News @ M-Media

Tag: opinion

  • “ကျားမြီးဆွဲ ဘာနီဆန်းဒါးနဲ့ တဇောက်ကန်း ဒေါ်နယ်ထရန့်” (သို့မဟုတ်) “အမေရိကန် အနာဂတ်နေ့သစ်ဆီသို့ လမ်းသစ်ထွင်ကြမယ့် လူနှစ်ဦး”

    “ကျားမြီးဆွဲ ဘာနီဆန်းဒါးနဲ့ တဇောက်ကန်း ဒေါ်နယ်ထရန့်” (သို့မဟုတ်) “အမေရိကန် အနာဂတ်နေ့သစ်ဆီသို့ လမ်းသစ်ထွင်ကြမယ့် လူနှစ်ဦး”

    M-Media
    ဆောင်းပါးရှင် မောင်ရဲဝင်း (တောင်ကြီး)
    635837616810006486-576738601_kennysucks
    မနေ့က နယူးဟမ်ရှားပြည်နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီတွင်း ကိုယ်စားလှယ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က “ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒီ” ဘာနီဆန်းဒါး နဲ့ ရီပတ်ပလစ်ကန် ပါတီဘက်က “အရင်းရှင်ဝါဒီ” ဒေါ်နယ်ထရန့်တို့ အသီးသီး အနိုင်ရခဲ့တယ်။ သူတို့နှစ်ဦးဟာ သက်ဆိုင်ရာပါတီတွေကို ကိုယ်စားပြုပြီး သမ္မတလောင်းတွေအဖြစ် စင်မြင့်ပေါ် ရောက်လာနိုင်ဖွယ်ရှိသူတွေပါ။

    ထူးခြားချက်ကတော့ သူတို့နှစ်ဦးလုံးက အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းကို ဆန့်ကျင်နေတဲ့ အယူဝါဒတွေကို ဟောပြောပြီး လူတွေရဲ့ ထောက်ခံမှုကို ရယူလာခဲ့ကြတာဖြစ်ပါတယ်။

    ဘာနီဆန်းဒါးက သူ့ရဲ့နိုင်ငံရေး အသက်မွေးဝမ်းကြောင်းတလျောက်မှာ အခြေခံလူတန်းစားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့သူပါ။ လူချမ်းသာတွေရဲ့ ကြီးစိုးနေမှုတွေကို ရှေ့တန်းက ဝေဖန်တိုက်ခိုက်လာခဲ့သူပါ။ အရင်းရှင်ဝါဒကို အခြေခံတဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး စင်မြင့်ထက်ကို ဆိုရှယ်လစ် အရောင်သန်းသူတွေ တိုးမပေါက်နိုင်ပေမယ့် ဘာနီကတော့ ထူးထူးဆန်းဆန်း ထိပ်ဆုံးထိပ်ကို ရောက်ရှိ လာနေပြီဖြစ်ပါတယ်။

    ဘာနီဟာ နိုင်ငံရေးသမားတွေ အားကိုးနေရတဲ့ လူချမ်းသာတွေကို ကျောခိုင်းပြီး အခြေခံလူတန်းစားတွေဘက်က ဆက်လက် ရပ်တည်သွားမယ်ဆိုတဲ့ ကြွေးကြော်ချက်တွေနဲ့ ရှေ့ရောက်လာခဲ့တာပါ။ အမေရိကန်နိုင်ငံဟာ ချမ်းသာတယ်ဆိုပေမယ့် နိုင်ငံတဝှမ်းက ဓနဥစ္စာပေါင်း ၃ပုံ ၁ပုံဟာ အမေရိကန် လူဦးရေရဲ့ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းသော လူချမ်းသာတွေရဲ့ လက်ထဲမှရှိနေတာပါ။ လူများစုဖြစ်တဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းက နိုင်ငံတဝှမ်းက ဓနဥစ္စာစုစုပေါင်းရဲ့ ၁၅% ကိုသာပိုင်ဆိုင်ကြပါတယ်။ ဓနဥစ္စာမဲ့ပြည်သူတွေ၊ ရရစားစား ဘဝနဲ့ ရုန်းကန်နေရသူတွေက ပိုများပါတယ်။ ပိုင်ဆိုင်မှုတွေက လူတစုလက်ထဲမှာသာရှိပြီး အများပြည်သူရဲ့ ရေရှည် တိုးတက်ဖို့အတွက် လုပ်ဆောင်ရာမှာ အားနည်းလာနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအကြားမှာ တဖြေးဖြေး နောက်ကျလာနေပါတယ်။ လူချမ်းသာတွေကလည်း ချမ်းသာ သထက်ချမ်းသာအောင် နိုင်ငံရေးသမားတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်ကြပါတယ်။ ဒီလို ထိန်းချုပ် မနိုင်ဖြစ်နေတဲ့ အရင်းရှင်ဝါဒအောက်က လူချမ်းသာတွေရဲ့ ချယ်လှယ်မှုကို စိန်ခေါ်တဲ့ ဘာနီဟာ အမေရိကန်ပြည်သူတွေအကြား သူရဲကောင်းကြီးဖြစ်လာပါတော့တယ်။

    ဘာနီနဲ့အပြိုင် ရီပတ်ပလစ်ကန်ပါတီဘက်က ပြည်သူတွေရဲ့ သူရဲကောင်းကြီးအဖြစ် တက်လာနေတာ ကတော့ မြေရှင် သူဌေးကြီး ဒေါ်နယ်ထရန့်ပါပဲ။ အမေရိကန်တွေရဲ့အခြေခံ ခံယူချက်မူဝါဒတွေဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဆိုတာတွေကို ကျောခိုင်းထားပေမယ့် “အမေရိကန်နိုင်ငံကို အောင်မြင်ကျော်ကြားအောင် ပြန်လုပ်မယ်”ဆိုတဲ့ ဒေါ်နယ် ရဲ့ ကြွေးကြော်သံဟာ အမေရိကန်တွေနားထဲ နာဝင်ချိုလှပါတယ်။ ဟောပြောရာမှာ ကျိုးကြောင်းဆီလျော်မှုမရှိ၊ ရှေ့နှောက်မညီနဲ့ ပါးစပ်ထဲတွေ့ရာ ဇွတ်ပြောတတ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ သမ္မတဖြစ်ရေး အိမ်မက်ဟာ အချိန်တိုအတွင်း နိဂုံးချုပ်သွားမယ်လို့ ထင်ကြေးပေးသူတွေလည်း အခုအခါမှာတော့ အတော် အံအားသင့်နေရပါပြီ။ သူဟာ သမရိုးကျနိုင်ငံရေး လုပ်ထုံးလုပ်နည်းတွေ၊ နည်းဗြူဟာတွေ၊ သံတမန်ရေးတွေကို အရေးမပေးဘဲ အမေရိကန်နိုင်ငံကြီး ဦးမော့ရင်ကောနိုင်ဖို့ အရေး တားသင့်တာတား၊ ပိတ်သင့်တာပိတ်၊ ခွဲခြားသင့်တာ ခွဲခြားမယ်လို့ ရဲရဲရင့်ရင့်ကြီး ဖွင့်ဟခဲ့ပါတယ်။

    နိုင်ငံရေးသမားတွေ ကိုယ့်သိက္ခာ ကိုယ်ငှဲ့လို့ပဲဖြစ်ဖြစ်၊ မပြောသင့် မပြောထိုက်လို့ပဲဖြစ်ဖြစ် ဒဲ့မပြောတဲ့ စကားတွေကိုလည်း သူက စကား အလှဆင်မနေပဲ ဒဲ့ဒိုး ပြောဆိုတက်လို့ လူအများက သဘောကျကြပါတယ်။ သူ့အနေနဲ့ လူတယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်ရင်တောင်မှ သူ့ကိုထောက်ခံသူတွေလျော့သွားမှာ မဟုတ်ဘူးလို့ ကိုယ့်ကို ကိုယ်ယုံကြည့်မှု အပြည့်နဲ့ ကြွေးကြော်ခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံ ဖယိုဖရဲဖြစ်လာနေလို့ လက်ညိုးထိုး အပြစ်ပုံချမယ့် သူရှာနေတဲ့ ပြည်သူတွေကို ဒေါ်နယ်ထရန့်က “အိမ်နီးချင်းနိုင်ငံက ခိုးဝင်လာတဲ့ သူခိုးဂျပိုး၊ လူဆိုးလူပေ မုဒိန်းကောင်ပေါတဲ့ မက္ကဆီကန် လူမျိုးတွေကြောင့်၊ ဘာသာရေးဘန်းပြပြီး အကြမ်းဖက်နေတဲ့ မွတ်စလင်တွေကြောင့်၊ စီးပွားရေးအရဝါးမျိုးနေတဲ့ တရုတ်တွေကြောင့်” လို့ လက်ညိုးထိုး အပြစ်တင်ဖို့ အမုန်းတရားတွေဆော်သြရင်း လူကြိုက်များလာခဲ့တာပါ။

    စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ အပါအဝင် နိုင်ငံရဲ့အခန်းကဏ္ဍတိုင်းလိုလိုမှာ နောက်ကျနေတဲ့ အမေရိကန်နိုင်ငံကို ကယ်တင်ကြဖို့ ကယ်တင်ရှင် ရှာရင်း ဘာနီဆန်းဒါးနဲ့ ဒေါ်နယ်ထရန့် တို့ကို အမေရိကန်ပြည်သူတွေက မျက်စေ့ကျနေကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးထဲက တစ်ဦးဦးဟာ အမေရိကန်သမ္မတကြီးဖြစ်လာမယ်ဆိုရင် အမေရိကန်နိုင်ငံကြီးဟာ တမူထူးခြားတဲ့ လမ်းခရီးသစ်ပေါ် လျောက်လှမ်းရမှာတော့ သေချာပါတယ်။ ဒါပေမယ့် သူတို့ပြိုင်ဘက်တွေဖြစ်တဲ့ ဟီလာရီ ကလင်တန်၊ တဒ်ခရူး၊ မာကိုရူဘီယို၊ ဂျောန်ကာဆလ်နဲ့ ဂျက်ဘွတ်ရှ် တို့ကလည်း သူတို့နည်းသူတို့ဟန်နဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်မယ်လို့ မဲဆွယ်စည်းရုံးရင်း အမှီလိုက်နေပါသေးတယ်။

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆

  • ဘာသာပေါင်းစုံလှုပ်ရှားမှုများဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း

    ဘာသာပေါင်းစုံလှုပ်ရှားမှုများဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း

    ကောင်းကင်ကို ရေးသည်။ (အတွေးအမြင်)

    Uzin-Zero
    ရန်ကုန်ရှိ ဗလီတစ်ခုထဲတွင် ဦးဇင်းသုည ဆွမ်းဘုဉ်း ပေးနေစဉ်။(ဓာတ်ပုံ – ဦးဇင်းသုည Facebook)

    မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် နိုင်ငံဖြစ်သော်လည်း ခရစ်ယာန်ဘုရားကျောင်း နှင့် ဗလီများ အများအပြား တည်ရှိသည့် နိုင်ငံလည်း ဖြစ်သည်။ သို့ရာတွင် ထိုအချက်ကိုသာကြည့်၍၊ မြန်မာနိုင်ငံတွင် ဘာသာမတူသူများ အမြဲ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နေကြသည် ဟူ၍တော့ မဆိုနိုင်တော့ပါ။ မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပွါးခဲ့သော ဘာသာရေး ပဋိပက္ခများကြောင့် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အနည်းဆုံး လူ ၂၄၀ သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။

    ဘာသာမတူသူများကြား နားလည်မှု လွဲမှားခြင်းများသည် အမုန်းတရားကို မီးလောင်ရာ လေပင့်ပေးသလို ဖြစ်နိုင်ကာ၊ ထိုအမုန်းများသည် ဘာသာရေးအကြမ်းဖက်မှုများဆီသို့ ဦးတည်သွားစေနိုင်သည်။ ဘာသာမတူသူများကြား နားလည်မှုလွဲမှားခြင်းများကို လျော့ပါးစေမည့် နည်းလမ်းများအနက် တစ်ခုမှာ မေတ္တာတရားကို အခြေခံသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်သူ အရှင် ဇယဒိသ (ခေါ်) ဦးဇင်းသုညက မိန့်ကြားခဲ့သည်။

    “၂၀၀၉ ခုနှစ်လောက်ကစပြီး မန္တလေး ပတ်ဝန်းကျင်က ဆင်းရဲသားရပ်ကွက်တွေမှာ လုပ်အားပေး ဆရာတွေစုပြီး အင်္ဂလိပ်စာ အခမဲ့သင်ပေးတယ်။ အဲဒီကနေ ၂၀၁၀ လောက်ကျတော့ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့သင်တန်းတွေ လိုက်တက်ရင်း တခြား အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိလာတယ်။ ၂၀၁၁ လောက်ကျတော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ စတက်ဖြစ်ခဲ့တယ်” ဟု ဦးဇင်းသုညက မိန့်ကြားခဲ့သည်။ ဦးဇင်းသုညမှာ စာရေးဆရာ ဖေမြင့် ရေးသားထားသော “မဟာကရုဏာရှင်များ” စာအုပ်ထဲတွင် ပါဝင်သည့် ပုဂ္ဂိုလ်ကျော်များကို ငယ်စဉ်ကတည်းက အားကျခဲ့သူဖြစ်ပြီး ထိုစာအုပ်မှာ မာသာထရီဇာ၊ ဒေါက်တာအယ်လ်ဘတ်ရွှိုက်ဇာ၊ ဘွတ်ကာတီဝါရှင်တန် နှင့် အခြား ပုဂ္ဂိုလ်ကျော်များအကြောင်းကို ရေးသားထားသော စာအုပ်တစ်အုပ်ဖြစ်သည်။

    ဦးဇင်းသုညသည် လူ့အခွင့်အရေး နှင့် ငြိမ်းချမ်းရေးလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ကိုဟယ်ရီမျိုးလင်း နှင့် အတူ “The Seagull” (စင်ရော်) လူ့အခွင့်အရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့သည်။ အဖွဲ့၏ နာမည်ကို ကမ္ဘာကျော် ဝတ္ထုဖြစ်သည့် “Jonathan Livingston Seagull” (ယောနသံစင်ရော်) ဝတ္ထုမှနေ၍ စိတ်ကူးရခဲ့ခြင်း ဖြစ်ကြောင်း ကိုဟယ်ရီက ပြောပြခဲ့သည်။

    “အရင်က ဘာသာပေါင်းစုံ(လှုပ်ရှားမှု) ဆိုရင်၊ မတူညီတဲ့ ဘာသာဝင်တွေရဲ့ ခေါင်းဆောင်တွေကိုဖိတ်ပြီး ဆွေးနွေးတာမျိုးတွေ၊ နောက်… ခေါင်းဆောင်တွေက နောက်လိုက်တွေကို တရားဟောတာတွေနဲ့ စလုပ်ခဲ့ကြတယ်။ အခုနောက်ပိုင်းမှာတော့ လူငယ်တွေကို ဘာသာရေးတွေအကြောင်း၊ ပညာရပ်ဆိုင်ရာ လေ့လာတာတွေ၊ လူ့အခွင့်အရေးနဲ့ conflict transformation အကြောင်းတွေကို ပညာပေးတာတွေ လုပ်လာကြတယ်” ဟု ကိုဟယ်ရီက ဆိုသည်။

    လွန်ခဲ့သောနှစ်များအတွင်း ဘာသာရေး ပဋိပက္ခများ မကြာခဏ ဖြစ်ခဲ့သော မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှုပ်ရှားမှုများ လိုအပ်ကြောင်းနှင့် ပတ်သတ်၍ မွတ်စလင်တစ်ဦးဖြစ်သူ ကိုမိုးကျော်က “ဘာသာရေးကို ဘ၀မှာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် လက်ခံယူဆထားကြတဲ့ မြန်မာပြည်ထဲမှာ ဘာသာရေးကို အကြောင်းပြုပြီး အမုန်းမီးတိုက်နေသူတွေ ရှိလာတဲ့အခါ၊ ဘာသာရေးကို အကြောင်းခံပြီး ချစ်ခင်မှုကို တည်ဆောက်တဲ့၊ ဖော်ဆောင်တဲ့ ဒီလှုပ်ရှားမှုတွေ လုပ်ဖို့လိုအပ်လာတယ်လို့ ယူဆပါတယ်” ဟု ဆိုခဲ့သည်။

    သို့ရာတွင် အချို့က ဘာသာရေးပဋိပက္ခများမှာ နောက်ကွယ်မှ ကြိုးကိုင် ဖန်တီးသူ အနည်းငယ်၏ လက်ချက်သာ ဖြစ်ပြီး သာမန်လူများနှင့် မသက်ဆိုင်ကြောင်း၊ ထို့ကြောင့် သာမန်လူများအပေါ်သာ အကျိုးသက်ရောက်မှု ရှိနိုင်မည့် ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားမှုများမှာ အပေါ်ယံဆန်သော လှုပ်ရှားမှုများသာ ဖြစ်ပြီး ထိရောက်လိမ့်မည် မဟုတ်ဟု ဆိုကြသည်။

    သို့သော် မြန်မာနိုင်ငံအတွင်း၌ သာမန် ဗုဒ္ဓဘာသာဝင် အချို့ နှင့် သာမန် မွတ်စလင်များအကြား အပြန်အလှန် မုန်းတီးမှုများ၊ ထိတ်လန့်မှုများနှင့် သံသယများ ရှိနေသည် ဆိုခြင်းမှာလည်း တကယ့် အရှိတရား တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်စလင်များ အကြား အပြန်အလှန် ဆဲဆိုပုတ်ခတ်မှုများကို လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် မကြာခဏ တွေ့မြင်နေကြရသည်။

    ထို့ပြင် မြန်မာနိုင်ငံတွင် မွတ်စလင်ဆန့်ကျင်ရေး သဘောထားလည်း အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ ထို မွတ်စလင်ဆန့်ကျင်ရေး သဘောထားမှာ မွတ်စလင်များအပေါ်သာမက အိန္ဒိယနွယ်ဖွားများ၊ မွတ်စလင်နှင့် ရုပ်သွင်တူသည်ဟု ထင်ခံရသူများ၊ မွတ်စလင်ဖြစ်သည်ဟု ကောလာဟလ ဖြန့်ခံရသူများအပေါ်ပါ ရိုက်ခတ်လာခဲ့သည်။ မြန်မာနိုင်ငံအတွင်းမှ မွတ်စလင်ဆန့်ကျင်ရေး သဘောထားမှာ ကမ္ဘောဒီးယားမှ စုံတွဲတစ်တွဲကိုပင် ရိုက်ခတ်ခဲ့သည်။ ထိုစုံတွဲမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ၎င်းတို့၏ မင်္ဂလာပွဲအကြို ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့ရာ အချို့မြန်မာများက ထိုစုံတွဲထဲမှ အမျိုးသမီးမှာ မြန်မာအမျိုးသမီးဖြစ်ကာ အမျိုးသားမှာ မွတ်စလင်တစ်ဦးဖြစ်ကြောင်း မှားယွင်းထင်မြင်ခဲ့ကြပြီး ထိုစုံတွဲကို မြန်မာစာဖြင့် ဝိုင်း၍ ဆဲဆိုခဲ့ကြခြင်း ဖြစ်သည်။

    ထိုနည်းတူစွာပင် မွတ်စလင်ဟု အထင်ခံရသော မြန်မာနိုင်ငံမှ နာမည်ကျော် ပုဂ္ဂိုလ်အချို့ နှင့် သာမန်ပုဂ္ဂိုလ်အချို့မှာလည်း စော်ကားမှုများ၏ ပစ်မှတ်များ ဖြစ်ခဲ့ကြရကာ အချို့မှာ မွတ်စလင်မဟုတ်ကြောင်း ဖြေရှင်းခဲ့ကြရသည်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နာမည်ကျော် အဆိုတော်လင်းလင်းက သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌၊ ရွေးကောက်ပွဲကိစ္စအတွက် “တောင်ကုတ်မြို့ အသွားလမ်းတွင် ဦးစိုးဝင်း နှင့် ကျွန်တော်လင်းလင်း အား အစ္စလာမ်ဘာသာဝင်ဟု သတင်းလွှင့်ထားသောကြောင့် လူအုပ်စုများ စောင့်ကာ အသက်အန္တရာယ် ရှိသောကြောင့် လှည့်ပြန်ရန် မြို့နယ်ထွေအုပ်က ပြောကာ၊ ရဲများ၊ အရပ်ဝတ်များ၊ ထွေအုပ်အဝတ်အစားများ နှင့် လူများမှ ပြောဆို၍ ပြန်လွှတ်ပါသည်” ဟု ရေးသားခဲ့သည်။ နောက်ပိုင်းတွင်မူ လင်းလင်းသည် ထိုမြို့ထဲသို့ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝင်ရောက်နိုင်ခဲ့သည်။

    မြန်မာနိုင်ငံတွင် ကောလာဟလများကလည်း မွတ်စလင်ဆန့်ကျင်ရေး သဘောထားများကို ပိုမို အားကောင်းလာစေခဲ့သည်။ ဗလီများထဲသို့ မွတ်စလင်မဟုတ်သူများ ဝင်ရောက်ခွင့် မရှိကြောင်းနှင့် ဗလီများထဲတွင် လက်နက်များ ရှိကြောင်း အချို့သူများက စွပ်စွဲခဲ့ကြသည်။

    ထိုကောလာဟလများနှင့် ပတ်သတ်၍ ငြိမ်းချမ်းရေး လှုပ်ရှားသူ ဦးဇင်းသုညက “ဘာသာပေါင်းစုံရဲ့ ဘာသာရေးကျောင်းတွေကို ကလေးတွေနဲ့ လေ့လာရေးခရီး ခဏခဏ ထွက်နေတာပဲ။တစ်ခါမှ သူတို့ပြောသလို မတွေ့ဖူးပါဘူး။ ဆွမ်းစားချိန်ရောက်လို့ ဦးဇင်းက ဗလီထဲရောက်နေရင် သူတို့က ဆွမ်းကပ်လိုက်တာပဲ။ ကျောင်းရောက်နေလို့ သူတို့ ဗိုက်ဆာရင်လည်း ကျောင်းမှာရှိတာ စားလိုက်တာပဲ။ အားလုံး အေးဆေးပဲ။ ဘာမှ မသင်္ကာ ဖြစ်မနေဘူး။တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု အပြည့်ရှိကြပြီးသားပဲ” ဟု မိန့်ကြားခဲ့သည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်တွင် “မေတ္တာနှင့် ခွင့်လွှတ်ချစ်ကြည်ကြစို့” ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း ဦးဇင်းသုညက မိန့်ကြားခဲ့သည်။ ထိုအခမ်းအနားတွင် ဗုဒ္ဓဘာသာ ရဟန်းတော်များ ဖြစ်ကြသည့် မြဝတီဆရာတော် နှင့် ဦးဇင်းသုည၊ မွတ်စလင်ဘာသာရေး ခေါင်းဆောင်နှစ်ဦး၊ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦးနှင့် ဟိန္ဒူဘာသာရေးခေါင်းဆောင် တစ်ဦးတို့ ပါဝင် ဟောပြောခဲ့ကြသည်။ ထိုအခမ်းအနားသို့ လူ ၃၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း ဦးဇင်းသုညက မိန့်ကြားခဲ့သည်။

    ဦးဇင်းသုည နှင့် ကိုဟယ်ရီမှာ ပြည်တွင်း ဘာသာပေါင်းစုံ လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားရုံသာ မကဘဲ ပြည်ပမှ တက်ကြွလှုပ်ရှားသူများနှင့်လည်း ချိတ်ဆက်ကာ နိုင်ငံတကာ ဘာသာပေါင်းစုံ လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သည်။

    “၂၀၁၄ တုန်းက နီပေါမှာ တောင်အာရှနိုင်ငံက သင်တန်းသားတွေနဲ့ နှစ်ပတ်တိတိ သင်တန်းတက်၊ အမြင်တွေ ဖလှယ်ခဲ့ဖူးတယ်။ ၂၀၁၅ မှာ အင်ဒိုနီးရှားကို exchange programအနေနဲ့ ၁၀ ရက် သွားခဲ့ဖူးတယ်။ ၂၀၁၅ မှာပဲ ဘန်ကောက်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှရဲ့ ပထမဦးဆုံးသော လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ ကွန်ဖရင့် ကို တက်ရောက်ခဲ့ပါတယ်။အဲဒီ ကွန်ဖရင့် ကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်လည်း တက်ရောက်ခဲ့ပါတယ်။အဲဒီ အထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်တွေ နှစ်နာရီ နီးပါးလောက် သီးသန့်တွေ့ဆုံခွင့်ရခဲ့ပါတယ်” ဟု ဦးဇင်းသုညက မိန့်ကြားခဲ့သည်။

    ဘန်ကောက် ကွန်ဖရင့် အတွက် စီစဉ် ဖိတ်ကြားပေးခဲ့သူမှာ ဗြိတိန်နိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူ Benedict Rogers ဖြစ်ကြောင်း နှင့် အင်ဒိုနီးရှား ခရီးစဉ်ကိုလည်း Benedict Rogers ကပင် စီစဉ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးဇင်းသုညက မိန့်ကြားခဲ့သည်။ ယခုနှစ် မတ်လထဲတွင်လည်း exchange program တစ်ခု အဖြစ် အင်ဒိုနီးရှားမှ ငြိမ်းချမ်းရေး လှုပ်ရှားသူများအား မြန်မာနိုင်ငံသို့ စေလွှတ်ရန် Benedict Rogers က စီစဉ်နေကြောင်း သိရသည်။ Benedict Rogers မှာ”Than Shwe – Unmasking Burma’s Tyrant” (မြန်မာ့ အာဏာရှင်၏ မျက်နှာဖုံးကို ချွတ်ကြည့်ခြင်း) ဟူသည့် ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်သည်။

    နိုင်ငံတကာ ကွန်ဖရင့်များ နှင့် ဘာသာပေါင်းစုံ လှုပ်ရှားမှုများမှနေ၍ များစွာ သင်ယူနိုင်ခဲ့ကြောင်းလည်း ဦးဇင်းသုညက မိန့်ကြားခဲ့သည်။ “ကွန်ဖရင့် တွေကနေ ရခဲ့တာကတော့ အများကြီးပဲ။ အဓိကတော့ တောင်အာရှနဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာ ဖြစ်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေအကြောင်း၊ သူတို့ရဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအကြောင်း စသဖြင့် အများကြီးပဲ။ ကိုယ့်ဘဝမှာ တစ်ခါမှ မကြားဖူးသေးတဲ့ ယုံကြည်မှု ပုံစံတွေ နဲ့ ဘာသာတွေအကြောင်းရယ်၊ဗုဒ္ဓဘာသာဆိုပေမယ့် တစ်နိုင်ငံရောက်သွားရင် ပုံစံတစ်မျိုးဖြစ်နေတာတွေကိုရယ် ထူးထူးခြားခြား ကြုံခဲ့ရပါတယ်။ ထူးခြားတာကတော့ ဘယ်ရောက်ရောက် မြန်မာနိုင်ငံအကြောင်း အားလုံးက စိတ်ဝင်တစား မေးခွန်းထုတ်ကြတာပဲ” ဟု ဦးဇင်းသုည က မိန့်ခဲ့သည်။

    ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှုပ်ရှားမှုများအား ထောက်ခံကြသူများထဲမှ အချို့ကမူ လှုပ်ရှားမှုများ၏ ထိရောက်မှုအတိုင်းအတာ နှင့် ပတ်သတ်၍မူ သံသယ ဝင်နေကြသည်။ ကိုမိုးကျော်က “ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်တဲ့သူတွေဟာ သူတို့အချင်းချင်းကြားမှာပဲ ပတ်လုပ်နေရသလို ဖြစ်ပြီး အဲဒီလို ဘာသာပေါင်းစုံ ပွဲတွေကို တကယ်တမ်း အမုန်းတရား ရှိနေသူတွေ၊ အမုန်းတရား လှုံ့ဆော်သူတွေက မလာကြဘူးဗျ” ဟု ဆိုခဲ့သည်။

    သို့ရာတွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားမှုများကြောင့် အပေါင်းလက္ခဏာ ဆန်သော ရလဒ်များ ထွက်ပေါ်လာခဲ့သည်မှာလည်း ထင်ရှားပါသည်။ မတူသော ဘာသာများမှ ဘာသာဝင်များအကြား နားလည်မှု လွဲမှားခြင်းများသည် ပြဿနာ အများအပြားကို ဖြစ်ပေါ်လာစေနိုင်ရာ ဘာသာမတူသူများအကြား ချစ်ကြည်ရေး နှင့် အပြန်အလှန် နားလည်မှုကို မြှင့်တင်ပေးမည့် ဘာသာပေါင်းစုံလှုပ်ရှားမှုများ လိုအပ်နေပေသည်။

    ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှုပ်ရှားမှုများ၏ အကျိုးကျေးဇူးအချို့နှင့် ပတ်သတ်၍ ဦးဇင်းသုညက “ကိုယ့်ကြောင့် သူတို့တွေ …ဘာသာမတူသူတွေ… စိတ်သက်သာရာရခဲ့ကြတယ်။ တချို့ဘာသာခြား ကလေးတွေဆိုရင် ဦးဇင်းကို သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်လိုပဲ သတ်မှတ်ထားသူတွေလည်း ရှိတယ်။တချို့ကိစ္စတွေမှာ ဘာသာတူချင်း ပြောတဲ့စကားထက် ဦးဇင်းရဲ့ စကားကို ပိုပြီး အလေးအနက်ထားတာမျိုးကိုလည်း မကြာခဏ ကြုံဖူးတယ်။ သူတို့ ဘာသာခြား အချင်းချင်း ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း ကြားထဲကနေ အောင်အောင်မြင်မြင်နဲ့ ၀င်ရောက် ဖြေရှင်းပေးခဲ့ဖူးတယ်။ဗုဒ္ဓဘာသာအကြောင်းကိုလည်း သူတို့ ပိုနားလည်လာပြီး ပိုလေးစားလာကြတယ်” ဟု မိန့်ကြားခဲ့သည်။

    ငြိမ်းချမ်းရေး လှုပ်ရှားနေစဉ်တွင် ဦးဇင်းသုညသည် အခက်အခဲများ နှင့်လည်း ကြုံတွေ့ခဲ့ရသည်။ “မက်ဆေ့ပို့ပြီး ခြိမ်းခြောက်တာတို့၊ နောက်ပြီး ဖေ့စ်ဘွတ်ခ်မှာဆိုရင် ခြိမ်းခြောက်တာတွေ ဘာတွေ ရှိတယ်” ဟု ဦးဇင်းသုညက မိန့််ခဲ့သည်။

    ဘာသာပေါင်းစုံ အခမ်းအနားများ ကျင်းပကြပုံနှင့် ပတ်သတ်၍ ပြောကြရာတွင် ငြိမ်းချမ်းရေး၊ လူမှုရေး နှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လေ့ရှိသူ ဦးညီညီကျော်က၊ ခမ်းနားလှသော ဟိုတယ်ကြီးများတွင် ကျင်းပကြသည့် ပွဲများထက် ရိုးရှင်းသောပွဲများကိုသာ ပိုမိုနှစ်သက်ကြောင်း ဆိုခဲ့သည်။ “ပွဲဆန်တဲ့ တင်ဆက်မှုကြီးတွေ၊ ဦးနေဝင်းခေတ်က အော်ပရာဆန်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကြီးတွေလို မလုပ်ဘဲနဲ့ တကယ်ငြိမ်းချမ်း ချစ်ကြည်ချင်ရင် အတူတကွ အလုပ်လုပ်တာမျိုးတွေ၊ ခရီးသွားတာမျိုးတွေ၊ လူမှုသင်းဖွဲ့ ဖွဲ့ကြတာမျိုးတွေ ဒါမျိုးတွေကို ပိုပြီးတော့ ဖြစ်စေချင်ပါတယ်” ဟု ပြောခဲ့သည်။

    မကြာမီတွင် မြန်မာနိုင်ငံ၌ အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာတော့မည်ဖြစ်ပြီး ဘာသာရေး ပဋိပက္ခ ပြဿနာမှာ မြန်မာနိုင်ငံ၏ အနာဂတ် အတွက် ကြီးမားသော စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနိုင်သည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ အစွန်းရောက်အင်အားစုများ အတန်အသင့် အားကောင်းနေဆဲဖြစ်ရာ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားမှုများက ဘယ်လောက် ဆောင်ကြဉ်းပေးနိုင်လိမ့်မလဲ ဆိုသော မေးခွန်းနှင့်ပတ်သတ်၍ ခန့်မှန်းရ ခက်နေသေးသည်။

    မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေး လှုပ်ရှားမှုများကို လိုအပ်နေပါသည်။ တင်စား၍ ပြောရမည်ဆိုလျှင် ပဋိပက္ခများ မကြာခဏ ဖြစ်ပွါးခဲ့သော မြန်မာနိုင်ငံသည် ရေနစ်နေသူ တစ်ဦး ဆိုပါက ဘာသာပေါင်းစုံငြိမ်းချမ်းရေး လှုပ်ရှားမှုများမှာ ရေနစ်နေသူမြန်မာနိုင်ငံ အားကိုးတကြီး ဆွဲကိုင်ရမည့် ကောက်ရိုးမျှင် တစ်မျှင် ဖြစ်ပါသည်။

    http://mizzimaburmese.com/article/10884 မှ ကူးယူဖော်ပြသည်။

  • ဘာသာကို အကြောင်းပြု၍ လူမျိုးကို ခုတုံး မလုပ်စေချင်

    ဘာသာကို အကြောင်းပြု၍ လူမျိုးကို ခုတုံး မလုပ်စေချင်

    305932-custom

    ယနေ့ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇၀၀၀ ကျော်၊ ပြောဆိုသုံးစွဲသည့် ဘာသာစကားပေါင်း ၆၀၀၀ ကျော်နှင့် လူမျိုးနွယ်ပေါင်း ၅၀၀၀ ကျော်စုဝေးနေထိုင်နေကြသည်။ ကမ္ဘာ့တိုက်ကြီး (၇)တိုက်တွင် အသားအရောင်မတူ၊ လူမျိုးနွယ်မတူ၊ ဘာသာစကားမတူ၊ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုမတူ၊ ကွဲပြားခြားနားသော လူသားအသီးသီးတို့သည် “ကြီးပွားရေးအတွက် စီးပွားရေးလုပ်ကြရင်း” မိမိတို့ အဆင်ပြေရာနေရာများတွင် ရွှေ့ပြောင်းလျက်နေထိုင်ခဲ့ကြသည်။ ယနေ့တိုင်လည်း ရွှေ့ပြောင်းလျက်ရှိနေကြသည်။
    စစ်ဘေး၊ စစ်ဒဏ်၊ အာဏာရှင် အစိုးရတို့၏ ဖိနှပ်ရက်စက်မှု ဒဏ်တို့ကို မခံနိုင်တော့သည့်အဆုံး၊ လွတ်မြောက်ရာနေရာသို့ ပြောင်းရွှေ့နေထိုင်သူများလည်း ရှိသည်။

    “ကြက်မှာအရိုး၊ လူမှာအမျိုး” ဆိုသကဲ့သို့ လူတိုင်းတွင် မိဘ၊ ဆွေမျိုး၊ ဘိုးဘွား၊ ဘီ၊ ဘင် များဆင်းသက် ပေါက်ဖွားရာ လူမျိုးစုနွယ်ဝင်များကို ကိုယ်စားပြုသည့် အမည်များရှိတက်သည်။ အချို့လူမျိုးနွယ်ဝင်များ၏ အမည်များကို သက်ဆိုင်ရာ လူမျိုးနွယ်ဝင်များက၊ မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ပြီး၊ ဆွေးနွေးတိုင်ပင်ပြီး မိမိတို့ကိုယ်တိုင် သတ်မှတ်ကြသည်။ အချို့လူမျိုးနွယ်ဝင်များ၏ အမည်များကို အခြားသူများက ခေါ်ဆိုရာ ပါးစပ်ရာဇ၀င် တွင်ကျယ်ခဲ့ပြီး၊ သမိုင်းဝင်သွားခဲ့သည်။

    “လူမျိုးဆိုသည်မှာ” သုခခံစားရလည်း အတူတူ၊ ဒုက္ခခံစားရလည်း အတူတူ၊ အေးအတူ၊ ပူအမျှ နီးနီးကပ် ကပ် အကျိုးချင်းထပ်၍ နှစ်ပေါင်း များစွာ၊ အတူတကွ စုပေါင်းနေထိုင်သူ လူအုပ်စုကို ခေါ်ဆိုပါသည်။

    မြန်မာလူမျိုးဟူသည် ကရင်၊ ကချင်၊ မွန်၊ ဗမာ၊ ရှမ်း၊ ချင်းစသည့် သန်း ၆၀ ကျော်သော တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုသည်။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) ခေတ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လ၀က)၏ ၉-၁၂-၁၉၇၂ ခု စာရင်းမှတ်တမ်း၌ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၄၄ မျိုးရှိသည်။ သို့သော် ၂၃-၂-၁၉၇၃ ခုနှစ် နိုင်ငံပိုင် သတင်းစာများတွင် လူမျိုး ၁၃၄ မျိုးသာရှိ သည်ဟု ဖော်ပြခဲ့ပြန်သည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံတွင် ကမ္ဘာ့အံ့ဖွယ်နိုင်ငံသား ဥပဒေ တစ်ခုပေါ်လာ
    ခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ စံချိန်၊ စံညွှန်းတို့နှင့်လည်း ကိုက်ညီမှုမရှိဘဲ၊ တဖက်သတ် လူနည်းစုများကိုနှိပ်ကွပ်သည့် ဥပဒေဖြစ်၍ ကမ္ဘာ့အံ့ဖွယ်နိုင်ငံသားဥပဒေဟု သုံးနှုန်းရခြင်းဖြစ်ပါသည်။ ထိုနိုင်ငံသား ဥပဒေအရ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးသာ ရှိကြောင်း ကမ္ဘာကိုမျက်လှည့်ပြခဲ့သည်။ မဆလခေတ်သစ်ပါတီ အာဏာရှင်ကြီး၏ ကိုယ်ပိုင်စံသတ်မှတ်ချက်တို့ဖြင့် “မြန်မာနည်း၊ မြန်မာ့ဟန်” ဖန်တီးခဲ့ကြောင်း သိရ၏။ ထို့ကြောင့်လည်း အဓမ္မစနစ်ဖြင့် အငြင်းပယ်ခံ၊ လူနည်းစု လူမျိုးစု တိုင်းရင်း
    သားများမှာ ဆယ်စုနှစ်နှင့် ချီ၍ သမိုင်းအဖျောက်ခံခဲ့ရသည်။ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသည်။

    အရှေ့တောင်အာရှ (၁၁)နိုင်ငံတွင် မြန်မာနိုင်ငံသည် မတူကွဲပြားခြားနားသော လူမျိုးနွယ်ဝင်များ၊ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုနှင့် ဘာသာစကားများ၊ တောတောင်ရေမြေသဘာဝအလှများကြောင့် ဂုဏ်ယူ ဖွယ်ရာဖြစ်သည်။ ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုပိုင်းတွင်လည်း ဗုဒ္ဓဘာသာ၊ ခရစ်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်မှုနှင့် အခြားဘာသာအယူဝါဒများလည်း အစုံအလင်ရှိ ပါသည်။

    ထူးခြားချက်မှာ မည်သည့်ဘာသာအယူဝါဒမျှ မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ခဲ့ခြင်း မရှိခြင်းပင်ဖြစ်သည်။ နိုင်ငံရပ်ခြား တိုင်းပြည်များမှ ကုန်သည်များ၏ ကျေးဇူးကြောင့်လည်းကောင်း၊ သာသနာပြုများ၏ ကျေးဇူး ကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိပြန့်နှံ့ ထွန်းကားလာခြင်းဖြစ်သည်။ တနည်းအားဖြင့် ဧည့်သည်ဘာသာများဖြင့် စုံလင်လှပါသည်။

    ကမ္ဘာ့နိုင်ငံပေါင်း ၂၃၀ ကျော်တွင်လူမျိုးအသီးသီးသည် မိမိတို့၊ အားကိုးရာ၊ ယုံကြည်ရာ ဘာသာအယူဝါဒ အမျိုးမျိုးကို ခြိမ်းခြောက်မှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်လျက်ရှိသည်။ ဘာသာတရားများကို လေ့လာဆန်းစစ်ကြည့်လျှင် လူသားများအား ကိုယ်ချင်းစာ တရားပွားများရန်၊ စာရိတ္တ မဏ္ဍိုင်ခိုင်မာရန်၊ လောကီ၊ လောကုတ္တရာတွင်အောင်မြင်သူများဖြစ်လာရန်၊ လမ်းပြထားသည်ကို တွေ့ရသည်။ အနက်ရှိုင်းဆုံးကျင့်ကြံအားထုတ်လျှင် လက်တွေ့တွင်အကျိုးထူးရှိ၏။

    “ပဋိကတ်သုံးပုံ” တတ်မြောက်သော ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ဦး၊ မတူသကဲ့သို့ကုရ်အာန်ကျမ်းစာကို အစ/ အဆုံး အဓိပ္ပါယ်နှင့် တကွ နားလည်တတ်မြောက်သော အစ္စလာမ်ဘာသာ  ၀င်တစ်ဦးနှင့် မိရိုးဖလာ အစ္စလာမ်ဘာသာဝင်တစ်ဦးလည်း မတူနိုင်ပါ။ အလားတူ သမ္မာကျမ်းစာ တတ်မြောက်သော ခရစ်ယာန်ဘာသာဝင် တစ်ဦးနှင့် မိရိုးဖလာ သာမန်ခရစ်ဘာသာဝင် တစ်ဦးသည်လည်း ၊လုံးဝ တူညီနိုင်မည်မဟုတ်ပါ။ လူသားများနှင့် ဘာသာတရားများတွင် လူသားများက ပထမ၊ ဘာသာတရားများက ဒုတိယ ဟုဆိုနိုင်ပါသည်။

    ဥပမာပြရလျှင် ဗုဒ္ဓဘာသာ၊ တရားဓမ္မကို ဟောကြားခဲ့သူ ဂေါတမမြတ်စွာ ဘုရားသည် အိန္ဒိယလူမျိုးဖြစ် သည်။ ဟိန္ဒူဘာသာကို ဟောကြားခဲ့သော ခရစ်ရှ်နာ ကိုယ်တော်သည် အိန္ဒိယ လူမျိုးဖြစ်သည်။ အစ္စလာမ် တရားဓမ္မကိုနောက်ဆုံးဟောကြားခဲ့သော ” တမန်တော် မုဟမ္မဒ်သည် အာရဗ်လူမျိုး ” ဖြစ်သည်။ ခရစ်ယာန်သာသနာတော်ကို ဟောကြားခဲ့သော ခရစ်တော်ယေရှုသခင်သည် ဟစ်ဘရူးလူမျိုးဖြစ်သည်။

    ထို့ကြောင့် သမိုင်းကြောင်းအရ လူမျိုးသည်ပထမ ဘာသာသည်ဒုတိယ ဟုဆိုရခြင်းသည်။ အမေရိကန်လူ မျိုးတစ်ဦးသည် ဗုဒ္ဒဘာသာကို လက်ခံယုံကြည်ရုံနှင့်ကူးပြောင်းရုံနှင့် မြန်မာလူမျိုးမဖြစ်သွားပေ။ တောင်ကိုးရီးယားနိုင်ငံတွင် မူလကနတ်ကိုးကွယ်ခဲ့သူ မင်းသမီးတစ်ဦးသည် ခရစ်ယာန် သာသနာဘက်ကိုကူးပြောင်းခဲ့သောကြောင့် ကိုရီးယားလူမျိုးကနေ အင်္ဂလိပ်လူမျိုး မဖြစ်သွားပေ။ အိမ်နီးချင်း တရုတ်နိုင်ငံသားတစ်ဦးသည် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးနှင့် ထိမ်းမြားလက်ထက်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်
    ယုံကြည်ရုံမျှနှင့် တရုတ်လူမျိုးကနေ ၊မြန်မာလူမျိုးဖြစ်မသွားပေ။ မူလကတည်းက ရှိခဲ့သောလူမျိုးသည် ကိုးကွယ်ရာ ဘာသာတရားနောက်လိုက်၍ ပြောင်းလဲသွားခြင်းမရှိကြောင်း တွေ့ရသည်။ သက်ဆိုင်ရာ နိုင်ငံများ၏ တည်ဆဲ ဥပဒေအရ ၊ နိုင်ငံသား ခံယူခွင့်၊ တရားဝင် ရရှိ၍၊ အခြားနိုင်ငံသားတစ်မျိုးမျိုးဖြစ် ကောင်းဖြစ်ပါလိမ့်မည်။ လူမျိုးမှာ ပကတိအတိုင်းပင်ဖြစ်သည်။

    လူတစ်ဦးသည် မိမိ၏ ဘ၀တစ်သက်တာတွင် မိမိနှစ်သက်ရာ ဘာသာတစ်ခုကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်နိုင်သည်။ မနှစ်သက်ပါက အခြားဘာသာတစ်ခုကို ချက်ချင်းကူးပြောင်းနိုင်သည်။ ဥပမာပြရလျှင် သာသနာဦးစီးဌာန၌ အရာရှိကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သူ ” ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူတစ်ယောက်အကြောင်း ” စာအုပ်ကို ရေးသားခဲ့ သူလည်းဖြစ်သူ ဆရာ ဦးဆန်းလွင် (ကွယ်လွန်) သည်မူလက သူသည် အစ္စလာမ်ဘာသာကို မွေးကတည်းက လက်ခံခဲ့ကြောင်း၊ ထို့နောက် ခရစ်ယာန် သာသနာကို ကူးပြောင်းခဲ့ကြောင်း နောက်ဆုံးဗုဒ္ဓ ၊ တရားဓမ္မကိုလေ့လာပြီး၊ ဗုဒ္ဓဘာသာဝင်ဖြစ် ခဲ့ကြောင်း၊ ထိုစာအုပ်တွင် ရေးသားခဲ့လေသည်။ ထိုကြောင့်ရေခြား၊ မြေခြားနိုင်ငံခြားသားတစ်ဦးသည် ဗုဒ္ဓ ဘာသာကို လက်ခံယုံကြည်တိုင်း ၊ မြန်မာလူမျိုး မဖြစ်သွားသကဲ့သို့ ဘာသာတရားပေါ် အခြေခံ၍ လူမျိုးကို မသတ်မှတ်နိုင်ကြောင်းလေ့လာမိပါသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် အိန္ဒိယလူမျိုးစု တစ်ခုတည်းတွင် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ခရစ်ယာန်ဘာသာဟူ၍ ဘာသာကြီး(၄)ခုကိုတွေ့မြင် နိုင်ပေသည်။
    ယခင်န၀တ၊ နအဖ၊ စစ်အစိုးရလက်ထက်နှင့် လက်ရှိအစိုးရ အချိန်ထိ၊ လူဝင်မှုကြီးကြပ်ရေးဌာန  (လ၀က) ရုံးများ၌ အောက်ခြေ၀န်ထမ်းများနှင့် အရာရှိဆိုသူများသည် တရားဥပဒေအရ မဟုတ်ဘဲ ပါးစပ် ဥပဒေဖြင့် လေသနတ်  နေ့စဉ် ပစ်နေသည်မှာ “ဗမာလူမျိုးတွင် ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာမရှိ” ဟူ၍ ဖြစ်သည်။ ထိုသူများသည် “အသိခေါက်ခက် အ၀င်နက်သော” သူများ ဖြစ်သည်။

    ဥပမာပြရလျှင် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးသည်၊ ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်လူ ငယ်နှင့် နှစ်ဦးသဘောတူ ခရစ်ယာန်ထုံးစံအရ ထိမ်းမြားလက်ထက်ခဲ့ပြီး ရခိုင်မလေးသည် ခရစ်ယာန်ဘာသာကို ကူးပြောင်းခဲ့သော်လည်း ကရင်လူမျိုးမဖြစ်သွားပဲ၊ ခရစ်ယာန်ဘာသာဝင်သာဖြစ်ပေလိမ့်မည်။  ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်ခဲ့သူ ဦးသန့်သည် ဧရာဝတီတိုင်း၊ ပန်းတနော် ဇာတိဖြစ်သည်။ မိခင်သည် ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ ဖခင်သည် ပသီလူမျိုး(မြန်မာမွတ်စလင်)၊
    အစ္စလာမ်ဘာသာဝင် ဖြစ်သည်။ သို့သော် အတွင်းရေးမှူးချုပ်သည် မိခင်ဘက်လိုက်၍ ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခဲ့သည်။ မိမိနှစ်သက်ရာ ဘာသာတရားကို ဖိနှပ်မှုမရှိ၊ အတားအဆီးမရှိ ယုံကြည်နိုင်ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်လက်ထက်၌ ရှင်သန်ခဲ့ရသည်က တကြောင်း၊ လူအများသည် စာအုပ်စာပေကောင်းများနှင့် အလှမ်းဝေးကွာခဲ့ရသည်က တကြောင်း စသည့်ရလဒ် ဆိုးမွေများကြောင့် “ကမ္ဘာ့ ဗဟုသုတပင်လယ်ထဲ” စွန့်စားခွင့် မရလိုက်ကြပေ။ “ထို့ကြောင့် လူမျိုးရေးနှင့် ဘာသာ ရေးကို တကန့်စီခွဲမမြင်ဘဲ လုံးထွေး၊ ရောသမမွှေခဲ့မှုများကြောင့် သမိုင်းအမွေညစ်ပေခဲ့ရသည်။ နွားခြေရာကွက်တွင်ရှိသော ရေကို၊ ပင်လယ်ထင်ခဲ့သည့် ဖားသူငယ်ပုံစံမျိုး ဖြစ်ခဲ့ရသည်။

    ထို့ကြောင့်လည်း လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက “အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာ သာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အလေးထားရမည်ဖြစ်သော်လည်း၊ စင်စစ် အေးအတူပူအ မျှ ကောင်းတူ ဆိုးဖက်၊ ပူးပေါင်းလျက် နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ၀ံသာနုရက္ခိတ တရား (မျိုးချစ်စိတ်ဓာတ်) သည် တည်နေသည်ဟု” မိန့်ဆိုခဲ့ဖူးသည်။

    ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးသည် အိမ်ထောင်စု  မိသားစုကြီးတစ်ခုနှင့် အလားတူသည်။ အိမ်ထောင်စုဝင်ညီအစ်ကို မောင်နှမများတွင် အတွေးအခေါ်၊ အယူဝါဒ၊ မတူကွဲပြားသော၊ ရုပ်ပိုင်းဆိုင်ရာ၊ များစွာရှိသော်လည်း၊ အရေးကြီးလျှင် ညီအစ်ကို မောင်နှမများသည် သွေးနီးကြရပေသည်။

    မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖွံ့ဖြိုးစ သမီးပျိုလေးတစ်ဦးနှင့် အလားတူသည်။ ထိုသမီးပျိုလေးကို ဒီမိုက ရေစီချစ်သူများက ၀ိုင်းဝန်းကာကွယ်ရမည်။ ထိမ်းသိမ်းရမည်။ မတရား၊ အဓမ္မကျင့်မည့်သူများလက်မှ ကာကွယ်ရမည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများအားလုံးသည် သာမန်မတူညီတာတွေကို နိုင်ငံရေး စားပွဲဝိုင်းတွင် ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေး အဖြေရှာပြီး ဒီမိုကရေစီ သမီးပျိုလေး ဖွံ့ဖြိုးတိုးတက် ရေးကိစ္စရပ်တိုင်းတွင် ပြည်ထောင်စုစိတ်ဓာတ်ပွားများပြီး၊ အတူတကွဝိုင်းဝန်းလုပ်ဆောင်ရန်မှာ မြန်မာနိုင်ငံသားတိုင်း၏ မဟာသမိုင်းပေး တာဝန်တစ်ရပ်ဖြစ်ပေလိမ့်မည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)
    R.I.T

    ** စာရေးသူမှ အမ်မီဒီယာသို့ ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။

  • သင်္ဃန်းကျွန်း  ပြည်သူ့လွှတ်တော် အမတ် အောင်နိုင်ရေး အဆုံးအဖြတ်ကို ဘယ်သူပေးမလဲ ?

    သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် အမတ် အောင်နိုင်ရေး အဆုံးအဖြတ်ကို ဘယ်သူပေးမလဲ ?

    အောက်တိုဘာ ၂၈ ၊ ၂၀၁၅
    M-Media
    ကိုသက် ရေးသည်။

    Thingangyunမကြာခင် ရက်ပိုင်းအတွင်းမှာ ကျင်းပတော့မယ့်ရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးသမိုင်းမှာ တော်တော်ထူးခြား ပါတယ်။ အထူးသဖြင့် သတင်းဆက်သွယ်ရေး တိုးတက်လာမှု ၊ ပွင့်လင်းလွတ်လပ်လာမှု ၊ နိုင်ငံရေးအခြေအနေ စတာတွေကြောင့် ယခင်ရွေးကောက်ပွဲတွေနဲ့ မတူ ခြားနားလှပါတယ်။ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က မဲဆန္ဒနယ်အားလုံးနီးပါးမှာဝင်ပြိုင်ထားသ လို အာဏာရ USDP ကလည်း ထပ်တူပြိုင်တဲ့ သဘောတွေ့ရတယ်။ ဒါ့အပြင် လူနည်းစု အုပ်စုအသီးသီးကို ဦးတည်ထားတဲ့ ပါတီအများအပြားလည်း ၀င်ပြိုင်ကြတာတွေ့ရပါတယ်။

    ကုလသမဂ္ဂ၊ အီးယူ နဲ့ နိုင်ငံတကာ မိသားစုကလည်း ၂၀၁၅ ရွေးကောက်ပွဲကို အတော်အလေးထားသလို ထောက်ပံ့ ကူညီ မှု များစွာ လည်း ပေးအပ်လျက်ရှိပါတယ်။ ဒီလို အခြေအနေများကြောင့် ၂၀၁၅ ရွေးကောက်ပွဲက ထူးခြားတယ်လို့ ဆိုပါ တယ်။

    မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ အထဲက သင်္ဃန်း ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် က ထူးခြားတဲ့ရွေးကောက်ပွဲထဲက ထူးခြားတဲ့မြို့နယ်တခုပါပဲ။ ဒီမြို့နယ်မှာ မြန်မာပြည် က လူနည်းစု အုပ်စုတစုဖြစ်တဲ့ အစ္စလာမ် ဘာသာဝင်တွေ အများအပြား ရှိတာရယ် ၊ ကိုယ်စား လှယ် လောင်း ၁၀ ယောက်ထိ ၀င်ပြိုင်မှာရယ် အခြေခံလူတန်းစား အများစုနေထိုင်တာရယ် ဆိုတဲ့အချက်တွေက ရှိပါတယ်။

    ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် ပါတီ ၉ ခုနဲ့ တသီးပုဂ္ဂလ ၁ ဦး စုစုပေါင်း ကိုယ်စား လှယ် ၁ဝ ဦး ပြိုင်ကြမယ့် မဲဆန္ဒ နယ်လည်း ဖြစ်ပါတယ်။

    ဝင်မယ့်ပါတီ ၉ ခုထဲမှာဆိုရင် NLD ၊ ကြံ့ခိုင် ရေး၊ အမျိုး သား ဒီမိုက ရေစီ ပါတီသစ်၊ အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ UNC စတဲ့ ပါတီကြီး ငယ်အသီးသီး ပါဝင်ပါ တယ်။

    တိုင်းဒေသကြီး လွှတ်တော်မှာ တော့ နာမည်ကြီး ပါတီကြီးတွေဖြစ်တဲ့ ပါတီ ၇ ခုက ကိုယ်စား လှယ်တွေ ဝင်ပြိုင် ဖို့ရှိပါတယ်။

    ပြည်သူ့လွှတ်တော်နေရာ အတွက် ပြိုင်ကြတဲ့သူတွေကို ကြည့်ရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကပြိုင်မယ့် ဦးရွှေလှဝင်း။ နှစ်ပေါင်း၎ဝ ကျော် သင်္ဃန်းကျွန်းမှာ အင်္ဂလိပ်စာနဲ့ ဘောဂဗေဒ ဘာသာရပ် တွေကို သင်ပေးနေတဲ့ နာမည်ကြီး ကျူရှင်ဆရာ ဖြစ်သလို NLD သင်္ဃန်းကျွန်းမြို့နယ် ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ ၀င်အရွေးမခံခင်က တည်းက မြို့နယ်အတွက် ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ သလို မဲဆွယ် စည်း ရုံးရေး စတဲ့အချိန်က စလို့ ဟောပြောပွဲ လုပ်တာ တအိမ်တက်ဆင်း တက်မဲဆွယ်တာတွေ လုပ်ပါတယ်။

    နောက်တဦးကတော့ လွှတ်တော် မင်းသားကြီးလို့ တင်စားကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဖြစ်ပါတယ်။ ဦးသိန်းညွန့်ဟာ NLD ပါတီ ကနေ ၂ဝ၁ဝ က ထွက်ခဲ့ပြီး ပါတီသစ် ထောင်ကနေ ၀င်ပြိုင်မှာ ဖြစ်ပါ တယ်။ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး သင်္ဃန်းကျွန်းမြို့နယ် ကနေ ဝင်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ သူ လည်းဖြစ်ပါ တယ်။

    နောက်တဦးကတော့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးသန့်ဇင် လက်ရှိ အာဏာရပါတီက ဖြစ်ပါတယ်။

    ဒီလို နာမည်ကြီးပါတီတွေက ကိုယ်စားလှယ်ကြီးတွေအပြင် လူနည်းစု ကိစ္စကို ဇောင်းပေးတဲ့ UNC ပါတီက နေ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းလည်းရှိပါသေးတယ်။ သူက ဦးရန်နိုင်ဖြစ်ပြီး တရားလွှတ်တော် ရှေ့နေ တစ်ဦးပါ။ ယခင် မြောင်းမြမြို့ NLD ပါတီထဲမှာ ပါဝင်ခဲ့သူဖြစ်ပြီး နောက်ပိုင်း နှုတ်ထွက်ခဲ့သူပါ။ ဦးရန်နိုင်ကတော့ ဒီမိုကရေစီ နဲ့ လူခွင့်အရေးရာ ကိစ္စရပ်တွေ၊ လူနည်းစု ရေး ရာတွေမှာလည်း ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့တာရှိပါ တယ်။ စာနယ်ဇင်းတွေမှာ ဥပဒေရေးရာ ဆောင်းပါးတွေ တင်ပြရေးသားတဲ့ ဥပဒေရေးရာ ဆောင်းပါးရှင် တဦး လည်းဖြစ်ပါ တယ်။

    သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှာ ဒီလို မျိုး အရည်အချင်းပြည့်ဝသူတွေ၊ ပါတီကြီးတွေ ကနေ ၀င်ပြိုင်မယ့်သူတွေထဲမှာ အရည်အချင်းပြည့်ဝသူတွေ ရှိနေ သလို ပါတီငယ်တွေကနေ ၀င်ပြိုင်မယ့် သူတွေလည်း အရည်အချင်းပြည့်ဝနေ တာ တွေ့ရပါတယ်။ အရည်အချင်းပြည့် အမတ်လောင်းတွေ အမတ်လောင်းဖြစ်ဖို့ မဲဆွယ်နေချိန်မှာ ဘီဘီစီက သတင်းတပုဒ် ဖော်ပြလာပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်ရဲ့ ဆန္ဒမဲခွင့်ရသူ ၁သိန်း ၃သောင်းရဲ့ သုံးပုံတစ်ပုံ မှာ အစ္စလာမ် ဘာသာဝင် တွေဖြစ်ကြောင်း ဆိုပါတယ်။ ကိန်းဂဏန်းအရဆိုရင် လေးသောင်းကျော် ၀န်းကျင် ရှိပါတယ်။ တချို့ အရင်းအမြစ်တွေအရလည်း ငါးသောင်းကျော်လို့ ဆိုတာရှိပါတယ်။ သင်္ဃန်းကျွန်း ရွေးကောက်ပွဲ အောင်နိုင်ရေး အဆုံးအဖြတ်ကို ဘယ်သူပေးမလဲ ဆိုတဲ့မေးခွန်းကို လူဦးရေ နဲ့ မဲဆန္ဒကိန်းက ဏန်းအရ ဆိုရင် လူနည်းစု အစ္စလာမ် ဘာသာဝင်တွေလို့ ဖြေရမှာပါ။ ဘယ်ပါတီက ဘယ်သူကို ဘယ်လို ကြောင့် ပဲ ကြိုက် ကြိုက် ရွေးရွေး ဒီလူနည်းစု ဘာသာဝင်တွေမှာ ဘယ်ပါ တီ က ဘယ်သူကို ဆုံးဖြတ်ပေးနိုင်ခွင့်ရှိနေပါတယ်။

    ဆုံးဖြတ်ပေးနိုင်တဲ့ မဲအရေအတွက်လည်း ရှိနေပြီလို့လဲ ဆိုချင်တယ်။ ဒါ့အပြင် မြန်မာ တနိုင်ငံလုံးက မြို့နယ် အများစုမှာ လူနည်းစုအဖြစ် ရှိကြတဲ့ ဘာသာဝင်တွေဘက်ကကြည့်ရင် သင်္ဃန်းကျွန်း က သုံးပုံ တပုံ ( လေးသောင်းကျော်) လောက်ရှိသူတွေဆီမှာ သူတို့မြို့နယ်ကို ကိုယ်စားပြုပြီး ပြောရေးဆိုခွင့် ၊ ပါဝင်ပူးပေါင်း ခွင့်၊ တင်မက ပဲ တနိုင်ငံလုံးက လူနည်းစု တွေရဲ့ ပြောရေးဆိုခွင့်၊ ကိုယ်စားပြုမှု၊ ပါဝင်ပူးပေါင်းမှု စတာတွေကို ရယူပေးနိုင်တဲ့ အနေအထားမှာ ရှိနေပြီဖြစ်ပါတယ်။

    ဒါကြောင့် သင်္ဃန်းကျွန်းက လူနည်းစု ဘာသာဝင်တွေ အနေနဲ့ ပြည်သူ့လွှတ်တော် နေရာအတွက် ဘယ်ပါတီက ဘယ် ကိုယ်စားလှယ်ကို မိမိတို့ရဲ့ ကိုယ်စားပြုခွင့်ကို ပေးအပ်မလဲ လို့ မေးလိုပါတယ်။ ဒီမေးခွန်းမဲပေးမယ့် သူတွေဘက် နိုဝင်ဘာ ၈ ရက်နေ့မှာ ဖြေဆိုရတော့မှပါ။ လူနည်းစုတွေ ဘက် က ဘယ်သူကို ရွေးချယ် ပေးအပ်မလဲ ဆိုတဲ့ ဒီမေးခွန်းကို မဖြေဆိုခင် လွှတ်တော်မှာ သူတို့အတွက် ဘယ်လို ကိုယ်စားပြုပေးမလဲ၊ သူ့တို့ကို အကောင်းဆုံး ကာကွယ်ပေးမလဲ ဆိုတဲ့ မူဝါဒ ကို ကိုယ်စားလှယ်လောင်းအသီးသီး က ထုတ်ပြဖို့ အရေးကြီးနေပါပြီ။

    NLD က ဦးရွှေလှဝင်း က ထုတ်ပြမှာလား
    USDP က ဦးသန့်ဇင်က ထုတ်ပြမှာလား
    UNC က ဦးရန်နိုင် က ထုတ်ပြမှာလား ….
    NDP က ဦးသိန်းညွှန် က ထုတ်ပြမှာလား

    ဒါမှ မဟုတ် တဦးဦးက ထုတ်ပြန်မှာလား ကိုယ်စားလှယ်လောင်း အသီးသီးကနေ ပေးတဲ့ ဒီမေးခွန်းအဖြေတဲ့အပေါ်မူတည်ပြီး လူနည်းစုတွေ ဘက်ကလည်း ဘယ်ပါ တီက ဘယ်ကိုယ်စားလှယ်ကို မိမိတို့ရဲ့ ကိုယ်စားပြုခွင့်ကို ပေးကြမလဲ ဆိုတဲ့ မေးခွန်း အဖြေကို သူတို့ရဲ့ သမိုင်းကြောင်းရှိခဲ့ တဲ့ နိုင်ငံရေးပါဝင်မှုအတွက် ရည်သန်ပြီး နိုဝင်ဘာ ၈ရက်နေ့မှာ ဖြေဆိုကြမှာ ဖြစ်ပါတယ်။

    ကိုးကား BBC

    ဆက်စပ် သတင်းဖတ်ရန်

    စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ဦးရန်နိုင်

    http://www.m-mediagroup.com/news/46444

  • “အနာဂတ်ရှိခြင်း နှင့် မရှိခြင်း”

    “အနာဂတ်ရှိခြင်း နှင့် မရှိခြင်း”

    ၂ ရက်အတွင်း ထပ်ဆင့် ရှယ်သူ ၁သောင်းခွဲ ကျော်သွားပြီဖြစ်တဲ့ လူကြိုက်များတဲ့ အတွေးအမြင်ဆောင်းပါးလေးကို အမ်မီဒီယာ စာဖတ် ပရိတ်သက် ဖတ်ရှုနိုင်ဖို့ ထပ်ဆင့်မျှဝေလိုက်ပါတယ်။

    ဆောင်းပါးရှင်
    Min Myat Maung

    10342807_501317983361852_3895813451612472125_n

    မယုံနိုင်စရာ ထူးဆန်းလွန်းလို့ နိုင်ငံတကာက တုန်လှုပ်ခြောက်ခြားသွားတဲ့ မှုခင်းကြီး တစ်ခု ၂၀၁၃ ခုနှစ်တုန်းက အမေရိကားမှာ ပေါ်ပေါက်လာခဲ့တယ်။ တရားခံကို ထောင်တစ်သက် လွတ်ရက်မရှိ ပြစ်ဒဏ်အပြင် နောက်ထပ် နှစ် ၁,၀၀၀ ပေါင်းလိုက်သေးတယ် ဆိုတော့ ဘယ်လောက် အပြစ်ကြီးတဲ့ အမှုလဲဆိုတာ စဉ်းစားသာ ကြည့်ပါ။

    အဲဒီမှုခင်းဟာ စဉ်းစား အဖြေရှာစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီမှုခင်းကို လေ့လာကြည့်မယ်ဆိုရင် ကျနော်တို့ မြန်မာပြည်သူတွေ လည်း တူညီတဲ့ ဖြစ်ရပ်တွေ အတွေးထဲမှာ အလိုလို ပေါ်လာပါလိမ့်မယ်။

    အေရီယယ်လ် ကတ်စထရို ဆိုတဲ့ လူတစ်ယောက်က ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး ၁၀ နှစ်ကျော် နှစ်ရှည်ကြာ မုဒိမ်းကျင့်နေတဲ့ အမျိုးသမီး သုံးယောက်နဲ့ ၆ နှစ်အရွယ် သမီးလေးကို ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့က ကယ်တင်လိုက်နိုင်တဲ့ ကိစ္စဟာ မယုံနိုင်စရာ အထူးခြားဆုံး သတင်း ဖြစ်သွားခဲ့တယ်။

    အေရီယယ်လ် ကတ်စထရိုဟာ အသက် ၄၁ နှစ်ကျော် အရွယ်၊ ၂၀၀၂ ခုနှစ်က စပြီး အမျိုးသမီး သုံးယောက်ကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီးခဲ့ပါတယ်။ အရင်အိမ်ထောင်ဟောင်းက သူ့သမီးအရင်းရဲ့ ၁၄ နှစ်ရွယ် သူငယ်ချင်းမလေးကို ၂၀၀၄ ခုနှစ်မှာ နောက်ဆုံး သုံးယောက်မြောက်အဖြစ် ဖမ်းဆီးပြီး သူ့အိမ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်။

    ၁၀ နှစ်ကျော် ချုပ်နှောင်ထားရင်း အမျိုးသမီး သုံးယောက်ကို နေ့စဉ် မုဒိမ်းကျင့်နေတာ ပတ်ဝန်းကျင်က လုံးဝ မသိကြဘူး။ သူ့အိမ်က မြို့ပြင် လူနေကျဲပါးတဲ့နေရာ ခြံကြီးဝင်းကြီးထဲမှာ မဟုတ်ဘဲ လူနေစိတ်တဲ့ ကလိဗ်လင်း မြို့လယ် သာမန်ရပ်ကွက်ထဲမှာပါ။ ကျယ်ကျယ်အော်ရင် ဘေးအိမ်တွေက ကြားနိုင်အောင် အိမ်ချင်း ကပ်နေပါတယ်။

    ပြီးတော့၊ တရားခံဟာ နေ့မှာ အချိန်ပြည့် အလုပ်သွားနေရင် အိမ်ထဲမှာ အမျိုးသမီး အကျဉ်းသား သုံးယောက်တည်း ကျန်ခဲ့တာပါ။ ဘာဖြစ်လို့ ထွက်ပြေးဖို့ မကြိုးစားကြတာလဲ၊ ဘာဖြစ်လို့ အော်ဟစ် အကူအညီမတောင်းကြတာလဲ၊ ဘာဖြစ်လို့ သုံးယောက်နဲ့ တစ်ယောက် မခုခံ မတိုက်ခိုက်ကြတာလဲ ဆိုတဲ့ မေးခွန်း ပဟေဠိတွေ အများကြီး ထွက်ပေါ်လာခဲ့တယ်။

    ကျနော့အတွက်တော့ ဒီဖြစ်ရပ်ဟာ ဘဝရဲ့ အသိဉာဏ် အလင်းရောင်တွေ အများကြီး ရလိုက်တာကြောင့် မမေ့မပျောက် မှတ်တမ်းတင်ထားရမှာပါ။

    သူတို့ လွတ်မြောက်လာတဲ့ ဖြစ်စဉ်မှာ ကျနော့ အာရုံကို ဖမ်းစားလိုက်တဲ့ ကိစ္စကတော့ ဒီလိုပါ။

    အသက် ၁၇ နှစ်အရွယ် ၂၀၀၃ ခုနှစ်ကတည်းက ပြန်ပေးဆွဲခံရတဲ့ အာမန်ဒါ ဘယ်ရီက အော်ဟစ် အကူအညီတောင်းလို့ အိမ်နီးချင်းတွေ သွားပြီး ကယ်တင်တဲ့အခါ အသက်၂၇ နှစ် ရှိနေပြီ ဖြစ်တဲ့ အာမန်ဒါနဲ့ သူ့ရဲ့ ၆ နှစ်သမီးလေးတို့ အိမ်ထဲက လွတ်မြောက်လာပါတယ်။ တစ်ခြားအမျိုးသမီး နှစ်ယောက်ကတော့ အိမ်ထဲမှာပဲ ကျန်နေပြီး ရဲတွေရောက်လာမှ ကယ်တင်လိုက်ရပါတယ်။

    ဒီအမျိုးသမီး နှစ်ယောက်ဟာလည်း ၁၁ နှစ်ကျော် အဖမ်းခံထားရတဲ့ မစ်ရှယ်လ် နိုက် (အခု ၃၂ နှစ်) နဲ့ ၁၀ နှစ်နီးပါး အဖမ်းခံထားရတဲ့ ဂျီနာ ဒီဟေးဆုစ်(အခု ၂၄ နှစ်) တို့ ဖြစ်ပါတယ်။ သူတို့ကို တွေ့တဲ့အချိန်မှာ ဘာမှ ချည်နှောင် ဖမ်းဆီးထားတာ မရှိပဲ ထွက်ပြေးချင်ရင် ပြေးလို့ရပါတယ်။

    သူတို့ သုံးယောက်ကို ဖမ်းထားခါစမှာပဲ သံကြိုးတွေနဲ့ တုပ်နှောင်ပြီး မြေအောက်ခန်းမှာ ချုပ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အနှောင်အဖွဲ့မရှိပဲ အိမ်ထဲမှာ လွတ်လွတ်လပ်လပ် နေခွင့်ရှိတယ်။ ထွက်ပြေးဖို့ အခွင့်အလမ်းအများကြီး ရှိတယ်။

    အဲဒီမှာ မေးစရာ မေးခွန်းကြီးတခု ပေါ်လာပါတော့တယ်။ အိမ်နီးချင်းတွေက အိမ်ရှေ့တံခါးကို ဖျက်ပေးလိုက်တဲ့ အပေါက်ကနေ အာမန်ဒါနဲ့ သူ့သမီးလေး ထွက်ပြေးသွားသလို သူတို့ နှစ်ယောက်က ဘာဖြစ်လို့ လိုက်မသွားပဲ အိမ်ထဲမှာ နေရစ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကြီးပါပဲ။

    အက်ဖ်ဘီအိုင်က မှုခင်းစိတ်ပညာရှင်တစ်ဦးကို CNN သတင်းဌာနက တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးမှာ အဲဒီမေးခွန်းတွေကို ဖြေကြားသွားတာ အလွန်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

    သူတို့လည်း ထွက်ပြေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်၊ ကတ်စထရိုက သော့ခတ်ဖို့ မေ့သလိုလို၊ တံခါး ပွင့်နေသလိုလို တမင် ထောင်ချောက်ဆင်ထားတာ ဖြစ်လေတော့ ပြေးဖို့ကြံရင် မိပြီး သေလုမျောပါး နှိပ်စက်ခံရတယ်။ တစ်ပတ်လောက် အစာမကျွေးဘဲ အငတ်ထားတယ်။ ဒါကြောင့်၊ အခွင့်အလမ်း ပေါ်လာတာတောင် တစ်ကယ်လား၊ ထောင်ချောက်လား မခွဲခြားနိုင်ဘဲ မပြေးရဲတော့ဘူးတဲ့။

    ပြီးတော့၊ သူတို့ သုံးယောက်ကို စိတ်ပိုင်းဆိုင်ရာလည်း ကတ်စထရိုက ချုပ်ကိုင်ထားတယ်။ အချင်းချင်း မတည့်အောင် ရန်တိုက်ပေးထားလို့ တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်လောက် မခေါ်မပြော ဖြစ်ကြတာမျိုးတွေ ရှိသေးတယ်။ ဒါက လွယ်တယ်လေ။ တစ်ယောက်ကို အခွင့်အရေး ပိုပေးရင် ကျန်တဲ့ နှစ်ယောက်က မနာလိုဖြစ်၊ တစ်ယောက်ကို မဲပြီး ညှဉ်းပန်းနှိပ်စက်နေရင် ကျန်တဲ့နှစ်ယောက်က ကိုယ်နဲ့ မပတ်သက်အောင် ဝေးဝေးရှောင်ကြတော့ စိတ်ဝမ်းကွဲတော့တာပေါ့။ အကျဉ်းစံဘဝက လွတ်မြောက်အောင် အတူတူ စည်းစည်းလုံးလုံး ကြိုးစားဖို့ထက် အချင်းချင်း ငြူစူစောင်းမြောင်း ရန်ဖြစ်နေကြတယ်။

    ပြီးတော့၊ သူတို့ထဲက အသက်အကြီးဆုံး၊ အချိန်အကြာဆုံး အဖမ်းခံထားရတဲ့ မစ်ရှယ်လ် နိုက်ဆိုရင် ၁၁ နှစ်ကာလအတွင်းမှာ ကိုယ်ဝန် ၅ ကြိမ်ရခဲ့တယ်။ အဲဒီ ၅ ကြိမ်စလုံး အပြင်းအထန် ရိုက်နှိက်၊ ဝမ်းဗိုက်ကို ထိုးကြိတ် ကန်ကျောက်ပြီး ကိုယ်ဝန်ပျက်ကျအောင် လုပ်တယ်။

    သူတို့ဟာ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ နှိမ်ချဆက်ဆံမှုတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ် ကုန်ခမ်းနေပါပြီ။ သူတို့ ဒီဘဝက လွတ်မြောက်မှာ မဟုတ်တော့ဘူးလို့ စိတ်အစွဲ ဖြစ်နေတာတဲ့။

    သူတို့ရဲ့ ဘဝဟာ လွတ်မြောက်ရင်လည်း လူ့အသိုင်းအဝိုင်းမှာ မဝင်ဆန့်တော့ပါဘူးဆိုတဲ့ အောက်ဆုံးအဆင့်အထိ စိတ်နှလုံး ဂျုံးဂျုံးကျသွားပြီ ဆိုပါတော့။

    တစ်နည်းအားဖြင့် သူတို့ဟာ ‘စိတ်ရဲ့ အကျဉ်းသား’ (mind prisoner) ဖြစ်နေတာပါ။ သူတို့ကို ဖမ်းထားသူဟာ တရားခံ အေရီယယ်လ် ကတ်စထရို မဟုတ်တော့ပါဘူး၊ သူတို့ရဲ့ စိတ်က သူတို့ကို ဖမ်းထားတာပါလို့ စိတ်ပညာရှင်က ရှင်းပြပါတယ်။

    အဲဒီမှာ ထပ်ဆင့်မေးခွန်းက ကဲ…ဒါဖြင့် အာမန်ဒါကျတော့ ဘာဖြစ်လို့ လွတ်ဖို့ ကြိုးစားသလဲ၊ ဘာဖြစ်လို့ ပြေးသလဲ။

    အဖြေကတော့ သူဟာ တစ်ခြားအမျိုးသမီး နှစ်ယောက်နဲ့ အခြေအနေချင်း မတူပါဘူး။ သူ့မှာ ၆ နှစ်အရွယ် လူမမယ်သမီးလေး ရှိတယ်။ သူ့အတွက် မစဉ်းစားရင်တောင် သူ့သမီးလေးအတွက် စဉ်းစားရတော့မယ်။

    အာမန်ဒါ ဘယ်ရီဟာ လူယုတ်မာ ကတ်စထရိုနဲ့ပဲ ကိုယ်ဝန်ရလာတော့ လူမသိအောင် ဖုံးဖိထားတယ်။ ရှေ့က မစ်ရှယ်လ် နိုက်ရဲ့ အဖြစ်ဆိုးတွေကို မြင်တွေ့ထားတယ်လေ။ ကိုယ်ဝန် လရင့်လာမှ ကတ်စထရို သိသွားတော့ ဖျက်ဖို့ မလွယ်တော့ဘဲ မွေးခွင့်ပေးလိုက်ရတယ်။ (သူ့ကို သတ်ပြီး အစဖျောက် မပစ်လိုက်တာ ကံကောင်းပါသေးရဲ့။)

    အကျဉ်းစံအိမ် မြေတိုက်ခန်းထဲက ကစားစရာ လေမှုတ်ရေကန်လေးထဲမှာ သမီးလေးကို ဖွားမြင်ခဲ့ရတယ်။ ဒီသမီးလေး မွေးဖွားလာခြင်းဟာ သူတို့အားလုံးအတွက် အပြောင်းအလဲ တစ်ခု ဖြစ်စေခဲ့တယ်။ သမီးလေးအပေါ် အားလုံးက ချစ်ခင် မေတ္တာထားကြလို့ အရင်တုန်းက မတည့်တဲ့ အမျိုးသမီး သုံးယောက်လည်း ပြန်ပြီး အဆင်ပြေလာတယ်။ လူယုတ်မာကလည်း သမီးလေးကြောင့် တင်းကျပ်ချုပ်ကိုင်မှုတွေကို နည်းနည်းပါးပါး လျှော့ပေါ့ပေးခဲ့တယ်။

    သမီးလေးရဲ့အနာဂတ်ကို ဒီလို အကျဉ်းစံဘဝနဲ့ပဲ အလဟဿ အဆုံးရှူံးခံမလား၊ လွတ်မြောက်ရေးအတွက် စွန့်စားမလား ဆိုတာကို အာမန်ဒါ အလေးအနက် စဉ်းစားလာရပြီလို့ စိတ်ပညာရှင်က တင်ပြပါတယ်။ (ဒီအချက်ကို စာဖတ်သူအားလုံး သတိပြုစေချင်ပါတယ်။)

    ကျောင်းနေရမယ့် အရွယ်ရောက်နေပြီ ဖြစ်တဲ့ သမီးလေးကို ဦးစားပေးပြီး ထွက်ပြေးဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်ကို စိတ်ပညာရှင်က ‘အလှည့်အပြောင်းမှတ်’(breaking point) လို့ ခေါ်ပါတယ်။

    ဒါကြောင့် အခွင့်အရေး ရခိုက်မှာ အာမန်ဒါက လွတ်မြောက်ရေးအတွက် ကြိုးစားတယ်၊ အော်ဟစ် အကူအညီတောင်းတယ်၊ ဖောက်ပေးတဲ့အပေါက်က သမီးလေးကို အပါခေါ်ပြီး မတွန့်မဆုတ် သူ ထွက်ပြေးတဲ့အချိန်မှာ တခြားနှစ်ယောက်ကတော့ အကျဉ်းစံအိမ်ထဲမှာပဲ ကျန်နေခဲ့ကြတယ်။ ရဲတွေက အိမ်ထဲအထိ ဝင်ပြီး ခေါ်ထုတ်မှ အပြင်ကို ထွက်ရဲကြတယ်။

    မှုခင်းစိတ်ပညာရှင်ရဲ့ ရှင်းလင်း ပြောကြားချက်ကို ကြည့်ရှုနားထောင်ပြီးချိန်မှာတော့ ကျနော့နားထဲမှာ ‘စိတ်ရဲ့အကျဉ်းသား’…‘စိတ်ရဲ့အကျဉ်းသား’…‘စိတ်ရဲ့အကျဉ်းသား’…ဆိုတဲ့ အသံက မြည်ဟီး ရိုက်ခတ်နေပါတယ်။

    ကျနော် နားမလည်တဲ့ ပဟေဠိတခုရဲ့ အဖြေကိုလည်း လင်းကနဲ တွေ့လိုက်ရသလိုပါပဲ။

    ကျနော်တို့ မြန်မာပြည်သူတွေရဲ့ ဘဝဟာလည်း အခု ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းနဲ့ တော်တော်ကို တူနေတာ တွေ့ရပါလိမ့်မယ်။

    နှစ် ၅၀ ကျော် စစ်အာဏာရှင်ရဲ့ သံလှောင်အိမ်ထဲမှာ အကျဉ်းကျနေတဲ့ မြန်မာပြည်သူတွေလည်း လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်။ ကြိုးစားတိုင်းလည်း သွေးချောင်းစီး နှိမ်နင်းသတ်ဖြတ်ခံကြရတယ်။ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ဘဝဆုံးကြရတယ်။ ဒါကြောင့်၊ လွတ်မြောက်ရေး ကြိုးပမ်းချင်စိတ်တွေ အားလျော့လာကြတော့တယ်။ တစ်နည်းအားဖြင့်၊ စိတ်ရဲ့ အကျဉ်းသားဘဝကို အလိုလို ရောက်သွားကြရပြီလေ။ လက်ရှိအခြေအနေမှာ မသေရုံတမယ် အသက်ရှင်နေရတာလေးကိုပဲ တင်းတိမ်ကျေနပ်ပြီး ဘဝအပြောင်းအလဲအတွက် ရုန်းကန်ကြိုးစားဖို့ အားမထုတ်ချင်တော့ဘူး။ စိတ်လျှော့ အရှုံးပေးထားလိုက်ပြီ။

    အဲဒီကြားထဲမှာ အာဏာရှင်က အခွင့်အရေးပေးသူနဲ့ ဖိနှိပ်ခံရသူ ဆိုပြီး အချင်းချင်း သွေးခွဲလာတော့ စည်းလုံးညီညွတ်ရေးလည်း ဖရိုဖရဲ ဖြစ်နေလေရဲ့။ အာဏာနဲ့ အခွင့်အရေး မစို့မပို့ ပေးထားတဲ့ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေက မောက်မာထောင်လွှားပြီး လူတန်းစားတစ်ရပ်လို ဖြစ်လာတယ်။ သာမန် ပြည်သူတွေကို မတူမတန် ဖိနှိပ်ဆက်ဆံကြတယ်။ သူတို့အတွက် စစ်အာဏာရှင်တွေကသာ ကျေးဇူးရှင်တွေ ဖြစ်လာပြီး ဒီအခွင့်အရေးတွေ လက်လွတ်သွားမှာ စိုးလို့ ခေတ်ပြောင်းမှာကို သေမလောက် ကြောက်ရွံ့နေကြလေရဲ့။

    အခုအခါမှာတော့၊ ၂၀၁၅ ရွေးကောက်ပွဲဆိုတဲ့ ထွက်ပေါက်က လင်းရောင်ခြည်တန်းလေး မြင်လာရပြီ။ ဒီလိုအခွင့်အခါကောင်းမှာ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ပြည်သူတွေ စည်းလုံးမိကြပြီ။ အတူတူ ရုန်းကန်နိုးထလာကြတာ အားရစရာပါ။ ပြည်သူလူထုကြီးက လွတ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းချိန်မှာ အခွင့်ထူးခံ ကြံ့ဖွတ်တွေနဲ့အတူ တစ်စင်ထောင် နှောင့်ယှက်လာတာကတော့ မ.ဘ.သ. ဆိုတဲ့ ဘာသာရေး အစွန်းရောက်ဂိုဏ်းပဲ။

    ကျနော်ပြောခဲ့တဲ့ မှုခင်းအကြောင်း ပြန်စဉ်းစားကြည့်လေ။ သားသမီး မရှိတဲ့ အမျိုးသမီးနှစ်ယောက်က ဖြစ်သမျှ ခေါင်းငုံ့ခံဖို့ မလှုပ်ရဲချိန်မှာ အာမန်ဒါကတော့ သမီးလေးအတွက် အသက်သေချင် သေပစေ၊ စွန့်စွန့်စားစား အားမာန်အပြည့်နဲ့ ကြိုးစားတယ်။ အဲဒါဟာ အနာဂတ်မရှိသူနဲ့ ရှိသူ စဉ်းစားတွေးခေါ်ပုံ ကွာခြားတာပဲ။

    သားသမီးရှိသူတွေဟာ ကိုယ့်အတွက်သာမကဘဲ နောင်မျိုးဆက်အတွက်ပါ စဉ်းစားကြတယ်။ သားသမီးရဲ့ အနာဂတ်ဘဝ သာယာလှပရေးကို ဦးစားပေးကြတယ်။

    ဒါပေမယ့်၊ မ.ဘ.သ.ဆိုတဲ့ ဘုန်းကြီး၊ မယ်သီလ အရေခြုံတွေမှာ သားသမီး မရှိဘူး။ (လုံးဝ သေချာတယ်၊ မှားရင် လည်ဖြတ်ခံမယ်။) သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံဟာ မိသားစုဘဝ တည်ဆောက်နေတဲ့ မိခင်ဖခင်တွေနဲ့ လုံးဝ ကွဲပြားခြားနားတယ်။ သူတို့ဟာ “ဗုဒ္ဓဘာသာ” ဆိုတဲ့ သာသနာတော်ကြီးကို ဗန်းပြပြီး ကိုယ်တစ်ဦးတည်း စားဝတ်နေရေး အဆင်ပြေအောင် လုပ်ကြတဲ့ အချောင်သမားတွေသာ ဖြစ်တယ်။

    သူတို့ရဲ့ တစ်ကိုယ်ရေဘဝမှာ သူတစ်ပါးကို ခေတ်ဆိုးခေတ်ပျက်ကြီးထဲက လွတ်မြောက်အောင် မကယ်တင်တဲ့အပြင် ဆွဲနှစ်ပြီး ကိုယ်ကျိုးစီးပွားရှာသူများပါပဲ။ ဘဒ္ဒန္တ အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇ ဂုရု ဆိုတဲ့ ဘွဲ့တွေ အရှည်ကြီးရပြီး စစ်အာဏာရှင်တွေက ချီးမြှင့်မြှောက်စားရင် ကျေနပ်ပြီလေ။ နောင်လာနောက်သား မျိုးဆက်သစ်များကို နှမ်းတစ်စေ့လောက်တောင် တန်ဖိုးမထားတတ်သူတွေပါ။ စစ်မှန်တဲ့ ရဟန်းသံဃာများက ကိုးကွယ်သူ ဒကာဒကာမတွေကို သံသရာ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ငြိမ်းချမ်းတဲ့ တရားရေအေး တိုက်ကျွေးကြတယ်။ မ.ဘ.သ.တွေကတော့ ပူလောင်ဆင်းရဲစေတဲ့ ဘာသာရေး၊ လူမျိုးရေး အမုန်းတရားများသာ ဟောကြားပြီး အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေကြလေရဲ့။

    သူတို့ပြောသမျှ ယုံစားနေတဲ့ လူဝတ်ကြောင် မ.ဘ.သ.များ စဉ်းစားစေချင်တယ်။ အနာဂတ်မျိုးဆက်သစ်အတွက် အပြောင်းအလဲဖြစ်အောင် ရုန်းထွက်ကြမလား။ သားသမီးတွေကို စစ်ကျွန်ဘဝမှာ နှစ်ထားခဲ့မလား။

    တစ်ကယ်တော့ မြန်မာ့ အနာဂတ်မျိုးဆက်သစ်အတွက် “ပြောင်းလဲချိန်တန်ပြီ” ။