News @ M-Media

Tag: Palestine

  • ရမ်ဇာန်လ အလ်အက္ကဆွာမှာ တိုက်ခိုက်မှု တိုးမြှင့်ပြုလုပ်လာတဲ့ အစ္စရေး

    ရမ်ဇာန်လ အလ်အက္ကဆွာမှာ တိုက်ခိုက်မှု တိုးမြှင့်ပြုလုပ်လာတဲ့ အစ္စရေး

    မတ် ၁၂၊ ၂၀၂၄

    M-Media 


    -အစ္စလာမ်ဘာသာ၀င်တွေရဲ့ ရမ်ဇာန်ဥပုသ်လ ပထမနေ့မှာပဲ အစ္စရေးဟာ ဂျေရုစလင်က အလ်အက္ကဆွာဗလီ၀တ်ကျောင်းတော်မှာ နှောက်ယှက်တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်လာပါတယ်။ 

    ရမ်ဇာန်လ ပထမနေ့ သာရာ၀ီအထူး၀တ်ပြုဆုတောင်းပွဲအတွက် အလ်အက္ကဆွာဗလီ၀တ်ကျောင်းထဲ လာရောက်တဲ့ ပါလက်စတိုင်းတွေကို အစ္စရေးက ရိုက်နှက်တာ၊ မောင်းထုတ်တာတွေ ပြုလုပ်ခဲ့တာပါ။ 

    အွန်လိုင်းပေါ်ရောက်ရှိလာတဲ့ ဗီဒီယိုတစ်ခုမှာ အစ္စရေးစစ်တပ်ဟာ ဂျေရုစလင်မြို့ဟောင်းက အလ်အက္ကဆွာဗလီကို သွားရောက်ရာလမ်းမှာ ပါလက်စတိုင်းတွေကို ရိုက်နှက်နေတာကို တွေ့ရပါတယ်။ 

    ဗလီဆီသွားရာလမ်းမှာ စစ်ဆေးရေးဂိတ် အမြောက်အများထားရှိကာ အသက် ၄၀ အောက် ပါလက်စတိုင်းတွေကို ဗလီထဲ၀င်ခွင့်မပေးဘဲ မောင်းထုတ်ပါတယ်။ 

    ယူကေကကန့်ကွက်

    ဒီလိုကန့်သတ်နှောက်ယှက်မှုတွေ လုပ်တာကို ကန့်ကွက်ကြောင်း ယူကေက ကြေငြာချက်ထုတ်ပါတယ်။ 

    အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ ကုလဆိုင်ရာ ယူကေတာ၀န်ရှိသူ တာရစ်အဟ်မဒ်က ရမ်ဇာန်ဥပုသ်လအတွင်း ဂျေရုစလင်က မြင့်မြတ်ရာ နေရာတွေကို အဟန့်အတားမရှိ ၀င်ခွင့်ပေးဖို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    “ရမ်ဇာန်လမှာ အလ်အက္ကဆွာဗလီ၀တ်ကျောင်းအတွင်း ၀င်ရောက်ခွင့် ကန့်သတ်တာဟာ မွတ်စလင်တွေရဲ့ ၀တ်ပြုခွင့်ကို ပိတ်ပင်တာဖြစ်ပြီး၊ တင်းမာမှုတွေကို ပိုမိုကြီးထွားအောင် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်”

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကတည်းက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲကို ရမ်ဇာဥပုသ်လမှာ ရပ်နားဖို့ ကမ္ဘာတစ်၀ှမ်းက တောင်းဆိုခဲ့ပေမယ့်လည်း အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ 

    ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၅ လအတွင်း ၃၁၀၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ထင်ရှားသည့် ပါလက်စတိုင်း ဘောလုံးသမားတစ်ဦးကို အစ္စရေးက သတ်ဖြတ်

    ထင်ရှားသည့် ပါလက်စတိုင်း ဘောလုံးသမားတစ်ဦးကို အစ္စရေးက သတ်ဖြတ်

    မတ် ၁၁၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်က ထင်ရှားတဲ့  ဘောလုံးသမား မိုဟာမက် ဘာရက်ဟာ မတ်လ ၁၁ ရက်နေ့မနက်က ခန်ယူနစ်မြို့မှာ သတ်ဖြတ်ခံလိုက်ရပါတယ်။ 

    ဘာရက်ရဲ့နေအိမ်ကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခဲ့တာပါ။ တိုက်စစ်မှုးဘာရက်ဟာ ဂါဇာပရီးမီးယားလိဂ်အသင်း Ahly Gaza က အဓိက ကစားသမားဖြစ်ပြီး၊ ပါလက်စတိုင်းလက်ရွေးစင်အသင်းအတွက် ကစားပေးထားသူလည်း ဖြစ်ပါတယ်။ 

    ကစားသမား သက်တမ်းတစ်လျှောက် ၁၁၄ ဂိုးသွင်းထားပြီး ဂါဇာဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းထားနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ 

    ဘာရက်ဟာ ခန်ယူနစ်လူငယ်အသင်း Khan Younis Youth Club က အသင်းခေါင်းဆောင်နဲ့ ဂန္တ၀င်ကစားသမား ဖြစ်ပါတယ်။ ဂါဇာ၊ အနောက်ဖက်ကမ်းနဲ့ ဂျော်ဒန်တို့က အသင်းတော်တော်များများမှာလည်း ကစားဖူးပါတယ်။ 

    “ပါလက်စတိုင်းဘောလုံးအသင်းရဲ့ ကွင်းတွင်း၊ ကွင်းပြင်မှာ အရေးပါသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါ။ သူနဲ့ ပြိုင်ဘက်အဖြစ် ကျွန်တော် တွေ့ဖူးတယ်။ သူက မြန်တယ်၊ ခေါင်းသုံးကစားတယ်။ ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်ပါတယ်။ ကွင်းပြင်ပမှာ သူဟာ ကြင်နာသနားတတ်ပြီး၊ ဖော်လည်း ဖော်ရွေပါတယ်။ အသင်းသားအားလုံးက သူ့ကို ချစ်ကြတယ်” 

    “အရမ်းစိတ်ဆိုးတယ်ဗျာ။ သူက ဂန္တ၀င်ကစားသမားတစ်ဦးပါ။ စစ်ပွဲတွေအတွင်း ဂါဇာက အားကစားကဏ္ဍလည်း ဆိုးဆိုးရွားရွား ဖျက်ဆီးခံရပါတယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ ဆုံးရှုံးရအုံးမလဲ။ ဂါဇာက အားကစားအသိုင်းအ၀ိုင်းဟာ ပြိုကျပျက်ဆီးနေပါပြီ”လို့ Khadamat al-Maghazi အသင်း နောက်ခံလူ ခါလစ် အဘူ ဟာဘဲလ်က ပြောကြားခဲ့ပါတယ်။ 

    အစ္စရေးဟာ ပါလက်စတိုင်းလူမျိုးစုရဲ့ အားကစား၊ စာပေ၊ အနုပညာ၊ ယဥ်ကျေးမှု စသဖြင့် နယ်ပယ်တိုင်းကို တိုက်ခိုက်ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာတွင် တစ်ရက်လျှင် အမျိုးသမီး ၆၃ ဦး အသတ်ခံနေရ

    ဂါဇာတွင် တစ်ရက်လျှင် အမျိုးသမီး ၆၃ ဦး အသတ်ခံနေရ

    မတ် ၈၊ ၂၀၂၄

    M-Media


    -မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ကို ကမ္ဘာတစ်၀ှမ်း ဆင်နွှဲနေကြပေမယ့် ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းအမျိုးသမီးတွေကတော့ အစ္စရေးရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကို နေ့စဥ် ခံနေရပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ ဂါဇာ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၃၁၀၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    ဒီအထဲမှာ အသတ်ခံရတဲ့ အမျိုးသမီးအရေအတွက်က အနည်းဆုံး ၉၀၀၀ လောက်ရှိပြီး ဒါဟာ တစ်ရက်ကို ပျမ်းမျှ ၆၃ ဦး အသတ်ခံနေရတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပျမ်းမျှ ၃၇ ဦးက မိခင်တွေ ဖြစ်ပါတယ်။ 

    အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပြိုကျပျက်ဆီးနေတဲ့ အဆောက်အဦးတွေအောက် ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်ဟာ ထောင်သောင်းချီရှိပြီး အဲဒီအထဲမှာလည်း အမျိုးသမီးအများအပြား ပါ၀င်ပါတယ်။ 

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးဟာ ဂါဇာမှာ ပါလက်စတိုင်းပြည်သူ ၇၈ ဦး သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရသူ ၁၀၄ ဦး ရှိပါတယ်။ 

    Ref: Aljazeera

  • အစ္စရေး၏ ဂါဇာလူသတ်ပွဲ သေဆုံးသူ ၃ သောင်းကျော်ပြီ

    အစ္စရေး၏ ဂါဇာလူသတ်ပွဲ သေဆုံးသူ ၃ သောင်းကျော်ပြီ

    မတ် ၂၊ ၂၀၂၄

    M-Media


    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူအရေအတွက်ဟာ ၃၀၃၂၀ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    မတ်လ ၁ ရက်နေ့ ဂါဇာတောင်ပိုင်းက ဒုက္ခသည်စခန်းတွေမှာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကိုခံရသူ ၉၂ ဦးရှိပြီး ၁၅၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    ၅ လနီးပါး အစ္စရေးရဲ့ အကြမ်းဖက်မှုအတွင်း ဂါဇာမှာ ဒဏ်ရာရသူအရေအတွက်က ၇၁၅၃၃ ဦးရှိပြီး၊ အဆောက်အဦးတွေကြားမှာ ပိတ်မိပျောက်ဆုံးနေသူ တစ်သောင်းနီးပါး ရှိပါတယ်။ 

    ဂါဇာကမ်းမြှောင်က အဆောက်အဦးတွေရဲ့ ၈၅ ရာခိုင်နှုန်းကိုလည်း အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

    အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

    —————-

    အာဖရိကသမဂ္ဂ အကြီးအကဲ မူဆာ ဖာကီ မဟ်မတ်က အစ္စရေးဟာ ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    ကုလရဲ့ အကူအညီ သွားယူသူတွေကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်တဲ့ ရာဇ၀တ်မှုကို မဟ်မတ်က အဓိက ထောက်ပြခဲ့ပါတယ်။ 

    ဖေဖော်၀ါရီ ၂၉ ရက်နေ့ ဂါဇာမြောက်ပိုင်းမှာ အစ္စရေးရဲ့ ဒီအကြမ်းဖက်မှုကြောင့် အကူအညီလာယူသူ ၁၁၅ ဦး သေဆုံးကာ အနည်းဆုံး ၇၅၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

    “အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလာယူသူ ၁၀၀ ကျော် သေဆုံးဒဏ်ရာရတဲ့ တိုက်ခိုက်မှုကို အာဖရိကသမဂ္ဂကော်မရှင် အကြီးအကဲ မူဆာ ဖာကီ မဟ်မတ်က ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ သမဂ္ဂရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera 

  • အစ္စရေးဟာ ပါလက်စတိုင်းတွေကို နောက်တစ်ကြိမ်မောင်းထုတ်ဖို့ လုပ်နေတာပါ – အာဖရိကသမဂ္ဂ

    အစ္စရေးဟာ ပါလက်စတိုင်းတွေကို နောက်တစ်ကြိမ်မောင်းထုတ်ဖို့ လုပ်နေတာပါ – အာဖရိကသမဂ္ဂ

    ဖေဖော်၀ါရီ ၂၆၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ပါလက်စတိုင်းနယ်မြေ ခိုးယူခံရမှု အဆင့်ဆင့်)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးလုပ်နေတဲ့ လုပ်ရပ်တွေဟာ နောက်ထပ် ရှက်စရာကောင်းတဲ့ နက္ကဘာ (Nakba) တစ်ခုကို ဖန်တီးနေတာဖြစ်တယ်လို့ အာဖရိကသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဟာဂျာ ဂူ၀ဲလ်ဒစ်ချ်က ပြောပါတယ်။ 

    ဒုတိယကမ္ဘာစစ်အတွင်း နာဇီရန်ကြောင့် ဥရောပကနေ ထွက်ပြေးလာရတဲ့ ဂျူးတွေ ပါလက်စတိုင်းထဲ တရားမ၀င် ၀င်လာ၊  လက်နက်ကိုင်အဖွဲ့ ဖွဲ့ပြီး ဌာနေ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ 

    တရားမ၀င်ဂျူးတွေရဲ့လက်ချက်ကြောင့် သိန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေ သတ်ဖြတ်ခံရပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ နိုင်ငံလည်း ပျောက်ခဲ့ပါတယ်။ 

    အာဖရိကသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဂူ၀ဲလ်ဒစ်ချ်က ဂါဇာမှာ ပါလက်စတိုင်းပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခသုက္ခတွေ၊ ကြောက်စရာအဖြစ်အပျက်တွေဟာ ပြောပြလို့တောင်မရဘဲ ဒီလုပ်ရပ်တွေအတွက် ဘာနဲ့မှ ဆင်ခြေပေးလို့မရဘူး နိုင်ငံတကာ ခုံသမာဓိရုံး ICJ ကို လျှောက်ထားမှုမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ကြောင့် ပါလက်စတိုင်းလူ့အဖွဲ့အစည်း အတိဒုက္ခရောက်ကာ စာသင်ကျောင်းတွေ၊ ၀တ်ပြုရာနေရာတွေ၊ နေအိမ်နဲ့ ဆေးရုံတွေ ဆိုးဆိုး၀ါး၀ါး ဖျက်ဆီးခံရတာကိုလည်း သူမက ထောက်ပြပါတယ်။ 

    အစ္စရေးဟာ နိုင်ငံတကာ တရားစီရင်ရေးစနစ်ရဲ့ အရေးယူမှုကနေ လွတ်ကင်းနေမှုကို အဆုံးသတ်ဖို့လည်း အာဖရိကသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းခဲ့ပါတယ်။ 

    ICJ ကို ရောက်လာတဲ့ ဒီကိစ္စဟာ ဘက်တူညီတူအကြား ဖြစ်ပွားတဲ့ အငြင်းပွားမှုမျိုးမဟုတ်ဘဲ တစ်ဖက်က ဖိနှိပ်မှု၊ နောက်တစ်ဖက်က ဒီဖိနှိပ်မှုကို တွန်းလှန်နေတဲ့ တစ်ဖက်သတ်အခြေအနေမျိုး ဖြစ်တယ်ဆိုတာ သတိပြုဖို့လိုအကြောင်း ဂူ၀ဲလ်ဒစ်ချ် နောက်ဆုံးပိတ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera