News @ M-Media

Tag: Palestine

  • ပါလက်စတိုင်း ပိုင်နက်အတွင်း နိုင်ငံခြားသားများ မ၀င်ရောက်နိုင်ရေး အစ္စရေးက ကန့်သတ်ချက်အသစ်ထုတ်

    ပါလက်စတိုင်း ပိုင်နက်အတွင်း နိုင်ငံခြားသားများ မ၀င်ရောက်နိုင်ရေး အစ္စရေးက ကန့်သတ်ချက်အသစ်ထုတ်

    စက်တင်ဘာ ၄၊ ၂၀၂၂
    M-Media

    -ပါလက်စတိုင်းမှာ နိုင်ငံခြားသားတွေ ရှိနေမှုကို ကန့်သတ်တဲ့ စည်းကမ်းချက်အသစ်တွေကို အစ္စရေးက ထုတ်ပြန်လိုက်ပါတယ်။

    ဒါဟာ ပါလက်စတိုင်းတွေ ဖိနှိပ်ညှင်းပမ်းခံနေရတာကို ကမ္ဘာက မသိရှိနိုင်ဖို့၊ နိုင်ငံတကာက ပါလက်စတိုင်းကို ပေးနေတဲ့ အကူအညီတွေ လျော့ကျသွားဖို့၊ ပါလက်စတိုင်းပြည်သူတွေ အဆင့်မြင့်ပညာရပ်တွေ မဆည်းပူးနိုင်စေဖို့ ရည်ရွယ်တာလို့ စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

    စက်တင်ဘာ ၅ ရက်နေ့မှာ စတင်သက်ရောက်မယ့် အဲဒီ ကန့်သတ်ချက်အသစ်တွေထဲမှာ ပါလက်စတိုင်းနိုင်ငံသားတွေနဲ့ ချစ်ကြိုက်တဲ့ နိုင်ငံခြားသားတွေဟာ ရက် ၃၀ အတွင်း အစ္စရေးစစ်တပ်ကို အကြောင်းကြားဖို့ ပါ၀င်ပါတယ်။

    ပါလက်စတိုင်းနိုင်ငံသားနဲ့ လက်ထက်လိုက်တဲ့ နိုင်ငံခြားသားတွေကတော့ ၂၇ လအတွင်း ထွက်ခွာရမှာဖြစ်ပြီး နောက်ထပ် ၆ လကြာမှ ပါလက်စတိုင်းထဲ ပြန်၀င်ဖို့ အစ္စရေးထံမှာ ဗီဇာလျှောက်နိုင်မှာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းတက္ကသိုလ်အားလုံးဟာ စုစုပေါင်း နိုင်ငံခြားကျောင်းသား ၁၅၀ ကိုသာ ဗီဇာပေးခွင့်ရှိမှာ ဖြစ်ပြီး၊ နိုင်ငံခြားသားကျောင်းဆရာ ၁၀၀ သာ ခန့်ထားခွင့်ရှိမယ်လို့ ကန့်သတ်ချက်အသစ်မှာ ဖော်ပြထားပါတယ်။

    ဒီစည်ကမ်းအသစ်မှာ ပါလက်စတိုင်းပိုင်နက်မှာ ရှိနေတဲ့ နိုင်ငံခြားသားတွေ၊ ဗီဇာလျှောက်ခွင့်၊ သက်တမ်းတိုးခွင့်ကို ပိုမိုကန့်သတ်တာတွေလည်း ပါ၀င်ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တွေကို အစ္စရေးက ထိန်းချုပ်ပိတ်ဆို့ကာ ပါလက်စတိုင်းပြည်တွေကို ပုံစံမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    နိုင်ငံခြားသားတွေ တည်ရှိမှုကို ကန့်သတ်တဲ့ စည်းမျဥ်းအသစ်တွေကြောင့် ပါလက်စတိုင်းမှာ လုပ်ဆောင်နေတဲ့ အကူအညီပေးရေးလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်လိမ့်မယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

    “ပါလက်စတိုင်းလူ့အဖွဲ့အစည်းရဲ့ အနေအထားကို ပြောင်းသွားအောင် ပါလက်စတိုင်းလူ့အဖွဲ့အစည်းကို ကမ္ဘာကြီးနဲ့ အဆက်အသွက်ပျက်အောင်၊ ပါလက်စတိုင်းက အဖွဲ့အစည်းတွေမှာ အလုပ်လုပ်လိုသူတွေ၊ စေတနာ့၀န်ထမ်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ပညာသင်ပေးလိုသူတွေ၊ ကျောင်းတက်လိုသူတွေကို ပိုခက်အောင် လုပ်လိုက်တာပါ” လို့ အစ္စရေး အကူအညီပေးရေး အဖွဲ့အစည်း HaMoked ရဲ့ အကြီးအကဲ ဂျက်ဆီကာ မွန်တဲလ်က ပြောပါတယ်။

    ဒီစည်းမျဥ်းတွေကို ပြန်လည်ရုပ်သိမ်းပေးရေးအတွက် HaMoked အပါအ၀င်၊ အစ္စရေးနဲ့ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ ၁၉ ဦးက လက်မှတ်ရေးထိုးကာ အစ္စရေးတရားရုံးကို အသနားခံစာ တင်ထားပါတယ်။

    Ref: BBC

  • ၂၀၂၁ ခုနှစ်အတွင်း ပါလက်စတိုင်းရှိ အဆောက်အဦး တစ်ထောင်ကျော် ဖျက်ဆီးခံရ

    ၂၀၂၁ ခုနှစ်အတွင်း ပါလက်စတိုင်းရှိ အဆောက်အဦး တစ်ထောင်ကျော် ဖျက်ဆီးခံရ

    ဇွန် ၁၄၊ ၂၀၂၂
    M-Media

    -၂၀၂၁ ခုနှစ်အတွင်း ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ဖြိုချဖျက်ဆီးခဲ့တဲ့ အဆောက်အဦးအရေအတွက် ၁၀၃၂ ခု ရှိခဲ့ပြီး လူ ၂၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်မှာ အစ္စရေးရဲ့ လုပ်ရပ်တွေကို လေ့လာဆန်းစစ်ပြီးတဲ့နောက် ပါလက်စတိုင်း သတင်းအချက်အလက်စင်တာက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

    အစ္စရေးဟာ ကလေးငယ် ၂၆၀၀၊ အမျိုးသမီး ၁၈၀၀ အပါအ၀င် ပါလက်စတိုင်းပြည်သူ ၅ ထောင်ကျော်ကို ၀န်ဆောင်မှုပေးနေတဲ့ အဆောက်အဦး ၆၇၁ ခုကို ၂၀၂၁ ခုနှစ်အတွင်းမှာ ဖျက်ဆီးခဲ့ပါတယ်။

    ပါလက်စတိုင်းတွေရဲ့ လယ်ယာမြေ ဧက ၁၈၀၀ လောက်ကို ရေပေးနေတဲ့ ရေတွင်း ၉၃ တွင်း၊ သိုးအုပ် ၁၆၄၀၀ နေထိုင်တဲ့ သိုးခြံ ၂၁၆ ခုလည်း ဖျက်ဆီးခံခဲ့ရပါတယ်။
    အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေမှာ ပါလက်စတိုင်းတွေရဲ့ နေအိမ် အဆောက်အဦးတွေကို ပုံမှန်လိုလို ဖြိုချ ဖျက်ဆီးကာ၊ ဖျက်ဆီးခကိုလည်း ပါလက်စတိုင်းတွေဆီက တောင်းလေ့ရှိပါတယ်။

    ဖျက်ဆီးပြီးတဲ့ ပါလက်စတိုင်းနေအိမ်တွေ၊ လယ်ယာမြေတွေနေရာမှာ အစ္စရေးက တရားမ၀င် ကျူးအခြေချအိမ်ယာတွေ ဆောက်လုပ်တာ ဖြစ်ပါတယ်။

    Ref: Press TV

  • အစ္စရေးကိုရှုတ်ချသည့် ကုလ၏ အစီရင်ခံစာသစ်တစ်ခု ထပ်ထွက်လာ

    အစ္စရေးကိုရှုတ်ချသည့် ကုလ၏ အစီရင်ခံစာသစ်တစ်ခု ထပ်ထွက်လာ

    ဇွန် ၈၊ ၂၀၂၂
    M-Media

    -ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးရဲ့ကျူးကျော်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ မူ၀ါဒတွေကို ဆန့်ကျင်ရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်တစ်စောင် မနေ့က ထွက်လာပါတယ်။

    ၂၀၂၁ ခုနှစ် ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့စည်းပြီး အစ္စရေးရဲ့ လုပ်ရပ်တွေကို သုံးသပ်ခဲ့တာပါ။ ပါလက်စတိုင်းပိုင်နက်မှာ ပြည်ပကဂျူးတွေ ၀င်ရောက်ပြီး လက်နက်ကိုင်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံ ထူထောင်မှုမှာ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့က အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါ၀င်ခဲ့တာ ဖြစ်ပါတယ်။

    အင်္ဂါနေ့က ကုလရဲ့ထုတ်ပြန်ချက်မှာ အရင်က ပါလက်စတိုင်းနိုင်ငံထူထောင်ရေး နှစ်ဖက်သဘောတူထားတဲ့ အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်တို့ကို အစ္စရေးဖက်က အပြည့်အ၀ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတာကို တွေ့ရပြီး ရပ်တန့်မယ့်အလားအလာမျိုး မရှိဘူးလို့ ဖော်ပြထားပါတယ်။

    ဒီလို ကျူးကျော်သိမ်းပိုက်မှုတွေ၊ ပါလက်စတိုင်းတွေအပေါ် ညှင်းပမ်းမှုတွေ၊ ဂျူးတွေများလာပြီး ပါလက်စတိုင်းတွေနည်းသွားအောင်လုပ်တာတွေ ရပ်တန့်ဖို့လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အစ္စရေးကို တိုက်တွန်းထားပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်က အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးလူမျိုးအရေအတွက် ၇ သိန်းကျော်ရှိပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလိုအိမ်ယာတွေ ဆောက်လုပ်မှုကို ကန့်ကွက်ထားပါတယ်။

    ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်နဲ့ အနောက်ဖက်ကမ်းက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့က ကုလရဲ့ ဒီအစီရင်ခံစာကို ချီးကျူးကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ပါလက်စတိုင်းတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် အစ္စရေးခေါင်းဆောင်တွေကို တရားစွဲဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။

    အစ္စရေး နိုင်ငံခြားရေး၀န်ကြီးဌာနက ကော်မရှင်ဟာ​ အချိန်နဲ့ ​ေငွကို ဖြုန်းတီးပစ်တာသာဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

    ကုလလူ့အခွင့်အရေးကောင်စီရဲ့ လာမယ့်တစ်ပတ်အစည်းအ​ေ၀းမှာ ဒီအစီရင်ခံစာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

    Ref : Reuters

  • ဂျူးလက်ယာစွန်းရောက်များ အလ်အက်ဆွာဗလီကို ၀င်စီး

    ဂျူးလက်ယာစွန်းရောက်များ အလ်အက်ဆွာဗလီကို ၀င်စီး

    မေ ၂၉၊ ၂၀၂၂
    M-Media

    -ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂျေရုစလင်က အလ်အက်ဆွာဗလီကို ဂျူးအစွန်းရောက်တွေ ဒီကနေ့မနက်ပိုင်းမှာ ၀င်ရောက်စီးနင်းခဲ့ပြီး ပါလက်စတိုင်းတွေရဲ့ အချုပ်အခြာနဲ့ ဘာသာရေးကို ကျူးကျော်စော်ကားမှု မြင့်တက်လာတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။

    အစ္စရေးလွှတ်တော်မှာ အမတ်နေရာတစ်ချို့ ရရှိထားတဲ့ ဂျူးအမျိုးသားရေးအစွန်းရောက်ပါတီတစ်ခုရဲ့ ခေါင်းဆောင် အီတာမာရ် ဘင်ဂဗီရ်က ဦးဆောင်ပြီး ဗလီထဲကို ၀င်ရောက်စီးနင်းခဲ့တာပါ။

    အစ္စရေးတပ်ဖွဲ့တွေကလည်း ဗလီထဲ ၀င်ရောက်တပ်စွဲကာ ၀တ်ပြုနေတဲ့ ပါလက်စတိုင်းတွေကို တံခါးပိတ်လှောင်ပြီး ဂျူးအစွန်းရောက်တွေအတွက် လမ်းရှင်းပေးခဲ့ပါတယ်။

    သတင်းယူဖို့သွားတဲ့ ဂျာနယ်လစ်တွေကို အစ္စရေးတပ်ဖွဲ့တွေက ဟန့်တားခဲ့သလို၊ ဗလီအတွင်းရှိနေတဲ့ ပါလက်စတိုင်းတွေကို ရာဘာကျည်တွေနဲ့ ပစ်ခတ်တာကြောင့် အနည်းဆုံး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ဂျူးအစွန်းရောက်တွေဟာ ဗလီထဲမှာ ဂျူးဘာသာအတိုင်း ဘရားရှိခိုးဖို့အထိ ကြိုးစားခဲ့ကြတာပါ။ အစ္စရေးဥပဒေအရ အလ်အက်ဆွာဗလီထဲမှာ ဂျူးတွေ ဘုရား၀တ်ပြုခွင့်မရှိလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ လယ်ယာတွေကို အတင်းအဓမ္မ ကျူးကျော်သိမ်းပိုက်ရုံသာမက အလ်အက်ဆွာဗလီကို ဖြိုချပြီး ဂျူးဘုရားကျောင်းဆောက်ဖို့အတွက် ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။

    ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ပါလက်စတိုင်းပိုင်နက်တွေကို ထပ်မံ ကျူးကျော်သိမ်းပိုက်နိုင်တဲ့ အထိမ်းအမှတ်အဖြစ် နှစ်စဥ်နှစ်တိုင်း ဂျူးအခြေချသူတွေဟာ ဂျေရုစလင်က ပါလက်စတိုင်းရပ်ကွက်တွေမှာ ချီတက်လှည့်လည် ရန်စလေ့ရှိပြီး လာမယ့်ရက်ပိုင်းအတွင်း ဒီလိုချီတက်မှု ပြုလုပ်ဖို့ရှိနေပါတယ်။

    Ref: Aljazeera

    mmInternationalNews

  • ပါလက်စတိုင်းတွင် အလ်ဂျာဇီရားသတင်းထောက်ကို အစ္စရေးက ပစ်သတ်

    ပါလက်စတိုင်းတွင် အလ်ဂျာဇီရားသတင်းထောက်ကို အစ္စရေးက ပစ်သတ်

    မေ ၁၁၊ ၂၀၂၂

    M-Media


    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒုက္ခသည်စခန်းကို အစ္စရေးတပ်တွေ ၀င်ရောက်စီးနင်းစဥ်အတွင်း အလ်ဂျာဇီးရားသတင်းထောက် ရှီရင် အဘူ အက္ကလာကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ 

    ဂျီနင်မြို့က အစ္စရေးတပ်ဖွဲ့တွေရဲ့ ၀င်ရောက်စီးနင်းမှုကို အဘူ အက္ကလာကတစ်ယောက် တိုက်ရိုက်တင်ဆက်နေတဲ့အချိန် စာနယ်ဇင်းသမားဖြစ်ကြောင်း ဖော်ပြတဲ့ ‘Press’ စာတမ်းပါ ဂျာကင်နဲ့ ဦးထုပ်ကို ၀တ်ဆင်ထားပေမယ့် အစ္စရေးတပ်ဖွဲ့တွေက ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

    အဘူ အက္ကလာဟာ ၁၉၉၇ ခုနှစ်ကစတင်ကာ အလ်ဂျာရီဇားသတင်းဌာနမှာ အလုပ်၀င်လုပ်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ် ရှိပါပြီ။ 

    သတင်းထောက်တစ်ယောက်ကို ဒီလို သတ်ဖြတ်တာဟာ လူသတ်မှု၊ ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုဖြစ်ပြီး၊ အမှန်တရားကို ဖော်ပြနိုင်ရေး မီဒီယာတွေရဲ့ကြိုးပမ်းမှုကို တားဆီးတာဖြစ်တယ်လို့ အယ်ဂျာဇီးရားသတင်းဌာနက ထုတ်ပြန်ပါတယ်။ 

    ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ 

    ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ဒီသတ်ဖြတ်မှုကို ရှုတ်ချကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး အစ္စရေးဟာ  အမှန်တရားဖော်ထုတ်တဲ့ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားကာ ရာဇ၀တ်မှုကျူးလွန်နေကြောင်း၊ ဒီအတွက် အစ္စရေးအစိုးရမှာ တာ၀န်ရှိကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးစစ်တပ်က စာနယ်ဇင်းသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးမရှိဘဲ ဂျီနင်က ဒုက္ခသည်စခန်းကို ၀င်ရောက်စီးနင်းမှုအတွင်း ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေနဲ့ အပြန်အလှန် ပစ်ခတ်တာမျိုး ရှိခဲ့တယ်လို့ ကြေငြာချက် ထုတ်ပြန်ပါတယ်။ 

    အဘူ အက္ကလာနဲ့အတူ လိုက်ပါသတင်းယူတဲ့ ဂျာနယ်လစ်တွေက ဒီအဖြစ်အပျက် ဖြစ်ပွားစဥ်အတွင်း ဘယ်လို အပြန်အလှန် ပစ်ခတ်မှုမျိုးမှ ရှိမနေဘဲ အစ္စရေးတပ်ဖွဲ့တွေက မိမိတို့ကိုသာ ချိန်ရွယ်ပစ်ခတ်တာဖြစ်ကြောင်း၊ အဘူအက္ကလာ လဲကျသွားတဲ့အချိန်မှာတောင် ဆက်လက်ပစ်ခတ်နေတဲ့အတွက် အလောင်းမကောက်နိုင်ဘဲ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရကြောင်း ပြောကြားခဲ့ကြပါတယ်။ 

    အဘူအက္ကလာ သတ်ဖြတ်ခံရမှုကို ကမ္ဘာတစ်၀ှမ်း စာနယ်ဇင်းအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ 

    Ref: Aljazeera