News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၂၇)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၂၇)

    M-Media

    (ဓာတ်ပုံ – လက်ဘနွန်မှ စစ်ရှောင်များ)

    လက်ဘနွန်တွင် ၂ ရက်အတွင်း ကလေး ၅၀ အသတ်ခံရ
    ————–
    လက်ဘနွန်ကို အခုတစ်ပတ် အစောပိုင်းကစပြီး အစ္စရေးက ကျူးကျော်တိုက်ခိုက်နေရာမှာ ကလေးငယ်တွေ သေဆုံးမှုဟာ ၂ ရက်အတွင်း ၅၀ ထက်မနည်း ရှိခဲ့တယ်လို့ ကုလ ကလေးများအေဂျင်စီက ထုတ်ပြန်ပါတယ်။ ၂၀၀၆ ခုနှစ် အစ္စရေးရဲ့ ၃၃ ရက်တာ တိုက်ခိုက်သတ်ဖြတ်မှုမှာ တစ်ရက်ပျမ်းမျှ ကလေးငယ် ၁၂ ယောက်အသတ်ခံခဲ့ရပြီး အခုတိုက်ခိုက်သတ်ဖြတ်မှုက ပိုမို ဆိုးရွားလာတာ ဖြစ်ပါတယ်။

    ရိက္ခာဂိုဒေါင်ကို ဖျက်ဆီးခဲ့တဲ့ အစ္စရေး
    ——
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ကွာကီလ်ယာမြို့ကို ဒီကနေ့မနက်ပိုင်း အစ္စရေးတပ်ဖွဲ့တွေရဲ့ စီးနင်းမှုအတွင်း ကား၀ပ်ရှော့တစ်ခုနဲ့ ရိက္ခာဂိုထောင်တစ်ခုကို ဖောက်ထွင်းခဲ့ပြီး ရှိသမျှပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးဟာ အနောက်ဖက်ကမ်းမှာလည်း တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့်ပြုလုပ်နေတာဖြစ်ပါတယ်။

    အစ္စရေး၏ ကျူးကျော်မှုသည်သာ အဓိကအကြောင်းအရင်း
    ————
    အရှေ့အလယ်ပိုင်း မတည်မငြိမ်မှုတွေရဲ့ အဓိက အကြောင်းအရင်းဟာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေကြောင့် ဖြစ်တယ်လို့ လက်ဘနွန်နိုင်ငံခြားရေး၀န်ကြီးက ကုလညီလာခံမှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ သတ်ဖြတ်မှုတွေကို ကမ္ဘာကြီးက ထိုင်ကြည့်နေတာကိုလည်း ၀န်ကြီး ဟာဘစ်က ၀ေဖန်ခဲ့ပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ  (စက်တင်ဘာ ၁၇)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၁၇)

    M-Media

    (ဓာတ်ပုံ – အစားအသောက်အတွက် တန်းစီနေရသည့် ဂါဇာပြည်သူများ)

    ဂါဇာပြည်သူများ ထမင်းတစ်နပ်သာ စားနေရ
    ————–
    ဂါဇာမှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေရဲ့ ၈၃ ရာခိုင်နှုန်းကို အစ္စရေးက ၀င်ရောက်ခွင့်မပေးတာကြောင့် ဂါဇာပြည်သူတွေဟာ တစ်နေ့ ထမင်းတစ်နပ်သာ စားရတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်း ၁၅ ခုက ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ၁ နှစ်နီးပါး ရှိလာပြီဖြစ်တဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၄၂၀၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

    ပါလက်စတိုင်းကျောင်းသား တစ်သောင်းကျော် အသတ်ခံထားရ
    —————–
    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ ဂါဇာကမ်းမြှောင်နဲ့ အနောက်ဖက်ကမ်းတို့မှာ အစ္စရေးက သတ်ဖြတ်ထားတဲ့ ကျောင်းသားအရေတွက်ဟာ ၁၁၀၀ ဦးရှိတယ်လို့ ပါလက်စတိုင်း ပညာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူအရေအတွက်က ၁၇၇၇၂ ဦး ရှိပါတယ်။ ဂါဇာမှာ အသတ်ခံရသူ ကျောင်းသား ၁၀၈၈၈ ဦးရှိပြီး၊ ဒဏ်ရာရသူ ၁၇၂၂၄ ဦး၊ အနောက်ဖက်ကမ်းမှာ အသတ်ခံရသူ ၁၁၃ ဦးနဲ့ ဒဏ်ရာရသူ ၅၄၈ ဦး ဖြစ်ပါတယ်။

    အစ္စရေး၏ကျူးကျော်သိမ်းပိုက်မှု ရပ်တန့်ရေး ကုလတွင် ဆွေးနွေးမည်
    —————–
    ၁၉၄၈ ခုနှစ်က ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားမှု အဆုံးသတ်ရေး၊ အစ္စရေးတပ်တွေ အဲဒီပိုင်နက်ကနေ ထွက်ခွာရေး ကုလအထွေထွေညီလာခံမှာ မကြာခင် ဆွေးနွေးဖို့ ရှိနေပါတယ်။ အစ္စရေးရဲ့ ဒီကျူးကျော်မှုကို အမေရိကန်အပါအ၀င် ကမ္ဘာတစ်၀ှမ်းက တစ်စိုက်မတ်မတ် ရှုတ်ချခဲ့ပေမယ့် တပ်တွေဆုတ်ခွာပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိထိရောက်ရောက် ကြိုးပမ်းအားထုတ်ခြင်း မရှိပါဘူး။

    Ref: Aljazeera


  • ပါလက်စတိုင်း နိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၁၄)

    ပါလက်စတိုင်း နိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၁၄)

    M-Media

    (ဓာတ်ပုံ – ပါလက်စတိုင်းကို အသိအမှတ်ပြုထားသည့် နိုင်ငံများ (အစိမ်းရောင်))

    ပိုလီယို ကာကွယ်ဆေးထိုးနှံရေး အပစ်ရပ်ရန် ကုလတောင်းဆို
    ————–
    ဂါဇာကမ်းမြှောင်မှာ နောက်ထပ်တစ်ကြိမ် ပိုလီယိုကာကွယ်ဆေး ထိုးနှံနိုင်ရေး ခဏဝာာအပစ်ရပ်ဖို့အတွက် ကုလအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က ၁၂ ရက်နေ့အထိ ပထမအကျော့မှာ အသက် ၁၀ နှစ်အောက် ကလေးငယ်ပေါင်း ၅၅၈၉၆၃ ဦးကို ပိုလီယိုကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး နောက်ထပ် ၄ ပတ်အတွင်း ဒုတိယအကြိမ် ထိုးနှံပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    ၂ နှစ်နိုင်ငံတည်ရှိရေးကို ထောက်ခံကြောင်း ဥရောပထုတ်ပြန်
    ————–
    ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေးနဲ့ နှစ်နိုင်ငံတည်ရှိရေးအဖြေကိုသာ ထောက်ခံကြောင်း ဥရောပနဲ့ အာရပ် နိုင်ငံခြားရေး၀န်ကြီးတွေက စက်တင်ဘာ ၁၃ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။ ဂါဇာမှာ ချက်ခြင်း အပစ်ရပ်ပြီး အစ္စရေးတပ်တွေ ဆုတ်ခွာဖို့၊ ပါလက်စတိုင်းတွေ အိုးမဲ့အိမ်မဲ့ထပ်ဖြစ်တာမျိုး မလုပ်ဆောင်ဖို့ကိုလည်း ၀န်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။

    ဂါဇာတွင် အသတ်ခံရသူ ၄၁၀၀၀ ကျော်လာပြီ
    ————
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲအတွင်း အသတ်ခံရသူအရေအတွက်ဟာ ၄၁၁၁၈ ဦး ရှိလာပါပြီ။ အဲဒီအထဲက ၁၆၅၀၀ ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူက တစ်သောင်းကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အစ္စရေးဟာ ကိုယ်တိုင် သတ်မှတ်ပေးထားတဲ့ စစ်ရှောင်ဇုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင် ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။


  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၇)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၇)

    M-Media

    (ဓာတ်ပုံ – သတ်ဖြတ်ခံထားရသူ ပါလက်စတိုင်းများ၏ စျာပန)

    ဂါဇာတွင် ထိခိုက်သူအများစုက ကလေးငယ်များဖြစ်နေ
    —————
    ဂါဇာကမ်းမြှောင်က ဥရောပ-ဂါဇာ ဆေးရုံမှာ သြဂုတ်လက ၂ ပတ်တာ တာ၀န်ထမ်းဆောင်ခဲ့မှုအတွင်း ကုပေးခဲ့ရတဲ့ လူနာတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ၁၆ နှစ်အောက် ကလေးငယ်တွေဖြစ်တယ်လို့ ယူကေ ဆရာ၀န် ဗစ်တိုးရီးယားရို့စ်က ပြောပါတယ်။ သူမဟာ အခုနှစ် မတ်လကလည်း ဒီဆေးရုံမှာ တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ ၁၁ လ ကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေးရဲ့ ဂါဇာက တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ၄၁၀၀၀ နီးပါးရှိလာပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    အဟာရပြတ်လပ်သေဆုံးသည့် ကလေးငယ်အရေအတွက် ၃၇ ဦးအထိ ရှိလာ
    ——————
    စက်တင်ဘာ ၇ ရက်နေ့မှာ ဂါဇာက ကလေးငယ်တစ်ဦး အဟာရပြတ်လပ် သေဆုံးခဲ့ပြီး၊ ၁၁ လအတွင်း အဟာရပြတ်သေဆုံးသူ ကလေးငယ် ၃၇ ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။ အစ္စရေးဟာ လူသတ်ပွဲဆင်နွှဲနေသလို တစ်ဖက်မှာလည်း ဂါဇာကို နိုင်ငံတကာကပေးပို့တဲ့ အစားအသောက်၊ ဆေး၀ါး အကူအညီတွေ ၀င်ရောက်လို့မရအောင် နှောက်ယှက်ဟန့်တားနေပါတယ်။ ဂါဇာမှာ ကလေးငယ် ၅ သောင်းလောက်ဟာ အဟာရ ပြတ်လတ်မှုဒဏ်ကို ကာကွယ်ဖို့အတွက် ချက်ခြင်း ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ ကုလက ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။

    ဂါဇာတွင် တက္ကသိုလ် ၁၂ ခုစလုံး ဖျက်ဆီးခံထားရ
    ———————-
    ဂါဇာမှာ စာသင်ကျောင်းပေါင်း ၅၆၄ ကျောင်း ရှိတဲ့အနက် ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၇၇ ကျောင်းကို အစ္စရေးက လုံး၀ သုံးလို့မရအောင် ဖျက်ဆီးထားပါတယ်။ ကျန်ရှိနေတဲ့ ကျောင်းတွေလည်း တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံထားရပါတယ်။ ကမ်းမြှောင်အတွင်း တက္ကသိုလ် စုစုပေါင်း ၁၂ ခုရှိပြီး အားလုံးကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ ဂါဇာက တက္ကသိုလ်ကျောင်းသား ၈၈၀၀၀ လောက်ဟာ ပညာဆက်လက်သင်ယူနိုင်ခွင့် မရှိတော့ပါဘူး။


    Ref: Aljazeera

  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၆)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၆)

    M-Media

    (အနောက်ဖက်ကမ်းမှ တူလ်ကရင်မ်မြို့ကို အစ္စရေးက ဖျက်ဆီးထားမှု)

    ဂါဇာတွင် ပိုလီယိုကာကွယ်ဆေးထိုးနှံမှု အောင်မြင်စွာပြီးဆုံး
    ——————-
    ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံတွေ ဦးဆောင်ပြီး ဂါဇာကမ်းမြှောင်မှာ ပထမအသုတ် ပိုလီယို ကာကွယ်ဆေး ထိုးနှံမှု အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး ကလေးငယ် ၃၅၅၀၀၀ လောက် ဆေးရရှိခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းမှာ ဂါဇာတောင်ပိုင်းက ကလေးငယ် ၃ သိန်းလောက်ကို ထပ်မံထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဂါဇာကျန်းမာရေးဌာနက အစ္စရေးဟာ ဂါဇာတောင်ပိုင်းမှာ ဆေး၀ါးတင်သွင်းမှုကို တားဆီးထားတဲ့အတွက် ခက်ခဲနိုင်တယ်လို့ သတိပေးထားပါတယ်။

    တရားမ၀င်အခြေချသူများ၏ တိုက်ခိုက်မှု ပိုမိုမြင့်တက်လာ
    —————
    ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းက အစ္စရေးရဲ့ ကျူးကျော်အိမ်ယာမှာ နေထိုင်သူတွေရဲ့ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုဟာ အခုသီတင်းပတ်တွေမှာ ပိုမိုမြင့်တက်လာတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။ အနောက်ဖက်ကမ်းမှာ အစ္စရေးစစ်တပ်ရဲ့ စီနင်းတိုက်ခိုက်မှုကို အကာအကွယ်ယူကာ အကြမ်းဖက်မှုတွေ ပိုမိုတိုးလုပ်လာတာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ စီးနင်းမှုအတွင်း အနည်းဆုံး ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

    အမေရိကန် တက်ကြွလှုပ်ရှားသူ အမျိုးသမီး အသတ်ခံရ
    ——————
    အနောက်ဖက်ကမ်း ဘိုက်တာမြို့က ကျူးကျော်အိမ်ယာဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ တူရကီနွယ်ဖွား အမေရိကန်နိုင်ငံသား တက်ကြွလှုပ်ရှားသူ အသက် ၂၆ နှစ်အရွယ် အဇ်ဂီ အိုင်ဂီဟာ အစ္စရေးရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ သူမဟာ အင်္ဂါနေ့ကမှ ပါလက်စတိုင်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ ကျူးကျော်အိမ်ယာဆောက်လုပ်မှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ISM မှာ နိုင်ငံခြား တက်ကြွလှုပ်ရှားသူတွေ ပါ၀င်လေ့ရှိပြီး အစ္စရေးက ဒီလှုပ်ရှားမှုမှာ ပါ၀င်တဲ့ နိုင်ငံခြားသား ၃ ဦးအထိ သတ်ဖြတ်ထားပါတယ်။ ၂၀၀၃၊ ၂၀၀၄ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ဖြစ်ပါတယ်။

    Ref: Aljazeera