချုပ်နေရာအတွက် ကြိုလျာထားခဲ့သလို သူ့နောက်က ဂိုချောက်တောင်ကိုလည်း သူပဲ ရွေးခဲ့တယ်။ ဒါပေမယ့် ဂိုချောက်တောင်ဟာ လီကွမ်းယူအရိပ်ကို မကျော်နိုင်ခဲ့ပါဘူး။ လီကွမ်းယူရဲ့ အရုပ်သာသာအဆင့်ပဲ ဖြစ်ခဲ့တယ်။ ၀န်ကြီးချုပ်နေရာကို သားအကြီးဆုံးဖြစ်သူ လီရှန်လွန်းက ၂၀၀၄ မှာ ရယူခဲ့သလို၊ သားအငယ် လီဆင်ယန်းဟာလည်း စင်္ကာပူစစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့်၊ နောက်ပိုင်းမှာ Sing Tel ရဲ့ CEO နဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့တယ်။ ညီကိုနှစ်ဦးလုံးဟာ Cambridge တက္ကသိုလ်ဆင်းတွေ၊ စင်္ကာပူစစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့်တွေချည်းပါပဲ။ ညီဖြစ်သူဟာ ခုချိန်မှာ Fraser and NeaveLtd မှာ ဥက္ကဋ္ဌလုပ်နေတဲ့အပြင် the Civil Aviation Authority of Singapore (CAAF) မှာလည်း အကြီးဆုံးရာထူးယူထားပါတယ်။ လီကွမ်းယူရဲ့သမီး လီဝေလင်းဟာ the National Neuroscience Institute ကို လုပ်ပိုင်ခွင့်ရထားသလို ၀န်ကြီးချုပ်လီရှန်လွန်းရဲ့ မိန်းမ Ho Ching ဟာလည်း Temasek Holdings ရဲ့ CEO နဲ့ Executive Director တစ်ဦးပါ။
    .
    ဒီအကြောင်းတွေမတိုင်မီမှာလည်း လီကွမ်းယူကို ဆက်ခံခဲ့တဲ့ ဂိုချောက်တောင်နဲ့ လီရှန်လွန်းကို ဝေဖန်ခဲ့တဲ့ The New York Times ကပိုင်တဲ့ the International Herald Tribune သတင်းစာကို Philip Bowring အမည်ရ သတင်းစာဆရာတစ်ဦးရေးတဲ့ ‘All in the Family’ ဆောင်းပါးဟာ စင်္ကာပူကို ထိခိုက်စေတယ်လို့ ခေါင်းစဉ်တပ်ပြီး တရားစွဲခဲ့တဲ့အတွက် သတင်းစာတိုက်ဖက်က အမေရိကန်ဒေါ်လာ ၁၁၄၀၀၀ လောက် အလျော်ပေးခဲ့ရပါသေးတယ်။
    .
    သူ့ရဲ့ PAP ပါတီအကြောင်းဟာလည်း စိတ်ဝင်စားစရာပါ။ အခြားအာဆီယံခေါင်းဆောင်တွေနဲ့မတူတာက နိုင်ငံတိုးတက်လာအောင် လုပ်ပြနိုင်ခြင်းပါပဲ။ အခြားအာဆီယံခေါင်းဆောင်တွေထက်စာရင် လီဟာ အပုပ်နံ့နည်းပါတယ်။
    .
    နိုင်ငံ့ပုံရိပ်တိုးတက်လာတာနဲ့အမျှ သူ့ရဲ့မကောင်းကြောင်းတွေဟာ နောက်ကို ရောက်ကုန်ပါတယ်။ သူ့ရဲ့အထင်ကြီးစရာ မူဝါဒတစ်ခုက စင်္ကာပူကို multiculture ယဉ်ကျေးမှုပေါင်းစုံထွန်းကားရာ၊ လူမျိုးပေါင်းစုံ လွတ်လပ်စွာနေထိုင်နိုင်စေရာ ဂေဟာတစ်ခုအဖြစ်ကို ကျင့်သုံးနိုင်ခဲ့ခြင်းပါပဲ။ ဒါကြောင့် နိုင်ငံတကာက လူမျိုးပေါင်းစုံဟာ စင်္ကာပူမှာ နေထိုင်ခွင့်၊ ပညာသင်ယူခွင့်၊ လူနဲ့တူတန်စွာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် တိုးတက်ခွင့်တွေ ရလာစေတယ်။ ဘာသာရေးကို လုံးဝ မပိတ်ပင်ဘူး။ ချပ်ခ်ျ၊ ဘုန်းကြီးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းတွေအားလုံးဟာ တားဆီးမှု တစ်စုံတစ်ခုမရှိဘဲ လွတ်လပ်ခွင့် အပြည့်ပေးခဲ့တယ်။ ဒီအချက်ဟာ အာဆီယံဘယ်နိုင်ငံထက်မဆို အနောက်နိုင်ငံတွေကို သည်းခြေကြိုက်ဖြစ်စေတဲ့ အချက်ပါပဲ။ စည်းကမ်းနဲ့ပတ်သက်ရင် အလျှော့မပေးဘူး။ အနောက်နိုင်ငံသားတွေကိုတောင် ကြိမ်ဒဏ်ပေးခဲ့တဲ့ သာဓကတွေ အများကြီးပါ။ ကားဆေးမှုတ်မိလို့ ကြိမ်ဒဏ်မိတဲ့ မိုက်ကယ်ဖေးကိစ္စဆိုရင် ကမ္ဘာကျော်ခဲ့တယ်။
    .
    ဖတ်စရာတွေ ကျန်ဦးမှာပါ။ ကောင်းတာတွေရဲ့ တဖက်က အမှောင်ရိပ်သန်းတဲ့ လီကွမ်းယူအကြောင်းတွေဟာ အများကြီးရှိနေဦးမှာပါ။ ဒါပေမယ့် အလင်းအများကြီးထွက်တဲ့ မီးရောင်လိုမျိုး အမှောင်အများအပြားကို ဖယ်ရှားကာ သူ့နိုင်ငံသားတွေရဲ့ ကောင်းကျိုးတွေကို အများဆုံး လုပ်နိုင်ခဲ့လို့သာ သေဆုံးချိန်မှာ အမည်ကောင်းလေး ရခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။
    .
    ဆွေမွန်
    ၂၃ မတ်လ ၂၀၁၅

  • မန္တလေး ပဋိပက္ခနှင့် ရလဒ် သုည၊ အနာဂတ် သုည

    မန္တလေး ပဋိပက္ခနှင့် ရလဒ် သုည၊ အနာဂတ် သုည

    Two-Motorcycle
    မန္တလေး ပဋိပက္ခကာလအတွင်းက တုတ်၊ ဓားများ ကိုင်ဆောင်ထားသူ ၂ ဦး (ဓာတ်ပုံ – ဧရာဝတီ)

    ဆောင်းပါးရှင် – ငြိမ်းချမ်းအေး

    ၂၀၁၄ ခုနှစ် ဇွန်လ မန္တလေး ဘာသာရေးပဋိပက္ခ နောက်ဆက်တွဲ အရေးယူမှုအဖြစ် သားမယားပြုကျင့်မှု လီဆယ်တိုင်တန်းသူ အပါအဝင် လှုံ့ဆော်သူ စွပ်စွဲခံ ၅ ဦးကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။  ဒါပေမယ့် တိုင်းပြည်ရဲ့ အနာဂတ် သုခချမ်းသာရာအတွက် ဝေဖန်ပိုင်းခြား အဖြေရှာရမယ့် မေးခွန်းတွေက တပုံကြီး ကျန်နေသေးပါတယ်။  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အတွက် ရင်းမြစ်တရားခံတွေ၊ နောက်ကွယ်က ကြိုးကိုင် မြှောက်ပင့်ပေးသူတွေ၊ မီးလောင်ရာ လေပင့်စေသူတွေ၊ ဘာသာရေး အဓိကရုဏ်းအတွင်း သေဆုံးခဲ့သူရဲ့ အလောင်းကို မြို့ပတ်စေပြီး သွေးထိုးခဲ့သူတွေ စတဲ့ တခြား သွေးစွန်းတဲ့ လက်တွေအားလုံး စုံလင်ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ခဲ့ပါပြီလား။  နောင် ဒါမျိုး အဖြစ်ဆိုးတွေ မဖြစ်ပေါ်နိုင်အောင်ကော ကြိုတင်ကာကွယ် စီစဉ်မှုတွေ အခြေခံကျကျ ပြင်ဆင် ပြုပြင်နိုင်ခဲ့ပါပြီလား။

    ၂၀၁၃ ခုနှစ် မတ်လ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်၊ မီးရှို့၊ သတ်ဖြတ်ခဲ့မှု ဆိုရင် ၂ နှစ် ရှိခဲ့ပါပြီ။ တရားမျှတမှုတွေ အပြည့်အဝ အလုံးစုံ ဖော်ဆောင်ပြီးပါပြီလား။

    လူ့အဖွဲ့အစည်းမှာကော အမုန်းတရားတွေ လျော့ပါးသွားပါပြီလား။  နိုင်ငံရေးပယောဂ၊ အာရုံလွှဲမှုဆိုတဲ့ လက်ငင်း အကြောင်းကိုပဲ ဇောင်းပေး အကြောင်းပြ ဓာတ်ပြားဟောင်းဖွင့် ဆိုချင်နေကြတုန်းပဲလား။  တခါလာလည်း အစိုးရနဲ့လူထု နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့တွေ အပြန်အလှန် နောက်ကွယ်က လက်မည်းကြီး မှန်းဆ စွပ်စွဲ သုံးသပ်ကြတဲ့ ခေတ်ကုန်ပါပြီလား။  အကောင်အထည် တကယ် လက်မည်းကြီး ရှိရင်လည်း နောင် ဝင်မစွက်၊ ကြိုးမဆွဲနိုင်အောင် လက်ထိပ်ခတ်နိုင်ခဲ့ပါပြီလား။  တခုခုဖြစ်လိုက်ရင် ဘာအလုပ်မှ မဖြစ်တဲ့ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့လိုက်၊ စိုးရိမ်ကြောင်း ဟန်ပြစကားတွေ ထုတ်ဆိုလိုက် အခြေအနေကရော ပြောင်းလဲပြီလား။

    ဒီ ရန်ပွဲ၊ ပဋိပက္ခ၊ အငြိုး၊ အမုန်းတွေရဲ့ ဆန့်ကျင်ဘက်အဖြစ် တဖက်မှာ ပြည်ထောင်စုအတွင်းက နိုင်ငံသား လူမျိုး၊ ဘာသာစုံ ဥမကွဲ သိုက်မပျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ သမမျှတတဲ့ ရာသီဥတု အာမခံရာ စနစ်အဖွဲ့အစည်း၊ အစီအမံ၊ အခြေခံ ဥပဒေတွေ၊ လူ့အခွင့်အရေး ပညာပေး လှုပ်ရှားမှုတွေ ဖော်ဆောင်ဖို့ရာရော ဘယ်အခြေအနေများ ရောက်နေ၊ ဘယ်လောက်တောင် တိုးတက်နေပါပြီလဲ။  အမုန်းတရားတွေကို တန်ပြန်ဖို့ရာ ချစ်ကြည်ရေးတရား ပြန့်ပွားမှုတွေ ဘယ်လောက် ထိရောက် လုပ်ဆောင်နိုင်ခဲ့ပါပြီလဲ။

    လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးအဖွဲ့အသီးသီးက ဘာသာပေါင်းစုံ ချစ်ကြည်၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေသူတွေ ကြယ်ငါးပွင့်ဟိုတယ်တွေက ဆွေးနွေးပွဲတွေမှာ သတင်းဖြစ် ပွဲတက်ခံ၊ ဓာတ်ပုံတွဲရိုက်ခံ၊ ခေါင်းဆောင်တွေချည်း  ကြည်စေ၊ အေးစေ၊ ငြိမ်းစေ လုပ်နေကြတဲ့ အဆင့်ကရော တက်ခဲ့ပြီလား။  ဘယ်လောက်အထိ တိုးတက်အောင်မြင် လူအများကြားကို ငြိမ်းချမ်းရေးတရားတွေ ပြန့်နှံ့ စိမ့်ဝင်သက်ရောက်နိုင်ပြီလဲ။ လူမျိုးမတူ၊ ဘာသာကွဲရုံနဲ့ လူသားအချင်းချင်း အမြင်မကြည်လင်မှု၊ သံသယထားမှုတွေ အခု လျော့ပါးခဲ့ပြီလား။ အမုန်းပင်စည် အမြစ်တွယ်မှုတွေကို ဘယ်လောက် လှန်ထုတ် သင်းကွပ် နိုင်ပါပြီလဲ။

    ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ၊ ကာတွန်း၊ ပညာရေးစနစ် စတဲ့ လူထုကြားခံတွေက လူမျိုးမတူချင်း၊ ဘာသာမတူချင်း အမြင်မကြည်လင် မနှစ်မြို့ အယ်လာဂျစ်ဖြစ်တတ်တဲ့၊ တဖက်သတ် ကောက်ချက်ဆွဲတတ်တဲ့၊ ပုံသေကားချပ်ချ ပုံဖော်တတ်တဲ့ အမုန်းပွားရေး ‘ကြောင်ချေး’ တွေရော အခု ကုန်စင် ရှင်းလင်းပြီးပါပြီလား။

    လိုရာဆွဲတွေး ပုံဖော် လူမျိုးရေး၊ ဘာသာရေး သွေးထိုးတတ်တဲ့ အကျင့်တွေ ဖျောက်နိုင်ခဲ့ကြပြီလား။ အသံဝဲဝဲနဲ့ မြန်မာစကားသံကို နားထောင်၊ အသားအရောင်ကို ကြည့် နိုင်ငံသား သတ်မှတ်လိုတဲ့ သဘောထား အမြင်တွေ ရေပန်းမစား ခေတ်ကုန်သွားခဲ့ပါပြီလား။

    ဘာသာ၊ လူမျိုးစုံ မှီတင်းနေထိုင်နေတဲ့ တိုင်းပြည်မှာ လူမျိုစုစုံ ချစ်ကြည်ရေး တိုးပွားစေတဲ့ သင်ရိုးညွန်းတမ်းတွေ ပညာရေးစနစ်မှာ ထည့်သွင်း ပြဌာန်းနိုင်ပြီလား။ မြန်မာပြည်မှာ တလူမျိုး၊ တဘာသာ ဗဟိုပြု “Ethnocentric” ပြုကာ မျိုးမြင့်စိတ်နေ ထောင်လွှား  ပုံဖော်တဲ့ ပညာရေးစနစ်၊ အနုသုခုမ ပုံစံတွေ အခု လျှော့ချပစ်နိုင်ခဲ့ပြီလား။  ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုစစ်စစ် တည်ဆောက်ဖို့ လမ်းစမှန်ပေါ် ရောက်နေပြီလား။

    အထက်မှာ ဆိုခဲ့သမျှ မေးခွန်းများ အားလုံးအတွက် အဖြေက ‘သုည’ ပါ။  ပင်မရေသောက်မြစ် နိုင်ငံရေး သဘောထား စနစ် မပြောင်းလဲမှုနဲ့အတူ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ ကဏ္ဍစုံ ဒုံရင်းထက် ပိုဆိုးနေကာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပြဿနာစုံ တိုးပွားနေသလို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေလည်း တိုးပွားမြဲ တိုးပွားနေခြင်းကြောင့် အဖြေက ဘဲဥမကွဲရတာပါ။  ဒါကြောင့်လည်း လက်ရှိအစိုးရရဲ့ နောက်ဆုံးနှစ် ၂၀၁၅ အရောက်မှာ တိုင်းပြည်ရဲ့ အထွေထွေ ပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီတည်ဆောင်မှုက ရပ်တန့်ရုံမက၊ နောက်ပြန် ကျဆုံးနေတယ်လို့ နိုင်ငံတကာက သုံးသပ်နေကြတာပါ။

    အကျိုးစီးပွား၊ အာဏာ၊ လုပ်ပိုင်ခွင့် ရေရှည်တည်တံ့ရေး မျှော်ကိုး နိုင်ငံရေးစနစ်ကို ဟန်ပြ ပြောင်းပြနေခြင်းကြောင့် လူဆိုး၊ မူဆိုးတွေ ရှင်သန် အမြစ်တွယ်မှုက မပျက်ပါ။  လူမျိုး၊ ဘာသာ ဆက်စပ် ပြဿနာ အတွက်လည်း အခြေခံ ပြောင်းလဲ တိုးတက်မှု လုံးဝ မဖော်ဆောင်နိုင်သေးပါ။  ပြည်တွင်းစစ်အတွက် ဟန်ပြ ငြိမ်းချမ်းရေး အလုပ်တွေသာ ပေါများနေသလို လူမျိုးရေး၊ ဘာသာရေး အမုန်းတွေ အတွက်လည်း ရင်းမြစ် ပြဿနာကို ဖြေရှင်းစေတဲ့ မူဝါဒ၊ အလုပ် ပြောင်းလဲ ဖော်ဆောင်မှုတွေ မလုပ်ချင်ကြသေးပါ။  စစ်အာဏာရှင်စနစ်က ရာစုဝက်ကျော်ကြာ မှိုင်းတိုက်ခဲ့တဲ့ အစွန်းရောက် အမျိုးသားရေး စိတ်အခံဟာ လူအများကြားမှာ အတိုင်းအတာတခုအထိ သက်ရောက်နေကြောင်း မျက်မှောက် ဖြစ်စဉ်တွေက အထင်အရှား ပြသလို့နေပါတယ်။

    ဒါထက် ပိုဆိုးတာက အမုန်းတရား ပွားများလိုသူတွေရဲ့ နောက်ကွယ်က ကြံစည်ချက်စနက်မှာ အမျိုးသားရေး သကြားချိုချို အုပ်ထားတဲ့၊ ရဟန်း သံဃာတွေပါ ဝင်ရောက် အသုံးတော်ခံ ပါဝင်ရတဲ့ မျိုးစောင့် ဥပဒေများဟာလည်း မျက်မှောက်မှာ လုံးလုံး အသက်ဝင်လို့ သွားခဲ့ပါပြီ။ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး နိုင်ငံတကာအဆင့် စံချိန်မီတဲ့၊ ကမ္ဘာ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးများထက်တောင် ရိုးရာဓလေ့မှာ အမြင်ကျယ်တဲ့ လူမှုထုံးတမ်းတွေဟာလည်း လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အရောင်ဆိုးထားတဲ့ ဥပဒေတွေအောက်မှာ ကျဆင်း အားနည်းခဲ့ရပါပြီ။  မျိုးစောင့်ဥပဒေလို ကိစ္စတွေ အခုတရားဝင် နိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ အကျုံးဝင် ရပ်တည်လာခဲ့ပြီမို့ လူမျိုးရေ၊ ဘာသာရေး ခွဲခြားမှုကိစ္စက ပိုတောင် ယိုယွင်း ဆုတ်ယုတ်လာတယ် ဆိုရမှာပါ။

    ဒါ့အပြင် ဒီမိုကရေစီ ရှေ့ဆောင် နိုင်ငံရေး ပါတီကြီးလိုမျိုးက အစလည်း အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်းကျပ်မှု၊ ပြဿနာ အရှာခံရမှု လွတ်အောင်၊ အမျိုးသားရေးသမားများလည်း ကြည်ဖြူအောင်၊ လူအများလည်း ထောက်ခံအောင် ဘာသာရေး လူမျိုးရေး ကိစ္စတွေများ ပေယျာလကန် ပြုခဲ့တာတွေလည်း တွေ့ခဲ့ရပါပြီ။

    လူ့အဖွဲ့အစည်းမှာ သြဇာကြီးတဲ့ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးများ ပါဝင်တဲ့ သံဃာအဖွဲ့အစည်းတွေရဲ့ အမြင်ကလည်း ဝေဝါးနေပါတယ်။  ကျောင်းသားတွေနဲ့ ပညာရှင်တွေ တောင်းဆိုတဲ့ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်းတွေကို သံဃာအဖွဲ့စုံ ဝေဖန်ထောက်ပြ အသံတွေ ညံခဲ့တဲ့ ပြီးခဲ့တဲ့ ဖြစ်စဉ်က သက်သေပါပဲ။  ဒီကိစ္စမှာ ကျောင်းသားလှုပ်ရှားမှုကို အားပျော့စေလိုတဲ့ နိုင်ငံရေးပယောဂ၊ အုပ်စိုးသူ အာဏာရှိသူတွေရဲ့ ဖိအားကြောင့် ပါတယ်ဆိုတာ မှန်ပေမယ့် မီးမရှိဘဲ မီးခိုးမထွက်ပါဘူး။

    ဒါတွေအပြင် စစ်အစိုးရအဆက်ဆက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တိုင်းနဲ့ အဆင်မပြေ၊ သူတို့ပြောသမျှ လက်မခံ၊ ဘူးခံငြင်းတဲ့ အနေအထားကလည်း အခု ပြောင်းမသွားတဲ့အပြင် ပိုတောင်ဆိုးလာပါတယ်။  အရင်က အစိုးရ တခုတည်းက ကုလသမဂ္ဂကို ပြန်လည် အပြစ်တင်ခဲ့ရာက အခုဆိုရင် လူမျိုးရေး၊ ဘာသာရေး အခြေခံ  ပြင်းထန်မှုကြောင့် နိုင်ငံရေးပါတီများနဲ့ လူမှုအဖွဲ့တချို့ကပါ ကုလကိုယ်စားလှယ်ကို ကန့်ကွက်တာ၊ ဆန္ဒပြတာတွေလည်း လုပ်ပြခဲ့ကြပါပြီ။  ကုလသံကိုယ်စားလှယ်ကို ကမ္ဘာကျော် စော်ကားပြောဆို တိုင်းထွာမှုကိုလည်း ခပ်တည်တည်ပဲ အသာ နှာစေး ပြဝံ့ခဲ့ကြပါပြီ။

    တကယ်တော့ အားမနာ မညှာစတမ်း သုံးသပ်ရရင် မျက်မှောက် ဒီမိုကရေစီစနစ် အမည်ခံထားတဲ့ တိုင်းပြည်က လက်ရှိ လူ့အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်၊ အမျိုးသမီး အခွင့်အရေးတွေဟာ စစ်အစိုးရခေတ်အတိုင်း မပြောင်းလဲ သေးတဲ့အပြင် တချို့ကဏ္ဍတွေမှာ ပိုလို့တောင် နိမ့်ကျလာတယ် ဆိုရပါမယ်။ လူထုရဲ့ သဘော စိတ်ဓာတ်ဟာလည်း ငြိမ်းချမ်းရေး၊ လူမျိုး၊ ဘာသာ မခွဲ သွေးစည်းချစ်ကြည်ရေးကို အခြေခံကျကျ နှစ်နှစ်ကာကာ အစွဲကင်းကင်း လုပ်လိုစိတ်၊ မြင်လိုစိတ်၊ ကျင့်ကြံလိုစိတ် မရှိဘူးလို့လည်း ဆိုနိုင်ပါတယ်။ ဘာသာ၊ လူမျိုး မခွဲဖို့ အကြောင်းတွေ ရေးရင်၊ ပြောရင် ရေးသူ ပြောသူနဲ့ စာနယ်ဇင်းကို ခေါင်းစဉ်တပ် တံဆိပ်ခတ် အမြဲ စွပ်စွဲချင်ကြတာလည်း သတိထားမိတယ်။

    သူလိုကိုယ်လို လူသာမန်မှာတောင်မှ လူမျိုး၊ ဘာသာ ဆိုတဲ့ လူမှုအသိုင်းအဝန်းက ကန့်သတ်လိုက်တဲ့ သညာတွေ၊ ပညတ်ချက်တွေ ပါလာတာနဲ့ အစွဲမကင်းတဲ့ သဘောထားတွေ၊ တဖက်သတ် ကြိုတင် ကောက်ချက်ချလိုမှုတွေ၊ တိမ်သလ္လာဖုံးနေတဲ့ အမြင်တွေ၊ မကြီးမကျယ်နိုင်တဲ့ ဦးနှောက်၊ ရင်ဘတ်နှလုံးသားတွေ အကြောင်းတွေက နေ့စဉ် လူမှုလောကမှာ၊ သတင်းဖြစ်ရပ်တွေမှာ အသစ် အသစ် အမြဲ ထင်ရှား ဖြစ်ပေါ်နေပါတယ်။  အမုန်းပွားဖို့ ပိုလွယ်တဲ့၊ ထိရောက်မှု ကျယ်ပြန့် မြန်ဆန်တဲ့ အင်တာနက် လူမှုကွန်ရက်များမှာဆို ပိုတောင်ဆိုးပါသေးတယ်။

    ဒါတောင် အစိုးရက လူသုံးများတဲ့ လူမှုကွန်ရက် ဝန်ဆောင်မှုတခုဖြစ်တဲ့ Facebook က တာဝန်ရှိသူတွေနဲ့ တရားဝင် ပူးပေါင်းပြီး အပုန်းအလျှိုး နာမည်ဝှက်တွေနဲ့ အွန်လိုင်း အမုန်းပွားနေသူတွေကို နှိမ်နှင်းနေတယ်လို့ ဆိုပါတယ်။  လက်တွေ့မှာတော့ အွန်လိုင်းမှာ အမုန်းစကားတွေက လျော့မသွားပါ။  နိုင်ငံရေးအရ အစိုးရကို ဝေဖန် အတိုက်ခံတဲ့ လူတွေရဲ့ စာမျက်နှာတွေသာ ပိုမို ကန့်သတ်ခံလာရတာပဲ အဖတ်တင်ပါတယ်။ အမုန်းပွားရေး စာမျက်နှာတွေကတော့ ရှိမြဲ ရှိနေလျက်၊ လူမျိုး၊ ဘာသာ ဆက်စပ် အမှန်တဝက်၊ အမှားတဝက် ပုံဖျက် အချက်အလက်တွေ၊ အမုန်းစကားတွေ၊ ဓာတ်ပုံတွေ ဖြန့်ဝေလျက်ပါပဲ။

    ခြုံပြောရရင် လူမျိုး၊ ဘာသာ အကဲဆတ်မှု လျော့ပါးရေးမှာ အခြေခံကျကျ ခံယူချက်၊ အတွေးအခေါ် ပြောင်းလဲလိုမှုက တဦးချင်းသဘောမှာကို အင်မတန် အားနည်းလှပါသေးတယ်။  ဒါကြောင့်ကို နေ့စဉ် အွန်လိုင်းမှာ အမုန်းပွားလိုသူတွေရဲ့ အလုပ်တွေ တွင်ကျယ်နေတာပါ။  လူတဦးချင်း အသိစိတ်နဲ့ တကိုယ်ရေ ပြောင်းလဲချင်စိတ်မရှိရင် မငြိမ်းချမ်းတဲ့ အနိဋ္ဌာရုံ ဖြစ်ရပ်တွေကို အလိုတူအလိုပါ ဝင်ရောက် ဖန်တီးနေသလို ဖြစ်နေဦးမှာပါပဲ။

    ဒီလိုအနေအထားနဲ့ တိုင်းပြည် အနာဂတ်ဟာလည်း အတိတ်နဲ့ ပစ္စုပ္ပန်လိုပဲ တိုင်းရင်းသား လူမျိုးစု စစ်ပွဲတွေ၊ လူမျိုး၊ ဘာသာ ပဋိပက္ခတွေ တင်းကျမ်းနဲ့ ငြိမ်းချမ်းရေး ပင်စည် မရှင်သန်၊ ဖွံဖြိုးတိုးတက် ချမ်းသာမှု အကိုင်းအခက် မကြီးထွားနိုင်၊ တရားမျှတမှု အသီးအပွင့် မစားသုံးနိုင်၊ လွတ်လပ်အေးချမ်းခြင်း အရိပ်အာဝါသအောက် မခိုလှုံနိုင် ဖြစ်နေဦးမှာပါပဲ။  ဒါကြောင့် ညီညွတ်မျှတ လောကပါလ တရားဓမ္မ ထွန်းကား လွှမ်းမိုး စောင့်ရှောက်တဲ့ သုခချမ်းသာ စံစားရာ ဒီမိုကရေစီ လောကနိဗ္ဗာန် မျက်မှောက်ပြုဖို့ရာလည်း အလှမ်းဝေးနေဦးမယ့် သဘောကို အားလုံး ဆင်ခြင် မြော်ချင့်စေချင်ပါတယ်။  တိုင်းပြည် အနာဂတ် ငြိမ်းချမ်းဖွံ့ဖြိုး ချမ်းသာရာရဖို့ လူတဦးချင်း အသိစိတ်ဓာတ်ရှိရှိနဲ့ ဘာသာစွဲ၊ လူမျိုးစွဲကြီးမှုတွေ လျှော့ချ၊ ပြုပြင်သင့်တာတွေ ပြုပြင်၊ ပြောင်းလဲသင့်တာတွေ ပြောင်းလဲ၊ အလုပ်ကောင်းတွေ၊ ခံယူချက်ကောင်းတွေ စံပြတနိုင် ထားနိုင်ကြစေကြောင်း တိုက်တွန်းချင်ပါတယ်။

    (ငြိမ်းချမ်းအေးသည် အွန်လိုင်းနှင့် ပုံနှိပ် စာနယ်ဇင်းများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ [email protected] သို့ ဆက်သွယ်နိုင်သည်။)

    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    http://burma.irrawaddy.org/opinion/viewpoint/2015/03/23/72978.html