News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းများကို ကူညီမှုအား ယူအေအီးက သိသိသာသာ လျှော့ချ

    ပါလက်စတိုင်းများကို ကူညီမှုအား ယူအေအီးက သိသိသာသာ လျှော့ချ

    ဖေဖော်ဝါရီ ၆၊ ၂၀၂၁
    M-Media

    -အစ္စရေးရဲ့ကျူးကျော်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် ကူညီမှုကို အရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က သိသိသာသာ လျှော့ချလိုက်ပါတယ်။

    အတိဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပြည်သူ ၅.၇ သန်းလောက်ကို ကုလလက်အောက်ခံ UNRWA အဖွဲ့က ဦးစီးဦးဆောင်ပြု ကူညီနေတာ ဖြစ်ပါတယ်။ ယူအေအီးဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ UNRWA ကို ကန်ဒေါ်လာ ၅၁.၈ သန်း လှူဒါန်းခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ဒေါ်လာ ၁ သန်းသာ ရှိပါတော့တယ်။

    “၂၀၂၁ ခုနှစ်မှာ အရင်တုန်းကအတိုင်း ပြန်လည်ကူညီဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာမီ မာရှာရှာက ပြောပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ယူအေအီးဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ပြီးခဲ့တဲ့နှစ်အတွင်း အာရပ်နဲ့ မွတ်စလင်ကမ္ဘာက အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးထူထောင်တဲ့ နိုင်ငံ ၄ နိုင်ငံထဲမှာ ယူအေအီးလည်း ပါဝင်ပါတယ်။ ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ ပြည်သူတွေကတော့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

    သမ္မတထရမ့်လက်ထက် အမေရိကန်ဟာ UNRWA ကို ထောက်ပံ့မှု လျှော့ချခဲ့ပြီး လက်ရှိသမ္မတ ဘိုင်ဒန်ကတော့ ပုံမှန်အတိုင်း ပြန်လည်ထောက်ပံ့သွားမယ်လို့ ပြောကြားထားပါတယ်။ အမေရိကန်ဟာ UNRWA ကို တစ်နှစ်ကို ပုံမှန် ကန်ဒေါ်လာ သန်း ၃၀၀ ကျော်လောက် ထောက်ပံ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အစ္စရေးနှင့် ဆက်ဆံခြင်းသည် ပါလက်စတိုင်းအရေး ပျက်ဆီးမှုဟာ ကာတာပြော

    အစ္စရေးနှင့် ဆက်ဆံခြင်းသည် ပါလက်စတိုင်းအရေး ပျက်ဆီးမှုဟာ ကာတာပြော

    နိုဝင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    -အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်တဲ့ အာရပ်နိုင်ငံတွေဟာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေးကို ပျက်ဆီးစေသူတွေ ဖြစ်တယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူရဟ်မန် အလ် သာနီက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဘာရိန်းနဲ့ ဆူဒန်တို့ဟာ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အရင်က လက်မှတ်ထိုးထားတဲ့ အီဂျစ်နဲ့ ဂျော်ဒန်တို့ပေါင်းရင် အာရပ်နဲ့ မွတ်စလင်ကမ္ဘာမှာ အစ္စရေးနဲ့ ဆက်ဆံတဲ့နိုင်ငံအရေအတွက်ဟာ ၅ နိုင်ငံအထိ ရှိလာတာပါ။

    ပါလက်စတိုင်းကတော့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ သူတို့အပေါ် သစ္စာဖောက်ကာ နောက်ကျောကို ဓားနဲ့ထိုးမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်ကနေ အစ္စရေးတပ်ဖွဲ့တွေ ထွက်သွားရေး၊ ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်လာမှ အစ္စရေးနဲ့ ဆက်ဆံရေးဆိုတဲ့ အာရပ်ကမ္ဘာရဲ့ ရပ်တည်ချက်ကို ယူအေအီး၊ ဘာရိန်းနဲ့ ဆူဒန်တို့က ချိုးဖောက်လိုက်တာလည်း ဖြစ်ပါတယ်။

    ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ်မိုဟာမက်က ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် အာရပ်နိုင်ငံတွေ စုပေါင်းလုပ်ဆောင်တာက ပိုမိုကောင်းမွန်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “(အစ္စရေးရဲ့) သိမ်းပိုက်မှု အဆုံးသတ်ရေးဆိုတဲ့ ပါလက်စတိုင်းတွေရဲ့ အကျိုးစီးပွားကို ​ဦးစားပေးပြီး (အာရပ်နိုင်ငံတွေ) ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”

    အစ္စရေးနဲ့ ဆက်ဆံမှုတည်ဆောက်ရေးမှာ အမြင်ကွဲပေမယ့် ပါလက်စတိုင်းနဲ့ အစ္စရေးတို့ ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ အာရပ်နိုင်ငံတွေရဲ့ ပူးပေါင်းကြိုးပမ်းမှုကတော့ ဆက်ရှိနေမှာဖြစ်ကြောင်း၊ မိမိနိုင်ငံအတွက် အကောင်းဆုံးဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုး ချမှတ်တာဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အပေါ်မှာသာ မူတည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ယူအေအီးအစိုးရ တာဝန်ရှိသူတွေကတော့ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေ အဆုံးပ​ြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှသာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မယ်လို့ ပြောကြားထားပါတယ်။

    ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့က ကာတာနိုင်ငံအပေါ် ၂၀၁၇ ခုနှစ်စတင်ပြီး အဆက်အသွယ်ဖြတ်တောက် ပိတ်ဆို့ထားမှုဟာ ဘယ်နိုင်ငံမှ အကျိုးမရှိတဲ့ကိစ္စဖြစ်ပြီး သိပ်မကြာခင်မှာ ပြီးဆုံးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ယူအေအီး နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးက ပါလက်စတိုင်းနေအိမ်များဖြိုချမှု လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုမြောက်

    အစ္စရေးက ပါလက်စတိုင်းနေအိမ်များဖြိုချမှု လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုမြောက်

    နိုဝင်ဘာ ၇၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းနေအိမ်များ ဖြိုချခံရမှု

    -ပါလက်စတိုင်းတွေရဲ့နေအိမ်တွေကို အစ္စရေးက ဖျက်ဆီးတာဟာ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု မြောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီကိစ္စကို ရှုတ်ချလိုက်ပါတယ်။

    အခုတစ်ပတ်အစောပိုင်းမှာ ပါလက်စတိုင်းပိုင် ဂျော်ဒန်ဂျိုင့်ဝှမ်းဒေသက ရွာတစ်ခုလုံးကို အစ္စရေးစစ်သားတွေက ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ​ဒီအဖြစ်အပျက်ကြောင့် ပါလက်စတိုင်းပြည်သူ ၇၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

    အစ္စရေးစစ်သားတွေဟာ အိမ်တွေကို မဖြိုခင်မှာ ပါလက်စတိုင်းတွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းဆည်းတယ်ဆိုတဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်။

    ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Palestinian Center for Human Rights (PCHR) ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလုပ်ရပ်တွေဟာ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုမြောက်တယ်လို့ ဖော်ပြထားပါတယ်။

    “ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက်ရေး၊ တရားမဝင်အိမ်ယာတွေ တိုးချဲ့ဆောက်လုပ်ရေး စီမံကိန်းအောက်မှာ ဒီလုပ်ရပ်တွေကို လုပ်ဆောင်နေတာပါ။ ဌာနေပါလက်စတိုင်းလူမျိုးတွေကို လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းတယ်လို့ ပြောလို့ရပါတယ်”

    အစ္စရေးက ပါလက်စတိုင်းတွေအပေါ် ဆောင်ရွက်နေတဲ့ ရာဇဝတ်မှုတွေကို အလျင်အမြန်တားဆီးပေးဖို့လည်း PCHR က နိုင်ငံအတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ ကြာသာပတေးနေ့ ကြေငြာချက်မှာ ပါလက်စတိုင်းနေအိမ်တွေ ဖြိုဖျက်တာကို ရပ်တန့်ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပြီး ဒါဟာ နှစ်နိုင်ငံတည်ရှိရေးအဖြေကို ပျက်ပြားစေလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေမှာ နေအိမ်တွေ ဖြိုချဖျက်ဆီးတာ၊ တရားမ၀င် အခြေချအိမ်ယာတွေ တိုးချဲ့တာတွေကို တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုနှစ်အတွင်း အစ္စရေးက နေအိမ်တွေ ဖြိုချဖျက်ဆီးမှုကြောင့် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၈၀၀ ကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဒါဟာ ၄ နှစ်အတွင်း အမြင့်ဆုံး ပမာဏ ဖြစ်ပါတယ်။

    ကုလရဲ့ ပါလက်စတိုင်းကူညီ​ရေးအဖွဲ့ OCHA က လူသားချင်းစာနာထောက်ထားမှုနဲ့ မိမိတို့ ဆောက်ပေးထားတဲ့ အဆောက်အဦးတွေပါ ဖျက်ဆီးခံခဲ့ရပြီး၊ ကိုဗစ်ကပ်ရောဂါ၊ အေးလွန်းလှတဲ့ ဆောင်းရာသီတွေက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပါလက်စတိုင်းတွေရဲ့အခြေအနေတွေကို ပိုဆိုးစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: Press TV

  • အနောက်ဖက်ကမ်းမှ ပါလက်စတိုင်းရွာ တစ်ခုလုံးကို အစ္စရေးက ဖျက်ဆီးဖျောက်ဖျက်

    အနောက်ဖက်ကမ်းမှ ပါလက်စတိုင်းရွာ တစ်ခုလုံးကို အစ္စရေးက ဖျက်ဆီးဖျောက်ဖျက်

    နိုဝင်ဘာ ၅၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ပါလက်စတိုင်းရွာ တစ်ခုလုံးက အိမ်တွေကို အစ္စ​ရေးစစ်တပ်က ဖြိုချဖျက်ဆီးလိုက်ပါတယ်။

    ဂျော်ဒန်ချိုင့်ဝှမ်းဒေသက Khirbet Humsa ဆိုတဲ့ရွာမှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်ကြောင့် ပါလက်စတိုင်းပြည်သူ စုစုပေါင်း ၈၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ထက်ဝက်ကျော်က ကလေးငယ်တွေဖြစ်တယ်လို့ NGO အဖွဲ့ B’Tselem က ပြောကြားခဲ့ပါတယ်။

    အစ္စရေးစစ်တပ်ဟာ အင်္ဂါနေ့ညဘက်မှာ မြေတူးစက်တွေအသုံးပြုပြီး နေအိမ်တွေကို ဖြိုချဖျက်ဆီးခဲ့တာပါ။ မဖြိုချခင်မှာ ပစ္စည်းပြောင်းရွှေ့ဖို့ ၁၀ မိနစ်သာ အချိန်​ပေးခဲ့တယ်လို့ အိုးအိမ်ဆုံးရှုံးရသူတွေက ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် ရှက်တာယာဟ်က ပါလက်စတိုင်းပြည်သူတွေ အိုးမဲ့အိမ်မဲ့ဘ၀ရောက်အောင် အစ္စရေးက လုပ်ဆောင်နေမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်ဟန့်တားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းက ဂျော်ဒန်ချို့ဝှမ်းဒေသမှာ လူ ၆ သောင်းလောက် နေထိုင်ပါတယ်။ ဒါပေမယ့် အဲဒီဒေသရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အစ္စရေးက ထိန်းချုပ်ပိတ်ဆို့ထားပြီး တရားမဝင်အခြေချအိမ်ယာတွေ၊ စစ်စခန်းတွေ တည်ဆောက်ကာ ပါလက်စတိုင်းပြည်သူတွေ လျော့နည်းသွားအောင် လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက တရားမဝင်အိမ်ယာများ ထပ်မံတိုးချဲ့မည်

    ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက တရားမဝင်အိမ်ယာများ ထပ်မံတိုးချဲ့မည်

    အောက်တိုဘာ ၁၅၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းပိုင်နက်များ ကျူးကျော်သိမ်းပိုက်ခံရပုံ အဆင့်ဆင့်

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ တရားမဝင် ခြေချအိမ်ယာတွေ ထပ်မံတိုးချဲ့ဆောက်လုပ်ဖို့အတွက် အစ္စရေးက မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက အခြေချအိမ်ယာတွေ တည်ဆောက်တာဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ဘဲ ကမ္ဘာ့အသိုင်းအဝိုင်းကလည်း လက်ခံခြင်းမရှိပါဘူး။​ အနောက်ဖက်ကမ်းက ဒီတရားမဝင် အိမ်ယာတွေမှာ ဂျူလူမျိုး သန်းဝက်လောက်နေထိုင်နေပြီး ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးရဲ့အဓိပြဿနာလည်း ဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်တဲ့အစီအစဉ်မှာ အိမ်ယာ ၂၁၆၆ လုံး ဆောက်လုပ်ဖို့ ပါဝင်ပြီး၊ နောကထပ် အိမ်အလုံး ၂ ထောင်ကျော် ဆောက်လုပ်မယ့် အစီအစဉ်ကို ကြာသာပတေးနေ့မှာ အစ္စရေးက အတည်ပြုဖို့ ရှိနေပါတယ်။

    ဒါဟာ ယူ​အေအီး၊ ဘာရိန်းတို့နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ သဘောတူညီချက်ရပြီး တစ်လမပြည့်ခင်မှာပဲ ပေါ်ပေါက်လာတာပါ။

    ယူအေအီးနဲ့ ဘာရိန်းတို့က အနောက်ဖက်ကမ်းကို သိမ်းယူမယ့် အစ္စရေးရဲ့အစီအစဉ်ကို ဒီသဘောတူညီချက်နဲ့ ဟန့်တားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ Peace Now က တရားမဝင်အခြေချအိမ်ယာတွေ ဆောက်လုပ်မယ့် အစ္စရေးရဲ့ အစီအစဉ်ဟာ ပါလက်စတိုင်းနိုင်ငံပေါ်လာရေးကို လက်မခံဘူးဆိုတဲ့ ထင်ရှားတဲ့လက္ခဏာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera