News @ M-Media

Tag: opinion

  • စစ်တပ် လည်ပြန် (သူ့အမြင်)

    စစ်တပ် လည်ပြန် (သူ့အမြင်)

    နိုဝင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    18zin-superJumbo
    ပြီးခဲ့သောသီတင်းပတ် မြန်မာပြည်ခရီးစဉ်၌ သမ္မတအိုဘားမားက ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်ကို မဖြစ်ဖြစ်သည့်နည်းဖြင့် ပြည့်ဝအောင် ဆောင်ရွက်ရန် (တစ်နည်း) နောက်ကြောင်းပြန်မလှည့်ရန် ရိပ်ဖမ်းသံဖမ်း သတိပေးခဲ့သည်။ သူ့လေသံမှာ ယခင် ၂၀၁၂ ခုနှစ်ခရီးစဉ်တုန်းကလောက် ထက်သန်စိတ် မပြင်းပြတော့သည်ကို ထင်သာမြင်သာရှိလွန်းလှ၏။ နောက်ကြောင်းပြန်ကြည့်သော် လက်ရှိ ဦးသိန်းစိန်၏ အမည်ခံ အရပ်သား အစိုးရအဖွဲ့သည် ရာစုနှစ်ဝက်နီးပါး စစ်အုပ်ချုပ်ရေး လွန်မြောက်ပြီးနောက် လွတ်လပ်ခြင်း အပြည့်ဖြင့် တိုးထွက်လာသယောင် ရှိ၏။ နိုင်ငံရေး အကျဉ်းသားများစွာနှင့်အတူ ထင်ရှားသော ဒီမိုကရေစီရုပ်လုံး ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။

    သို့သော် ယခုအခါ ပြုပြင်ရေးလုပ်ငန်းစဉ်မှာ အဓိကကျသည့်ကဏ္ဍများ အားလုံးနီးပါး၌ ရပ်ဆိုင်းနေလေပြီ။ အတိုက်အခံများကို နိုင်ငံရေးအာဏာ ခွဲဝေပေးခြင်း၊ လက်နက်ကိုင် တိုင်းရင်းသား အုပ်စုများနှင့် ငြိမ်းချမ်းမှု တည်ဆောက်ခြင်း၊ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်များ အရေးအရာ၊ လူနည်းစုဝင်အခွင့်အရေးများ၊ မီဒီယာလွတ်လပ်ခွင့် စသည်တို့ဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်းမှာ စစ်တပ်က ၎င်း၏နှောင်ကြိုးများကို နောက်တစ်ကြိမ် ထပ်မံ ရစ်ချည်လိုက်ခြင်းကြောင့်ဖြစ်၏။

    ၂၀၁၁ ခုနှစ်ကတည်းက စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်းသွားပြီးနောက် လာမည့်နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် သမိုင်းဝင် အထွေထွေရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် ပြင်ဆင်နေသည့်တိုင် လက်ရှိလများအတွင်း တပ်မတော်ဟု ခေါ်တွင်သော မြန်မာစစ်တပ်မှာ ၎င်း၏ခေါင်းမာမှုကို ပိုမိုထင်ရှားစွာ ပြသလာသည်။ တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်း ၎င်းတို့ဖာသာ ထည့်သွင်းထားမှုကို အနည်းငယ်မျှ အလျှော့မပေးသည့် အပြင် အာဏာလက်တံ ထပ်ဆင့် တိုးချဲ့နေကြောင်း တွေ့ရပေသည်။

    မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်ဟောင်းတစ်ဦးဖြစ်သူ အလွတ်တန်း ဂျာနယ်လစ် ကိုပါကြီး သတ်ဖြတ်ခံရမှုမှာ ထင်ရှားသော ဥပမာတစ်ရပ် ဖြစ်သည်။ အောက်တိုဘာလဆန်းပိုင်းက ကိုပါကြီးအား စစ်တပ်မှ ပစ်သတ်ခဲ့ကြောင်း ဆိုကြသည်။ အစပိုင်းတွင် ကိုပါကြီး၏အလောင်းကို ဖုံးကွယ်ထားရန် ကြိုးစားခဲ့ပြီး ယင်းဖြစ်ရပ်၏ရက်သတ္တ သုံးပတ်ကျော်လွန်မှသာ ထွက်ပြေးရန်ကြိုးစားသဖြင့် စစ်သားများက ပစ်သတ်သည်ဟု အသိပေးခဲ့သည်။ အာဏာပိုင်များက ကိုပါကြီး၏အလောင်းကို ဖော်ယူပြီး ဖေ့စ်ဘွတ်ပေါ်တွင် ဓာတ်ပုံများ တက်လာသောအခါ သူသည် ညှင်းပန်း နှိပ်စက်ခံထားရကြောင်း သံသယ၀င်မှု ခိုင်မာသွား၍ ပြည်သူလူထုကို အမျက်ဒေါသသင့်သွားစေခဲ့သည်။

    ထိုဖြစ်စဉ်ပိုင်းလေးက စစ်တပ်၏ ပိတ်ဆို့ကာဆီးသော စိတ်အနေအထား ပြန်လည်ရှင်သန်လာကြောင်း ဖွင့်ဟပြသနေသလိုပင်။ ၎င်း၏စစ်တပ် အရာရှိများအား အရပ်သားတရားရုံး၌ စစ်ဆေး စီရင်ခြင်းကို စစ်တပ်က အလျဉ်း မလိုလားချေ။ စစ်တပ်၏ တာဝန်ရှိမှုအပေါင်းကို ကာကွယ်ရန် လိုအပ်လာပါလျှင် ၎င်းတို့ ကိုယ်တိုင် စီရင်မည် ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ “တပ်မတော်အရေး တရားစီရင်မှုမှာ စစ်ဦးစီးချုပ်၏ ဆုံးဖြတ်ချက်အောက်တွင်သာ နောက်ဆုံး အတည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

    လူထုကို အာရုံလွှဲခြင်း၌ အန္တရာယ်ရှိ၏။ ဟားဗတ် ဥပဒေကောလိပ်၏ လတ်တလော အစီရင်ခံစာ၌ လူမဆန်သောပြစ်မှုများ၊ ၂၀၀၅ မှ ၂၀၀၈ ခုနှစ်အတွင် ကရင်လူမျိုးစုတို့အပေါ် ကျူးလွန်ထားသော စစ်ရာဇ၀တ်မှုများနှင့်ဆက်နွှယ်နေသည့် ထိပ်တန်းအဆင့် ဗိုလ်ချုပ်သုံးဦး၏အမည်ကို ဖော်ပြထားသည်။ စပ်ကူးမတ် ကူးကြားကာလ တရားမျှတမှုသည် တစ်ချိန်တုန်းကတော့ အာဏာရှင် တစ်စုတည်း အတွက်သာ အန္တရာယ်ဖြစ်သော်လည်း စစ်တပ် ညီညွတ်ရေးအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေသည်။ ယနေ့ပြဿနာမှာ စစ်တပ်သည် အာဏာပြန်သိမ်းရန် စဉ်းစာခြင်းရှိ မရှိ မဟုတ်၊ တစ်နှစ်မျှပင် မလိုတော့သော အထွေထွေရွေးကောက်ပွဲအတွက် ၎င်း၏ အကျိုးအမြတ် တစ်ကွက်တည်းကို ကာကွယ်ရန် ဘယ်အတိုင်းအတာ အထိ ခြေလှမ်းလှမ်းသွားမည့်ကိစ္စဖြစ်သည်။

    စစ်တပ်မှဖြေရှင်းရမည့် နောက်ထပ်ခြေလှမ်း တစ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်သည်။ ၂၀၁၃ ခုနှစ်တစ်လျှောက်လုံး ၂၀၀၈ ဖွဲ့စည်းပုံစည်းမျဉ်း ပြုပြင်ပြောင်းလဲရန်လို မလို ပြည်သူ့သဘော ဆန္ဒကိုရယူသည့် အထူးကော်မတီတစ်ရပ်အား လွှတ်တော်မှ ဖွဲ့စည်းဆောင်ရွက်စေခဲ့သည်။ အခြားတစ်ဖက်တွင်မူ  ပြဋ္ဌာန်းချက်များပြုပြင်ပြောင်းလဲရန်တောင်းဆိုသည့် ပြည်သူ့ လက်မှတ် ငါးသန်းကို အဓိက အတိုက်အခံပါတီမှ ကောက်ယူတင်ပြခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေစည်းမျဉ်းများ ပြောင်းလဲပြင်ဆင် သတ်မှတ်ရေးအတွက် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှု လိုအပ်သည်။ စစ်တပ်က အမတ်နေရာ ၂၅ ရာခိုင်နှုန်းဖြင့် ဗီတို အာဏာကို ရယူထားသည်။ ထို့ပြင် ပြည်သူ့ ဆန္ဒကောက်ခံချက်မှ မဲအများစုဖြင့်သာ ပြုပြင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတနေရာ ၀င်ပြိုင်ခွင့်၊ အခွန်အကောက် သတ်မှတ်ချက်၊ တိုင်းရင်းသားဒေသများ၌ ဒေသဆိုင်ရာ အာဏာပိုင်များ ခန့်အပ်မှု အပါအ၀င် အခြေခံကျကျပြုပြင်ပြောင်းလဲနိုင်မည့် ထွက်ပေါက်များကို အလွန်အကျွံ ပိတ်ဆို့ထားခြင်းခံရသည်။

    သို့သော်လည်း လွန်ခဲ့သော ရက်သတ္တပတ်က လွှတ်တော်အတွင်း အချေအတင်ဆွေးနွေးရာ၌ စစ်တပ် ကိုယ်စားလှယ်များက အဆိုပါ အခြေခံပြဋ္ဌာန်းချက်များကို ဆက်လက် ထိန်းသိမ်းထားရှိရန် ကြေငြာခဲ့သည်။ တပ်မတော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ရာထူးဝင်ပြိုင် ခွင့်ပြုရန် အလျဉ်း မစဉ်းစားကြောင်း ပေါ်လွင် လာခဲ့သည်။ သို့တစေ တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းအကြား ထောက်ခံမှုရရှိရေး အတွက် အချိန်ကာလ တစ်ခုတွင် တိုင်းရင်းဒေသများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အာဏာပိုင်းကို တိုးမြှင့်ပေးလိုဟန် တွေ့ရသည်။ လက်ရှိအားဖြင့် မလှုပ်သာ မလှည့်သာဖြစ်နေသည်မှာ သိသိသာသာ အပြောင်းအလဲ မပြုလိုခြင်းနှင့် မလုံခြုံမှု ကြီးထွားလာနေခြင်း ဖြစ်သည်။

    စစ်တပ်၏ ခေါင်းမာမှုက စစ်တပ်နှင့် ထိပ်တိုက်တွေ့နေခြင်းကြောင့် ဤအချက်မှာ အထူးအားဖြင့် ဖြစ်နိုင်ချေများနေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်အစိုးရဟောင်း၏လက်ဝေခံ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်များ ပြောင်းလဲရန် မူအားဖြင့် လက်ခံထားခဲ့ပြီးဖြစ်သည်။

    ပွင့်လင်းခေတ်၏ ကနဦးပိုင်းတွင် စစ်တပ်သည် ဦးသိန်းစိန်၏ ပြုပြင် မွမ်းမံခြင်း လုပ်ငန်းစဉ်များနောက် လိုက်ပါရန် တိမ်းညွှတ်ခဲ့၏။ စစ်ဗိုလ်ချုပ်များမှာ မိမိတို့၏ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ကိုယ်ကျိုး စီးပွားမှအပ ၎င်း၏ ဗျူရိုကရက် တစ်ဦးဖြစ်သော သမ္မတ၏ နိုင်ငံရေး အစီအမံများကို ဟုတ်တိပတ်တိ မဆန့်ကျင်ခဲ့ကြ။ သို့သော် ဦးသိန်းစိန်၏ အနီးကပ် ထိပ်တန်းအရာရှိတို့၏ အဆိုအရ သမ္မတ နှင့် စစ်ဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ကွာဟမှု ကြီးမားလာသည်။ ၎င်းတို့ နှစ်ဖက်စလုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သိရသည်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နှောင်းပိုင်း တင်းကြပ်သည့် နည်းစဉ်များမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပုံစံအတိုင်း တစ်ထပ်တည်းဖြစ်လာသည်ဟု ဆိုကြသည်။ ၁၉၉၂ မှ ၂၀၁၁ ခုနှစ်ထိ မြန်မာ့စစ်ခေါင်းဆောင်ဖြစ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နောက်ကွယ်မှကြိုးကိုင်နေသေးကြောင်း ယူဆနိုင်ပေသည်။

    လတ်တလောအနေအထား၌ စစ်ခေါင်းဆောင်များက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ N.D.S.C ၏အခန်းကဏ္ဍကို တိုးချဲ့သွားရန် တောင်းဆိုထားသည်။ ထိုကောင်စီသည် စစ်တပ်သြဇာခံ အဖွဲ့ဝင် ၁၁ ဦးနှင့်ဖွဲ့စည်းထားပြီး နိုင်ငံတော်၏ အရေးပေါ်အခြေအနေတွင် အရပ်သားအစိုးရထံမှ အာဏာ လွှဲပြောင်းရယူခွင့် အပါအ၀င် အလှမ်းကျယ်လှသည့်သြဇာအာဏာများကို ကိုင်စွဲထားသည်။ ပြီးခဲ့သည့်သီတင်းပတ် လွှတ်တော်အတွင်း အချေအတင်ဆွေးနွေးကြရာ၌ လွှတ်တော် အမတ်နေရာ၏သုံးပုံတစ်ပုံ လစ်လပ်ပါက N.D.S.C အနေဖြင့် လွှတ်တော်ကို ရပ်စဲနိုင်ဖို့အထိ စစ်တပ် ကိုယ်စားလှယ်များက အရေးဆိုခဲ့ကြသည်။

    ဤအဆိုပြုချက်မှာ စစ်တပ်မှ ၎င်း၏သြဇာကို တိုးမြှင့်ထူထောင်သွားရန် အကွက်ကျကျ ကြံစည်ကြိုးပမ်းချက်သာ ဖြစ်ပေမည်။ သို့သော် လက်ရှိဖြစ်စဉ်များအနက်မှ တစ်ခုဖြစ်သော – စစ်ဗိုလ်ချုပ်များက နိုင်ငံတကာ အသိုင်းအ၀ိုင်း၏အမြင်၊ မဲဆန္ဒရှင်များ၏ဆန္ဒ၊ ဦးသိန်းစိန်နှင့်ဆက်ဆံရေး စသည်တို့အပေါ် စိုးစဉ်းမျှ အရေးမစိုက်ကြသည်ကို ကြည့်လျှင် ဤအကြောင်းတရားက ခိုင်လုံနေပေသည်။ ကတိက၀တ်ပေးပြီး မရှေးမနှောင်းမှာပင် မြန်မာနိုင်ငံသစ်သည် အတိတ်လမ်းဟောင်းသို့ ပြန်လည် တိုးမျှော်မှု စတင်လာပါတော့၏။

    xxxxxxxxxxxxxxxxxx

    Foreign Policy’s blog Democracy Lab ၏ ပင်တိုင်ဆောင်းပါးရှင် မင်းဇင် ရေးသားသော Return of the Myanmar Military? ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • ၂၀၁၅ အကြို အရွေ့များ

    ၂၀၁၅ အကြို အရွေ့များ

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    .ဆွေမွန် ရေးသည်။

    2015

    ပထမအရွေ့
    =======

    မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို သတိထားလေ့လာမိရင် သမ္မတမျှော်မှန်းသူတွေဟာ ရွေးကောက်ပွဲနှစ်မတိုင်ခင် တရုတ်ကို သွားကိုသွားရတဲ့ ဓလေ့ထုံးတမ်းရှိတယ်လို့ ဆိုနိုင်ပါတယ်။

    လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်း အတိုက်အခံနဲ့ ဆက်ဆံရေးထက်၊ အာဏာရအဖွဲ့နဲ့ ဆက်ဆံရေးကို ဦးစားပေးခဲ့တဲ့ တရုတ်အစိုးရက အခုနှစ်နှစ် သုံးနှစ်လောက်အတွင်း အတိုက်အခံတွေကို တခါပြန်ပြီး ချဉ်းကပ်ဆက်ဆံလာပါတယ်။ (RFA)

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တရုတ်ရဲ့ ဖိတ်ကြားချက်နဲ့ အတိုက်အခံပါတီကိုယ်စားပြုကာ တရုတ်နိုင်ငံကို ဒီဇင်ဘာလမှာသွားမယ်လို့ သတင်းထုတ်ထားတာကြာပါပြီ။

    မနေ့က နိုဝင်ဘာ ၅ ရက်နေ့မှာတော့ ဦးသိန်းစိန်က ဒီလထဲမှာပဲ တရုတ်ကို သူ့ရဲ့ သမ္မတသက်တမ်းအတွင်း ၅ ကြိမ်မြောက်သွားဦးမယ်လို့ ကသုတ်ကရက် ကြေညာပြန်ပါတယ်။

    သမ္မတ ဦးသိန်းစိန်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ ကျင်းပမယ့် ဒေသတွင်း ပေါင်းစည်း ဆက်နွယ်မှုဆိုင်ရာ မိတ်ဖက်ပြုမှု ခိုင်မာစေရေး ဆွေးနွေးပွဲသို့ တက်ရောက်ဖို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က ဖိတ်ကြားထားတာလို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောကြား ချက်ဟာ ယမန်နေ့က ထွက်ပေါ်လာ ခဲ့တာဖြစ်ပါတယ်။

    တရုတ်ကို ဒေါ်အောင်ဆန်းစုကြည်ထက်အရင် စောပြီး သွားဖို့ ဘာကြောင့် လိုအပ်ရသလဲဆိုတဲ့မေးခွန်းထက် တရုတ်သြဇာကို မလွန်ဆန်တဲ့ မြန်မာ သမ္မတအနေနဲ့ တရုတ်ကအပြန်မှာ မြန်မာပြည်သူပြည်သားတွေ အတွက် ဘာအဖြေယူလာမလဲ ဆိုတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် ဖက်က အိုဘားမားအပါအ၀င် အနောက်အုပ်စုနဲ့ ပိုမိုရင်းနှီး ကျွမ်းဝင်သလို ဦးသိန်းစိန်ကလည်း တရုတ်ဖက်ကို သိသိသာသာယိမ်းပြခဲ့ပါတယ်။ အနောက်အုပ်စုနဲ့ ရင်းနှီးနွေးထွေးရုံ သာမက တရုတ်ရဲ့ တိုက်ရိုက်ထောက်ခံရင်းနှီးမှုကို ပြသနိုင်သူဟာ ၂၀၁၅ အတွက် အဖြေတစ်ခုဖြစ်လာစရာ အကြောင်းရင်းဖြစ် လာနိုင်တဲ့ နိုင်ငံရေး အရွေ့တစ်ခုဖြစ်ပါတယ်။

    ဒုတိယအရွေ့
    ========

    အောက်တိုဘာ ၃၁ တွေ့ဆုံပွဲဟာ ဘာအဖြေမှ မထွက်ခဲ့ပါဘူး။ မနေ့က နိုဝင်ဘာ ၅ ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲအရ ဘာသဘော တူညီမှုမှ မရယူခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က “ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။ ကိုယ့်ထင်မြင်ချက်ကို ကိုယ် ပြောကြတာပါပဲ။ အားလုံးကနေပြီးတော့ ကိုယ့်အလှည့်နဲ့ကိုယ် ပြောသွားကြတာပဲ။ အားလုံးကနေပြီးတော့ သဘောတူလား၊ သဘောမတူဘူးလား ဆိုပြီးတော့ ဘာမှ မပြောပါဘူး။ အားလုံးပြောပြီး သွားတဲ့အခါမှာ သမ္မတကြီးက အထွေထွေ ရှိပါသေးလားဆိုတော့ ဘယ်သူကလည်း ဘာမှမပြောတော့ ဒါနဲ့ပဲ ပြီးသွားပါတယ်။ သဘောတူညီချက် ယူခဲ့တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

    ဒါ့အပြင် ”တွေ့ ဆုံဆွေးနွေးပွဲက ဆွေးနွေးရတယ်ဆို တာမရှိဘူး။ သာမန်တွေ့ဆုံမှုသဘော ပဲ။ ဘာမှ အရာမရောက်ဘူး။ ဘာ အဓိပ္ပာယ်မှလည်းမရှိဘူး”လို့ ပွင့်ပွင့်ရှင်းရှင်းပြောခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ ကိုယ့်အမြင်ကို ၁၀ မိနစ်စီ လာပြောဖို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ကာ နိုင်ငံတကာကို အမြင်ကောင်းရုံ “ဓာတ်ပုံနိုင်ငံရေး” လုပ်သွားတာလို့ပဲ မြင်နိုင်ပါတယ်။

    နိုင်ငံအုပ်ချုပ်နေတာ ၄ နှစ်ရှိနေပေမယ့် ဖြေရှင်းနိုင်မယ့်နည်းလမ်း မတွေ့သေးတဲ့ ဦးသိန်းစိန်ရှင်းပြတာကတော့ “ဒီဆွေးနွေးပွဲ ကျင်းပရတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားအင်အားစုများအားလုံး ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို လက်တွဲဖြေရှင်းဖို့နဲ့ စုပေါင်းပြီး နည်းလမ်းများရှာဖွေဖို့ အဓိကရည်မှန်းချက်ထားပြီး ဖိတ်ခေါ်ကျင်းပခဲ့ရခြင်းဖြစ်ပါတယ်၊ နည်းလမ်းများ ရှာဖွေတဲ့အခါမှာလည်း နိုင်ငံရေးအင်အားစုအချင်းချင်း အပြန်အလှန်ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်း နည်းလမ်းတွေကနေ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေး အဖြေရှာရေးဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ ဆွေးနွေးအဖြေရှာကြဖို့ အစပြုကြိုးပမ်း အကောင်အထည်ဖော်ခြင်းပဲဖြစ်ပါတယ်” လို့ ပြောတဲ့အပြင်

    မနေ့က ရေဒီယိုမိန့်ခွန်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ထားပြီး ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို လူသားတစ်ဦးအနေနဲ့ ရသင့်ရထိုက်တဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကိုရရှိဖို့ အရေးကြီးတယ်လို့

    ပြောသွားခဲ့ပါတယ်။

    ဒီလိုမပြောစဖူး ပြောကြားလာတဲ့ နိုင်ငံရေးယဉ်ကျေးမှု၊ လူ့အခွင့်အရေးအကြောင်းတွေအပြင် ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေကို တတိယနိုင်ငံကို ပို့ရမယ်လို့ ကြိမ်းဝါးဖူးတဲ့အပြင် မွတ်ဆလင်တွေအပေါ်မှာ လူ့ဂုဏ်သိက္ခာမပေးဖူးတဲ့ ဦးသိန်းစိန်က ဒီနေ့မှာမှ ထူးထူးခြားခြားကြီးကို ဘယ်လူမျိုး ဘယ်ဘာသာ၊ လူ့ဂုဏ်သိက္ခာ စတဲ့စကားလုံးလှလှလေးတွေကို ဂရုတစိုက် ရွေးချယ်သုံးနှုန်းပြသွားတာကတော့ အိုဘားမားကိုယ်တိုင် ဒီမိုကရေစီဆေးကြီးကို မတိုက်ခင် ကာကွယ်ဆေးကို ကြိုတင်ထိုးထားတဲ့ သဘောလောက်ပဲဆိုတာကတော့ ထင်ရှားနေပါတယ်။

    ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တယ်ဆိုတဲ့ သတင်းဓာတ်ပုံလောက်ကိုပဲ နိုင်ငံတကာအမြင်ကောင်းအောင် လိုချင်တယ်၊ ကျန်တဲ့ ဘာအဖြေကိုမှ မလိုချင်ဘူးဆိုတဲ့ အချက်ကိုလည်း ဖုံးကွယ်မထားခဲ့ပါဘူး။ ဒါကြောင့် အောက်တိုဘာ ၃၁ ဆွေးနွေးပွဲဟာ အများပြည်သူကြားမှာ မျှော်လင့်စရာရောင်ခြည်ရိပ်သန်းခဲ့ပေမယ့် ဘယ်နေရာကိုမှ မရွေ့ခဲ့တဲ့ “ပြစားအရွေ့”တစ်ခုသာ ဖြစ်ခဲ့ပါတယ်။

    တတိယအရွေ့
    =========

    အိုဘားမား မလာခင်က တက်ကြွလှုပ်ရှားနေကြတဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး တပ်သားတွေ ငြိမ်သွားပါပြီ။ အိုဘားမားမလာခင်လေးမှာပဲ အစိုးရကို မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းမလား၊ မပြဋ္ဌာန်းဘူးလားဆိုတာကို တစ်လတိတိစောင့်ကြည့်မှာဖြစ်တယ်၊ ခုတော့ ခဏနားထားပါဦးမယ်လို့ ကြိမ်းမောင်းသယောင် ခြိမ်းခြောက်သယောင်နဲ့ အသာနောက်တစ်လှမ်းကို ဆုတ်ခိုင်းထားလိုက်ပါပြီ။

    အစိုးရရဲ့ ၀ှက်ဖဲဖြစ်တဲ့ မဘသ အမည်ခံ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချကာ မွတ်ဆလင်ဖက်ကို လက်ညှိုးထိုးပြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လူမျိုးရေးဓားနဲ့ ဘာသာရေးဓားနဲ့ နောက်ကျောကဗြောင်ထိုးနေတဲ့ ဒီအဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေဟာ ခဏတာ အရှိန်လျော့သွားပေမယ့် ၂၀၁၄ အကုန် ၂၀၁၅ အဆန်းကနေ တရားပွဲအမည်ခံ နိုင်ငံရေးမဲဆွယ်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲကျင်းပလာမှာကတော့ အမှန်ပဲမို့ ၂၀၁၅ထဲမှာပဲ အမုန်းတရား ဖန်တီးလှုံ့ဆော်မှုတွေ ပိုများလာနိုင်စရာအကြောင်း အများအပြားတွေ့နေရပါသေးတယ်။ ဒီအရွေ့ကြောင့် မြန်မာပြည်ဟာ နစ်မွန်းသည်ထက် နစ်မွန်းစရာတွေပဲ ရှိလာနိုင်ပါတယ်။

    စတုတ္ထအရွေ့
    ========

    ဒီအရွေ့ကြောင့် “ဒုတိယဖုန်းမော် အရေးအခင်း” အဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး တစ်ပြည်လုံးဆိုင်ရာ ပြည်သူ့မကျေနပ်ချက်တွေ ဖွင့်အံဖောက်ထွက်ရာ အထွေထွေဆန့်ကျင် ဆန္ဒပြတာတွေထိ ဖြစ်လာနိုင်ပါတယ်။ ကိုပါကြီးအရွေ့လို့တောင် ပြောနိုင်ပါမယ်။

    အလွတ်သတင်းထောက် ကိုပါကြီးဟာ သတင်းသွားယူရင်း အဖမ်းခံရရာကနေ ကျိုက်မရောမှာ သေဆုံးခဲ့ပြီ၊ ကိုပါကြီးဟာ ထွက်ပြေးဖို့ အစောင့်စစ်သားရဲ့ သေနတ်ကို လုယူတဲ့အတွက် ပစ်ခတ် ဖမ်းဆီးရင်း သေဆုံးရတာဖြစ်တယ်လို့ အစောပိုင်းကတည်းက ကျိုက်မရော မြို့နယ်ရှိ တပ်မ ၂၂ မှ တာဝန်ရှိသူတွေက အခိုင်အမာ ပြောဆို ခဲ့ကြပါတယ်။

    ကိုပါကြီးအသတ်ခံရတဲ့အပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ကြီးထွားလာတဲ့ ဆန္ဒပြတောင်းဆိုမှုတွေကြောင့် မနေ့က နိုဝင်ဘာ ၅ မှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ရွာအနီး မြှုပ်နှံထားတဲ့ သတင်းထောက်ကိုပါကြီးရဲ့ အလောင်းကို ပြန်လည်တူးဖော်ခဲ့ကြပါတယ်။ အလောင်းဖော်ရာမှာပါဝင်ခဲ့တဲ့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က
    “အလောင်းကို ပြန်ဖော်တဲ့ အခါမှာ ဦးခေါင်း ချိုင့်နေတာ တွေ့ရတယ်။ မေးရိုးတွေ ကျိုးပြီး ရွဲ့စောင်းနေတယ်။ ညာဘက် ဒူးခေါင်းနားမှာ အညိုအမည်းနဲ့ ခြေသလုံးရိုး ကျိုးနေတာ တွေ့ရတယ်။ ဆေးရုံက စစ်ပြီးလို့ အလောင်း ပြန်ပေးမလားတော့ မသိဘူး။ ကျနော်တို့က အလောင်းပြန်သယ်ယူခွင့်ရတာနဲ့ ရန်ကုန်ပြန်သယ်ဖို့ အဆင်သင့် ပြင်ထားတယ်” လို့ ပြောခဲ့သလို ဦးနေမျိုးဇင်ကလည်း ဒီဗီဘီ သတင်းဌာနကို ပြောဆိုရာမှာ “ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ” လို့ ပြောကြားပြန်ပါတယ်။

    မော်လမြိုင်ဆေးရုံကြီးကို သယ်သွားပြီး ဆေးစစ်ချက်တွေ ထွက်လာချိန်မှာ သေနတ်ဒဏ်ရာတွေ့ခဲ့ရင်တောင် မျက်နှာ တစ်ဝက်လောက် ကျိုးကြေနေတာတွေ၊ နံရိုးကျိုး၊ မေးရိုးကျိုး၊ သွားကျိုး၊ ခြေသလုံးရိုးကျိုးတာတွေအတွက် ကိုပါကြီးကို နှိပ်စက်ခဲ့ခြင်းမရှိပါဘူးလို့ စစ်တပ်ရဲ့အစောပိုင်း ပြောဆိုချက်တွေနဲ့ အလွဲကြီး လွဲချော်နေတဲ့အပေါ်မှာတော့ စစ်တပ်ရဲ့ အများပြည်သူကျေနပ်စေလောက်တဲ့ အဖြေတစ်ခုဟာ လိုအပ်လာတော့မှာပါ။ ဒီအဖြေဟာ အများပြည်သူကို မကျေအေးစေဘဲ ပိုမိုသွေးဆူစေခဲ့မယ်ဆိုရင် လမ်းပေါ်ကို လူတွေရောက်လာအောင် ဆွဲခေါ်မယ့် အဖွဲ့အစည်းတွေ အလိုအလျောက်ပေါ်လာနိုင်ပါတယ်။ ဒီအဖြေတစ်ခုကြောင့် တိုင်းပြည် အပြောင်းအလဲဖြစ်နိုင်စရာ အများကြီးရှိနေခဲ့ပါပြီ။

    ဒီအဖြစ်အပျက်တွေနဲ့ အပြိုင် အောက်တိုဘာ ၃၁ ဆွေးနွေးပွဲနေ့မှာပဲ ဦးအောင်သောင်းအပေါ် အမည်ပျက်စာရင်းသွင်းကာ အမေရိကန်ရဲ့ အထူးပိတ်ပင်လိုက်တဲ့ ကိစ္စတွေ၊ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်တဲ့ UAB ယူနိုက်တက် အမရဘဏ်ပြသနာတွေ အပြင် ဒေါ်လာဈေးကို အစိုးရဗဟိုဘဏ် ကိုယ်တိုင်က ဈေးတင်ခဲ့တဲ့ အတွက် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်ကာ မြန်မာ့ကျပ်ငွေ တန်ဖိုး စံချိန်တင်ထိုးကျနေတဲ့ဒဏ်ကို ပြည်သူတွေ စတင်ခံစားနေရတဲ့ အချိန်တွေနဲ့လည်း တိုက်ဆိုင်နေပြန်ပါတယ်။

    ဘယ်သူ့ဖက်ကို လှည့်ပြီး အဖြေထုတ်နိုင်မလဲ
    ===============

    နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းတွေ ပေါ်လာတိုင်း အစိုးရအဆက်ဆက်က အဖြေထုတ်ပေးတာက ဘာသာရေးအဓိကရုဏ်းတွေသာဖြစ်တဲ့အတွက် ၂၀၁၂ ကတည်းက မီးလောင်ပြင်တွေ၊ ဒုက္ခသည်စခန်းတွေ၊ လူသေတွေ၊ သွေးညှီနံ့တွေကို ငြီးငွေ့နေသူတွေအများအပြားရှိနေသလို သွေးဆာနေတဲ့ ဘယ်သူသေသေ ပျော်နေတဲ့ ငတေတွေကလည်း အများကြီး မာနေဆဲပါ။ အမုန်းတရားလောင်စာကိုလည်း အပြည့်ဖြန့်ခင်းထားသလို စတင်လောင်ကျွမ်းစေဖို့ မီးစတွေကိုလည်း အဆင်သင့်ကိုင်ဆောင်ထားသူတွေလည်း ရှိနေပါတယ်။

    သွေးထွက်သံယို မဖြစ်ဘဲ နိုင်ငံရေးအပြောင်းအလဲ မဖြစ်ဖူးသေးတဲ့ မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုမှာ ဒီတစ်ကြိမ်မှာတော့ အေးအေးချမ်းချမ်း အပြောင်းအလဲကို ရွေးကြ မလား၊ ထုံးစံအတိုင်း သွေးသံရဲရဲနဲ့ နိုင်ငံရေး အပြောင်းအလဲလမ်းကိုပဲ ရွေးချယ်ကြ မလားဆိုတာက စိတ်ဝင်စားစရာကောင်းလွန်းလှနေပါပြီ။

    ဆွေမွန်

  • တာဝန် အမဲ့ဆုံး၊ စည်းအပျက်ဆုံး အုပ်စု

    တာဝန် အမဲ့ဆုံး၊ စည်းအပျက်ဆုံး အုပ်စု

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    .အောင်တင် ရေးသည်။
    No Evil, Hear No Evil, Speak No Evil
    .မြန်မာ့လူ့အဖွဲ့အစည်းကို သုံးပိုင်းခွဲကြည့်မယ်။

    (၁) အာဏာရှင်ပိုင်း

    (၂) ပြည်သူလူထုပိုင်း

    (၃) နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ တိုင်းရင်းသားခေါင်းဆောင်ပိုင်း

    (၁) အာဏာရှင်ပိုင်း

    အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့နိုင်ငံတိုင်းလောက်မှာ ဒီမိုကရေစီရဲ့ သရုပ်တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲတွေကိုသာ ဟန်ပြလုပ်ပေးပြီး အာဏာကို နည်းမျိုးစုံ (ခြိမ်းခြောက်၊ လာဘ်ထိုး၊ သွေးခွဲ၊ ထောင်ချ၊ လုယက်၊ တိုက်ခိုက်၊ သတ်ဖြတ်၊ ပြည်တွင်းစစ်၊ ခရိုနီ၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုန်းတွေ) သုံးပြီး ဆက်လက် ကိုင်စွဲနေကြတာတွေကို နိုင်ငံအများအပြားမှာ အခုထက်တိုင် တွေ့နိုင်တယ်။

    အာဏာရှင်တွေဟာ ဘယ်ဘာသာကိုမှ ကိုးကွယ်သူတွေ မဟုတ်ဘူး။ သူတို့ကိုးကွယ်တာက အာဏာသာဖြစ်တယ်။ ဒါကြောင့် အာဏာရှင်တိုင်းဟာ မိမိအာဏာကို ထိပါးလာမယ်ဆိုရင် အခြားလူမျိုး၊ အခြားသာသနာကို အသာထား မိမိလူမျိုး၊ မိမိကိုးကွယ်တဲ့ဘုန်းကြီး၊ မိမိကိုးကွယ်တဲ့သာသနာကိုလည်း သတ်ဖြတ်ဖို့ ဖျက်ဆီးဖို့ ဘယ်တုန်းကမှ ဝန်မလေးကြဘူး။ သူတို့ချစ်တာ သူတိုံ့လူမျိုး၊ သူတို့သာသနာ မဟုတ်ဘူး။ သူတို့မုန်းတာလည်း မွတ်စလင်၊ တိုင်းရင်းသား၊ ခရစ်ယာန် မဟုတ်ဘူး။ သူတို့ချစ်တာ အာဏာ၊ သူတို့မုန်းတာက သူတို့အာဏာကို ထိပါးမဲ့သူတွေဘဲ။ ဒါကြောင့် အာဏာအတွက် ဘယ်သူနဲ့မဆို မဟာမိတ်လုပ်နိုင်ကြသလို၊ ဘယ်သူ့ကိုမဆို ရန်သူလုပ်နိုင်ကြသူတွေဖြစ်တယ်။ (အာဏာရှင်ထက်ပိုဆိုးတာက Fanatics and Extremists အစွန်းရောက် အယူအဆရှိသူဖြစ်တယ်။ အာဏာရှင်က အာဏာသာ ရနေမယ်ဆိုရင် ရန်သူကို မိတ်ဆွေလုပ်နိုင်ကြသော်လည်း အစွန်းရောက်က မိမိရဲ့ အစွန်းရောက်ဝါဒအတွက် မတူတဲ့အုပ်စုကို အပြီးတိုင်ချေမှုံးလို သူတွေဖြစ်တယ်။ အစွန်းရောက်တွေမှာ မတူတဲ့ အုပ်စုအတွက် ဘယ်နေရာမှ မရှိဘူး။)

    ဒါကြောင့် အာဏာကို လက်မလွှတ်ရဖို့ နည်းမျိုးစုံနဲ့ြုကိုးစားလုပ်ဆောင်နေတဲ့ အာဏာရှင်အုပ်စုကို အထူးတလည် အပြစ်ထပ်ဆိုစရာ လိုမယ်မထင်ဘူး။ အာဏာရှင်က အာဏာရှင်ရဲ့ အလုပ်ကို အာဏာရှင် ပီသစွာနဲ့ အာဏာရှင်နည်းတွေသုံးပြီး ဆက်လုပ်နေတာဖြစ်တယ်။ သူ့အလုပ်ကို သူဆိုက်လိုက်မတ်တတ် လုပ်နေတာဖြစ်လို့ Consistence ဖြစ်တယ်လို့တောင် ချီးကျူး စကားပြောချင်ရင် ပြောနိုင်ပါသေးတယ်။

    (၂) ပြည်သူလူထုပိုင်း

    အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေအောက်က အထွေထွေမကြေနပ်မှုတွေ၊ ကြပ်တည်းမှုတွေ၊ မတရားမှုတွေ၊ တစ်လျှောက်လုံး ပြန်မပြောဝံ့ဘဲ ခေါင်းငုံ့ခံလာရမှုတွေက တစုံတရာပွင့်လင်းလာတော့ ပွင့်ထွက်လာတယ်။ ပြည်သူလူထုရဲ့ ပွင့်ထွက်မှုတွေက တညီတညွတ်တည်း အာဏာရှင်ဖက်ကို မျှားဦးလှည့်လာရင် အာဏာရှင်တွေ အလျှင်အမြန် ပြုတ်ကျသွားမှာ အသေအချာဖြစ်တယ်။

    ဒါကြောင့် အဲဒီပွင့်ထွက်လာမှုကို အာဏာရှင်ဖက်ကို ဦးမတည်လာဖို့ အာဏာရှင်တွေက လူ့အဖွဲ့အစည်းအတွက် ရန်သူသစ်ကို ဖန်တီးပေးကြတယ်။ အာဏာရှင်တပိုင်း၊ ဒီမိုကရေစီတစ်ပိုင်းနိုင်ငံတွေမှာ အလွယ်ဆုံး၊ ကုန်ကျမှုအနည်းဆုံး၊ အကျအဆုံးအနည်းဆုံးနှင့် အထိရောက်ဆုံး၊ အကျိုးအမြတ်အသေချာဆုံးက မိမိကိုင်စွဲထားတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တယားတွေကိုသုံးပြီး လူ့အဖွဲ့အစည်းကို လူမျိုးရေး ဘာသာရေးအစွန်းရောက်လာအောင် ကောလဟလတွေဖန်တီးခြင်း၊ အကြမ်းဖက်မှုတွေဖြစ်ပွါးစေခြင်း၊ လူတွေကို အကြောက်တရား ဖိစီးထားစေခြင်းတို့ဖြစ်တယ်။

    တချိန်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းစဉ်အောက်မှာ တစုံတရာညီညွတ်မှုရှိခဲ့တဲ့ လူ့အဖွဲ့အစည်းဟာ ရန်သူအစစ်ပျောက်ပြီး အဖိနှိပ်ခံရသူအချင်းချင်း ရန်သူလုပ်၊ အချင်းချင်းတိုက်ခိုက်လာကြတဲ့အတွက် အစိပ်စိပ် အမွှာမွှာ ကွဲပြားကုန်တယ်။ အလွယ်ဆုံး ထင်သာမြင်သာ ဥပမာတစ်ခုပေးရရင် အမြဲတန်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုဖက်က တစိုက်မတ်မတ် ညီညီညွတ်ညွတ် ရှေ့တန်းက ကြံ့ကြံ့ခံရပ်တည်နေခဲ့တဲ့ သံဃာတွေတောင်မှ ဒီမိုကရေစီထောက်ခံတဲ့ သံဃာနဲ့ အာဏာရှင်ထောက်ခံတဲ့ သံဃာဆိုပြီး နှစ်ခြမ်း ဗြန်းကနဲ ကွဲသွားတာကို ကြည့်ပါ။

    လူသားမျိုးဆက်နှစ်ဆက်ကျော်ကြာအောင် ပိတ်လှောင်ခံထားရတဲ့ လူ့အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဏာရှင်များလှည့်ကွက်ထဲကို လူထုတွေက အလွယ်တကူ သက်ဆင်းသွားတတ်တယ်။ ဒါကြောင့် ပြည်သူလူထုပိုင်းကိုလည်း အထူးအပြစ်ဆိုဖို့ မသင့်ပြန်ဘူး။

    တိုးတက်ပါတယ်၊ အမြင်ကျယ်ပါတယ်ဆိုတဲ့ ရှစ်လေးလုံး ဒီမိုကရေစီရေးခေါင်းဆောင် ကိုကိုကြီးတောင် မှူးဇော်ရဲ့ ခလေးကွက်ကို မှီအောင် ပုဆိုးမနိုင်၊ ပုဝါမနိုင်နဲ့ အတင်း ဒုန်းစိုင်းပြေးလိုက်ရင်း အခုဘဲ တပ်ထဲဝင်၊ တပ်မတော်နဲ့ လက်တွဲပြီး ရှေ့တန်းထွက်တိုက်တော့မဲ့အလား ကြိမ်းလား၊ ဝါးလား၊ ဟိန်းလား၊ ဟောက်လား လုပ်လာတယ်။

    (၃) နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ တိုင်းရင်းသားခေါင်းဆောင်ပိုင်း

    ၁၉၅၈က ပြည်တွင်းစစ်ကို အကြောင်းပြပြီး စစ်အုပ်စုက ၆လသက်တန်းပေးအပ်ထားတဲ့ အာဏာကို နှစ်နှစ်သက်တန်းအထိ ဆွဲဆန့်နိုင်ခဲ့ခြင်းဖြင့် ကံဆိုးလှတဲ့ မြန်မာပြည်မှာ စစ်အာဏာရှင် စနစ် စတင်အမြစ်တွယ်လာခဲ့တယ်။ အာဏာအရသာကို စတင်မြီးစမ်းဖူးသွားခဲ့တဲ့ စစ်အုပ်စုဟာ သိပ်မကြာခင် ဖက်ဒရယ်ကို အကြောင်းပြပြီး ၁၉၆၂မှာ အာဏာသိမ်းခဲ့တယ်။ ကွန်မြူနစ်ကို အကြောင်းပြပြီး ၁၉၈၈မှာ အာဏာဆက်ယူ သွားခဲ့ပြန်တယ်။၂၀၀၈ ဖွဲ့စည်းပုံနဲ့  နှစ်နှစ်ဆယ်ကျော်ကြာအောင် အသစ်တဖန် လေ့ကျင့်မွေးထုတ်ထားတဲ့ နိုင်ငံရေးအင်အားစုကို ယုံကြည်စိတ်ချလာတဲ့ အာဏာရှင်တွေက ရွေးကောက်ပွဲစနစ်ကို ၂၀၁၀မှာ စတင်ကျင့်သုံးခွင့်ပြုခဲ့တယ်။

    သို့သော် ၁၉၉၀ ရွေးကောက်ပွဲမှာ တစညကို အဟုတ်ထင်ခဲ့တဲ့ အာဏာရှင်အုပ်စုဟာ ၂၀၁၂မှာ ပြည်ခိုင်ဖြိုးကိုလည်း အတွက်မှားခဲ့ပြန်တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကို အပြတ်အသတ်ရှုံးခဲ့ခြင်းဟာ နတ်သမီး အိပ်မက်မက်နေခဲ့တဲ့ အာဏာရှင်တွေကို ထိန့်လန့်တကြား လန့်နိုးလာစေခဲ့တယ်။ ၂၀၁၂မှာ ကြားဖြတ်မှာ လုံးဝ မမျှော်လင့်ထားဘဲ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့ ရှုံးပွဲကြီးအပေါ် ပြည်ခိုင်ဖြိုးခေါင်းဆောင် ဦးဌေးဦးက ၂၀၁၅ ရွေးကောက်ပွဲကျရင်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလို မရှုံးရအောင် ကျနော်တို့မှာ ပလန်အေ မရရင် ပလန်ဘီ၊ ပလန်စီ စသဖြင့် အဆင့်ဆင့်ရှိထားပါတယ်လို့ ထုတ်ဖေါ်ပြောလာခဲ့တယ်။

    ပြည်တွင်းစစ်၊ ဖက်ဒရယ်၊ ကွန်မြူနစ်ဆိုတာတွေနဲ့ အာဏာသက်ရှည်ခဲ့သူတွေဟာ နည်းဟောင်းတွေကို ဆက်သုံးလို့ မဖြစ်တော့တဲ့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ အင်မတန်ထိရောက်တဲ့ နည်းလမ်းသစ်တစ်ခုကို ရှာတွေ့ခဲ့ကြတယ်။

    ရခိုင်ပြည်နယ် လူမျိုးရေး အဓိကရုန်းကို ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကို ရှုံးပြီးမှ စတင်ခဲ့တာဖြစ်တယ်။ အဲဒီမတိုင်ခင်ကဆို သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်က မွတ်စလင်တွေဟာ အင်မတန်မြန်မာဆန်ကြတယ်လို့တောင် ပြောခဲ့သေးတယ်။

    သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး(မှူးဇော်)က သူ့ဖေ့စ်ဘွတ်ကနေ ပြည်ပက လက်နက်ကိုင်တပ်တွေ ရခိုင်ပြည်နယ်ကို ကျူးကျော်လာပါပြီဆိုပြီး သတင်းမှားတွေ တမင်ထုတ်လွှင့်ပြီး ရခိုင်ပြည်နယ်က လူမျိုးရေးအထိကရုန်းကို လူသိရှင်ကြား စတင်ဦးဆောင် လှုံ့ဆော်ခဲ့တယ်။ (အဲဒီသတင်း လုံးဝမမှန်ကြောင်း ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ရခိုင်ပြည်နယ် နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းတို့က နောက်ပိုင်းမှာ တရားဝင် အတိအလင်း ငြင်းဆိုခဲ့ကြတယ်။) ချက်ချင်းဆိုသလို တစ်တိုင်းပြည်လုံးမှာ အမျိုးသားရေး အစွန်းရောက်ဝါဒတွေနဲ့ သွေးဆူလာကြပြီး တစ်နိုင်ငံလုံးကို ဒီနေ့ မနက်ဖန်ဘဲ ကုလားတွေဝင်သိမ်းတော့မလို လူထုက စိုးရိမ်လာတယ်။ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီမိုကရေစီရေး၊ ပြည်ထောင်စုရေးက နောက်တန်းကို ဒလိမ့်ခေါက်ကွေး ခွေးကျ ဝက်ကျ ကျသွားခဲ့တယ်။ အမျိုးသားလုံခြုံရေး၊ တိုင်းပြည်ကာကွယ်ရေးနှင့် အမျိး၊ ဘာသာ၊ သာသနာက ထိပ်တက်လာကာ တစ်နိုင်ငံလုံးရဲ့ သေရေးရှင်ရေးဖြစ်လာတယ်။ အမျိုး ဘာသာ သာသနာကိုမှ ရှေ့တန်းမတင်ရင် အမျိုးသားရေးကို သစ္စာဖောက်သူတွေ အလိုလိုဖြစ်လာတယ်။

    တိုးတက်ပါတယ်၊ အမြင်ကျယ်ပါတယ်ဆိုတဲ့ ရှစ်လေးလုံး ဒီမိုကရေစီရေးခေါင်းဆောင် ကိုကိုကြီးတောင် မှူးဇော်ရဲ့ ခလေးကွက်ကို မှီအောင် ပုဆိုးမနိုင်၊ ပုဝါမနိုင်နဲ့ အတင်းဒုန်းစိုင်းပြေးလိုက်ရင်း အခုဘဲ တပ်ထဲဝင်၊ တပ်မတော်နဲ့ လက်တွဲပြီး ရှေ့တန်းထွက်တိုက်တော့မဲ့အလား ကြိမ်းလား၊ ဝါးလား၊ ဟိန်းလား၊ ဟောက်လား လုပ်လာတယ်။ စစ်အာဏာရှင်တွေရဲ့ သဘော သဘာဝတွေကို ဒီမိုခေါင်းဆောင် အများအပြားက လုံးဝ မေ့ထားလိုက်ကြတယ်။ ကိုကိုကြီး လိုခေါင်းဆောင်တွေ ရဲ့ ကျေးဇူးကြောင့် အာဏာရှင် အုပ်စုလည်း တိုင်းပြည်ကို ကာကွယ်မဲ့ ကျေးဇူးရှင် သူရဲကောင်းတွေ နေ့ချင်းညချင်းဖြစ်လာခဲ့တယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတရေး တောင်းဆိုတိုက်ပွဲဝင်သံတွေ တိုးညှဉ်း ဆိတ်သုဉ်းသွားတယ်။ ဒီတစ်ပွဲမှာလည်း အရင်ပွဲတွေလိုဘဲ ဒီမိုကရေစီ အုပ်စုဟာ မြင်မကောင်းအောင် သွေးသံ တရဲရဲ ကျိုးပဲ့ဖူးယောင်ပြီး ဒိုင်ပွဲရပ်နဲ့ ရှုံးသွားပြန်တယ်။

    ဒီအန္တရာယ်ကို မြန်မာပြည်က လူထုခေါင်းဆောင်တွေ ကြိုပြီး မမြင်ခဲ့ဘူး။ မသိခဲ့ဘူး။ သတိပေးထောက်ပြမဲ့သူ မရှိခဲ့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။

    အာဏာရှင် စနစ်ဟောင်းရဲ့ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုမှုကြောင့် လူ့အဖွဲ့အစည်း အစိပ်စိပ် အမွှာမွှာကွဲကာ ဒုက္ခတွေ့နေဆဲဖြစ်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေ၊ အာဏာရှင်တွေအကြောင်း နောကြေနေတဲ့ နိုင်ငံတကာ ပညာရှင်တွေက ရှစ်လေးလုံး အပါအဝင် အဖွဲ့အစည်းခေါင်းဆောင်တွေ၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို လူမျိုးရေး၊ ဘာသာရေးခေါင်းစဉ်တွေဟာ ထောင်ချောက်ဖြစ်တယ်။ တမင်လမ်းလွှဲနေတာဖြစ်တယ်။ သိပ်အန္တရာယ်ကြီးတယ်။ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုတွေကို အညွန့် အညှောက်တောင် အပေါက်မခံကြပါနဲ့။ နုစဉ်ကတည်းက အရေးတကြီးကိုင်တွယ်ကြဖို့၊ အမြစ်ဖြတ် သုတ်သင်ဖို့ တိုက်တွန်းခဲ့ကြတယ်။ အရှိန်အဟုန်မကြီးမားလာခင် မသုတ်သင်နိုင်ခဲ့ရင် ဒီမိုကရေစီရေး၊ ပြည်ထောင်စုရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသဖြင့် ကဏ္ဍအားလုံး ပျက်ဆီးသွားလိမ့်မယ်လို့ ဆွေးနွေးပွဲတွေ၊ ဟောပြောတွေ အများအပြားလုပ်ပြီး သတိပေးခဲ့တယ်။

    ဘယ်ထင်ရှားတဲ့၊ တာဝန်ရှိတဲ့ လူထုခေါင်းဆောင်၊ ဘယ်ပါတီခေါင်းဆောင်၊ ဘယ်တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်က ဒီသတိပေးချက်ကို အထူးအလေးထားခဲ့တာ ရှိသလဲ။ လူမျိုးရေး ဘာသာရေးအစွန်းရောက်မှုတွေကို ကြုံပြောပြောတာလောက်၊ ငါးပွက်ရာ ငါးစာချတာလောက်၊ ဖြစ်မှပြောလိုက် တာလောက်က လွဲရင် ဘယ်ခေါင်းဆောင်က ဒါဟာ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေး အတွက် ထောင်ချောက်ဖြစ်တယ်လို့ အလေးအနက်မြင်သူ ရှိပါသလဲ။

    တစ်ကယ်တော့ မွတ်စလင်တွေကို တိုက်ခိုက်လာခြင်းဟာ မွတ်စလင်တွေက အာဏာရှင်အုပ်စုကို ခြိမ်းခြောက်နေလို့ မဟုတ်ဘူး။ အာဏာရှင်အုပ်စုကို ခြိမ်းခြောက်နေသူတွေနှင့် အာဏာရှင်စနစ်က စိုးရိမ်ကြောက်ရွံ့သူတွေက မွတ်စလင်လည်း မဟုတ်ဘူး။ ဒီမိုနဲ့ တိုင်းရင်းသားအုပ်စုသာဖြစ်တယ်။ ဒီမိုအုပ်စုနဲ့ တိုင်းရင်းသားအုပ်စုကို ချိနဲ့စေဖို့၊ ပြည်သူလူထုက ဒီမိုနှင့် တိုင်းရင်းသားအုပ်စုတွေကို ထောက်ခံမှု လျော့ကျလာစေဖို့ အာရုံလွှဲရေးအတွက် မွတ်စလင်တွေကို ဓါးစာခံလုပ် တိုက်ခိုက်လာခြင်းဖြစ်တယ်ဆိုတာနဲ့ မွတ်စလင်တွေကို တိုက်ခိုက်ခြင်းသည် ဒီမိုနဲ့ တိုင်းရင်းသားအရေးကို တိုက်ခိုက်ဖို့ အကြိုစစ်ပြင်ခြင်းဖြစ်တယ် ဆိုတာ မြင်နိုင်တဲ့ အရည်အချင်းရှိသော ခေါင်းဆောင်ကော ဘယ်နှစ်ယောက်ရှိသလဲ။

    မြင်ပါတယ်ဆိုရင်တောင် ဒီလိုတိုက်ခိုက်လာမှုကို ကာကွယ်နိုင်တဲ့၊ တုန့်ပြန်နိုင်တဲ့ခေါင်းဆောင် မြန်မာပြည်မှာ လုံးဝမရှိဘူး။ တစ်ယောက်မှ မရှိဘူးလို့ ပြောရဲပါတယ်။

    ENC (Ethnic Nationalities Council)ရဲ့ အထွေထွေအတွင်းရေမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာဆလိုင်း လျှံမုန်းဆာခေါင်း (လက်ရှိ ပြည်တွင်း တိုင်းရင်းသား အရေးတွေမှာ ဆက်လက်ဦးဆောင်နေဆဲဖြစ်သူ) က ကရင်အပါအဝင် တိုင်းရင်းသားတွေရဲ့ တော်လှန်ရေး အကြပ်အတည်းအပေါ် စာတန်းတစ်စောင်ကို လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ရေးခဲ့တယ်။

    ကျနော်မှတ်မိသလောက် အဲဒီစာတန်းထဲမှာ သူရေးခဲ့တာက –

    Shan against Kachin, Kachin against Karen and Karen against Mon. Everyone is against everyone but altogether are against Muslim. ရှမ်းနဲ့ ကချင် ဆန့်ကျင်တယ်။ ကချင်နဲ့ ကရင် ဆန့်ကျင်တယ်။ ကရင်နဲ့ မွန် ဆန့်ကျင်တယ်။ တိုင်းရင်းသားတွေအားလုံး အချင်းချင်း တစ်ဦးနဲ့တစ်ဦး အကုန်ဆန့်ကျင်နေကြတယ်။ သို့သော် အားလုံးက မွတ်စလင်ကိုတော့ တညီတညွတ်တည်း ဝိုင်းဆန့်ကျင်ကြတယ်လို့ ဖြစ်တယ်။

    ဒီနေ့အခြေအနေကို ကျနော့သုံးသပ်ချက်က

    နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားခေါင်းဆောင်ပိုင်းကို မွတ်စလင်နဲ့ ပတ်သက်လာရင် အုပ်စုသုံးအုပ်စု ခွဲမြင်ပါတယ်။ AM အုပ်စု၊ IM အုပ်စုနဲ့ JM အုပ်စုဖြစ်တယ်။

    AM (Anti-Muslim)အုပ်စုက မွတ်စလင်မုန်းတီးရေး အင်အားစုဖြစ်တယ်။

    IM (Indifference to Muslim) အုပ်စုက မွတ်စလင်တွေ ခံစားနစ်နာနေရတာကို လုံးဝ ဂရုမစိုက်တဲ့အုပ်စုဖြစ်တယ်။ မွတ်စလင်တွေ များများသေလေ မြန်မြန်ကောင်းလေ လို့ ယူဆတဲ့အုပ်စုဖြစ်တယ်။ တတ်နိုင်သလောက် မသိချင်ယောင်ဆောင်နေကြသူများဖြစ်တယ်။ ကြုံလာရင်လည်း အဆင်ပြေသလိုသာ လူကြားကောင်းအောင် ဝတ်ကျေတန်းကျေ ပြောလိုက်ကြသူများဖြစ်တယ်။

    JM (Justice to Muslim) အုပ်စုက မွတ်စလင်တွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပွင့်ပွင့်လင်းလင်း စာနာတဲ့၊ ကူညီတဲ့အုပ်စုဖြစ်တယ်။

    လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဒေါက်တာဆလိုင်းလျှံမုန်း ဆာခေါင်းရဲ့ ခွဲခြမ်းသုံးသပ်ချက်ဖြစ်တဲ့ တိုင်းရင်းသားတွေက မွတ်စလင်တွေအပေါ်ထားရှိခဲ့သော သဘောထားသည် အခုအခါ ပိုတိုးတက်လာသလား။ ပိုဆုတ်ယုတ်သွားသလားဆိုတာကို စာဖတ်သူတွေ သုံးသပ်ဖို့ဖြစ်တယ်။

    ထိုနည်းအတိုင်းဘဲ ယနေ့ကာလ ကျနော့ သုံးသပ်ချက်ဖြစ်တဲ့ အုပ်စုသုံးအုပ်စုမှာ မွတ်စလင်ဆန့်ကျင်သူတွေက အများစုလား။ များများသေ မြန်မြန်အေးဆိုပြီး မသိချင်ယောင်ဆောင်နေသူတွေက အများစုလား။ များရင် ဘယ်နှစ်ရာခိုင်နှုံးလောက်အထိ များနိုင်သလဲ။ မွတ်စလင်တွေကို စာနာကူညီတဲ့သူတွေက အနည်းစုလား။ နည်းရင် ဘယ်နှစ်ရာခိုင်နှုံးအထိ နည်းနိုင်သလဲဆိုတာကိုလည်း စာဖတ်သူတွေ ဆက်လက်သုံးသပ်ဖို့ဖြစ်ပါတယ်။

    နိဂုံးချုပ်အပိုင်းကို ဆက်ရေးပါမယ်။

    ရာစုနှစ်တစ်ဝက်ကျော် ယနေ့ထက်တိုင် ခွဲခြားဖိနှိပ်ခံနေရပြီး မြန်မာ့လူအဖွဲ့အစည်းရဲ့ အောက်ဆုံး၊ အဖိနှိပ်အခံရဆုံးအလွှာမှာရှိနေတဲ့အပြင် တရားဝင်ကိန်း ဂဏန်းများအရ လေးရာခိုင်နှုံးထက် မပိုတဲ့ မွတ်စလင်တွေဟာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဘယ်လူမျိုး ဘယ်ဘာသာကိုမှ ဘယ်တုန်းကမှ ခြိမ်းခြောက်နိုင်ခဲ့တဲ့ အင်အားစု မဟုတ်ဘူး။ အမှန်က အစဉ်အဆက် အခြိမ်းခြောက်ခံတွေသာဖြစ်တယ်။ အဖြည့်ခံတွေသာ ဖြစ်ခဲ့တယ်။

    အာဏာရှင်နဲ့ပေါင်းပြီး အဆင်ပြေနေတဲ့ မပြောပတဲ့ လက်တစ်ဆုပ်စာလောက်က လွဲရင် အမြဲတန်းသိမ်ငယ်နေရတဲ့၊ ဆင်းရဲကြပ်တည်းနေတဲ့၊ အနှိမ်ခံနေရတဲ့ လူအုပ်စုကလေးဟာ အာဏာကို လက်မလွှတ်လိုသူ တစ်စုရဲ့ ဖန်တီးမှုကြောင့် ၉၆%သော မြန်မာနှင့် တိုင်းရင်းသားတွေအားလုံးကို အမြစ်ဖြုတ်ဖို့ ခြိမ်းခြောက်နေ တဲ့ ကြောက်စရာ လန့်စရာ အင်အားစုအဖြစ် နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့ရတယ်။ အကျိုးဆက်အဖြစ် အာဏာရှင် အဆက်ဆက်အောက်မှာတောင် မခံစားခဲ့ရဖူးတဲ့ ရက်ရက်စက် တိုက်ခိုက်မှုတွေကို ဒီမိုကရေစီကိုသွားနေပါပြီဆိုတဲ့ခေတ်ကျမှ ပက်ပက်စက်စက် ခံလိုက်ရခြင်းဖြစ်တယ်။ နောင်လည်း ဆက်လက်တိုက်ခိုက်ခံရအုံးမဲ့ အနေအထားတွေက ယနေ့အချိန်အထိ ရှိနေဆဲဖြစ်တယ်။

    မွတ်စလင်တွေမှာ မိတ်ဆွေနည်းလာတယ်။ အထီးကျန်ဖြစ်လာတယ်။ အကြမ်းဖက်ခံရတဲ့ မွတ်စလင်တွေကိုဘဲ အကြမ်းဖက်သမားလို့တောင် အခေါ်ခံလာရတယ်။ အကြမ်းဖက် အဖျက်ခံရတဲ့ ပလီတွေကို အကြမ်းဖက်မဲ့ ခံတပ်တွေလို့ မရှက်မကြောက် ပြောလာကြတယ်။

    သို့သော် အားလုံး စဉ်းစားကြစေချင်ပါတယ်။ အကြမ်းဖက်သမားများက အထူးစဉ်းစားပါ။

    အကြမ်းဖက်မှုတွေနဲ့ မွတ်စလင်ဘယ်နှစ်ရာကို သတ်နိုင်ခဲ့သလဲ။ ဘယ်နှစ်ထောင်ကိုကော ဆက်သတ်နိုင်အုံးမယ်ထင်သလဲ။ မွတ်စလင်တွေ အကုန်လုံးကို ဘယ်တော့မှ ဘယ်သူကမှ မသတ်ပစ်နိုင်ပါဘူး။

    အကြမ်းဖက်မှုတွေကြောင့် မြန်မာပြည်က မွတ်စလင်တွေနဲ့ မွတ်စလင်တွေကိုးကွယ်ယုံကြည်တဲ့ သာသနာရဲ့ ဂုဏ်သိက္ခာက ကမ္ဘာ့အလည်မှာ ကျဆင်းသွားသလား။ တိုးမြင့်လာသလား။ အကြမ်းဖက်သူတွေနဲ့ အကြမ်းဖက်သူတွေ ကိုးကွယ်ယုံကြည်တဲ့သာသနာရဲ့ ဂုဏ်သိက္ခာက ကမ္ဘာ့အလည်မှာ တိုးတက်လာသလား၊ ကျဆင်းသွားသလား။

    ဘယ်လိုဘဲ ဖိနှိပ်ရက်စက်မှုတွေ ရှိနေပါစေ။ ကမ္ဘာတည်သရွေ့ မြန်မာတည်သလို၊ မြန်မာတည်သရွေ့ မွတ်စလင် တည်မှာဖြစ်တယ်ဆိုတာကို မြင်ကြပါ။

    စာနာတတ်သူ တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူတွေနဲ့ လက်တွဲပြီး မွတ်စလင်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းတွင်းမှာ ပြန်ရပ်တည် ဦးမော့လာကြမှာဖြစ်တယ်။ သမိုင်းရဲ့ နေရာမှန်ကို ကျနော်တို့ ပြည်လည်ဖေါ်ထုတ် ရယူသွားမှာဖြစ်တယ်။ ဒီနေ့မဟုတ်ရင် မနက်ဖန်၊ ဒီနှစ်မဟုတ်ရင် နောက်နှစ်၊ ဒီမျိးဆက်မဟုတ်ရင် နောက်မျိုးဆက် ကျနော်တို့ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြမှာပါ။

    ငြိမ်းချမ်းရေးကိုလိုလားသော၊ နိုင်ငံသားကောင်း ပီသသော၊ အပြန်အလှန်လေးစားမှုကို တည်ဆောက်လိုသော မွတ်စလင်တွေအတွက် ကာလသုံးပါးလုံးဖြစ်တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သမိုင်း ဘယ်တော့မှ မရိုင်းဘူးဆိုတာ ကျနော်တို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ ကျနော်တို့မှာ မနက်ဖန်ရှိတယ်။ ကျနော်တို့မှာ အနာဂတ်ရှိပါတယ်။

    တာဝန်မဲ့အုပ်စုတွေရဲ့ ခေါင်းဆောင်လုပ်သူတွေသာ မိမိအမှားကို မိမိမြင်၊ မိမိအချိုးကို မိမိပြင်ပြီး လမ်းမှန်ပေါ်မှာ ရဲရဲပြန်ရပ်ပြီး ပြည်သူကို အချိန်မီ ဦးဆောင်မှုပေးနိုင်ဖို့ လိုအပ်နေပါတယ်။

    အချိန်မီ မပြင်နိုင်ကြဘူးဆိုရင်ဖြင့် အာဏာရှင်အုပ်စုက သမိုင်းတရားခံဖြစ်မဲ့ သမိုင်းတရားခွင်မှာ ခင်ဗျားတို့တွေလည်း ပူးတွဲတရားခံတွေ ဖြစ်ကုန်ကြမှာ အသေအချာဖြစ်တယ်။

    အောင်တင်

    မှတ်ချက်။ ။ ဒီဆောင်းပါးထဲက အကြောင်းအရာအချို့ဟာ နိုဝင်္ဘာလ(၁)ရက်နေ့က မသီတာ(စမ်းချောင်း) နေဘုန်းလတ်(ဘလော့ဂါ) ခင်မြဇင်တို့ရဲ့ တိုရန်တိုဟောပြောပွဲမှာ သူတို့အမြင်ကို မေးကြည့်မယ်လို့ မူလက စိတ်ကူးထားခဲ့တဲ့ အပိုင်းတွေလည်းပါဝင်ပါတယ်။ အဲဒီပွဲမှာ အဆင်မပြေတာလေးတစ်ခုကြောင့် မမေးဖြစ်ခဲ့ဘူး။

  • အကြမ်းဖက်မှုအား တန်ပြန် စစ်ဆင်ရေး အပေါ် ပြန်လည် သုံးသပ်မိသမျှ

    အကြမ်းဖက်မှုအား တန်ပြန် စစ်ဆင်ရေး အပေါ် ပြန်လည် သုံးသပ်မိသမျှ

    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media

    20141027133319738734_20
    စစ်ရေးချဉ်းကပ်မှုက အတောမသတ်နိုင်သော အကြမ်းဖက်မှုသံသရာကို ဖြစ်ပွားစေသည်။ ဓာတ်ပုံ – ရိုက်တာ

    ပြီးခဲ့သော ရက်သတ္တပတ်၌ “တစ်ကိုယ်တော်ဝံပုလွေ” ဟု ခေါ်ဆိုကြသည့် အကြမ်းဖက်သမားတစ်ဦးက ကနေဒါနိုင်ငံကို တိုက်ခိုက်သည်။ အလားတူစွာပင် ကမ္ဘာတစ်ဝှမ်း ပျက်လိုဖျက်ဆီးလုပ်ရပ်တို့နှင့်ဆက်နွယ်နေသော အကြမ်းသမားတို့၏ ယေဘူယျအခြေအနေကို မြင်တွေ့နေရသည်မှာလည်း ဆယ်စုနှစ်အနည်းငယ်ရှိနေလေပြီ။ ယနေ့ခေတ်နှောင်းပိုင်းတွင် အတိုင်းအတာတစ်ရပ်အထိ မြင့်မားလာသော အကြမ်းဖက်မှုနှင့် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ပထ၀ီနိုင်ငံရေးလှုပ်ခတ်မှုဖြစ်စေသည့် အယူသည်း အစွန်းရောက်ဝါဒပြဿနာအား မည်သို့မည်သို ချဉ်းကပ်ကိုင်တွယ်သင့်ကြောင်း ကျွန်ုပ်တို့မှ ပြန်လည်တွေးခေါ်သုံးသပ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ စစ်ရေးချဉ်းကပ်မှုက အတောမသတ်နိုင်သော အကြမ်းဖက်မှုသံသရာကို ဖြစ်ပွားစေသည်။

    “ခင်ဗျားတို့ ကိုင်စွဲထားတဲ့ကိရိယာက သံတူတစ်မျိုးတည်းဖြစ်နေခဲ့ယင် ပြဿနာတိုင်းကို ခင်ဗျားတို့ဟာ သံချောင်းတစ်လိုသာ ကြည့်မြင်ဖြေရှင်းဖို့များနေတယ်” ဟူသည့် Maslow ၏ Law of the Instrument ကို ပိဏ္ဍတ္ထပြုရပါလျှင် –
    “အကြောင်းမလှစွာဖြင့် နိုင်ငံရေးခေါင်းဆောင်များ အကြားတွင်လည်း တန်ပြန် အကြမ်းဖက်မှု ဗျူဟာများကို ဆွေးနွေးရာ၌် ဤပုံစံခွက်အတိုင်း စည်းမျဉ်းပြုလေ့ရှိတတ်ကြ၏။ မိမိတို့ထံရှိသော ပစ္စည်းသေတ္တာအတွင်းမှ ကိရိယာတန်ဆာပလာများကိုသာ အသုံးချပြီး  ဥပဒေပြုခြင်း သို့မဟုတ် စစ်ရေးအားဖြင့် ချဉ်းကပ်လေ့ရှိကြောင်း အများအားဖြင့် တွေ့ကြရပေသည်။ စစ်ရေးချဉ်းကပ်မှုက အတောမသတ်နိုင်သော အကြမ်းဖက်မှုသံသရာကို ဖြစ်ပွားစေသည်။ သို့ပြုခြင်းကြောင့် အပြစ်မဲ့အရပ်သားများ ကြားညှပ်ခံနေရသည့် ပြဿနာကို ဖြစ်ပေါ်လာစေတော့သည်။ စစ်သွေးကြွ အစွန်းရောက်သူများကို သုတ်သင်နိုင်သည်ဖြစ်စေ၊ လက်ရ အောင်ပွဲခံနိုင်သည်ဖြစ်စေ ၎င်းတို့နေရာတွင် ပို၍ အစားထိုးဝင်ရောက်လာသည်ကို ထာဝစဉ်တွေ့နေရသည်။ တစ်ကောင်သေ ဆယ်ကောင်ထွက်သော ကစားနည်းနှင့် များစွာတူဆင်နေတော့သည်။

    လူထုထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့်ရရေး အတွက် အကြမ်းဖက်သမားများ အဖြစ် ရှာဖွေသတ်မှတ်နှိပ်ကွပ်ရန် ဥပဒေထုတ်ပြန်သောနည်းလမ်းကို အားသန်ချဉ်းကပ်လေတိုင်း တကယ့်တိုက်ခိုက်မှု တစ်ရပ်ပြီးသွားသည့်နောက်ပိုင်းအထိ စုံစမ်းစစ်ဆေးခြင်း ကိစ္စက မစတင်ခဲ့ကြောင်း လက်တွေ့မျက်တွေ့ အခြေအနေများက ဖော်ပြနေသည်။ နိုင်ငံတစ်ခု၏ယေဘူယျ အကြမ်းဖက်မှုဆိုင်ရာ တန်ပြန်ဗျူဟာများ၌ အဆိုပါရွေးချယ်မှု နှစ်ရပ်စလုံးက မရှိမဖြစ်အရေးပါသည့် ကိရိယာများဖြစ်သော်လည်း ပြဿနာ၏ လက်ဦးအကြောင်းရစ်မြစ်ဖြစ်သော အယူသည်းအစွန်းရောက်မှုကို အမြစ်မလှန်နိုင်ကြောင်း နားလည်ဖို့ အလွန်အရေးကြီးသည်။ CVE – Countering Violent Extremism အမည်ရှိ အကြမ်းဖက်အစွန်းရောက်စနစ်တန်ပြန်ချေမှုန်းရေးအတွက် ထိရောက် အကျိုးရှိသည့် ရေရှည်အစီအမံများ ပါဝင်သော စွယ်စုံအသုံးချပစ္စည်းသေတ္တာတစ်လုံး လိုအပ်ပါသည်။

    အစွန်းရောက်ခြင်း၏ ရန်သူသည် ပညာရေး ဖြစ်သည်။ အလ်ကိုင်ဒါ၊ ISIL ။ အလ်ရှဗာ့ဗ်၊ ဘိုကိုဟရာမ်၊ နာဇီလက်သစ်များ သို့မဟုတ် အခြားမည်သည့် အစွန်းရောက်အုပ်စုဖြစ်စေ ၎င်းတို့ထံ၌ ကျိုးကြောင်း ကျကျတွေးခေါ်မှုအရည်အချင်း ကင်းမဲ့နေကြောင်း တွေ့ရသည်။

    ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်ရေး
    ———————————-
    လူတစ်ဦးတိုင်းတစ်ယောက်တိုင်းအတွက် လက်ရှိဖြစ်တည်ဆဲ သို့မဟုတ် ဖြစ်ပေါ်ရန်တာစူနေသည့် အယူသည်းမှုများမှ ကာကွယ်ပေးရန် လမ်းကြောင်းသော ရှုထောင့်စုံရင်ဆိုင်ရေးလမ်းကြောင်းကို CVE ၏ အဓိကအူတိုင်အဖြစ် ရည်ညွှန်းသင့်သည်။ ဤအယူအဆသည် အသစ်အဆန်းမဟုတ်၊ ၉/၁၁ အရေးကတည်းက မရေတွက်နိုင်လောက် ပြုလုပ်ထားသော လေ့လာမှုများ၊ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သောအစီအစဉ်များတွင် ပါဝင်ထားပြီးဖြစ်၏။ သို့စေကာမူ ငွေကြေးထောက်ပံပေးကမ်းရန်နှင့် အလုပ်ပြီးမြောက်ရန်ခြေလှမ်းစတင်ချိန်တန်သောအခါ မူဝါဒချမှတ်သူများက ယင်းအကြောင်းခြင်းအရာအပေါ် အခါခပ်သိမ်းလိုလို တလွဲနားလည်နေကြသည်။

    အကြမ်းဖက်ဝါဒသည်လည်း နိုင်ငံရေးအတိုင်း  ပြည်တွင်း/ဒေသတွင်းရေးရာ တစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း အစွန်းရောက်သူများက ဒေသတွင်း နစ်နာချက်တို့ကို စဦးတည်ကြက်များ အဖြစ် အသုံးချကြခြင်းဖြစ်သည်။ အစိုးရများ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းများမှ ယင်းအပေါ် စိုးရိမ်သောကရောက်ကြောင်း မဖော်ပြမချင်း စိတ်ဒဏ်ရာရစေသည့် အခြေအနေများ ရှေ့ဆက်နေဆဲ၊ အစွန်းရောက် မျိုးဆက်သစ်များ မြင့်တက်လာဆဲ ဖြစ်နေ၏။

    ကာတာ နိုင်ငံတကာ လုံခြုံရေးပညာတက္ကသိုလ်မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သော တန်ပြန်ရေးအစီရင်ခံစာ၌ ဥရောပ၊ အာရှ၊ အာဖရိက၊ မြောက်အမေရိကရှိ CVE ပရိုဂရမ်များပေါ် အခြေခံလျက် အဓိကတွေ့ရှိချက်များကို အသေးစိပ်ဖော်ပြထားသည်။

    ထိုလေ့လာတွေ့ရှိချက်အတွင်း သတိထားမိသည့်အချက်မှာ အကြမ်းဖက်ဝါဒအပေါ် အမှုန့်ကြိတ်နင်းချေမည့် တန်ပြန်ဗျူဟာမှန်သမျှ ကျရှုံးလေ့ရှိကြောင်း၊ အစွန်းရောက်အုပ်စုများက ထိုဖြစ်စဉ်ကို ပြန်လည်ခေါင်းထောင်ရေး၌အသုံးချလေ့ရှိကြောင်း အကြိမ်ကြိမ်တွေ့ရသည်ဟူ၏။ ၎င်းလေ့လာမှုမှ အခရာအကျဆုံးအချက်များကို သုံးသပ်ရန် ပို၍ထိုက်သက်နေပေသည်။

    ပထမဆုံးအချက်မှာ အစွန်းရောက်ဖြစ်စဉ်များအပေါ် တန်ပြန်နည်းလမ်း၌ တသမတ်တည်း ဟူသည် မရှိချေ။ နိုင်ငံတစ်ခုအတွင်း သို့တည်းမဟုတ် အုပ်စုတစ်စုအပေါ် အလုပ်ဖြစ်သည့် နည်းလမ်းသည် နေရာတိုင်း အတွက် အလုပ်မဖြစ်ပေ။ အစွန်းရောက်သမားတို့သည် ၎င်းတို့အဖွဲ့ဝင်များကိုဆွဲဆောင်နိုင်စေသည့် ၎င်းတို့၏အဆိုများ အပေါ် အခြေပြုထားသည်။

    ထိုအဆိုများမှာ စီးပွားရေးရာများ၊ ညံ့ဖျင်းသည့်အုပ်ချုပ်မှု၊ ဘာသာရေး၊ လူမှုရေး/လူမျိုးရေးအရ သီးခြားဖယ်ကြဉ်ခွဲထုတ်ဆက်ဆံခြင်း စသည့် ဒေသတွင်းနစ်နာချက် တစ်ရပ်ရပ်အပေါ်တွင် ဗဟိုပြုထားသည်။

    “အနောက်တိုင်းသည် အစ္စလာမ်နှင့် စစ်ဆင်နေခြင်းမဟုတ်” စသော အနှစ်မဲ့စကားများကိုသာ အသုံးပြုနေဆဲဖြစ်သည်။ ၎င်းထက် ပြဿနာဖြစ်သော အစုအဖွဲ့ကိုသာ တိုက်ရိုက်တိကျစွာ ရည်ညွှန်းဖော်ပြအပ်ပေသည်။ အကြမ်းဖက်ခေါင်းဆောင်များ/မှုကို ချည့်နဲ့မှေးမှိန်စေခြင်း၊ လူထုဒုက္ခများကို အသားပေးဖော်ပြခြင်း၊ အကြမ်းဖက်သမားများကို ဒုစရိုက်သားများ အဖြစ် ပုံဖော်ပြခြင်း၊ အကြမ်းဖက်သမားတို့၏သရုပ်မှန်များကို ရှင်းပြခြင်း စသည်များဖြစ်သည်။

    အကြမ်းဖက်ဝါဒ ဒေသတွင်းနှင့်ပိုမိုသက်ဆိုင်
    ————————————————-
    ဆီးရီးယား၊ အီရတ်၊ မြောက်အမေရိက၊ နျူးယော့ခ်၊ လန်ဒန်၊ အော့တာဝါ မည်သည့်နေရာပင်မဆို အကြမ်းဖက်ဖြစ်စဉ်များတန်ပြန်ရေးအတွက် အစပြုရမည့် အချက်က ပြည်တွင်းနှင့်ဒေသတွင်းဆိုင်ရာ ပြဿနာများပင်ဖြစ်သည်။ အကြမ်းဖက်ဝါဒသည်လည်း နိုင်ငံရေးအတိုင်း  ပြည်တွင်း/ဒေသတွင်းရေးရာ တစ်ရပ်ပင်ဖြစ်သည်။ အစိုးရများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းများမှ ယင်းအပေါ် စိုးရိမ်သောကရောက်ကြောင်း မဖော်ပြမချင်း (ဆင်းရဲမွဲတေမှု၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း လစ်ဟာနေမှု၊  ရှေ့ဆက်နေဆဲ၊ တန်းတူညီမျှမဲပေးခွင်းမရှိမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု အစရှိသော)  စိတ်ဒဏ်ရာရစေသည့်အခြေအနေများ ရှေ့ဆက်နေဆဲ၊ အစွန်းရောက်မျိုးဆက်သစ်များ မြင့်တက်လာဆဲ ဖြစ်နေ၏။

    အစွန်းရောက်ခြင်း၏ ရန်သူသည် ပညာရေး ဖြစ်သည်။ အလ်ကိုင်ဒါ၊ ISIL ။ အလ်ရှဗာ့ဗ်၊ ဘိုကိုဟရာမ်၊ နာဇီလက်သစ်များ သို့မဟုတ် အခြားမည်သည့် အစွန်းရောက်အုပ်စုဖြစ်စေ ၎င်းတို့ထံ၌ ကျိုးကြောင်း ကျကျတွေးခေါ်မှုအရည်အချင်း ကင်းမဲ့နေကြောင်း တွေ့ရသည်။ သို့ဖြစ်ခြင်းကြောင့် ထိုသူတို့သည် သာသနာ့ရေးရာ၌ လိုရာဆွဲခြင်းများ သို့မဟုတ် တလွဲတချော်သတ်မှတ်ချက်များကို လွယ်လင့်တကူ လက်ခံတတ်ကြောင်း ဤအချက်က ပေါ်လွင်စေပေသည်။ မည်သည့်တန်ပြန်လှုပ်ရှားမှုအတွက်ဖြစ်စေ အကြွင်းမဲ့အဓိကလိုအပ်ချက်မှာ အဖက်ဖက်မှနိမ့်ကျနေသော လူ့အဖွဲ့အစည်းများအတွင်း ပညာရေးနှင့် ကျိုးကြောင်းကျကျတွေးခေါ်ဆင်ခြင်မှု မြှင့်တင်ပေးရေးပင် ဖြစ်ပါသည်။

    လူမှုမီဒီယာနှင့် အင်တာနက် ကျယ်ပြန့်လာခြင်းနှင့်အတူ အစွန်းရောက် ၀ါဒီများအတွက် ယခင်ကာလများနှင့် မတူအောင် အင်အား စုစည်းဖို့ အထူးလွယ်ကူလာကြသည်။ ၎င်းသည် “တစ်ကိုယ်တော်ဝံပုလွေ”ကဲ့သို့ အကြမ်းဖက်သူများ၊ ကိုယ်စီအယူသည်းမှုများ မြင့်တက်လာရခြင်းဖြစ်စဉ်၏ အခြေခံအကြောင်းရင်းဖြစ်သည်။

    ကနေဒါနိုင်ငံတွင် မွေးဖွားပြီး အစ္စလာမ်သို့ကူးပြောင်းကာ ယမန်နှစ် ဆီးရီးယား၌ ISIL နှင့်အတူတိုက်ခိုက်ရင်း ကျဆုံးခဲ့သူ Andre Poulin အကြောင်းကဲ့သို့ အင်အား စုဆောင်းမြူဆွယ်ရေး ဗီဒီယိုများ ထွက်ရှိနေခြင်းက ကျောချမ်းတုန်လှုပ်စရာ ဖြစ်နေသည်။ သို့တိုင် ထိုဖြစ်စဉ်များအပေါ်တန်ပြန်ရန် ဆိုရှယ်မီဒီယာနှင့် ၀က်ဘ်ဆိုဒ် အသုံးချမှုများက ကောက်ရိုးပုံထဲမှ အပ်သဖွယ် ဖြစ်နေရသည်။ အစွန်းရောက်အဆိုများအား တန်ပြန်နိုင်မည့် လက်တွေ့နယ်ပယ်အတွင်း နည်းပညာကျွမ်းကျင်၍ ကြံရည်ဖန်ရည်ရှိ သံတော်ဆင့် လူငယ်များနှင့်တစ်ကွ ယင်းသို့ပုံစံတူကိရိယာများ အသုံးပြုရန် အချိန်တန်နေပါပြီ။

    သံတော်ဆင့်များ
    ——————-
    ဘာသာရေးဆိုင်ရာခေါင်းဆောင်များ၊ အုပ်စုအဖွဲ့များသည် အစွန်းရောက်တို့၏ အဆိုများကိုလည်းကောင်း၊ အစွန်းရောက်သမားတို့ သက်ဆိုးရှည်မှုများကိုလည်းကောင်း တန်ပြန်ရာ၌ အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်သည်။ အစွန်းရောက်အုပ်စုများသည် မိမိတို့၏အဆိုများနှင့် သတင်းဖြန့်သံတော်ဆင့်များကို စံနစ်တကျ ရွေးချယ် ထားတတ်ကြသည်။ အလားတူ အစ္စလာမ်အားပုံဖျက်မှု တစ်ရပ်ရပ်ဖြစ်လာလျှင် ၎င်းအား တန်ပြန်ရင်ဆိုင်ရန် အတွက် အစိုးရပိုင်းမှချုပ်ကိုင်မှုမရှိသော ဘာသာရေးခေါင်းဆောင်များသည်သာ အကောင်းဆုံး သံတော်ဆင့်များ ဖြစ်နေပြန်သည်။ ဥပမာပေးရလျှင် စင်္ကာပူ၌ သာသနာပြန်လည် သန့်စင်ရေးအုပ်စုမှ ပညာရှင်တို့သည် မဇ္ဈိမ္မပဋိပဋာ၏ အရေးပါမှုကို မီးမောင်းထိုးပြပြီး ယင်း(တလွဲ)အဆိုများအပေါ် တန်ပြန်ရာတွင် အဓိကအခန်းကဏ္ဍထဲ ရှိနေကြပေသည်။

    မိမိကိုယ်ကိုပြန်လည်ပြုပြင်ပြီး အမြင်မှန်ရလာသော အကြမ်းဖက်သမားများမှာလည်း ထိုသို့သော အကျိုးပြုလုပ်ရပ်များတွင် သံတော်ဆင့်များကဲ့သို့ တန်ခိုးသြဇာကြီးမားကြ၏။ သူတို့သည် အယူသည်းခြင်းဆိုင်ရာ ပထမဆုံးအတွေ့အကြုံမှ အင်အား စုဆောင်းရေးဖြစ်စဉ်အထိ ကောင်းစွာသိရှိထားကြသည်။ အစွန်းရောက်သူများ အကြား တန်းဝင်ခဲ့ဖူးသဖြင့် အယူသည်းအောင် ပုံသွင်းခံရသူတို့၏ ယုံကြည်လက်ခံမှုကို အတိုင်းအတာတစ်ရပ်အထိ ရရှိထား သူများလည်း ဖြစ်ကြသည်။

    ဥပမာအားဖြင့် အင်ဒိုနီးရှားရှိ ဂျမအဟ်အစ္စလာမီယဟ် အဖွဲ့ခေါင်းဆာင်ဟောင်း နဆီးရ်အဗ်ဗာ့စ်နှင့် အလီအင်မ်ရာန်တို့သည် ၂၀၀၂ ဘာလီကျွန်းဗုံးခွဲမှု၌ ဖောက်ခွဲရေး ပစ္စည်း ဆင်ယင်ပေးခဲ့သူများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့၏ လုပ်ရပ်များ အပေါ် ရွံရှာမုန်းတီးသည့်အကြောင်း ရေးသားချက်များက အရောင်းရဆုံး စာရင်းဝင်များ ဖြစ်သွားခဲ့သည်။

    လက်ရှိအချိန် အီရတ်၊ ဆီးရီးယားနှင့် အခြားပဋိပက္ခများစွာ၌ အစွန်းရောက် အုပ်စုများအတွင်း ပါဝင်တိုက်ခိုက်နေသည့် နိုင်ငံခြားတိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာ ရှိနေသည်။ ၎င်းတို့အနက် အမြောက်အများမှာ အချိန်တန်လျှင် ပြည်တော်ပြန်ကြလိမ့်မည်၊ ထိုအခါ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မိမိတို့ ဆုံးဖြတ် ရွေးချယ်လျှောက် လှမ်းခဲ့သည့် လမ်းကြောင်းမှာ အယူသည်းမှု (၀ါ) မှားယွင်းမှုဖြစ်ကြောင်း အချိုသူတို့မှ သိမြင်လာကြပေမည်ဟု ကျွန်ုပ်တို့မှ သမာသမတ်ကျကျ စဉ်းစားနိုင်ရပါမည်။ ထိုသူတို့တစ်ဦးချင်းစီကို ပြန်လည်အသိအမှတ်ပြုဖို့ လိုအပ်ပါသည်။ ၎င်းနောက် အွန်လိုင်း သို့မဟုတ် ပြင်ပအင်အားစုဆောင်းသူတို့အသုံးချခဲ့သော အစွန်းရောက် အတွေးအမြင်များကို  ပြန်လည်တန်ပြန်တွန်လှန်ရေးသို့ တွန်းပို့ လမ်းကြောင်းပေးနိုင်ရပါမည်။ သူတို့၏ အဖြစ်သနစ်များကို တင်ပြခွင့် ပေးလိုက်ကြပါ။ သူတို့သည် အနိမ့်ဆုံးအားဖြင့် အယူသည်းခြင်း၏နောက်ဆုံးခြေလှမ်းသို့ရောက်နေကြပြီး အကြမ်းဖက်သမားဘ၀ ရောက်လတ္တံ့သောသူတို့ကို တားဆီးပေးနိုင်ပါလိမ့်မည်။

    ထိရောက်သော အကြမ်းဖက်တန်ပြန်ရေး ဗျူဟာများဖြစ်လာရန် စစ်ရေး၊ စုံစမ်းထောက်လှမ်းရေး၊ ဥပဒေပြုရေးအပါအ၀င် နည်းမှန်လမ်းမှန် ကိရိယာများ ရွေးချယ်တတ်ဖို့ လိုအပ်ပါသည်။ ထို့ထက်ပိုအရေးကြီးသည်မှာ ယင်းဗျူဟာတို့သည် အစွန်းရောက်ဝါဒ၏ဇစ်မြစ်များအပေါ် အဓိကအခြေပြုသော အမှန်တကယ် သက်ဝင်လှုပ်ရှားနိုင်မည့် ရှုထောင့်စုံ CVE ပရိုဂရမ်တစ်ရပ်ဖြစ်ရေးပင်။ ထိုအစီအမံကို အစွန်းရောက်ဝါဒဖြန့်ချိမှုအား တန်ပြန်ရင်ဆိုင်ခြင်းဖြင့် စတင်ရပါမည်။ ထို့နောက်တွင်မှ သက်ဆိုင်ရာပြဿနာများအလိုက် ကိုင်တွယ်ဖြေရှင်းသွားရပေမည်။

    xxxxxxxxxxxxxxxxxxx

    Martin Reardon ရေးသားသော Big rethink for counterterrorism ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။

    Martin Reardon သည် နျူးယော့ခ်အခြေစိုက် လုံခြုံရေးဗျူဟာနှင့်ထောက်လှမ်းရေးအကြံပေး Soufan အုပ်စု၏ ဒုဥက္ကဌဟောင်း၊ ၎င်းပြင် ကာတာ နိုင်ငံတကာလုံခြုံရေးတက္ကသိုလ်၏ အငြိမ်းစားဒါရိုက်တာတစ်ဦး ဖြစ်သည်။ FBI ၏ ၂၁ နှစ်တာအတွေ့အကြုံရှိ ၀ါရင့်ပုဂ္ဂိုလ်ဖြစ်ပြီး အကြမ်းဖက်တန်ပြန်စစ်ဆင်ရေးလုပ်ငန်းများ၌ အထူးပြုလေ့လာခဲ့သူဖြစ်သည်။

  • သတိထား ဖတ်ရှုမိတဲ့ ခွင့်ပြုစာ (သူ့အမြင်)

    သတိထား ဖတ်ရှုမိတဲ့ ခွင့်ပြုစာ (သူ့အမြင်)

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    . ဆွေမွန် ရေးသည်။

    4
    ၁) ဒီနေ့လုပ်မယ့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးထောက်ခံပွဲ မန္တလေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုတာ လူ ၂၀၀…. တကယ်ဝင်လာတာ ၂၀၀ ထက်ပိုရင် ခွင့်ပြုတဲ့လူတွေ ဘာလုပ်မလဲ….

    ၂) နောက်ဆက်တွဲ ခ စာရွက်မှာ ဆန္ဒပြတာကို (လူပုဂ္ဂိုလ်များဖြင့်သာ) ဆောင်ရွက်ရန် ဆိုပြီး တိုက်ရိုက် ညွှန်ကြားတာကို တွေ့ရတယ်။ အဓိပ္ပါယ်က ရဟန်း ဘုန်းကြီိး မပါရ ဆိုတာက ရှင်းနေတယ်။

    ရဟန်း ဘုန်းကြီိး ပါလာရင် သက်ဆိုင်ရာခွင့်ပြုတဲ့အာဏာပိုင်တွေ ဘာလုပ်မလဲ….

    ၃) တစ်တွဲကို ၃ ယောက်ထက် ပိုမလျှောက်ဖို့ စီတန်းလှည့်လည်ရာမှာ စည်းကမ်းထုတ်တယ်။ ဒီနေရာမှာလည်း လူပုဂ္ဂိုလ်လို့ပဲ သုံးထားပြန်တယ်။ ဘုန်းကြီးကို လုံးဝ ခွင့်ပြုတဲ့ သဘော မပါဘူး။

    ၄) မန္တလေးမျိုးစောင့်ထောက်ခံတဲ့ ဘုန်းကြီးအဖွဲ့က ထုတ်တယ်လို့ ယူဆရတဲ့ မြေပုံတစ်ခုကို တွေ့ရတယ်။ အရမ်းအံ့သြစရာကို ဒီမြေပုံစာရွက်မှာ တွေ့ရပြန်တယ်။ စစ်ဆင်ရေးမြေပုံနဲ့ တူလွန်းလှတဲ့ ဒီမြေပုံကို ဘုန်းကြီးတွေက ဆွဲတတ်နေပြန်တယ်။ အရေးပေါ်ထွက်ပေါက်၊ စတင် ထွက်ခွာမည့်နေရာ၊ (ချီတက်မည့်) လမ်းကြောင်း စတာတွေကို စစ်ဆင်ရေးမြေပုံတွေမှာ ဖော်ပြသလို သင်္ကေတတွေနဲ့ တိတိကျကျ ဆွဲသားဖော်ပြထားနိုင်တာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ စစ်ရေးအမြင်ရှိတဲ့ ဘုန်းကြီးဘယ်နှစ်ပါးလောက်တောင် ရှိနေပြီလည်းတော့ မခန့်မှန်းတတ်တော့ပါဘူး။ ဒါပေမယ့် မျိုးစောင့်ဘုန်းကြီးတွေရဲ့ မြေပုံဆွဲသားနည်းစနစ်ကျလွန်းလှတာကို တကယ်အသိအမှတ်ပြု ချီးကျူးစရာ ကောင်းလှတယ်။ အသုံးအနှုန်းတောင်မှ ဘုန်းကြီးဖြစ်နေပေမယ့် ချီတက်မည့်လမ်းကြောင်းလို့ စစ်သားဆန်ဆန် သုံးနှုန်းသွားနိုင်တယ်။

    ၅) မန္တလေးပြည့်သူ့ရဲတပ်ဖွဲ့မှူးက ဘာကြီးပဲ ထုတ်ပြန်နေပါစေ။ မျိုးစောင့်ဘုန်းကြီးတွေက မလိုက်နာဘူးဆိုတာကို နောက်ဆုံးစီတန်းရမယ့် ပုံစံစာရွက်မှာ တွေ့ရပြန်တယ်။ တပ်မတော်နေ့ စစ်သားတွေ စီတန်းစစ်ရေးပြ လမ်းလျှောက်တာထက်ကို စနစ်ကျလွန်းလှပြန်နေပါတယ်။

    ရှေ့တန်းမှာ ဆိုင်ကယ် ၅ စီး၊ ဦးဆောင်ဆရာတော်၊ ဆရာလေးတွေတောင် ပါလိုက်သေးဗျာ။ မြို့နယ်မှူးက သတ်မှတ်ပေးတဲ့ လူ ၂၀၀ အရေအတွက်ကို လုံးဝဂရုစိုက်စရာ မလိုတာကို၊ လိုက်နာစရာ မလိုတာကို အသေအချာတွေ့ရပြန်တယ်။ ဘုန်းကြီး မပါရဆိုတဲ့ မြို့နယ်မှူးသတ်မှတ်ချက်ကလည်း အလကားဖြစ်သွားပြန်တယ်။

    မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးစတဲ့ အစိုးရ သဘောကျတဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေထက် အခွင့်အရေး အကာအကွယ်တွေ အများကြီးရတယ်။ အထူး အခွင့်အရေးတွေရတယ်။ စနစ်တကျ စီမံခန့် ခွဲတတ်သူတွေက ဦးဆောင်နေတယ် ဆိုတာကို မြင်မိတယ်။

    လုံလုံခြုံခြုံ စနစ်တကျ  ဆန္ဒပြနိုင်တဲ့အတွက် တကယ်လည်း အားကျမိပါတယ်။ ဘာကိုပဲ ချိုးဖောက် ချိုးဖောက် ကိုပါကြီး ပွဲလို ပြီးတာနဲ့ ဆွဲစိခံရဖို့လည်း မရှိတဲ့အတွက် ပိုပြီး စိတ်ချမ်းသာစရာကောင်းမယ် လို့ ထင်မိတယ်။ ဒီလောက်ပဲ။

    ဆွေမွန်

    1 2 3 5