News @ M-Media

Tag: opinion

  • ISIL ထက်ပိုပြီး ဆိုးရွား ရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ

    ISIL ထက်ပိုပြီး ဆိုးရွား ရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ

    အောက်တိုဘာ ၂၆ ၊ ၂၀၁၄
    M-Media
    headlineImage.adapt.1460.high.1413922766181
    – ISIL အဖွဲ့၏ ဆိုးရွားသော သောင်းကျန်းမှုများက ကမ္ဘာတစ်ဝှမ်းလုံး၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့သည်။ အနောက်နိုင်ငံများမှ သတင်းကြေညာသူတွေကလည်း ISIL ၏ ရာဇ၀တ်မှုတွေကို ပြိုင်စံရှားရာဇ၀တ်မှု၊ ယဉ်ကျေးသော ကမ္ဘာကြီး၏ မည်သည့်နေရာတွင်မှ မဖြစ်ဖူးခဲ့သော ရာဇ၀တ်မှုများအဖြစ် ဇောင်းပေးပြောကြလေသည်။ ထိုမျှမက ဒီအုပ်စု၏ ရိုင်းစိုင်းမှုမှာ အစ္စလာမ်ကြောင့် သန္ဓေတည်ပေါက်ဖွားလာသလို သူတို့က ဆိုကြသည်။ မွတ်စလင်ကမ္ဘာအပါ် အရင်ကတည်းက ရှိခဲ့သော အမြင်များပင်ဖြစ်၏။ ထိုသို့ ဥာဏ်မဲ့သော ပြောဆိုချက်များမှာ အသက်ရှူမှားလောက်စရာပင် ဖြစ်လေသည်။

    အခြားသော အဖွဲ့အစည်းများရှိပြီး ၎င်းတို့၏ ယုတ်မာမှု၊ အမေရိကန်ကို ခြိမ်းခြောက်မှုများမှာ ISIL ထက်ပိုမိုနေပမယ့် မည်သူကမှ ISIL အပေါ် ခံပြင်းဒေါသထွက်သကဲ့သို့၊  တုန်လှုပ်ခြောက်ခြားသကဲ့သို့ မဖြစ်ကြ။ ဒါက “အမေရိကန်တွေဟာ အဓိကအားဖြင့် ISIL ရဲ့ ရက်စက်ယုတ်မာမှုကို စိုးရိမ်တာလား ဒါမှမဟုတ် ဒီရာဇ၀တ်မှုတွေကို မွတ်စလင်တွေက ကျူးလွန်တဲ့အတွက် စိုးရိမ်တာလား?” ဆိုသော မေးခွန်းတွေကို မြင့်တက်စေခဲ့လေသည်။

    ဥပမာအားဖြင့် အမေရိကန်မီဒီယာများနှင့် အစိုးရအရာရှိတစ်ချို့ကတောင်မှ ISIL ၏ အရှေ့အလယ်ပိုင်းနှင့် အမေရိကန်အား ခြိမ်းခြောက်မှုနှင့် ပတ်သက်၍တစ်ဖက်စွန်းရောက်အောင် ချဲ့ကားပြောဆိုကြသည်။ သို့ရာတွင် အမေရိကန်အများစုမှာ မက္ကဆီကိုမှ မူးယစ်ရာဇာများ ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှု တစ်ပုံတစ်ပင်ကို သတိမပြုမိကြ။ ထို မူးယစ်ရာဇာများ အမေရိကန်အား ခြိမ်းခြောက်နေမှုတွေကိုလည်း မသိရှိကြပေ။

    ကုလသမဂ္ဂမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ၂၀၁၄ ခုနှစ်အတွင်း အီရတ်၌ သေဆုံးခဲ့သူ အရပ်သားအရေအတွက်မှာ ၉၀၀၀ နီးပါးရှိပြီး ဒဏ်ရာရသူမှာ ၁၇၃၈၆ ဦး ရှိသည်ဟု ဖော်ပြခဲ့သည်။ သေဆုံးဒဏ်ရာရသူများထဲမှ ထက်ဝက်ကျော်မှာ ISIL အဖွဲ့ အီရတ်မြောက်ပိုင်း နယ်မြေအချို့ကို သိမ်းပိုက်ပြီးခဲ့သည့် ဇွန်လနောက်ပိုင်းတွင် သေဆုံး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားလေသည်။  ဆီးရီးယား၌ လူထောင်ပေါင်းများစွာ သေဆုံးခဲ့မှုအတွက်လည်း ဒီအဖွဲ့ကပင် တာဝန်ရှိသည်ဟု ဆိုသည်။ တိတိကျကျဆိုရလျှင် ထိုအရေအတွက်မှာ သေချာမှုမရှိသေး။

    သို့ရာတွင် ၂၀၁၃ ခုနှစ်အတွင်း မက္ကဆီကိုတစ်နိုင်ငံတည်းမှာပင် မူးယစ်ဂိုဏ်းများ သတ်ခဲ့သော လူအရေအတွက်မှာ ၁၆၀၀၀ ကျော်ရှိပြီး၊ ၂၀၀၆ မှ ၂၀၁၂ ခုနှစ်အတွင်း ၎င်းတို့ သတ်ခဲ့သည့် အရေအတွက်ကတော့ ၆၀၀၀၀ လောက်ရှိသည် ဆို၏။ ထိုပမာဏအရ လွန်ခဲ့သော ၇ နှစ်တာကလအတွင်း မက္ကဆီကိုမူးယစ်ဂိုဏ်းများမှာ နာရီဝက်တိုင်း လူတစ်ယောက်နှင့် အထက်ကို သတ်ခဲ့သည်ဟု ယူဆနိုင်သည်။ ပို၍ဆိုးသည်က ထိုအရေအတွက်မှာ မက္ကဆီကိုအစိုးရက ခန့်မှန်းတွက်ချက်ထားသော ပမာဏသာဖြစ်ပြီး လက်တွေ့ သေဆုံးမှုအရေအတွက်ထက် ၅၀ ရာခိုင်နှုန်းလောက် လျော့နည်းနေသည်ဟူ၏။

    ကိန်းဂဏန်းအချက်အလက် တစ်ခုတည်းက မူးယစ်ဂိုဏ်းများ၏ ယုတ်မာမှုနဲ့ ခြိမ်းခြောက်မှုများကို သိရှိစေနိုင်မည် မဟုတ်။ ၎င်းတို့အနေဖြင့် နှစ်စဉ် လူရာချီကို ခေါင်းဖြတ်သတ်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ဖြတ်တောက်ပစ်ခြင်းကိုလည်း ဆောင်ရွက်ကြသေးသည်။ ထို့ပြင် ၎င်းတို့သတ်လိုက်သူများ၏ အလောင်းများအား တစ်စစီဖြစ်အောင် ဖြတ်တောက်ရာတွင်လည်း ထိုမူးယစ်ဂိုးဏ်များက ကျော်ကြားပြီး၊ ပြည်သူများအနေဖြင့် ၎င်းတို့အား မလွန်ဆန်နိုင်စေရန် သတ်ဖြတ်ထားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား တောင်လိုပုံကာ ပြသတာမျိုးတွေလည်း လုပ်လေသည်။ ၎င်းတို့၏ ပုံမှန်ပစ်မှတ်ကတော့ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြသည်။ ထို့ပြင် ထိုမူးယစ်ဂိုဏ်းများမှာ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ထင်ထင်ရှားရှားပြသရန်အတွက် ISIL ကဲ့သို့ ဆိုရှယ်မီဒီယာများကိုလည်း အသုံးပြုကြလေသည်။

    ၎င်းတို့မှာ ကလေးစစ်သားများကိုလည်း စုဆောင်းကြသည်။ အသက် ၁၁ နှစ် အရွယ်သာရှိသော ကလေးများအား လူသတ်သမားများအဖြစ် ပုံသွင်းကြပြီး မက္ကဆီကို စစ်တပ်နှင့် တိုက်ခိုက်ရာတွင် အသေခံရန် လွှတ်ကြလေသည်။ နိုင်ငံရပ်ခြားသို့ မူးယစ်ဆေးဝါး မှောင်ခိုကူးသည့်နေရာတွင် သုံးရန်၊ ဒါမှမဟုတ် ပြည့်တန်ဆာများအဖြစ် အသုံးချရန်အတွက်လည်း ထိုမူးယစ်ဂိုဏ်းများက ကလေးရာပေါင်းများစွာကို နှစ်စဉ် ပြန်ပေးဆွဲကြသည်။ ထို့ပြင် ကလေးများကိုသတ်ပြီး ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများအား မှောင်ခိုဈေးကွက်တွင် ရောင်းချတာမျိုးတွေအထိ လုပ်ကြလေသည်။

    ထိုလုပ်ရပ်များအား နှိမ်နင်းရန် တိုက်တွန်းဆော်သြကြသူများမှာ အသတ်ခံကြရသည်။ မက္ကဆီကိုမှ မူးယစ်ဂိုဏ်းများ၏ ရက်စက်ယုတ်မာမှုများကို နှိမ်နင်းရန် ဆန္ဒပြခဲ့ကြသည့် အီဂွာလာမြို့ ပညာရေးတက္ကသိုလ်တစ်ခုမှ ကျောင်းသား ၄၃ ယောက်ကို ပြီးခဲ့သည့် စက်တင်ဘာလက ဒေသခံရတပ်ဖွဲ့၏ အကူအညီနှင့်အတူ မူးယစ်ရာဇာများက ပြန်ပေးဆွဲခဲ့သည်။

    ပြန်ပေးဆွဲခံရသော ကျောင်းသားများကို ရှာဖွေရာတွင်တော့ ခန္ဓာကိုယ် အစိတ်အပိုင်းများအား တစ်စစီဖြတ်တောက်ပြီး မီးရှို့ကာ မြှုပ်နှံထားသည့် နေရာများ ကိုသာ တွေ့ခဲ့ရလေ၏။ ခန္ဓာကိုယ်အစိတ်အပိုင်းများဟာ ဆိုးဆိုးရွားရွား ပျက်ဆီးနေတာကြောင့် ပျောက်ဆုံးသွားသော ကျောင်းသားများ၏ ရုပ်ကြွင်းတွေလား ဆိုသည်ကိုပင် အတည်မပြုနိုင်တော့။

     ISIL ၏ ခေါင်းဖြတ်သတ်မှု အတွက် ယမ်းပုံမီးကျဖြစ်ခြင်းအား သံသယဖြစ်စရာမရှိ။ မူးယစ်ဂိုဏ်းများက ဖမ်းဆီးရမိသူများအား နှိပ်စက်သည်။ ခန္ဓာကိုယ်ကို တစ်စစီဖြတ်တောက်ပစ်သည်။ ထို့နောက် ချက်ပြုတ်သည်။ ကိုယ်တိုင်စားခြင်း ဒါမှမဟုတ် ခွေးကိုကျွေးခြင်းလည်း ဖြစ်နိုင်လေ၏။

    အစ္စလာမ့်မစ် စစ်သွေးကြွများက ဂျာနယ်လစ် လက်တစ်ဆုပ်စာကို သတ်နေချိန်တွင် မက္ကဆီကို မူးယစ်ဂိုဏ်းများက ၎င်းတို့၏ လုပ်ရပ်များ၊ မက္ကဆီကို အစိုးရ အရာရှိများနှင့် ပေါင်းစားမှုများကို ဖော်ပြခဲ့သော ဂျာနယ်လစ်များအား ၂၀၀၆ ခုနှစ်မှစ၍ သတ်လာခဲ့သည်မှာ ၅၇ ယောက်တောင်ရှိခဲ့ချေပြီ။ မက္ကဆီကို မီဒီယာတော်တော်များများကတော့ ခြောက်လှန့်မှုများ၊ လာဘ်ထိုးမှုတွေကြောင့် ထိုအကြောင်းနှင့်ပတ်သက်၍ သိသိသာသာပင် နှုတ်ဆိတ်နေခဲ့ကြသည်။

    ဒါတွင်မကသေး။ ထိုကဲ့သို့ ဆင်ဆာပိတ်ထားသော ရက်စက်ယုတ်မှာမှုများမှာ ပရော်ဖက်ရှင်နယ် မီဒီယာများ၏အလွန်ကို ရောက်ရှိလာပြီး အင်တာနက်တွင် ၎င်းတို့အကြောင်း ဝေဖန်သော သာမန်လူများကိုတောင်မှ မူးယစ်ဂိုဏ်းများက အလွတ်မပေးပဲ ရှာဖွေဖမ်းဆီးကာ သတ်ပစ်တာမျိုးတွေ လုပ်သည်။ အများပြည်သူများ မြင်စေရန် မြို့တွင်းရှိ ရင်ပြင်များတွင် ကိုယ်လုံးတီး အလောင်းများ၊ ဖြတ်တောက်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများအား ကြိုးချည်ပြသတာမျိုးတွေ အထိ လုပ်လာကြလေသည်။

    သို့ရာတွင် ဆမ်ဟားရစ်လို ပညာတတ် လူတန်းစားများက မူးယစ်ဂိုဏ်းများ ဂျာနယ်လစ် ဒါဇင်ပေါင်းများစွာကို သတ်ပစ်ခြင်း၊ မီဒီယာများနှင့်ပေါင်းထားခြင်း စတာတွေထက် မုန်းတီးရေး လုပ်ရပ်များအား တုန့်ပြန်သော မွတ်စလင်များ၏ ဆန္ဒပြမှုများကို ပိုပြီး ယမ်းပုံမီးကျ ဖြစ်နေကြလေ၏။

    ISIL က ယာဇီဒီ အမျိုးသမီး ၁၅၀၀ ခန့်ကို ဖမ်း၍ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကျွန်အဖြစ်အသုံးချမှုများ အတွက် အနောက်တိုင်း နိုင်ငံရေးနယ်ပယ်မှသူများမှာ မကျေနိုင်မချမ်းနိုင် ဖြစ်ကြသည်။ မူးယစ်ဂိုဏ်းများ၏ အမျိုးသမီးများအား ဖမ်းဆီးမှု၊ မှောင်ခို ကုန်ကူးမှုများကတော့ ISIL ၏ ရာဇ၀တ်မှုများကိုပင် သေးနုပ် သွားစေလေသည်။
    မူးယစ်ဂိုဏ်းများမှာ ထောင်ပေါင်းများစွာသော မက္ကဆီကိုနိုင်ငံသားများအား ၎င်းတို့၏ များပြားသော အသင်းအများအတွက် ကျွန်အဖြစ် အသုံးချကြသည်။ ထို့ပြင် မုဒိမ်းကျင့်ခြင်းကိုလည်း စစ်ပွဲ၏ လက်နက်အဖြစ် စနစ်တကျပင် အသုံးချကြလေ၏။

    အမေရိကန်နိုင်ငံသားများအပေါ် ISIL ၏ တိုက်ခိုက်မှုများကို အမေရိကန်မီဒီယာများက စန်းတင်ဖော်ပြကြသည်။ ယခုနှစ်နွေရာသီတွင် ISIL မှာ အမေရိကန်နှစ်ဦးအား ခေါင်းဖြတ် သတ်ပြခဲ့ပြီး နောက်တစ်ဦးကိုလည်း ထိုကဲ့သို့ သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။ ထို့အပြင် အမေရိကန် မရိန်းစစ်သားတစ်ဦးမှာ ထိုအဖွဲ့အား ခုခံရင်း သေရရှာသည်။

    အခြားတစ်ဖက်မှာတော့ ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း မက္ကဆီကိုမူးယစ်ဂိုဏ်းများမှာ အမေရိကန်နိုင်ငံသား ၂၉၃ ယောက်ကို သတ်ပစ်ခဲ့သည်။ ထို့ပြင် မက္ကဆီကိုရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကိုလည်း တိုက်ခိုက်ခဲ့လေသည်။ ISIL ၏ ခေါင်းဖြတ်သတ်မှု အတွက် ယမ်းပုံမီးကျဖြစ်ခြင်းအား သံသယဖြစ်စရာမရှိ။ မူးယစ်ဂိုဏ်းများက ဖမ်းဆီးရမိသူများအား နှိပ်စက်သည်။ ခန္ဓာကိုယ်ကို တစ်စစီဖြတ်တောက်ပစ်သည်။ ထို့နောက် ချက်ပြုတ်သည်။ ကိုယ်တိုင်စားခြင်း ဒါမှမဟုတ် ခွေးကိုကျွေးခြင်းလည်း ဖြစ်နိုင်လေ၏။

    မူးယစ်ဂိုဏ်းများ၏ ရက်စက်ကြမ်းကြုတ်မှုများမှာ မက္ကဆီကိုနယ်နမိတ်ကိုပါ ကျော်လွန်လာသည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အမေရိကန်တွင် မူးယစ်ဂိုဏ်းများ၏ အကြမ်းဖက်မှုများကြောင့် အမေရိကန်ပြည်သူ ၅၇၀၀ သေဆုံးခဲ့ရသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွင် အမေရိကန်နိုင်ငံသား ၂၃၄၉ ဦး သေဆုံးခဲ့သည်။ အမေရိကန်တို့၏ ကျူးကျော်စစ်အတွင်း အာဖဂန်၌ အမေရိကန်နိုင်ငံသား ၂၃၄၉ ဦးနှင့် အီရတ်၌ အမေရိကန်နိုင်ငံသား ၄၄၈၇ ဦး သေဆုံးခဲ့သည်။ လေးနှစ်အတွင်း မူးယစ်ဂိုဏ်းများကြောင့် စက်တင်ဘာ ၁၁ နှင့် အီရတ်၊ အာဖဂန် စစ်ပွဲများအတွင်း သေဆုံးသူများထက်ပိုသော အမေရိကန်နိုင်ငံသားများ သေဆုံးခဲ့ရလေသည်။

    ISIL က အမေရိကန်၏ အကျိုးစီးပွားနှင့် အမျိုးသား လုံခြုံရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နေသည်ဟု အိုဘားမားအစိုးရက ကျွေးကျော်ခဲ့သည်။ သို့သော်လည်း ထိုစစ်သွေးကြွများမှာ အမေရိကန်က ၎င်းတို့အား ပစ်မှတ်ထားတိုက်ခိုက်နေသည့် တိုင်အောင် အီရတ်နှင့် ဆီးရီးယားတို့တွင် နယ်မြေများ သိမ်းပိုက်ရေးတွက်သာ စိတ်ဝင်စားနေ၏။ ယခုအချိန်တွင် အမေရိကန်အား ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်ရန် ဆော်သြနေသော်လည်း ISIL နှင့်ပတ်သက်သည်ဟု ဖမ်းဆီးရမိသူများမှာ နိုင်ငံအတွင်း တိုက်ခိုက်မှုများကို ဆောင်ရွက်ရန်ထက် နိုင်ငံခြားသို့ သွားရောက်ပူးပေါင်းရန် ကြိုးစားကြသူများသာ ဖြစ်လေ၏။ ISIL မှာ ဖမ်းဆီးထားသော အမေရိကန် ဓားစားခံများကို လူသိရှင်ကြား သတ်ပြကာ အမေရိကန်စစ်တပ်ကို စိတ်ခြောက်ခြားအောင်လုပ်ရန်သာ ၎င်းတို့၏ အဓိကပစ်မှတ်ဖြစ်လေသည်။

    တစ်ကယ်တော့ အမေရိကန် ထောက်လှမ်းရေး အရာရှိများကပင် ISIL မှာ အမေရိကန်မြေအတွက် သိသာသောခြိမ်းခြောက်မှု မရှိဟု ၀န်ခံခဲ့လေသည်။ သို့သော်လည်း မူးယစ်ဂိုဏ်းများနှင့် ပတ်သက်၍တော့ ၎င်းတို့ မပြောနိုင်ကြ။

    မူးယစ်ဂိုဏ်းများမှာ အမေရိကန်နိုင်ငံသား ၃၀၀၀ အားစုဆောင်းထားပြီး အမေရိကန် စစ်သားများ၊ ဥပေဒေရေးရာဝန်ထန်းများ၊ အရာရှိများအပါအ၀င် အမေရိကန်နိုင်ငံသား အများအပြားကိုလည်း ဆက်လက်စုဆောင်းနေ၏။ အမေရိကန်တွင် ရှုပ်ထွေးအားကောင်းသည့် မူးယစ်ဖောင်ဒေးရှင်းများကိုလည်း တိုးမြှင့်ဖွဲ့စည်းနေပြီး အမေရိကန်ရှိ တရားမ၀င် မူးယစ်ဆေး ကုန်သွယ်လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းကို မက္ကဆီကိုရှိ မူးယစ်ရာဇာများက ထိန်းချုပ် ထားလေသည်။ ၎င်းတို့၏ အရေးပါသော အေးဂျင့်များမှာ အမေရိကန်ရှိ မြို့ပြဒေသ အားလုံးလိုလိုတွင် ရှိ၏။ ISIL အနေဖြင့် အမေရိကန်နိုင်ငံ အတွင်း ထိုအဆင့်အထိ ၀င်ရောက်နိုင်သည်ဟု တိတိကျကျဖော်ပြနိုင်ခြင်းမျိုး မရှိပေ။

    ဘာ့ကြောင့်လဲ?

    အမေရိကန်၏ ISIL ဆန့်ကျင်ရေးက ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် အမေရိကန်ကို ခြိမ်းခြောက်နိုင်မှုတို့ အတွက်ကြောင့် မဟုတ်သည်မှာ ရှင်းနေသည်။ အကယ်၍ ဤအကြောင်း အရင်းများကသာ ISIL ဆန့်ကျင်ရေးအတွက် အဓိကဖြစ်နေလျှင် အမေရိကန်ပြည်သူများ အနေဖြင့် မူးယစ်ဂိုဏ်းများအား ပို၍ကြောက်ကြပေမည်။ မက္ကဆီကိုရှိ Sinaloa မူးယစ်ဂိုဏ်းအား သုတ်သင်ပစ်ရန်နိုင်ငံ ၅၀ ခန့်ကို စည်းရုံးလှုံ့ဆော်ခြင်းထက် အမေရိကန်အနေဖြင့် ထိုမူးယစ်ဂိုဏ်းအား ကာကွယ်ခြင်း၊ ၎င်းတို့၏ ပြိုင်ဘက်များကို ချေမှုန်းကာ ကူညီပေးခြင်း သို့တည်းမဟုတ် အမေရိကန်အတွင်းသို့ မူးယစ်ဆေးများ သွင်းခွင့်ပေးခြင်းတို့ကို သာလျှင် ဆောင်ရွက်ပေလိ့မ်မည်။

    မတူညီမှုများ ရှိလင့်ကစား ISIL အဖွဲ့မှာ နိုင်ငံတကာတွင် ဥပဒေနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော အယူအဆတစ်ခုတွင် စုစည်းထားပြီး၊  မက္ကဆီကိုရှိ မူးယစ်ဂိုဏ်းများမှာ ငွေးကြေးရယူလိုမှုတစ်ခုတည်းအတွက် ဦးစားပေးထားသောကြောင့် မူးယစ်ဂိုဏ်းများမှာ ISIL ထက် ခြိမ်းခြောက်မှု နည်းပါးသည်ဟု အချို့က စောဒကတက်ကောင်းတက်ကြမည်။ သို့သော် ထိုယူဆက်ချက်မှာ မမှန်ပေ။

    မူးယစ်ဂိုဏ်းများမှာ အကြမ်းဖက်မှုကို ၎င်းတို့ အယူဝါဒ အစိတ်အပိုင်းတစ်ခုအဖြစ် ကျူးလွန်ခဲ့ကြခြင်း ဖြစ်လေ၏။ ထိုအယူဝါဒမှာ မရဏကိုးကွယ်မှုအပေါ် ဦးတည်ထားပြီး အလွန် ပညာရပ်ဆန်သည်။ မူးယစ်ဂိုဏ်းများမှာ ၎င်းတို့အယူဝါဒ တည်တံ့ခိုင်မြဲစေရန် မက္ကဆီကိုတစ်ဝှမ်းတွင် ဘုရားကျောင်းများတည်ဆောက်ကာ ထောက်ပံ့ပေးသည်။

    Knights Templar ဟု အမည်ရသည့် မူးယစ်ဂိုဏ်းတစ်ခုမှာမူ ၎င်းတို့၏ ခေါင်းဆောင် သေဆုံး သွားခြင်းနှင့် ပြန်လည် ၀င်စားခြင်းကိုပင် ဂုဏ်ယူပြောဆိုကြ၏။ မူးယစ်ဂိုဏ်းသား တစ်ဦးဦး သေဆုံးသွားသည့် အခါ ခမ်းနားသော သင်္ချိုင်းအုတ်ဂူဖြင့် သင်္ဂြိုဟ်ကြသည်။ အာဇာနည်များ အဖြစ် သတ်မှတ်ပြီး လူကြိုက်များသော သီချင်းများကို အမှတ်တရ သီဆိုပေးကြသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်များ အတွင်း အမြတ်ထွက်ခဲ့သည်များကို ဂုဏ်ပြုပြောဆိုကြလေသည်။

    ၎င်းတို့အဖွဲ့ဝင်အများစုမှာ ထိုအာဇာနည်များအား လက်တင် အမေရိကကို အမြတ်ထုတ်နေသော နိုင်ငံတကာ ဥပဒေကို ခုခံရင်း၊ ထိုဥပဒေကို အသုံးပြုသော တာဝန်မဲ့သည့် အစိုးရအား တိုက်ခိုက်ရင်း သေဆုံးသွားသည့် သူရဲကောင်းများ အဖြစ် ရှုမြင်ကြသည်။ မူးယစ်ဂိုဏ်းများမှာ ၎င်းတို့၏ အခန်းကဏ္ဍကို တိုင်းပြည်အား အုပ်ချုပ်မှုအတွင်း အစိုးရ၏ ကျရှုံးမှုအတွက် ပြန်လည် ဖာထေးပေးသူများအဖြစ် ရှုမြင်ကြလေသည်။

    ခရစ်ယာန် ကက်သလစ်ဝါဒမှ ဆင်းသက်လာသည့် မူးယစ်ဂိုဏ်းများ၏ ကျမ်းစာမှာ အမေရိကန်နှင့် အမေရိကအလယ်ပိုင်းတွင် လျင်လျင်မြန်မြန်ပင် ဖောက်ထွင်း ၀င်ရောက်လာသည်။

    ကံမကောင်းအကြောင်းမလှစွာပင် အမေရိကန်ပြည်သူများက အစ္စလာမ်သာသနာအား မှိုးချိုးမြှစ်ချိုးပြောနေပြီး အမေရိကန်အစိုးရကလည်း နိုင်ငံရပ်ခြားတွင် အာရပ်နှင့် မွတ်စလင်များကို သတ်နေသောကြာင့် မူးယစ်ဂိုဏ်းများ၏ အလွန့်အလွန်ဆိုးရွားသည့် အဆိုပါ ခြိမ်းခြောက်မှုများအား ထိထိရောက်ရောက်တုံ့ပြန်ရန် စီမံနိုင်ခြင်းမရှိ။ သေချာတာ တစ်ခုကတော့ ISIL အား အမေရိကန်က စိတ်စွဲနေခြင်းမှာ အခြားသော လက်တွေ့ကျသည့် အခြေခံအကြောင်းအရာများထက် အစ္စလာမ်ကြောက်ရောဂါကြောင့်ပင် ဖြစ်နေပေတော့သည်။

    (ဤဆောင်းပါးရေးသူ Musa al-Gharbi မှာ အရီဇိုးနားတက္ကသိုလ် အစိုးရနှင့် ပြည်သူ့ဝန်ဆောင်မှုဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည်။ )

    America Aljazeera မှတွင် ဖော်ပြခဲ့သည် Mexican drug cartels are worse than ISIL ဆောင်းပါးကို  လေးမောင် (M-Media) မှ ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

  • ကမ္ဘာကျော် စာရေးဆရာ တွေပြောတဲ့ တရားမျှတရေး အတွက် တော်လှန်ရေးသမား တမန်တော် မုဟမ္မဒ်  အကြောင်း

    ကမ္ဘာကျော် စာရေးဆရာ တွေပြောတဲ့ တရားမျှတရေး အတွက် တော်လှန်ရေးသမား တမန်တော် မုဟမ္မဒ် အကြောင်း

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media
    သူရမင်းမင်း ရေးသည်။

    အမျိုးဘာသာကာကွယ်ရေးဆိုတဲ့ အရေခွံခြုံပြီး ရွေးကောက်ပွဲနီးလေ မွတ်စလင် မုန်းတီးရေး အရှိန်တိုးမြင့်လေ လုပ်လာတဲ့ အောင်ဇေယျတု ဂျာနယ်မှာ အစ္စလာမ်ဘာသာကို ပေါ်တင်စော် ကားထုတ်ဝေလာပါတယ်။ စော်ကားတဲ့ထဲမှာ အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေ အသက်တမျှ ချစ်ခင် တန်ဖိုးထား တဲ့ ရှေ့ ဆောင်လမ်းပြ တမန်တော် မုဟမ္မဒ် ကို မဟုတ်မမှန် အချက်တွေသုံးပြီး တမင် ဂုဏ်သ ရေဖျက်ဖို့ ကြိုးစားထားပါတယ်။ အောင်ဇေယျတုဆောင်းပါးရှင်ဟာ တမန်တော် မုဟမ္မဒ် လို   နှစ်ပေါင်း ၁၄၀၀ ကျော်သည့်တိုင် ကမ္ဘာကျော် ကျော်ကြား လွှမ်းမိုးမှုရှိဆဲ ပုဂ္ဂိုလ် အ ကြောင်းရေး ရာမှာ မုဟမ္မဒ် ရဲ့ ဘ၀အကြောင်း နဲနဲတောင်လေ့လာခဲ့ပုံ မရပါဘူး။

    ကမ္ဘာကျော် ပုဂ္ဂိုလ် တစ်ယောက်အကြောင်းကို ပေါက်လွတ်ပဲစား အဆင့်လောက် ဆောင်းပါးရေး ဖို့ အတွက် မွတ်စလင်မုန်းတီးရေး အပေါစား စွပ်စွဲချက်တွေသာဖတ်ပြီး မြန်မာပြည်သူတွေကို အမုန်းမီးတိုက်ဖို့ သက်သက်သာ ရေးထားတာကိုတွေ့ ရပါတယ်။ ခုလို အပေါစားဆောင်းပါး တွေနဲ့  ခြားနားစွာ ကမ္ဘာ အသိအမှတ်ပြု သမိုင်းပညာရှင်တွေနဲ့  အထ္တုပတ္တိ စာရေးဆရာ (biographer) တွေက မုဟမ္မဒ် ကို သူရဲကောင်း၊ ရှေ့ ဆောင် (role model)၊ ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုကြပါတယ်။ ဒါကို မုန်းတီးရေးသမားတွေက သိပုံတောင်မရပါဘူး။
    thefirstmuslim.
    ကမ္ဘာကျော် The First Muslim (ပထမဆုံး မွတ်စလင်) စာအုပ်ရေးသားတဲ့ ဂျူးလူမျိုး လက်စလီ ဟက်ဇလတွန် က မုဟမ္မဒ် ဟာ သမိုင်းသက်တမ်းတလျှောက် လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့  Huffington Post ဆောင်းပါးမှာရေးပါတယ်။ သူ့ ရဲ့ စာအုပ်ဟာ ဖတ်သင့်တဲ့ စာအုပ်ဖြစ်ကြောင်း The New York Times, Seattle Time,San Francisco Chronicle, Major History တို့ က မှတ်ချက်ပေးပြီး အဲ့ဒီစာအုပ်ဟာ ကမ္ဘာတခွင့် စာဖတ်သူတွေ က ကြယ် ၅ ပွင့်အနက် ၄ ပွင့် နဲ့  ၅ ပွင့် မှတ်ချက် ပေးကြပါတယ်။

    နိုင်ငံတကာစံနှုန်းနဲ့  ရေးတဲ့စာအုပ်ကို နိုင်ငံတကာ စာဖတ်သူတွေက ကြိုက်နှစ်သက်ကြပါ တယ်။ အောင်ဇေယျတုလို အပေါစား ဆောင်းပါးလောက်နဲ့ ပြည်သူတွေကို အမုန်းမီးလောင် တိုက်သွင်းဖို့  ဖန်တီးထားတဲ့ ဂျာနယ်ကသာ အချက်မှားတွေနဲ့ သာ တမန်တော် မုဟမ္မဒ် ကို ဂုဏ်သရေ ဖျက်တာပါ။

    စာရေးဆရာမ လက်စလေက ထောက်ပြတဲ့ အချက်တချို့ ကတော့

    မိဘမဲ့ကလေးမှ တက်ကြွလှုပ်ရှားသူသို့  –

    မုဟမ္မဒ် ဟာ မိဘမဲ့ကလေး ဘ၀ကနေ ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်လာတယ်။ သူ့ အဖေဟာ မုဟမ္မဒ် ကို သူမိခင်  ကိုယ်ဝန်ဆောင်တဲ့ အချိန်က ဆုံးသွားတယ်။ မွေးပြီးချင်း အမေနဲ့ ခွဲနေ ရတယ်။ အသက် ၅ နှစ် မှာ မိခင်ဆီပြန်လာပြီး တစ်နှစ်ကြာတော့ မိခင်လည်း ဆုံးသွားတယ်။ မိဘ၊ ဆွေမျိုးအသိုင်း အ၀ိုင်းရှိဖို့  အရေးကြီးတဲ့ အဲ့ဒီအချိန်ခါက အသိုင်းအ၀ိုင်းမှာ မိဘမဲ့ကလေး မုဟမ္မဒ် ဟာ ချောင်ထိုးခံရတယ်။ မိဘမဲ့ သူ ဆင်းရဲကလေးအဖြစ် နေထိုင်ခဲ့ရပြီး ကုလားအုပ် ထိန်းအဖြစ် အလုပ်လုပ်ခဲ့ ရတယ်။ ငွေကြေးဥစ္စာ ဂုဏ်ပကာသနရှိသူတွေ၊ အာဏာရှိသူတွေရဲ့  ဖိနှိပ်မှုကို ချို့ တဲ့သူတွေ ခါးဆီးခံရတာကို မျက်မြင်ကိုယ်တွေ့ ဖြစ်ပြီး ချို့ တဲ့တဲ့လူတွေဖက်က မခံမရပ်ဖြစ် ပြီး အဲ့ဒီအချိန်က ဥစ္စာနဲ့ ပါဝါရှိတဲ့ အုပ်ချုပ်သူလူတန်းစားကို ပြန်ပြီး အာခံခဲ့တဲ့၊ ခုခေတ်စကား နဲ့  ပြောမယ်ဆိုရင် တက်ကြွ လှုပ်ရှားသူ (activist) ပုဂ္ဂိုလ် ဖြစ်တယ်။

    Occupy လှုပ်ရှားမှုစတင်သူ

    မက္ကာကို အုပ်စိုးတဲ့ လူကုန်ထံတွေရဲ့  ဖိနှိပ်မှု၊ အာဂတိပျက်ချစားမှု၊ သွေးစုတ်မှုတွေကို တော်လှန်တဲ့ တော်လှန်ရေးသမားဖြစ်တယ်။ စာရေးဆရာမ လက်စလေအဆိုအရ မုဟမ္မဒ်  ဟာ အခုခေတ်စားနေတဲ့ Occupy လှုပ်ရှားမှု (Occupy Wall Street, Occupy Seattle, Occupy Hong Kong) စတဲ့ ဆန္ဒပြမှုတွေလို လုပ်ရပ်မျိုးစတင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

    အစ္စလာမ် မထွန်းကားသေးတဲ့ ၇ ရာစု မက္ကာမှာ နယ်ဝေးသွား ကုန်သွယ်မှုက အဓိက စီးပွား ရေးတစ်ခုဖြစ်တယ်။ တဖွဲ့ နဲ့  တဖွဲ့ ၊ တအုပ်စုနဲ့  တအုပ်စု အပြန်အလှန် ဦးသူစား၊ ကြီးနိုင်ငယ် ညှင်း လောကမှာ ဆင်းရဲတဲ့လူတွေဖက်က ရပ်တည်ပြီး ဓနချမ်းသာသူနဲ့  အုပ်ချုပ်သူ လူတန်းစား တွေရဲ့  ဖိနှိပ်မှုကိုအံတုပြီး ဖိနှိပ်တဲ့ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ပုံစနစ်တွေကို တွန်းလှန်ဖို့ ကြိုးစားတဲ့ တော်လှန်ရေးသမားဖြစ်ပါတယ်။

    အမျိုးသမီး အခွင့်အရေး စတင်တောင်းဆိုသူ

    ၇ ရာစု အာရပ်လောကမှာ သမီးမိန်းကလေးထက် သားကိုပဲ ဦးစားပေးပါတယ်။ အဲ့ဒီခေတ် စီးပွားရေးအရ သားသာလျှင် ခရီးရှည်သွား စီးပွားရေး၊ စစ်မက်ရေးရာတို့ မှာ အားကိုးရပြီး မိန်း ကလေးဆိုရင် အားကိုးရာထက် မိဘက ၀န်ထုပ်ဝန်ပိုးဖြစ်ရပါတယ်။ အဲ့ဒီအတွက် သမီး မိန်းကလေးဆိုရင် သတ်ပစ် တတ်ကြပါတယ်။

    အဲ့ဒီလို ခေတ်သမယမှာ မုဟမ္မဒ် မှာ သမီး ၄ ယောက်ရှိပါတယ်။ သားကတော့ မွေးကင်းစပဲ ဆုံးပါးသွားပါတယ်။ သမီး ၄ ယောက် ဖခင်မုဟမ္မဒ် ဟာ အာရပ်တွေရဲ့  ကျားမ ခွဲခြားမှုကို စိန် ခေါ်ခဲ့ပါတယ်။

    ကျားဝါဒကြီးစိုးခဲ့ အဲ့ဒီခေတ်မှာ အသက် ၂၅ နှစ်အရွယ် မုဟမ္မဒ် ဟာ အသက် ၄၀ အရွယ် မုဆိုးမ ကို လက်ထပ်ခဲ့ပါတယ်။

    ကုန်သွယ်မှု  အချက်အခြာကျတဲ့ မက္ကာမှာ အခုလို စီးပွားရေး တရားမျှတဖို့  (Economic Justice)၊ လူမှု ရေးတရားမျှတမှု (social justice) ရှိဖို့ တောင်းဆို လှုပ်ရှားမှုကို မက္ကာက လူကုန်ထံတွေနဲ့  အုပ်ချုပ်သူတွေက လက်မခံနိုင်ပါဘူး။ သူတို့ ကို စိမ်ခေါ်တဲ့ မုဟမ္မဒ် ကို ရန်သူအနေနဲ့  မြင်ပြီး ဆန့် ကျင်နှောက်ယှက်ကြပါတယ်။

    အကြမ်းမဖက် တော်လှန်ရေးသမားမှ တော်လှန်ရေးသမားသို့ 

    မုဟမ္မဒ် ဟာ ပထမ ၁၂ နှစ် တိုင်တိုင် မဟတ္တမ ဂန္ဒီစတိုင် အကြမ်းမဖက် ဆန္ဒပြတဲ့နည်း (passive resistance) ကို သုံးခဲ့ကြောင်း စာရေးဆရာမ လက်စလေက ဆိုပါတယ်။ ကုရ်အာန် ကျမ်းစာက လမ်းညွန်တဲ့အတိုင်း ရန်မူတိုက်ခိုက်မှုကို ငြိမ်းချမ်းရေး စကားဖြင့်လည်းကောင်း၊ လျစ်လျူရှုဖြင့်လည်းကောင်း သွေဖီခဲ့ပါတယ်။ ခုနှစ် ၆၂၂ ရောက်ပြီး သူ့ အပေါ် တိုက်ခိုက်မှုတွေ ဆိုးရွားလာမှ မက္ကာမြို့ ကလေ မဒီနာကို ပြောင်းရွေ့ ပြီး လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တာဖြစ်တယ်။

    ရန်သူတွေကို ဆက်ဆံရာမှာ အစ္စလာမ်မတိုင်မှီ အာရပ်လောကက ရက်စက်တဲ့ တိုက်ခိုက်မှုတွေ၊ ကြမ်းကြုတ်မှုတွေကို တားမြစ်ပြီး ကုရ်အာန် ကျမ်းစာ လမ်းညွန်သလို တရားမျှတဲ့နည်းလမ်း၊ မိမိကိုယ်ကို ကာကွယ်တဲ့နည်းလမ်း (self defense)၊ တရားတဲ့စစ်၊ ၁၉၄၈ ဂျီနီဗာ ကွန်ဗန်းရှင်းပါ စစ်သုံ့ပမ်းများ ကာကွယ်သည့် စံနှုန်းလို စံနှုန်းတွေနဲ့ အပြင် ချို့ တဲ့လူတွေကို ညှာတာ စောင့်ရှောက်တဲ့ စံနှုန်းတွေ၊ အမျိုးသမီး၊ မုဆိုးမနဲ့  အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးတွေကိုကာကွယ်တဲ့ စံနှုန်းတွေကြောင့် ထောက်ခံမှု တရှိန်ထိုး ရရှိလာပြီး ဒီနေ့ တိုင် ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြု ခံရတာပဲဖြစ်ပါတယ်။

     

    **  ဖော်ပြပါ ဆောင်းပါး မှာ M-Media ရဲ့ အာဘော်မဟုတ်ဘဲ ဆောင်းပါးရှင်ကောက်နှုတ်တင်ပြသော စာအုပ်ရေးသူရဲ့ အာဘော်မျှသာဖြစ်ပါသည်။

     

  • အစ္စလာမ်သာသနာ အတွင်းမှ မတူခြားနား ကွဲပြားမှုများ

    အစ္စလာမ်သာသနာ အတွင်းမှ မတူခြားနား ကွဲပြားမှုများ

    အောက်တိုဘာ ၁၈ ၊ ၂၀၁၄
    M-Media
    SG6XDS4D2ZZ7GTH
    လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်ဟာ HBO က Bill Maher ရဲ့ တီဗွီတင်ဆက်ပွဲဆိုင်ရာအုပ်စုထဲ ရောက်ခဲ့ရတယ်။ အဲ့ဒီမှာ ဘာသာရေးစစ်ပွဲတစ်ခု ဖြစ်နေခဲ့တယ်။

    အစ္စလာမ်သာသနာကိုယ်တိုင်က ပဋိပက္ခဖြစ်ပေါ်လာစေတာ ဟုတ်မဟုတ် အငြင်းအခုံ အချေအတင် ဖြစ်ရတယ်။ ကျွန်တော်တို့ရဲ့အပြန်အလှန် ဆွေးနွေးပြောဆိုမှုက အော်ကြီးဟစ်ကျယ် စကားဝိုင်းအဆင့်အထိဖြစ်သွားခဲ့ပြီး အင်တာနက် ၀က်ဘ်ဆိုဒ်ပေါ်အထိ ကူးစက်ရောက်ရှိသွားတယ်။ Maher နဲ့ ဧည့်သည်တော်တစ်ဦးဖြစ်သူ Sam Harris တို့က အစ္စလာမ်ဟာ အန္တရာယ်ကြီးတဲ့သာသနာဖြစ်ပေမယ့် နိုင်ငံရေးအရ ကွဲလွဲမှုကိုခွင့်ပြုထားတယ်လို့ ဆိုကြတယ်။ အဲ့ဒီအပေါ် သရုပ်ဆောင် Ben Affleck က သူတို့ရဲ့မှတ်ချက်ဟာ အခြေအမြစ်မဲ့ပြီး လူမျိုးရေးဆန်လွန်းတယ်လို့ ရှုတ်ချခဲ့တယ်။ Ben Affleck ဖက်မှာ ကျွန်တော် ရပ်တည်ခဲ့တယ်။

    ပြပွဲပြီးတဲ့နောက် ဒီအစီအစဉ်ထဲပါဝင်တဲ့ ကျွန်တော်တို့ဟာ ကင်မရာနောက်ကွယ်မှာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နောက်ထပ်တစ်နာရီကြာတဲ့အထိ အချေအတင် ဖြစ်ခဲ့ကြပါတယ်။ Maher က ဒီအငြင်းအခုံဖြစ်လာအောင် မီးမွှေးခဲ့ပြီ။ ရှေ့ဆက် ဂယက်ရိုက်လာပါတော့မယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ သံတူကြောင်းကွဲအချက်သုံးခုကို အသိပေးတင်ပြပါရစေ။

    ပထမဆုံးအချက်ကတော့ – သမိုင်းကြောင်းအရ အစ္စလာမ်ဟာ (သူတို့ထင်မြင်နေသလို) သဘောထားသေးသိမ်မှု မရှိခဲ့ဘူး။ ဒါ့အပြင် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို စဦးမြှင့်တင် ပေးခဲ့တဲ့ သာသနာဖြစ်နေတယ်။ ၂၀ ရာစုနှစ်သမိုင်းတွေလောက်လာ ကြည့်ရှုသုံးသပ်သူမည်သူမဆို အစ္စလာမ်သာသနာကို သွေးဆာနေတဲ့သာသနာအဖြစ် အပေါ်ယံရှပ်ပြီးတွေးမိပါလိမ့်မယ်။ သမိုင်းမှတ်တမ်းတွေကို ပြန်ကြည့်လိုက်ပါ။ ဥရောပက ခရစ်ယာန်၊ နာဇီ၊ ကွန်မြူနစ်တွေ၊ အာရှတိုက်က ဗုဒ္ဓ၊ တာအို(တောက်)၊ ဟိန္ဒူနဲ့ ဘုရားမဲ့ဝါဒီတွေရဲ့ တအုံတကျင်းသတ်ဖြတ်မှုများကို တွေ့ကြရပါလိမ့်မယ်။

    အလားတူစွာ ကျမ်းမြတ်ကုရ်အာန်မှာ (အကြမ်းဖက်မှုလို့ မဆင်မခြင်သမုတ်ကြတဲ့) စာပိုဒ်များပါဝင်တာ အမှန်ပါ။ သို့သော် ခရစ်ယာန်များရဲ့ Bible ကျမ်းဂန်မှာလည်း ပါဝင်နေတာ၊ ထာဝရဘုရားရှင်က မျိုးဖြုတ်ရှင်းလင်းဖို့ အမိန့်ပေးထားတာကို တွေ့ရပါလိမ့်မယ်။ ဒါက မကောင်းသူပယ် ကောင်းသူကယ်ခြင်းတစ်မျိုးလို့ ဆိုရပါလိမ့်မယ်။

    ဒုတိယအချက်ကတော့ – ယနေ့အစ္စလာမ့်လောကမှာ အနည်းနဲ့အများ သဘောထားသေးသိမ်ချက်၊ ဖိနှိပ်ချက် ဆိုတဲ့ အစွန်းအထင်းတစ်ရပ် အမှန်တကယ်ကို  ရှိနေပါတယ်။ IS က လူရမ်းကားတွေဟာ သူတို့ရဲ့ ဆိုးသွမ်းတဲ့အမူအကျင့်တွေကို သာသနာ့အယူဝါဒလို့ အကြောင်းပြလိုက်ကြတယ်။ သိပ်မကြာသေးခင်က ဗြိတိသျှ ကူညီရေးလုပ်သားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခြင်းဟာ မွတ်စ်လင်မ်တွေရဲ့ဘ၀တွေကို ကယ်တင်ဖို့လို့ ဆိုပြီး အစ္စလာမ်ကို အမည်ပျက်စေခဲ့တယ်။ ထပ်ပြီးပြောရရင် ကမ္ဘာ့စီးပွားရေးဖိုရမ်အစီရင်ခံစာမှာ အဆင့်အနိမ့်ဆုံး ၁၀ နိုင်ငံစာရင်းအနက် ၉ နိုင်ငံဟာ မွတ်စ်လင်မ်လူများစုတိုင်းပြည်တွေ ဖြစ်နေတယ်။ Pew ရဲ့စစ်တမ်းမှာလည်း အာဖဂန်နစ္စတန်၊ အီဂျစ်၊ ဂျော်ဒန်က သုံးပုံတစ်ပုံအထက် မွတ်စ်လင်မ်တွေဟာ သေဒဏ်ပေးခြင်းကို ပိုမိုလက်ခံကြတယ်လို့ ဖော်ပြတယ်။

    ခရစ်ယာန်၊ အဟ်မဒီ၊ ယဇီဒီ၊ ဘဟာအီနဲ့ ရှီအိုက်(ရှီအဟ်)တွေရဲ့ တစ်ဖက်စောင်းနင်း ဆက်ဆံပြုမူပုံတွေကိုလည်း အစ္စလာမ့်ကမ္ဘာထဲမှာ တွေ့နေတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ အသံထုတ်ပေးသင့်ပါတယ်။

    တတိယအချက်ကတော့ – အစ္စလာမ့်ကမ္ဘာမှာ လူဦးရေ အင်မတန်များပြားတယ်၊ အသွင်မတူမှုနဲ့ကွဲလွဲမှုတွေ ကြီးမားတယ်။ အာဖဂန်နိုင်ငံသား ၅ ဦးမှာ ၄ ဦးက အယူဝါဒဖောက်ပြန်မှုအတွက် သေဒဏ်ပေးခြင်းကို နှစ်သက်ကြတယ်။ ကမ္ဘာ့မွတ်စ်လင်မ် လူဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားက မွတ်စ်လင်မ်တွေအနက် ၁၆ ရာခိုင်နှုန်းသာလျှင် အဲ့ဒီလိုပြစ်ဒဏ်ပေးခြင်းကို လက်ခံကြတယ်။ အယ်လ်ဘေးနီးယား၊ အဇာဘိုင်ဂျန်နဲ့ ကာဇက်စတာန်မှာဆိုရင် ၂ ရာခိုင်နှုန်းသာသာပဲ ဒီစနစ်ကို လက်ခံတာတွေ့ရတယ်။ ဒါလည်း Pew ရဲ့ စစ်တမ်းဖော်ပြချက်ပါပဲ။

    အဓိက ကွာခြား ကွဲပြားနေမှုက ယုံကြည်ချက်ဆိုင်ရာ ကိစ္စတွေမှာ မဟုတ်ပါဘူး။ ဘယ်ယဉ်ကျေးမှုနဲ့ အသိုင်းအ၀ိုင်းမှာမဆို သဘောထားသေးသိမ်တဲ့ တဇောက်ကန်းတွေရှိပါတယ်။ ယဉ်ကျေးမှုတိုင်း အသိုင်းအ၀ိုင်းတိုင်းမှာ ငြိမ်းချမ်းစွာနေထိုင် ရှင်သန်တဲ့ ယုံကြည်သက်ဝင်သူတွေလည်း ရှိကြပါတယ်

    ဘယ်ဘာသာ တရားမှာမဆို အချို့သူတွေဟာ လူမျိုးရေးကို ဘာသာရေးနဲ့ တန်းညှိပစ်တဲ့ ဖန်တီးချက်များရှိတယ်ဆိုတာ သတိပြုရပါမယ်။ ဟိန္ဒူဘာသာဝင်ထဲမှာ ဂန္ဒီလို လူမျိုးရှိသလို၊ ဂန္ဒီကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့ အယူသည်း အစွန်းရောက်သူလည်း ရှိတယ်။ လက်ရှိ ဒလိုင်းလားမားက လူသားဝါဒအပေါ် သူမတူအောင် ရပ်တည်နေပေမယ့် ၁၆၆၀ ခုနှစ်က ပဉ္စမမြောက် ဒလိုင်းလားမားကတော့ ကျောက်တုံးပေါ် ကြက်ဥတွေ ပစ်ခွဲသလို ကလေးသူငယ်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးခဲ့လေရဲ့။

    ခရစ်ယာန်လောကမှာဆိုရင်လည်း ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ လို လေးစားလောက်ဖွယ် ပုဂ္ဂိုလ်မျိုးရှိသလို၊ ၁၃ ရာစုနှစ် ပြင်သစ်ပြည်က ပုပ်ရဟန်း ကတော့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်ပေါင်း နှစ်သောင်းလောက်ကို လမ်းမှားသူတွေလို့ တံဆိပ်ကပ်ပြီး စုပြုံ သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ “သူတို့အားလုံးကို အရှင်မထားနဲ့၊ သတ်ပစ်လိုက်၊ (ဒီလိုလုပ်တာ) ထာဝရ ဘုရားသခင် ကိုယ်တိုင် သိလာလိမ့်မယ်”လို့ လူသိရှင်ကြားပြောဆိုခဲ့တဲ့ အထိပါပဲ။

    အင်မတန်ကြောက်စရာကောင်းတဲ့ အုပ်စုတွေကို ကျွန်တော် ကြုံဆုံဖူးတယ်။ အဲ့ဒီထဲက တစ်ယောက်က ဂျာဗားကျွန်းသား မွတ်စ်လင်မ်ပါ။ သူတို့ဟာ စုန်း၊ ကဝေ၊ အောက်လမ်းပညာရှင်လို့ စွပ်စွဲခံရသူတွေကို ခေါင်းဖြတ်သတ်ပြီး အဲ့ဒီဦးခေါင်းတွေကို တောင်ကုန်းပေါ် သွားပစ်ထားလေ့ရှိတယ်။ အဲ့ဒီလို ရက်စက်တတ်တဲ့ စိတ်အခံရှိတဲ့ ကွန်ဂို စစ်ဘုရင်ကြီးကိုလည်း ဆုံဖူးတယ်။ သူက သူ့ကိုယ်သူ (၁၉၀၁ ခုနှစ် အမေရိကန်မှာ ပေါ်ထွက်ခဲ့တဲ့ Bible ထဲကအချက်မှန်သမျှ သစ္စာတရားလို့ ခံယူတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ တစ်ခု) Pentecostalism ရဲ့ ဂိုဏ်းအုပ်လို ပုံဖမ်းထားသူပေါ့။ ဒါပေမယ့် စစ်ရာဇ၀တ်မှုကို ရင်ဆိုင်နေရချိန်ကာလ ကျွန်တော့်ကို ညစာစားပွဲဖိတ်ခေါ်တဲ့အခါမှာ တကယ့် သူတော်စင် ပုံစံအတိုင်း ပြုမူဆက်ဆံတာကို တွေ့ခဲ့ရတယ်။

    အစ္စလာမ်သာသနာကို အကြမ်းဖက်ဘာသာ၊ သဘောထားသေးသိမ်တဲ့ ဘာသာအဖြစ် ပုံပျက်ပန်းပျက်ရုပ်လုံးဖော်ခြင်းက တော်တော့်ကို လွဲချော်ဆိုးဝါးလွန်းပါတယ်။ ပါကစ္စတန်မှာ မွတ်စ်လင်မ် အမျိုးသား အုပ်စုတစ်စုဟာ Mukhtar Mai ဆိုတဲ့ မွတ်စ်လင်မ် မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မကျင့်ကြံခဲ့တယ်။ တရားရုံးအမှုမှာ သူမ အနိုင်ရရှိခဲ့တယ်။ သူမဟာ (အဲ့ဒီလူတွေကို သေဒဏ် မတောင်းဆိုဘဲ) လျော်ကြေးငွေကိုသာ အစိုးရဆီက လက်ခံရယူခဲ့ပြီး သူမရဲ့ရွာသူမိန်းကလေးတွေ အတွက် ကျောင်းတစ်ကျောင်းဖြစ်လာအောင် မတည်ပေးခဲ့တယ်။ ပညာရေး ကဏ္ဍအတွက်လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ မာလာလာ မိန်းမရွယ်လေးကို တာလီဘန်တွေက သေနတ်နဲ့ပစ်ခတ်ခဲ့ကြတယ်။ အဲ့ဒီ သေနတ်သမားတွေကလည်း မွတ်စ်လင်မ်တွေပါပဲ။ ကောင်းကျိုးကို သက်စွန့်ဆံဖျား ဆောင်ရွက်ခဲ့သူ မာလာလာကလည်း မွတ်စ်လင်မ်ပါပဲ။

    အီရန်မှာ ခရစ်ယာန်နဲ့ ဘဟာအီတွေကို ညှင်းပန်းနှိပ်စက်ကြတယ်။ ဒါပေမယ့် မွတ်စ်လင်မ် ရှေ့နေတစ်ဦးဖြစ်တဲ့ Mohammad Ali Dadkhah အဲ့ဒီဖိနှိပ်မှုအပေါ် ရဲရဲတောက် စိန်ခေါ်အာခံခဲ့တယ်။ ခရစ်ယာန်ဂိုဏ်းအုပ်တစ်ဦးကို လွတ်မြောက်အောင် ဆောင်ကြဉ်းပေးခဲ့တယ်။ ခုအချိန်မှာ သူဟာ ထောင်ဒဏ် ၉ နှစ် ကျခံနေရဆဲပါ။

    ပါကစ္စတန်က ကျွန်တော့်မိတ်ဆွေ ရှေ့နေကြီး  Rashid Rehman ဆိုရင် လူ့အခွင့်အရေးနဲ့ ဘာသာပေါင်းစုံသဟဇာတဖြစ်ရေးတွေမှာ အကြီးအကျယ် စွမ်းဆောင်နိုင်သူပါ။ ဒီနှစ်အတွင်း အစွန်းရောက်သူများက သူ့ရုံးခန်းကို ၀င်ဖျက်ပြီး သူ့ကို သတ်ဖြတ်ပစ်ခဲ့ပါတယ်။

    ရက်စက်ကြမ်းကြုတ်မှု၊ လိင်ခွဲခြားမှု၊ သဘောထားသေးသိမ်မှုတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့  – အစ္စလာမ်ကို အကျည်းတန်အောင် ဖန်တီးနေတဲ့ IS ကို ဝေဖန် ရှုတ်ချနိုင်ပါတယ်။ ဒါပေမယ့် အစ္စလာမ်၊ မွတ်စ်လင်မ်မှန်သမျှကို အဲ့ဒီအရာတွေနဲ့ မရောထွေးလိုက်ပါနဲ့။ Mukhtar ၊ Malala ၊ Dadkhah နဲ့ Rehman တို့လို သူရဲကောင်းတွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍများကို ကိုယ်စားပြုထားတာကိုလည်း ထည့်တွက်စေချင်ပါတယ်။

    ကြောက်စရာပုံရိပ်များကိုသာ ဇောင်းပေးဖော်ပြပြီး အစ္စလာမ်ကို တစ်ဖက်သတ် မုန်းတီးရွံကြောက်နေသူများရဲ့ လူမျိုးရေး/ဘာသာရေး တစ်ယူသန်မှုများကို အားပေးအားမြှောက် မပြုကြပါနဲ့လား။ အခြားတစ်ဖက်မှာလည်း သဘောထားကြီးမှု၊ ခေတ်အမြင်ရှိမှု၊ လူ့အခွင့်အရေးတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်သူများ အပါအ၀င် သန်း ၁၆၀၀ သော အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်တွေ အတွင်း မတူကွဲပြားမှုရှိနေတဲ့ အချက်ကိုလည်း လျစ်လျူမရှုလိုက်ပါနဲ့လား။ အဓိက ကွာခြား ကွဲပြားနေမှုက ယုံကြည်ချက်ဆိုင်ရာ ကိစ္စတွေမှာ မဟုတ်ပါဘူး။ ဘယ်ယဉ်ကျေးမှုနဲ့ အသိုင်းအ၀ိုင်းမှာမဆို သဘောထားသေးသိမ်တဲ့ တဇောက်ကန်းတွေရှိပါတယ်။ ယဉ်ကျေးမှုတိုင်း အသိုင်းအ၀ိုင်းတိုင်းမှာ ငြိမ်းချမ်းစွာနေထိုင် ရှင်သန်တဲ့ ယုံကြည်သက်ဝင်သူတွေလည်း ရှိကြပါတယ်။ ဒီအုပ်စုနှစ်ရပ်ရဲ့ အစဉ်အဆက် ကွဲပြားကွာခြားမှု လို့ပဲ ဆိုချင်ပါတယ်။

    ဒီလိုအကြောင်းအရာက တီဗွီအစီအစဉ်တစ်ခုတည်းအတွင်းမှာ ရှင်းလင်းတင်ပြဖို့ အလွန်အင်မတန် မလွယ်ကူလှအောင် ရှုပ်ထွေးနက်နဲလှပါတယ်။ ဒါပေမယ့် ဒါဟာ အမှန်တရားဖြစ်စဉ်ပါပဲခင်ဗျာ။

    xxxxxxxxxxxxxxxxxxxxxxx
    NewYork Time မှ Nicholas Kristof ရေးသားသော  The Diversity of Islam ကို  မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • ကုလားစုတ်နဲ့ ချင်းစုတ် – မြန်မာတွေရဲ့ “ethnic labeling” အကျင့်

    ကုလားစုတ်နဲ့ ချင်းစုတ် – မြန်မာတွေရဲ့ “ethnic labeling” အကျင့်

    အောက်တိုဘာ ၈ ၊ ၂၀၁၄
    M-Media
    သူရမင်းမင်း ရေးသည်။
    photo 4 copy

    တရက် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို လူမျိုးအမည်တပ်တဲ့ ကိစ္စ သွား သတိထားမိပါတယ်။ အရင်က မွတ်စလင်တွေကိုသာ ကုလားစုတ်၊ ခွေးကုလား၊ အထက်အောက် ဆဲပြီး ခေါ်တာ ကြားဖူးပေမယ့် ဒီနေ့ တော့ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) က ဒေါက်တာ ဆလိုင်း အန်ဒရူး ငွန်ကျုံးလျန်ကိုေ-ာက်ချင်းစုတ်၊ ခွေးချင်း၊ တမျိုးလုံး သိက္ခာကျအောင် လုပ်နေတဲ့ ချင်း ဆိုပြီး ဝေဖန် ရေးသားကြတာတာ ထားမိပါတယ်။

    ဒေါက်တာငွန်ကျုံးလျန်ကို မှန်တယ် မှားတယ်မပြောလိုပါဘူး။ ဘယ်ဖက်ကိုမှ လိုက်ပြီးတော့ လည်းမပြောလိုပါဘူး။ ဒါပေမဲ့ မြန်မာပြည်သူတွေက လူတစ်ယောက်ရဲ့ လုပ်ရပ်၊ အထူးသဖြင့် လူနည်းစုထဲက တယောက်ယောက်ရဲ့  လုပ်ရပ်ကို ပြောတဲ့နေရာမှာ သူ့ လူမျိုးကိုပါ ဆွဲထည့်ပြီး ပြောတတ် တာရယ်၊ ပြောတာတောင် ရိုးရိုးပြောတာ မဟုတ်ဘဲ လူမျိုးနဲ့  မဖွယ်မရာတွေကို တွဲပြီး၊ ခိုင်းနှိုင်းပြီး သိမ်းကျုံးပြီး စော်ကားတတ်တဲ့ အကျင့်ဆိုးကို မီးမောင်းထိုးပြချင်တာပါ။

    အကြောင်းအရာက ဒီလိုပါ။

    MPC မှာ ဥပဒေ ပညာရှင်တယောက်အနေနဲ့  လုပ်ကိုင်နေတဲ့ ဒေါက်တာ ငွန်ကျုံးလျန်ဟာ ခု နောက်ပိုင်း သူ့ ရဲ့ နိုင်ငံရေးရပ်တည်ချက်ကြောင့်၊ အထူးသဖြင့် အစိုးရဘက် ရပ်တည်တယ်လို့  ယူဆခံရချက်တွေကြောင့် ဝေဖန်ခံရပါတယ်။ တလောက သတင်းမီဒီယာတခုနဲ့  အင်တာဗျူး မှာ ၂၀၀၈ ဖွဲ့ စည်းပုံကို စမ်းသုံးကြည့်ဖို့ ၊ နိုင်ငံရေး ပါတီတွေအနေနဲ့  အဲ့ဒီ ဖွဲ့ စည်းပုံကို ပြောင်း လဲဖို့  ပြည်သူတွေကို ပြန်ပေးဆွဲ Hijack မလုပ်ဖို့ ပြောပါတယ်။ NLD ကို တိုက်ရိုက် ဝေဖန်တယ်လို့  ပြောလို့ ရပါတယ်။

    ဒါပေမဲ့ NLD ကို ဝေဖန်တဲ့ ဗမာတွေကိုေ-ာက်ဗမာ၊ ခွေးဗမာ၊ ဗမာစုတ်ရယ်လို့  လူမျိုးကို ထည့်ပြီးမဆဲပါဘူး။

    သူပြောတာ ဝေဖန်ချင်တယ်ဆိုရင် သူ့ ကို လူတစ်ယောက်အနေနဲ့ သာ ဝေဖန်သင့်ပါတယ်။ သူက ချင်းတိုင်းရင်းသားသာဖြစ်ပြီး ချင်းတွေကို ကိုယ်စားပြုပြောတာ မဟုတ်သလို၊ ချင်းတွေရဲ့  ပေါ်လစီရပ်တည်ချက်ကို ပြောတာလဲ မဟုတ်ပါဘူး။ ချင်းအဖွဲ့ အစည်းတွေက သူတို ရပ်တည် ချက်ကို ပြောတယ် ဆိုရင်တောင် နိုင်ငံရေး အနေနဲ့ သာ ကိုင်တွယ်ရမှာဖြစ်ပြီး လူမျိုးရေးကိုဆွဲ ထည့်လို့ မရပါဘူး။

    ဗမာတွေထဲမှာလည်း ဒေါ်စုနဲ့  NLD ကို ဝေဖန်တဲ့လူတွေ၊ တိုက်ခိုက်တဲ့လူတွေ အများကြီးရှိပါ တယ်။ နိုင်ငံရေး အသိုင်းအ၀ိုင်းထဲကနေ တရားဝင်ဝေဖန်သလို အွန်လိုင်းမှာ ဝေဖန်ရေးသား နေတာ တွေလည်းရှိပါတယ်။ ဒါပေမဲ့ NLD ကို ဝေဖန်တဲ့ ဗမာတွေကိုေ-ာက်ဗမာ၊ ခွေးဗမာ၊ ဗမာစုတ်ရယ်လို့  လူမျိုးကို ထည့်ပြီးမဆဲပါဘူး။

    NLD မပြောနဲ့၊ ဒီလောက်ဆိုးရွားပါတယ်ဆိုတဲ့ စစ်တပ်ဖက်ကလိုက်တဲ့ လူတွေကိုဆဲရင်တောင် ဗမာလူမျိုးကို ထည့်မပြောပါဘူး။

    photo 2 copy

    တလောကပဲ MPC က ဦအောင်နိုင်ဦးက ရန်သူမျိုးငါးပါးမကတော့ပဲ မီဒီယာတွေက နောက် ထပ် ရန်သူမျိုးတစ်ပါးဖြစ်တယ်လို့ ပြောတဲ့အကြောင်း မီဒီယာမှာ ဝေဖန်ခံ ရပါတယ်။ ဒီလိုပဲ သမ္မတဦးသိန်းစိန်က ရုပ်ရှင် သရုပ်ဆောင်တွေနဲ့ တွေ့ တဲ့နေ့ က ပြသနာလုပ်တဲ့ သတင်း သမားတွေကို ထောင်ထဲပို့ မယ်လို့  MPC က ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

    သူတို့ ကိုတော့ ဗမာစုတ်၊ေ-ာက်ဗမာ၊ ဗမာတမျိုးလုံး သိက္ခာ ကျအောင်လုပ်နေတယ်လို့  မဆဲကြပါဘူး။

    ဒါပေမဲ့ ဒေါက်တာငွန်ကျုံးလျန်လို တိုင်းရင်းသား လူနည်းစုတစ်ယောက်က ပြောတော့ ချင်းဆိုတာကို ဆွဲထည့်ပြီး မနှိုင်းသင့်တာတွေနဲ့  နှိုင်းပြီးဆဲပါတော့တယ်။

    ဘာကြောင့်လဲ။

    ဗမာတွေ လုပ်ရင် လူမျိုးကို ထည့်မပြောဘဲ တခြားလူတွေလုပ်တော့ကျရင်မှ ဘာကြောင့် လူမျိုး ကိုထည့်ပြောရတာလဲ။ လူတယောက်ယောက်ရဲ့ လုပ်ရက်ကို အမိအရအသုံးချပြီး အဲ့ဒီလူ ရဲ့ လူမျိုးတခုလုံးကို သိက္ခာဆွဲချလိုက်ချင်တာလား။

    မြန်မာပြည်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တန်းတူရေးတို့ အတွက် ကြိုးစားနေချိန်မှာ အခုလို လူမျိုးကို ထည့်ပြီးပြောတာတွေဟာ ဗမာတွေကို တိုင်းရင်းသားတွေ ယုံကြည်လာရေး မှာ အဟန့် အတားဖြစ်စေနိုင်တယ်၊ ဗမာတွေဟာ တိုင်းရင်းသားတွေကို အရင်လို အထင်သေး မြဲ၊ ဂရုမစိုက်မြဲ၊ နှိမ်ချမြဲ ဆိုတာ ပိုပြီးပေါ်လွင်နေစေတယ်။ ဒီလို “ethnic labeling” အကျင့်တွေကို ပြင်ဖို့ လိုတာ ဆိုတာ မီးမောင်းထိုးပြလိုက်ရပါတယ်။

  • မြန်မာ နဲ့ နွားသနားတဲ့ ပြသနာကို မွတ်ဆလင်တွေ ဘယ်လို ဖြေရှင်းနိုင်မလဲ….

    မြန်မာ နဲ့ နွားသနားတဲ့ ပြသနာကို မွတ်ဆလင်တွေ ဘယ်လို ဖြေရှင်းနိုင်မလဲ….

    အောက်တိုဘာ ၆ ၊ ၂၀၁၄
    M-Media
    .ဆွေမွန်ရေးသည်။

    Hmuu Zaw
    ကုရ်ဘာနီ နီးချိန်၌ ချိန်ကိုက်ပြိး လုပ်ဆောင်မှု များထဲမှ တခု (သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(ခ) မှူး ဇော်မှ ၄င်း၏ FB စာမျက်နှာမှာ တင်ခဲ့သည့် ပိုစ်တခု ၊ တင်ပြိး မိနစ်ပိုင်းအတွင်း ပြန်ဖျက်သွားပါတယ်။)

    ကုရ်ဘာနီနီးလာတိုင်း မြန်မာပြည်မှာ ပြသနာက အလိုလို ပေါ်လာတတ်တာ သဘာဝဖြစ်နေပါပြီ။ တစ်နှစ်လုံး နွားသတ်၊ ကျွဲသတ်၊ ၀က်သတ်ကာ အလှူပွဲပေါင်းစုံမှာ အသားကြီး ငါးကြီး မပါရင် နှာခေါင်းရှုံ့ တတ်တဲ့ ပံ့သကူ အသားကြိုက် ပုဂ္ဂိုလ်တွေကိုယ်တိုင်က ဒီအချိန်ရောက်ရင် မေတ္တာအတုန်းလိုက် အတစ်လိုက်ထားပြကြမှာလည်း ထုံးစံလို ဖြစ်နေပါပြီ။ အစိုးရက ပိုကြိုက်မှာပေါ့ဗျာ။ မွတ်ဆလင်ဆို တံဆိပ်ပေါင်းစုံ ကပ်ချင်သူဆိုတော့ ဒီလို ဘာသာရေးပွဲတော်ကို ဆန္ဒပြတာတွေဆို ထိပ်ဆုံးက ခွင့်ပြုချက်ပေးမှာကလည်း အသေအချာပါပဲ။

    မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မွတ်ဆလင်လူကြီးတွေ ဒီလို ကုရ်ဘာနီ နီးလာတိုင်း ပြသနာ အရှာခံရတာကို ကြိုတင်ပြင်ဆင်သင့်တယ်လို့ မြင်မိတယ်။ နှစ်တိုင်း ဒီလို သွားလို့ မရတာက သေချာနေရင် ဘာဆက်လုပ်သင့်သလဲ တွေးကြရအောင်ပါ။

    _2014-10-06_11.20.19
    ရခိုင်လူမျိုး သံဃာတော်တပါးဖြစ်သည့် ဦးပါမောက္ခ ဦးဆောင်သည့် ၉၆၉ (မ.ဘ.သ) တက်ကြွလှုပ်ရှားသူများ ကုရ်ဘာနီကို ပိတ်ပင်ရန် အောက်တိုဘာ ၅ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြခဲ့ကြသည်။

    ဗုဒ္ဓဘာသာအများစုနိုင်ငံမှာ ဗုဒ္ဓဘာသာအစိုးရ အုပ်ချုပ်ပါစေ၊ သမာသမတ်ကျတဲ့ အုပ်ချုပ်သူရှိနေရင် ဒီလို ကုရ်ဘာနီစွန့်လှူခြင်းဟာ ကြီးကျယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ရှေ့က ခွင့်ပြု နောက်က နားလှည့်ပါးရိုက် ကန့်ကွက် ခိုင်းတတ်တဲ့ အုပ်ချုပ်သူတွေ ရှိနေတဲ့ နိုင်ငံမှာ အရာအားလုံးဟာ အဖြေတစ်ခု နောက်ထပ် ရှိသင့်ပါတယ်။

    သူတို့က နွားဟာ ကျေးဇူးရှင်ပါလို့ ဟိန္ဒူတွေ အယူအဆကို လိုက်နင်းပြီး ပြောဆို ကန့်ကွက်နေရင် နှစ်ဖက်လုံးအတွက် မကောင်းဖြစ်ရပါတယ်။ နွားကလည်း မြန်မာ အာဏာပိုင်တွေအဆင့်ဆင့်နဲ့ နွားမှောင်ခိုသမားတွေ တရုတ်နဲ့ ထိုင်းကို ပို့လို့ ကုန်သလောက်ဖြစ်နေပါပြီ။ နောက် ၅ နှစ် ၁၀ နှစ် အတွင်း သူ့ဟာသူ အလိုလို နွားမျိုးလည်း ပြုတ်သလောက် ဖြစ်ပါတော့မယ်။ တစ်နေ့ကပဲ ကျွန်တော် နွားအကြောင်းရေးခဲ့ပါသေးတယ်။ မြန်မာပြည်မှာ အလှူလုပ်စရာ နွားကုန်ပါတော့မယ်။

    ဒီလို အခြေအနေတွေကို ကျော်လွှားဖို့ မွတ်ဆလင်တွေ ကြိုတင်ပြင်ဆင်ထားသင့်ပါပြီ။

    ပထမတစ်ချက် အကြံပြုချင်တာက မွတ်ဆလင်တွေကိုယ်တိုင် မွေးမြူရေးလုပ်နိုင်မလား၊ အဆင့်ဆင့်စဉ်းစားကြည့်သင့်ပါတယ်။ ၁၀ ကောင် ၁၅ ကောင် မွေးခိုင်းတာ မဟုတ်ပါဘူး။ အကောင် ထောင်ဂဏန်း သောင်းဂဏန်းမွေးနိုင်ဖို့ စဉ်းစားကြည့်ကြရမှာပါ။

    ဒုတိယအချက်အနေနဲ့ နိုင်ငံခြားကနေ နွားတွေ၊ ကုလားအုတ်တွေကို import လုပ်ပြီး မွေးသင့်သလား။ နွားထက် ကုလားအုတ်ကို မွေးသင့်ပါတယ်။  ရှယ်ယာ ရတဲ့ အပြင် ကျေးဇူးရှင်ပါလို့ ပြောလို့ မရတော့ပါဘူး။ သိုးကိုလည်း စဉ်းစားကြည့်သင့်ပါတယ်။

    တတိယအချက်ကတော့ မွတ်ဆလင်အသိုင်းအ၀ိုင်းထဲက မွတ်ဆလင်ဘဏ်လုပ်ငန်းကို ဖွင့်နိုင်တဲ့ သူဌေးတွေ ရှိနိုင်မလား။ အစ္စလာမ်မစ် ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သုံးမြို့လောက်မှာ အစ္စလာမ်မစ်ဘဏ်ခွဲတွေ ဖွင့်လှစ်နိုင်ရင် ဒီကုရ်ဘာနီပြသနာဟာ ချုပ်ငြိမ်းသွားမှာပါ။

    1902071_1541901289355307_4037462482212448325_n

    အစ္စလာမ်မစ်ဘဏ်ခွဲတွေ ရှိလာရင် ကုရ်ဘာနီကို ဘဏ်တွေနဲ့ချိတ်ပြီး လုပ်သွားနိုင်ပါတယ်။ ကုရ်ဘာနီကျသင့်ငွေကို ဘဏ်တွေမှာ သွင်းလိုက်တာနဲ့ ကုရ်ဘာနီပြီးပါပြီ။ ဆော်ဒီ၊ အီဂျစ်စတဲ့ နိုင်ငံတွေမှာတောင် ဒီစနစ်ကို တွင်တွင်ကျယ်ကျယ်သုံးနေကြပါတယ်။ ကုရ်ဘာနီမတိုင်မီရက်တွေမှာ ငွေသွင်း၊ ကုရ်ဘာနီလုပ်ပြီးတဲ့ သားကောင်ကို တကယ်ဆင်းရဲတဲ့ နိုင်ငံတွေဆီကို အရောက် ဘဏ်ကတာဝန်ခံပြီး ပို့ပေးပါတယ်။ ကုရ်ဘာနီလည်း ဒီနိုင်ငံမှာ လုပ်ချင်မှ လုပ်မှာပါ။ ပို့စေချင်တဲ့ နိုင်ငံမှာ ကုရ်ဘာနီလုပ်၊ ဒါမှမဟုတ် ဘဏ်ကပဲ အဆင်ပြေသလို စီစဉ်ပေးသွားပါတယ်။ အကောင်လိုက်၊ ဒါမှမဟုတ် စည်သွပ်ပြီးအဆင့်ရောက်ပြီးမှ တကယ့်ဆင်းရဲတဲ့ ဒေသတွေကို တာဝန်ခံ ပို့ပေးတဲ့ ဘဏ်စနစ်ဖြစ်ပါတယ်။

    10666057_1541901309355305_7208211618855813867_n

    ဆိုးကျိုးက မြန်မာနိုင်ငံသားတွေ ဘယ်သူမှ မစားရတော့ပါဘူး။ အကောင်လိုက် အလှူဖြစ်သွားမှာပါ။ ကုရ်ဘာနီတာဝန်ကတော့ ကျေသွား ကျသွားမှာပါ။

    ဒီနှစ်အတွက် ဘဏ်နဲ့တွဲလုပ်တဲ့ ကုရ်ဘာနီဈေးအချို့က သိုး ဆိတ်တစ်ကောင် ပေါင် ၆၀ (ကျပ် ၁ သိန်းခွဲခန့်)၊ နွားတစ်ရှယ်ယာ ပေါင် ၄၀ (ကျပ် ၆ သောင်းခန့်)၊ နွားကြီးတစ်ကောင်လုံး ကုရ်ဘာနီလုပ်ချင်ရင် ပေါင် ၄၅၀ (ကျပ် ၇ သိန်းခန့်)၊ ကုလားအုတ်တစ်ကောင်လုံးကို ကုရ်ဘာနီလုပ်ချင်ရင် ပေါင် ၆၅၀ (ကျပ် ၁၀ သိန်းခန့်)၊ လောက်ပဲ ကျသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ကျွဲ နွား ပေါက်ဈေးတွေထက် သက်သာတာကို တွေ့ရမှာပါ။

    တွေးသင့်တာက အာဏာပိုင်တွေအဆင့်ဆင့်က ဦးစီးဦးဆောင်ပြီး ပြသနာကို မီးထွန်းရှာနေတဲ့ အခြေအနေတွေကို သိပါလျှက်နဲ့ အဖြေကို ကြိုတင် မစဉ်းစားထားရင် နောက် ၃ နှစ် ၄ နှစ် အတွင်း ကုရ်ဘာနီပျောက်သွားပါလိမ့်မယ်။ ကုရ်ဘာနီပျောက်လေ နွားမှောင်ခိုသမားတွေ ကြိုက်လေပါပဲ။

    အထက်မှာ ပြောထားတာတွေထက် ပိုကောင်းတဲ့ အစီအမံတွေလည်း ရှိနိုင်ပါတယ်။ ဒီအဆင့်တွေကို အောက်လူတွေ လုပ်ဆောင်လို့ မရပါဘူး။ တရားဝင် အဖွဲ့အစည်းတွေ၊ လူကြီးတွေ ပေါင်းဆုံစဉ်းစားနိုင်ကြရင် အသင့်တင့်ဆုံး အဖြေတစ်ခု ပေါ်လာမှာပါ။ မွတ်ဆလင်တွေအ တွက်လည်း ဘယ်သူ့မျက်နှာမှ မကြည့်ရဘဲ လုပ်ချင်တဲ့ အလှူတစ်ခု ပြီးသွားမှာပါ။

    အမြင်တစ်ခုကို မျှဝေတဲ့ သဘောပါပဲ။

    ဆွေမွန်
    ၆ အောက်တိုဘာ