News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းတွင် အခြေချဂျူးများက ဒေသခံပါလက်စတိုင်းများကို တိုက်ခိုက်သတ်ဖြတ်မှု ဆက်တိုက်ဖြစ်နေ

    ပါလက်စတိုင်းတွင် အခြေချဂျူးများက ဒေသခံပါလက်စတိုင်းများကို တိုက်ခိုက်သတ်ဖြတ်မှု ဆက်တိုက်ဖြစ်နေ

    မတ် ၁၊ ၂၀၂၃

    M-Media 


    – ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်နေတဲ့ ဂျူးတွေဟာ ပါလက်စတိုင်းတွေကို တိုက်ခိုက်သဖြတ်နေတာ ၃ ရက်ဆက်ရှိလာပြီ ဖြစ်ပါတယ်။ 

    လူဦးရေ ရာချီရှိတဲ့ ဂျူးအခြေချသူတွေဟာ နဘလုစ်၊ ဟာ၀ါရာနဲ့ အနောက်ဖက်ကမ်းက တခြားမျိုးတွေမှာ ပါလက်စတိုင်းတွေရဲ့ အိမ်တွေ၊ စျေးဆိုင်တွေ၊ ကားတွေကို မီးရှို့ဖျက်ဆီးတာ၊ လူတွေကို ရိုက်နှက်တာ သေနတ်နဲ့ ပစ်ခတ်တာတွေကို တနင်္ဂနွေနေ့ကတည်းက စတင်လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ 

    မနေ့ကအထိ အနည်းဆုံး ပါလက်စတိုင်း ၂ ဦးသေဆုံးကာ ၃၉၀ လောက် ဒဏ်ရာရခဲ့ပြီး၊ အိမ်ခြေ ၃၀၊ ကား ၁၀၀ ကျော် ဖျက်ဆီးခံလိုက်ရတယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

    အစ္စရေးအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဒီလို အုပ်စုဖွဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို တားမြစ်ခြင်းမရှိသလို၊ အရေးယူမှုလည်း မရှိပါဘူး။ 

    အစ္စရေးတပ်ဖွဲ့တွေ၊ ဂျူးအခြေချနေထိုင်သူတွေ၊ လက်ယာစွန်းရောက်ဂျူးတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီကို ကျူးကျော်၀င်ရောက် စော်ကားရာကနေ ပါလက်စတိုင်းမှာ အခုနှစ်အစောပိုင်းကစပြီး တင်းမာမှုတွေ မြင့်တက်လာပါတယ်။ 

    အစ္စရေးတပ်ဖွဲ့တွေဟာ ပါလက်စတိုင်း ဒုက္ခသည်စခန်းပါမကျန် စီးနင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာပြီး အခုနှစ်အတွင်း အစ္စရေးစစ်တပ်နဲ့ ဂျူးအခြေချနေထိုင်သူတွေလက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူအရေအတွက်ဟာ ၆၄ ဦး ရှိလာပြီဖြစ်ပါတယ်။ 

    ပါလက်စတိုင်းဖက်ကလည်း တုန့်ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်တာကြောင့် အစ္စရေးဖက်က ၁၄ ဦး သေဆုံးခဲ့ပါတယ်။ 

    Ref: Arab News 

  • ပါလက်စတိုင်း ဒုက္ခသည်စခန်းကို အစ္စရေးက ဒုံးကျည်ဖြင့်ပစ်

    ပါလက်စတိုင်း ဒုက္ခသည်စခန်းကို အစ္စရေးက ဒုံးကျည်ဖြင့်ပစ်

    ဖေဖော်၀ါရီ ၄၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းက ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေးတပ်ဖွဲ့တွေ ၀င်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    ဂျာရီချိုမြို့က အက္ကဘတ်ဂျဘာရ် ဒုက္ခသည်စခန်းဖြစ်ပြီး အစ္စရေးက တင့်ဖျက် ပဲ့ထိန်းဒုံးကျည်တွေပါ အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

    ဒဏ်ရာရသူတွေထဲမှာ နှစ်ဦးက စိုးရိမ်ရတဲ့ အနေအထားမှာရှိပြီး၊ အခင်းဖြစ်တဲ့နေရာမှာ လူနာတင်ယာဥ်၀င်ရောက်ခွင့်ကိုလည်း အစ္စရေးက ပိတ်ပင်ထားတယ်လို့ ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ပြောပါတယ်။ 

    ဂျာရီချို့မြို့မှာ လူပေါင်း ၃၇၀၀၀ လောက်နေထိုင်ပြီး အစ္စရေးစစ်တပ်က ပိတ်ဆို့ထားတာ တစ်ပတ်လောက်ရှိပါပြီ။ တရားမ၀င် ဂျူးအခြေချအိမ်ယာမှာ ပစ်ခတ်မှု ပြုလုပ်သူတွေကို ဖမ်းဆီးဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း အနောက်ဖက်ကမ်းက ဂျီနင် ဒုက္ခသည်စခန်းမှာ အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၉ ဦး သေဆုံးခဲ့ပါတယ်။ 

    အခုနှစ်အတွင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ် ၆ ဦးနဲ့ အဖွားအိုတစ်ဦး ပါ၀င်ပါတယ်။ 

    Ref: Aljazeera

  • အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံတည်ရှိရေးကိုသာ အမေရိကန်က လက်ခံမည်

    အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံတည်ရှိရေးကိုသာ အမေရိကန်က လက်ခံမည်

    ဇန်န၀ါရီ ၃၁၊ ၂၀၂၃

    M-Media 


    -အစ္စရေးနဲ့ ပါလက်စတိုင်း ပြဿနာမှာ အရင်ကတည်းက ရှိခဲ့တဲ့ မူ၀ါဒအတိုင်း နှစ်နိုင်ငံယှဥ်တွဲတည်ရှိရေး အဖြေကိုသာ အမေရိကန်က လက်ခံမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။  

    အစ္စရေးမှာ ပါလက်စတိုင်းတည်ရှိရေးကို မလိုလားတဲ့ လက်ယာစွန်းရောက်တွေ ပိုမိုခေါင်းထောင်လာပြီး၊ အစ္စရေးအစိုးရကလည်း ပါလက်စတိုင်းပိုင်နက်အတွင်း ဂျူးအခြေချအိမ်ယာတွေ ပိုမိုဆောက်လုပ်လာတာကြောင့် တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ 

    အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် အခုနှစ်ဇန်န၀ါရီအတွင်းမှာ အနည်းဆုံး ပါလက်စတိုင်း ၃၅ ဦး သေဆုံးခဲ့ပြီး ပါလက်စတိုင်းတွေဖက်ကလည်း လက်တုန့်ပြန်မှုတွေ ပြုလုပ်လာပါတယ်။ 

    သောကြာနေ့ အရှေ့ဂျေရုစလင်က တရားမ၀င်အခြေချအိမ်ယာမှာ နေထိုင်သူတွေကို ပါလက်စတိုင်းသေနတ်သမားတစ်ယောက်က ပစ်ခတ်မှုအတွင်း ၇ ဦး သေဆုံးခဲ့ပါတယ်။ 

    အစ္စရေးကိုရောက်နေတဲ့ ဘလင်ကန်က တင်းမာမှုတွေရပ်တန့်ဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့ပြီး၊ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ယှဥ်တွဲတည်ရှိရေး အဖြေကိုသာ အမေရိကန်က လက်ခံမယ်လို့ မနေ့က အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    ဘလင်ကန်ဟာ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ 

    Ref: Arab News 

  • အစ္စရေးစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းတွင် လူ ၉ ဦး သေဆုံး

    အစ္စရေးစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းတွင် လူ ၉ ဦး သေဆုံး

    ဇန်န၀ါရီ ၂၆၊ ၂၀၂၃

    M-Media 


    တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားသည့် အဆောက်အဦး

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဂျီနင်မြို့က ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၉ ဦး သေဆုံးကာ ၂၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

    သေဆုံးသူတွေထဲမှာ အဘွားအိုတစ်ဦးလည်း ပါ၀င်ပါတယ်။ 

    အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ Islamic Jihad အဖွဲ့ရဲ့ အဖွဲ့၀င်တွေကို ဖမ်းဆီးဖို့ ၀င်ရောက်စီးနင်းတာလို့ ဖော်ပြထားပါတယ်။ ဂျီနင်က ဒုက္ခသည်စခန်းကို အင်အား အလုံးအရင်းနဲ့ ၀င်ရောက်စီးနင်းတာမျိုးကို အစ္စရေးက ပြီးခဲ့တဲ့နှစ်ကတည်းက စတင်လုပ်ဆောင်လာတာပါ။ 

    ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ Islamic Jihad က အစ္စရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုပါတယ်။  

    တိုက်ခိုက်မှုအတွင်း ၂ ထပ်တိုက် အဆောက်အဦးတစ်ခု လုံး၀ ပျက်ဆီးသွားပြီး၊ သေဆုံးဒဏ်ရာရသူတွေကို ကူညီဖို့ သွားရောက်တဲ့ လူနာတင်ယာဥ်ကို အစ္စရေးတပ်ဖွဲ့က ပေးမ၀င်တာတွေ ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    အနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် ဇန်န၀ါရီလအတွင်း သေဆုံးသူ အနည်းဆုံး ၂၉ ဦး ရှိလာပြီး ၁၅ ဦးက ဂျီနင်မှာ ဖြစ်ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ ဒီလိုစီးနင်းမှုတွေကြောင့် ပါလက်စတိုင်း ၁၇၀ ကျော် သေဆုံးခဲ့ပါတယ်။ 

    Ref: Aljazeera

  • တရားမ၀င်ဂျူးများ၏ တိုက်ခိုက်မှုကို တိုးမြှင့်ခံစားလာရသည့် ဌာနေပါလက်စတိုင်းများ

    တရားမ၀င်ဂျူးများ၏ တိုက်ခိုက်မှုကို တိုးမြှင့်ခံစားလာရသည့် ဌာနေပါလက်စတိုင်းများ

    အောက်တိုဘာ ၂၀၊ ၂၀၂၂

    M-Media 

    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသက တရားမ၀င်ဂျူးအခြေချအိမ်ယာတွေမှာ နေထိုင်သူတွေရဲ့ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုဟာ သိသိသာသာ မြင့်တက်လာပါတယ်။ 

    မကြာသေးခင်က ဖြစ်ပွားခဲ့ပြီး အထင်ရှားဆုံးတစ်ခုက အောက်တိုဘာ ၄ ရက်နေ့ ပါလက်စတိုင်းစာသင်ကျောင်းကို တရားမ၀င်ဂျူးတွေ ၀င်ရောက်တိုက်ခိုက်မှုပါ။ 

    အနောက်ဖက်ကမ်း နဘ်လုစ်မြို့က Huwwara ယောင်္ကျားလေး အလယ်တန်းကျောင်းကို ဒါဇင်နဲ့ချီတဲ့ ဂျူးတွေက တုတ်တွေနဲ့ ၀င်ရိုက်၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဂျူးတစ်ယောက်ဆိုရင် ကျောင်းသားနဲ့ ဆရာတွေကို သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တဲ့အထိ လုပ်ခဲ့ပါတယ်။

    အဲဒီကျောင်းမှာ ကျောင်းသား ၃၅၀ လောက်ရှိပြီး ဒီအဖြစ်အပျက်ကြောင့် ကျောင်းသားတစ်ချို့ ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်သူတွေပြန်သွားတဲ့အခါ အစ္စရေးစစ်တပ်က၀င်လာပြီး စာသင်ခန်းတွေထဲမှာ မျက်ရည်ယိုဗုံး ခွဲသွားတာကြောင့် ကျောင်းသားနဲ့ ဆရာတွေ အသက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာ ဒဏ်ရာတွေ ထပ်ရခဲ့ပါတယ်။ 

    ဂျူးလူအုပ်ဟာ ကျောင်းက ပစ္စည်းတွေကို ဖျက်ဆီးသွားသလို၊ ကျောင်းပတ်၀န်းကျင်မှာရှိတဲ့ ကားမှန်တွေကိုလည်း ရိုက်ခွဲသွားပါတယ်။

    “ဒီကောင်တွေ  ကျွန်တော့်ကို ခဲနဲ့ပေါက်တယ်။ ကားတွေ၊ ကျောင်းကပစ္စည်းအားလုံးကိုလည်း ခဲနဲ့ ပစ်ခွဲသွားတယ်။ ခဲမိုးရွာသလိုပါပဲ။ ကျွန်တော့်လက်၊ ခြေထာက်နဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာရသွားတယ်” လို့ အသက် ၅၃ နှစ်အရွယ် ကျောင်းအုပ်ကြီး အဘ်ဒူလ်ဟာမစ် ရှီဟာဒါက ပြောပါတယ်။

    တိုက်ခိုက်မှု မြင့်တက်

    ပါလက်စတိုင်းဒေသတွေက တရားမ၀င် အခြေချအိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးတွေ ဌာနေပါလက်စတိုင်းတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုဟာ အခုနှစ်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာပြီး ဒီလုပ်ရပ်ကို အစ္စရေးစစ်တပ်ကလည်း ပံ့ပိုးကူညီပေးနေပါတယ်။ 

    အခုနှစ် ဇန်န၀ါရီလကနေ အောက်တိုဘာ ၁၀ ရက်နေ့အထိ ပါလက်စတိုင်းတွေအပေါ် ဂျူးလူအုပ်ရဲ့ တိုက်ခိုက်မှုပေါင်း ၅၀၀ ကျော်ရှိပြီး၊ နေအိမ်အဆောက်အဦး ၄၀၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ 

    အဲဒီတိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်းပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေဖြစ်တိုင်း အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းတွေရဲ့ လှုပ်ရှားသွားလာခွင့်ကို ပိုမိုကန့်သတ်ပါတယ်။ ပါလက်စတိုင်းပိုင်နက်က နေရာတိုင်းမှာ စစ်ဆေးရေးဂိတ်တွေချပြီး တစ်ချို့ဂိတ်တွေဆိုရင် ဖြတ်ကျော်ခွင့်ရဖို့ နာရီနဲ့ချီ ကြာမြင့်ပါတယ်။

    ဒီလိုဖိနှိပ်မှုတွေကို လက်တုန့်ပြန်တဲ့အနေနဲ့ ပါလက်စတိုင်းတွေကလည်း အစ္စရေးစစ်သားတွေကို ပစ်မှတ်ထားတဲ့ တစ်ကိုယ်တော် ပစ်ခတ်မှုတွေ ပိုမို ပြုလုပ်လာပါတယ်။

    “တိုက်ခိုက်မှုတွေမြင့်တက်လာတာကို တွေ့ရတယ်။ ပိုပြီး စနစ်တကျနဲ့ လုပ်လာကြတာပါ။ ဂျူးအခြေချနေထိုင်သူတွေဟာ ပိုပြီးတော့ အတင့်ရဲလာတယ်။ ဖြစ်နေတာတွေက တော်တော် အန္တရာယ်ရှိပါတယ်” လို့ အနောက်ဖက်ကမ်းက တရားမ၀င်ဂျူးတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်လေ့လာသူ ဂါဆန် ဒဂ်လက်စ်က ပြောပါတယ်။

    တိုက်ခိုက်မှုတွေဟာ အစ္စရေးစစ်တပ်ကို အကာအကွယ်ယူ လုပ်ဆောင်တာဖြစ်ပြီး၊ ပါလက်စတိုင်းတွေအပေါ် အစ္စရေးအစိုးရက ပိုမိုဖိနှိပ်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ 

    အစ္စရေးမှာ ရွေးကောက်ပွဲရှိလာရင် ဒီလိုတိုက်ခိုက်မှုတွေ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ 

    “ပါလက်စတိုင်းတွေကို ပိုများများသတ်နိုင်တဲ့လူက ရွေးကောက်ပွဲနိုင်တယ်ဆိုတဲ့ သမိုင်းကြောင်းမျိုး အစ္စရေးမှာရှိတယ်။ ပြောရရင် အစိုးရကကျူးလွန်တဲ့ ရာဇ၀တ်မှုပါ” လို့ ဟောင်၀ါရာ ဒေသဆိုင်ရာ တာ၀န်ရှိသူ ၀ါဂျီ အိုဒါက ပြောပါတယ်။

    အစ္စရေးမှာ လာမယ့်နို၀င်ဘာလအတွင်း ရွေးကောက်ပွဲရှိနေပြီး ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုမြင့်တက်လာမယ့် အနေအထား ဖြစ်ပါတယ်။

    Ref: Aljazeera