News @ M-Media

Tag: Palestine

  • ဟစ်တလာက ဂျူးများအပေါ်အသုံးပြုခဲ့သည့် ခွဲခြားမှုစနစ်ကို ပါလက်စတိုင်းတွင် အစ္စရေးက အသုံးပြုနေ

    ဟစ်တလာက ဂျူးများအပေါ်အသုံးပြုခဲ့သည့် ခွဲခြားမှုစနစ်ကို ပါလက်စတိုင်းတွင် အစ္စရေးက အသုံးပြုနေ

    နိုဝင်ဘာ ၂၃၊ ၂၀၁၇
    M-Media

    – ‘၆ ရက်စစ်ပွဲ’ ပြီးဆုံးကတည်းက အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်တာ၊ ထိန်းချုပ်တာတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်းလူဦးရေ ထိန်းချုပ်ရေး အစ္စရေးရဲ့ စနစ်တစ်ခုက နှစ်ပေါင်း ၅၀ အကြာမှာ ပုံပေါ်လာပါတော့တယ်။

    ၁၉၆၇ ခုနှစ် စစ်ပွဲပြီးဆုံးပြီးတဲ့နောက် သူတို့သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ပိတ်ပင်ဒေသများအဖြစ် သတ်မှတ်ခဲ့ပြီး အဲဒီဒေသမှာနေထိုင်တဲ့ ပါလက်စတိုင်းပြည်သူတွေ ဒေသကနေထွက်ခွာဖို့၊ ပြန်ဝင်ဖို့အတွက် အစ္စရေးထံကနေ ခွင့်ပြုချက်ယူရပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံရပ်ခြားရောက်နေတဲ့ ပါလက်စတိုင်းတွေဟာ နောက်ပိုင်းပြုလုပ်တဲ့ လူဦးရေစစ်တမ်းကောက်ယူမှုမှာ ထည့်သွင်းမခံရဘဲ၊ တရားဝင် အထောက်အထားတွေလည်း မရတော့ပါဘူ။

    ပါလက်စတိုင်းပြည်သူတွေရဲ့ အသက်ရှင်နေထိုင်မှုကို သီးခြားခွဲထုတ်လိုက်တဲ့ ဆောင်ရွက်မှုတစ်ခုက မှတ်ပုံတင်ကို အရောင်ခွဲထုတ်ပေးတဲ့စနစ်ဖြစ်ပြီး အစ္စရးစစ်တပ်နဲ့ အရပ်ဖက်စီမံခန့်ခွဲရေးဌာနတို့က ဒါကို ကိုင်တွယ်ပါတယ်။ ပါလက်စတိုင်းပိုင်အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တွေမှာ အသက် ၁၆ နှစ်ပြည့်တဲ့ ပါလ
    က်စတိုင်းတွေကို အစ္စရေးက အစိမ်းရောင်ကဒ်ပြားတွေထုတ်ပေးပြီး အရှေ့ဂျေရုစလင်နဲ့ အစ္စရေးက ပါလက်စတိုင်းတွေကိုတော့ အပြာရောင်ကဒ်တွေ ထုတ်ပေးပါတယ်။

    အဲဒီကဒ်တွေဟာ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကနေ မိသားစု ပြန်လည်ပေါင်းစည်မှုအထိ ပါလက်စတိုင်းပြည်သူတွေရဲ့ ဘ၀ရှင်သန်မှု အခြေအနေအားလုံးအပေါ် ရိုက်ခတ်မှုရှိပါတယ်။

    ထိန်းချုပ်မှုစနစ်

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့(PA) အစိုးရဟာ ၁၉၉၃ ခုနှစ်ကတည်းက ပါလက်စတိုင်းပိုင်နက်တွေရဲ့ အုပ်ချုပ်ရေးတာဝန်ကို ယူခဲ့ပေမယ့် မှတ်ပုံတင်တွေကို အစ္စရေးစစ်တပ်ကသာ ထုတ်ပေးနေတယ်လို့ ပါလက်စတိုင်း လူ့အအခွင့်အရေးအဖွဲ့ Al-Haq က စောင့်ကြည့်ရေးနဲ့ အချက်အလက်စုဆောင်းရေး အကြီးအကဲ တဟ်ဆင်း အီလေယန်က ပြောကြားခဲ့ပါတယ်။

    “အနောက်ဖက်ကမ်းနဲ့ ဂါဇာတို့က မှတ်ပုံတင်ထုပ်ပေးတဲ့ ကိစ္စတွေမှာဆိုရင် PA ဟာ ကဒ်တွေကို ပရင့်ထုတ်ပေးရုံအဆင့်လောက်သာ ရှိပါတယ်။ အစ္စရေးရဲ့ Bet Il ကျူးကျော်အိမ်ယာမှာ အခြေစိုက်တဲ့ အရက်ဖက်စီမံခန့်ခွဲရေးအဖွဲ့က လူဦးရေစာရင်းမှာ ပါဝင်မှုအပေါ်မူတည်ပြီး ပါလက်စတိုင်းတွေကို ကဒ်ထုတ်ပေးရမလား၊ မပေးရဘူးလားဆိုတာကို ဆုံးဖြတ်တာပါ” လို့ အီလေယန်က ဆိုပါတယ်။

    Gisha လူ့အခွင့်အရေးအဖွဲ့ရဲ့ နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးရေးမှူး မီရီယန် မာရ်မူရ်က ပါလက်စတိုင်းရဲ့ လူဦးရေစာရင်းကို အစ္စရေးက ချုပ်ကိုင်ထားခြင်းဟာ ပါလက်စတိုင်းပိုင်နက်တွေမှာ သွားလာလှုပ်ရှားမှုနဲ့ လူဦးရေအချိုးအစားကို ထိန်းချုပ်ရေး သူတို့ဆောင်ရွက်မှုမှာ အခရာကျတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပါလက်စတိုင်းတွေရဲ့ နေထိုင်ခွင့်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ခွင့်ကို ထိန်းချုပ်မှုနည်းလမ်းတစ်ခုအဖြစ် အစ္စရေးက သုံးပါတယ်။ လူဦးရေစာရင်းထဲမှာ ပါဝင်မှသာ ပါလက်စတိုင်းတွေဟာ အသိအမှတ်ပြုကဒ်တွေ၊ နိုင်ငံကူးလက်မှတ်တွေရပါတယ်” လို့ သူမက ဆိုပါတယ်။

    အနောက်ဖက်ကမ်းတစ်ခုလုံးမှာ အစ္စရေးက စစ်ဆေးရေးဂိတ်တွေ ချထားတာကြောင့် ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ပိုက်နက်အတွင်း ခရီးသွားတာတောင်မှ အဲဒီ အသိအမှတ်ပြုကဒ်တွေ လိုတယ်လို့ မာရ်မူရ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဒီလိုဆောင်ရွက်မှုမျိုးဟာ တောင်အာဖရိမှာ လူဖြူတွေက လူမည်းတွေနဲ့၊ ကပြားတွေရဲ့ သွားလာလှုပ်ရှားမှုကို ထိန်းချုပ်ဖို့၊ သူတို့က ပိုပြီးတော့ အခွင့်အရေးယူဖို့ ဆောင်ရွက်ခဲ့တဲ့ လူဖြူတွေရဲ့ ခွဲခြားရေးဥပဒတွေနဲ့လည်း သွားတူနေပါတယ်။

    ဥပဒေဖြင့် ခွဲခြားမှု

    အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနဲ့ ဂါဇာတို့မှာ ပါလက်စတိုင်းပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၂၅ နှစ်အတွင် အစ္စရေးက ဆိုးဆိုးဝါးဝါးကန့်သတ်လာခဲ့ပြီး ခွဲခြားမှုဟာ ‘ဥပဒေဖြစ်လာကာ ခွင့်ပြုမှုက ခြွင်းချက်ဖြစ်လာတယ်’ လို့ မာရ်မူရ်က ဆိုပါတယ်။

    အနောက်ဖက်ကမ်းက ပါလက်စတိုင်းတွေကို ဂါဇာကမ်းမြှောင်နဲ့ ဂျေရုစလင်ကို သွားခွင့်မပြုဘဲ အစ္စရေးထံကနေ အထူးဖြတ်သန်းခွင့်ရမှ သွားလို့ရပါတယ်။ အဲဒီလိုပဲ ဂါဇာက ပါလက်စတိုင်းတွေဟာလည်း အစ္စရေးစစ်တပ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဂျေရုစလင်နဲ့ အနောက်ဖက်ကမ်းတွေကို သွားလို့မရပါဘူး။

    “အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်မှာ အစ္စရေးစစ်တပ်က ထိန်းချုပ်ထားပြီး ဥပဒေတွေကလည်း မတူပါဘူး။ အဲဒီဒေသတစ်ခုချင်းစီကို အစ္စရေးစစ်တပ်ရဲ့ တပ်မှူးတစ်ဦးစီက စီမံခန့်ခွဲတာဖြစ်ပါတယ်။ ဒါဟာ အဲဒီဒေနှစ်ခုကို ခွဲခြားပြီး ထိန်းချုပ်ရလွယ်အောင် လုပ်တာဖြစ်ပါတယ်” လို့ အီလေယန်က ပြောကြားခဲ့ပါတယ်။

    မာရ်မူရ်က အစ္စရေးဟာ မြေပြင်မှာ ၂၀၀၀ ခုနှစ်ကစပြီး အမြဲတမ်းနေထိုင်ခွင့်အတွက် နေရာပြောင်းလဲတာကို ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။

    “ရလဒ်အနေနဲ့ ပါလက်စတိုင်းတော်တော်များများဟာ သူတို့နေထိုင်မယ့်နေရာကို ရွေးချယ်လို့ မရတော့သလို ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ အခွင့်အလမ်းတွေလည်း ဆုံးရှုံးသွားပါတယ်”

    ဂါဇာကကျောင်းသားတွေ အနောက်ဖက်ကမ်းမှာ သွားရောက်ပညာသင်ကြားခွင့်ကိုလည်း ပြီးခဲ့တဲ့နှစ်ကစပြီး အစ္စရေးက တားမြစ်ပိတ်ပင်လိုက်ပါတယ်။

    မိသားစု ပြန်လည်ပေါင်းစည်းရေး

    အဲဒီလို အရောင်ခွဲထားတဲ့ မှတ်ပုံတင်တွေကြောင့် ခင်ပွန်းနဲ့ ဇနီး ကိုင်ထားကဒ် အရောင်ခြင်းမတူရင် မိသားစု ပြန်လည်ပေါင်းစည်းခွင့်လည်း မရတော့ပါဘူး။

    “အနောက်ဖက်ကမ်းကလူနဲ့ အိမ်ထောင်ကျတဲ့ ဂါဇာကလူတွေဟာ အနောက်ဖက်ကမ်းကို ပြောင်းရွှေ့ပြီး အိမ်ထောင်ဖက်နဲ့ အတူနေထိုင်လို့ မရပါဘူး” လို့ မာရ်မူရ်က ပြောကြားခဲ့ပါတယ်။

    နောက်ထပ်ပိုဆိုးတာက ဒီကဒ်ကိုင်ထားတဲ့သူနဲ့ ကဒ်မရှိတဲ့သူ အိမ်ထောင်ပြုမယ်ဆိုရင် အစ္စရေးစစ်တပ်က အတင်းအဓမ္မခွဲတာနဲ့ ကြုံရပြီး မွေးလာတဲ့ကလေးတွေဟာ ကဒ်ရှိတဲ့သူတစ်ဦးရဲ့အောက်မှာပဲ စာရင်းသွင်းခံရတာပါ။

    Palestinian Center for Policy and Survey Research အဖွဲ့က ၂၀၁၃ ခုနှစ်မှာပြုလုပ်တဲ့ သုတေသနအရ ဂါဇာမှာနေထိုင်သူတွေရဲ့ ၃၁ ရာခိုင်နှုန်း – သန်းဝက်ကျော်ကျော်လောက်-ဟာ အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နဲ့ အစ္စရေးတို့မှာ ဆွေမျိုးတွေရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ၂၆ ရာခိုင်နှုန်းက အနောက်ဖက်ကမ်းမှာ ဆွေမျိုးတွေ ရှိနေပါတယ်။

    ဂျေရုစလင်က အပြာရောင်ကဒ်

    ဂျေရုစလင်မှာ အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ ပါလက်စတိုင်းတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ထားခြင်းမရှိပါဘူး။ ဂါဇာကိုသွားဖို့အတွက် ခွင့်ပြုချက်လိုပေမယ့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနဲ့ ခေတ်သစ် အစ္စရေးနိုင်ငံအတွင်းမှာတော့ သူတို့တွေဟာ လွတ်လပ်စွာ သွားလာနိုင်ပါတယ်။

    ဒါပေမယ့် အခြားသော နည်းလမ်းတွေနဲ့ ကန့်သတ်မှု လုပ်ထားပါတယ်။

    “ဂျေရုစလင်မှာ အမြဲတမ်းနေထိုင်ခွင့် ကျွန်မတို့ကို ပေးတယ်ဆိုတာ အထူးအခွင့်အရေး ပေးတယ်ဆိုတာမျိုးဖြစ်အောင် အစ္စရေးက လုပ်ထားတာပါ။ ဒါပေမယ့် ပျားရည်နဲ့ ၀မ်းချတာမျိုးပါ။ အဲလင်ဘီနယ်ခြားကို ဖြတ်တဲ့အခါမှာ ကျွန်မတို့ တန်းသိပ်မစီရဘူးဆိုတာ ဟုတ်တယ်။ (ဂါဇာကလွဲပြီး) ဒေသအတွင်းမှာ လွတ်လပ်စွာ
    သွားလာခွင့်ရတယ်ဆိုတာ ဟုတ်တယ်။ ဒါပေယ့် စစ်ဆေးရေးဂိတ်တွေမှာ ကျွန်မတို့ဟာ ရှာဖွေခံနေရပြီး၊ အရှက်တကွဲအကျိုးနည်း ဖြစ်နေရတုန်းပါ” လို့ ဂျေရုစလင်က မူလန်းတန်းပြဆရာမ ဒါလီယာ နက်စ်ဟက်စ်ဟီဘီက ပြောကြားခဲ့ပါတယ်။

    ဂျေရုစလင်မှတ်ပုံတင်ကိုင်ထားတဲ့ ပါလက်စတိုင်းတွေဟာ ဘယ်အချိန်မှာ ကဒ်ပြန်ရုပ်သိမ်းခံရမလဲဆိုတဲ့ စိုးရိမ်မှုတွေနဲ့ နေထိုင်နေရတာဖြစ်ပါတယ်။ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းအတွင်း ဂျေရုစလင်မဟုတ်ဘဲ တစ်ခြားနေရာမှာနေထိုင်မယ်ဆိုရင်လည်း အစ္စရေးက တစ်မျိုးတစ်ဖုံ ကန့်သတ်ထားပါတယ်။

    စားဝတ်နေရေးနဲ့ မိသားစုအကြောင်းအရင်းတွေကြောင့် ဂျေရုစလင်က ပါလက်စတိုင်းတွေဟာ အနောက်ဖက်ကမ်းမှာ နေထိုင်နေရပေမယ့် ဂျေရုစလင်မှတ်ပုံတင် အသိမ်းမခံရဖို့အတွက် မြို့မြူနီစီပယ် နယ်နမိတ်အတွင်းမှာ ရှိနေတဲ့ အိမ်ကိုတော့ ဒီအတိုင်းထားထားရပါတယ်။ အပြာရောင်ကဒ်ရထားသူတွေဟာ အဲဒီအိမ်တွေမှာ အမှန်တကယ်နေထိုင်လားဆိုတာကို အစ္စရေးအာဏာပိုင်တွေက ရှောင်တခင်စစ်ဆေးတာမျိုး ပုံမှန်လုပ်လေ့ရှိပါတယ်။

    ပါလက်စတိုင်းတွေဟာ အမျိုးသားအာမခံဆိုတဲ့ အခွန်အပြင် သူတို့ရဲ့ ပိုင်ဆိုင်မှုအတွက် အစ္စရေးကို မတော်မတရားအခွန်ငွေတွေလည်း ပေးဆောင်ရပါတယ်။ ဒါပေမယ့် မြူနီစီပယ်ဌာနရဲ့ ၀န်ဆောင်မှုကတော့ အနည်းဆုံးသာရရှိပြီး သူတို့ရပ်ကွက်တွေမှာ အခြေခံအဆောက်အဦး မပြည့်စုံတာ၊ ကျန်မာရေး၊ ပညာရေးဝန်ဆော
    င်မှုတွေ အားနည်းတာကိုလည်း ခံစားနေရပါတယ်။

    အီလေယန်က ဒါဟာ ဂျေရုစလင်မှာ ဂျူး ၇၀ ရာခိုင်နှုန်း၊ ပါလက်စတိုင်း ၃၀ ရာခိုင်နှုန်းရှိရေး အစ္စရေးရဲ့ ကြိုးပမ်းမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

    “ဂျေရုစလင်မှတ်ပုံတင်ထုတ်ပေးတဲ့ လူဦးရေးစာရင်းမှာ ပါလက်စတိုင်းတွေကို နည်းအောင် သူတို့လုပ်ပြီး၊ ဂျူးတွေသာနေထိုင်တဲ့ တရားမ၀င်အိမ်ယာတွေကို မြို့တစ်ဝိုက်မှာ ဆောက်လုပ်ကာ လူဦးရေအချိုးအစား ပြောင်းလဲအောင်လည်း လုပ်ဆောင်နေပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

    ဂျေရုစလင်မှတ်ပုံတင်ကိုင်ထားတဲ့ ပါလက်စတိုင်းတွေအနေနဲ့ တိုင်းပြည်ပြင်ပမှာ နေထိုင်မယ်ဆိုရင် ပိုဆိုးတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့ရတယ်လို့ နာရှာရှီဘီက ပြောပါတယ်။

    “၃ နှစ်ကျော်လောက် နိုင်ငံခြားမှာ နေထိုင်ပြီဆိုရင် ကျွန်မတို့ရဲ့ ဂျေရုစလင်မှာ နေထိုင်ခွင့်ဟ အလိုအလျောက် ဆုံးရှုံးသွားပါတယ်။ ကျွန်မတို့ဟာ ဘက်ပေါင်းစုံကနေ ထိခိုက်ခံစားနေရတာပါ။ ဂျေရုစလင်မှတ်ပုံတင်ဟာ အကောင်းထက် အဆိုးက ပိုများပါတယ်”

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် The colour-coded Israeli ID system for Palestinians ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

     

  • ပါလက်စတိုင်းအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ဂါဇာနယ်ခြား ပြန်ဖွင့်

    ပါလက်စတိုင်းအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ဂါဇာနယ်ခြား ပြန်ဖွင့်

    နိုဝင်ဘာ ၁၈၊ ၂၀၁၇
    M-Media

     နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနသည့် ပါလက်စတိုင်းပြည်သူများ

    – နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ဂါဇာကမ်းမြှောင်ရှိ အီဂျစ်-ဂါဇာနယ်ခြားကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အစ္စရေး၏ ဖိနှိပ်ပိတ်ဆို့မှုများကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်းပြည်သူများအတွက် မျှော်လင့်ချက်များ ရှင်သန်လာခဲ့သည်။

    ၂၀၀၇ ခုနှစ်တွင် ကမ်းမြှောင်အား ဟားမက်စ်အဖွဲ့က ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် နယ်ခြားကို အီဂျစ်က အမြဲလိုလို ပိတ်ထားခဲ့ပြီး တစ်ခါတစ်ရံမှသာ ဖွင့်ပေးခဲ့သည်။

    ပြီးခဲ့သည့်လ အီဂျစ်ကြားဝင်သည့် ဟားမက်စ်နှင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့၏ ရင်ကြားစေ့ရေး ကြိုးပမ်းမှု အောင်မြင်ခဲ့ပြီးနောက် ဟားမက်စ်မှာ အီဂျစ်၊ အစ္စရေးတို့နှင့် နယ်စပ်ဖြတ်ကျော်မှု စီမံခန့်ခွဲရေးကို သမ္မတ မဟ်မူးဒ်အဘတ်စ် ဦးဆောင်သည့် အစိုးရအဖွဲ့အား လွှဲအပ်ခဲ့သည်။

    အစ္စရေးက ပိတ်ဆို့ထားမှု အီဂျစ်က နယ်စပ်ပိတ်ထားမှုတို့ကြောင့် ဂါဇာပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ဆိုးဆိုးဝါးဝါး ခံစားနေရပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ယခုကဲ့သို့ နယ်စပ်ပြန်ဖွင့်နိုင်မှုက ၎င်းတို့၏ ဒုက္ခသုက္ခများကို ပြေလည်စေနိုင်မည်ဟု ပြည်သူ
    များက မျှော်လင့်နေကြသည်။

    Ref: Alarabiya

     

  • နိုင်ငံပျောက်ဆုံးခဲ့ရသည့် ဘဲလ်ဖိုးကြေငြာချက် နှစ် ၁၀၀ ပြည့် ပါလက်စတိုင်းများ ဆန္ဒပြ

    နိုင်ငံပျောက်ဆုံးခဲ့ရသည့် ဘဲလ်ဖိုးကြေငြာချက် နှစ် ၁၀၀ ပြည့် ပါလက်စတိုင်းများ ဆန္ဒပြ

    နိုဝင်ဘာ ၃၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းကျောင်းသားများ ဆန္ဒပြမှု

    – ဥရောပမှ ဂျူးများအား ပါလက်စတိုင်းပိုင်နက်တွင် နိုင်ငံတည်ထောင်ပေးရန် အစပြုခဲ့သည့် ဘဲလ်ဖိုးကြေငြာချက် နှစ် ၁၀၀ ပြည့်တွင် ထိုကြေငြာချက်အား ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် ပါလက်စတိုင်းပြည်သူများက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ရာမာလာမြို့တွင် ပါလက်စတိုင်းပြည်သူ ထောင်ပါင်းများစွာမှာ ဘဲလ်ဖိုးကြေငြာချက်အား ဆန့်ကျင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဗြိတိန် ယဉ်ကျေးမှုစင်တာသို့ ချီတက်ခဲ့ကြသည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ထုတ်ပြန်သော ကြေငြာချက်တွင် ဗြိတိန်အနေဖြင့် ထိုကြေငြာချက်အတွက် တောင်းပန်ရန်၊ ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုရန်နှင့် ပါလက်စတိုင်းပြည်သူများအား နိုင်ငံရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နစ်နာကြေးများပေးရန် တောင်းဆိုခဲ့သည်။

    အရှေ့ဂျေရုစလင်ရှိ ဗြိတိန် ကောင်စစ်ဝန်ရုံးတွင်လည်း ရာနှင့်ချီသော ပါလက်စတိုင်းပြည်သူများက ဆန္ဒပြခဲ့ကြသည်။

    ဘဲလ်ဖိုးကြေငြာချက်ကြောင့် ပါလက်စတိုင်းကျောင်းသားများ ခံစားနေရသည့် ဒုက္ခ၊ သုက္ခများကို ရေးသားထားသည့် စာတမ်းတစ်စောင်ကို ပါလက်စတိုင်းကျောင်သား တစ်သိန်းကျော်က လက်မှတ်ရေးထိုးကာ ဗြိတိန် ကောင်စစ်ဝန်ရုံးသို့ ပေးပို့ခဲ့သည်။

    “ဘဲလ်ဖိုးကတိက၀တ်ကို ဆန့်ကျင်တဲ့အနေနဲ့ ပါလက်စတိုင်းကျောင်းတွေက ကျောင်းသားပေါင်း တစ်သိန်းကျော်ရဲ့ လက်မှတ်တွေကိုယူပြီး ကျွန်မတို့ ဒီကို ရောက်နေတာပါ။ နှစ်ပေါင်း ၁၀၀ ကြာပြီးတဲ့နောက်ပိုင်း ကျွန်မတို့ ပါလက်စတိုင်းတွေဟာ ကိုယ့်ပိုင်အခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။ ကလေးတွေဖြစ်တဲ့ ကျွန်မတို့ရဲ့
    အသံကို သူတို့ ဂရုစိုက်မယ်လို့ မျှော်လင့်ပါတယ်” ဟု အသက် ၁၇ နှစ်အရွက် ပါလက်စတိုင်းကျောင်းသူ ခဒီဂျာ ခါလက်ဖ်က ပြောကြားခဲ့သည်။

    ဆန္ဒပြသူများမှာ ‘ဗြိတိန်ကို ဆန့်ကျင်သည်’ ‘တရားမျှတမှု၊ အင်အား၊ လွတ်မြောက်မှုနဲ့ ငါတို့ရဲ့တိုင်းပြည်ဟာ ပါလက်စတိုင်းပါ’ ဆိုသည့် ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။

    တောင်အာဖရိက

    တောင်အာဖရိကရှိ အစ္စရေးသံရုံးရှေ့တွင် ဆန္ဒပြမှု

    တောင်အာဖရိကနိုင်ငံ ပရီတိုရီယာရှိ အစ္စရေးသံရုံးရှေ့တွင် ရာနှင့်ချီသော ပြည်သူများမှာ ပါလက်စတိုင်းအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခု ယမန်နေ့တွင် ပြုလုပ်ခဲ့သည်။

    ဆန္ဒပြသူများမှာ အနီရောင်တီရှပ်များဝတ်ဆင်ကာ ‘ပါလက်စတိုင်းများအား အစ္စရေးက လူမျိုးစုလိုက်သုတ်သင်မှု’ ကို ရပ်တန့်ရန်၊ ဂါဇာကမ်းမြှောင်အား တိုက်ခိုက်မှုကို ရပ်တန့်ရန် တောင်းဆိုခဲ့ကာ သီဆိုကခုန်မှုများလည် ပြုလုပ်ခဲ့သည်။

    ၁၉၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘဲလ်ဖိုးမှာ ဗြိတိန်ဂျူးလူ့အဖွဲ့အစည်းခေါင်းဆောင် ရော့သ်ချိုင်းအား ပေးပို့သည့်စာတွင် ဥရောပရှိ ဂျူးများအတွက် ပါလက်စတိုင်းတွင် နိုင်ငံတစ်ခုတည်ထောင်ပေးမည်ဟု ကတိပြုခဲ့သည်။

    ထိုကတိအတိုင်း ပထမကမ္ဘာစစ်ပြီးနောက် ဗြိတိန်က ပါလက်စတိုင်းအား အုပ်စိုးခွင့်ရသည့်အချိန်တွင် ဥရောပမှ ဂျူးများကို အစုလိုက်အပြုံလိုက် ခေါ်သွင်းခြင်း၊ ဂျူးများကို ကိုယ်ပိုင်အသင်းအဖွဲ့များ ဖွဲ့စည်းစေခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။

    ၁၉၄၇ ခုနှစ် ပါလက်စတိုင်းမှ ဗြိတိန်ထွက်ခွာသွားသည့် အချိန်တွင် ဂျူးစစ်တပ်မှာ ပါလက်စတိုင်းများကို မောင်းထုတ်ကာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့သည်။

    Ref: Aljazeera

  • ဂါဇာနယ်စပ် စီမံမှုကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သို့ ဟားမက်စ်က လွှဲပေး

    ဂါဇာနယ်စပ် စီမံမှုကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သို့ ဟားမက်စ်က လွှဲပေး

    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media

    ဂါဇာရှိ ရာဖာနယ်ခြား

    – ဂါဇာရှိ နယ်စပ် ၅ ခု ဖြတ်ကျော်မှု စီမံအုပ်ချုပ်ခွင့်ကို ဟားမက်စ်အဖွဲ့က ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သို့ လွှဲပြောင်းပေးလိုက်ပြီး အောက်တိုဘာ ၁၂ ရက်နေ့က အီဂျစ်တွင် ရရှိခဲ့သည့် နှစ်ပါတီ ညီညွတ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။

    ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် နယ်စပ်များကို ဟားမက်စ်က လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး မည်သည့်အပေးအယူမှ မရှိကြောင်း၊ ၂၀၀၇ ခုနှစ် သဘောထားကွဲလွဲမှုမတိုင်ခင်က ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ထိန်းချုပ်မှုအနေအထားကို ပြန်လည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖာတာ ပြောရေးဆိုခွင့်ရှိသူ အိုစမာ ကာဝက်စ်မီက ပြောကြားခဲ့သည်။

    ယခုလွှဲပြောင်းမှုကြောင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ အီဂျစ်နယ်စပ်ရှိ ကာရမ် အဘူ စလင်း နယ်ခြား၊ ရာဖာနယ်စပ်နှင့် ဘီအစ် ဟာနွန်နယ်စပ်တို့ကို စီမံအုပ်ချုပ်ခွင့်ရရှိမည်ဖြစ်သည်။ ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ ဘီအစ် ဟာနွန်နယ်စပ်ကို လက်ရှိတွင် အစ္စရေးက ထိန်းချုပ်ထားသည်။

    အင်္ဂါနေ့က ထုတ်ပြန်သော ကြေငြာချက်၌ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၏ မြို့ပြရေးရာဝန်ကြီး ဟူစိန် အလ်ရှိခ်က ညီညွတ်သောအစိုးရအနေဖြင့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရာဖာနယ်ခြား ဖြတ်သန်းနိုင်ရေးအတွက် အီဂျစ်အာဏာပိုင်များနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့သည်။

    ဂါဇာကမ်းမြှောင် တောင်ပိုင်းရှိ အဓိကနယ်စပ်ဖြစ်သော ရာဖာကို ဟားမက်စ်က ထိန်းချုပ်ပြီးချိန်မှစ၍ အီဂျစ်က အချိန်တော်တော်ကြာ ပိတ်ထားခဲ့သည်။ ဂါဇာမြောက်ဘက်တွင်ရှိသော ဘီအစ်ဟာနွန် နယ်ခြားကို အစ္စရေးက ထိန်းချုပ်ထားသည်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ ကာရ်နီ၊ ကရင်မ် ရှာလွမ်နှင့် ဆူဖာ ကုန်စည်ကူးသန်းရေး နယ်ခြားများကိုလည်း တာဝန်ယူ စီမံရမည်ဖြစ်သည်။

    Ref : Aljazeera

     

  • ဘဲလ်ဖိုးကြေငြာချက် (သို့မဟုတ်) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု အစ

    ဘဲလ်ဖိုးကြေငြာချက် (သို့မဟုတ်) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု အစ

    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းများ နိုင်ငံပျောက်ဆုံးမှု အဆင့်ဆင့်

    – ၁၉၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဘဲလ်ဖိုးကြေငြာချက် နှစ် ၁၀၀ ပြည့်ကို ကမ္ဘာတစ်ဝှမ်းက ပါလက်စတိုင်းလူမျိုးတွေဟာ ၀မ်းနည်းကြေကွဲစွာ အောက်မေ့သတိရကြမှာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းမှာ ‘ဂျူးလူမျိုးတွေအတွက် အမျိုးသားနိုင်ငံတစ်ခု’ ထူထောင်ပေးမယ်လို့ ဗြိတိန်က ကတိပေးခဲ့တဲ့ အဲဒီကြေငြာချက်ဟာ ပါလက်စတိုင်းပိုင်နက်အတွင်း ဂျူးနိုင်ငံထူထောင်ရေး ဇိုင်ယွန်ဝါဒီတွေရဲ့ ရည်ရွယ်ချက်ကို လက်တွေ့ဖြစ်ပေါ်လာစေတဲ့ စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်။

    ဒီကတိက၀တ်ဟာ နက္ကဘာ (Nakba) လို့ခေါ်တဲ့ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းတွေ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံရမှုအတွက်၊ အစ္စရေးနိုင်ငံ တည်ထောင်မှုနဲ့အတူ ပဋိပက္ခတစ်ခုအတွက် အဓိက မီးထိုးပေးခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။

    ဘဲလ်ဖိုးကြေငြာချက်ဆိုတာ ဘာလဲ

    ဘဲလ်ဖိုးကြေငြာချက်ဆိုတာ ပါလက်စတိုင်းနိုင်ငံအတွင်း ‘ဂျူးတွေအတွက် အမျိုးသားနိုင်ငံတစ်ခု’ တည်ထောင်ရေး ရည်ရွယ်ကာ ၁၉၁၇ ခုနှစ်မှာ ဗြိတိန်က လူသိရှင်ကြား ကတိပြုခဲ့မှု ဖြစ်ပါတယ်။

    ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အာသာ ဘဲလ်ဖိုးက ဗြိတိန်ဂျူးလူ့အဖွဲ့အစည်းခေါင်းဆောင် လီယွန်နဲလ် ဝေါလ်တာ ရော့သ်ချိုင်းလ်ကို ပေးစာမှာ ဒီကတိက၀တ် ပါဝင်ခဲ့တာပါ။

    ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈) အတွင်းမှာ ပေးခဲ့တဲ့ ဒီကတိက၀တ်မှာ အော်တိုမန်အင်ပါယာ ပြိုကွဲသွားပြီးနောက် ‘ပါလက်စတိုင်းကို ဗြိတိန်က အုပ်စိုးပိုင်ခွင့်’ (British Mandate for Palestine) ဆိုတဲ့ အသုံးအနှုန်းလည်း ပါဝင်ပါတယ်။

    အဲဒီ အုပ်စိုးပိုင်ခွင့်ဆိုတာ မဟာမိတ်နိုင်ငံတွေက ကိုလိုနီဝါဒ၊ ကျူးကျော်သိမ်းပိုက်ရေးဝါဒအတွက် လူကြားကောင်းအောင် အသုံးပြုတဲ့ စကားလုံးဖြစ်ပါတယ်။

    အဲဒီစနစ်အရ စစ်ပွဲမှာ ရှုံးခဲ့တဲ့ ဂျာမနီ၊ သြစတြီးယား-ဟန်ဂေရီ၊ အော်တိုမန်အင်ပါယာနဲ့ ဘူလ်ဂေးရီးယားတို့က သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်အောင်နိုင်သူတွေကို လွှဲပေးခဲ့ရပါတယ်။

    ဒီ အုပ်စိုးပိုင်ခွင့်စနစ်ဟာ နောင်ပေါ်ထွက်လာမယ့် နိုင်ငံတွေ လွပ်လပ်ရေးမရခင်အထိ ဒီဒေသတွေကို စစ်နိုင်သူတွေကို စိုးမိုးအုပ်ချုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ဒါပေမယ့် ပါလက်စတိုင်းဒေသအတွက်တော့ ဒီစနစ်ဟာ ထူးခြားပါတယ်။ စစ်အပြီး အခြားသော အုပ်စိုးပိုင်ခွင့်တွေနဲ့ မတူတာက ပါလက်စတိုင်းကို ဗြိတိသျှရဲ့အုပ်စိုးမှုဟာ အဲဒီအချိန်တုန်းက ပါလက်စတိုင်းလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအောက်သာရှိတဲ့ ဂျူးတွေကို ‘ဂျူးအမျိုးသားနိုင်ငံ’ ထူထောင်နိုင်ရေး အခြေအနေတွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။

    ပါလက်စတိုင်းဒေသကို ဗြိတိသျှက တာဝန်ယူတဲ့အချိန်ကစပြီး ဥရောပက ဂျူးတွေကို ဗြိတိသျှက အစုလိုက်အပြုံလိုက် ခေါ်သွင်းလာခဲ့ပါတယ်။ ၁၉၂၂ ခုနှစ်နဲ့ ၁၉၃၅ ခုနှစ်အတွင်းမှာ ပါလက်စတိုင်းဒေသက ဂျူးအရေအတွက်ဟာ ၉ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

    ‘ပါလက်စတိုင်းရှိ ဂျူးမဟုတ်သော လူ့အဖွဲ့အစည်းများ၏ နိုင်ငံသား အခွင့်အရေးနှင့် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ထိခိုက်စေနိုင်သည့် မည်သည့်ကိစ္စကိုမှ မပြုလုပ်ရ’ ဆိုတဲ့ သတိပေးချက်မျိုး ဘဲလ်ဖိုးကြေငြာချက်မှာ ပါဝင်ပမယ့် ပါလက်စတိုင်းအာရပ်တွေ ကန့်ကွက်နေတဲ့ကြားထဲက ဂျူးတွေ ကိုယ်ပိုင်အုပ်ချုပ်နိုင်မယ့် အစီအစဉ်
    တွေအားလုံးကို ဗြိတိသျှက ဖန်တီးပေးခဲ့ပါတယ်။

    ဘာ့ကြောင့် ဒီကြေငြာချက်က အငြင်းပွားဖွယ်ဖြစ်ရတာလဲ

    ဒီကြေငြာချက်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်အကြောင်းအရင်း တော်တော်များများ ရှိပါတယ်။

    ပထမဆုံးအချက်က – ပါလက်စတိုင်း-အမေရိကန် ပညာရှင် အက်ဒ၀ပ် စအီးဒ်ရဲ့ စကားနဲ့ပြောရရင် ဒီကြေငြာချက်ဟာ ‘ဥရောပမှာမဟုတ်တဲ့ ပိုင်နက်တစ်ခုကို အဲဒီဒေသက ရှိရင်းစွဲ ဌာနေလူမျိုးစုရဲ့ တည်ရှိမှု၊ သဘောဆန္ဒတွေကို လုံးဝ လစ်လျူရှုတဲ့ ဥရောပအင်အားကြီးနိုင်ငံတစ်ခုရဲ့ ဆောင်ရွက်ချက်’ ဆိုတာပါပဲ။

    အနှစ်ချုပ်ရရင် ဘဲလ်ဖိုးကြေငြာချက်ဟာ ဂျူးမဟုတ်တဲ့ ဌာနေ ၉၀ ရာခိုင်နှုန်းကျော်လောက်ရှိတဲ့ဒေသမှာ ဂျူးနိုင်ငံတစ်ခု တည်ထောင်ဖို့ ကတိပေးလိုက်တာ ဖြစ်ပါတယ်။

    ဒုတိယအချက်က – ဒီကြေငြာချက်ဟာ စစ်အတွင်းမှာ ဗြိတိသျှရဲ့ ရှေ့နောက်မညီတဲ့ ကတိက၀တ်တွေထဲက တစ်ခုဖြစ်နေပါတယ်။

    ဒီကြေငြာချက် ထွက်လာတဲ့အချိန်ဟာ အော်မန်အင်ပါယာကနေ အာရပ်နယ်မြေတွေ လွပ်လပ်စေရမယ်လို့ ၁၉၁၅ ခုနှစ် Hussein-McMahon အပြန်အလှန်ပေးစာနဲ့ ဗြိတိသျှက အာရပ်တွေကို ကတိပေးထားပြီးတဲ့ အချိန်ပါ။

    ပါလက်စတိုင်းက ဌာနေလူများစုတွေကို နိုင်ငံတကာရဲ့ စီမံခန့်ခွဲမှုအောက်မှာထားပြီး ကျန်တဲ့ ဒေသတွင်းအစိတ်အပိုင်းတွေကို စစ်ပြီးရင် ကိုလိုနီအင်အားကြီးနိုင်ငံတွေ ခွဲဝေယူစေမယ်လို့ ၁၉၁၆ ခုနှစ်မှာ Sykes-Picot သဘောတူညီချက်နဲ့ ဗြိတိသျှဟာ ပြင်သစ်ကိုလည်း ကတိပေးထားပါတယ်။

    ဒါပေမယ့် ဒီကြေငြာချက်က ပါလက်စတိုင်းကို ဗြိတိသျှက သိမ်းပိုက်မယ့်အနေအထားကို ရောက်စေခဲ့ပြီး အဲဒီမှာနေထိုင်တဲ့ အာရပ်တွေကလည်း လွတ်လပ်ရေး မရတော့ပါဘူး။

    နောက်ဆုံးတစ်ခုက – ဒီကြေငြာချက်ဟာ နိုင်ငံတကာဥပဒေမှာ မရှိတဲ့ ‘အမျိုးသားနိုင်ငံ’ (National Home) ဆိုတဲ့ အယူအဆ၊ အသုံးအနှုန်းကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

    ဂျူးလူမျိုးတွေအတွက် ‘အမျိုးသားနိုင်ငံ’ ဆိုတဲ့ ဒီစကားလုံးဟာ ‘နိုင်ငံ’ (State) ဆိုတဲ့ စကားလုံးနဲ့ ဆန့်ကျင်တဲ့ မပြတ်မသား စကားလုံးဖြစ်ပြီး အဓိပ္ပါယ်ကို လိုသလိုဖွင့်လိုရတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။

    စောစောပိုင်းက ကြေငြာချက်မူကြမ်းတွေမှာ ‘ပါလက်စတိုင်းကို ဂျူးနိုင်ငံအဖြစ် ပြန်လည်ဖန်တီးခြင်း’ လို့ သုံးနှုန်းခဲ့ပြီး နောက်ပိုင်းမှာ ဒီစကားလုံးကို ပြောင်းလဲခဲ့ပါတယ်။

    ၁၉၂၂ ခုနှစ်မှာ အာသာ ဘဲလ်ဖိုးနဲ့ အဲဒီတုန်းက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် လွိုက် ဂျော့တို့ ဇိုင်ယွန်ခေါင်းဆောင်ချာအင် ၀ိုက်ဇမန်းနဲ့တွေ့ဆုံစဉ်မှာ ဂျော့က ဘဲလ်ဖိုးကြေငြာချက်ဟာ ‘နောက်ဆုံးမှာ ဂျူးနိုင်ငံဖြစ်လာဖို့ ရည်ရွယ်တာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဘာ့ကြောင့် ဒီကြေငြာချက်ထွက်လာလဲ

    ဘဲလ်ဖိုးကြေငြာချက် ဘာ့ကြောင့်ထွက်လာလဲဆိုတဲ့ ကိစ္စဟာ ဆယ်စုနှစ်များစွာ ငြင်းခုံခဲ့ရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး သမိုင်းပညာရှင်တွေကလည်း ရင်းမြစ်အမျိုးမျိုးကို အသုံးပြုကာ အမျိုးမျိုး ရှင်းပြကြပါတယ်။

    အဲဒီအချိန်တုန်းက ဗြိတိန်အစိုးရမှာ တော်တော်များများက ဇိုင်ယွန်ဝါဒီတွေဖြစ်တယ်လို့ တစ်ချို့တွေက ဆိုကြပြီး၊ တစ်ချို့ကတော့ ဂျူးဆန့်ကျင်ရေးကိစ္စတွေကြောင့် ဥရောပဂျူးတွေကို ပါလက်စတိုင်းကို ပို့ပစ်လိုက်မှ ‘ဂျူးပြဿနာ’ တစ်တောရှင်းမယ်ဆိုတဲ့ သဘောထားကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    ပညာရပ်ဆိုင်ရာနယ်ပယ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အများသဘောတူထားတဲ့ အချက်တွေ ရှိနေပါတယ်။

    – ပါလက်စတိုင်းကို ထိန်းချုပ်ထားနိုင်ခြင်းဟာ အီဂျစ်နဲ့ ဆူးအက်တူးမြောင်းကို ဗြိတိန်ရဲ့ သြဇာအတွင်း ရောက်ရှိစေပြီး ဗြိတိသျှအင်ပါယာရဲ့ အကျိုးစီးပွားအတွက် မဟာဗျူဟာကျတယ်ဆိုတဲ့ အချက်

    – အမေရိကန်နဲ့ ရုရှားတို့ ကမ္ဘာစစ် နိုင်ပြီးတဲ့အချိန်အထိ စစ်ပွဲထဲမှာ ပါဝင်ရေး တွန်းအားပေးဖို့အတွက် အဲဒီနိုင်ငံတွေက ဂျူးတွေအကြား ထောက်ခံမှုရအောင် ဗြိတိန်က ဇိုင်ယွန်ဝါဒဘက် ရပ်တည်ရမယ်ဆိုတဲ့အချက်

    – ဇိုင်ယွန်ဝါဒအတွက် အပြင်းအထန်လော်ဘီလုပ်လာကြပြီး ဗြိတိန်က ဇိုင်ယွန်လူ့အဖွဲ့အစည်းနဲ့ ဗြိတိသျှအစိုးရတို့အကြား ခိုင်မာတဲ့ဆက်ဆံရေး ရှိနေတယ်ဆိုတဲ့အချက်၊ ဗြိတိသျှအစိုးရထဲမှာ တစ်ချို့တွေဟာ ဇိုင်ယွန်ဝါဒီတွေဖြစ်တယ်ဆိုတဲ့ အချက်

    – ဥရောပမှာ ထိခိုက်ခံစားနေရတဲ့ ဂျူးတွေကို ဗြိတိန်အစိုးရက စာနာတယ်ဆိုတဲ့အချက် – စတာတွေ ဖြစ်ပါတယ်။

    ပါလက်စတိုင်းများနှင့် အာရပ်များ၏ တုန့်ပြန်မှု

    ၁၉၁၉ ခုနှစ်မှာ အဲဒီတုန်းကသမ္မတ ၀ုဒ်ရိုး ၀ီလ်ဆင်ဟာ ဆီးရီးယားနဲ့ ပါလက်စတိုင်းမှာ စစ်နိုင်သူတွေကို အုပ်ချုပ်စေတဲ့ စနစ်အတွက် လူထုဆန္ဒကောက်ယူဖို့ ကော်မရှင်တစ်ခုကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။

    အဲဒီ King-Crane ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုအတွင်းမှာ ပါလက်စတိုင်းအများစုဟာ ဇိုင်ယွန်ဝါဒကို ဆန့်ကျင်တယ်ဆိုတာ တွေ့ခဲ့ပြီး စုံစမ်းစစ်ဆေးသူတွေက တာဝန်ပေးအုပ်ချုပ်စေမှု (Mandate) ရဲ့ ရည်ရွယ်ချက်ကို ပြင်ဆင်ဖို့အတွက် အကြံပြုခဲ့ပါတယ်။

    ထင်ရှားတဲ့ ပါလက်စတိုင်းနိုင်ငံရေးသမားဖြစ်သူ အောင်နီ အဘ် ဒဲလ်-ဟာဒီက ဘဲလ်ဖိုးကြငြာချက်ကို ရှုတ်ချကြောင်း သူ့ရဲ့ မှတ်စုထဲမှာ ရေးသားခဲ့ပြီး ပါလက်စတိုင်းနဲ့ ဘာမှမဆိုင်တဲ့ နိုင်ငံခြားသား အင်္ဂလိပ်တွေက ပါလက်စတိုင်းမှာ ဘာအခွင့်အရေးမှမရှိတဲ့ နိုင်ငံခြားသားဂျူးတွေကို ပေးတဲ့ ကတိက၀တ်လို့ ဆိုပါတယ်။

    ၁၉၂၀ ဟိုင်ဖာမှာပြလုပ်တဲ့ တတိယအကြိမ်မြောက် ပါလက်စတိုင်း ကွန်ဂရက်မှာ ဇိုင်ယွန်ဝါဒီတွေရဲ့ စီမံကိန်းကို ပံ့ပိုးပေးတဲ့ ဗြိတိသျှအစိုးရကို ရှုတ်ချခဲ့ပြီး ဘဲလ်ဖိုးကြေငြာချက်ဟာ နိုင်ငံတကာဥပဒေနဲ့ မညီကြောင်း၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ကြောင်း ပြောကြားကာ ကြေငြာချက်ကို ပယ်ချခဲ့ပါတယ်။

    ဒါပေမယ့် ကြေငြာချက်အပေါ် ပါလက်စတိုင်းတွေရဲ့ အမြင်နဲ့ပတ်သက်ပြီး နောက်ထပ် အရေးပါတဲ့ ရင်းမြစ်တစ်ခုက ၁၉၁၄ ခုနှစ် စစ်ပွဲစတင်တဲ့အချိန် အော်တိုမန်တွေက ပိတ်ပစ်ခဲ့ပြီး ၁၉၁၉ ခု ဗြိတိန်သျှစစ်တပ်ရဲ့ ဆင်ဆာအောက်မှာ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တဲ့ အလ်-အစ္စတစ်က်လာ အလ်-အာရဘီ (အာရပ်လွတ်မြောက်ရေး)
    သတင်းစာ ဖြစ်ပါတယ်။

    ၁၉၁၉ ခုနှစ်မှာ အဲဒီသတင်းစာရုံးကို ဒမတ်စကတ်မှာ ပြန်ဖွင့်ခဲ့ပြီး ဘဲလ်ဖိုးကြေငြာချက် ဒုတိယနှစ်ပတ်လည်အဖြစ် လန်ဒန်မှာ ဂျူးလူမျိုး အစိုးရ၀န်ကြီး ဟားဘတ် ဆမ်မြူယဲလ်ရဲ့ မိန့်ခွန်းကို တုန့်ပြန်ထားတဲ့ ဆောင်းပါးတစ်ခု ပါဝင်လာခဲ့ပါတယ်။

    ‘ငါတို့တိုင်းပြည်ဟာ အာရပ်တိုင်းပြည်။ ပါလက်စတိုင်းဟာ အရပ်ဖြစ်တယ်။ ပါလက်စတိုင်းဟာ ဆက်ပြီး အာရပ်ပဲဖြစ်ရမယ်’ ဆိုပြီး အဲဒီဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။

    ဘဲလ်ဖိုးကြေငြာချက် မထွက်လာမီနဲ့ ဗြိတိသျှက ပါလက်စတိုင်းကို မအုပ်ချုပ်မီအချိန်မှာ အာရပ်ဒေသ သတင်းစာတွေက ဇိုင်ယွန်ဝါဒရဲ့ လှုပ်ရှားမှု နောက်ကွယ်က လှုံ့ဆော်မှုတွေကို သတိပေးခဲ့ပြီး၊ အဲဒီလှုပ်ရှားမှုတွေရဲ့ ရလဒ်ဟာ ပါလက်စတိုင်းတွေကို နိုင်ငံကနေ ဖယ်ရှားရေးဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်ပွဲပြီးပြီးချင်းမှာ ဂျေရုစလင်က စာရေးဆရာနဲ့ ကျောင်းဆရာဖြစ်သူ ခါလီလ် ဆာကာကီနီက ပါလက်စတိုင်းနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

    “ကာလအတော်ကြာ အိပ်မောကျနေတဲ့ နိုင်ငံတစ်ခုဟာ ပြဿနာတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ရိုက်ခတ်ခံရမှ နိုးထလာတယ်။ ဒါဟာလည်း နည်းနည်းချင်းစီ နိုးထလာတာပါ။ ဒါဟာ ပါလက်စတိုင်းရဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ စစ်ပွဲကြီးရဲ့ ရိုက်ခတ်မှု၊ ဇိုင်ယွန်လှုပ်ရှားမှုရဲ့ ကြောက်စရာကောင်းမှု၊ (ဗြိတိသျှရဲ့) တရားမ၀င်ပေါ်လစီရဲ့ ချိုးဖောက်မှုတွေ မတိုင်ခင်အထိ ရာစုနှစ် တော်တော်ကြာကြာ အိပ်မောကျနေခဲ့တာပါ”

    ဗြိတိသျှအုပ်စိုးမှုအတွင်း ပါလက်စတိုင်းထဲကို ဂျူးတွေ စိမ့်ဝင်လာတာက အာရပ်တွေနဲ့ ဥရောပဂျူးတွေအကြား တင်းမာတွေ၊ ပဋိပက္ခတွေ ဖြစ်လာခဲ့ပါတယ်။ ဗြိတိသျှရဲ့လုပ်ရပ်ကို တုန့်ပြန်ရာမှာ လူကြိုက်များတာတွေထဲက တစ်ခုဟာ ၁၉၂၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ‘နဘီမူဆာ’ တော်လှန်မှုဖြစ်ပြီး ပါလက်စတိုင်း ၄ ဦးနဲ့ ဥရောပက ၀င်ရောက်လာသူ ဂျူး ၅ ဦး သေဆုံးခဲ့ပါတယ်။

    ကြေငြာချက်ရဲ့နောက်မှာ ဘယ်သူရှိလဲ

    ဘဲလ်ဖိုးကြေငြာချက်အတွက် ယေဘူယျအားဖြင့် ဗြိတိန်မှာ တာဝန်ရှိတာ မှန်ပေမယ့် ပထမကမ္ဘာစစ်အတွင်းမှာ မဟာမိတ် အင်အားကြီးနိုင်ငံတွေရဲ့ ကနဦး သဘောတူညီချက်မရှိရင် ဒီကြေငြာချက် ထွက်လာမှာမဟုတ်ဘူးဆိုတဲ့ အချက်က အရေးကြီးပါတယ်။

    ၁၉၁၇ ခုနှစ် စက်တင်ဘာမှာပြုလုပ်တဲ့ စစ်ရေးကက်ဘိနတ်အစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးတွေဟာ ‘ကြေငြာချက်မထုတ်ခင် အမေရိကန်သမ္မတ ၀ီလ်ဆင်ရဲ့ အမြင်ကို ရယူရမယ်’ လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ အစည်းအဝေးမှတ်တမ်းမှာ ‘သမ္မတ ၀ီလ်ဆင်ဟာ ဒီလှုပ်ရှားမှုကို လိုလိုလားလားလက်ခံတယ်’ လို့ ဘဲလ်ဖိုးရဲ့ အတည်ပြုမှုကို ၀န်ကြီးတွေက ကိုးကားထားကြောင်း တွေ့ရပါတယ်။

    ဘဲလ်ဖိုးကြေငြာချက် ထွက်မလာခင်မှာ ပြင်သစ်ကလည်း ဒီကိစ္စမှာ ပါဝင်ပြီး ကြေငြာချက်ကိုထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

    ၁၉၁၇ ခုနှစ် မေလက ပြင်သစ်သံတမန် ဂျူလက်စ် ကမ်ဘွန်က ပိုလန်ဇိုင်ယွန်ဝါဒီ နာဟွမ် ဆိုကိုလိုးကို ပေးပို့တဲ့စာမှာ ‘ပါလက်စတိုင်းကို ဂျူးတွေ ကိုလိုနီပြု သိမ်းပိုက်ရေး’ အတွက် ပြင်သစ်အစိုးရက လက်ခံလိုတဲ့ အမြင်မျိုး ရှိတယ်လို့ ဖော်ပြထားပါတယ်။

    “ရာစုနှစ်ပေါင်းများစွာက အစ္စရေးလူမျိုးတွေ ထွက်ခွားသွားခဲ့တဲ့ အဲဒီမြေမှာ ဂျူးနိုင်ငံတစ်ခု ပြန်လည်ထွန်းကားလာရေး မဟာမိတ်အဖွဲ့တွေရဲ့ ကာကွယ်ပေးမှုဟာ တရားမျှတတဲ့လုပ်ရပ်၊ ၀ိုင်းဝန်းကူညီပေးရမယ့်လုပ်ရပ် ဖြစ်ပါတယ်” လို့ ဘဲလ်ဖိုးကြေငြာချက်အတွက် ရှေ့ပြေးဖြစ်တဲ့ ဒီစာမှာ တွေ့ခဲ့ရပါတယ်။

    ပါလက်စတိုင်းတွေအပေါ် ဘယ်လိုသက်ရောက်ခဲ့သလဲ

    ဘဲလ်ဖိုးကြေငြာချက်ဟာ ဗြိတိသျှက လေ့ကျင့်ပေးထားတဲ့ ဇိုင်ယွန်လက်နက်ကိုင်အဖွဲ့တွေ ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းပြည်သူ ၇ သိန်း ၅ သောင်းလောက်ကို သူတို့ရဲ့ ဇာတိမြေကနေ နှင်ထုတ်ခဲ့တဲ့ နက္ကဘာအဖြစ်အပျက်ရဲ့ ရှေ့ပြေးဖြစ်ပါတယ်။

    ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာနိုင်တယ်လို့ ဗြိတိသျှ ကက်ဘိတ်ရဲ့ စစ်ရေးဆွေးနွေးပွဲမှာ အတိုက်အခံတစ်ချို့က ပြောကြားခဲ့ပေမယ့် ဗြိတိသျှအစိုးရဟာ ဒီကြေငြာချက်ကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ပါလက်စတိုင်းက လက်ရှိအဖြစ်အပျက်တွေရဲ့ ဇစ်မြစ်ဟာ ဘဲလ်ဖိုးကြေငြာချက်ကြောင့်လို့ ပြောဖို့ခက်ပေမယ့် ပါလက်စတိုင်းမှာ ဂျူးလူနည်းစုတွေ စိုးမိုးအုပ်ချုပ်နိုင်ရေး၊ ပါလက်စတိုင်းအာရပ်တွေ ကန့်ကွက်နေတဲ့အကြားက သူတို့ နိုင်ငံတစ်ခု ထူထောင်လာနိုင်ရေး အခြေအနေတွေကို ဗြိတိသျှအုပ်စိုးမှုက ဖန်တီးပေးလို
    က်တယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။

    ၁၉၄၇ ခုနှစ်မှာ ပါလက်စတိုင်းက ထွက်ခွာပြီး ဒီကိစ္စကို ကုလလက်ထဲ လွှဲပေးမယ်လို့ ဗြိတိသျှက ဆုံးဖြတ်တဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှနဲ့ ပူးပေါင်းတိုက်ခိုက်ဖို့အတွက် ဗြိတိန်က လေ့ကျင့် ဖွဲ့စည်းပေးထားတဲ့ လက်နက်ကိုင်အုပ်စုတွေ စုပေါင်းကာ ဂျူးတွေမှာ စစ်တပ်တစ်တပ် ရှိနေပြီ ဖြစ်ပါတယ်။

    ပိုပြီးအရေးကြီးတာ ဗြိတိသျှဟာ ‘ဂျူးအေဂျင်စီ’ လို ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့ အသင်းအဖွဲ့တွေကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး အခွင့်အရေးရတဲ့အခါ နိုင်ငံတစ်ခု တည်ထောင်နိုင်ဖို့ ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကိုတော့ ဒီလိုဖွဲ့စည်းခွင့် မပြုခဲ့ပါဘူး။ ဒီဆောင်ရွက်မှုဟာ ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းတွေ လူမျိုးစုလိုက် ရှင်းလင်းခံရဖို့ လမ်ခင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

    (Aljazeera သတင်းဌာနမှ 100 years on: The Balfour Declaration explained ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)