News @ M-Media

Tag: Pakistan

  • ပါကစ္စတန်တိုက်လေယာဉ်ကို ပစ်ချခဲ့သည်ဟု အိန္ဒိယ၏ပြောဆိုမှု မဟုတ်မှန်ကြောင်း အမေရိကန်ပြော

    ပါကစ္စတန်တိုက်လေယာဉ်ကို ပစ်ချခဲ့သည်ဟု အိန္ဒိယ၏ပြောဆိုမှု မဟုတ်မှန်ကြောင်း အမေရိကန်ပြော

    ဧပြီ ၆၊ ၂၀၁၉
    M-Media

    ပါကစ္စတန်က ပစ်ချခဲ့သည့် အိန္ဒိယ တိုက်လေယာဉ် အစိတ်အပိုင်း

    – ဖေဖော်ဝါရီလအတွင်းက ကက်ရှ်မီးယားဒေသ တင်းမာမှုမှာ ပါကစ္စတန်ရဲ့ F-16 တိုက်လေယာဉ်ကို ပစ်ချခဲ့တယ်ဆိုတဲ့ အိန္ဒိယရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ဘူးလို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး Foreign Policy မဂ္ဂဇင်းက ဖော်ပြပါတယ်။

    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့က ကားဗုံးခွဲရာကနေ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံတင်းမာမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့စစ် ၄၀ ကျော်သေဆုံးခဲ့တဲ့ အဲဒီဗုံးခွဲမှုမှာ ပါကစ္စတန်ပါဝင်တယ်လို့ အိန္ဒိယက စွပ်စွဲကာ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဖက်ခြမ်းကို တိုက်လေယာဉ်တွေနဲ့ ဗုံးသွားကြဲခဲ့တာပါ။

    အဲဒီနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားကာ ပါကစ္စတန်က အိန္ဒိယရဲ့ MiG-21 တိုက်လေယာဉ်နှစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အိန္ဒိယကတော့ သူတို့ရဲ့ လေယာဉ်တစ်စီးသာ ဆုံးရှုံးခဲ့ပြီး ပါကစ္စတန်က အမေရိကန်လုပ် F16 တိုက်လေယာဉ်တစ်စီးကို ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ ပါကစ္စတန်ကတော့ သူတို့ဖက်က လေယာဉ်ဆုံးရှုံးမှု မရှိဘူးလို့ တစ်စိုက်မတ်မတ် ငြင်းဆိုပြီး F16 လေယာဉ်ကို မသုံးခဲ့ဘဲ တရုတ်နဲ့ ဖက်စပ်ထုတ်ထားတဲ့ JF-17 တိုက်လေယာဉ်တွေကိုသာ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန် ပြောကြားထားပါတယ်။

    ဒီကိစ္စအတွက် အမေရိကန်က စုံစမ်းစစ်ဆေးခဲ့ရာမှာ ပါကစ္စတန်ကိုရောင်းထားတဲ့ F16 တိုက်လေယာဉ် တစ်စီးမှ လျော့နည်းခြင်း မရှိဘူးဆိုတာကို တွေ့ရတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက Foreign Policy မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

    “အမှန်တရားဆိုတာ တစ်ချိန် ပေါ်ထွက်လာမှာပါ။ မဟုတ်မမှန် ပြောဆိုခဲ့တာနဲ့ တကယ်တမ်းဆုံးရှုံးတာ သူတို့ဖက်ကဖြစ်တယ်ဆိုတာ အိန္ဒိက ဖွင့်ပြောချိန် တန်ပါပြီ” လို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အာဆစ်ဖ် ဂဖူးရ်က Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

    Foreign Policy ရဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီး အိန္ဒိယဖက်က တုန့်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

    Ref: Times

  • ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ တိုက်ခိုက်မှု ပြန်ဖြစ်

    ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ တိုက်ခိုက်မှု ပြန်ဖြစ်

    ဧပြီ ၂၊ ၂၀၁၉
    M-Media

    ကက်ရှ်မီးယားဒေသမှ Line of Control

    – ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ဒီကနေ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ပါကစ္စတန်စစ်သား ၃ ဦး သေဆုံးခဲ့ပြီး နျူလက်နက် ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှု တစ်ကျော့ပြန် မြင့်တက်လာတာ ဖြစ်ပါတယ်။

    ထိန်းချုပ်မျဉ်း Line of Control နားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပါကစ္စတန်စစ်တပ်က ထုတ်ပြန်တဲ့ကြေငြာချက်မှာ စစ်သား ၃ ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ ပူလ်ဝါမာမြို့မှာ ဖေဖော်ဝါရီလအစောပိုင်းက အသေခံကားဗုံးခွဲမှုဖြစ်ပွားပြီးတဲ့နောက် အိမ်နီးချင်းနှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။ အိန္ဒိယပြည်သူ့စစ် ၄၀ ကျော် သေဆုံးခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်အခြေစိုက် ကက်ရှ်မီးယားသူပုန်အဖွဲ့ရဲ့ လက်ချက်ဖြစ်ပြီး အိန္ဒိယက ဒီကိစ္စမှာ ပါကစ္စတန်ပါဝင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    နောက်ပိုင်းမှာ ပါကစ္စတန်ပိုင်နက်ထဲကို အိန္ဒိယတိုက်လေယာဉ်တွေ ၀င်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ အိန္ဒိယတိုက်လေယာဉ်တစ်စီးကို ပါကစ္စတန်က ပစ်ချခဲ့ပါတယ်။

    မတ်လအစောပိုင်းကစလို့ တင်းမာမှုတွေ လျော့ကျခဲ့ပေမယ့် မနေ့က ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်ခြမ်းကို အိန္ဒိယက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အဘိုးအိုဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ပူလ်ဝါမာမြို့က ကားဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပါကစ္စတန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးခဲ့ပြီး အစိုးရနဲ့ ပတ်သက်မှု မရှိတာကို တွေ့ရကြောင်း ပါကစ္စတန်နိုင်ငံခြားရေးရုံးက ကြာသာပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    JeM နဲ့ LeT တို့လို့ စစ်သွေးကြွအဖွဲ့တွေကို ထိထိရောက်ရောက်နှိမ်နှင်းမှုမရှိတဲ့အတွက် ပါကစ္စတန်ဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ ပူလ်ဝါမာတိုက်ခိုက်မှုပြီးတဲ့နောက် ပါကစ္စတန်အစိုးရဟာ စစ်သွေးကြွအဖွဲ့တွေကို နှိမ်နှင်းမှု ပိုမိုပြုလုပ်ခဲ့ပြီး ဒီအုပ်စုတွေက ဖွင့်လှစ်ထားတဲ့ အမျိုးသားရေးကျောင်းတွေကို သိမ်းတာ၊ သူတို့နဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ပြည်တွင်းဖြစ် ဒုံးကျည်သစ်တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ကြောင်း ပါကစ္စတန်လေတပ် ကြေငြာ

    ပြည်တွင်းဖြစ် ဒုံးကျည်သစ်တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ကြောင်း ပါကစ္စတန်လေတပ် ကြေငြာ

    မတ် ၁၃၊ ၂၀၁၉
    M-Media

    – ပြည်တွင်းဖြစ် extended-range ဒုံးကျည်သစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ပါကစ္စတန်လေတပ်က ထုတ်ပြန်ကြေငြာလိုက်ပြီး နိုင်ငံခြားကျူးကျော်မှု မှန်သမျှကို အင်အားအပြည့်နဲ့ တုန့်ပြန်သွားဖို့ သန္ဓိဌာန်ချထားကြောင်း ပြောကြားခဲ့ပါတယ်။

    ‘စမတ်လက်နက်’ လို့ အမည်ပေးထားတဲ့ အဲဒီဒုံးကျည်သစ်ဟာ ဝေဟင်က မြေပြင်ပစ် ဒုံးကျည်အမျိုးအစားမျိုး ဖြစ်ပြီး တရုတ်-ပါကစ္စတန် ဖက်ဆက်ထုတ်လုပ်ထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ် JF-17 Thunder မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

    အသေးစိတ်အချက်အလက်တွေကို ဖော်ပြခြင်း မရှိပေမယ့် ဒုံးကျည်စမ်းသပ်မှု ဗီဒီယိုအတိုတစ်ခုကိုတော့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

    အခုလို လက်နက်သစ်တစ်ခု ထုတ်လုပ်နိုင်မှုအတွက် ဂုဏ်ယူတယ်လို့ ပါကစ္စတန်လေတပ် စစ်ဦးစီးအရာရှိချုပ် မူဂျာဟစ် အန်ဝါရ် ခန်းက ပြောကြားခဲ့ပြီး ထုတ်လုပ်မှုမှာ ပါဝင်ခဲ့တဲ့ အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေကို ချီးကျူးခဲ့ပါတယ်။

    “ပါကစ္စတန်ဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမယ့် ရန်သူက ကျူးကျော်လာရင်တော့ အင်အားအပြည့်နဲ့ တုန့်ပြန်သွားမှာ ဖြစ်ပါတယ်”

    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ဖေဖော်ဝါရီလအစောပိုင်းက အသေခံ ကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့က ဗုံးခွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အိန္ဒိယကတော့ ဒီကိစ္စမှာ ပါကစ္စတန် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွခဲ့ပါတယ်။

    Ref: RT

  • မိမိတို့မြေတွင် အစွန်းရောက်အုပ်စုများ အခြေစိုက်ခွင့်မပေးဟု ပါကစ္စတန်ပြော

    မိမိတို့မြေတွင် အစွန်းရောက်အုပ်စုများ အခြေစိုက်ခွင့်မပေးဟု ပါကစ္စတန်ပြော

    မတ် ၈၊ ၂၀၁၉
    M-Media

    – မိမိတို့မြေပေါ်မှာ လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်ပြီး နိုင်ငံရပ်ခြားမှာ တိုက်ခိုက်မှု ပြုလုပ်တာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီလအစောပိုင်း အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသေခံကားဗုံးခွဲမှု တစ်ခုကြောင့် အိန္ဒိယပြည်သူ့စစ် ၄၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ပါကစ္စတန်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့ JeM က ဆောင်ရွက်တာဖြစ်ပြီး အိန္ဒိယက ပါကစ္စတန်လည်း ဒီကိစ္စမှာ ပါဝင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    တိုက်ခိုက်မှုပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး လေယာဉ်တွေကို အပြန်အလှန်ပစ်ချမှုတွေ၊ ကက်ရှ်မီးယားဒေသမှာ လလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    နိုင်ငံတကာဖိအားတွေ မြင့်တက်လာတာကြောင့် အခုသီတင်းပတ်အတွင်း ပါကစ္စတန်ဟာ လက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်းမှု ပိုမို လုပ်ဆောင်လာပါတယ်။

    “နိုင်ငံပြင်ပ အကြမ်းဖက်ဝါဒအတွက် ပါကစ္စတန်မြေကို အသုံးပြုတာကို ကျွန်တော်တို့အစိုးရက ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်လို စစ်သွေးကြွအုပ်စုကိုမှ လည်ပတ်ခွင့်ပေးမှာ မဟုတ်ပါဘူး” လို့ ပါကစ္စတန်တောင်ပိုင်းက ပြည်သူ့ချီတက်ပွဲ အခမ်းအနားတစ်ခုမှာ ၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

    မနေ့က ပါကစ္စတန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ သူတို့အနေနဲ့ ပိတ်ပင်ထားတဲ့ အစွန်းရောက်အုပ်စုတွေနဲ့ အဆက်အသွယ်ရှိတဲ့ အမျိုးသားရေးကျောင်း ၁၈၂ ကျောင်းကို ထိန်းချုပ်လိုက်ပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ပြည်ထဲရေးဝန်ကြီးက ဒီလို ဆောင်ရွက်မှုဟာ အရင်ကတည်းကရှိခဲ့တဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်တာဖြစ်ပြီး အိန္ဒိက ဝေဖန်တဲ့အတွက်ကြောင့် ချက်ခြင်း ထလုပ်တာမျိုး မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • နယ်ကျော်လာသည့် ပါကစ္စတန်ဒရုန်းကို အိန္ဒိယ ပစ်ချ

    နယ်ကျော်လာသည့် ပါကစ္စတန်ဒရုန်းကို အိန္ဒိယ ပစ်ချ

    မတ် ၅၊ ၂၀၁၉
    M-Media

    ပါကစ္စတန် ဒရုန်းလေယာဉ်

    – မနေ့က နယ်ကျော်လာတဲ့ ပါကစ္စတန်ဒရုန်းတစ်စင်းကို အိန္ဒိယလေတပ်က ပစ်ချခဲ့တယ်လို့ အိန္ဒိယ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပြီး ရန်ဖက်နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဆက်လက်ရှိနေတယ်ဆိုတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။

    ပါကစ္စတန်နယ်စပ်နဲ့ သိပ်မဝေးတဲ့ ရာဂျက်စသန်ပြည်နယ်မှာ အိန္ဒိယ Sukhoi-30 တိုက်လေယာဉ်ဟာ ပါကစ္စတန် မောင်းသူမဲ့ လေယာဉ်တစ်စင်းကို ဝေဟင်က ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ Press Trust of India (PTI) မီဒီယာက ဖော်ပြတာပါ။

    အမည်မဖော်လိုတဲ့ ရင်းမြစ်တွေကို ကိုးကားဖော်ပြတာဖြစ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက ဒီကိစ္စအတွက် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ပါကစ္စတန် ဒရုန်းတစ်စင်းကို အိန္ဒိယက ပစ်ချခဲ့တယ်လို့ PTI သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသေခံ ကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။ အိန္ဒိယ ပြည်သူ့စစ် ၄၂ ဦးသေဆုံးခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့တစ်ခုက ပြောကြားခဲ့ပါတယ်။ အိန္ဒိယက ဒီကိစ္စမှာ ပါကစ္စတန်ပါတယ်လို့ စွပ်စွဲကာ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသဖက်ကို ကျူးကျော်ဝင်ရောက်ကာ ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်နောက်ပိုင်း ပါကစ္စတန်က အိန္ဒိယ တိုက်လေယယာဉ်နှစ်စင်းကို ပစ်ချနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပြီး လေယာဉ်ပျက်ကျမှုမှာ ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးကို အိန္ဒိယထံ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

    ဖေဖော်ဝါရီ အလယ်ပိုင်းကစလို့ အိန္ဒိနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသက ထိန်းချုပ်စည်းမျဉ်း (LoC) နားမှာ လက်နက်ကြီးတွေ၊ မော်တာတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက် အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂ ကြိမ်ဟာ ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်လိုမှုအတွက် ဖြစ်ပါတယ်။

    Ref: CNA