News @ M-Media
Tag: opinion
  • မြတ်ဗုဒ္ဓ ဘယ်သူ့ကိုမှ တရား မစွဲခဲ့ပါ။ (သူ့အမြင်)
    မြတ်ဗုဒ္ဓ ဘယ်သူ့ကိုမှ တရား မစွဲခဲ့ပါ။ (သူ့အမြင်)
    ဒီဇင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    .ဆွေမွန်ရေးသည်။
    10849839_1566909283521174_6959120524991980263_n
    ဒီနေ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထဲမှာ မြန်မာနိုင်ငံမှာ မြတ်စွာဘုရားကိုယ်တော်တိုင် သက်တော်ထင်ရှားရှိနေမယ်ဆိုရင် ဦးထင်လင်းဦး တရားစွဲခံရမယ်၊ အဖမ်းခံရမယ်၊ လက်ထိပ်ခတ်ခံရမယ် မထင်မိပါ။
    စိတ်ကူးယဉ် imaginary မေးခွန်းဖြစ်လွန်းပေမယ့် တွေးစရာတွေ နည်းနည်းလောက် ထပ်ပေးချင်ပါသေးတယ်။
    ဗုဒ္ဓဘာသာဝင်တိုင်းသိကြတဲ့ အခြေခံအကျဆုံး အောင်ခြင်းရှစ်ပါးကိုပဲ ကိုးကားချင်ပါတယ်။
    ‪‎ဦးထင်လင်းဦးလုပ်ရပ်ကိုတရားစွဲဖမ်းဆီးမယ်ဆိုရင်‬….
    မဘသလက်ချက်နဲ့ သစ္စကပရိဗိုဇ်လည်း ထောင်ကျပါလိမ့်မယ်။ အတ္တလား အနတ္တလား အယူပြိုင်တဲ့ဆီတောင် ရောက်မယ်မထင်မိပါဘူး။.. ဗုဒ္ဓရှင်တော်ကတော့ အနတ္တဖြစ်တယ်ဆိုတာကို နားလည်အောင်ရှင်းပေးနိုင်တဲ့အတွက် သစ္စကပရိဗိုဇ်ကို အနိုင်ယူကာ အောင်ခြင်းတစ်ပါး ဖြစ်လာခဲ့ပါတယ်။
    နန္ဒေပနန္ဒနဂါးမင်းလည်း မဘသကို ပြိုင်ဆိုင်မှုနဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးလက်ချက်နဲ့ သေချာပေါက် ခုတ်ထစ်သတ်ဖြတ်ခံရပါလိမ့်မယ်။ ဗုဒ္ဓရှင်တော်ကတော့ ရှင်မဟာမောဂ္ဂလန်ကို ခန္ဓာကိုယ်နှစ်ဆကြီးခိုင်းပြီး နဂါးကို မေတ္တာသက်သက်နဲ့ပဲ အနိုင်ယူခဲ့တဲ့အတွက် အောင်ခြင်းတစ်ပါး တိုးခဲ့ပါရဲ့…
    ဗကဗြဟ္မာကြီးလည်း ဗြဟ္မာဘုံ မြဲ၏ မမြဲ၏ ခေါင်းစားတာနဲ့ မဘသလက်ချက်နဲ့ အသက်ထွက်သွားပါလိမ့်မယ်။ ဗုဒ္ဓရှင်တော်ကတော့ ဗြဟ္မာတွေ အမေးကို သေချာ ရှင်းနိုင်တဲ့ အတွက် အောင်ခြင်းတစ်ပါး တိုးခဲ့ပြန်ပါတယ်။
    တိတ္ထိဆိုတာ အယူဝါဒလွဲသူ… တိတ္ထိတွေကို မြတ်ဗုဒ္ဓက တန်ခိုးချင်းပြိုင်ပြီး အနိုင်ယူခဲ့တယ်။ သရက်ဖြူသီးကိုဘုန်းပေး၊ အစေ့ကို ချက်ချင်းစိုက်၊ အပင်ပေါက်စေပြီး အသီးပြန်ဘုန်းပေးပြကာ တန်ခိုးပြာဋိဟာနဲ့ မေတ္တာရှေ့ထား အကြမ်းမဖက်ဘဲ အနိုင်ယူခဲ့တယ်။ ခုခေတ် မဘသတွေက တိတ္ထိတွေကို မီးနဲ့ရှို့၊ အိမ်တွေက မောင်းထုတ်၊ မဆက်ဆံရ၊ မရောင်းရ မ၀ယ်ရ အမိန့်ထုတ်ကာ အမုန်းတရားတန်ခိုးပြာဋိဟာနဲ့ အနိုင်ယူကြတယ်။ အမုန်းတရား ထားနေသရွေ့ ဘယ်တိတ္ထိမှ ဗုဒ္ဓ၀ါဒကို သက်ဝင် ယုံကြည် လာကြမယ် မထင်မိပါဘူး။ မေတ္တာဝါဒီဘုရားရှင်ကတော့ မေတ္တာသက်သက်နဲ့ပဲ အားလုံးကိုအနိုင်ယူကာ ဗုဒ္ဓ၀ါဒီတွေ ဖြစ်လာစေခဲ့ပါတယ်။
    စိဉ္စမာဏ၀ီကာပရိဗိုဇ်မဆိုရင် သေချာပါပြီ။ တရားပွဲထဲမှာတင် မဘသတပည့်တပန်းတွေ လက်ချက်နဲ့ ဗိုက်ကြီးပြုတ်ထွက်ရုံမကဘဲ အသက်လည်း ဘယ်အပေါက်က ထွက်သွားမယ် မသိ။ နတ်သားလေးဦး ကြွက်ယောင် မဆောင်ခင် စိဉ္စမာဏ သေနေပါပြီ။ မဘသခေတ်မှာဆိုရင် အောင်ခြင်းတစ်ပါးလည်း ပျောက်သွားလိမ့်မယ် ထင်မိပါတယ်။ မြတ်ဗုဒ္ဓကတော့ မေတ္တာနဲ့ပဲ စွပ်စွဲတာကို ချေပခဲ့ပြန်တယ်။
    ကပိလ၀တ်နဲ့ ကောလိယနှစ်ပြည်ထောင်ကြား ရောဟီဏီမြစ်ကိစ္စဆိုရင်လည်း မြတ်ဗုဒ္ဓက စစ်မဖြစ်အောင် မေတ္တာရှေ့ထား တားနိုင်ခဲ့ပါတယ်။ သွေးသံ တစ်စက် မြေ မကျခဲ့စေရပါဘူး။ မြန်မာဗုဒ္ဓ အမျိုးစောင့် မဘသ အဖွဲ့ကြီးသာ ရောဟီဏီမြစ် အရေး ကိုင်တွယ်လိုက်ရင်… မြစ်ရေဟာ သွေးရေ ဖြစ် သွားပါလိမ့်မယ်။ မြတ်ဗုဒ္ဓဟာ အလည်မှာပဲ ရပ်ခဲ့တယ်။ ဘက်မလိုက်ခဲ့ပါဘူး။ မျှတခဲ့ပါတယ်။
    အင်္ဂုလိမာလကတော့ အဖြစ် အဆိုးဆုံးဖြစ်လိမ့်မယ်။ လက်ညိုးဖြတ်တာနဲ့တင် သူ့ကို လည်ပင်းဖြတ်မယ့် အရိုးစည်းရိုးထိုးမယ့်ပုဂ္ဂိုလ်တွေနဲ့တွေ့ရင် ကြွပါပြီ။ မြတ်ဗုဒ္ဓရဲ့ လူသတ်သမား အပေါ်မှာတောင် မေတ္တာထားခဲ့တဲ့ အတွက် အဂုင်္လိမာလဟာ ရဟန်းဖြစ်လာခဲ့ပါတယ်။ အောင်ခြင်းတစ်ပါးလည်း တိုးခဲ့ရပြန်တယ်။
    အခုခေတ်မှာဆိုရင် မဘသလက်ချက်နဲ့ အရက်တန်ခိုးနဲ့ ဆိုးချင်တိုင်းဆိုးခဲ့တဲ့ နာလာဂိရိဆင်လည်း လမ်းပေါ်မှာတင် အသတ်ခံရမှာ အသေအချာပါပဲ။ အောင်ခြင်း တစ်ပါးကတော့ ပျောက်ပြန်ပါပြီ။
    အဓိကဆိုချင်တဲ့အချက်က မြတ်ဗုဒ္ဓက မေတ္တာရှေ့ထားပြီး အားလုံးကို မေတ္တာသက်သက်နဲ့ အနိုင်ယူခဲ့ပေမယ့် မြန်မာပြည်က ဗုဒ္ဓသားတော်တွေက အမုန်းတရားနဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦးကို ထောင်မကျကျအောင် အဖမ်းမခံရ ခံရအောင် ဖိအားအမျိုးမျိုးပေးပြီး အနိုင်ယူခဲ့တာက အင်မတန် အံ့သြစရာပါ။
    အောင်ခြင်းရှစ်ပါးထဲက ပုဂ္ဂိုလ်တွေဟာ မြတ်ဗုဒ္ဓကို တိုက်ရိုက် လူချင်း မျက်နှာချင်းဆိုင်ပြီး စော်ကားပြိုင်ဆိုင်ခဲ့ကြပေမယ့် မြတ်ဗုဒ္ဓက အပြုံးမပျက် မေတ္တာသက်သက်နဲ့ တရားမစွဲခဲ့တဲ့အပြင် မြတ်ဗုဒ္ဓကိုလည်း တောင်းပန်စရာ မလိုဘဲ အပြုံးရဲရဲနဲ့ အံ့ဖွယ်သရဲ ခွင့်လွှတ်ခြင်းဖြင့် အနိုင်ယူခဲ့ပါတယ်။
    အခုဦးထင်လင်းဦးဟာ သူမှားတဲ့အတွက် အင်းစိန်ဆရာတော်ကြီး အပါအ၀င် ဘုန်းကြီးပေါင်းများစွာကို ကိုယ်တိုင်ဖြစ်စေ၊ စာရေးပြီးဖြစ်စေ ခြေဖ၀ါး ဦးခိုက် တောင်းပန် ခဲ့ပေမယ့် မကျေအေးနိုင် ဒေါသတွေ မငြိမ်းနိုင်ဖြစ်နေရတာကလည်း အံ့သြစရာပါ။
    မတူပါဘူး။ သေချာပါတယ်။ မြတ်ဗုဒ္ဓလမ်းစဉ်နောက်ကိုသာ လိုက်တဲ့ ဗုဒ္ဓသားတော်တွေသာဆိုရင်
    ‪‎တိတ္ထိမဟုတ်တဲ့‬…
    သစ္စကပရိဗိုဇ်လိုဗုဒ္ဓနဲ့အယူမပြိုင်တဲ့‬
    ‪‎စိဉ္စမာဏလိုဗုဒ္ဓကိုသိက္ခာမချတဲ့‬
    ‪‎အဂုၤလိမာလလို လူသတ္သမားမဟုတ္တဲ့‬
    ဦးထင်လင်းဦးလို သာမန် ဗုဒ္ဓဘာသာဝင် တစ်ဦးကို ဘုရားသားတော် မေတ္တာဝါဒီတွေက မေတ္တာရှေ့ထား ဘာကြောင့်များ ခွင့်မလွှတ်နိုင်သလဲ အကြိမ်ကြိမ်သာ တွေးနေမိပါတော့တယ်။
    ဆွေမွန်
    ၁၇ ဒီဇင်ဘာလ ၂၀၁၄
  • ဆစ်ဒနီကော်ဖီဆိုင် အပိုင်စီးမှု ဘာလဲ၊ ဘယ်လဲ။ (သူ့အမြင်)
    ဆစ်ဒနီကော်ဖီဆိုင် အပိုင်စီးမှု ဘာလဲ၊ ဘယ်လဲ။ (သူ့အမြင်)
    ဒီဇင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    b42i5fycmaafhiv
    – ဒီဇင်ဘာ ၁၅ ရက်နေ့မနက်ပိုင်က စဖြစ်တဲ့ ဆစ်ဒနီကော်ဖီဆိုင်တစ်ခုကို အီရန်ဖွား သြစတေးလျနိုင်ငံသားတစ်ဦးက အပိုင်စီးတဲ့သတင်းဟာ ဒီရက်ပိုင်းမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပါတယ်။
    စီးပွားရေးအချက်အချာကြတဲ့ နေရာက အဲဒီကော်ဖီဆိုင်ကို အပိုင်စီးမှုဟာ ၁၆ နာရီကျော် ကြာခဲ့ပြီး နောက်ဆုံး ပြန်ပေးသမားနဲ့ ဓားစာခံတွေထဲက ၂ ယောက် စုစုပေါင်း ၃ ယောက်သေပြီး ပွဲသိမ်းခဲ့ပါတယ်။
    ဒါပေမယ့် ဒီအဖြစ်အပျက်ကို အသုံးချပြီး သြတေးလျ အစိုးရ ဘာတွေလုပ်သွားတယ် ဆိုတာက စိတ်ဝင်စားစရာပါ။ ဒီအဖြစ်အပျက် စတင်ပြီးနောက်ပိုင်း ဆစ်ဒနီမြို့လယ်ကောင်လမ်းမက ပြည်သူတွေကို တစ်ယောက်ချင်းစီ ပိုက်စိတ်တိုက်ရှာဖွေတယ်၊ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတစ်ခုလုံးကို အသက်သွင်းတယ်။ နိုင်ငံရဲ့ အကြီးဆုံးမြို့ မြို့လယ်ခေါင်ကိုလည်း ပိတ်ဆို့ခံ အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက်ခဲ့ပါတယ်။
    သေနတ်သမားတစ်ယောက် ကော်ဖီဆိုင်ထဲဝင်၊ ဓားစာခံတွေကို ဖမ်းထားတယ်ဆိုတာ သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်ပြီး ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်ရမယ့် ကိစ္စပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗားနီးယားမှာ လူခြောက်ယောက်သေဆုံးတဲ့ သေနတ်ပစ်မှုတစ်ခုဖြစ်ခဲ့ပြီး တရားခံက အခုအချိန်အထိ ထွက်ပြေးလွတ်မြောက်နေတယ်။ ရဲတပ်ဖွဲ့ပဲ ဒီကိစ္စကို ကိုင်တွယ်ထားပါတယ်။ ဒါပေမယ့် ဆစ်ဒနီကိစ္စမှာတော့ အစိုးရ၊ အတိုက်အခံပါတီတွေ၊ မီဒီယာတွေရဲ့ ထောက်ပံ့မှုနဲ့ ၀န်ကြီးချုပ် တိုနီအက်ဘော့ ပါဝင်လာပြီး နိုင်ငံလုံး ဆိုင်ရာ ပြဿနာအဖြစ် ပုံဖော်တယ်။
    10384048_1575163482714661_3186351535620805440_n
    သေဆုံးသွားသူ ဓါးစာခံ ၂ ဦးအတွက် ဝမ်းနည်းကြောင်းပန်းစည်းလာချပြီး ဆုတောင်းပေးနေသည့် သြဇီမွတ်စလင်များ
    စစ်တပ်နီးပါး လက်နက်တပ်ဆင်ထားသူတွေအပါအ၀င် ရဲတပ်ဖွဲ့ဝင်ရာချီက ဆစ်ဒနီ လမ်းမတွေပေါ်မှာပြည့်သွားတယ်။ အခင်းဖြစ်ပွားရာ ကော်ဖီဆိုင် ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အဦးတွေကို ပိတ်ပစ်တယ်။ ပို့ဆောင်ရေး ယာဉ်တွေကို တပ်ပြန်ခေါက်ခိုင်းပြီး ဆစ်ဒနီ ဆင်ခြေဖုံး၊ ကန်ဘာရာနဲ့ အခြားမြို့တွေမှာ ရဲတပ်ဖွဲ့ရဲ့ ကင်းလှည့်မှုကို တိုးမြှင့်လိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အက်ဘော့က မိန့်ခွန်း ၂ ကြိမ် ပြောခဲ့ပါတယ်။ ထွေထွေထူးထူးမဟုတ်ဘဲ နယူးဆောက်ဝေးလ်ပြည်နယ် အစိုးရနဲ့ ရဲတပ်ဖွဲ့ကို ဖက်ဒရယ် အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ရဲ၊ စစ်သားနဲ့ ထောက်လှမ်းရေးတွေက အပြည့်အ၀ ထောက်ပံ့မယ်ဆိုတာပါပဲ။
    ဒီလိုဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်ကိုတော့ အစိုးရက မပေးပါဘူး။ အခင်းဖြစ်ပြီး သိပ်ကြာခင်မှပဲ ကော်ဖီဆိုင်ပြန်ပေးဆွဲ သူဟာ အီရန်ဖွား သြစတေးလျနိုင်ငံသား မန် ဟာရွန် မိုနစ်ဖြစ်တယ်ဆိုတာ ရဲတပ်ဖွဲ့ ကြေညာခဲ့တယ်။ IS၊ အလ်ကိုင်းဒါးနဲ့ အခြားသော အစွန်းရောက်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဘူး။ ဇနီးဟောင်းသတ်မှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ခြင်း ခံရသူဖြစ်ပြီး အာမခံနဲ့ လွတ်မြောက်နေသူဖြစ်တယ်။ အခြားသော ရာဇ၀တ်မှုဆိုင်ရာ ပြဿနာတွေလည်း ရှိနေသူ ဖြစ်ပါတယ်။
    နောက်ပိုင်းမှာ အဲဒီကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့က ၀င်စီးတယ်။ ဒီလို ဆုံးဖြတ်မှုအတွက်လည်း အဆီအလျော်တည့်တဲ့ ရှင်းလင်းမှုမျိုး မရှိပါဘူး။ ကော်ဖီဆိုင်ထဲမှာ သေနတ်သံကြားလို့ ၀င်စီး လိုက်တယ်ဆိုပြီး နယူးဆောက်သ်ဝေးလ် ရဲမင်းကြီးက ပထမပိုင်းမှာ ပြောခဲ့ပေမယ့် ကြေညာချက် ထုတ်ဖို့ နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။ ရလဒ်ကတော့ ပြန်ပေးသမားနဲ့အတူ အပြစ်မဲ့သူ ၂ ဦး အသက်ပေးလိုက်ရတာပါပဲ။
    AP_ABBOTT_141216_DG_16x9_992
    ဒီပြဿနာမှာ အက်ဘော့ပါဝင်လာတာက ပြည်သူတွေကြားထဲမှာ မသေချာမှုနဲ့ ကြောက်ရွံ့မှုတွေရှိတဲ့ အနေအထားမျိုးဖြစ်လာအောင် တမင်တကာ ဖန်တီးလိုက်သမျိုး ဖြစ်နေပါတယ်။ အပြင်မှာ တကယ် ဘာတွေဖြစ်နေလဲဆိုတာ ရဲတပ်ဖွဲ့က သတင်းအမှောင်ချထားတဲ့အချိန်မှာ မီဒီယာတွေမှာလည်း အာရဘီဘာသာစကားနဲ့ ရေးသားထားတဲ့ အလံနက်က လွှမ်းမိုးနေပြီး ဒီပြန်ပေးဆွဲမှုဟာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်သယောင်ယောင် ၀ါဒဖြန့်ခဲ့ကြပါတယ်။
    ဒီလို မရေရာ မသေချာတာတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ သြစတေးလျဟာ အကြမ်းဖက်တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ပုံစံမျိုးနဲ့ `အကြမ်းဖက်တိုက်ဖျက်ရေးစစ်´ အတုအယောင် ဖန်တီးဖို့ ချဲ့ကားပြောဆိုကြတာသာဖြစ်ပါတယ်။
    ဒီပြဿနာကို အက်ဘော့က အသုံးချပြီး စစ်ပွဲရဲ့ အခြေအနေမျိုးပုံဖေါ်ကာ အဲဒီအခြေအနေကို အရှေ့အလယ်ပိုင်း အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ သြစတေးလျပါဝင်မှု တိုးမြှင့်ရေးနဲ့ နိုင်ငံအတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းကို တိုးချဲ့ဖို့ အသုံးချသွားပါလိမ့်မယ်။ ယူကရိန်းနဲ့ ပတ်သက်ပြီး ရုရှားကို အမေရိကန် ရင်ဆိုင်နေမှုနဲ့ ဆီးရီးယား၊ အီရတ်တို့ကိစ္စမှာ  သြစတေးလျဟာ ရှေ့ဆုံးက ပါဝင်ပါတယ်။ နောက်ပြီး အိုဘားမားအစိုးရရဲ့ `အာရှဗဟိုပြု´ အစီအစဉ်နဲ့ တရုတ်ကိုပြိုင်ဆိုင်ဖို့ စစ်အင်အား တိုးမြှင့်မှုမှာလည်း အက်ဘော့အစိုးရက ပါဝင်နေပါတယ်။
    စက်တင်ဘာလအတွင်း သြစတေးလျသမိုင်းမှာ အကြီးဆုံးဖြစ်တဲ့ အကြမ်းဖက်ဆန့်ကျင်ရေး စီးနင်းဖမ်းဆီးမှုကို ပြုလုပ်ခဲ့ပါတယ်။ ဆစ်ဒနီရဲ့ ဘရစ္စဘိန်းမြို့တို့မှာ နံနက်အရုတ်တက်အချိန် ပြုလုပ်တဲ့ အဲဒီစစ်ဆင်ရေးမှာ ကွန်မန်ဒိုနဲ့ ထောက်လှမ်းရေး ၈၀၀ လောက်ပါဝင်ခဲ့ပြီး ၀ရမ်းမဲ့ တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ကာ အမျိုးသမီးတွေနဲ့ ကလေးတွေကိုလည်း ခြိမ်းခြောက် အကြပ်ကိုင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးအတွင်းမှာ လူ ၁၅ ဦးကို စစ်ဆေးဖို့ ခေါ်သွားခဲ့ပြီး အကြမ်းဖက်မှုနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ လူတစ်ဦးကိုသာ တရားစွဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာလည်း မသေချာသေးပါဘူး။
    အကြမ်းဖက်သမားတွေဟာ သြစတေးလျနိုင်ငံသားတွေကို ခေါင်းဖြတ်တော့မယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်းထွင်ပြီး အီရတ်မှာ စစ်ရေးအရတိုးချဲ့ဖို့၊ ဒီမိုကရေစီမဆန်တဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေတွေ ပြဌာန်ဖို့ အက်ဘော့အစိုးရက လုပ်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း အရှေ့အလယ်ပိုင်းမှာ အမေရိကန်တိုက်နေတဲ့စစ်အတွက် ဒီလုပ်ကြံဇာတ်လမ်းကိုပဲအသုံးချခဲ့ပါတယ်။
    ဒီပြဿနာမှာ သြစတေးလျအစိုးရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ရာဇ၀တ်မှုဆိုင်တဲ့ ကျူးကျော်ရေး စစ်ပွဲတွေကို ပုံဖော်ဖို့နဲ့၊ နိုင်ငံအတွင်းမှာ စစ်တပ်ပုံစံ ရဲတပ်ဖွဲ့အခြေအနေကို တိုးမြှင့်ဖို့ အသုံးပြုတဲ့ နိုင်ငံတကာက လုပ်နည်းလုပ်ဟန်တွေအတိုင်းပါပဲ။ ဒီလိုပုံစံမျိုးကို ၉/၁၁ ပြီးတဲ့နောက်ပိုင်းမှာ ဘုရှ်အစိုးရက လုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အသုံးချပြီး `အကြမ်းဖက်တိုက်ဖျက်ရေး စစ်´ ဆိုကာ သြစေတြးလျလို မဟာမိတ်တွေနဲ့ အမေရိကန်က အာဖဂန်၊ အီရတ်တို့ကို ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ဘော်စတွန် မာရသွန်ပန်းဝင်းနေရာမှာ ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲပြီးနောက် ဘော်စတွန်တစ်မြို့လုံး မာရှယ်လောအောက်မှာ နေလိုက်ရသလို ဖြစ်သွားတယ်။ လက်နက်တပ်ဆင်ထားတဲ့ယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့အတူ စစ်လက်နက်ပစ္စည်းအပြည့်အစုံနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေက လူတွေကို အိမ်ထဲမှာနေခိုင်းပြီး ၀ရမ်းမပါဘဲနဲ့ တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေပါတယ်။
    ဒီနှစ်အောက်တိုဘာလအတွင်းမှာလည်း အိုတာဝါက ပါလီမန်အဆောက်အဦးမှာ စစ်သားတစ်ယောက် အသတ်ခံရမှုကို တုန့်ပြန်တဲ့အနေနဲ့ မြို့လယ်ကောင်နဲ့ လမ်းမတွေကို ကနေဒါအစိုးရက ပိတ်ပစ်ခဲ့ပါတယ်။ နောက်ပြီး အစိုးရအလုပ်သမားတွေ၊ ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း ကန့်သတ်ခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ ဥပဒေပ ဖမ်းဆီးတာမျိုးတွေ၊ စစ်ဆေးတာမျိုးတွေလုပ်ပြီး ကြောက်ရွံ့မှု အခြေအနေတစ်မျိုးကို ပြည်သူတွေအတွက် ဖန်တီးပေးခဲ့ပါတယ်။ အဲဒီလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အရှေ့အလယ်ပိုင်းစစ်မှာ ကနေဒါအစိုးရ ပါဝင်နိုင်ခဲ့တာ အပါအ၀င် နိုင်ငံခြားရေးနဲ့ ပြည်တွင်းရေးပေါ်လစီတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
    သြစတေးလျကလည်း ဒီဇာတ်လမ်းအတိုင်း ဖန်တီးလုပ်ဆောင်လိုက်တာပါ။ အလျင်အမြန် ကျဆင်းနေတဲ့ စီးပွားရေး ပြဿနာကို ရင်ဆိုင်ဖို့၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတို့မှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုအတွက် ရှေ့တန်းကပါဝင်သူဖြစ်လာဖို့နဲ့ တစ်ချိန်တည်းမှာပဲ ပြည်သူတွေကို တိုက်ရိုက် သက်ရောက်လာမှာဖြစ်တဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးကြီးတစ်ခုအတွက် ဆစ်ဒနီစီးနင်းမှုကို အသုံးချပြီး စမ်းသပ်ဆောင်ရွက်လိုက်တာလည်း ဖြစ်ပါတယ်။
    World Socialist တွင် ဖော်ပြထားတဲ့ ဆောင်းပါးရှင် Peter Symonds ၏ “The Sydney siege” ကို ဆီလျော်အောင်ပြန်ဆို ရေးသားဖော်ပြပါသည်။
    ** မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
  • မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ အိုဘားမားရဲ့ နိုဝင်ဘာဝမ်း နိုင်ငံခြားရေး မူဝါဒ အောင်မြင်နိုင်ပါ့မလား ?
    မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ အိုဘားမားရဲ့ နိုဝင်ဘာဝမ်း နိုင်ငံခြားရေး မူဝါဒ အောင်မြင်နိုင်ပါ့မလား ?
    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    rtr4dy49
    အနောက်တိုင်းမှာ ဘားမားလို့သာသိရှိကြတဲ့ မြန်မာနိုင်ငံကို တိုင်းတစ်ပါးဂုဏ်သရေရှိသူများ အလည်အပတ်လာရောက်ကြတဲ့အခါ . . . . .
    ဗဟိုအစိုးရနဲ့ တိုင်းရင်း အုပ်စုတွေ ဆယ်စုနှစ်များစွာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ နေရာဒေသတွေဆီ သွားရောက်လေ့ မရှိကြပါဘူး။ ဥပမာ ကရင်ပြည်နယ်ထဲက ဝေါ်လေကျေးရွာလို ကုန်းတစ်တန်လှေတစ်တန်နဲ့ ခရီးကြမ်းနှင်ရတဲ့နေရာမျိုးတွေပေါ့။
    ဝေါ်လေကျေးရွာကို မဟာရန်ကုန်တို့ နေပြည်တော်တို့ကလူတွေ သိတောင်သိကြမှာ မဟုတ်ဘူးထင်ပါတယ်။ ကျွန်တော်ဟာ ပစ်ခတ်ခံရတဲ့အန္တရာယ်မရှိဘဲ သွားရောက်နိုင်ခဲ့မယ်ဆိုရင် မြန်မာ့အပြောင်းအလဲရဲ့ အရေးပါတဲ့အထောက်အထားတစ်ရပ် ဖြစ်လာနိုင်ပါလိမ့်မယ်။ မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့က ၃ နှစ်တာ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်ခဲ့ကြတယ်။ အဲ့ဒီအခါ ဆယ်စုနှစ်များစွာ အတွင်း ကရင်ကလေးငယ်တွေအဖို့ ငြိမ်းချမ်းစွာကြီးပြင်းရေး မျှော်လင့်ချက်ရောင်ခြည်သန်း လာခဲ့တယ်။ ကောင်းမွန်လှပတဲ့ အနာဂတ်ကိုပင်လျှင် အိပ်မက် ရဲရဲမက်လာနိုင်ကြတယ်။
    ကမ္ဘာ့မျက်နှာစာက မြန်မာ့ပုံရိပ် ဘာတွေရှိနေသလဲ ကြည့်ကြရအောင်။ နိုဗယ်လ်ဆုရှင် သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကို လွတ်လွတ်ကျွတ်ကျွတ် အောင်နိုင်ခဲ့တယ်။ အရှက်တကွဲအကျိုးနည်းဖြစ်သွားတဲ့ စစ်အစိုးရက အဲ့ဒီရလဒ်ကို မဆိုင်းမတွ ပယ်ချခဲ့တယ်။ နိုင်ငံတော်လုပ်ငန်းစဉ်ကို ဆန့်ကျင်တဲ့စွဲချက်နဲ့ နှစ်များစွာ နေအိမ်အကျယ်ချုပ်ခံရပြီး လွတ်မြောက်လာတယ်။ လာမယ့်နှစ် ရွေးကောက်ပွဲမှာ သူမအနေနဲ့ သမ္မတနေရာဝင်အရွေးခံရင် သေချာပေါက် ရနိုင်ချေရှိတယ်။ ဒါပေမယ့် ဒီအခွင့်အရေးကို တားမြစ်ပိတ်ဆို့ထားတယ်။ ဒါဟာ မြန်မာ့အကူးပြောင်းကာလအတွက် လက်ရှိစိန်ခေါ်ချက်တွေကို ရုပ်လုံးဖော်ပြနေခြင်းဖြစ်တယ်။
    ဒုတိယကမ္ဘာစစ်နောက်ပိုင်း မြန်မာနိုင်ငံဟာ ဗြိတိသျှကိုလိုနီဘ၀ကနေ လွတ်မြောက်ခဲ့တယ်။ ဗြိတိသျှတွေ ကတိက၀တ်ပြုထားခဲ့တဲ့အတိုင်း တိုင်းရင်းအုပ်စုအသီးသီးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့တောင်းဆိုတော့ ဗဟိုအစိုးရသစ် ပယ်ချလိုက်တဲ့အတွက် ပဋိပက္ခဇာတ်လမ်း စတင်ခဲ့တယ်။ တိုင်းပြည်ရဲ့ သွေးနုသားနု ဒီမိုကရေစီစနစ်က ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်းလက်ချက်နဲ့ ဇာတ်သိမ်းသွားရတယ်။ နှစ်ပေါင်းများစွာ ဗိုလ်ချုပ်တွေရဲ့အမည်နာမတွေ၊ အုပ်ချုပ်ရေးအဖွဲ့နာမည်အတိုကောက် စာလုံးတွေ ပြောင်းလဲသွားတာကလွဲလို့ ဘာမှ မထူးခြားခဲ့ပါဘူး။ ဥပမာ SLORC (State Law and Order Restoration Council) ကနေ SPDC (State Peace and Development Council) ဖြစ်သွားတာမျိုးပေါ့။
    ပြည်သူ့ချဉ်ဖတ် စစ်အစိုးရက ရန်ကုန်မြို့နဲ့အတန်လှမ်းကွာတဲ့နေရာမှာ နေပြည်တော်ကို တည်ဆောက်တယ်။ နာဂစ်မုန်တိုင်းဒဏ်သင့်ခံရပြီးနောက်ပိုင်း အနောက်တိုင်းရဲ့အကူအညီကို ငြင်းဆန်ခဲ့ကြတယ်။ တိုင်းရင်းအုပ်စုအသီးသီးတွေအပေါ် သွေးချောင်းစီးစေခြင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို တားဆီးပြီး ကမောက်ကမဖြစ်စေခြင်း၊ လူထုဆန္ဒပြမှုကို ကြမ်းကြုတ်စွာ ဖြိုခွင်းခြင်း၊ အခြေခံလွတ်လပ်မှုအပေါ် ဖိနှိပ်ခြင်း စသဖြင့် ပြည်သူလူထုကို အာဏာရအစိုးရအစဉ် အဆက်ကလည်း စစ်ဆင်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာလူထုတွေဟာ ဆင်းရဲတွင်းထဲ ပိတ်မိကုန်ကြတယ်။ အပြောင်းအလဲဟာ သိမ်သိမ်မွေ့မွေ့ဖြစ်မယ်လို့ မျှော်လင့်ထားတဲ့ သုတေသီဆိုလို့ မဆိုစလောက်သာ ရှိကြတယ်။
    အဲ့ဒီနောက်မှာ စစ်တပ်က ခပ်ကြမ်းကြမ်း ပြန်ကိုင်တွယ်ခဲ့တယ်။ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို ရေးဆွဲတယ်။ အရင်လေးနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာကို ပြောင်ပြောင်တင်းတင်း ပြန်ယူထိန်းချုပ်ခဲ့တယ်။ စနစ်တစ်ခုလုံးကို ကောက်ကျစ်စွာနဲ့ စီမံခဲ့ကြတယ်။ ဒေါ်စုကြည်နဲ့ အခြား အတိုက်အခံတွေ ကောင်းကောင်း မလှုပ်ရှားနိုင်အောင် လွှတ်တော်အမတ်နေရာရဲ့ လေးပုံတစ်ပုံကို စစ်တပ်အတွက် နေရာပေးခန့်အပ်ကြတယ်။ ဒေါ်စုကြည်ရဲ့ ခင်ပွန်းနဲ့သားများက ဗြိတိသျှနိုင်ငံသားများဖြစ်နေတယ်ဆိုတဲ့အချက်နဲ့ သူမရဲ့သမ္မတ၀င်ရွေးခံခွင့်ကို တားမြစ်ကန့်သတ်ထားတယ်။ သိပ်မကြာခင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်၊ မီဒီယာတင်းကြပ်မှုကို ဖြေလျော့ပေးတယ်၊ ဒေါ်စုကြည်ရဲ့ NLD ပါတီကိုလည်း တရားဝင်မှတ်ပုံတင်ခွင့်ပေးလိုက်တယ်။ ဗိုလ်ချုပ်ဟောင်းသိန်းစိန်က အရပ်သားသမ္မတအဖြစ် ခံယူပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ခြေလှမ်းကျယ်ကျယ်နဲ့ တရားဝင်ရှေ့တန်းတင် ပြုလုပ်လာတယ်။
    အမေရိကန်နဲ့ဥရောပက စီးပွားရေးပိတ်ပင်မှုတွေရုပ်သိမ်း၊ အပြန်အလှန်လည်ပတ်မှုခရီးစဉ်တွေနဲ့ အားတက်သရော တုန့်ပြန်ခဲ့ကြတယ်။ အိုဘားမား အစိုးရအဖွဲ့အတွက် နိုင်ငံခြားရေးမူဝါဒမှာ အကောင်းဆုံး၊ အထင်ရှားဆုံး အောင်မြင်မှုရတဲ့ တစ်ခုတည်းသောနိုင်ငံဟာ မြန်မာနိုင်ငံမှာလို့ ဆိုရမလောက်ပါပဲ။ ဒီလောက်အောင်မြင်မှုကို အာဖဂန်နစ္စတန်၊ လစ်ဗျား၊ အီရတ်၊ မြောက်ကိုးရီးယား၊ အီဂျစ်၊ ဆီးရီးယား၊ ယူကရိန်း၊ ပါကစ္စတန်၊ ဘာရိန်း၊ အစ္စရေး၊ ပါလက်စတိုင်း၊ ရုရှားတွေမှာ လုံးဝ မရရှိသလောက်ဖြစ်ခဲ့တယ်။ ဒီအောင်မြင်မှုရှေ့ဆက်နိုင်ခဲ့ရင် မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းကြားထဲ ၀င်ဆန့်အောင် တွန်းပို့နိုင်လိမ့်မယ်လို့ မျှော်လင့်စရာ ရှိပါတယ်။
    သို့ပေမယ့် အတားအဆီးတွေကတော့ မြင့်မားနေဆဲပါ။ မြန်မာနိုင်ငံအနေနဲ့ စစ်ရေးပဋိပက္ခ အစဉ်အလာရှေ့ဆက်နေခြင်း၊ နိုင်ငံရေးလက်ဝါးကြီးအုပ်မှု၊ စီးပွာရေးချွတ်ခြုံကျမှု၊ နိုင်ငံတကာ့ချဉ်ဖတ်ဖြစ်ခြင်း စတာတွေကို ထိပ်တိုက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံဟောင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အရင်းရှင်စနစ်ဆီ ကူးပြောင်းတဲ့ လုပ်ငန်းစဉ်က အနောက်တိုင်းသားတွေ ထင်မြင်ထားတာထက် ဆိုးဆိုးရွားရွား ခဲယဉ်းခဲ့တယ်။ အကြွင်းမဲ့လွတ်မြောက်ရေးနည်းစဉ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးတွေဟာ လူထုလက်ထဲ အစစ်အမှန် အာဏာရောက်ရှိမယ့် ဒီမိုကရေစီပုံသွင်းမှုကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူးလို့ သုတေသီအချို့က သုံးသပ်လာကြတယ်။
    အရပ်သားအစိုးရလို့အရေခွံလဲထားလင့်ကစား မြန်မာ့ အာဏာချုပ်ကိုင်မှု လမ်းကြောင်းက တကယ်တမ်းမှာတော့ ရှုပ်ထွေးနေဆဲဖြစ်တယ်။ စစ်တပ်က လူထုရဲ့ထိန်းချုပ်မှု လမ်းကြောင်းကိုတော့ ဖော်ဆောင်ပါတယ်၊ ဒါပေမယ့် အာဏာကို လက်မလွှတ်ပါဘူး၊ အရေးကြီးဆုံးဖြတ်ချက်တွေအပေါ်မှာ တစ်ချက်လွှတ်ဗီတိုအာဏာနဲ့ အထိမခံ စွဲကိုင်ထားဆဲဖြစ်ပါတယ်။ ဒါဟာ လူထု ဆန္ဒတွေကို ဗိုလ်ချုပ်တွေက နောက်ဆုတ်လိုက်လျောခြင်းနဲ့ မတူပါဘူး။ စစ်ခေါင်းဆောင်များဟာ သူတို့ရဲ့ ကြွယ်ဝမှုနဲ့ သြဇာတွေကို ကြိုတင်ကာကွယ်ထားနိုင်ဖို့ ပုံပြောင်းဆင်ယင်ခြင်း တစ်မျိုးသာဖြစ်နိုင်တယ်လို့ အများက ယုံကြည်ယူဆနေကြပါတယ်။ မြန်မာအုပ်ချုပ်သူများဟာ တရုတ်နဲ့အနီးကပ်ဆက်ဆံရေးမှာလည်း မပြေလည်မှုတွေ ရှိလာပါတယ်။ တရုတ်ကျောထောက်နောက်ခံဖွံ့ဖြိုးရေးပရောဂျက်တွေအပေါ် လူထုရဲ့ မနှစ်မြို့မှုတွေ၊ ဆန့်ကျင်ကန့်ကွက်မှုတွေ ထင်ထင်ရှားရှား ပေါ်ထွက်လာတာကြောင့် ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဟာ ပထ၀ီနိုင်ငံရေးအရ ချိန်ခွင်လျှာထိန်းညှိဖို့ အမေရိကနဲ့ ဥရောပ ဆက်ဆံရေးကို လက်မလွှတ်နိုင်သလို ယခင်ထိန်းချုပ်ချက်တွေကိုလည်း စွန့်လွှတ်လိုစိတ် မရှိကြဘူး။
    ကံမကောင်းအကြောင်းမလှစွာနဲ့ လက်ရှိလပိုင်းများမှာ ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်တွေက အလုပ်မဖြစ်လို့ နောက်ကြောင်းပြန်လှည့်မယ့် သဘော ပေါ်လွင်လာပါတယ်။
    နိုင်ငံအရှေ့ပိုင်းဒေသများမှာ ရံဖန်ရံခါ တိုက်ပွဲငယ်လေးများဖြစ်တာက လွဲလို့ စစ်ရေးတိုက်ခိုက်မှု အများစု နည်းပါးလာသော်လည်း ကချင်၊ ရှမ်း၊ တအောင်းတွေနဲ့ ပဋိပက္ခများကတော့ ရှိနေဆဲဖြစ်တယ်။ ပြီးခဲ့တဲ့လ သမ္မတအိုဘားမား အလည်အပတ်ရောက်ရှိစဉ်ကလည်း တိုင်းရင်းသားနယ်ပယ်တွေထဲမှာ တရားလက်လွှတ် သတ်ဖြတ်ခြင်း၊ မုဒိန်းမှု၊ မတရားလုပ်သားခိုင်းစေမှုဆိုင်ရာ ဖိနှိပ်စော်ကားခြင်းအစီရင်ခံချက်တွေအပါအ၀င် အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့တယ်။
    အပစ်အခတ်ရပ်စဲရေးကိစ္စမှန်သမျှ  ထာဝရငြိမ်းချမ်းရေးဖက်ကို အသွင်မပြောင်းနိုင်သေးပါဘူး။ ၂၀၀၃ ခုနှစ်နှောင်းပိုင်းမှာ ကရင်တိုက်ခိုက်ရေးသမားတစ်ဦးက Economist ကို ဒီလိုပြောကြားခဲ့တယ်။ “တိုက်ခိုက်မှုတွေ အဆုံးသတ်ချင် သတ်သွားနိုင်ပါတယ်။ ပြီးဆုံးချင်မှလည်း ပြီးဆုံးလိမ့်မယ်။  ကျွန်တော်တို့ကတော့ လက်နက်ကို စွဲကိုင်ထားရဦးမှာပါပဲ”။ အောက်တိုဘာလက ရန်ကုန်မှာကျင်းပတဲ့ တိုင်းရင်းသားများဖိုရမ်ကနေ “အကောင်းဖက်ဦးတည်လာတဲ့ အပြောင်းအလဲတွေကို မဆိုစလောက်သာ တွေ့ရတယ်၊ အချို့ကိစ္စများရဲ့ အနေအထားကတော့ ယခင်အတိုင်း ထူးမခြားနားပါ”ဆိုတဲ့ သဘောထားထုတ်ပြန်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာတဲ့ လက်နက်ကိုင်များထိန်းချုပ်ဒေသခံ လူ့အဖွဲ့အစည်းအများစုကတော့ ခိုင်မာသောငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးမှုကို ငံ့လင့်နေကြပါတယ်။
    အလားတူပြဿနာမျိုးလည်း ရခိုင်ပြည်နယ်မှာ ဖြစ်နေပါတယ်။ ပြည်နယ်လူဦးရေပမာဏာ ၆၀ ရာခိုင်နှုန်းအထိရှိတဲ့ ဗုဒ္ဓဘာသာဝင်ရခိုင်များဟာ ရိုဟင်ဂျာတွေကို ပြစ်မှတ် ထားပြီး လူမျိုးရေးအကြမ်းဖက်မှုတွေ ပြုလုပ်နေကြတဲ့အတွက် ဒေသနစ်နာမှု များစွာ ဖြစ်ပေါ်ရတယ်။ တိုက်ခိုက်မှုများအတွင်း ဒေသခံရဲ၊ လုံထိန်း၊ နယ်ခြားစောင့်တပ်၊ စစ်တပ် စတဲ့ နိုင်ငံ့လုံခြုံရေးအင်အားစုတွေပင်လျှင် အလှမ်းကျယ်ကျယ် ပါဝင်ပူးပေါင်းပြုလုပ်နေကြတယ်။ ရိုဟင်ဂျာလူဦးရေ အနည်းဆုံး ၂၀၀ သေဆုံးပြီး ခန့်မှန်းချေ တစ်သိန်းလေးသောင်းလောက်က အိုးအိမ်မဲ့ဘ၀ရောက်သွားရတယ်။ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဒီပြဿနာကို “လူမျိုးသုဉ်းရှင်းလင်းမှု” အဖြစ် ဖော်ပြထားပါတယ်။
    အဲ့ဒီဒေသက လူများစုဝင်ရခိုင်များကိုယ်တိုင်ကလည်း ဗဟိုအစိုးရရဲ့ ဖိနှိပ်မှုကို ရေရှည်ခံစားလာရသူတွေဖြစ်တယ်။ ခွဲခြားချိုးနှိမ်ခြင်းနဲ့ နိုင်ငံသားအဖြစ်လက်မခံခြင်းအထိ ရိုဟင်ဂျာတွေအပေါ် ဗုဒ္ဓဘာသာဝင်တွေက နိုင်ငံ့အန္တရာယ်အဖြစ် အမြင်ထားရှိကြတယ်။ သမ္မတဦးသိန်းစိန်က အပြစ်မဲ့ဓားခံတွေကိုယ်စား တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိပါဘူး။ ဒါ့အပြင် အဲ့ဒီအကြမ်းဖက်မှုကြီးကို ဖော့ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ကာကွယ်ဖုံးဖိပေးခဲ့တယ်။
    နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာကလည်း တောမရောက် တောင်မရောက် ဖြစ်နေဆဲ။ Diplomat  က Luke Hunt ကတော့ “ပြုပြင်ပြောင်းလဲကာလ လေးနှစ်တာ လွန်မြောက်ခဲ့ပါပြီ။ နောက်ကြောင်းပြန်လှည့်လိုတဲ့ ပုံဟန်ကိုလည်း အကျည်းတန်စွာ တရွေ့ရွေ့မြင်နေရပြီ” လို့ ဆိုပါတယ်။ ထို့အတူ မီဒီယာ လွတ်လပ်ခွင့် ကလည်း ခေတ် တစ်ပတ်ပြန်လည်လို့ တင်းကြပ်သွားပြီဖြစ်ပါတယ်။ စာနယ်ဇင်းသမား ၁၀ ဦးကို ထောင်သွင်း အကျဉ်းချခဲ့တယ်၊ အောက်တိုဘာလ အတွင်း အောင်ကျော်နိုင် (ကိုပါကြီး) အမည်ရှိသူက စစ်တပ်ထိန်းသိမ်းမှုအောက်မှု သေဆုံးသွားခဲ့တယ်။ Human rights Watch အဖွဲ့ဝင် David Mathieson က ဒါကို “သတင်းစာလွတ်လပ်ခွင့် ဖျက်ဆီးခြင်းရဲ့ အထင်ရှားဆုံးမြင်ကွင်း” လို့ ဝေဖန်ခဲ့ပါတယ်။
    နိုင်ငံရေးအကျဉ်းသားအချို့ကိုတော့ ထိန်းသိမ်းထားဆဲဖြစ်တယ်။ ပြီးခဲ့တဲတစ်နှစ်လုံးမှာ အစိုးရဆန့်ကျင်သူအချို့ကိုလည်း ထပ်မံ ဖမ်းဆီးခဲ့ပြန်တယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူ အချို့မှာလည်း ဥပဒေကြောင်းအရ လွတ်မြောက်ခွင့်ကို ရင်ဆိုင်နေရတုန်းပါ။ “နောက်ယောက်ခံလိုက်ခြင်း၊ စစ်ဆေးသတင်းနှိုက်ခြင်း၊ ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုတွေ ရှိနေတယ်။ ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်က အရှိန်အဟုန်နှောင့်နှေးနေတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမယ့် တကယ့် အဖြစ်မှန်က လမ်းဟောင်းလမ်းဆိုးကို ပြန်လှည့်နေခြင်းသာဖြစ်ပါတယ်” ဆိုပြီး အရပ်သားလူ့အဖွဲ့အစည်းကွန်ရက် လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက Time ကို ပြောကြားခဲ့ပါတယ်။
    ၂၀၀၈ ခြေဥကတော့ စစ်တပ်ကြီးစိုးရေး၊ လွတ်လပ်စွာတရားစီရင်မှုမရှိခြင်း၊ ဥပဒေပြုအမတ်တွေရဲ့ဆန္ဒအရ ဒေါ်စုကြည်ကို သမ္မတနေရာဝင်ပြိုင်ခွင့် ပိတ်ပင်ထားခြင်းတွေနဲ့အတူ နဂိုရ် အတိုင်း မပြောင်းမလဲ ပန်းပန်မြဲရှိနေဆဲပါ။ ဖွဲ့ခြေဥဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လာမယ့် မေလမှာ ကျင်းပပြီး နောက်နှစ်ရွေးကောက်ပွဲ မတိုင်မီအထိ မည်သည့် အကျိုးသက်ရောက်မှုမှ မရှိသေးပါဘူးလို့ လွှတ်တော်အကြီးအမှူး သူရဦးရွှေမန်းကလည်း မကြာသေးမီက ကြေငြာထားပါတယ်။ “ခုအချိန်မှာ လက်ရှိ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးယန္တရားထဲ ဥပဒေပြင်ဆင်ပြဋ္ဌာန်းမှုမှာ ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ပါဘူး” ဆိုတဲ့စကားမျိုးကို အခိုင်အမာ ဆိုပါတယ်။
    ဦးရွှေမန်းမှာလည်း သမ္မတဖြစ်ရေး ကိုယ်ပိုင် ရည်မှန်းချက် ရှိနေတယ်လို့ ဆိုကြတာ တိုက်ဆိုင်မှုတော့ မဟုတ်နိုင်ပါဘူး။ သမ္မတဦးသိန်းစိန်က ရွေးကောက်ပွဲ ထပ်မံမ၀င်ရေး စကားကို စွန့်လွှတ်လိုက်ပြီး သမ္မတနေရာ ထပ်မံအရွေးခံဖို့ မျှော်လင့်လာတာ ထင်ထင်ရှားရှားတွေ့ရတယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီနေရာကို ကျားကန်ပေးနေတဲ့ စစ်တပ် အလိုကျ ပြန်လည်ပြုပြင်ရေး လမ်းကြောင်းကနေ ပြန်လည်ဆုတ်ခွာလာပါတယ်။ စစ်ဦးစီးချုပ် မင်းအောင်လှိုင်ကလည်း သမ္မတနေရာကို မျက်စောင်းထိုးနေပြန်ပါတယ်။
    ဒေါ်စုကြည်ကို ပိတ်ပင်တားဆီးမှုဟာ ပုဂ္ဂလ ရည်မှန်းချက်ထက် ပိုပါတယ်။ တိုင်းပြည်ရဲ့ ရေပန်းအစားဆုံး နိုင်ငံရေးပြယုဂ်အပေါ် ထိပ်တန်း အာဏာပိုင်အဆင့်ကနေ တစ်ဖက်စောင်းနင်း ထာဝရ ပိတ်ပင်ခြင်းဟာ တရားဥပဒေစိုးမိုးမှုလက္ခဏာ ထွက်ရှိလာမယ့် အရိပ်အယောင် မမြင်တော့ပါဘူး။ ပြည်တွင်းပြည်ပ အကူးအပြောင်း အနေအထားကို ချည့်နဲ့သွားစေပါတယ်။ ပိုပြီးဆိုးတာက စစ်တပ်ထိန်းချုပ်မှု လျှော့ချကန့်သတ်ခြင်း ကဲ့သို့ နောက်ထပ်လာမယ့် အခြေခံပြုပြင်ပြောင်းလဲမှုတွေလိုမျိုး အဓိကအားပြိုင်မှုကဏ္ဍများအဖို့ ဖိနှိပ်ခံရကိန်းဆိုက်နေပါတယ်။
    စီးပွားရေး လွတ်လပ်ခွင့်ပင်လျှင် တုန့်ဆိုင်းလာနေပါတယ်။ ဆဲလ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်လာတယ်၊ အသစ်အသစ်သောဆောက်လုပ်ရေးလုပ်ငန်းတွေ မျက်မြင်ထင်ရှား ဖြစ်နေတယ်၊ နိုင်ငံခြားသွင်းကုန်တွေက အားကောင်းကောင်းနဲ့ ၀င်ရောက်ဆဲ စတဲ့ လုပ်ငန်းစဉ်ကတော့ အဟုတ်ရှိနေတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်း အများစုက နိုင်ငံတော် သို့တည်းမဟုတ် စစ်တပ်ထိန်းချုပ်မှုလက်အောင်မှာ ကျန်ရှိနေဆဲပါ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေသစ်ကိုလည်း ရေးဆွဲတဲ့အဆင့် မရောက်သေးပါဘူး။ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်မှုနဲ့ပတ်သက်လို့ အဓိကရင်းနှီးမြှုပ်သူများဖက်က စောဒကတွေလည်း တက်နေပါတယ်။ ကဏ္ဍအများစုမှာ အပြောင်းအလဲလုပ်တယ်ဆိုတာက ခွင့်ပြုချက်နဲ့လုပ်ပိုင်ခွင့်လက်တံတွေ ဆန့်တန်းပေးခြင်း မျှသာဖြစ်ပါတယ်။ ပွင့်လင်း လွတ်လပ်တဲ့ ဈေးကွက်ပြုပြင်ရေး စနစ် မဟုတ်ပါဘူး။ ဒီလိုလုပ်ခြင်းက စီးပွားရေးကဏ္ဍကို ကြီးစိုးထားတဲ့ ခရိုနီတွေကို ပိုမိုခိုင်မာတောင့်တင်းသွားစေလျက်သာ ရှိနေပါတယ်” လို့ သြစတေးလျ Macquarie တက္ကသိုလ်က  Sean Turnell  မှ ရှင်းပြခဲ့ပါတယ်။ အနောက်တိုင်းရင်းနှီးမြှုပ်နှံသူများဟာ အစပိုင်းမှာ အလားအလာကောင်းရဲ့ဆွဲဆောင်မှုကို ခံရပေမယ့် နောက်ပိုင်းမှာ ဈေးကွက်ထဲဝင်ရောက်ဖို့ တွန့်ဆုတ်သွားပါတယ်။
    ဒီပြဿနာတွေထဲမှာ အတိုက်အခံများရဲ့အခြေအနေများကလည်း ရောနှောပါဝင်နေပါတယ်။ လူတွေရဲ့လေးစားအားကျမှုကို အင်မတန် ရရှိထားပြီး ရှေ့ထွက်ခေါင်းဆောင် အဖြစ် အမြင်ထားရှိခံရတဲ့ ဒေါ်စုကြည်လည်း ဝေဖန်မှုတွေ ခံနေရတယ်။ သူမဟာ နေပြည်တော်မှာ အချိန်များစွာ ပေးနေပြီး သူမရဲ့ပါတီနဲ့ ကင်းကွာနေခဲ့တဲ့အပြင် ပါတီကိုကိုယ်စားမပြုသယောင် ဖြစ်လာပါတယ်။ သူမရဲ့ထင်ပေါ်ကျော်ကြားမှုထိခိုက်ခံရမှာစိုးလို့ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာတွေအပေါ် တစ်လုံးတစ်ပါဒမျှ ရင်ဆိုင်စကား မဆိုခဲ့တဲ့အတွက် အဝေဖန်ခံထားရပါတယ်။ သမ္မတနေရာအတွက် အတိုက်အခံပြုမှုကိုလျှော့ချရင်း ဗိုလ်ချုပ်တွေနဲ့ အနီးကပ်ဆက်ဆံမှုတွေကို တည်ထောင်နေပါတယ်။ သို့သော်လည်း ဒီအချက်တွေအပေါ် စိတ်အပျက်ကြီးပျက်နေကြသူတွေပင်လျှင် သူမကို ထောက်ခံနေဆဲပါလို့ ဆိုကြတယ်။ တကယ်လို့ သူမဟာ ထိပ်သီးနိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် တက်လှမ်းနိုင်ခဲ့ရင်လည်း သူမကို စောင့်ကြိုနေတဲ့ စိန်ခေါ်ချက်အသစ်တွေ ရှိနေဦးမှာပါ။ NLD မှာ အနာဂတ်အတွက် ဦးဆောင်သူအသစ် မမွေးထုတ်ပေးနိုင်သေးပါဘူး။
    အတိုချုပ်ဆိုရရင် မကြာသေးမီက ကျယ်လောင်လာခဲ့တဲ့ မြန်မာပြည်အတွက် မျှော်လင့်ချက်တွေဟာ လက်တွေ့ဖြစ်ရေးအဆင့်ကနေ ပြိုလဲခဲ့ပါပြီ။ စိတ်ပျက်စရာတွေ မလွဲမသွေ ကြုံဆုံဖို့များနေပါတယ်။  National Security Council က  Ben Rhodes အနေနဲ့ ဒီလိုသုံးသပ်ထားပါတယ်။
    “နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ လုံးဝ ပိတ်ပင်ခံထားရတဲ့ တိုင်းပြည်၊ ကိုယ့်နိုင်ငံရေးလမ်းကြောင်းထဲ လုံးဝ ပိတ်မိနေတဲ့တိုင်းပြည်၊ စစ်တပ်က လုံးဝ ကြီးစိုးခဲ့တဲ့ တိုင်းပြည်၊ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ့ ပိတ်လှောင်ထားခဲ့တဲ့တိုင်းပြည် … ဒီတိုင်းပြည်ဟာ ရုတ်ခြည်း တံခါးဖွင့်ပြီး လမ်းကြောင်းပြောင်းလိုက်တယ်။ ပြီးတော့ အကူးအပြောင်းကာလကို နှစ်အနည်းငယ်အတွင်း ဖြတ်သန်းနေတယ်။ ဒီလိုနေရာမှာ ကျွန်တော်တို့ အမြင်တစ်မျိုး ထားရှိဖို့လိုအပ်ပါတယ်။ ဒီလိုအဆင့်တွေကို မြန်မြန်ဆန်ဆန် သို့မဟုတ် ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်တဲ့ နိုင်ငံဆိုတာ မရှိသေးပါဘူး”။
    သေချာတာကတော့ ထပ်တိုးပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေပါတယ်။ မကြာသေးမီက ၀ါရှင်တန်ကနေ လူတစ်ဦးကို အမည်ပျက် စာရင်းထည့်မှုဟာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အရှိန်လျော့သွားစေမယ်လို့ ယူဆကြတယ်။ စီးပွားရေးပိတ်ဆို့ရေးအတွက် အချက်ပြသလိုမျိုး ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေ အတိတ်ကာလမူဝါဒဖက် ပြန်လှည့်ခြင်းက အဆုံးသတ်မှု ဆိုးဝါးစေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရအုပ်စုဟာ သာယာဝပြောရေးထက် အာဏာလက်မလွှတ်ရေးကိုသာ အစဉ်သဖြင့် အလေးထားကြလို့ဘဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေ အတွက် အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ တွက်ချက်ယူဆနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ထပ်တိုးပြုပြင်ပြောင်းလဲမှုအလို့ငှာ နိုင်ငံရေးအပြောင်းအလဲကို ထပ်တိုးအကူအညီနဲ့ ၀ယ်ယူမယ့် ၀ါရှင်တန့်ချဉ်းကပ်မှုက အလုပ်မဖြစ်နိုင်ပါဘူး။ နေပြည်တော်ကတော့ ဘယ်သူ့ဆီကမဆို ငွေကြေးနဲ့အကူအညီကို အိတ်ကပ်ထဲ အမိအရထည့်လိုက်ဖို့ ပြင်ဆင်ထားဟန်ရှိပါတယ်။
    အာဏာရှင်စနစ်နဲ့ ကိုင်တွယ်ထိန်းချုပ်ရေးဆိုတာ ဗမာဗိုလ်ချုပ်များရဲ့ ကန့်လန့်ကာနောက်ကွယ်က ကျင့်သုံးဆဲ နည်းလမ်းဖြစ်နေတဲ့အတွက် တကယ့် အထိမခံ ကဏ္ဍတစ်ခုပါ။ အာဏာပိုင်တွေအနေနဲ့လည်း ဒီမိုကရေစီနှင်တံ အဖြစ် စစ်တပ်ပါဝင်မှုကို မျှော်လင့်နေတယ်။ မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်က ဆက်လက်နှောင့်နှေးနေဦးမယ်ဆိုရင် အနိဌာရုံတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း တွန်းအားပေးနိုင်တဲ့ မှော်ကျည်ဆံ မရှိနေဘူး။ ၀ါရှင်တန်အဖို့ မိမိရဲ့အတိုင်းအတာကို သတိကြီးစွာထားပြီး မရေရာမှုကိုရှောင်လို့ စိတ်ရှည်ရှည်နဲ့ ဆက်ဆံသွားရမှာဖြစ်တယ်။ ၀ါရှင်တန်နဲ့ အပေါင်းအပါတွေဟာ နေပြည်တော်ရဲ့ ပကတိနိုင်ငံရေး အနေအထားကို လက်ခံရပါလိမ့်မယ်။ အကူးအပြောင်းကာလထဲက စစ်တပ်ရဲ့အကြပ်အတည်းကိုလည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
    ကမ္ဘာ့စီးပွားရေး လက်တံ အကြီးမားဆုံးလေးခုမှာ ပါဝင်နေတဲ့ အမေရိကန်၊ ဥရောပ၊ ဂျပန် အနေနဲ့ မြန်မာနိုင်ငံထဲ စစ်မှန်သောဈေးကွက် အသွင်ကူးပြောင်းမှုဖြစ်လာအောင် ညီညွတ်စွာ တွန်းအားပေးသင့်တယ်။ သို့အားဖြင့် လက်ရှိစီးပွားရေး လက်ကြီးသမားတွေ အခြေအနေ ပိုကောင်းလာနိုင်သလို ပြည်သူ တစ်ရပ်လုံး အဖို့လည်း ငွေကြေးချောင်လည် မှုဖြစ် လာနိုင်တဲ့ အကြောင်း ထောက်ပြသင့်တယ်။ ပြည်သူတွေချဉ်ခြင်းတပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုသက်သက်အပေါ် အာရုံစိုက်အလေးထားခြင်းက စစ်ဗိုလ်ချုပ်တွေကို အန္တရာယ်ထဲ တွန်းပို့ရာရောက်တဲ့အတွက် နောက်ကြောင်းပြန်မှုဖြစ်အောင် တွန်းပို့သလိုမျိုး ဖြစ်သွားပါတယ်။
    ကမ္ဘာတစ်ဝှမ်းက လွတ်မြောက်ရေးဘက်တော်သားများဟာ ရှင်သန်ဆဲ အာဏာရှင်စနစ်ကို အသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ မြန်မာ့အရေး လှုပ်ရှားနေသူတွေကို ထောက်ပံ့ ကူညီမှုတွေ ပေးနေသင့်ပါတယ်။ ဒီအကူအညီဟာ အမေရိကန် အစိုးရပြင်ပဖက်ကနေ လာတာမျိုးက အကောင်းဆုံးပါ။ အမေရိကန်တွေအနေနဲ့ မူဝါဒရေးရာမျိုး မဟုတ်ပဲ ကူညီအားပေးခြင်းကို ဆိုလိုတာဖြစ်တယ်။
    သမ္မတအိုဘားမား အလည်အပတ်ရောက်လာစဉ်က “အပြောင်းအလဲဖြစ်ဖို့ မလွယ်ကူဘူး၊ ထာဝစဉ်ချောမွေ့ဖြောင့်တန်းအောင် မလုပ်နိုင်ဘူးဆိုတာ ကျွန်တော် လက်ခံနားလည်ပါတယ်။ ကျွန်တော်ကတော့ အကောင်းမြင်ပေးပါတယ်”လို့ ဆိုခဲ့တယ်။ ဒါဟာ နိမ့်ကျနေဆဲနိုင်ငံတစ်ခုအနေနဲ့ လမ်းဆုံးရောက်ဖို့ ဝေးနေသေးကြောင်း ၀ါရှင်တန်ဖက်က အကောင်းဆုံးတုန့်ပြန်ချက်လို့ ယူဆလို့ရပါတယ်။ အမေရိကဟာ လက်တွေ့ကျသောမျှော်လင့်ချက်သစ်နဲ့အတူ နေပြည်တော်အစိုးရနဲ့ နောက်ကွယ်က စစ်ဗိုလ်ချုပ်တွေကို ဆက်လက်ထိတွေ့ပတ်သက်ဖို့ လိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
    xxxxxxxxxxxxxxxxxxxxxxxx
    Doug Bandow ရေးသားသော Myanmar Reforms Slip Into Reverse: Can Burma’s Democracy And Obama’s Number One Foreign Policy Success Be Saved? ဆောင်းပါးကို နဒီဦး(စွယ်တော်မြေ)မှ မြန်မာမှုပြု ပြန်ဆိုပါသည်။
    ——————
    ***   စာရေးသူ Doug Bandow သည် Cato Institute တွင် အကြီးတန်းအဖွဲ့ဝင်၊ သမ္မတဟောင်းရော်နယ်ရေဂင်၏ အထူးလက်ထောက်အရာရှိ၊ International Religious Persecution with the Institute on Religion and Public Policy ၏ အကြီးတန်းအဖွဲ့ဝင်၊ Foreign Follies ၊ The Politics of Plunder ၊ Beyond Good Intentions အပါအ၀င် စာအုပ်များစွာကို ပါဝင်ရေးသားတည်းဖြတ်သူ၊ Florida State University နှင့် Stanford Law School မှ ဘွဲ့ရရှိထားသူပညာရှင်တစ်ဦးဖြစ်သည်။
  • ဘာသာတရား ကွဲပြားနေလို့များ တရားဥပဒေက ခွဲခြားနေလေသလား
    ဘာသာတရား ကွဲပြားနေလို့များ တရားဥပဒေက ခွဲခြားနေလေသလား
    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    .ဆွေမွန် ရေးသည်။
    10858498_1565710813641021_6445243061670960140_n
    ဒီရက်ပိုင်းအတွင်းမှာ ဘာသာရေးကိုင်းရှိုင်းလှတဲ့ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ ထူးခြားဖြစ်စဉ်လို့ သတ်မှတ်နိုင်တဲ့ သတင်းထူးတစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ဒီသတင်းကတော့ ဗုဒ္ဓရုပ်ပွားတော်မှာ နားကြပ်တပ်ထားတဲ့ပုံကို ဒီဇိုင်းလုပ် အသုံးပြုပြီး Buddha-bar အမည်တပ်ထားတဲ့ VGastro bar အရက်ဘားရဲ့ ကြော်ငြာ တစ်ခု လူမှု ကွန်ယက်ပေါ်မှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မှာ နားကြပ်တပ်ထားတဲ့ပုံဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး ဖေ့စ်ဘုတ် လူမှု ကွန်ယက်မှာ အရှိန်အဟုန်နဲ့ ပြန့်နှံ့ခဲ့ပြီး နောက်နေ့ မကူးဘဲ ၁၁ ဒီဇင်ဘာ ညမှာပဲ ဘားဆိုင်ကို အာဏာပိုင်တွေ ၀င်ရောက် စစ်ဆေးပြီး ဆိုင်းဘုတ်တွေ ဖြုတ်ကာ ဆိုင်ကို အပြီးပိတ်သိမ်းခဲ့ပါတယ်။ အရက်ဘားကို ၀င်ရောက်စစ်ဆေးတဲ့အခါ နားကြပ်တပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ဓာတ်ပုံဟာ ဆိုင်မှာတပ်ဆင် အသုံးပြုထားတာ မရှိခဲ့ပေမယ့် (ဖေ့စ်ဘုတ်ပေါ်မှာ ဒီလိုဓာတ်ပုံတင်ပြီး အရက်ဆိုင်ကို ကြော်ငြာတယ်) ဆိုတဲ့ အပြစ်တစ်ခုတည်းနဲ့တင် ဗုဒ္ဓဘာသာကိုစော်ကားရာ ရောက် တယ်လို့ သတ်မှတ်ခဲ့ပါတယ်။
    ဒါကြောင့် နယူးဇီလန်နိုင်ငံသား Philip Blackwood၊ ပိုင်ရှင် ထွန်းသူရိန်နဲ့ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို ဗဟန်းရဲစခန်းမှာ (ပ) ၄၉၉/၂၀၁၄ နဲ့အမှုလက်ခံပြီး၊ ပုဒ်မ ၂၉၅ ၊ ၂၉၅(က) ပုဒ်မ နှစ်ခုတပ် အမှုဖွင့်ထားကာ အာမခံလည်းမပေးကြောင်းနဲ့ ထိထိရောက်ရောက်အရေးယူမှာဖြစ်ကြောင်း သိရပြန်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ပုံရိပ်တော်ကို မရိုမသေလုပ် နားကြပ် တပ်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ အရက်ဘားကြော်ငြာတဲ့ VGastro Bar က တာဝန်ရှိသူတိုင်းဟာ ဗုဒ္ဓဘာသာကို စော်ကားတဲ့အတွက် တည်ဆဲဥပဒေ အရ အပြစ်ပေးအရေးယူခြင်း ခံထိုက်ပါတယ်။ ဒီလို အရေးယူလိုက်တာဟာလည်း မှန်ကန်ထောက်ခံသင့်တဲ့ အကြောင်းအရာဖြစ်သလို ဗုဒ္ဓဘာသာဝင် အများအပြားအတွက် အင်မတန်လည်း ကျေနပ်စရာ ဖြစ်စေ ခဲ့ရပါတယ်။
    မည်သည့်ဘာသာ ကိုးကွယ်နေသည်ဖြစ်စေ ဘာသာတရားတစ်ခုကို မည်သည့်အကြောင်းကြောင့်နဲ့မှ စော်ကားခွင့် ခွဲခြားခွင့်မပေးဘဲ ဥပဒေအတိုင်း ထိထိရောက်ရောက် ကိုင်တွယ်တာဟာ အလွန်ကောင်းမွန်တဲ့ စံနမူနာဖြစ်စေပါတယ်။
    တချိန်တည်းမှာ ဗုဒ္ဓဘာသာကို တစ်ကြိမ်တစ်ခါစော်ကားမိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရက်မဆိုင်း နာရီမဆိုင်းဘဲ ထိထိရောက်ရောက် အပြစ်ပေးအရေးယူသလို အခြားကိုးကွယ်ရာ ဘာသာတွေကို နှစ်နဲ့ ချီပြီး စော်ကားချင်တိုင်း စော်ကားနေကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဒီလိုပဲ တူညီစွာ အရေးယူရမှာဖြစ်သလို လိုအပ်သလို တားဆီးပိတ်ပင်တာကိုလည်း လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို စော်ကားသူတွေကိုသာ ဒီလိုဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုပြီး အရေးယူပေမယ့် အခြားသာသာတရားတွေ ကို စော်ကားခဲ့၊ စော်ကားနေသူတွေ ကိုတော့ မသိချင်ယောင်ဆောင် ဥပက္ခာပြု တမင်လွှတ်ပေးနေရင် ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှုမရှိဘူး၊ တရားဥပဒေ ဟာ ကွက်ကျားမိုးလိုမျိုး၊ မလိုတစ်မျိုး လိုတစ်မျိုး ကျင့်သုံးနေပါတယ်လို့ သက်သေပြနေသလို ဖြစ်နေပါလိမ့်မယ်။
    “တရားဥပဒေ” ဆိုတဲ့စကားလုံးကို ကိုင်တွယ် သုံးစွဲကြတဲ့အခါ တရားဥပဒေပြုသူတွေနဲ့ အာဏာပိုင်တွေ အပါအဝင် မြန်မာ နယ်နိမိတ်ထဲမှာ နေထိုင် ရှင်သန်သူတိုင်းဟာ နိုင်ငံတော်က ပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေရဲ့ ရှေ့မှောက်မှာ ကျောသား ရင်သားမခွဲခြားဘဲ တန်းတူညီမျှမှု ရှိကို ရှိဖို့ လိုအပ်ရပါတယ်။ ဒါကြောင့် “တရားဥပဒေ” လို့ပြောရင် တန်းတူညီမျှရှိမှုကို ချန်ထားလို့မရပါဘူး။ မည်သည့်နေရာမှာ ကျူးလွန်သည်ဖြစ်စေ တူညီသောပြစ်မှုကို ကျူးလွန်သူတိုင်းဟာ တူညီသောပြစ်ဒဏ်ကို ကျခံမှသာလျင် တရားဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှုရှိတယ်လို့ ယူဆနိုင်မှာဖြစ်ပါတယ်။ ဒါဟာ No one is above the law ဆိုတဲ့ အချက်ကို သက်သေပြဖော်ဆောင်နိုင်တဲ့ တရားဥပဒေစိုးမိုးရေးရဲ့ အဓိကအကျဆုံး အချက်လည်းဖြစ်ပါတယ်။
    ၂၀၁၂ ရွေးကောက်ပွဲနောက်ပိုင်းမှာ ရခိုင်အဓိကရုဏ်းကနေအစပြုပြီး အသက် အိုးအိမ်ပေါင်းများစွာ သေကျေပျက်စီးခဲ့ရပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို သတ်ဖြတ်ပါတယ်ဆိုတဲ့ တရားခံထက်ထက်ဟာ အချုပ်ခန်းထဲမှာပဲ သေဆုံးခဲ့ သလို ကျန်တရားခံနှစ်ဦးကိုလည်း လျှင်မြန်စွာ အရေးယူဖမ်းဆီးထောင် ချခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ၂၀၁၂ခုနှစ် ဇွန်လ ၄ ရက်နေ့ တောင်ကုတ်မြို့မှာ နိုင်ငံသား မွတ်ဆလင်ခရီးသည် ၁၀ ဦးကို ကားပေါ်က ဆွဲချပြီး လူပေါင်း ၃၀၀ လောက်က နေ့ခင်းကြောင်တောင် လူမြင်ကွင်းအလယ်မှာ အရှင်လတ်လတ် ဦးနှောက်ထွက်အောင် ရိုက်သတ်ခဲ့ပေမယ့် အရေးယူဖမ်းဆီးမှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ နိုင်ငံပိုင်သတင်းစာတွေ ကိုယ်တိုင်က “ရိုးမသစ္စာခရီးသည်တင် မှန်လုံယဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ” ခေါင်းစဉ်မည်းကြီး တပ်ကာ တရားဥပဒေနဲ့အညီ ကာကွယ်မပေးတဲ့အပြင် “မသီတာထွေးကို ရက်စက်စွာ စော်ကားသတ်ဖြတ်” တဲ့အတွက် ဒီလို ပြန်လည်တုန့်ပြန် သတ်ဖြတ်တာဟာ တရားမျှတတဲ့ပုံစံမျိုး မီဒီယာ ကျင့်ဝတ်သိက္ခာမဲ့စွာ ရေးသား ခဲ့ပါသေးတယ်။ နိုင်ငံတကာ ဖိအားပေါင်းများစွာ ခံရပြီးနောက်မှာတော့ ကျူးလွန်သူပေါင်း ၃၀၀ ကျော်ထဲက ၇ ဦးတည်းကိုသာ တစ်နှစ်ကျော်အကြာမှာ ဖမ်းဆီးခဲ့ပြီး နောက်ထပ် တစ်နှစ်ခွဲနီးပါး အကြာမှာမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။
    တောင်ကုတ်လူသတ်ပွဲကြီးနောက်မှာ ဘယ်နေ့မှာ ဘယ်ရပ်ကွက်ကို ဘယ်နှစ်နာရီမှာဝင်မယ် စသည်ဖြင့် အချိန်အခါ အတိအကျနဲ့ အချိန်ဇယား ထွက်ကာ မီးလောင်တိုက်သွင်းခံရတဲ့ အဓိကရုဏ်းအမည်ခံ ရခိုင်ပြည်နယ်လုံးကျွတ် မီးရှို့လူသတ် လုယက်ကာ မိမိပိုင်နေအိမ်များမှ (လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အပြည့်ရှိပါတယ်လို့ အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားသတ်မှတ်ထားတဲ့နိုင်ငံမှာ အစ္စလာမ်ကို ကိုးကွယ်မိတဲ့ အပြစ်တစ်ခုတည်းကြောင့်) ကြိုတင်စီစဉ်ထားတဲ့ လုံခြုံတဲ့နေရာ (ဒုက္ခသည်စခန်း) တွေဆီကို စစ်တပ်ကားတွေနဲ့ အစီအရီအပို့ခံရတဲ့ ဖြစ်ရပ်တွေ တန်းစီဖြစ်လာခဲ့ပါတော့တယ်။ မွတ်ဆလင်တွေအတွက် တရားဥပဒေစိုးမိုးမှု၊ တရားဥပဒေရဲ့ အကာအကွယ်ပေးစောင့်ရှောက်မှုဆိုတဲ့ စကားလုံးနဲ့ တန်းတူညီမျှမှုဆိုတဲ့ စကားလုံးတွေကို ရှာမတွေ့ခဲ့ရပါဘူး။
    အရေးအခင်းအတွင်း အိမ်ဖျက်ဆီးခံရတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေဟာ နိုင်ငံတော် ဒုသမ္မတကြီး စိုင်းမောက်ခမ်း ကိုယ်တိုင် လာရောက်လည်ပတ် အားပေးနှစ်သိမ့်ကာ အစားပြန်ဆောက်ပေးတဲ့ ရွာအသစ်၊ အိမ်အသစ်ကိုယ်စီနဲ့ စီစီရီရီ သပ်သပ်ရပ်ရပ်ပြန်လည်ဖြစ်ထွန်းကာ အဓိကရုဏ်းဒဏ်ရာတွေကို ကုစားပေးခြင်းခံခဲ့ရပေမယ့် အဓိကရုဏ်းနဲ့ လုံးဝ မပတ်သက်ဘဲ အိုးအိမ် ဆိုင် စီးပွား လုယက်ဖျက်ဆီးခံရတဲ့ တိုင်းရင်းသား ကမန်တွေ၊ နိုင်ငံသား မွတ်ဆလင်တွေရဲ့ အိမ်တွေ စီးပွားဥစ္စာတွေဟာ ဒီနေ့ထိ ပြန်လည်အစားရခြင်း လုံးဝမရှိတဲ့အပြင် တရားဥပဒေရဲ့ အကာအကွယ်ပေးမှု၊ အာဏာပိုင် အစိုးရမင်းများရဲ့ စာနာထောက်ထားတဲ့ အားပေးစကားပြောသံ တစ်ခုကလေးမှ မရခဲ့ဘဲ မိမိတို့ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ရာ နေအိမ် စီးပွားတွေကနေ အတင်းအကျပ်စွန့်ခွာစေကာ ဒုက္ခသည်စခန်းတွေဆီကို အတင်း ပို့ဆောင်ခံရတာ၊ ဒါမှမဟုတ် ရန်ကုန်မြို့က နီးစပ်ရာဆွေမျိုးတွေဆီမှာ ထွက်ပြေးခိုလှုံရတဲ့ အဆင့်ကို ရောက်ရှိသွားရပါတယ်။
    တရားဝင်တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါဝင်တဲ့ ဒေသခံ တိုင်းရင်းသားချင်း တူပေမယ့် ကိုးကွယ်ရာကွဲပြားတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေ နဲ့ (ရခိုင်စကားပြော၊ ရခိုင်လိုဝတ်စားဆင်ယင်ကြတဲ့) ကမန် အစ္စလာမ်ဘာသာဝင်တွေ၊ နိုင်ငံသား မွတ်ဆလင်တွေဟာ တရားဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှု၊ စာနာထောက်ထားမှု မတူမျှခဲ့ပါဘူး။ ရခိုင်ဖြစ်ရပ်နောက်ပိုင်း ၂၀၁၃ ကစလို့ မြန်မာပြည်မမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေကိုပါ ပစ်မှတ်ထားလာပြန်ကာ မြန်မာနိုင်ငံအနှံ့ ၉၆၉ အမည်ခံလို့တစ်ဖုံ၊ မဘသ အမည်ခံလို့တစ်မျိုး အမည်ပေါင်းစုံတပ်ကာ မွတ်ဆလင်တွေနဲ့ မပေါင်းသင်းရေး၊ မွတ်ဆလင်ဆိုင်တွေမှာ ဈေးမ၀ယ်ရေး၊ မွတ်ဆလင်တွေနဲ့ လက်မထပ်ရေး၊ မွတ်ဆလင်တွေကို အိမ်မရောင်းရ စသည်ဖြင့် အခြေခံဥပဒေပါ နိုင်ငံသား တစ်ဦးချင်းစီရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး ပြဌာန်းချက်တွေ နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လုပ်ရပ်တွေ၊ လှုံ့ဆော်မှုတွေ၊ အမုန်းတရားဟောကြားမှုတွေ ဟာ ပေါ်ပေါ်ထင်ထင် ဖြစ်ပေါ်လာ ခဲ့ပေမယ့်လည်း မည်သည့်အာဏာပိုင်ကမှ တားမြစ်ခြင်း မရှိသလို ဥပဒေနဲ့အညီ အရေးယူခြင်းလည်း မရှိခဲ့ပြန်ပါဘူး။
    အမုန်းတရားတွေရဲ့ ပြန့်နှံ့ကူးစက်လွယ်တဲ့ သဘာဝဟာ မြန်မာပြည်အနှံ့ အတားအဆီးမဲ့ လောင်ကျွမ်းပါတော့တယ်။ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ ကိုးကွယ်ရာဘာသာကြီးတစ်ခုဖြစ်တဲ့ အစ္စလာမ်ဘာသာနဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူတိုင်းဟာ အမုန်းတရားလှုံ့ဆော်သူတွေ၊ ၉၆၉တွေ၊ မဘသတွေရဲ့ ပစ်မှတ်သစ်ဖြစ်လာခဲ့ပါတယ်။ အမျိုး ဘာသာ စောင့်ရှောက်ရေးတရားပွဲအမည်ခံကာ မွတ်ဆလင်ဆန့်ကျင် မုန်းတီးရေး ဟောပြောလှုံ့ဆော်ပွဲတွေကို နေရာအနှံ့ လမ်းဒေါင့်အနှံ့ ဗီနိုင်းတွေထောင်ကာ ဟောပြောချင်တိုင်း စိတ်တိုင်းကျ ဟောပြောခွင့် လွတ်လွတ်လပ်လပ်ရရှိတဲ့အပြင် မွတ်ဆလင်ဆန့်ကျင်ရေး ဗီဒီယိုခွေတွေဟာ နိုင်ငံအနှံ့ ကျေးရွာအနှံ့၊ လမ်းတွေအနှံ့ ပြန့်နှံ့အောင် ဖြန့်ဝေခွင့် ရခဲ့ပြန်ပါတယ်။
    ၂၀၁၃ ဒီဇင်ဘာလ အာဆီယံ အားကစားပြိုင်ပွဲမတိုင်မီမှာပဲ တစ်မြို့ပြီး တစ်မြို့ ခြိမ့်ခြိမ့်သဲသဲ ပွဲဆက်နေတဲ့ အဓိကရုဏ်းပွဲတော်ကြီးဟာ ကြိုတင်ညှိနှိုင်းထားသလို ရပ်တန့်သွားခဲ့ပြီး အမုန်းတရားလှုံ့ဆော်မှုတွေဟာလည်း အံ့သြစရာကောင်းလောက်အောင် တိကနဲရပ်တန့်သွားခဲ့ပါတယ်။ အာဆီယံအားကစားပွဲအပြီးမှာတော့ အမုန်းတရားလှုံ့ဆော်မှုတွေဟာ အချိန်အခါကိုက် ပြန်လည်ပေါ်ထွက်လာပြန်ပါတယ်။
    မြို့နယ်အဆင့်အာဏာပိုင်တွေ ကိုယ်တိုင် ခွင့်ပြုချက်တွေပေးကာ တရားဥပဒေနဲ့ မညီတဲ့ အမုန်းတရားလောင်စာတွေကို နိုင်ငံ အနှံ့ ဖြန့်ကျဲချနေတဲ့လုပ်ရပ်တွေကို သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်က တားဆီးပိတ်ပင်မှု မရှိခဲ့တဲ့အတွက် နိုင်ငံအနှံ့ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ပေါ်ပေါ်ထင်ထင်ဖြစ်လာကာ မိတ္ထိလာ၊ လားရှိုးကစလို့ မြန်မာပြည်အနှံ့ အစ္စလာမ်ဘာသာကိုးကွယ်သူတိုင်းကို တိုင်းရင်းသား၊ နိုင်ငံသား မခွဲခြားတော့ဘဲ “ခိုးဝင်ဘင်္ဂလီ” တွေလို့ တစ်ဖက်သတ်သမုတ်ကာ အနိုင်ကျင့် လုယက်မှုတွေ၊ ကလေးအရွယ် လူမမယ်လေးတွေကိုမချန် အရှင်လတ်လတ် မီးပုံထဲ ပစ်သွင်း သတ်ဖြတ်မှုတွေ၊ မြို့လုံးကျွတ် မီးလောင်တိုက်သွင်းမှုတွေဟာ ဥပဒေမဲ့နိုင်ငံအလား လုံခြုံရေးတွေရှေ့မှောက်၊ သတင်းထောက်တွေ ရှေ့မှောက်မှာ ကျူးလွန်ရဲတဲ့အဆင့်ကို တိုးတက်ရောက်လာခဲ့ပြန်ပါတယ်။ တရားဥပဒေရဲ့ အကာအကွယ်ပေးစောင့်ရှောက်မှုကို မရခဲ့ပြန်တဲ့အပြင် အာဏာပိုင်တွေကိုယ်တိုင်က ကျူးလွန်ခံရသူ မွတ်ဆလင်တွေကိုပဲ တစ်ဖက်သတ် အရေးယူ အပြစ်ပေးခဲ့ပြန်ပါတယ်။ မြို့လုံးကျွတ်မီးရှို့ကာ မွတ်ဆလင်တွေကို မိမိတို့နေအိမ်တွေက အတင်းအကျပ်မောင်းထုတ်တဲ့ အကြမ်းဖက်မှု ကျူးလွန်သူတွေဟာ ဥပဒေရဲ့ အပြစ်ပေးခြင်းကို မခံရဘဲ ခေတ္တခဏသာ အချုပ်အနှောင်ခံရကာ နောက်ပိုင်း ကျူးလွန်သူအကြမ်းဖက်သမား အားလုံးနီးပါး ပြန်လွှတ်ပေးခံခဲ့ရပါတယ်။ တရားဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှု မရှိခဲ့ပြန်ပါဘူး။
    ၂၀၁၃ ဒီဇင်ဘာလ အာဆီယံ အားကစားပြိုင်ပွဲမတိုင်မီမှာပဲ တစ်မြို့ပြီး တစ်မြို့ ခြိမ့်ခြိမ့်သဲသဲ ပွဲဆက်နေတဲ့ အဓိကရုဏ်းပွဲတော်ကြီးဟာ ကြိုတင်ညှိနှိုင်းထားသလို ရပ်တန့်သွားခဲ့ပြီး အမုန်းတရားလှုံ့ဆော်မှုတွေဟာလည်း အံ့သြစရာကောင်းလောက်အောင် တိကနဲရပ်တန့်သွားခဲ့ပါတယ်။ အာဆီယံအားကစားပွဲအပြီးမှာတော့ အမုန်းတရားလှုံ့ဆော်မှုတွေဟာ အချိန်အခါကိုက် ပြန်လည်ပေါ်ထွက်လာပြန်ပါတယ်။ တရားပွဲတွေအစား ပုံနှိပ်စာစောင်တွေမှာပါ အစ္စလာမ်ကို ဆန့်ကျင်ရုံသာမက တိုက်ရိုက်စော်ကားတဲ့အဆင့်ကိုပါ ရောက်လာခဲ့ပြန်ပါတယ်။
    သာကီသွေးဂျာနယ်၊ အောင်ဇေယျတု ဂျာနယ်စတဲ့ ၉၆၉ အမည်ပြောင်း မဘသတွေ ထုတ်ဝေတဲ့ စာစောင်တွေမှာ အစ္စလာမ်ကို အကြိမ်ကြိမ်စော်ကားမှုတွေ ပြုလုပ်တဲ့ အတွက် အစိုးရအသိအမှတ်ပြု အစ္စလာမ့်ဘာသာရေး အဖွဲ့ကြီးတွေက သမ္မတအဆင့်ထိ လိပ်မူပြီး တိုင်ကြားမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်လာခဲ့ပြီး မဖြစ်မနေထုတ်ပြန်ရတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၁၄ အောက်တိုဘာ ၂၄၊ ၀န်ကြီးဋ္ဌာန စာအမှတ် ၁-၆(၈)/၂၀၁၄(၇၁၈၂) နဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ကြေညာချက်မှာ”အောင်ဇေယျတု ဂျာနယ်ရဲ့ ရေးသားချက်တွေဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက် ကျူးလွန်ရာရောက်တယ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့အားလည်းကောင်း၊ သတင်း မီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ)(ဈ) နှင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) တို့အား လည်းကောင်း ဖောက်ဖျက်ကျူးလွန်ရာရောက်တယ်”လို့ ၀န်ခံခဲ့ပြီး ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးအချို့ အကြိမ်ကြိမ်ကျူးလွန်တဲ့ ပုဒ်မတွေကို ရွတ်ပြရုံ ရွတ်ပြပေမယ့်လည်း အရေးယူမှု တစ်စုံတစ်ရာမပြုလုပ်နိုင်တဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) အဆင့်ကို လွှဲပေး ဖြေရှင်းစေခဲ့ပြန်ပါတယ်။
    ကိုးကွယ်ရာဘာသာကြီး တစ်ခုကို ပုံနှိပ်စာစောင်တစ်ခုပေါ်မှာ ရိုက်နှိပ်ဖော်ပြပြီး စိတ်တိုင်းကျစော်ကားတာဟာ ပုဒ်မ ၉ ခုလောက်ကို တစ်ပြိုင်တည်း ကျူးလွန်ရာတယ်လို့ ၀န်ကြီးဌာနက ကိုယ်တိုင် စာထုတ်ဝန်ခံပေမယ့် နောက်ဆက်တွဲ အရေးယူဆောင်ရွက် တားဆီးပိတ်ပင်ခြင်းကို ဘယ်အာဏာပိုင်ကမှ ထိထိရောက်ရောက် မလုပ်ဆောင်ပေး ခဲ့ပါဘူး။ ယနေ့ထိလည်း အစ္စလာမ်ဘာသာအပေါ် ဆန့်ကျင်စော်ကားမှုတွေဟာ အရှိန်မပြယ်သေးပေမယ့် “ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြားဘာသာတရားတွေ”ကို စော်ကားလို့ တရားဥပဒေနဲ့အညီ အရေးယူပါတယ်ဆိုတဲ့ အသံ မရှိဖူး မကြားခဲ့ရဖူးပါဘူး။ မြန်မာတိုင်းရင်းသား မွတ်ဆလင်တွေ၊ မြန်မာနိုင်ငံသား မွတ်ဆလင်တွေ အတွက် တရားဥပဒေရဲ့ အကာအကွယ်ပေးစောင့်ရှောက်မှုဆိုတဲ့ စကားလုံးနဲ့ တရားဥပဒေရဲ့ ရှေ့မှောက်မှာ တန်းတူညီ မျှမှုဆိုတဲ့စကားလုံးတွေဟာ တစိမ်းသက်သက်ဖြစ်နေအောင် ပြုပြင်ဖန်တီးခံထားရတာဟာ ကြာလှပါပြီ။
    အစ္စလာမ်ဘာသာကို စော်ကားချင် တိုင်းစော်ကားနေသူတွေကို အရေးယူတားဆီးမှု တစ်စုံတစ်ရာမပြုလုပ်ဖူးတဲ့ မြန်မာအာဏာပိုင်တွေဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ထူးထူးခြားခြား ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ နားကြပ် တပ်ထားတဲ့ပုံနဲ့ Buddha-bar အမည်တပ်ပြီး ကြေညာထားတဲ့ V.Gastro bar အရက်ဘား ကလပ် တစ်ခုရဲ့ ကြော်ငြာကိုတော့ တစ်ရက်တစ်ညကလေးတောင် သည်းခံနိုင်ခြင်း မရှိခဲ့ပြန်ပါဘူး။ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေအရ မည်သည့် ဘာသာတရားကို မဆို စော်ကားခြင်း၊ ဖျက်ဆီးခြင်း၊ ဂုဏ်သရေပျက်ပြားစေခြင်း တို့ကိုပြုလုပ်တယ်ဆိုရင် မည်သူမဆို ထောင်ဒဏ် နှစ် နှစ် ကျ ခံစေရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ပုံရိပ်တော်ကို မရိုမသေလုပ်ပြီး နားကြပ်တပ်ကြော်ငြာတဲ့ VGastro Bar က တာဝန်ရှိသူတိုင်းဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာကို တစ်ကြိမ်တစ်ခါစော်ကားမိတာကို (သည်းခံစရာ မလိုဘဲ) တည်ဆဲဥပဒေအရ အပြစ်ပေးအရေးယူခြင်း ခံထိုက်ပါတယ်။
    ဗုဒ္ဓဘာသာကို တစ်ကြိမ် တစ်ခါစော်ကားမိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဖေ့စ်ဘုတ်ပေါ်မှာ တင်လိုက်တဲ့ နားကြပ်တပ်ဗုဒ္ဓရုပ်ပွားတော်ဒစ်ဂျစ်တယ်ဓာတ်ပုံတစ်ပုံကလွဲရင် ကျန်တဲ့သက်သေအထောက်အထား တစ်စုံတစ်ရာ လက်ဆုတ်လက်ကိုင် မဖမ်းမိပေမယ့် အာမခံ မရဘဲ အချုပ်ခန်းထဲကို ချက်ချင်းပို့ ချက်ချင်းအမှုဖွင့်၊ ချက်ချင်းတရားစွဲ၊ အရက်ဘားကို ချိတ်ပိတ်ကာ လိုင်စင်အပြီး ပိတ်သိမ်းခံရပြီး တည်ဆဲဥပဒေတွေနဲ့ အညီ ညမကူးဘဲ ချက်ချက်လက်ငင်း အရေးယူပြတာဟာ အများသဘောကျစရာ ဖြစ်ပါတယ်။
    ဒါပေမယ့် ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိပါတယ်၊ ဖိနှိပ်ချိုးဖောက်မှု မရှိပါဘူးလို့ ဖော်ထုတ်ကြွေးကြော်ထားတဲ့ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာကို နှုတ်နဲ့တသွယ်၊ ဒီဗီဒီခွေဖြန့်လို့တစ်မျိုး၊ ပုံနှိပ်မီဒီယာတွေနဲ့ တဖုံ စော်ကားချင်တိုင်း စော်ကားခဲ့ကြ စော်ကားနေကြတဲ့ ဗုဒ္ဓဘုန်းတော်ကြီး အချို့နဲ့ လူပုဂ္ဂိုလ်တွေအပြင် ဗလီဝတ်ကျောင်းတော်များစွာကို မီးလောင်တိုက်သွင်း မြေလှန်ပစ်ခဲ့ကြတဲ့ အကြမ်းဖက်သမားတွေကို သက်သေ အထောက်အထား အပြည့်နဲ့ နိုင်ငံဥသျှောင် သမ္မတကြီးထိ တိုင်တန်းပေမယ့် အရေးယူ တားဆီးပိတ်ပင်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့တဲ့ အတွက် မြန်မာနိုင်ငံမှာ “လွတ်လပ်စွာ ကိုးကွယ်ခွင့်” ဆိုတဲ့စကားလုံးဟာ အင်မတန် သံသယရှိစရာ ဖြစ်နေရပါပြီ။ မြန်မာအာဏာပိုင်တွေရဲ့ သူ့လူ ကိုယ့်ဖက်သား ခွဲခြားနေတဲ့ မူဝါဒကို ကိုင်စွဲနေသမျှ တရားဥပဒေစိုးမိုးမှု မရှိဘူး၊ တရားဥပဒေရှေ့မှောက်မှာ နိုင်ငံသားတိုင်းဟာ တန်းတူညီမျှမှု မရှိဘူး၊ ကိုးကွယ်ရာ ဘာသာတရားကို လိုက်ပြီး ကျောသားရင်သား ခွဲခြားမှုတွေ ရှိတယ်ဆိုတဲ့ အသံ ကျယ်ကျယ်လောင်လောင်တွေကို နိုင်ငံတကာမှာ ဆက်လက်ကြားနေရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ လမ်းကြောင်းမှာ အမဲစက်ကြီး တစ်ခုအဖြစ် ဆက်လက် မြင်နေကြ ဦးမှာ ဖြစ်ပါတယ်။
    ဒါ့အပြင် “များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်….တို့မြေ…”လို့ လိပ်ပြာသန့်သန့် ဟစ်ကြွေးနိုင်ဖို့၊
    “ကျောသား ရင်သားမခွဲခြားတဲ့ တရားစီရင်ရေးစနစ်ကြီး မြန်မာပြည်မှာ ထွန်းကားနေပြီ၊ ကိုးကွယ်ရာ ဘာသာ မတူရင်လည်း တရားဥပဒေရှေ့မှောက်မှာ အကာအကွယ် တကယ်ရနိုင်နေပြီ၊ သာတူညီမျှမှု ရှိနေပြီ” လို့ အများက သတ်မှတ်နိုင်စေဖို့ ပြုပြင်ပြောင်းလဲရေးတွေ အများကြီး လိုအပ်ပါဦးမယ်လို့ပဲ ထောက်ပြချင်ပါတယ်။
    ဆွေမွန်
    ၁၄ ဒီဇင်ဘာ ၂၀၁၄
  • ပြသနာပေါင်းစုံ ဖန်တီးကာ အမျိုးသားရေး အဆိပ်ခပ် ခံနေရတဲ့ ဒီမိုကရေစီ ပန်းတိုင်
    ပြသနာပေါင်းစုံ ဖန်တီးကာ အမျိုးသားရေး အဆိပ်ခပ် ခံနေရတဲ့ ဒီမိုကရေစီ ပန်းတိုင်
    ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    .ဆွေမွန်ရေးသည်။
    1546451_1564332977112138_5590803591782031078_n
    ဓါတ်ပုံကလေးတစ်ပုံကို online ပေါ်မှာ ရှာတွေ့မယ်။ မိန်းကလေး တစ်ယောက် သေနေမယ်၊ လည်ပင်းကိုလည်း လှီးထားတယ်၊ လှီးခံထားရအောင် လည်း Photoshop ဓာတ်ပုံပြင် ပညာနဲ့ လုပ်လို့ရသေးတယ်။
    ထားတော့..လှီးလိုက်ပြီ။ ဓါတ်ပုံရလာပြီ။ ဓါတ်ပုံကို ရတာနဲ့ ရေးချင်တဲ့ အညွှန်းကို ရေးတင်လို့ ရတယ်။ အဲဒီ ဓါတ်ပုံကို အရင်တွေ့မိသူရဲ့ စိတ်ဓာတ်ဟာ ဘယ်လောက်ကောင်းမွန်သလဲ.. ဒါမှမဟုတ် ..ယုတ်ညံ့သလဲ အပေါ်မှာ သတင်းကို ထင်သလို ရေးဖွလို့ ရတယ်။
    ကဲ… ကုလားတွေ ဘယ်နေရာမှာ မုဒိမ်းကျင့် သတ်လိုက်ပြန်ပြီ။ ခွေးကုလားတွေ၊ မုဒိမ်းမျိုးတွေ၊ ယုတ်ညံ့တဲ့ကောင်တွေ၊ ဆဲဆိုရေးသားပြီး ဖရင်းအများကြီးကို တဂ်ပေးပြီး တင်မယ်။ ဒါမှမဟုတ် ကိုယ့်ပိုင် ရှိသမျှ အကောင့်အားလုံးမှာ တင်မယ်။ သတင်းစပြန့်လာမယ်။ လူများတဲ့ ဂရုတွေမှာ အမည်လွဲ အကောင့်နဲ့ ထပ်တင်မယ်။ ဆဲကြမယ်။ ဆိုကြမယ်။ အချိန်ကုန်မယ်။ ကုလားကို လူမုန်းများလာမယ်။ ရိုးနေတဲ့ အကွက်တွေပါပဲ။
    ဒီအခြေအနေ မဖြစ်ဖြစ်အောင်၊ မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ဆူပူမှုတွေ မဖြစ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ အဖွဲ့တွေအများကြီး ရှိနေပါတယ်။
    အဓိကအချက်က ကိုယ်တိုင် စာပေအသိပညာ အတတ်ပညာ လုံလောက်အောင် တတ်ရင် အင်တာနက်မှာ ရှာဖွေတတ်ရင် အလိမ်ခံရစရာ မရှိပါဘူး။ အလိမ်မခံရအောင် လုပ်ရမယ့် တစ်ခုတည်းသောနည်းလမ်းက စာကို လိုလိုချင်ချင်နဲ့ မတတ်တတ်အောင် သင်ယူဖို့ပါ။ ကိုယ့်အရည်အချင်းကို ကိုယ်တိုင်မမြှင့်ရင် ဘယ်သူမှ လာသင်ပေးမှာ မဟုတ်တဲ့အတွက် ကိုယ်တိုင် အရည်အချင်းတွေပြင်ကြဖို့ အမြင်တွေ ပြောင်းလဲကြဖို့လိုမယ် လိုမယ်လို့ပဲ မြင်မိပါတယ်။
    ဒီရက်ပိုင်းထဲမှာ ကလေးမလေးတစ်ဦး လည်ပင်းလှီးခံထားရတဲ့ ပုံ၊ စကပ်လန်နေတဲ့ ပုံတွေ ပြန့်လာနေပြန်တယ်။ မလေးရှားမှာ မြန်မာမကို ကုလားက မုဒိမ်းကျင့်ပြီး သတ်လိုက်ပြန်ပြီ။ နောက်တစ်ဦးက ပုံညွှန်းတွေ အမျိုးမျိုးတပ်လို့… ရှက်စရာကောင်းလောက်အောင် စိတ်ဓာတ်အောက်တန်းကျတဲ့ အုပ်စုတစ်ခုက တမင်ရည်ရွယ်လုပ်ဆောင်နေမှန်း သိကို သိရပေမယ့် မသိနားမလည်တဲ့ online user တွေက ယုံထင်ကြောင်ထင် ဖြစ်နေကြ ရပြန်တယ်။ တစ်နိုင်ငံတည်း နေကြသူအချင်းချင်း အမုန်းပွားကြ ဆဲကြ ဆိုကြ.. မပြီးဆုံးနိုင်တဲ့ အမုန်းသံသရာက မလွတ်နိုင်အောင် တမင်ဖန်တီးနေတာတွေကို တွေ့မြင်နေရပြန်ပါတယ်။
    ဓါတ်ပုံတစ်ခု တက်လာရင် မှန် / မမှန်သိချင်ရင် ဘယ်ဓာတ်ပုံကို မဆို Google ဆိုဒ်ရဲ့ ဒီလင့်မှာ https://images.google.com/ တင်ဖွင့်ကြည့်ပြီး ဒီဓာတ်ပုံဟာ ဘယ်နေရာက ပုံလဲဆိုတာ ဓာတ်ပုံကပေးတဲ့ အချက်အလက်တွေကိုကြည့်ပြီး ကိုယ့်ဟာကို ဆုံးဖြတ်နိုင်ပါတယ်။ ဒီအချိန်ဟာ Media War ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဦးဝီရသူလို ဘုန်းကြီးကအစ သစ်ထူးလွင်အဆုံး မန္တလေး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ညီအကို မုဒိမ်းမကျင့်ပါဘဲလျှက် မုဒိမ်းကျင့်ပါတယ်ဆိုပြီး လိမ်ညာသတင်းတင်လို့ မန္တလေးမြိ့ကြီး ပျက်လုလု ဖြစ်ခဲ့တာ မကြာသေးပါဘူး။ ဒါကြောင့် သတင်းတစ်ခုဟာ အမှန်လား၊ လိမ်ညာဖန်တီးထားတာလား သိနိုင်ဖို့ မှန်ကန်တဲ့သတင်းအရင်းအမြစ်ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။
    ကိုယ်သိချင်တဲ့ ပုံကလေးကို ကွန်ပျူတာမှာ ဖြစ်စေ ဖုံးပေါ်မှာ ဖြစ်စေ တင်ရှာလို့ရပါတယ်။ Google ဆိုဒ်ရဲ့ ဒီလင့်မှာ https://images.google.com/ ကို ၀င်ပါ။ ဖုံးမှာဆိုရင် setting ထဲမှာ request desktop site ကို အမှန်ခြစ်ပေးထားရင် ပုံထည့်မယ့် နေရာပေါ်ပါတယ်။ ထည့်ချင်တဲ့ ပုံလေးကို ထည့်ပေး upload လုပ်တာနဲ့ ဒီပုံရဲ့ သတင်းအမြစ်တွေကို google က ရှာပေးပါတယ်။ ရှာပေးထားတဲ့ လင့်တွေအတိုင်း သတင်းဝင်ဖတ်ကြည့်တာနဲ့ လွယ်လွယ်ကလေး အမှန်ကို သိနိုင်ပါတယ်။ ကွန်ပျူတာ အခြေခံ၊ ပုံထည့်နည်း၊ အင်္ဂလိပ်စာ စတာတွေကတော့ မသိရင် မတတ်ရင် ဘာမှ ရှာမနေတော့ဘဲ ပြောသမျှယုံ လိမ်သမျှခံ ဘ၀က တက်လာဖို့ မရှိတော့ပါဘူး။
    ဒီကလေးမပုံကို တင်ရှာလိုက်တဲ့အခါ သတင်းလင့်တွေ ထွက်လာပါတယ်။ ထွက်လာတဲ့ လင့်တွေဟာ ပေါ်တူဂီဘာသာနဲ့ တင်ထားပေမယ့် အင်္ဂလိပ် ဘာသာကို google translator သုံးပြီး ဘာသာပြန် ဖတ်ကြည့်တဲ့အခါ ဒီကလေးမဟာ အမည် Barbara Lira ခေါ်ပြီး ၁၃နှစ်ပဲ ရှိသေးတယ်။ ဘရာဇီးလ်နိုင်ငံမြောက်ပိုင်းက Pará ပြည်နယ် Belem မြို့ကြီးကနေ ကီလိုမီတာ ၇၀၀ ကွာတဲ့ Parauapebas မြို့လေးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မုဒိန်းကျင့် လူသတ်မှုတစ်ခုဖြစ်ပါတယ်။
    မြန်မာနိုင်ငံသားမဟုတ်တဲ့အပြင် မလေးရှားမှာ သေတာလည်း မဟုတ်ပါဘူး။ နိုဝင်ဘာ ၂၇ ရက်နေ့တက်လာတဲ့ Thedailygore သတင်းမှာ ဖော်ပြတာကတော့ အသက် ၁၃ နှစ် အရွယ်သာ ရှိသေးတဲ့ Barbara Pereira Lira ဟာ မုဒိန်းကျင့်ခံရပြီး လူမဆန်စွာသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် သောကြာ ည မှာ Barbara Pereira Lira ဟာဖုန်းထဲက လူတစ်ယောက်နဲ့ ချိန်းဆိုခဲ့တယ်။ အိမ်ကနေ Honda Biz အမျိုးအစား ဆိုင်ကယ်စီးပြီးထွက်သွားတာကို လုံခြုံရေး ကင်မရာမှာ နောက်ဆုံးတွေ့လိုက်ရတယ်လို့ ရဲတပ်ဖွဲ့ ဝင်တွေက ပြောထားပါတယ်။
    Barbara Pereira Lira ရဲ့ ရည်စား ဖြစ်သူရဲ့ပြောဆိုချက်အရ ၊ သူဟာ ချစ်သူ Barbara Pereira Lira နဲ့  ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ဗုဒ္ဓဟူးနေ့ မှာ နောက်ဆုံးတွေ့ ဆုံခဲ့ခြင်းဖြစ်ပြီးနောက် သူမနဲ့မတွေ့ ဖြစ်ခဲ့ကြဘူးလို့ ထွက်ဆိုပါတယ်။ ရဲတပ်ဖွဲ့ ကတော့ လူသတ် မုဒိမ်းကျင့် သွားတဲ့ တရားခံကို အခုထိ ရှာဖွေလို့ မရသေးဘူးလို့ ထုတ်ပြန် ပါတယ်။ ကောင်မလေးအလောင်းကို စစ်ဆေးပြီး နိုဝင်ဘာ ၂၄ တနလာင်္နေ့မှာ မြေမြှပ်သဂြိုဟ်ပြီးပါပြီလို့ သတင်းတွေအရ အကြမ်းဖျင်း သိနိုင်ပါတယ်။
    ဒီလိုမျိုး မြန်မာနိုင်ငံနဲ့ ပတ်သက်ခြင်း မရှိတာကို Khaing Myat Lin ရခိုင် အမည်နဲ့ ဖေ့စ်ဘုတ်သုံးစွဲသူတစ်ဦးကနေ မလေးရှားနိုင်ငံ ကိုတာဘာရူး နယ်မြေတွင် မြန်မာ မိန်းကလေးတစ်ယောက်အား ဘင်္ဂလီ ကုလားတစ်စု မုဒိမ်းကျင့် သတ်ဖြတ်သွားတယ်ဆိုပြီး သတင်းအမှားနဲ့ စဖွပါတယ်။ ဒါကို ထပ်ဆင့်ဖြန့်ဝေသူတွေအပြင် သတင်းကို ရည်ရွယ်ချက်ရှိရှိ ချဲ့ကားလာကာ နောက်ဆုံး မလေးရှားမှာ၊ ထိုင်းမှာ စသည်ဖြင့် ပေါက်ပန်ဈေး သတင်းဖြန့်ဝေလာတဲ့ အဆင့်ကို ရောက်လာပါတယ်။ ဒီလိုမျိုး မဟုတ်တဲ့သတင်းကို ဟုတ်သယောင် လုပ်ကြံဖန်တီးကာ ပွဲမဆူဆူအောင် ယုတ်ညံ့တဲ့ စိတ်ဓာတ်နဲ့ သတင်းမှားတွေကို ဖြန့်ဝေတာဟာ ဒီတစ်ကြိမ်တည်း မဟုတ်တော့ပါဘူး။
    ရခိုင် မသီတာထွေးဟာ မုဒိမ်းကျင့်မခံရဘူးဆိုတာကို ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် ထက်ထက်အပါအ၀င် ကျောက်နီမော်တစ်ရွာလုံး၊ ဇာဂနာအပါအ၀င် ရခိုင်ကော်မရှင် တစ်ခုလုံး သိပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံး မကုန်ကုန်အောင် ဒီမုဒိမ်းမှုတစ်ခုတည်း အရင်းပြု ထိုးကျွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဟာ မူလတည်းက အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေတဲ့ အပြင် ၂၀၁၂ နောက်ပိုင်းမှာ မြေကွက်ရောင်း လို့ရတာက လွဲရင် ဘာစီးပွားမှ မထွန်းကားတဲ့ အဆင့်ကို ထိုးကျသွားပါတော့တယ်။ အမြတ်ဘယ်သူထွက်ခဲ့ပါသလဲ။
    ရခိုင်တွေရဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ရိုးသားဖြောင့်မတ်တဲ့ အမည်ကောင်းဟာ လက်တစ်ဆုတ်စာ လူတစ်စုရဲ့ မှိုင်းတိုက်မှုကြောင့် ဆုံးရှူံးသွားခဲ့ရသလို မွတ်ဆလင်တွေက မြေနေရာတွေ၊ စီးပွားတွေ၊ အသက်အိုးအိမ်တွေကို အဓိကရုဏ်းအကြောင်းပြ လုယက်မီးရှို့သတ်ဖြတ်ခံ လိုက်ရပါတယ်။ နှစ်ဖက် စလုံး အနည်းနဲ့အများ နစ်နာကြတဲ့ အိမ်ကြက် အချင်းချင်း ဘာသာတရား အိုးမဲကြီးကို သုတ်ပြီး ခွပ်ခိုင်းတဲ့ ပွဲမှာ ရခိုင်သံယံဇာတကို အကုန် မ, သွားတဲ့ တရုတ်ကြီးနဲ့ ရောင်းစားတဲ့ စစ်အစိုးရက လွဲရင် ဘယ်သူမှ အမြတ်မထွက်ပါဘူး။
    အဓိကရုဏ်းပွဲစား ဦးဝီရသူအပါအ၀င် လာရောက်လှုံဆော်ဟောပြော ဓာတ်ဆီလောင်းကြတဲ့ ဘယ်ဘုန်းကြီးမှ အနေအစားမပျက်ဘဲ ပါရာဒိုကားလေးစီး၊ တရားပွဲထဲဝင်၊ ပြောချင်တာပြော၊ အလှူငွေယူ၊ အဲယားကွန်း ကားလေးပေါ်တက်၊ ကိုယ့်ကျောင်း ကိုယ်ပြန်သွားခဲ့ပေမယ့် ကျန်ခဲ့တဲ့ လူနှစ်စုဟာ မတဲ့အောင် အမုန်းပွားအောင် ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ကြရတဲ့ အတွက် နေစရာ စားစရာ မရှိဖြစ်ရတာဟာ အောက်ခြေပြည်သူတွေ ပဲ ဖြစ်ခဲ့ရပါတယ်။ အမုန်းတရားဟောပြောတဲ့ အဓိကရုဏ်း ပွဲစား ဦးဝီရသူ အပါအ၀င် ကျန်ပုဂ္ဂိုလ်တွေကတော့ အစားအသောက်မပျက် ပါးဖောင်းလျှက် စည်းစိမ်မပျက် အောင်ပန်းဆင်လျှက်ပါပဲ။
    မိတ္ထီလာကုန်ခဲ့တယ်။ ဦးသောဘိတ ဘယ်လို သေဆုံးခဲ့ပါသလဲ။ ဦးဝီရသူ နှပ်ကြောင်းပေး သေစေချင်တဲ့ ပုံစံအတိုင်း၊ ဦးရဲမြင့် ထုတ်ပြန်တဲ့အတိုင်း ဦးသောဘိတသေပေးခဲ့ရပါတယ်။ မျက်မြင်သက်သေ အရူးတစ်ယောက်ကလွဲရင် မရှိပါဘူး။ သတ္တိရှိရှိ အများပြည်သူသိအောင် ဖွင့်ချစစ်ဆေးခဲ့တာ မရှိပြန်ပါဘူး။ အမုန်းနွံနစ်နေတဲ့ ပြည်သူတွေကိုယ်တိုင် အမှားအမှန်ကို မသိနိုင်ကြတော့ပါဘူး။ တကယ်တမ်း နစ်နာရသူတွေဟာ မိတ္ထိလာဒေသခံတွေပဲ ဖြစ်ပါတယ်။
    နောက်ဆုံး အလိမ်အညာသတင်းတွေနဲ့ပဲ မန္တလေး ပျက်လုလုဖြစ်ခဲ့ရပြန်တယ်။ နှစ်ယောက်သေတယ်။ သတ်တဲ့အဖွဲ့ဟာ ထင်ထင်ရှားရှားကြီးကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရခဲ့ပါတယ်။ ဘယ်သူတွေ လုပ်ခဲ့သလဲ၊ ဘာကြောင့် လုပ်နေသလဲ အားလုံး သိကြပြီးသားဖြစ်ပါတယ်။ အမုန်းတရားဟောပြောတာ အခွေထုတ်တာတွေကို တရားဝင်ခွင့်ပြုခဲ့တဲ့၊ ခုချိန်ထိ အမုန်းတရား ဖြန့်ဝေခွင့် တရားဝင်ပေးနေဆဲဖြစ်တဲ့ အာဏာပိုင်တွေနဲ့ အမျိုးသားရေးအမည်ကောင်း ဟစ်ကြွေးနေသူတွေကြောင့် မြန်မာပြည်ဟာ နိုင်ငံတကာမှာ သိက္ခာအကြိမ်ကြိမ် အဖတ်ဆယ် မရအောင်ကျဆင်းခဲ့ရတာ ဖြစ်ပါတယ်။
    ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မှီလည်း ဒီလို အလိမ်အညာသတင်းတွေကို ဘုန်းကြီးတန်မဲ့ သင်္ဃန်းပတ်ပြီး လိမ်ညာသတင်းဖြန့်ဝေဖို့ ခွင့်ပြုထားတာကို အားလုံးသိကြပြီးသား ဖြစ်ပါတယ်။ ရည်ရွယ်ချက် မပျောက်ပါစေနဲ့။ ၁၉၈၈ ကတည်းက ဒေါ်အောင်ဆန်းစုကြည်နောက်ကို ယုံယုံကြည်ကြည်လိုက်ခဲ့ကြတဲ့ ပြည်သူတွေဟာ ကိုယ်စိုက်ခဲ့တဲ့ အသီးအပွင့်ကို ကိုယ်တိုင် ရိတ်သိမ်း ခူးစားရတော့မယ့်ဆဲဆဲကာလဖြစ်ပါတယ်။ ခဲနောက်ကို မလိုက်ပါနဲ့။ ပစ်တဲ့ လက်ကို မြင်အောင်ကြည့်ပါ။ မယောင်ပါနဲ့။ ကိုယ့်ပစ်မှတ်ကို မမှေးမှိန်ပါစေနဲ့။ လှပစွာ ဖူးပွင့်လာတော့မယ့် ဒီမိုကရေစီအသီးအပွင့်ကြီးကို အမျိုးသားရေးအမည်လှလှတပ်ထားတဲ့ ထိုင်ခုံစောင့်အဆိပ်ခပ်ဖို့ ကြံစည်ပြီး ဆူပူမှုတွေ မဖြစ်ဖြစ်အောင် လုပ်ဆောင်နေတာကို သတိရှိရှိ စောင့်ကြည့်ကာကွယ်ရမယ့် အချိန်ကို ရောက်နေပါပြီ။ သတိရှိကြပါလို့ပဲ ပြောချင်ပါတယ်။
    ဆွေမွန်
    ၁၀ ဒီဇင်ဘာ ၂၁၀၄
    ဆက်စပ်သတင်းများ ဖတ်လိုရန်
    ———————————-
    ဘရာဇီးတွင် ဖြစ်ပွားခဲ့သည့် မုဒိန်းမှု သတင်းအား မလေးရှားတွင် မြန်မာ မိန်းကလေး မုဒိန်းကျင့်ခံရပြီး အသတ်ခံရဟု လုပ်ကြံ လှုံ့ဆော်ရေးသားမှုကို ၉၆၉ မီဒီယာနှင့် ဦးနေမျိုးဝေတို့မှ ထပ်ဆင့်ဖြန့်ချိနေ
    http://www.m-mediagroup.com/news/35105