News @ M-Media

Tag: Pakistan

  • အနောက်ကမ္ဘာနဲ့ တရုတ်လုပ် လက်နက်တွေ အားစမ်းကြတဲ့ အိန္ဒိယ-ပါကစ္စတန် တင်းမာမှု

    အနောက်ကမ္ဘာနဲ့ တရုတ်လုပ် လက်နက်တွေ အားစမ်းကြတဲ့ အိန္ဒိယ-ပါကစ္စတန် တင်းမာမှု

    မေ ၁၀၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – တရုတ်ထုတ် J-10 တိုက်လေယာဥ်များ)

    လက်ရှိ ဖြစ်ပွားနေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန် တိုက်ခိုက်မှုတွေကို အမေရိကန်နဲ့ တရုတ်အပါအဝင် တစ်ကမ္ဘာလုံးက အထူးအာရုံစိုက်နေပါတယ်။ ပါကစ္စတန်ရဲ့ တရုတ်လုပ် J-10 တိုက်လေယာဉ်တွေနဲ့ အိန္ဒိယရဲ့ ပြင်သစ်လုပ် Rafale တိုက်လေယာဉ် စီးချင်းထိုးပွဲဟာ တစ်ကမ္ဘာလုံးကို အံ့သြ မှင်သက်စေခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ခေတ်သစ် အဆင့်မြင့် လေကြောင်းတိုက်ခိုက်ရေးစွမ်းရည်တွေကို လက်တွေ့စမ်းသပ်တဲ့ ပွဲလည်းဖြစ်ပါတယ်။

    အမေရိကန်အစိုးရ တာ၀န်ရှိသူတွေရဲ့ပြောကြားချက်အရ ပါကစ္စတန်ဘက်က အိန္ဒိယလေယာဉ် အနည်းဆုံး ၂စီးကို ပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုပစ်ချတဲ့နေရာမှာ တရုတ်လုပ် PL-15 ဒုံးကျည်ကို အသုံးပြုခဲ့တာပါ။ ကမ္ဘာ့လက်နက်လောကကို အချိန်ကြာ လွှမ်းမိုးထားတဲ့ အနောက်ကမ္ဘာကို တရုတ်က ယှဥ်လာနိုင်ပြီလားဆိုပြီး ကမ္ဘာတစ်၀ှမ်းက စောင့်ကြည့်လာကြပါတယ်။

    အချက်အလက်အချို့ကို အတည်မပြုနိုင်သေးပေမယ့် ခေတ်သစ် လေကြောင်းတိုက်ပွဲသမိုင်းမှာ ဒါဟာ နည်းဗျူဟာ၊ နည်းပညာနဲ့ လေယာဉ်မှူးတွေရဲ့ ကျွမ်းကျင်မှုကို လေ့လာနိုင်တဲ့ ရှားပါး အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ လေ့လာဆန်းစစ်သူတွေကတော့ ဒီဖြစ်ရပ်ဟာ အနာဂတ်မှာ ကမ္ဘာ့နိုင်ငံတွေရဲ့ လက်နက်ဝယ်ဖို့ ဆုံးဖြတ်ချက်တွေ၊ စက်ဖက်ဆိုင်ရာ နည်းပညာအဆင့်မြှင့်တင်မှုတွေအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

    ပစ်မှတ်ကို မမြင်နိုင်တဲ့ အခြေအနေမှာတောင် ရှာဖွေ ဖျက်ဆီးပစ်နိုင်တဲ့ တရုတ်ထုတ် PL-15 ဒုံးကျည်ရဲ့ အစွမ်းကို လက်ရှိ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲမှာ တစ်ကမ္ဘာလုံးက မြင်တွေ့ခဲ့ကြရပါတယ်။ တရုတ်ဟာ ကာကွယ်ရေးမှာ ဆိုဗီယက်နည်းပညာတွေကို မှီခိုနေရတဲ့ အနေအထားကနေ လုံး၀ဖောက်ထွက်လာနိုင်ခဲ့တာပါ။ အမေရိကန်၊ ကာကွယ်ရေးနည်းပညာမှာ အမေရိကန်အပေါ် လုံး၀ မှီခိုနေရတဲ့ ဥရောပတို့ဟာ သူတို့ရဲ့ လက်ရှိ လေကြောင်း ကာကွယ်ရေးနည်းစနစ်တွေကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ဖို့ စဥ်းစားနေကြပြီဖြစ်ပါတယ်။

    Ref: Reuters

  • စက်တင်ဘာ ၆ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၆ ရက်နေ့ သတင်းတို

    M-Media

    မွတ်စလင်နိုင်ငံများတွင် အရောင်းကျလာပြီဖြစ်တဲ့ Coke နှင့် Pepsi
    —————
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့လူသတ်ပွဲ နောက်ဆက်တွဲ မွတ်စလင်နိုင်ငံတွေမှာ Coke နဲ့ Pepsi တို့ကို သပိတ်မှောက်မှုကြောင့် ပြည်တွင်းထုတ် အချိုရည်စျေးကွက် ပိုမို အားကောင်းလာပါတယ်။ ဂျူးလုပ်ငန်းတွေဖြစ်ကြတဲ့ Coke နဲ့ Pepsi တို့ဟာ အစ္စရေးကို ဒေါ်လာသန်းရာထောင်ချီ ထောက်ပံ့နေကြတာဖြစ်လို့ မွတ်စလင်နိုင်ငံတွေက သပိတ်မှောက်ကြတာပါ။ အီဂျစ်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေမှာ ဒေသထုတ် အချိုရည်တွေဟာ Coke နဲ့ Pepsi တို့နေရာမှာ သိသိသာသာကို နေရာယူလာပြီ ဖြစ်ပါတယ်။

    ဟာလာလ်စျေးကွက်တွင် ရုရှား၀င်လာပါက မလေးရှား ကူညီမည်
    ——————-
    မလေးရှားဟာ အစ္စလာမ့်ဘဏ်လုပ်ငန်းနဲ့ ဟာလာလ်စျေးကွက်မှာ အတွေ့အကြုံ ကြွယ်၀နေပြီဖြစ်တာကြောင့် ရုရှားနိုင်ငံက ဒီလုပ်ငန်းတွေမှာ ပါ၀င်လုပ်ကိုင်ချင်ရင် ကူညီပေးမယ်လို့ ၀န်ကြီးချုပ် အန်၀ါရ်အီဘရာဟင်က ပြောပါတယ်။ လက်ရှိ ရုရှားကိုရောက်နေတဲ့ အန်၀ါရ်ဟာ သမ္မတပူတင်၊ ရုရှားမွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

    အစ္စလာမ်သာသနာကို အမြတ်မထုတ်ရေး ပါကစ္စတန်ဆော်သြ
    ———————-
    အကြမ်းဖက်၀ါဒ လှုံ့ဆော်ရေးမှာ အစ္စလာမ်သာသနာကို တစ်လွဲအသုံးချ အမြတ်ထုတ်နေတာကို ရပ်တန့်ဖို့ ပါကစ္စတန် ပြည်ထဲရေး၀န်ကြီး မိုရှင်နက်ဗီက တိုက်တွန်းလိုက်ပါတယ်။ ပါကစ္စတန်မှာ ခွဲထွက်ရေး အစွန်းရောက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှု လတ်တလောမှာ မြင့်တက်နေတာဖြစ်ပါတယ်။ ဘာသာပေါင်းစုံ လူ့အဖွဲ့အစည်းကြားမှာ ညီညွတ်ရေး ကူညီပေးကြဖို့လည်း ပါကစ္စတန်အစိုးရက ဘာသာရေးခေါင်းဆောင်တွေကို တောင်းဆိုထားပါတယ်။

    Ref: Reuters, The Star

  • ပါကစ္စတန်က တမန်တော်နေ့အခမ်းအနား ဗုံးခွဲခံရ

    ပါကစ္စတန်က တမန်တော်နေ့အခမ်းအနား ဗုံးခွဲခံရ

    စက်တင်ဘာ ၃၀၊ ၂၀၂၃ 

    M-Media 


    -ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက တမန်တော်နေ့အခမ်းအနားတစ်ခုမှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နည်းဆုံး ၅၂ ဦး သေဆုံးခဲ့ပါတယ်။ 

    ဘာလိုချစ္စတန်ပြည်နယ်က မက်စ်တွန်မြို့မှာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အကြီးတန်း ရဲတပ်ဖွဲ့၀င်တစ်ဦးလည်း ပါ၀င်ပါတယ်။ 

    ဒေသခံတွေက တမန်တော်နေ့ စီတန်းလှည့်လည်မှု လုပ်နေတဲ့အချိန် အသေခံဗုံးခွဲသမားက ဗုံး၀င်ခွဲခဲ့တာလို့ အစိုးရတာ၀န်ရှိသူတွေက ထုတ်ပြန်ပါတယ်။ 

    တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၁၀၀ ကျော်လောက်ရှိပါတယ်။ 

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်သလဲဆိုတာ မသိရပါဘူး။ ဘာလိုချစ္စတန်မှာ တိုက်ခိုက်မှုတွေ ပုံမှန်လုပ်ဆောင်လေ့ရှိတဲ့ တာလီဘန်ရဲ့ ပါကစ္စတန်အဖွဲ့ခွဲ (TTP) က သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းပါတယ်။ 

    IS အကြမ်းဖက်အဖွဲ့ကလည်း ပါကစ္စတန်က ဘာသာရေးအခမ်းအနားတွေ၊ လူနည်းစုတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။ 

    နိုင်ငံမြောက်ပိုင်း ခိုင်ဘာ ပက်ရှ်သွန်၀ါပြည်နယ် ဟန်ဂူမြို့က ဗလီ၀တ်ကျောင်းတော်တစ်လုံးမှာလည်း မနေ့က သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဥ် အသေခံတိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    Ref: Arab News 

  • လူ ၆၀ ကျော်သေဆုံးသည့် ပါကစ္စတန်က ဗလီဗုံးခွဲမှု ဘယ်သူ့လက်ချက်လဲ

    လူ ၆၀ ကျော်သေဆုံးသည့် ပါကစ္စတန်က ဗလီဗုံးခွဲမှု ဘယ်သူ့လက်ချက်လဲ

    ဇန်န၀ါရီ ၃၁၊ ၂၀၂၃

    M-Media 


    -ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်၀ါရ်မြို့က ရဲတပ်ဖွဲ့ဌာနချုပ်ဗလီမှာ မနေ့က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၆၁ ဦးသေဆုံးကာ ၁၅၀ လောက်ဒဏ်ရာရခဲ့ပါတယ်။ 

    ပက်ရှ်၀ါရ်မြို့ဟာ အာဖဂန်နစ္စတန်နဲ့ ကပ်နေတဲ့ ခိုင်ဘာ ပက်ခ်သွန်၀ါရ်ပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ 

    ပြည်နယ်ရဲတပ်ဖွဲ့ဌာနချုပ် ၀င်းထဲမှာရှိတဲ့ ဗလီမှာ နေ့လည်ခင်း ၀တ်ပြုဆုတောင်းမှုပြုလုပ်နေစဥ် ဗုံးပေါက်ကွဲတာဖြစ်ပြီး ဗလီအဆောက်အဦးတစ်ခုလုံး ပြိုကျခဲ့ပါတယ်။ ဒီဗလီမှာ နေ့စဥ်ပုံမှန် ၀တ်ပြုချိန်ကို ရဲတပ်ဖွဲ့၀င် ၃၀၀ ကနေ ၄၀၀ လောက်အထိ တက်ရောက်ကြပါတယ်။ 

    ဗလီရှေ့ဆောင်ဆရာက ၀တ်ပြုဆုတောင်းမှု စပြီး သိပ်မကြာခင်မှာပဲ ရှေ့ဆုံးဒုတိယတန်းလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အသက်ရှင်လွတ်မြောက်လာတဲ့ ရဲတပ်ဖွဲ့၀င် ရှာဟစ်အလီက ပြောပါတယ်။ အာဏာပိုင်တွေက ဒီပေါက်ကွဲမှုဟာ အသေခံဗုံးခွဲမှု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ 

    ဗလီအဆောက်အဦးပြိုကျပြီး ပိတ်မိနေသူတွေ ရှိတဲ့အတွက် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနိုင်တယ်လို့ ပြည်နယ်ကျန်းမာရေးဆိုင်ရာ တာ၀န်ရှိသူတွေက ပြောပါတယ်။ 

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ခိုင်ဘာပက်ခ်သွန်၀ါရ်ပြည်နယ်ဟာ ပါကစ္စတန်တာလီဘန်အဖွဲ့ လှုပ်ရှားရာဒေသဖြစ်ပြီး အရင်က ဒီအဖွဲ့ဟာ အစိုးရဌာနတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖူးပါတယ်။ 

    အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာပြန်ရလာပြီးနောက်ပိုင်း ခိုင်ဘာပက်ခ်သွန်၀ါရ်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာပြီး ပါကစ္စတန်အစိုးရက အာဖဂန်တာလီဘန်အဖွဲ့ဟာ နယ်စပ်ဒေသတွေမှာ စစ်သွေးကြွတွေကို အခြေစိုက်ခွင့်ပေးထားတယ်လို့ ပြစ်တင်ထားပါတယ်။ 

    IS အကြမ်းဖက်အဖွဲ့လည်း ပါကစ္စတန်-အာဖဂန်နယ်စပ်မှာ လှုပ်ရှားနေပြီး လူ ၆၁ ဦးသေဆုံးတဲ့ ပြီးခဲ့တဲ့နှစ် ပက်ရှ်၀ါရ်မြို့က ရှီအာဗလီတစ်လုံး အကြမ်းဖက်တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ထုတ်ပြန်ပါတယ်။ 

    မနေ့က ပေါက်ကွဲမှုဖြစ်ပွားတဲ့ ရဲဌာနချုပ်ဟာ လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားတဲ့ နေရာတစ်ခုဖြစ်ပြီး ပြည်နယ် ထောက်လှမ်းရေးဌာနချုပ်၊ အကြမ်းဖက်တိုက်ဖျက်ရေးဌာနချုပ်တို့ တည်ရှိကာ ဒီအဆောက်အဦးဘေးမှာ ပြည်နယ်အုပ်ချုပ်ရေးဌာန တည်ရှိပါတယ်။ 

    Ref: CNA 

  • ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်ရေး အဓိကအ၀ေးပြေးလမ်းမကို ပါကစ္စတန်က ဖြိုချမည်

    ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်ရေး အဓိကအ၀ေးပြေးလမ်းမကို ပါကစ္စတန်က ဖြိုချမည်

    စက်တင်ဘာ ၁၂၊ ၂၀၂၂
    M-Media

    -နိုင်ငံတောင်ပိုင်းက လူတစ်သန်းခွဲလောက်နေထိုင်တဲ့ ဒေသတစ်ခုမှာ ရေကြီးရေလျှံမှုကို ကာကွယ်ဖို့အတွက် အဓိက အ၀ေးပြေးလမ်းမကြီးကို ဖောက်ချဖို့ ပါကစ္စတန် အာဏာပိုင်တွေက စီစဥ်နေပါတယ်။

    အခုနှစ်မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့တာကြောင့် ပါကစ္စတန်မြောက်ပိုင်းမှာ လူ ၃၃ သန်းလောက် အတိဒုက္ခရောက်ခဲ့ရပြီး အနည်းဆုံး ၁၄၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

    လက်ရှိမှာ ပါကစ္စတန်အစိုးရဟာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအပြင်၊ နောက်ထပ် ရေကြီးမှုမဖြစ်အောင်လည်း ဆောင်ရွက်နေရပါတယ်။

    နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်မှာ အခုနှစ်မိုးရေချိန်ဟာ ပုံမှန်ထက် ၄၆၆ ရာခိုင်နှုန်း ပိုများနေပြီး ဒီရေတွေဟာ လူ ၁.၅ သန်းလောက် နေထိုင်တဲ့ ဒါဒူခရိုင်ကို ဖြတ်ပြီး စီးဆင်းသွားမယ့်အန္တရာယ် ရှိနေပါတယ်။

    ဒီရေလမ်းကြောင်းကို လွှဲဖို့အတွက် အဓိက Indus အ၀ေးပြေးလမ်းမကြီးရဲ့ တစ်စိတ်တစ်ပိုင်း ပါကစ္စတန်အာဏာပိုင်တွေက ဖောက်ချမှာဖြစ်ပါတယ်။ ဒါ့အပြင် ခရိုင်ပတ်ပတ်လည်မှာ တမံတွေ တည်ဆောက်ဖို့လည်း စီစဥ်နေပါတယ်။

    ကမ္ဘာကြီးပူနွေးလာမှုရဲ့ နောက်ဆက်တွဲ ရာသီဥတုဖောက်ပြန်မှုကို အဓိက ခံစားနေရတဲ့ တောင်အာရှနိုင်ငံတွေထဲမှာ ပါကစ္စတန်လည်း ပါ၀င်ပါတယ်။

    Ref: CNA