News @ M-Media

Tag: Palestine

  • ဂါဇာက ဘေးကင်းဇုန်တစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ လူ ၉၀ သေဆုံး

    ဂါဇာက ဘေးကင်းဇုန်တစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ လူ ၉၀ သေဆုံး

    ဇူလိုင် ၁၄၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အလ်မာ၀ါစီ စခန်း တိုက်ခိုက်ခံရမှုမှ သေဆုံးသွားသည့် ကလေးငယ်တစ်ဦး၏ စျာပန)

    -ဂါဇာကမ်းမြှောင်က အလ်မာ၀ါစီ ဒုက္ခသည်စခန်းကို အစ္စရေးက ဇူလိုင် ၁၃ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး လူ ၉၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈ သောင်းလောက် အလ်မာ၀ါစီ စခန်းမှာ ခိုလှုံနေရတာပါ။ အစ္စရေးကိုယ်တိုင်က ဒီစခန်းကို ဘေးကင်းဇုန်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    တိုက်လေယာဥ်တွေ၊ ဒရုန်းတွေသုံးကာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ အရေအတွက်က ၃၀၀ ထက်မနည်း ရှိပါတယ်။ တိုက်ခိုက်မှုကြောင့် ပျက်ဆီးပြိုကျသွားတဲ့ အဆောက်အဦးတွေအောက် ပိတ်မိနေသူ အများအပြား ရှိနေပြီး သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် ပိုမိုများပြားနိုင်တယ်လို့ ဂါဇာ ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

    ၉ လကျော်အတွင်း အစ္စရေးဟာ ဂါဇာမှာ လူပေါင်း ၃၉၀၀၀ နီးပါး သတ်ဖြတ်ထားပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ၉ လအတွင်း ဂါဇာတွင် ကလေးငယ် ၁၆၀၀၀ ကျော် အသတ်ခံရ

    ၉ လအတွင်း ဂါဇာတွင် ကလေးငယ် ၁၆၀၀၀ ကျော် အသတ်ခံရ

    ဇူလိုင် ၁၃၊ ၂၀၂၄
    M-Media

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ပါလက်စတိုင်းကလေးငယ် အရေအတွက်ဟာ ၁၆၀၅၄ ဦး ရှိလာပြီလို့ သိရပါတယ်။

    အဲဒီအထဲမှာ ၃၄ ဦးက အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရတာပါ။ ၉ လအတွင်း ဂါဇာမှာ အသတ်ခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ အနည်းဆုံး ၁၀၇၀၀ ဦး ရှိပါတယ်။

    ၄ နှစ်အတွင်း ကမ္ဘာတစ်၀ှမ်းမှာဖြစ်ပွားတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေမှာ သေဆုံးတဲ့ ကလေးအရေအတွက်ထက် ၉ လအတွင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရတဲ့ ကလေးငယ်အရေအတွက်က ပိုမိုများပြားပါတယ်။

    ဂါဇာမှာ စုစုပေါင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကိုခံရသူအရေအတွက်ဟာ ၉ လအတွင်း ၃၈၃၄၅ ဦး ရှိပါတယ်။ ပျက်ဆီးပြိုကျနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်က ၁၀၀၀၀ လောက် ရှိနေပါတယ်။

    Ref: Aljazeera

  • ဂါဇာစီးတီးတွင် အစ္စရေးက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်

    ဂါဇာစီးတီးတွင် အစ္စရေးက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်

    ဇူလိုင် ၁၃၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အစ္စရေးက ဖျက်ဆီးထားသည့် ဂါဇာစီးတီးမှ ရပ်ကွက်တစ်ခု မြင်ကွင်း)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မြောက်ပိုင်း ဂါဇာစီးတီးမြို့ကို အစ္စရေးတပ်ဖွဲ့တွေ့ရဲ့ အခုတစ်ပတ် စီးနင်းအကြမ်းဖက်မှုအတွင်း ရပ်ကွက်တစ်ခုတည်းမှာတင် အနည်းဆုံး လူ ၆၀ လောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုကို တနင်္လာနေ့က စတင်ခဲ့တာဖြစ်ပြီး ကြာသာပတေးနေ့မှာတော့ အစ္စရေးတပ်ဖွဲ့တွေ ဂါဇာစီးတီးမြို့ကနေ ထွက်သွားပါတယ်။ အဲဒီနောက်ပိုင်း ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

    “ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရာမှာ ဒါဇင်နဲ့ချီ အသတ်ခံရတာကို တွေ့ခဲ့ရပါတယ်။ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး မိသားစုလိုက် အသတ်ခံထားရတာပါ။ တစ်ချို့အလောင်းတွေဆို ခွေးတောင်ဆွဲနေကြပြီ။ အလောင်း ၆၀ လောက် လက်ရှိ ရထားပါတယ်။ တစ်ချို့ကို နေရာမှာတင် မြှုပ်ပစ်လိုက်ရတယ်။ တစ်ချို့တစ်၀က်ကိုတော့ ဆေးရုံကို သယ်ဆောင်သွားကြပါတယ်” လို့ ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဘာဆာလ်က တာအလ်ဟာ၀ါ ရပ်ကွက်က အခြေအနေကို သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် ပြိုကျပျက်ဆီးနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေပြီး၊ အစ္စရေးတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းကို လာရောက်နှောက်ယှက်တာမျိုး ရှိနေတယ်လို့လည်း ဘာဆာလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂါဇာစီးတီးက ရှူဂျာယီအာ ရပ်ကွက်မှာလည်း အစ္စရေးတပ်တွေ ထွက်သွားပြီးနောက်ပိုင်း ဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပါတယ်။

    အစ္စရေးဟာ သူတို့သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ထွက်ပြေးတိမ်းရှောင်သူတွေကိုပါ သတ်ဖြတ်ထားတဲ့ အထောက်အထားတွေ ရယူထားနိုင်တယ်လို့ မိုဟာမက် ဘာဆာလ်က ပြောပါတယ်။ အစ္စရေးတပ်ဖွဲ့တွေ အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးမှုကြောင့် ရှူဂျာယီအာရပ်ကွက်ဟာ လူနေထိုင်လို့ မရတော့တဲ့အထိ ဖြစ်သွားခဲ့ပါပြီ။

    ဂါဇာစီးတီးဟာ ဂါဇာကမ်းမြှောင်က ပြည်သူ ၄ ပုံ ၁ ပုံကျော်လောက် နေထိုင်တဲ့ မြို့ကြီးဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဒီမြို့ကို ရစရာမရှိအောင် အစ္စရေးတပ်တွေက ဖျက်ဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၃၈၃၄၅ ဦး ရှိလာပြီဖြစ်ပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ဂါဇာတွင် စစ်ရှောင်များခိုလှုံနေသည့် ကုလစာသင်ကျောင်းများကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်

    ဂါဇာတွင် စစ်ရှောင်များခိုလှုံနေသည့် ကုလစာသင်ကျောင်းများကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်

    ဇူလိုင် ၁၀၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အစ္စရေး၏ အကြမ်းဖက်တိုက်ခိုက်မှုကို ခံထားရသည့် ဂါဇာက ကုလစာသင်ကျောင်းတစ်ခု)

    -ပြီးခဲ့တဲ့ ၄ ရက်အတွင်း ဂါဇာမှာ အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ စာသင်ကျောင်း ၄ ကျောင်းအထိ ရှိခဲ့တယ်လို့ ပါလက်စတိုင်းဆိုင်ရာ ကုလအကူအညီပေးရေးအဖွဲ့ UNRWA က ထုတ်ပြန်ပြောဆိုပါတယ်။

    ဒီကျောင်းတွေဟာ ကုလက စီမံတဲ့ကျောင်းတွေဖြစ်ပြီး လက်ရှိမှာ အစ္စရေးလက်ချက်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ခိုလှုံနေတာပါ။

    အစ္စရေးရဲ့ စာသင်ကျောင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို UNRWA အကြီးအကဲ ဖီလစ်ပီ လာဇာရီနီက ဆိုရှယ်မီဒီယာကနေ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

    “တိုက်ပွဲစကတည်းက ဂါဇာက UNRWA ရဲ့ ကျောင်း ၃ ပုံ ၂ ပုံလောက် တိုက်ခိုက်ခံခဲ့ရပါတယ်။ တစ်ချို့ကျောင်းတွေဟာ ဗုံးကြဲ အမြစ်ဖြုတ်ခံခဲ့ရပြီး တော်တော်များများက ဆိုးဆိုးရွားရွား ပျက်ဆီးသွားပါတယ်။ စာသင်ကျောင်းတွေဟာ အေးအေးလူလူ ပညာဖြန့်၀ေရာ၊ ကလေးတွေကို မျှော်လင့်ချက်ပေးရာ နေရာတွေကနေ လူတွေစုပြုံနေထိုင်ရတဲ့ ဒုက္ခသည်စခန်းတွေအဖြစ် ပြောင်းကာ၊ နောက်ဆုံးမှာ သေတွင်းအဖြစ်၊ ကံဆိုးမိုးမှောင်ကျရာနေရာအဖြစ်နဲ့ အဆုံးသတ်သွားရပါတယ်။ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့ လုပ်ရပ်မျိုးဟာ သာမန်ဖြစ်ရပ်လိုမျိုး ဖြစ်လာလို့ မရပါဘူး”

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၃၈၂၉၅ ဦး ရှိလာပြီဖြစ်ပါတယ်။ အသတ်ခံရသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါ။

    အစ္စရေးဟာ ဂါဇာမှာ စာသင်ကျောင်း၊ ဆေးရုံ၊ စစ်ရှောင်စခန်း၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေပါမကျန် အကြမ်းဖက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera


  • Untitled post 92979

    ဂါဇာရှိ ကုလအကူအညီပေးရေးရုံးချုပ်ကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်

    ဇူလိုင် ၈၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အစ္စရေးက သတ်ဖြတ်ထားသည့် ဂျာနယ်လစ်များ)


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်က ကုလအကူအညီပေးရေး UNRWA ရုံးချုပ်ကို အစ္စရေးက ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းက စတင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

    ဂါဇာစီးတီးမြို့မှာရှိတဲ့ အဲဒီရုံးချုပ်မှာ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ရဲ့ ပစ္စည်းတွေ ရှိတယ်လို့ ခေါင်းစဥ်တပ်ကာ အစ္စရေးက တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။

    UNRWA အဖွဲ့ဟာ အစ္စရေးရဲ့ အကြမ်းဖက် နယ်မြေသိမ်းယူမှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပါလက်စတိုင်းပြည်သူတွေကို ၁၉၄၈ ခုနှစ်ကတည်းက အကူအညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အစ္စရေးဟာ UNRWA အဖွဲ့ကို အရင်ကတည်းက ပစ်မှတ်ထား ဖျက်ဆီးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်အဖွဲ့ရဲ့ အစ္စရေးထဲ ၀င်ရောက်တိုက်ခိုက်မှုမှာ UNRWA ၀န်ထမ်းတွေ ပါ၀င်ကူညီခဲ့တယ်လို့ အစ္စရေးကဖက်က ဂါဇာတစ်ကျော့ပြန်လူသတ်ပွဲအစမှာ ပြောကြားဖူးပါတယ်။

    ဒီပြောကြားချက်ကြောင့် အစ္စရေးမဟာမိတ်တွေဟာ UNRWA အဖွဲ့ကို အကူအညီပေးတာတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အစ္စရေးဖက်က ခိုင်လုံတဲ့ သက်သေအထောက်အထား မပြနိုင်တဲ့အတွက် အကူအညီပေးမှုတွေ ပြန်လုပ်ခဲ့ပါတယ်။

    ဂါဇာစီးတီးက UNRWA ရုံးချုပ်ကို အရင်ကလည်း တိုက်ခိုက်ဖျက်ဆီးခဲ့ဖူးပါတယ်။ အခုတိုက်ခိုက်မှုမှာတော့ ပတ်၀န်းကျင်က စီးပွားရေး၊ ဆက်သွယ်ရေးနဲ့ ဘဏ်အဆောက်အဦးတွေကိုပါ အစ္စရေးက ပစ်မှတ်ထားနေပါတယ်။

    ၉ လတာ ကြာမြင့်ပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း အသတ်ခံရသူ ပါလက်စတိုင်း အရေအတွက်ဟာ ၃၈၁၉၃ ဦး ရှိလာပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
    Ref: Aljazeera