News @ M-Media

Tag: Pakistan

  • ပါကစ္စတန် စစ်အာဏာရှင်ဟောင်း မူရှာရက်ဖ် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သေဒဏ်ချခံရ

    ပါကစ္စတန် စစ်အာဏာရှင်ဟောင်း မူရှာရက်ဖ် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သေဒဏ်ချခံရ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    -စစ်အာဏာရှင်ဟောင်း ပါရ်ဗက်ဇ် မူရှာရက်ဖ်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ ပါကစ္စတန်အထူးခုံရုံးက မနေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

    စစ်ခေါင်းဆောင်အဖြစ် ၁၉၉၉ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မူရှာရက်ဖ်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ပါကစ္စတန်သမ္မတအဖြစ် တာ၀န်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ အာဏာ ဆက်လက်တည်မြဲရေးအတွက် ၂၀၀၇ ခုနှစ်က အခြေခံဥပဒေကို ဖျက်သိမ်းပြီး အရေးပေါ်အခြေအနေ ကြေငြာခဲ့တဲ့လုပ်ရပ်ကြောင့် အခုလို ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။

    ပါကစ္စတန်စစ်တပ်က ဒီပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မူရှာရက်ဖ်ဟာ ၂၀၁၆ ခုနှစ်မှာ နိုင်ငံကနေ ဒူဘိုင်းကို ထွက်သွားပြီး လက်ရှိ ဒူဘိုင်းမှာပဲ ဆေးကုသမှု ခံယူနေပါတယ်။ အခုလအစောပိုင်းက ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ သူ့ကို တရားစွဲဆိုထားမှုဟာ အခြေအမြစ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ၁၉၉၉ ခုနှစ်မှာ မူရှာရက်ဖ်ရဲ့ အာဏာသိမ်းဖြုတ်ချမှုကို ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်ဟာ ၂၀၁၃ ခုနှစ် အာဏာပြန်ရပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ မူရှာရက်ဖ်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ ပြန်လည် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ မူရှာရက်ဖ်ကတော့ ဒီတရားစွဲမှုဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေ ပါဝင်တယ်လို့ ‌ပြောကြားခဲ့ပါတယ်။

    တရားသူကြီး ၃ ဦးပါ အထူးခုံရုံးက အခုလို သေဒဏ်ချမှတ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ မူရှာရက်ဖ်ဟာ ပြစ်ဒဏ်ခံရဖွယ် မရှိပါဘူး။

    Ref: BBC

  • နာမည်ကျော်မဂ္ဂဇင်း၏ ၂၀၂၀ ခရီးသွားနေရာစာရင်းတွင် ပါကစ္စတန်က ထိပ်ဆုံး၌ရပ်တည်

    နာမည်ကျော်မဂ္ဂဇင်း၏ ၂၀၂၀ ခရီးသွားနေရာစာရင်းတွင် ပါကစ္စတန်က ထိပ်ဆုံး၌ရပ်တည်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၉
    M-Media

    -အမေရိကန်က နာမည်ကျော် ခရီးသွားမဂ္ဂဇင်း Condè Nast ရဲ့ ၂၀၂၀ ခုနှစ် ခရီးသွားလာဖို့ အကောင်းဆုံး နိုင်ငံများစာရင်းထဲမှာ ပါကစ္စတန်နိုင်ငံက ထိပ်ဆုံးကနေ ပါဝင်လာခဲ့ပါတယ်။

    ဝန်ကြီးချုပ် အင်မရန်းခန်းဦးဆောင်တဲ့ ပါကစ္စတန်အစိုးရသစ်ဟာ နိုင်ငံရဲ့ ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ အားစိုက်ဆောင်ရွက်နေပြီး အခုလို ထိပ်တန်းမဂ္ဂဇင်းမှာ ပါဝင်လာတာဟာ တိုးတက်မှု လက္ခဏာလည်း ဖြစ်ပါတယ်။

    Condè Nast မဂ္ဂဇင်းက ပါကစ္စတန်ဟာ စွန့်စွန့်စားစား ခရီးသွားလာလိုသူတွေအတွက် သင့်တော်တဲ့‌ ‌နိုင်ငံဖြစ်တယ်လို့ သမုတ်ခဲ့ပါတယ်။

    “ပါကစ္စတန်မှာ ပေ ၂၂၉၆၅ ထက်ပိုတဲ့ တောင်အရေအတွက်ဟာ တရုတ်နဲ့ နီပေါ နှစ်နိုင်ငံပေါင်း အရေအတွက်ထွက် ပိုများပြီး စွန့်စွားခရီးသွားလာလိုသူတွေ၊ စွန့်စားတောင်တက်လိုသူတွေတွေ မျက်စိကျရာနိုင်ငံတစ်ခု ဖြစ်လာပါတယ်” လို့ မဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

    ကမ္ဘာ့အမြင့်ဆုံး ပိုလိုကစားကွင်းရှိပြီး ပေပေါင်း ၁၂၂၅၀ မြင့်တဲ့ Shandur Pass တောင်ပေါ်ကို တက်ရောက်အပန်းဖြေနိုင်သလို၊ အရောင်အသွေးစုံတဲ့ ကိုယ်တိုင်လုပ် ခေါင်းပေါင်း၊ အဝတ်အထည်တွေကြောင့် နာမည်ကျော်ကြားတဲ့ Hindu Kush လူမျိုးတွေကို တွေ့ဆုံနိုင်တယ်လို့ မဂ္ဂဇင်းက ဆိုပါတယ်။

    ဗြိတိန်က နာမည်ကျော် ဟာသသရုပ်ဆောင် မိုက်ကယ် ပါလင်း၊ ဗြိတိန်တော်မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံ ပါကစ္စတန်ကိုသွားရောက်အပန်းဖြေမှု၊ ပါကစ္စတန်အစိုးရက ဗီဇာဖြေလျော့ပေးထားမှုတွေကိုလည်း မဂ္ဂဇင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Khaleej Times

  • ဆစ်ခ်ဘာသာဝင်များ ဘုရားဖူးနိုင်ရန် အထူးစီမံထားသည့် နေရာတစ်ခု ပါကစ္စတန်တွင် ဖွင့်လှစ်မည်

    ဆစ်ခ်ဘာသာဝင်များ ဘုရားဖူးနိုင်ရန် အထူးစီမံထားသည့် နေရာတစ်ခု ပါကစ္စတန်တွင် ဖွင့်လှစ်မည်

    အောက်တိုဘာ ၂၁၊ ၂၀၁၉
    M-Media

    -အိန္ဒိယ၊ ပါကစ္စတန်နဲ့ ကမ္ဘာတစ်ဝှမ်းက ဆစ်ခ်ဘာသာဝင်တွေ ဘုရားဖူးအချက်အခြာနေရာ ဖြစ်လာမယ့် Kartarpur Corridor ကို နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ ပါကစ္စတန် အာဏာရပါတီ Tehreek-e-Insaf က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ဖွင့်ပွဲပြုလုပ်မယ့်ရက်ဟာ ဆစ်ခ်ဘာသာကိုတည်ထောင်သူ ဘာဘာ ဂုရုနာနက်ရဲ့ မွေးနေ့ဖြစ်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် ‌‌အင်မရန်းခန်း တက်ရောက်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ Kartarpur Corridor ဆောက်လုပ်ရေးလုပ်ငန်းဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

    အိန္ဒိယ-ပါကစ္စတန် နယ်စပ်မှာရှိတဲ့ Kartarpur Corridor မှာ ဂုရုနာနက်ရဲ့ အုတ်ဂူရှိပြီး အိန္ဒိယ၊ ပါကစ္စတန်နဲ့ ကမ္ဘာတစ်ဝှမ်းက ဆစ်ခ်ဘာသာဝင်တွေဟာ ဘုရားဖူးခရီးစဉ်တွေ လာရောက်လေ့ရှိပါတယ်။ Corridor ဖွင့်လှစ်ပြီးရင် အိန္ဒိယက ဆစ်ခ်ဘုရားဖူးခရီးသွားတွေကို ပါကစ္စတန်က ဗီဇာမလိုဘဲ လာရောက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက Kartarpur Corridor ဟာ ဆစ်ခ်ဘာသာဝင်တွေအတွက် အဓိက ဘာသာရေးအထွဋ်အမြတ်နေရာတစ်ခု ဖြစ်လာမှာဖြစ်ပြီး ဒေသတွင်း စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ဖွံ့ဖြိုးစေလိမ့်မယ်လို့ မနေ့က Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: Khaleej Times

  • ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီဘုရင်တို့တွေ့ဆုံကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

    ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီဘုရင်တို့တွေ့ဆုံကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျကို ရောက်ရှိနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဟာ မနေ့က ဆော်ဒီဘုရင် ဆလ်မန်နဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေး‌နွေးခဲ့ကြပါတယ်။

    ခန်းရဲ့ ၂ ရက်တာကြာမြင့်တဲ့ ဒီခရီးစဉ်ဟာ ဆော်ဒီနဲ့ အီရန်အကြား တင်းမာမှုတွေ လျော့ချရေး ရည်ရွယ်တာဖြစ်ပြီး ဘုရင်ဆလ်မန်နဲ့ မတွေ့ဆုံခင် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဘုရင် ဆလ်မန်နဲ့ ခန်းတို့ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ်ဟာ တနင်္ဂနွေနေ့က တီဟီရန်မှာ အီရန်သမ္မတ ဟာဆန်ရူဟာနီ၊ အဓိပတိ အယာတိုလာခါမေနီတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဟာဆန်ရူဟာနီနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခန်းက အီရန်နဲ့ ဆော်ဒီတို့အကြား ပဋိပက္ခတွေဖြစ်ပွားရင် ကမ္ဘာကြီးအတွက်ပါ စိုးရိမ်ရကြောင်း၊ မိမိအနေနဲ့ ဒီနှစ်နိုင်ငံအကြား တင်းမာမှုတွေကို ပြေလျော့အောင် ကြားဝင်ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လနှောင်းပိုင်းက ဆော်ဒီရေနံစက်ရုံတွေကို ယီမင်သူပုန်တွေက ဒရုန်းနဲ့ တိုက်ခိုက်ပြီးခဲ့နောက် ဆော်ဒီနဲ့ အီရန်အကြား တင်းမာမှုတွေ ပိုမို မြင့်တက်လာခဲ့တာပါ။ ဟူသီသူပုန်တွေဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုမှာ အီရန်ပါဝင်တယ်လို့ အမေရိကန်နဲ့ ဆော်ဒီတို့က စွပ်စွဲထားပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

    Ref: Gulf News

  • အီရန်-ဆော်ဒီ တင်းမာမှုလျှော့ချရေး ဆောင်ရွက်ပေးမည်ဟု အင်မရန်းခန်းပြော

    အီရန်-ဆော်ဒီ တင်းမာမှုလျှော့ချရေး ဆောင်ရွက်ပေးမည်ဟု အင်မရန်းခန်းပြော

    အောက်တိုဘာ ၁၃၊ ၂၀၁၉
    M-Media

    -ပင်လယ်ကွေ့ဒေသ တင်းမာမှု လျော့ချရေးအတွက် အီရန်နဲ့ ဆော်ဒီအကြာ အတတ်နိုင်ဆုံးညှိနှိုင်းဆွေးနွေးပေးသွားမယ်လို့ ပါကစ္စတန်ဝန်ကြီး အင်မရန်းခန်းက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ခန်းဟာ အီရန်နိုင်ငံ မြို့တော် တီဟီရန်ကို ရောက်ရှိလာပြီး သမ္မတဟာဆန်ရူဟာနီနဲ့ တွေ့ဆုံကာသတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီနဲ့လည်း တွေ့ဆုံဖို့ ရှိနေပြီး အင်္ဂါနေ့ကျရင် ဆော်ဒီအာရေဗျကို သွားရောက်မှာ ဖြစ်ပါတယ်။

    အခုခရီးစဉ်ဟာ ဆော်ဒီနဲ့ အီရန်တို့အကြား ပဋိပက္ခမဖြစ်ရေး ဆောင်ရွက်မယ့် ခရီးစဉ် ဖြစ်တယ်လို့ ခန်းက ဆိုပါတယ်။

    “ဘာပဲဖြစ်နေဖြစ်နေ ဒီလိုပဋိပက္ခမျိုးကို ကျွန်တော်တို့ ခွင့်ပြုလို့ မရပါဘူး။ ဒါမျိုးဖြစ်လာမှ အမြတ်ထွက်မယ့်အုပ်စုတွေ ရှိနေတယ်ဆိုတာကိုလည်း ခင်ဗျားရော၊ ကျွန်တော်ရော သိနေပါတယ်” လို့ ရူဟာနီနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အီရန်နဲ့ ဆော်ဒီတို့အကြားက ပြဿနာဟာ ဆွေးနွေးညှိနှိုင်းမှုကနေ အဖြေရှာရမယ့် ပြဿနာဖြစ်ပြီး မဖြေရှင်းနိုင်ရင် ကမ္ဘာကြီး ဆင်းရဲမွဲတေတဲ့အထိ ဖြစ်သွားမယ်လို့လည်း ခန်းက သတိပေးခဲ့ပါတယ်။

    ပါကစ္စတန်ဟာ ဆော်ဒီအာရေဗျနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိသလို၊ နယ်စပ်ချင်း ထိစပ်နေတဲ့ အီရန်နဲ့ ဆက်ဆံရေးကောင်းတစ်ခုကိုလည်း တည်ထောင်ထားနိုင်ပါတယ်။ အမေရိကန်မှာ အီရန်ရဲ့ သံတမန်ပိုင်းဆိုင်ရာ ကိစ္စတွေကို အီရန်က ကိုယ်စားပြု ဆောင်ရွက်ပေးနေပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အီရန်နဲ့ ဆွေးနွေးမှုလုပ်ရေး ပါကစ္စတန်ကို အကူအညီတောင်းခဲ့တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Economic Times