News @ M-Media

Tag: opinion

  • မွတ်စလင်၊ အသားအစ်နှင့် မေတ္တာရှင်ယောင်ဆောင် အချောင်သမားများ

    မွတ်စလင်၊ အသားအစ်နှင့် မေတ္တာရှင်ယောင်ဆောင် အချောင်သမားများ

    စက်တင်ဘာ-၁၀ ၊ ၂၀၁၆
    သမာဓိ ခံစားတင်ပြသည်။
    .14333109_1387561754605554_2826687962611315450_n
    မကြာခင်မှာ မွတ်စလင်တို့ရဲ့ ကုရ်ဘာနီအစ် (အသားအစ်)နေ့ ကျရောက်မှာဖြစ်ပါတယ်။ ထုံစံအတိုင်း တစ်နှစ်တစ်ခါ ပေါ်လာတတ်တဲ့ ခါတော်မီ မေတ္တာရှင်တွေ၊ တိရစ္ဆာန်ချစ်သူတွေလည်း အလျှိုအလျှို ပေါ်ထွက်လာကြပြီး နွားတွေဟာ ဘယ်လို ကျေးဇူးကြီးကြောင်း၊ နွားတွေရှားပါးတဲ့အတွက် လယ်ယာလုပ်ငန်းတွေ ဘယ်လို ထိခိုက်ရကြောင်း၊ ဒီကုရ်ဘာနီဟာ ‘သူ့အသတ် မသတ်ရ’ ဆိုတဲ့ ပညတ်ကို ဆန့်ကျင်နေကြာင်း ပြောဆိုပြီး တစ်ကမ္ဘာလုံးမှာ သူတို့လောက် မေတ္တာတရားကြီးမားတဲ့ ပုဂ္ဂိုလ်တွေမရှိတော့ သယောင်၊ သူတို့လောက် ဘာသာရေးလေးစားတဲ့၊ ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့သူတွေ မရှိသယောင်ယောင် အာပေါင်အာရင်းသန်သန်နဲ့ အော်ကြ ဟစ်ကြပါတယ်။
    .
    တကယ်တော့ အဲဒီကြောင်သူတော်တွေဟာ သတ္တ၀ါတွေအပေါ် အထူးသဖြင့် နွားတွေအပေါ် တကယ်မေတ္တာ ရှိလို့ စေတနာရှိလို့ အော်နေကြတာ မဟုတ်ဘဲ မွတ်စလင်တွေကို စော်ကားဖို့၊ အမုန်းတရားတွေ ကိန်းအောင်းလာပြီး တိုင်းပြည် မတည်ငြိမ်ဖြစ်ဖို့ လောင်စာထည့် လှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေကြတာဖြစ်ပါတယ်။
    .
    မွတ်စလင်တွေရဲ့ အသားအစ်နေ့ကို ဆန့်ကျင်ကြ၊ ပိတ်ပင်ဖို့ တားမြစ်ဖို့ ဆောင်ရွက်ကြသူတွေရဲ့ အဓိက ထောက်ပြချက် ၃ ခု ရှိပါတယ်။ ပထမတစ်ခုကတော့ ကံ ၅ ပါးထဲမှာ သူတစ်ပါး အသတ် မသတ်ရဘူးလို့ ပါနေတာကြောင့် ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ကုရ်ဘာနီအစ်နေ့ဟာ ဘာသာဝင်တွေရဲ့ စိတ်နှလုံးကို ထိခိုက်စေတယ်၊ ဗုဒ္ဓဘာသာရဲ့ အခြေခံသွန်သင်မှုကို ချိုးဖောက်တယ်ဆိုတာပဲဖြစ်ပါတယ်။
    .
    ဒုတိယတစ်ခုက လယ်ယာကိုင်းကျွန်းလုပ်ငန်းတွေမှာ နွားရှားပါးတဲ့ ပြဿနာဖြစ်ပြီး၊ တတိယထောက်ပြချက် က နွားတွေဟာ ကျေးဇူးရှင်ဖြစ်တယ် ဆိုတဲ့အချက်ပါ။
    .
    ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
    ———————————–
    ‘သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါ၏’ လို့ အဓိပ္ပါယ်ရတဲ့ ဒီပညတ်ချက်ဟာ တကယ်တော့ အင်မတန် နှလုံးသွင်းဖွယ်ကောင်းတဲ့ ပညတ်တစ်ခုပါ။ ကိုယ်ဒုက္ခရောက်တာကို မခံလိုရင် သူတစ်ပါးကို ဒုက္ခရောက်အောင် မလုပ်နဲ့ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကို ထည့်သွင်းပေးတဲ့ သွန်သင်မှုတစ်ခုလည်းဖြစ်ပါတယ်။
    .
    ဒါပေမယ့် အဲဒီသွန်သင်မှုကို ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် ဘယ်လောက်လိုက်နာပါသလဲလို့ မေးရင်တော့ အဖြေက ‘No’ လို့ပဲရမှာပါ။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် ၈၇ ရာခိုင်နှုန်း အူမတောင့်ဖို့အတွက် ကြက်၊ ဘဲ၊ ၀က်၊ နွား၊ ဆိတ် စတဲ့ သတ္တ၀ါပေါင်းများစွာကို သားသတ်ရုံတွေမှာ နေ့စဉ်သတ်ဖြတ်နေရသလို၊ ဘာသာရေးနဲ့ ဆက်နွယ်တဲ့အလှူတွေမှာတောင် ၀က်တွေ၊ ကြက်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကျွေးမွေးပြီး ကုသိုလ်ယူနေကြတာ မငြင်းနိုင်တဲ့ ထင်သာမြင်သာရှိတဲ့ အမှန်တရားပါပဲ။
    .
    သတ္တ၀ါအသက် သတ်ရခြင်းဆိုတဲ့ ‘အကျိုးတရား’ ဖြစ်စေတဲ့အတဲ့ ‘အကြောင်း’ တွေထဲမှာ အသားစားခြင်းဆိုတဲ့ ကိစ္စကလည်း တစ်ခုပါအ၀င်ဖြစ်ပါတယ်။ အသားစားချင်ရင်၊ အသက်သတ်ရသလို၊ အသက်သတ်မှလည်း အသားရနိုင်မှာပါ။ အသားလေး နည်းနည်းလောက် လှူပါလို့ ၀က်တစ်ကောင်စီမှာ၊ ကြက်တစ်ကောင်စီမှာ သွားပြီး အလှူခံလို့ မရပါဘူး။ ကိုယ်တိုင်က မသတ်ဖို့ပဲ လိုတယ်၊ သူများသတ်တာ စားလို့ရတယ်ဆိုတာမျိုး၊ မြင်သား၊ ကြားမဟုတ်ရင် စားလို့ရတယ်ဆိုတာမျိုးကတော့ အကုသိုလ် ‘Transfer’ လုပ်တာ၊ မလိမ့်တစ်ပတ်လုပ်တာသာဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ကိုယ်တိုင်က သူတစ်ပါးပစ္စည်း ခိုးတာကို မကြိုက်၊ မလုပ်ပေမယ့် ခိုးရာပါပစ္စည်းကို ဒိုင်ခံလက်ခံနေသလိုမျိုးပါပဲ။
    .
    ပိုစတာတွေကိုင်၊ ဗီနိုင်းတွေကိုင်ပြီး နွားသတ်မှုဆန့်ကျင်ရေး လိပ်ခေါင်းထွက်အောင် အော်ခဲ့တဲ့ ဘုန်းကြီးတစ်ပါး ဆွမ်းဘုန်းပေးနေတာကို ဆိုရှယ်မီဒီယာမှာ မြင်ဖူးပါတယ်။ ဟင်းအမျိုးပေါင်း ၂၀ ကျော်လောက် ရှိတဲ့အထဲမှာ ၈ မျိုးလောက်က အသား၊ ငါး ဟင်းတွေပါပဲ။ နွားသတ္တ၀ါ မသေရေး အကြီးအကျယ် ပွဲခံခဲ့တဲ့ အဲဒီ မေတ္တာရှင်ကြီးက ငါ့ရဲ့ဝမ်းဝဖို့ သတ္တ၀ါတွေ သေပေးနေရပါလားဆိုတဲ့အသိ အဲဒီဆွမ်းဝိုင်းမှာ ၀င်မလာတာ သိပ် အံ့သြစရာကောင်းပါတယ်။
    .
    ဆိုတော့ ဗုဒ္ဓဘာသာဝင် ၈၇ ရာခိုင်နှုန်းရှိတဲ့နိုင်ငံမှာ အသားဈေးကွက် ၀ယ်လိုအားကို ပြည့်မီဖို့ နေ့စဉ် သတ္တ၀ါတွေရဲ့ အသက်ပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ သားသတ်ရုံတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကို ထိခိုက်စေတယ်၊ ဗုဒ္ဓဘာသာရဲ့ အခြေခံပညတ်ကို ချိုးဖောက်နေတယ်ဆိုပြီး မွတ်စလင်တွေ ကုရ်ဘာနီလုပ်တာကို အပြစ်ဖို့ချင်တဲ့ မေတ္တာရှင်ယောင်ဆောင် အချောင်သမားတွေက ဘာ့ကြောင့် အသံမထွက်ကြတာလဲ။ ဒီသားသတ်ရုံတွေမှာ နေ့စဉ်နဲ့အမျှ သေဆုံးသွားတဲ့ သတ္တ၀ါတွေကို ဘာ့ကြောင့် ကယ်တင်ဖို့ မကြိုစားကြတာပါလဲ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့မဆို သူတစ်ပါးအသက် သတ်ဖြတ်မှုကို ပိတ်ပင်ရမယ်လို့ နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို ဂုဏ်ယူဝင့်ကြွားစွာ လုပ်နေကြတဲ့ အဲဒီအုပ်စုတွေ ဘာ့ကြောင့် မလှုံ့ဆော်တာပါလဲ။ မွတ်စလင်တွေရဲ့ တစ်နှစ်တခါ အသားအစ်ကိုမှ ဘာ့ကြောင့် ခါးနာနေရပါသလဲ။
    .
    တကယ်တော့ ကိုယ်တိုင်က အပြည့်အ၀ လိုက်နာကျင့်သုံးနိုင်ခြင်းမရှိတဲ့ ကိုယ့်ဘာသာတရားရဲ့ အမိန့်ပညတ်တစ်ခုကို ဘာသာခြားက လိုက်နာရမယ်ဆိုတဲ့ စကားမျိုး၊ အဲဒီသဘောမျိုး ပြောဆိုတာဟာ အင်မတန် အောက်တန်းကျတဲ့ စိတ်ဓာတ်မျိုးလို့သာ သတ်မှတ်ရမှာပါ။
    .
    နွားရှားပါးခြင်း
    —————
    မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်းမှာ နွားရှားပါးမှုပြဿနာကို ရင်ဆိုင်နေရတာဟာ တော်တော်လေး ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် အဲဒီနွားရှားပါးမှုရဲ့ အကြောင်းအရင်းကတော့ မွတ်စလင်တွေ ကုရ်ဘာနီ လုပ်တာကြောင့်မဟုတ်ဘဲ တစ်ဖက်နိုင်ငံတွေကို နွားတွေ မှောင်ခိုကုန်ကူးတာကြောင့်ပဲ ဖြစ်ပါတယ်။
    .
    လယ်ယာလုပ်ငန်းမှာ အိမ်နီးချင်းနိုင်ငံတွေထက်ယှဉ်ရင် တော်တော်လေး အဆင့်အတန်းနိမ့်ကျနေတာကြောင့် မြန်မာနိုင်ငံမှာ စက်တွေအစား အခုအချိန်အထိ နွားတွေကို အသုံးပြုနေရပါတယ်။ စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်မကောင်း၊ ကုန်ဈေးနှုန်းကြီးမှု၊ လယ်ယာလုပ်ငန်းတွေမှာ ရင်းနှီးသလောက် ပြန်မရ စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်နေရတဲ့ တောင်သူဦးကြီးတွေဟာ နွားမှောင်ခိုသမားတွေရဲ့ ဈေးမျိုးမျိုးမြတ်မြတ်ကလေးတွေ ပေးမှုကြောင့် လတ်တလော တစ်ဝမ်းတစ်ခါး ပြဿနာကို ဖြေရှင်းရေးအတွက် ခိုင်းနွားတွေကို ထုတ်ရောင်းကြရပါတယ်။
    .
    ဒီလို မှောင်ခိုနွားတွေဟာ တစ်ဖက်နိုင်ငံကို နေ့စဉ် အကောင် ရာထောင်ချီ သွားနေကြတာပါ။ နွားရှားပါးမှုပြဿနာကို ဗန်းပြပြီး မွတ်စလင်အများစု ရရှိထားတဲ့ နွားသတ်လိုက်စင်တွေကို အလှူခံတာတို့၊ ကြားဖြတ်ဝယ်တာတို့ လုပ်တဲ့အဖွဲ့တွေလည်း ပေါ်လာပါတယ်။ ဒါပေမယ့် ဒါဟာလည်း မွတ်စလင်တွေ စီးပွားပျက်အောင် စိတ်ယုတ်စိတ်ပုတ်နဲ့ လုပ်ဆောင်တာမျိုးဖြစ်ပြီး တစ်ဖက်နိုင်ငံသားတွေ ပြည်တွင်းမှာ စည်သွပ်ဘူးစက်ရုံဖွင့်တဲ့အခါမှာ အဲဒီအဖွဲ့တွေကပဲ ဆက်ကြေးကောက်ပြီး နွားတွေကို ကြိုက်သလောက် သတ်ခွင့်ပြုထားပြန်ပါတယ်။ အဲတော့ ဒေသအတွင်းမှာလည်း နွားတွေကို ပုံမှန်သတ်နေသလို၊ တစ်ဖက်နိုင်ငံကိုလည်း နွားတွေ နေ့စဉ် မှောင်ခိုသွားနေတဲ့အတွက် မိအေးနှစ်ခါနာ ဖြစ်ရပါတယ်။ နွားရှားပါးမှုရဲ့ အဓိက အကြောင်းအရင်းပါပဲ။
    .
    မွတ်စလင်တွေ တစ်နှစ်တစ်ခါမှ လုပ်တဲ့ ကုရ်ဘာနီဟာ အစိုးရ၊ မွတ်စလင်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေအပေါ်မှာ အကျိုးအများကြီး ဖြစ်ထွန်းပါတယ်။ စွန့်လှူဒါနပြုဖို့အတွက် မွတ်စလင်အများစုဟာ နွားတွေကို ဈေးကောင်းပေး ၀ယ်ကြတဲ့အတွက် နွားပိုင်ရှင်တွေဟာ ဈေးကောင်းရကြပါတယ်။ ကုရ်ဘာနီလုပ်တဲ့အခါမှာလည်း တစ်ကောင်ချင်းအလိုက် အစိုးရကို အခွန်ပေးရတဲ့အတွက် တိုင်းပြည် ဘဏ္ဍာငွေလည်း တိုးပါတယ်။ (အစိုးရက အကုန်အကျခံပြီး ဘုရားတည် ကျောင်းဆောက် လုပ်တဲ့အခါ နိုင်ငံတော်ဘဏ္ဍာနဲ့ လုပ်ရတာဖြစ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦးတိုင်းမှာ မွတ်စလင်တွေရဲ့ အခွန်ငွေ၊ ကုရ်ဘာနီမှာ ပေးရတဲ့ အခွန်ငွေတွေ ပါဝင်တယ်ဆိုတာ မမေ့ပါနဲ့) ကုရ်ဘာနီ လုပ်ငန်းစဉ်ကို ကြီးကြပ်ပေးရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာလည်း အဲဒီနေ့မှာ အပိုဝင်ငွေ ရပြီး၊ အိမ်ပြန်တဲ့အခါ အသားထုတ်လေးပါ သယ်သွားနိုင်ပါသေးတယ်။
    .
    ပေါ်ပြီးတဲ့ အသားတွေကို ဝေငှတဲ့အခါမှာလည်း ဘာသာ၊ လူမျိုးမရွေး လှူဒါးန်းတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေလည်း အသားဟင်းကို ၀၀လင်လင် စားသုံးရပြီး အနည်းဆုံး ဈေးဖိုး တစ်ရက်၊ နှစ်ရက်စာတော့ သက်သာသွားပါတယ်။ ကုရ်ဘာနီလုပ်တဲ့နေ့နဲ့ နောက်ထပ် အနည်းဆုံး ၁ ရက်လောက်မှာ မြန်မာ့အသားဈေးကွက် ပြည့်မီဖို့ သတ်ပေးနေရတဲ့ နွားသတ်ရုံတွေ ပိတ်တာကြောင့် တစ်ကယ်တမ်းချိန် ထိုးကြည့်ရင် မွတ်စလင်တွေရဲ့ ကုရ်အာနီဟာ နိုင်ငံတစ်ဝှမ်းက သားသတ်ရုံတွေမှာ သတ်တဲ့ တစ်ရက်၊ ဒါမှမဟုတ် ၂ ရက်စာ နွားအရေ အတွက်လောက်ပဲ ရှိပါတယ်။
    .
    ဒါ့ကြောင့် မွတ်စလင်တွေ ကုရ်ဘာနီလုပ်လို့ နွားတွေ ရှားပါးရတဲ့ဆိုတဲ့ အပုပ်ချမှုဟာလည်း အင်မတန် လူပြိန်းဆန်တဲ့ ပြော ဆိုမှုသာ ဖြစ်ပါတယ်။
    .
    ကျေးဇူးရှင်လား
    —————–
    မွတ်စလင်တွေရဲ့ အသားအစ်ကို ဆန့်ကျင်တဲ့ မေတ္တာရှင်တွေ ထောက်ပြတဲ့ နောက်တစ်ခုက လယ်ယာလုပ်ငန်းမှာ မရှိမဖြစ် လိုအပ်တဲ့အတွက် နွားတွေဟာ လူသားတွေရဲ့ ကျေးဇူးရှင်ဆိုတဲ့အချက်ပါပဲ။
    .
    ဒါဆိုရင် မေးခွန်းကပေါ်လာပါပြီ။ အဲဒီနွားတွေဟာ တကယ့်လက်တွေ့မှာ ဒီမေတ္တာရှင်တွေပြောတဲ့ ကျေးဇူးရှင် ‘role’ မျိုး ရရဲ့လား။ တစ်ကယ်တော့ မရပါဘူး။ မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်း လုပ်တဲ့သူတွေဟာ နွားတွေကို ခိုင်းကောင်းတဲ့အချိန် ဆဲဆို၊ ရိုက်နှက်ကာ ကောင်းကောင်းခိုင်းပြီး၊ ခိုင်းလို့မရတဲ့အခါမှာတော့ နွားသတ်ရုံကို သွားရောင်းစားကြတာပါ။
    .
    ဘယ်သူမှ ငါတို့ရဲ့ ကျေးဇူးရှင်ပါဆိုပြီး တစ်သက်လုံး အဆောင်အယောင်နဲ့ မထားပါဘူး။ ဆင်းရဲတွင်း နက်လွန်းတာကြောင့် နွားတွေကို သူတိုနဲ့ ထိုက်တန်တဲ့ အစားအစာတောင် မကျွေးနိုင်ကြပါဘူး။ ဒီအတိုင်းခိုင်းရင် ခိုင်းမကောင်းလို့ သင်းကွပ်ကား နွားညွှန့်တုန်းအောင်လုပ်ပြီး ခိုင်းကြတာပါပဲ။ မွတ်စလင်တွေအရှေ့မှာ ကျေးဇူးရှင်အဖြစ် ပုံပေါ်ခံရတဲ့ နွားကြီးတွေ တကယ်လက်တွေ့မှာတော့ စားလိုက်၊ အိပ်လိုက်၊ မေထုံမှီဝဲလိုက်ဆိုတဲ့ တိရစ္ဆာန်စည်းစိမ် အပြည့်အ၀တောင် မခံစားရရှာပါဘူး။
    .
    တစ်နှစ်တစ်ခါ ပေါ်လာတဲ့ မေတ္တာရှင်တွေကိုယ်တိုင်လည်း နွားကို ကျေးဇူးရှင်ဆိုပြီး အစာလေးသွားကျွေးတာ၊ အိမ်မှာခေါ်ပြီး မွေးစားထားတာမျိုး မရှိပါဘူး။ မွတ်စလင်တွေ ကုရ်ဘာနီအသားဝေတဲ့အခါ သွားမတိုးရင်တောင် ကံကောင်း လို့ ပြောရမှာပါ။
    .
    အဲဒီတော့ မွတ်စလင်တွေရဲ့ ကုရ်ဘာနီကို တားမြစ်ဖို့၊ ပိတ်ပင်ဖို့ ဆန္ဒပြသူတွေဟာ၊ ကြိုးစားသူတွေဟာ အမှန်တကယ် ဗုဒ္ဓဘာသာရဲ့ အဆုံးအမကို လိုက်နာကြသူ၊ လိုက်နာလိုသူတွေ၊ မေတ္တာတရားကြီးမားသူတွေ၊ သတ္တ၀ါတွေအပေါ်မှာ စာနာသူတွေမဟုတ်ဘဲ၊ လူမျိုးရေး ဘာသာရေး အမုန်းတရားတွေ ဖြန့်ဝေတဲ့၊ လူ့အဖွဲ့အစည်း မတည်ငြိမ်အောင်လုပ်တဲ့ လူဗာလ အချောင်သမားများသာ ဖြစ်တယ်ဆိုတာဟာ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေပါတယ်။
    .
    မွတ်စလင်တွေရဲ့ အသားအစ်က နိုင်ငံနဲ့ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုတဲ့ ပမာဏလောက်တောင် ဒီအချောင်သမားတွေဟာ လူ့အဖွဲ့အစည်းအပေါ် အကျိုးမပြုဘဲ၊ ဘာသာရေးဘန်းပြ အမြတ်ထုင်ချင်တဲ့သူတွေသာ ဖြစ်ပါတယ်။
    .
    မွတ်စလင်တွေလည်း ဆင်ခြင်ရမယ်
    —————————-
    ဒါပေမယ့် မွတ်စလင်တွေအနေနဲ့လည်း ကုရ်အာနီလုပ်တဲ့အခါ အစိုးရက သတ်မှတ်ပေးထားတဲ့နေရာတွေမှာ၊ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ဆောင်ဖို့လိုပါတယ်။ အပေါ်ကပြောခဲ့တဲ့ အချောင်သမားတွေ ကလွဲပြီး တကယ့် သတ္တ၀ါတွေကို ကြင်နာသနားတတ်တဲ့၊ စာနာတတ်တဲ့ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ အောက်ခြေမှာ အများကြီးရှိတာကို သိထားဖို့ လိုပါတယ်။
    .
    ကိုယ်က ဘာသာရေးဆိုင်ရာ စွန့်လှူဒါနပြုမှုကို လုပ်တာဖြစ်ပေမယ့် ဒီ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ထိုခိုက်စေမယ့် အပြုအမူမျိုးတွေ (သွေးစွန်းတဲ့ အင်္ကျီတွေနဲ့ ပတ်နေတာ၊ ချွန်ထက်တဲ့လက်နက်တွေကို အကာကွယ်မပါဘဲ ကိုင်ဆောင်သွားတာ) ကို ရှောင်ကျဉ်ဖို့လိုပါတယ်။
    .
    နောက်တစ်ခုက ကုရ်ဘာနီဟာ အသားစားပွဲ၊ နွားသတ်ပွဲမဟုတ်ပါဘူး။ တမန်တော်ကြီးအီဗရာဟင်မ်ရဲ့ စွန့်လှူဒါနပြုမှု ကို ရောင်ပြန်ဟပ်စေ တာဖြစ်တဲ့အတွက် အသားဝတ္ထုတွေကို စွန့်လှူဖို့သက်သက် ရည်စူးရမှာဖြစ်ပြီး အမှန်တကယ်မှာလည်း ကိုယ့်ရဲ့ စေတနာ သဒ္ဓါတရားကို ပတ်ဝန်းကျင်မှာ ရောင်ပြန်ဟပ်စေရပါလိမ့်မယ်။
    .
    သမာဓိ (၁၀.၉.၁၆)

  • ဒေါ်အောင်ဆန်းစုကြည်အား IS ခြိမ်းခြောက်မှုနှင့် အကျိုးဆော့အကန်းမော့ဦးမည့် တောကြောင်များ

    ဒေါ်အောင်ဆန်းစုကြည်အား IS ခြိမ်းခြောက်မှုနှင့် အကျိုးဆော့အကန်းမော့ဦးမည့် တောကြောင်များ

    သြဂုတ် ၃ ၊ ၂၀၁၆
    မြင့်မိုရ်မောင်မောင်
    anti daw su
    မလေးရှားနိုင်ငံ နီဂရီဆမ်ဘီလန် Negri Sembilan ပြည်နယ်အတွင်း ပို့ဒစ်ဆင်၊ နီလိုင်တို့ အပါအ၀င် အခြား ရဲစခန်းလေးခုထက်မနည်း IS အဖွဲ့ရဲ့ခြိမ်းခြောက်စာတစ်စောင် သြဂုတ်လ ၁ ရက်မှာ ရောက်ရှိလာတယ်လို့ ရဲချုပ် ခါလစ်က သြဂုတ် ၂ ရက်မှာ ပြောကြားခဲ့ပြီး၊ အဆိုပါ ခြိမ်းခြောက်စာဟာ ဘယ်လောက်အထိ စစ်မှန်တယ်ဆိုတာကို စစ်ဆေးနေကြောင်း၊ အခြေအမြစ်မရှိတဲ့အကြောင်း၊ မလေးရှားမှာ ISIS အဖွဲ့ရဲ့ သြဇာ ကြီးမားလာဖို့ ကြိုးစားချက်တစ်ရပ်သာဖြစ်တယ်လို့ ယူဆကြောင်း၊ အဆိုပါစာအိတ်ပေးပို့သူကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းနေကြောင်း မလေးရှား ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

    ခြိမ်းခြောက်စာ ၂ မျက်နှာအတွင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၊ ဒုဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီ၊ ရဲချုပ် ခါလစ်အဘူဘာကာ၊ ရှေ့နေချုပ် မိုဟာမက်အာပင်ဒီအလီ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် ဒုဝန်ကြီး အချို့သာမက မြန်မာနိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူ ၉ ဦးကို ပစ်မှတ်ထားထားတယ်ဆိုပြီး ဓာတ်ပုံများနဲ့တစ်ကွ ဖော်ပြထားပါတယ်။ ဒီသတင်းကို နာမည်ကြီး စင်္ကာပူအခြေစိုက် Straits Times သတင်းစာမှာ ရေးသားလိုက်တဲ့အတွက် ယခုဆိုရင် ဟိုးလေးတကျော် ဖြစ်နေပါပြီ။ မြန်မာမီဒီယာတွေမှာလည်း ဝေေ၀ဆာဆာ စတင်ဖော်ကျူးနေတဲ့အပြင် ဒီသတင်းနဲ့ပတ်သက်လို့ အင်တာဗျူးတွေ ဘာတွေလည်း လုပ်နေကြတာကို တွေ့ရပါတယ်။ The Voice မှာတော့ ဒီအကြောင်းကို ပုံမှန်သတင်းအဖြစ်သာ တင်ထားပါတယ်။

    “ဆီးရီးယားနှင့် အီရတ်တွင် နယ်မြေများ ဆုံးရှုံးနေသော်လည်း အိုင်အက်စ် ခေါင်းဆောင် အဘူဘကာအယ်ဘက်ဂဒါဒီက အရှေ့တောင်အာရှတွင် တိုက်ခိုက်မှုများ ဆောင်ရွက်ရန် တောင်းဆိုမှုများ ရှိပြီး အရှေ့တောင်အာရှ အိုင်အက်စ်အဖွဲ့ခွဲများ တည်ထောင်ရန် ရည်မှန်းချက်များလည်း ရှိကြောင်း အရိပ်လက္ခဏာများ ရှိထားသည်။ ဇွန်လက ကွာလာလမ်ပူ အပြင်ဘက်ရှိ ဘားတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မလေးရှားတွင် အိုင်အက်စ်တို့၏ ပထမဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း ရဲက အတည်ပြုထားသည်။ မလေးရှားသည် ၂၀၁၄ ခုနှစ်မှစပြီး အိုင်အက်စ်တို့နှင့် ဆက်နွှယ်မှုအတွက် လူ ၁၅၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်” လို့ The Star ကို မှီငြမ်းပြီး Eleven က မြန်မာလူထုအကြား စိုးရိမ်စိတ်ကြီးမားလာအောင် ရေးသားတင်ပြထားတယ်။

    လက်ရှိအစိုးရသစ် မတိုင်ခင်မှာလည်း အလ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ မြန်မာပြည်ကို ၀င်တိုက်မယ်၊ မြန်မာပြည်တွင်းမှာ ကွန်ရက်ရဲ့ အမာခံ ဆဲလ်တွေ ရှိနေပြီ/ရှိနေနိုင်တယ် စသဖြင့် သတင်းတွေ တက်လာခဲ့ဖူးပါတယ်။ အဲ့ဒီကာလမှာလည်း သိတော်မူကြတဲ့အတိုင်း မြန်မာမီဒီယာအများစုက အတိုင်အဖောက်ညီညီ ပြူးတူးပြဲတဲနဲ့ ဖော်ပြရေးသားခဲ့ကြတာကို မှတ်မိနေကြဦးမှာပါ။ ဒါပေမယ့် ဒီနေ့ထက်တိုင် အလ်ကိုင်ဒါ တစ်ကောင်တစ်မြီးမှ မတွေ့ရသေးဘဲ ပြည်တွင်းနေမွတ်စ်လင်မ်အချို့ကတော့ အကြမ်းဖက်အဖွဲ့နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး အဓမ္မစွဲချက်တင် ထောင်ချခံခဲ့ရတာသာ အဖတ်တင်ပါတယ်။

    တစ်ခါ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက သူ့ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာပေါ် ဟင်္သာမီဒီယာနဲ့ ပြုလုပ်တဲ့အင်တာဗျူးကို တင်ထားပါတယ်။ အဲ့ဒီဖြေကြားချက်ထဲမှာ “ဥပမာ – ပြင်သစ်နိုင်ငံမှာ တိုက်ခိုက်ခံရတယ်ဆိုရင် သူတို့နိုင်ငံမှာ နေထိုင်သူနဲ့ သူတို့နိုင်ငံပေါက် ဆဲလ်တွေပေါ့နော်။ အဲ့ဒါတွေသုံးပြီး လုပ်လေ့လုပ်ထ ရှိတယ်။ အဲ့ဒီတော့ သူတို့ရဲ့ဆဲလ်တွေ၊ ကွန်ရက် ကျွန်တော်တို့ နိုင်ငံအတွင်းမှာရော ဘယ်လောက်ထိ ရှိလဲ၊ ဘယ်လိုတွေ ဆက်သွယ်ပြီးတော့ အလုပ်လုပ်ကိုင်နေလဲဆိုတာကို ကျွန်တော်တို့ လုံခြုံရေးအဖွဲ့အစည်းတွေ၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနတို့ ပူးပေါင်းစောင့်ကြည့်လေ့လာနေပါတယ်။ နောက်ပြီး တစ်ခုရှိတာက ကျွန်တော်တို့ နိုင်ငံအတွင်းမှာတော့ ဒီလို အစွန်းရောက်အကြမ်းဖက် ဆဲလ်တွေ အများကြီးမရှိနိုင်ဘူးလို့ မှန်းရတာပေါ့နော်” ဆိုပြီး ထည့်သွင်းပြောကြားထားပါတယ်။ အသေအချာ ဖတ်ရှုလေ့လာကြည့်ရင် နှပ်ကြောင်းပေးစကားများနဲ့အတူ အစ္စလာမ်ဘာသာဝင်အချို့ကို ပစ်မှတ်ထားဦးမယ့် အရိပ်လက္ခဏာတစ်စွန်းတစ်စကို ခံစားမိပါတယ်။ ယခင် အစိုးရဟောင်းလက်ထက်မှာလည်း ဒီလိုနှပ်ကြောင်းပေးစကားတွေ၊ အခြေအမြစ်မရှိတဲ့သတင်းတွေကို ဟုတ်သယောင်ယောင် ချဲ့ကားရေးသားခဲ့ကြပြီး များမကြာမီမှာပဲ ဘာသာရေး၊ လူမျိုးရေး အခြေတည် အနိဌာရုံတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ အဆုံးသတ်တော့ ဘာတွေကို အမြတ်ထုတ်သွားသလဲဆိုတာ အများသိပြီးဖြစ်ပါတယ်။ ဒီအချက်ကို မြန်မာလူထုအနေနဲ့ သတိမလွတ်ဖို့ အရေးကြီးပါတယ်။

    မဇ္ဈိမ သတင်းဋ္ဌာနကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအပိုင်းကို အထူးတင်းကြပ်သွားမယ့် အကြောင်း ဇောင်းပေးတင်ပြထားပါတယ်။ အထူး သတိပြုသင့်တာက နိုင်ငံတော်လုံခြုံရေး/ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး၊ နယ်စပ်ဒေသရေးရာ ကဏ္ဍများဟာ အရပ်သားအစိုးရလက်အောက်မှာ မဟုတ်သေးဘူး ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်က ဒီခြိမ်းခြောက်စာ ထွက်ပေါ်လာမှ အရေးကြီးတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်သူတိုင်း အသက်အန္တရာယ်ရှိခဲ့တာချည်းပဲဖြစ်ပါတယ်။ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်အဖို့ အသက်ဘေးက သီသီလေးလွတ်ခဲ့ရတာ တိုင်းသိပြည်သိပါ။ ပြည်တွင်းထဲ ကနေ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပြားမတန်အောင် သိက္ခာချပြီး သတ်မယ်ဖြတ်မယ် တကဲကဲ မကြာခဏ ခြိမ်းခြောက်နေတာတောင် ဘာဆိုဘာမျှ မဖြစ်ခဲ့ဘဲ အခြေအမြစ်မဲ့ ပြည်ပက ခြိမ်းခြောက် စာတစ်စောင်လေးက ဒီအခြေအနေထိ တွန်းပို့နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ တကယ်တမ်း ဖြစ်လာခဲ့လျှင်ပင် IS ဟန်ဆောင်ထားတဲ့ တောကြောင် အုပ်စုများသာ လက်ရဲဇက်ရဲ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ချေ များပါတယ်။

    အစ္စလာမ်သာသနာကို ခြေခြေမြစ်မြစ် သိရှိသူတိုင်း ISIS/ISIL စတဲ့ အကြမ်းဖက်အုပ်စုတွေကို မစင်ထက်ပင် ရွံရှာကြပါတယ်။ အကယ်၍များ ဒီအကြမ်းဖက်အုပ်စုမျိုး၊ ဒီလိုအုပ်စုရဲ့ကွန်ရက်မျိုး မြန်မာပြည်ထဲ တကယ်ရှိတယ်/၀င်ရောက်မယ်ဆိုရင် သူတို့ကို ပထမဦးဆုံးနဲ့ အပြင်းထန်ဆုံး ရင်ဆိုင်မှာက မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၊ အစ္စလာမ်အဖွဲ့အစည်းများ သာ ဖြစ်နေလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဖိနှိပ်ခွဲခြားဖယ်ကြဉ် ဆက်ဆံခံနေရတဲ့ မြန်မာနိုင်ငံသား မွတ်စ်လင်မ်များအနေနဲ့ ရှေ့ဆက်ပြီး မိမိတို့လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ဂုဏ်သိက္ခာ ထာဝရ ပျက်သုဉ်းစေမယ့်လုပ်ရပ်မျိုး ဘယ်လိုမှ လက်ခံမှာမဟုတ်ကြောင်း တွေးကြည့်ယုံနဲ့ သိနိုင်မှာပါ။ နောက်ကြောင်းပြန် လှည့်စေလိုတဲ့သူများကတော့ ဒီအခြေအနေနဲ့ ဆန့်ကျင်ဖက်ကို တို့မီးရှို့မီးတွေနဲ့ တစ်ဖက်သတ် ပုံဖော်နေကြဦးမယ်။ ဒါကိုလည်း များမကြာမီ မြင်တွေ့ကြရပါဦးမယ်။

    ISIS အဖွဲ့များဟာ အစ္စလာမ်အခြေခံသွန်သင်မှုနဲ့ အလျဉ်းမကိုက်ညီ၊ အစ္စလာမ်အမည်ကို အသုံးချနေတဲ့ အကြမ်းဖက် အဖွဲ့သာလျှင်ဖြစ်တယ်၊ သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်များအပါအ၀င် အစ္စလာမ်ရဲ့အမည်နာမ အသုံးပြုနေတာကို အပြင်းအထန် ရှုတ်ချတယ် အစရှိသဖြင့် ကမ္ဘာ့ထိပ်တန်း အစ္စလာမ်ပညာရှင်အသီးသီးက ရှုတ်ချထား၊ ဓမ္မသတ် ထုတ်ပြန်ထားပြီးတဲ့အကြောင်း ယနေ့ထက်ထိတိုင် မြန်မာမီဒီယာအများစုက ဖော်ပြခြင်းမရှိဘဲ ထိမ်ချန်ထားတာကို ထူးခြားစွာ သတိပြုမိပါတယ်။ ဒါ့အပြင် ISIS တိုက်ခိုက်ရေးသမားတွေ အပေါ် ပစ်ခတ်/သတ်ဖြတ်/ဗုံးခွဲ/နည်းဗျူဟာတွေကို အနီးကပ်ကြီးကြပ်သင်တန်းပေးနေတာက အစ္စရေးမော့ဆက်များဖြစ်နေကြောင်း ကမ္ဘာ့သတင်းသမားအများစု သိလာကြပြီဖြစ်သော်လည်း နာမည်ကြီး မြန်မာမီဒီယာတွေ မသိ ရှိနိုင်ကြသေးတာကတော့ အံ့သြစရာပါ။ နောက်ထပ် လူသိနည်းနေသေးတဲ့ကိစ္စနှစ်ခုလည်း ရှိပါတယ်။ ပထမတစ်ခုက – အရှေ့အလယ်ပိုင်းသား အစ္စလာမ် ဘာသာဝင်အာရပ်များနဲ့ အစ္စရေးဂျူးတို့ဟာ ကမ္ဘာ့ရန်တွေ ဖြစ်ပါတယ်။ သို့သော် အစ္စလာမ်နိုင်ငံတော်တည်ထောင်မယ်ဆိုတဲ့ ISIS က အစ္စရေးဂျူးတွေကို အနည်းငယ်မျှပင် မော်မကြည့်ဝံ့သည်သာမက နေ့တဓူဝ သူတို့သတ်ဖြတ်နေသူတွေကို ကြည့်လိုက်ရင် ဘာသာခြားထက် မွတ်စ်လင်မ်ဦးရေက အဆမတန် များပြားနေတာကို အတိုင်းသား တွေ့နိုင်ပါတယ်။ တွေးခေါ်ဆက်စပ်တတ်သူများအတွက် ဒီအချက်အလက်နဲ့တင် လုံလောက်သွားပါမယ်။

    အရပ်သားအစိုးရ (တစ်နည်း) ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို မလိုလားသူ နောက်ကွက်လက်မည်းကြီးများဟာ တိုင်းပြည်မတည်ငြိမ်စေဖို့၊ အကာအကွယ်ခေါင်းစဉ် တစ်ခုခုအောက်က ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ တောကြောင်တွေကို အသုံးပြုလေ့ရှိပါတယ်။ လက်ရှိနှစ်များ အတွင်း လူထု စည်းလုံးမှုကို လူမျိုးရေး၊ ဘာသာရေးဆိုတဲ့ ဗျူဟာနဲ့ အကောင်းဆုံး၊ အထိရောက်ဆုံး ဖြိုခွဲပစ်နိုင်ခဲ့ပြီဆိုတာ နိုင်ငံရေး ၀ါရင့်သူတိုင်း နားလည်ထားပြီး ဖြစ်ပါတယ်။ လူထုကြားထဲမှာတင် တောကြောင်တွေ ရှိနေတာမဟုတ်ပါဘူး၊ “တောကြောင်မီဒီယာ” များလည်း ရှိနေကြောင်း တော်လှန်ရေး သတိရှိတဲ့ ဒုံးမဝေးသူတိုင်း နားလည်ထားကြပြီး ဖြစ်မှာပါ။ ဒီလိုမီဒီယာများကလည်း များမကြာမီ သမိုင်းတရားခံစာရင်းဝင်သွားပါလိမ့်မယ်။ တောမီးလောင်တောကြောင် လက်ခမောင်းခတ် ဆိုသလို တောကြောင်များ အဖို့ တောမီးလောင်တာကို အလွန်အင်မတန် လိုလားတောင့်တနေကြမှာပါ။

    အချုပ်အားဖြင့် ဒီခြိမ်းခြောက်မှုဖြစ်စဉ်ဟာ မြန်မာနိုင်ငံတွင်း အတွင်းလှိုက် ဒီမိုကရေစီ ဖျက်ဆီးရေးသမား(တောကြောင်)များနဲ့ တိုက်ရိုက်သွယ်ဝိုက် ဆက်စပ်မှု မရှိနိုင်သော်လည်း သူတို့အနေနဲ့ ဒီယုန်မြင်ပြီး ဒီခြုံထွင်နိုင်ဖွယ် ရှိနေပါကြောင်း IS ရဲ့ ခြိမ်းခြောက်မှုကို အရင်းပြုပြီး ဆန့်ထွက်လာနိုင်တဲ့ လက်တစ်စုံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်၊ မြန်မာ့ဒီမိုကရေစီအတွက် အန္တရာယ် ပိုကြီးမားနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    (ဆောင်းပါးရှင်၏အာဘော်သာ ဖြစ်ပါသည်)

  • လူမျိုးရေး ပဋိပက္ခနဲ့ စိန်ခေါ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေ စိုးမိုးရေး

    လူမျိုးရေး ပဋိပက္ခနဲ့ စိန်ခေါ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေ စိုးမိုးရေး

    တချို့ ဘုန်းတော်ကြီးတွေကလည်း ဘာသာရေးဆိုင်ရာ အစည်းအဝေးတွေမှာ အကြမ်းဖက်ဖို့ လှုံ့ဆော်တာမျိုးလည်း လုပ်ကြပါတယ်။ အဲလို အကြမ်းဖက်ဖို့ လှုံ့ဆော်လို့ဆိုပြီး တစ်စုံတစ်ယောက် အရေးယူခံရတယ် ဆိုတာမျိုးလည်း ဒီကနေ့ အချိန်ထိ မကြားမသိကြရပါဘူး။

    13529150_142416479512891_1757518882786992394_n
    သူရဲသမိန် ကျေးရွာ အကြမ်းဖက်မှု

    စည်သူအောင်မြင့် ရေးသားသည်။
    .
    ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်က ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန် ကျေးရွာမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အိမ်နီးနားချင်းကို ဆဲဆိုတယ်လို့ ဆိုတဲ့ အစ္စလာမ် ဘာသာဝင် တစ်ယောက် လူအုပ်စုရဲ့ ဝိုင်းဝန်း ရိုက်နှက်တာ ခံရတဲ့အပြင် သူ့ရဲ့နေအိမ်နဲ့ ကျေးရွာက ဗလီလည်း ဖျက်ဆီးခံလိုက်ရပါတယ်။
    .
    နောက်ပိုင်း ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းမှုကြောင့် အခြေအနေတွေ ပြန်တည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ နေအိမ်နဲ့ ဗလီကို အကြမ်းဖက် ဖျက်ဆီးခဲ့သူ ဘယ်သူမှ အရေးယူ မခံရပါဘူး။ အခုဖြစ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှု ဖြစ်ပေမဲ့ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဘာမှ ကွဲပြားခြားနားတာမျိုး မရှိပါဘူး။
    .
    ဖြစ်စဉ်၊ စ၊ လယ်၊ ဆုံး အားလုံး ဆင်တူယိုးမှားတွေပါပဲ။ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်ပွားလာဦးမလား၊ ဒီ ပြဿ      နာနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အစိုးရအတွက် ဖိအားတွေ ဖြစ်စေမလား၊ ပြဿ  နာတွေ ပြေလည်အောင် ဘယ်လို ဖြေရှင်းရင် ဖြစ်နိုင်မလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
    .
    အရင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်တွေမှာတော့ ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလာမ် ဘာသာဝင် ရွှေဆိုင်မှာ အရောင်းအဝယ် လုပ်တာကနေ စပြီး စကားများကြတယ်၊ အစ္စလာမ် ဘာသာဝင်တစ်ယောက်ရဲ့ စက်ဘီးနဲ့ ဗုဒ္ဓဘာသာ ကိုရင်လေး တိုက်မိကြတယ်၊ အစ္စလာမ် ဘာသာဝင် ဆိုင်ရှေ့မှာ ဆိုင်ကယ်ပါကင် ထိုးရင်း စကားများကြတယ် စတဲ့ သာမန် အဖြစ်အပျက်လေးတွေကနေ အစ ပြုပါတယ်။
    .
    အခု သူရဲသမိန်က ဖြစ်စဉ်မှာလည် မူဆလင် တစ်ယောက်က အိမ်နီးနားချင်းကို ဆဲတာကနေ အစ ပြုပါတယ်။ အရင် ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေတုန်းကလိုပဲ လူတစ်ယောက်က ဆဲဆိုတဲ့ ပြဿ  နာကနေ လူအုပ်စုကြီးက အဲဒီ လူကို ဝိုင်းရိုက်၊ နောက်တော့ အဲဒီလူရဲ့ နေအိမ်ကို လူအုပ်နဲ့ အကြမ်းဖက် ဝင်ရောက် ဖျက်ဆီးရုံမက ဗလီကိုပါ ဝင်ဖျက်ခဲ့တဲ့ ဖြစ်စဉ်မျိုး ဖြစ်ပါတယ်။
    .
    ထုံးစံအတိုင်း နောက်ပိုင်း ရဲတပ်ဖွဲ့ ရောက်လာပြီး ပဋိပက္ခ ပိုမကြီးထွားအောင် ထိန်းသိမ်းပါတယ်။ ဒါပေမဲ့လည်း ထုံးစံအတိုင်း တိုင်ကြားသူ မရှိလို့ ဆိုပြီး နေအိမ်နဲ့ ဗလီ အကြမ်းဖက် ဖျက်ဆီးသူတွေကို စစ်ဆေး၊ အရေးယူ ဖမ်းဆီးတာမျိုး မလုပ်ခဲ့ပါဘူး။ နောက်ဆက်တွဲအဖြစ် အဲဒီကျေးရွာမှာ လူနည်းစု မူဆလင် တချို့ မနေရဲတော့ပါဘူး။ ပဋိပက္ခ ဖြစ်ပွားပြီး ရက်ပိုင်းမှာပဲ မူလဆင် ၄၄ ယောက် ရွာကနေ တခြား နေရာတွေဆီ ရွှေ့ပြောင်းသွားပါတော့တယ်။
    .
    သူရဲသမိန် ကျေးရွာက ဖြစ်စဉ်ဟာ ရှေ့ပိုင်းက အဖြစ်အပျက်တွေလို သာမန်ပြဿနာကို ဥပဒေအတိုင်း မဖြေရှင်းဘဲ လူအုပ်စုနဲ့ အကြမ်းဖက် ဖြေရှင်းရာကနေ အခုလို ပြဿ      နာမျိုး ပေါ်ပေါက်လာတာပါ။ အခုဖြစ်စဉ်ကိုကြည့်ရင် သူရဲသမိန်ရွာမှာ အိမ်ခြေ တစ်ထောင်ကျော်၊ လူဦးရေ ၆ ထောင်ကျော်ရှိတဲ့အနက် မူဆလင်က အိမ်ခြေ ၅၀၊ လူဦးရေ ၁၅၀ လောက်ပဲ ရှိတာမို့ တကယ့်ကို လူနည်းစုလေးပါ။ ဒါကြောင့် အဲဒီ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ အပြန်အလှန် အကြမ်းဖက်မှု ဖြစ်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ လူများစုကနေ လူနည်းစုကို အကြမ်းဖက်ဖို့ ဖြစ်နိုင်သလို တကယ်လည်း အဲဒီလိုပဲ ဖြစ်သွားခဲ့တာပါ။
    .
    လက်ရှိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာရော၊ အရင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် အကြမ်းဖက်မှုတွေ မဖြစ်ပွားခင် အမုန်းတရား ပျံ့ပွားမှုက အရင် ရှိနေနှင့်ပြီး သာမန် ပဋိပက္ခ ဖြစ်လိုက်တာနဲ့ အကြမ်းဖက်မှုအဖြစ် အလွယ်တကူ အသွင်ကူးပြောင်းသွားတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
    .
    ဒီအတွက် ဒီလို ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ထပ်ပြီး မဖြစ်ပွားဖို့၊ လျော့နည်း ပပျောက်ဖို့ ဆိုရင် အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ဖို့၊ တရားဥပဒေ စိုးမိုးရေးကို ကောင်းကောင်း အကောင်အထည်ဖော်ဖို့ လိုပါတယ်။ အကြမ်းဖက်ဖို့ လှုံ့ဆော်တာကို ဥပဒေနဲ့အညီ အရေးယူဖို့ လိုပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ နည်းပေါင်းစုံနဲ့ အမုန်းတရား ဖြန့်ဖြူးမှု လုပ်နေတာတွေကို ကာကွယ်၊ တားဆီး၊ အရေးယူ၊ ပညာပေးကြဖို့ ဖြစ်ပါတယ်။
    .
    ၂၀၁၂ လောက် စခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ပျောက်ကွယ် မသွားတာဟာ တရားဥပဒေ စိုးမိုးမှုကို ကောင်းကောင်း အကောင်အထည် မဖော်လို့ပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် လူစုလူဝေးနဲ့ အကြမ်းဖက်တာကို ထိထိရောက်ရောက် အရေးယူတာမျိုး မလုပ်ခဲ့တဲ့အတွက် လူအများစုကြီးဟာ တစ်ဦးချင်း တစ်ယောက်ချင်း အကြမ်းဖက်မှု မလုပ်ရဲရင်သာ ရှိမယ်၊ လူအုပ်စုနဲ့ အကြမ်းဖက်ဖို့ကိုတော့ ဝန်မလေးကြတာ၊ မကြောက်ရွံ့ကြတာ တွေ့နိုင်ပါတယ်။ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အကြမ်းဖက်သူတွေကို အဲလို တိတိကျကျ အရေးမယူခဲ့လို့ အကြမ်းဖက်မှုတွေ ထပ်ကာ ထပ်ကာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
    .
    ဒုတိယ တစ်ချက်ကတော့ အကြမ်းဖက်ဖို့ လှုံ့ဆော်တာကို အရေးယူဖို့ ဖြစ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် ပြဿ      နာ ဖြစ်လိုက်ပြီဆိုတာနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေကို တွေ့ရမှာဖြစ်သလို တချို့ ဖေ့စ်ဘွတ်ခ် Facebook လို လူမှုကွန်ရက် စာမျက်နှာကနေ အကြမ်းဖက်ဖို့ လှုံ့ဆော်ကြတာမျိုးလည်း ရှိပါတယ်။
    .
    တချို့ ဘုန်းတော်ကြီးတွေကလည်း ဘာသာရေးဆိုင်ရာ အစည်းအဝေးတွေမှာ အကြမ်းဖက်ဖို့ လှုံ့ဆော်တာမျိုးလည်း လုပ်ကြပါတယ်။ အဲလို အကြမ်းဖက်ဖို့ လှုံ့ဆော်လို့ဆိုပြီး တစ်စုံတစ်ယောက် အရေးယူခံရတယ် ဆိုတာမျိုးလည်း ဒီကနေ့ အချိန်ထိ မကြားမသိကြရပါဘူး။
    .
    တတိယ အရေးကြီး အချက်ကတော့ အမုန်းတရား ဖြန့်ဖြူးနေမှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၂ ခုနှစ်က စပြီး ဘုန်းတော်ကြီး တချို့နဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းအကြားမှာ မူဆလင် မုန်းတီးရေး လှုပ်ရှားမှုတွေ လုပ်ကိုင်လာကြပါတယ်။ တရားပွဲတွေမှာ အမုန်းတရား ဖြန့်ဖြူးတာ လုပ်သလို၊ အဲဒီ တရားပွဲမှာ ပြောဆိုတာတွေကို စီဒီဓာတ်ပြားတွေနဲ့ ဖြန့်တာ၊ အွန်လိုင်းကနေ ဖြန့်တာမျိုးလည်း လုပ်ကြပါတယ်။
    .
    တချို့နေရာတွေမှာတော့ အမုန်းတရား ဖြစ်စေတဲ့ စာသားနဲ့ ဓာတ်ပုံတွေကို မိတ္တူကူးပြီး ဖြန့်ဝေတာ ရှိသလို ဗီနိုင်းပိုစတာတွေ ကပ်ပြီး ဖြန့်ဖြူးလှုံ့ဆော်တာလည်း ရှိပါတယ်။ တချို့နေရာတွေမှာတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်လေးတွေကို ယဉ်ကျေးလိမ္မာ သင်တန်းဆိုပြီး အမုန်းတရား ဖြန့်ဖြူးနေတာမျိုးလည်း ရှိနေပါတယ်။
    .
    လက်ရှိ သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကတော့ ဒီလို အမုန်းတရား ဖြန့်ဖြူးနေတာကို ဥပဒေရေးဆွဲ အရေးယူဖို့ လုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမုန်းတရား ဖြန့်ဖြူးနေတဲ့ဆီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတချို့ ပါဝင်နေတာ၊ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ပြဿ      နာ ဖြစ်နေတာမို့ အလွယ်တကူ ကိုင်တွယ်လို့ ရနိုင်မယ့် ပြဿ      နာမျိုးတော့ မဟုတ်ပါဘူး။
    .
    ခုလို အမုန်းတရား ဖြန့်ဖြူးတာ အပါအဝင် အကြမ်းဖက်ဖို့ လှုံ့ဆော်တာ၊ အကြမ်းဖက်တာတွေကို အရေးယူ ကိုင်တွယ်လို့ မရနိုင်သေးမချင်း မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပွားဖို့ အခြေအနေ ရှိနေဦးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေ စိုးမိုးရေး ကြွေးကြော်သံဟာလည်း စိန်ခေါ်ခံနေရဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
    .
    Frontier Myanmar. မှ ကူးယူဖော်ပြသည်။

    http://frontiermyanmar.net/mm/news/2186

  • တရားဥပဒေစိုးမိုးရေးနှင့် NLD အစိုးရ

    တရားဥပဒေစိုးမိုးရေးနှင့် NLD အစိုးရ

    လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများအား သုံးသပ်ထားသော ဆောင်းပါးတပုဒ် အမ်မီဒီယာ စာဖတ်ပရိတ်သတ် ဖတ်ရှု ဝေဖန်သုံးသပ်နိုင်ဖို့ ထပ်ဆင့် မျှဝေပေးလိုက်ပါတယ်။

    NLD and Rule of Law
    ဆိုရေးရှိက ဆိုရပေအုံးမည်။

    NLD အစိုးရတက်လာပြီး ၃လခန့်အတွင်း ဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသော ဘာသာရေးနှင့်ဆက်နွှယ်သည့် ပြသနာများဆက်တိုက်ပေါ်လာနေသည်။ အစိုးရအဖွဲ့အားမူဝါဒများချမှတ်ထိန်းမောင်းပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေးအား အလွန်အလေးထားသူဖြစ်ပြီး ကိုယ်တိုင်လဲ ပြီးခဲ့သည့်အစိုးရလက်ထက် လွှတ်တော်တွင် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌဖြစ်ခဲ့သည်။ ပြသနာအားလုံးကို ဥပဒေစိုးမိုးရေးရှုထောင့်မှ ကြည့်မြင်ပြီး မျှတစွာသုံးသပ် ပြောဆိုလုပ်ဆောင်တတ်သူဖြစ်သည်မှာအားလုံးအသိ။ Rule of law ဆိုသည့်စကားကို ယခင်ကလုံးဝ မသုံးစွဲခဲ့သည့်နိုင်ငံမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကိုယ်တိုင်နှင့် သူ့အစိုးရသည်ပင် rule of law ဆိုသည့်စကားကို ဒေါ်အောင်ဆန်းစုကြည်သုံးစွဲသည့်အတိုင်း တွင်တွင်ကျယ်ကျယ်လိုက်လံသုံးစွဲခဲ့ကြရသည်အထိဖြစ်ခဲ့သည်။

    ယခုအခါအစိုးရ၏ ပထမဦးစားပေးမှာ ၂၁ရာစုပင်လုံညီလာခံကြီးဖြစ်သည်။ အဲသည်အတွက် အစိုးရသည်အားသွန်ခွန်စိုက်လုပ်ဆောင်နေရင်း အခြားပဋိပက္ခဟူသမျှကို သတိကြီးစွာရှောင်ရှားလုပ်ဆောင်နေသည့် သဘောရှိသည်။ သို့သော် ငြိမ်းချမ်းရေးကဲ့သို့ high priority ကိစ္စများကို ဦးစားပေးဆောင်ရွက်နေရသဖြင့် သာမာန်ပြည်သူများ၏ နေ့တဓူဝဘ၀အားထိခိုက်စေသည့် အောက်ခြေပဋိပက္ခများကို လျစ်လျူရှုထား၍မရပေ။ အောက်ခြေမှာ ဥပဒေစိုးမိုးမှု၊ တရားမျှတမှုကင်းမဲ့လျှင် ထိပ်ပိုင်းတွင် သဘောတူညီချက်မှရရှိသည့် ငြိမ်းချမ်းရေးသည် အနှစ်သာရကင်းမဲ့နေမည်။

    ဥပမာ NLD အစိုးရတာဝန်စယူသည့် April လအတွင်းမှာ အိပ်မက်အရဟုဆိုကာ မြိုင်ကြီးငူဆရာတော် ဦးသုဇနညွှန်ကြားချက်ဖြင့် ဗလီအနီး၊ ခရစ်ယန်ကျောင်းတော်ဝန်းအတွင်းစသည်နေရာတွေမှာ ဘုရားစေတီတွေ အတင်းအဓမ္မတည်ဆောက်ခဲ့ပါသည်။ ဆရာတော်နှင့် တွေ့ဆုံပြီး မေတ္တာရပ်ခံ လျှောက်ထားဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြိုးစားပေမယ့် အဆင်မပြေ ဖြစ်ခဲ့ပါသည်။ အဲဒီဖြစ်ရပ်အပေါ်မှာ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက စိတ်ရှည်သည်းခံဖို့ပြောကြားတာပဲရှိခဲ့ပြီး မည်သို့မှ အရေးယူဆောင်ရွက်တာမျိုးမရှိခဲ့ပါ။ နောက်ဆုံးမှာ ခရစ်ယန်ကျောင်းအာဏာပိုင်များက သဘောထားကြီးစွာဖြင့် ဘုရားဆောက်လုပ်ထားသည့်မြေကို လှုလိုက်ပါသည်။

    April လ ၄ရက်နေ့မှာ သာသနာရေးဝန်ကြီးဟာ မဘသဦးဆောင်ဆရာတော်များကိုတွေ့ဆုံပြီး ဘာသာမတူညီသည့် အုပ်စုများအကြား အမုန်းတရားများ မပြန့်ပွားစေရေး လျှောက်ထားဆွေးနွေးခဲ့ပါသည်။ သို့သော် မဘသ၏ ၃နှစ်ပြည့် ညီလာခံတွင် ဘာသာခြားများအပေါ်အမုန်းပွားစေမည့်တရားများ ဟောကြားခဲ့သလို၊ လူအများမြင်နိုင်သည့် Facebook တွင် ဘာသာခြားများနှင့် နိုင်ငံခေါင်းဆောင်များအား သတ်မယ်ဖြတ်မယ်ခြိမ်းခြောက်နေသူ အစွန်းရောက် ဦးနေမျိုးဝေအား လွှတ်ပေးရေးအထိ စည်းဘောင်ကျော်ကာ တောင်းဆိုသည်များရှိခဲ့ပါသည်။ မဘသ၏ ထိုသို့ သာသနာတော် အဆုံးအမများနှင့် ဆန့်ကျင်နေသည့် ကြေညာချက်၊ လုပ်ဆောင်ချက်များအား သာသနာရေးမှ မည်သည့်တုံ့ပြန်လုပ်ဆောင်မှုမျှ မရှိခဲ့ပါ။

    June ၂၅ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူမိန်သရဲကျေးရွာမှာ NLD အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် အရပ်ထဲရန်ဖြစ်ရာမှအစပြုကာ ဗလီနှင့်စာသင်ကျောင်းများ အဖျက်ဆီးခံရသည်အထိဖြစ်ခဲ့သည်။ အဖျက်စီးခံခဲ့ရသည့် မွတ်ဆလင်မိသားစုသည် သူတို့နှစ်ပေါင်းများစွာ အခြေချနေထိုင်လာသည့် ဒေသမှာ ပြန်လည်နေထိုင်လိုသဖြင့် ဗုဒ္ဓဘာသာဒေသခံများနှင့် မလိုလားအပ်သည့် ရန်မီးငြိမ်းစေရန် အမှုဖွင့်တရားစွဲဆိုခြင်း မပြုဖို့ရွေးချယ်ခဲ့သည်။ ပဲခူးတိုင်းရဲတပ်ဖွဲ့မှလည်း နစ်နာသူ ကာယကံရှင်၏ ရွေးချယ်မှုအတိုင်း ဖျက်ဆီးခဲ့သူများအား အရေးမယူဖို့ဆုံးဖြတ်ခဲ့သည်။ ဒီမှာ ဥပမာတစ်ခုပေးလိုပါသည်။ ၂၀၁၃ခုနှစ် စင်္ကာပူနိုင်ငံ Little India ဟုခေါ်သည့် India နိုင်ငံသားအများအပြားနေထိုင်သည့် နေရာမှာ လူပေါင်း၃၀၀ခန့်ပါဝင်သည့် အဓိကရုဏ်းဖြစ်ပေါ်ခဲ့သည်။ စဖြစ်တာက India နိုင်ငံသားတစ်ယောက် ဘတ်စ်ကား အက်ဆီးဒန့်ကြောင့် သေဆုံးရာကနေဖြစ်တဲ့အမှုဖြစ်ပါသည်။ ရဲကားများပါ မီးရှို့ခံရသည်အထိ အလွန်သေးငယ်တဲ့ ကျွန်းနိုင်ငံဖြစ်သည့် စင်္ကာပူမှာ အလွန်ကြီးမားသည့် အဓိကရုဏ်းကြီးဖြစ်ပါသည်။ ၀န်ကြီးချုပ် လီရှန်လွန်းက – ဘယ်လိုပြသနာကြောင့်ပဲ အဓိကရုဏ်းဖြစ်ဖြစ် အခုလို ဖျက်လိုဖျက်ဆီးလုပ်တဲ့ အကြမ်းဖက်မှုများကို လုံးဝသီးခံမှာမဟုတ်ပါ။ အဲဒီလို ဥပဒေမဲ့ကျူးလွန်သူတွေကို ဘယ်သူဖြစ်ဖြစ် ဖော်ထုတ်ပြီး တရားဥပဒေအရ ရင်ဆိုင်ခိုင်းရပါလိမ့်မယ်။ ” ဟု ရဲရဲတောက်ပြောကြားခဲ့ပြီး ပြောသည့်အတိုင်းလဲ တကယ်လုပ်ခဲ့သည်။ နစ်နာသူ ကိုယ်စား တိုင်ကြားသူမရှိသော်လည်း ရဲများက တစ်နှစ်ကြာ စနစ်တကျ ဖော်ထုတ်ခဲ့ပါသည်။ ဓါတ်ပုံ၊ ဗီဒီယိုများမှတဆင့် ဖျက်ဆီးမှု လုပ်သူများကို စနစ်တကျ ဖော်ထုတ်ပြီး တရားရုံး အရောက်ပို့ခဲ့ပါသည် ။ အဲ့ဒီအဖြစ်အပျက်မှာ ၂၇ ယောက် ဒါဏ်ရာရ၊ ၄၀ ယောက် ဖမ်းပြီး ၃၁ ယောက်ကို ပြစ်ဒါဏ်ချမှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေးဖော်ဆောင်ရာမှာ အထူးအလေးထား လေ့လာသင့်သည့် Case study တစ်ခုဖြစ်သည်။ ယခုခဲ့သို့ လူအုပ်စုကြီးဖြင့် လုပ်ချင်ရာလုပ်သွားပါစေ ကာယံရှင်ဆန္ဒအရ အရေးမယူဆိုသည်မှာ ဥပဒေစိုးမိုးရေးအတွက် ကြီးစွာသော အန္တရယ်ဖြစ်ပါသည်။ အနည်းဆုံးတော့ဖြင့် ဖျက်ဆီးရေး လုပ်ဆောင်သွားသူများအား ဖေါ်ထုတ်ကာ ခံဝန်ချက်ရေးထိုးခိုင်းခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် မိမိတို့ (ပြည်သူ့ရဲများ) အမြဲမပြတ်စောင့်ကြည့်နေကြောင်း သက်ဆိုင်သူတို့အား သိစေအပ်သည်။

    တမြန်မနေ့ကပဲ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရသာကျေးရွာ ရွာထိပ်ဝင်ဝင်ချင်းမှာ ကုလားမဝင်ရ ဆိုင်းဘုတ်ကြီးအား ဗုဒ္ဒဘာသာဘုန်းတော်ကြီးများ အပါအ၀င်ဒေသခံများက ဂုဏ်ယူဝံ့ကြွားစွာ စိုက်ထူလိုက်လေသည်။ ထိုဆိုင်းဘုတ် သည်နိုင်ငံတော်၏ အခြေခံဥပဒေပြဌာန်းချက်များအား ဆန့်ကျင်နေသည်မှာ အထင်အရှားဖြစ်သည်။ အခြေခံဥပဒေ ပုဒ်မ ၃၄၇၊ ၃၄၈ အရကိုးကွယ်ရာဘာသာ၊ လူမျိုးစု ကြောင့်ခွဲခြားဆက်ဆံခြင်းအား လုံးဝခွင့်ပြုမထားပါ။ ထို့ကြောင့် ယခုလိုလုပ်ရပ်များအား တားဆီးဖို့ ရဲတပ်ဖွဲ့နှင့်တကွ အစိုးရတွင်တာဝန်ရှိသည်။ ဒေသကိုယ်စားပြု အမတ်များမှလည်း ထိုကိစ္စအား ထုတ်ဖော်ပြောဆို အရေးတယူလုပ်သည်ကို မတွေ့ရပေ။

    July ၁ ရက်နေ့တွင်တော့ ဖျက်သိမ်းဖို့ ချိတ်ပိတ်ခံထားရသည့် ဖားကန့် (လုံးခင်း)မှ ဗလီအား ဖျက်ဆီးပြီး မီးရှို့ခံရသည့် သတင်းများတက်လာသည်။ ကချင်ပြည်နယ်အစိုးရမှ အဆိုပါ နေရာအနီး လုံခြုံရေး ရဲဝန်ထမ်းအယောက် ၁၀၀ခန့် ချထားသည်ဆိုသော်လည်း ဖျက်ဆီးမှုများအား တားဆီးနိုင်ခြင်း မရှိခဲ့။ ထိုဗလီသည် တရားမ၀င်ခိုးဆောက်ထားသည့် ဗလီဟုဆိုသည်။ ထို့ကြောင့် ချိတ်ပိတ်ခံထားရသည်။ သို့သော် လုပ်ပိုင်ခွင့်ရှိသည့် အာဏာပိုင်အဖွဲ့မှမဟုတ်ပဲ အခြားသူများက ဖျက်လိုဖျက်ဆီလုပ်မှုသည် ဥပဒေချိုးဖောက်မှုဖြစ်သည်။

    အထက်ဖေါ်ပြပါ ဥပမာများသည် လူများစုကိုးကွယ်သည့် ဘာသာမှ လူအုပ်စုများက လူနည်းစုအပေါ်ကျူးလွန်သည့် ဖျက်ဆီးသည့် လုပ်ရပ်များဖြစ်သည်။ ထိုလုပ်ရပ်များသည် NLD အစိုးရအား ဒုက္ခရောက်စေရန် တမင်ဖန်တီးသည့် နိုင်ငံရေး မသမာမှုများလည်း ပါနိုင်သလို ပြည်တွင်းစစ်ပြေငြိမ်းရေးအတွက် ကြိုးပမ်းနေသည့် အစိုးရအား အလုပ်ရှုပ်အောင် လမ်းကြောင်းလွဲအောင် ဖန်တီးမှုများလည်းရှိနိုင်သည်။

    မည်သို့ဆိုစေကာမူ NLD အစိုးရသည် ထိုကဲ့သို့ကိစ္စများအား ပြေလည်အောင်မဖြေရှင်းနိုင်လျှင် ဥပဒေစိုးမိုးရေးမှ အစပြုကာ တိုင်းပြည်ငြိမ်းချမ်းရေးလုပ်ငန်းကိုပါ အောင်မြင်စွာ လုပ်ဆောင်နိုင်ပါ့မလားဟု အများသံသယဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရင်း အောက်ခြေမှာ ဥပဒေစိုးမိုးရေးအားကောင်းဖို့ အားထည့်ကာလုပ်ဆောင်နိုင်မှသာ ငြိမ်းချမ်ရေးအတွက် အထောက်အကူဖြစ်မှာဖြစ်သလို သာမန်ပြည်သူလူထု၏ နေ့တဓူဝ ဘ၀လုံခြုံမှာဖြစ်ကြောင်း တိုက်တွန်းလိုက်ပေသည်။

    အရေးအသား ‪#‎HaveASay‬

    မူရင်းလင်ခ်

    https://www.facebook.com/HaveASaySoyaySoyar/posts/1038031612971493

  • တရားမ၀င်ဘူးတဲ့လား ဒေါက်တာ ဖေမြင့်

    တရားမ၀င်ဘူးတဲ့လား ဒေါက်တာ ဖေမြင့်

    ဇူလိုင် ၁ ၊ ၂၀၁၆
    ငြိမ်းချမ်းအောင်ရေးသည်။
    160324153943_u_pe_myint_640x360_bbc_nocredit
    .
    ဦးဖေမြင့်ကို ကျနော် စာပေသမားတယောက်အနေနဲ့ လေးစားပါတယ်။ ဦးဖေမြင့်ကလည်း အသိပညာရှင်တယောက်ပီပီ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အပြန်အလှန် လေးစားသင့်ပါတယ်။
    ငြိမ်းချမ်း ဘာကိုးကွယ်လည်း မေးရင် ကျနော့် မိန်းမက လွှဲပြီး ဘာမှ မကိုးကွယ်ပါဘူး။ (ရှင်းအောင် ပြောထားတာပါ။)
    သမိုင်းတွေ ကို သေသေချာချာ ပြန်ဖတ်ကြည့်ပါ။ သခင်စိုးကြီးကို အင်္ဂလိပ်အစိုးရက ဖမ်းချင်ပေမဲ့ ရွှေတိဂုံ ဘုရားပေါ်ကို တက်ပြေးတော့ ဘုရားပေါ်မှာ တက် မဖမ်းခဲ့ပါဘူး။ နောက်ဆုံး ဗမာ့ခေတ် ဦးအုံးခင်တို့က လော်ဘီလုပ်ပြီး မိန်းမအနေနဲ့ ရုပ်ဖျက်ပြီး ဘုရားပေါ်က ဆင်းသွားပြီ ၀ါဒဖြန့်တော့မှ အင်္ဂလိပ်က လက်လျှော့ သခင်စိုးကြီး အေးအေးဆေးဆေးနဲ့ ရွှေတိဂုံဘုရားက ပြန်ဆင်းလာနိုင်ပါတယ်။ ဒါဟာ အင်္ဂလိပ်အစိုးရရဲ့ ဘာသာတရားအပေါ်မှာ ထားတဲ့ လေးစားမှု့ပါ။ နောက်တချက်က တရားဥပဒေ အရပါ။ ဒေါက်တာဖေမြင့် တယောက် ဒီိလို စာတွေနဲ့ ယဉ်ပါး ပြီးသားပါ။
    ဒီလိုပဲ အခု ထိုင်းနိုင်ငံရဲ့ အကြောင်းကို ကျနော်မသိပါ။ လွန်ခဲ့သော ၁၅ နှစ် ၁၆နှစ်က တရားမ၀င် ဗမာနိုင်ငံသားတွေ မြဘုရား တို့ ထိုင်းနိုင်ငံက ဘုရားတွေပေါ်မှာ တက်နေရင် တရားမ၀င်မှန်း သိတာတောင် ထိုင်းရဲက မဖမ်းပါဘူး။ ဗုဒ္ဓဘာသာ အချင်းချင်းမို့ မဟုတ်ပါ၊ မွတ်စလင် ဘာသာဝင် သူငယ်ချင်း ကျောင်းသားတပ်မတော်သားတွေကိုလည်း ဘုရားကုန်းတော်ပေါ်မှာတော့ ရဲက တက်မဖမ်းပါဘူး။
    ဒီလ ဘာလ လည်း မေးကြည့်လိုက်ပါ။ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ် သီလ ယူတဲ့ လပါ။ အစ္စလာမ်ဘာသာဝင်တွေဆိုတာ ဗမာနိုင်ငံသားတွေပါ။ သူတို့အနေနဲ့ အခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အရ အေးအေးချမ်းချမ်း ယုံကြည်ရာကို ကိုးကွယ်ကြတာပါ။ နောက် တချက်က ဇူလိုင်လ တရက်နေ့ဟာ တကမ္ဘာလုံးဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဠ်အမြတ် ကဒရ်ညမြတ်လို့ ခေါ်တဲ့ နေ့ထူးနေ့မြတ်ပါ။
    ဒီလိုလ ဒီလိုနေ့ ကိုမှ ဗလီ တလုံး မီးလောင်တယ်ဆိုတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရင်ထဲမှာ ဘယ်လောက်များ ကြေကွဲလိမ့်မလဲ စဉ်းစားကြည့်ပေါ့ဗျာ။
    အစိုးရမင်းများ လုပ်ပြီး၊ ငါတို့ မသိလိုက်ဘူးဆိုရင်တော့ ခင်ဗျားတို့ သေလို့ရတဲ့ အထဲမှာ အစောကြီးကတည်းက ပါသင့်တဲ့သူတွေ ဖြစ်ကုန်မှာပေါ့။
    နောက်တချက်က ဘာသာရေးအဆောက်အဦးတွေ ဖျက်ဆီးမယ်ဆိုရင် အစိုးရမင်းများ ကိုယ်တိုင် လုပ်ရမှာပါ။ အရပ်သား မဆိုင်တဲ့သူတွေ ဖျက်ဆီးရင် ဘာသာရေး ပြဿ နာတွေ ပိုကြီးလာနိုင်တယ်၊ ဘာသာနှစ်ခုကြားမှာ အကြမ်းဖက်မှု့တွေ၊ အမုန်းတရားတွေ ကြီးထွားလာမယ်ဆိုတာကို အစိုးရမင်းများအနေနဲ့ သိရမှာပါ။ ကြိုတင်ကာကွယ်ရမှာပါ။
    ဖျက်ဆီးခံလိုက်ရတဲ့ ဗလီ တရားဝင်ခြင်း၊ တရားမ၀င်ခြင်းက အခု ပြောရမဲ့ ကိစ္စမဟုတ်ပါဘူး။ ဖျက်ဆီးသူတွေကို တရားဥပဒေအရ ဘယ်လို အရေးယူမလည်း၊ ဘယ်လို အပြစ်ပေးမလည်း၊ နစ်နာသူတွေကို ကျေနပ်အောင် ဘယ်လို ဆောင်ရွက်ပေး မလည်း။ နိုင်ငံတကာ အမြင်ရှင်းအောင် ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ နောက်ဆက် တွဲတွေကိုပဲ ပြောရတော့မှာပါ။
    ဦးဖေမြင့် တဖြစ်လည်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့် ဟိုးတုန်းက လေးစားသလို၊ အာဏာရတဲ့အချိန်မှာလည်း ကျနော် လေးစားချင်ပါတယ်။ ပြဿ နာတခုကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါစေလို့ ဆုတောင်းရင်းဖြင့်သာ
    စာရေးသူ၏ FB စာမျက်နှာမှ ရယူဖော်ပြပါသည်။
     
    ဆက်စပ်သတင်းဖတ်ရန်
    ————————-
    MOI- ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာဖြစ်စဉ်တွင် နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်သူများ ရှိ၊ မရှိ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ