News @ M-Media

Tag: Pakistan

  • အိန္ဒိယအစိုးရ၏ ကက်ရှ်မီးယားလုပ်ရပ် နာဇီဝါဒကို အခြေခံသည်ဟု အင်မရန်းခန်း ပြော

    အိန္ဒိယအစိုးရ၏ ကက်ရှ်မီးယားလုပ်ရပ် နာဇီဝါဒကို အခြေခံသည်ဟု အင်မရန်းခန်း ပြော

    သြဂုတ် ၁၁၊ ၂၀၁၉
    M-Media

    -ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တဲ့ အိန္ဒိယရဲ့ ဆောင်ရွက်ချက်ဟာ နာဇီဝါဒကို အတုခိုးလုပ်ဆောင်တာဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဝေဖန်ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး စစ်ပွဲ ၂ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ တစ်ဝက်စီ ထိန်းချုပ်ထားကြပြီး ကက်ရှ်မီးယားဟာ သူတို့ပိုင်နက်ဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးက ပြောကြားထားတာပါ။

    ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ အခြေခံဥပဒေပုဒ်မ ၃၇၀ ကို အိန္ဒိယက သြဂုတ်လ ၅ ရက်နေ့မှာ ရုပ်သိမ်းခဲ့ပြီး ဒေသကို နှစ်ပိုင်းပိုင်းကာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာထားဖို့ ဆောင်ရွက်နေပါတယ်။

    လက်ရှိမှာတော့ အိန္ဒိယက ကက်ရှ်မီးယားမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး စစ်တပ်တွေကို ထပ်တိုး ချထားကာ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အိန္ဒိယရဲ့ ဒီလုပ်ရပ်တွေဟာ နာဇီတွေရဲ့ အယူအဆကိုအတုယူဆောင်ရွက်တာဖြစ်တယ်လို့ မနေ့မှာ ဝေဖန်ခဲ့ပါတယ်။

    “အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်တာ၊ ဖိနှိပ်တာ၊
    ကက်ရှ်မီးယားပြည်သူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်လုဆဲဆဲ အခြေအနေမျိုးတွေဟာနာဇီတွေရဲ့ဝါဒကို အားကျတဲ့ RSS ရဲ့ အယူအဆကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်တာပါ”

    ဟိန္ဒူ ကြီးစိုး၊ လွှမ်းမိုးရေးကို အားပေးတဲ့ RSS အဖွဲ့ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ အယူဝါဒရေးရာ မိခင်အဖွဲ့အစည်းဖြစ်ပါတယ်။

    ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းတဲ့ကိစ္စကို နိုင်ငံတကာက ကြားဝင်ဖြေရင်းပေးဖို့ ခန်းက အရင်ကလည်း တောင်းဆိုဖူးပါတယ်။

    ပါကစ္စတန်ဟာ ဒီကိစ္စကြောင့် လက်ရှိမှာ အိန္ဒိယနဲ့ သံတမန်ဆက်ဆံရေးကို တစ်ဆင့် လျှော့ချလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုကိုလည်း ရပ်ဆိုင်းထားပါတယ်။

    Ref: Aljazeera

  • လူနည်းစုများကို ကာကွယ်ကာ ၀တ်ပြုရာနေရာများ ပိုမိုဖန်တီးပေးမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ကတိပြု

    လူနည်းစုများကို ကာကွယ်ကာ ၀တ်ပြုရာနေရာများ ပိုမိုဖန်တီးပေးမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ကတိပြု

    ဇူလိုင် ၃၀၊ ၂၀၁၉
    M-Media

    -တမန်တော် မိုဟမ္မဒ်ဟာ လူနည်းစုတွေအပေါ်မှာ ကာကွယ်ပေးခဲ့ပြီး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်လည်း ပေးခဲ့တာကြောင့် မိမိအနေနဲ့လည်း တိုင်းပြည်အတွင်းက လူနည်းစုတွေကို ပိုမိုကာကွယ်ပေးသွားမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    မနေ့က မြို့တော် အစ္စလာမ် မာဘတ်က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ လူနည်းစုများနေ့ National Minorities အခမ်းအနားမှာ အင်မရန်းခန်က ဒီလိုပြောကြားလိုက်တာပါ။ လူနည်းစုတွေအတွက် ၀တ်ပြုရာနေရာတွေကို ပိုမို ဖော်ဆောင်ပေးသွားမယ်လို့ သူက ဆိုပါတယ်။

    “မွတ်စလင်မဟုတ်တဲ့ အမျိုးသမီးတွေကို လက်ထပ်တာမျိုး၊ သေနတ်ထောက်ပြီး ဘာသာမပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်တာမျိုးနဲ့ အဓမ္မ ဘာသာပြောင်းခိုင်းတာ လုပ်လို့မှ မရတာဗျ။ ဒါတွေအားလုံးဟာ အစ္စလာမ်နဲ့ဆန့်ကျင်တဲ့ လုပ်ရပ်တွေပါပဲ။ လူတွေကို အဓမ္မနည်းနဲ့ ဘာသာထဲသွတ်သွင်းဖို့ အလ္လာဟ်အရှင်မြတ်က တမန်တော်ကိုတောင် ခွင့်မပြုထားဘူး။ ကျွန်တော်တို့က ဘာမို့လို့လဲ”

    ပြည်သူအားလုံးကို တန်းတူအခွင့်အရေးပေးပြီး၊ တရားဥပဒေစိုးမိုးတဲ့ မဒီနာအခြေပြု မြို့ပြနိုင်ငံတစ်ခုကို တမန်တော် မုဟမ္မဒ်က ထူထောင်ခဲ့ပြီး၊ အဲဒီပုံစံအတိုင်း ပါကစ္စတန်မှာ ဆောင်ရွက်ချင်တယ်လို့လည်း ၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

    ဆစ်ခ်ဘာသာကို ထူထောင်ခဲ့သူ ဂုရုနာနက်ရဲ့ ၅၅၀ နှစ်မြောက် မွေးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဆစ်ခ်ဘာသာဝင်တွေ လွတ်လပ်စွာ ဘုရားဖူးနိုင်မယ့် Katarpur စင်္ကြန်ဒေသတစ်ခုကို အိန္ဒိယနဲ့ ပါကစ္စတန်အကြားမှာ ဖန်တီပေးမယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆင်းဒ်ပြည်နယ်မှာ ဟိန္ဒူအမျိုးသမီးတွေနဲ့ ခရစ်ယာန် အမျိုးသမီးတွေကို အိမ်ထောင်ပြုကာ အစ္စလာမ်ဘာသာထဲ ကူးပြောင်းခိုင်းနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ၀န်ကြီးချုပ် အမီးရ်ခန်းက ဒီလို လုပ်ရပ်အမှားတွေကို ထောက်ပြခဲ့တာဖြစ်ပါတယ်။

    ပါကစ္စတန်ရဲ့ ပြိုင်ဘက် အိန္ဒိယမှာလည်း ဟိန္ဒူအခြေခံဝါဒီ အုပ်စုတွေက မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို ဟိန္ဒူဘာသာထဲ အဓမ္မ ဘာသာပြောင်းခိုင်းတာတွေ ရှိနေပြီး ဒီလုပ်ငန်းကို ghar vapasi လို့ ခေါ်ဆိုပါတယ်။

    Ref: Times of India

  • ကက်ရှ်မီးယားအရေး ကြားဝင်ပေးရန် မိုဒီက တောင်းဆိုဟု ထရမ့်ပြော

    ကက်ရှ်မီးယားအရေး ကြားဝင်ပေးရန် မိုဒီက တောင်းဆိုဟု ထရမ့်ပြော

    ဇူလိုင် ၂၃၊ ၂၀၁၉
    M-Media

    -ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားအရေး ကြားဝင်ဆွေးနွေးပေးဖို့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက မိမိကို ပြောကြားခဲ့တယ်လို့ သမ္မတထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး အိန္ဒိယကတော့ ထရမ့်ရဲ့ ဒီမှတ်ချက်ကို ငြင်းဆိုခဲ့ပါတယ်။

    မနေ့က အိမ်ဖြူတော်မှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းနဲ့ တွေ့ဆုံစဉ် ထရမ့်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဖြစ်နိုင်ရင် ကူညီချင်တယ်လို့လည်း ဆိုပါတယ်။

    ခန်းကတော့ ကက်ရှ်မီးယားကိစ္စကို တကယ်သာ ဖြေရှင်းပေးနိုင်ရင် အိန္ဒိယတိုက်ငယ်က လူ သန်းတစ်ထောင်လောက်ရဲ့ မေတ္တာကို ရရှိလိမ့်မယ်လို့ ထရမ့်ကို ပြောကြားခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားအရေးကို ထိပ်တိုက်ဖြေရှင်းသွားမယ်ဆိုတဲ့ မူဝါဒ ရှိနေတာပါ။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ရာဗီရှ် ကူးမားရ်က ထရမ့်ရဲ့ မှတ်ချက်ကို ငြင်းဆိုခဲ့ပြီး၊ ၀န်ကြီးချုပ်မိုဒီလည်း ထရမ့်ကို ဒီလို မပြောခဲ့ဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ပါကစ္စတန်နဲ့ ဖြစ်နေတဲ့ ပြဿနာတွေအားလုံးကို နှစ်နိုင်ငံတည်းသာ ဆွေးနွေးမယ်ဆိုတဲ့ ရပ်တည်ချက်ကို အိန္ဒိယ အမြဲတမ်း ရပ်တည်နေပါတယ်”

    အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ဖြစ်ပွားခဲ့တဲ့ ကက်ရှ်မီးယားပြဿနာဟာ ၁၀ စုနှစ်ချီကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှားနှင့် စစ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်ဟု ပါကစ္စတန်ပြော

    ရုရှားနှင့် စစ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်ဟု ပါကစ္စတန်ပြော

    ဇွန် ၁၃၊ ၂၀၁၉
    M-Media

    -ပြောင်းလဲလာတဲ့ ကမ္ဘ္ဘာကြီးမှာ ရုရှားနဲ့ ပိုမိုနီးနီးကပ်ကပ် ဆက်ဆံဖို့ လိုအပ်လာပြီး နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေးကို တိုးမြှင့်သွားမယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ပါကစ္စတန်ဟာ စစ်ဖက်ရေးရာမှာ အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံကို မှီခိုနေရပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ရုရှားရဲ့ လက်နက်တွေအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။ Sukhoi Su-35 နဲ့ Mi-35M တို့ အပါအ၀င် ရုရှားထံကနေ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ တော်တော်များများ ၀ယ်ယူဖို့ ပါကစ္စတန်က ဆောင်ရွက်နေတယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။

    အင်မရန်းခန်းက ရုရှားထံကနေ စစ်လက်နက်တွေ ၀ယ်ယူဖို့၊ စစ်ဖက်ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ဖို့ ရှိတယ်လို့ Sputnik သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “ဟုတ်ပါတယ်။ ကျွန်တော်တို့ ရုရှားထံကနေ လက်နက်တွေ ၀ယ်ယူဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ စစ်တပ်နဲ့ ရုရှားစစ်တပ်တို့ကလည်း ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်”

    ပါကစ္စတန်ဟာ ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှု တော်တော်များများမှာ ပါဝင်နေပြီး ပါကစ္စတန် စစ်ဖက်အရာရှိ တစ်ချို့ကိုလည်း ရုရှားက လေ့ကျင့်သင်ကြားပေးတာတွေ ရှိနေပါတယ်။

    ၁၉၇၉ နှစ်ကနေ ၁၉၈၉ နှစ်အထိ အာဖဂန်နစ္စတန်ကို ဆိုဗီယက်တပ်တွေက ကျူးကျော်သိမ်းပိုက်မှုအတွင်း ပါကစ္စတန်နဲ့ ဆိုဗီယက်တို့ဟာ ရန်ဖက်တွေ ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ကမ္ဘ္ဘာကြီးက ပြောင်းလဲနေပြီလို့ အင်မရန်းခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ရုရှားရဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံနိုင်တဲ့အတွက် ပျော်ရွှင်မိပါတယ်”

    အရင်က အမေရိကန်ကိုသာ အဓိကမဟာမိတ်၊ ကုန်သွယ်ရေး မိတ်ဖက်အဖြစ် ယူဆခဲ့ပေမယ့်၊ အခုအချိန်မှာတော့ Belt and Road စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ တရုတ်ကိုလည်း အာရုံစိုက်လာရတယ်လို့ အင်မရန်းခန်းက ပြောပါတယ်။

    Ref: RT

  • အိန္ဒိယတွင် ဖောက်ခွဲမှုလုပ်သည့် အဖွဲ့နှင့် ဆက်စပ်သူများကို ပါကစ္စတန်ဖမ်းဆီး

    အိန္ဒိယတွင် ဖောက်ခွဲမှုလုပ်သည့် အဖွဲ့နှင့် ဆက်စပ်သူများကို ပါကစ္စတန်ဖမ်းဆီး

    မေ ၂၉၊ ၂၀၁၉
    M-Media

    -အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အခုနှစ်အစောပိုင်းက အသေခံဗုံးခွဲမှု ပြုလုပ်တယ်လို့ စွပ်စွဲခံရတဲ့ အဖွဲ့အစည်းအတွက် ရန်ပုံငွေ ကောက်ခံပေးသူ အမျိုးသား ၆ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ပါကစ္စတန်က ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီ အသေခံဗုံးခွဲမှုအတွင်း အိန္ဒိယ စစ်သား ၄၀ လောက် သေဆုံးခဲ့ပြီး ဒီကိစ္စကြောင့် နှစ်နိုင်ငံ တင်းမာမှုလည်း မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယက ဒီတိုက်ခိုက်မှုကို ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအခြေစိုက် သူပုန်အဖွဲ့ Jaish-e-Mohammed က လုပ်ဆောင်တာဖြစ်ပြီး ပါကစ္စတန်အစိုးရကလည်း ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပါကစ္စတန်ကတော့ ဒီပြောဆိုချက်ကို ငြင်းဆိုခဲ့ပါတယ်။

    Jaish-e-Mohammed အဖွဲ့ကို ပါကစ္စတန်က တရားမ၀င်အဖွဲ့အစည်းအဖြစ် ကြေငြာထားတာ ဖြစ်ပါတယ်။ ပါကစ္စတန်ရဲတပ်ဖွဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနက တာဝန်ရှိသူ ဆာဖရက်ဇ် အဟ်မဒ်က အခုလိုဖမ်းဆီးထားမှုဟာ အကြမ်းဖက်အဖွဲ့တွေအတွက် ငွေကြေးထောက်ပံ့မှုကို နှိမ်နှင်းရေးဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖမ်းဆီးထားသူ အမျိုးသား ၆ ဦးဟာ Jaish-e-Mohammed အဖွဲ့နဲ့ ပတ်သက်နေပြီး လက်ရှိမှာ ရမန် ၂ ပတ် ချုပ်ရက်ယူထားတယ်လို့ ဆိုပါတယ်။ သူတို့ကို တရားစွဲမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    အိန္ဒိယဖက်မှာ အသေခံဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပါကစ္စတန်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသားရေး အစွန်းရောက်အဖွဲ့တွေကို ပြင်းပြင်းထိန်ထိန် နှိမ်နှင်းခဲ့ပြီး ဒီအဖွဲ့တွေ တည်ထောင်ထားတဲ့ မိဘမဲ့ကျောင်းတွေ၊ အမျိုးသားရေးကျောင်းတွေကိုလည်း အစိုးရထိန်းချုပ်မှုအောက်ကို ထည့်သွင်းခဲ့ပါတယ်။

    Ref: Arab News