News @ M-Media

Tag: Palestine

  • ဂျေရုစလင်ကိစ္စ ဆန္ဒပြမှုအတွင်း အနည်းဆုံး ပါလက်စတိုင်းတစ်ဦး အသတ်ခံရ

    ဂျေရုစလင်ကိစ္စ ဆန္ဒပြမှုအတွင်း အနည်းဆုံး ပါလက်စတိုင်းတစ်ဦး အသတ်ခံရ

    ဒီဇင်ဘာ ၈၊ ၂၀၁၇
    M-Media

    ဆန္ဒပြမှု မြင်ကွင်းတစ်ခု

    – နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ကာ ဂျေရုစလင်အား အစ္စရေး၏ မြို့တော်အဖြစ် အမေရိကန်က သတ်မှတ်လိုက်မှုကို ပါလက်စတိုင်းပြည်သူများ ဆန့်ကျင်ဆန္ဒပြမှုအတွင်း အနည်းဆုံး ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့တွင် ထိုကဲ့သို့ ကြေငြာခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းပြည်သူများမှာ ‘သပိတ်နေ့’ အဖြစ် ကြေငြာက ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နှင့် ဂါဇာတို့တွင် အကြီးအကျယ် ဆန္ဒပြမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

    ယနေ့ ဂါဇာကမ်းမြှောင်ရှိ ဆန္ဒပြမှုအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့များမှာ အသက် ၃၀ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ပါလက်စတိုင်း လခြမ်းနီအဖွဲ့က အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် ဆန္ဒပြသူများနှင့် အစ္စရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံမှုအတွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာတွင် ဒဏ်ရာရရှိသူများမှာ ၂၀ ကျော် ရှိနေသည်။ ဆန္ဒပြမှုများမှာ အများအားဖြင့် ငြိမ်းချမ်းစွာ ပြုလုပ်နေခြင်းဖြစ်သည်။

    အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား လူစုခွဲရန် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများကို အသုံးပြုခဲ့ကြသည်။

    အမေရိကန်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သောအားဖြင့် ပါလက်စတိုင်းရှိ တက္ကသိုလ်များ၊ ကျောင်းများ၊ ပညာရေးအဖွဲ့အစည်းများကလည်း သပိတ်မှောက်သည်ဟု ကြေငြာခဲ့သည်။

    Ref: Aljazeera

  • ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှု ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ

    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှု ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ

    ဒီဇင်ဘာ ၇၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ကြေငြာလိုက်တာနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းက ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

    ဒီလုပ်ရပ်ဟာ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်လိုက်တာဖြစ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား ငြိမ်းချမ်းရေးရရှိဖို့ ကျန်ရှိနေတဲ့ မျှော်လင့်ချက်တွေအားလုံးကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ထရမ့်ဟာ တယ်လ်အဗီးက အမေရိကန်သံရုံးကို ဂျေရုစလင်ကို ရွှေ့မယ့်အကြောင်းလည်း မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဖက်ဒရီကာ မိုဂ်ဟီရီနီ – ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခုကြေငြာမှုအတွက် ဥရောပဟာ အလွန်အမင်းစိုးရိမ်မိကြောင်း၊ ဒီကိစ္စကို တုန့်ပြန်မှုတွေဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    အီမန်နူယဲလ်မာခရွန် – ပြင်သစ်သမ္မတ

    မာခရွန်က ပြင်သစ်ဟာ အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ကို လက်မခံမှာမဟုတ်ကြောင်း၊ ဂျေရုစလင်ကို နှစ်နိုင်ငံစလုံးရဲ့ မြို့တော်အဖြစ်ထားကာ လုံခြုံငြိမ်းချမ်းတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းနှစ်နိုင်ငံတည်ရှိရေး အဖြေကိုသာ ထောက်ခံကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ထရီဇာမေ – ယူကေ၀န်ကြီးချုပ်

    ဒီကြေငြာမှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မှာမဟုတ်ဘဲ မိမိတို့ရဲ့ ဗြိတိန်သံရုံးကိုလည်း တယ်လ်အဗီးမှာပဲ ဆက်လက်ထားရှိကာ ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိဘူးလို့ ၀န်ကြီးချုပ်မေက ပြောကြားခဲ့ပါတယ်။

    ဂျယ်ရမီ ကော်ရ်ဘန် – ယူကေ လေဘာပါတီအကြီးအကဲ

    ကော်ရ်ဘန်က ဂျေရုစလင်ကို ထရမ့်က အသိအမှတ်ပြုလိုက်တာဟာ ငြိမ်းချမ်းရေးအတွက် ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုဖြစ်ပြီး ဗြိတိန်အစိုးရအနေနဲ့ ဒီ အန္တရာယ်ရှိတဲ့ လုပ်ရပ်အတွက် ရှုတ်ချရမှာဖြစ်ကြောင်း၊ ပြဿနာအတွက် မျှတပြေလည်ပြီး ခိုင်မာတဲ့ ဖြေရှင်းချက်မျိုး ရရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

    အန်တိုနီယို ဂူတာရက်စ် – ကုလ အထွေထွေအတွင်းရေးမှူးချုပ်

    ဂူတာရက်စ်က ဂျေရုစလင်ကိစ္စဟာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးရမယ့် ကိစ္စတစ်ခုအဖြစ် ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

    “နှစ်နိုင်ငံတည်ရှိရေးကလွဲပြီး တစ်ခြားနည်းလမ်း မရှိပါဘူး”

    မဟ်မူးဒ်အဘတ်စ်- ပါလက်စတိုင်း သမ္မတ

    အဘတ်စ်ဟာ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး ဂျေရုစလင်ဟာ ပါလက်စတိုင်းနိုင်ငံရဲ့ ဖျောက်ဖျက်မရတဲ့ မြို့တော်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သမ္မတထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဂျေရုစလင်ရဲ့ မူလအနေအထားကို ပြောင်းလဲနိုင်မှာ မဟုတ်သလို ဒီကိစ္စမှာ အစ္စရေးအတွက် တရားဝင်ဆိုတာမျိုးလည်း ဖြစ်လာမှာမဟုတ်ပါဘူး”

    အမေရိကန်က ဂျေရုစလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တာဟာ ပါလက်စတိုင်းပိုင်နက်တွေကို ဆက်လက်သိမ်းပိုက်ဖို့ အစ္စရေးကို တွန်းအားပေးလိုက်တာ ဖြစ်တယ်လို့လည်း အဘတ်စ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    မိုက်ကယ် အေအွန် – လက်ဘနွန်သမ္မတ

    လက်ဘနွန်သမ္မတက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    ဆအဒ် ဟာရီရီ – လက်ဘနွန်ဝန်ကြီးချုပ်

    Twiiter စာမျက်နှာကနေတစ်ဆင့် ၀န်ကြီးချုပ် ဟာရီရီက လက်ဘနွန်အနေနဲ့ ဒီလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း၊ ပါလက်စတိုင်းပြည်သူတွေနဲ့ တစ်သားတည်း ရှိနေမှာဖြစ်ကြောင်း၊ ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု တည်ထောင်ပိုင်ခွင့် ပါလက်စတိုင်းတွေမှာ ရှိနေတယ်ဆိုတာ လက်ဘနွန်က ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

    ဟိုက်ဒါ အလ်-အာဘာဒီ – အီရန်ဝန်ကြီးချုပ်

    ဂျေရုစလင်ဟာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်တဲ့ အမှတ်သညာဖြစ်ပြီး ကုလရဲ့ ဆုံးဖြတ်ချက်၊ ပါလက်စတိုင်းတွေရဲ့ တရားဝင်ရပိုင်ခွင့်တွေကိုကျော်ပြီး ဘယ်နိုင်ငံကမှ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို အသိအမှတ်ပြုခွင့်မရှိဘူးလို့ အာဘာဒီက သူ့ရဲ့ တရားဝင်ဝဘ်ဆိုက်မှာ ပြောကြားခဲ့ပါ
    တယ်။

    အစွန်းရောက်ဝါဒဆီကို ဦးတည်သွားနိုင်တဲ့ အန္တရာယ်ရှိတဲ့ တင်းမာမှုတွေကို တားဆီးဖို့အတွက် ထရမ့်အနေနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းရမယ်လို့လည်း ဆိုပါတယ်။

    ဂျော်ဒန်

    ဂျော်ဒန်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးက အရှေ့ဂျေရုစလင်ကို ကျူးကျော် သိမ်းပိုက်ထားတာကို တရားဝင်သလို လုပ်လိုက်တာမျိုးဖြစ်ကြောင်း၊ နောက်ဆုံး ဆွေးနွေးညှိနှိုင်းမှုအတွက် အဖြေကြိုထုတ်သထားသလိုဖြစ်နေကာ အာရပ်ကမ္ဘာက မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေရဲ့ စိတ်နှလုံးသားကို ထိခိုက်ညှိုးနွမ်းအောင် လုပ်ဆောင်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    ရှိခ် မိုဟာမက် ဘင် အဘ်ဒူရဟ်မန် အလ် သာနီ – ကာတာနိုင်ငံခြားရေးဝန်ကြီးထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ငြိမ်းချမ်းရေးဖြစ်ထွန်းအောင်၊ အန္တရာယ်ရှိတဲ့ တင်းမာမှုတွေကို ချုပ်ငြိမ်းအောင် လုပ်ဆောင်နေသူအားလုံးကို သေမိန့်ပေးလိုက်သလို ဖြစ်နေကြောင်း၊ ဂျေရုစလင်ကိစ္စဟာ နောက်ဆုံး စေ့စပ်ဆွေးနွေးမှုတွေကနေတစ်ဆင့် ဖြေရှင်းရမယ့် အငြင်းပွားဖွယ်ကိစ္စဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

    ဆော်ဒီအာရေဗျ

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ရဲ့ ဒီလုပ်ဆောင်ချက်ဟာ ဂျေရုစလင်နဲ့ပတ်သက်ပြီး ပါလက်စတိုင်းပြည်သူတွေမှာ ရှိနေတဲ့ အခွင့်အရေးကို အလေးထားတဲ့ နိုင်ငံတကာ ဆုံးဖြတ်ချက်များစွာနဲ့ ဆန့်ကျင်နေကြောင်း ကြေငြာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

    အီဂျစ်

    အီဂျစ်ကလည်း ထရမ့်ရဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး နိုင်ငံတကာ သဘောတူညီချက်တွေကိုချိုးဖောက်ကာ ဒီလိုလုပ်ဆောင်တာဟာာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတယ်ဆိုတဲ့ ဂျေရုစလင်ရဲ့ တရားဝင်အနေအထားကို ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်
    ပြထားပါတယ်။

    ကူဝိတ်

    ထရမ့်ရဲ့ ဒီကြေငြာမှုအတွက် အလွန်အမင်း စိုးရိမ်ကြောင်း၊ ဒါဟာ ဂျေရုစလင်နဲ့ပတ်သက်ပြီး နိုင်ငံရေး၊ သမိုင်းဆိုင်ရာ၊ တရားရေး၊ လူသားချင်းစာနာထောက်ထားမှုတွေကို ထောက်ချင့်အတည်ပြုထားတဲ့ ကုလရဲ့ ဆုံးဖြတ်ချက်ကို ဖျက်ဆီးလိုက်တာဖြစ်ကြောင်း ကူဝိတ်က ပြောကြားခဲ့ပါတယ်။

    Ref: Alljazeera

  • သတိပေးချက်များကို လစ်လျူရှုကာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန် အသိအမှတ်ပြု

    သတိပေးချက်များကို လစ်လျူရှုကာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန် အသိအမှတ်ပြု

    ဒီဇင်ဘာ ၇၊ ၂၀၁၇
    M-Media

    – ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ သတိပေးမှုတွေကြားထဲကနေပဲ ထရမ့်ဟာ ဂျေရုစလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း မနေ့မှာ တရားဝင်ကြေငြာလိုက်ပြီး အမေရိကန်သံရုံး ဂျေရုစလင်ကိုရွှေ့ပြောင်းရေး လုပ်ငန်းကို စတင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ဒါဟာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအပေါ် အမေရိကန်အစိုးရဲ့ ဆယ်စုနှစ်နဲ့ချီရှိခဲ့တဲ့ ရပ်တည်ချက် အပြောင်းအလဲဖြစ်ပြီး ထရမ့်က နှစ်ဖက်ငြိမ်းချမ်းရေးအတွက် နည်းလမ်းဟောင်းက အလုပ်မဖြစ်တဲ့အတွက် နည်းလမ်းသစ်ကို ပြောင်းလဲရခြင်းလို့ ပြောကြားခဲ့ပါတယ်။

    အရှေ့ဂျေရုစလင်အပါအ၀င် ကုလက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားတဲ့ ဒေသတွေကိုအစ္စရေးက ၁၉၆၇ ခုနှစ်နောက်ပိုင်း တစ်စတစ်စ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်ဖို့ ဆောင်ရွက်လာပါ။

    အစ္စရေးက နိုင်ငံတကာသံရုံးတွေဟာ ဂျေရုစလင်မှာ တစ်ခုမှမရှိဘဲ ဂျေရုစလင်မြို့ကို အစ္စရေးက စိုးမိုး အုပ်ချုပ်နေမှုကို ထရမ့်ရဲ့ ဒီပြောကြားချက် ထွက်မလာခင်အထိ အမေရိကန်အပါအ၀င် ကမ္ဘာ့ဘယ်နိုင်ငံကမှ အသိအမှတ် မပြုပါဘူး။

    ထရမ့်က သူ့အနေနဲ့ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုတာဟာ နှစ်ဖက် အငြင်းပွားနေတဲ့ နယ်စပ်ကိစ္စအပေါ် အဆုံးအဖြတ်ပေးတာမျိုးမဟုတ်ဘဲ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား အငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အ၀ အသုံးချသွားမယ်လို့လည်း ဆိုပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ထရမ့်ကို ရှုတ်ချလိုက်ပြီး ပါလက်စတိုင်းခေါင်းဆောင်ပိုင်းအနေနဲ့ အငြင်းပွားဖွယ် ဒီဆုံးဖြတ်ချက်ကို လက်ခံမှာမဟုတ်ကြောင်း၊ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တာကြောင့် အမေရိကန်ဟာ အစ္စရေး-ပါလက်စတိုင်း ပြဿနာမှာ ကြားဝင်ညှိနှိုင်းပေးသူ မဟုတ်တော့ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    ငြိမ်းချမ်းဆွေးနွေးပွဲမှာ ပါလက်စတိုင်းဖက်က ညှိနှိုင်းဆွေးနွေးရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ ဆအဘ် အီရီကတ်က ထရမ့်ဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးပစ်လိုက်တာဖြစ်ပြီး ဒေသတွင်း ၀ရုန်းသုန်းကားဖြစ်အောင်၊ တိုက်ခိုက်မှုတွေဖြစ်လာအောင် လုပ်ဆောင်လိုက်တာလို့ ဝေဖန်ခဲ့ပါတယ်။

    “ဒေသတွင်း အလယ်အလတ်တွေအားလုံးကို ဖျက်ဆီးလိုက်တာဖြစ်ပြီး အစွန်းရောက်တွေကို တွန်းအားပေးလိုက်တာပါ။ ဒါဟာ အမေရိကန်သမ္မတတွေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အန္တရာယ်အရှိဆုံး ဆုံးဖြတ်ချက်ပါပဲ” လို့ အီရီကတ်က ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမေရိကန်ဟာ ယုံကြည်လို့မရတဲ့ နိုင်ငံဖြစ်အောင် ထရမ့်က လုပ်ဆောင်လိုက်တာလို့လည်း ညှိနှိုင်းရေးမှူးက ဆိုပါတယ်။

    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုတာဟာ ဒေသတွင်း အခြေအနေတွေကို ပိုမိုဆိုးရွားစေလိမ့်မယ့်လို့ အရှေ့အလယ်ပပိုင်းခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေက ထရမ့်ကို သတိပေးခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

    ပါလက်စတိုင်းပြည်သူတွေကို ဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ၃ ရက်တာ အကြီးအကျယ် ဆန္ဒပြရေးကို ယမန်နေ့မှာ စတင်ခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးရှသံရုံးကို ဂျေရုစလင်ရွှေ့မည့် ထရမ့်အစီအစဉ်အတွက် ပါလက်စတိုင်းပြည်သူများ စတင်ဆန္ဒပြ

    အစ္စရေးရှသံရုံးကို ဂျေရုစလင်ရွှေ့မည့် ထရမ့်အစီအစဉ်အတွက် ပါလက်စတိုင်းပြည်သူများ စတင်ဆန္ဒပြ

    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်နေမှုကို ဆန့်ကျင်သောအားဖြင့် ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းပြည်သူများမှာ ၃ ရက်တာ အကြီးအကျယ် ဆန္ဒပြမှုကို ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။

    သိန်းနှင့်ချီသည့် ဂါဇာပြည်သူများမှာ ယနေ့တွင် လမ်းပေါ်သို့ ထွက်လာကာ ထရမ့်အား ရှုတ်ချသည့် စာတန်းများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

    ကမ္ဘာတစ်ဝှမ်းက ရှုတ်ချမှုများ ရှိနေသော်လည်း တယ်လ်အဗီးတွင် ရှိနေသည့် အမေရိကန်သံရုံအား ဂျေရုစလင်သို့ ရွှေ့မည့်အစီအစဉ်ကို ထရမ့်က ယနေ့နှောင်းပိုင်းတွင် ကြေငြာမည်ဖြစ်သည်။

    အရှေ့ဂျေရုစလင်အပါအ၀င် ကုလက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားသည့် ဒေသများကို အစ္စရေးက ၁၉၆၇ ခုနှစ် နောက်ပိုင်းတွင် တစ်စတစ်စ ကျူးကျော် သိမ်းပိုက်ခဲ့ပြီး ဂျေရုစလင်ကို ၎င်းတို့၏ မြို့တော်အဖြစ် ကြေငြာရန် ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်အပါအ၀င် အာရပ်ခေါင်းဆောင်များ၊ ဥရောပသမဂ္ဂတို့က ထရမ့်၏ ထိုဆုံးဖြတ်ချက်မှာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုကို ပိုမို ဆိုးရွားသွားစေနိုင်သည်ဟု သတိပေးထားသည်။

    အစ္စရေးရှိ နိုင်ငံတကာ သံရုံးများမှာ ဂျေရုစလင်တွင် တစ်ခုမှ မရှိဘဲ ဂျေရုစလင်အား အစ္စရေးက စိုးမိုးအုပ်ချုပ်နေမှုကို အမေရိကန်အပါအ၀င် ကမ္ဘာ့ မည်သည့်နိုင်ငံကမှ အသိအမှတ်ပြုထားခြင်း မရှိပေ။

    ပါလက်စတိုင်းများ၏ ယခုဆန္ဒပြမှုမှာ ပိုမိုကြီးထွားလာဖွယ် ရှိနေပြီး ဂါဇာရှိ ဟားမက်စ်အဖွဲကလည်း ဂျေရုစလင်ကိစ္စမှာ ပါလက်စတိုင်းများအပေါ် စည်းဖောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လုံးဝ လက်ခံသွားမည်မဟုတ်ကြောင်း ကြေငြာချက် ထုတ်ပြန်ထားသည်။

    အီရန်အဓိပတိ အယာတိုလာ ခါမေနီက ထရမ့်၏ ထိုအစီအစဉ်ကို ရှုတ်ချခဲ့ပြီး အမေရိကန်မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိမှု၊ ကျဆုံးမှုကြောင့် ထိုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပုပ်ရဟန်းမင်းကြီးကလည်း ဂျေရုစလင်ရှိ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်မှာ ပါလက်စတိုင်းနှင့်သာ ဆိုသည်ဆိုသည့် အချက်ကို အလေးထားရမည်ဟု ၎င်း၏ တစ်ပတ်တာ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    ဂျေရုစလင်ရှိ မွတ်စလင်နှင့် ခရစ်ယာန်တို့၏ ဘာသာရေးအဆောက်အဦးများကို ၁၉၉၄ ခုနှစ်ကတည်းက ဂျော်ဒန်မှ တာဝန်ယူစောင့်ရှောက်နေခြင်းဖြစ်သည်။

    Ref: Aljazeera

     

  • အစ္စရေးရှိ အမေရိကန်သံရုံး ဂျေရုစလင်ပြောင်းမည့် ထရမ့်အစီအစဉ် ဝေဖန်မှု မြင့်တက်

    အစ္စရေးရှိ အမေရိကန်သံရုံး ဂျေရုစလင်ပြောင်းမည့် ထရမ့်အစီအစဉ် ဝေဖန်မှု မြင့်တက်

    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media

    ဂျေရုစလင်ရှိ မတ်စ်ဂျစ်ဒ် အက်ဆွာ ဗလီဝတ်ကျောင်းတော်

    – အစ္စရေးက အမေရိကန်သံရုံးကို ဂျေရုစလင်ကို ပြောင်းရွှေ့မယ့် အစီအစဉ်နဲ့ပတ်သက်လို့ အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေ၊ အာရပ်ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ အသိပေးခဲ့ပြီး ဒီလုပ်ရပ်ဟာ ဒေသတွင်း မတည်မငြိမ်မှု ပိုမိုဖြစ်လာလိမ့်မယ်ဆိုတဲ့ သတိပေးမှုတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

    ထရမ့်ဟာ မနေ့က ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၊ အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီ၊ ဆော်ဒီဘုရင် ဆလ်မန်နဲ့ ဂျော်ဒန်ဘုရင် အဘ်ဒူလာတို့ကို ဖုန်းခေါ်ဆိုကာ ဒီအကြောင်းကို ပြောကြားခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ တရားဝင် သတင်းထုတ်ပြန်ဖွယ် ရှိနေပါတယ်။

    တယ်လ်အဗီးက အမေရိကန်သံရုံး ဂျေရုစလင်ကို ရွှေ့ပြောင်းတာဟာ အစ္စရေးရဲ့ မြို့တော်အဖြစ် ဂျေရုစလင်ကို အသိအမှတ်ပြုလိုက်တာမျိုး ဖြစ်ပြီး ဒီကိစ္စအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တစ်လျှောက်လုံး လော်ဘီလုပ်ခဲ့တာပါ။

    အရှေ့ဂျေရုစလင်အပါအ၀င် ကုလက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားတဲ့ ဒေသတွေကို အစ္စရေးက ၁၉၆၇ ခုနှစ်နောက်ပိုင်းမှာ တစ်စတစ်စ ကျူးကျော်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်က ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပြီး ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းက ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေမယ်လို့ ထရမ့်ကို သတိပေးခဲ့ကြောင်း အဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    အစ္စရေးက နိုင်ငံတကာသံရုံးတွေဟာ တယ်လ်အဗီးမှာပဲ ရှိတာဖြစ်ပြီး ဂျေရုစလင်မှာ တစ်ခုမှ မရှိသလို၊ ဂျေရုစလင်ကို အစ္စရေးက စိုးမိုးအုပ်ချုပ်မှုကိုလည်း အမေရိကန်အပါအ၀င် ကမ္ဘာ့ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုပါဘူး။

    ဥရောပ

    ဥရောပသမဂ္ဂ နိုင်ငံရေးပေါ်လစီ အကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက ထရမ့်ရဲ့ ဒီအစီအစဉ်ကို သဘောမကျဘဲ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား နောက်ဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်ရရေး အစီအစဉ်ကို ပျက်ဆီးစေတဲ့ ဘယ်လို့ လုပ်ရပ်မျိုးမဆို လုံးဝ ရှောင်ရှားရမယ်လို့ မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    တူရကီသမ္မတ အာဒိုဂန်က အစ္စရေးက အမေရိကန်သံရုံးကို ဂျေရုစလင်ကို ရွှေ့တာဟာ မွတ်စလင်တွေအပေါ် စည်းဖောက်တာဖြစ်ပြီး အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ချက်ခြင်းဖြတ်တောက်သွားမယ်လို့ မနေ့မှာ သတိပေးခဲ့ပါတယ်။

    တနင်္လာနေ့ကလည်း ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်ဟာ ထရမ့်ကို ဖုန်းခေါ်ကာ ဂျေရုစလင်ကိစ္စဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား နှစ်နိုင်ငံ ငြိမ်းခမ်းစွာတည်ရှိရေး ဆွေးနွေးမှုကနေတစ်ဆင့် ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထုတ်ပြန်ပါတ
    ယ်။

    အာရပ်ကမ္ဘာ

    ဂျော်ဒန်ဘုရင့်နန်းတော်က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ထရမ့်ဟာ သံရုံး ဂျေရုစလင်ကို ရွှေ့ဖို့ကိစ္စအတွက် ဘုရင်အဘ်ဒူလာကို ဖုန်းဆက်ပြောကြားကြောင်း၊ ဒီလုပ်ရပ်ဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ရှိလာမှာဖြစ်ပြီး ဂျေရုစလင်က မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကိုလည်း ထိခိုက်နာကျည်းစေမှာဖြစ်ကြေင်း ဖော်ပြခဲ့ပါတယ်။

    အီဂျစ်သမ္မတ အလ်-စီစီကလည်း ဒီဆုံးဖြတ်ချက်မျိုး မချဖို့အတွက် ထရမ့်ကို မနေ့က ဖုန်းခေါ်ဆိုမှုအတွင်း တိုက်တွန်းခဲ့ပြီး ဒါဟာ အရှေ့အလယ်ပိုင်းက ငြိမ်းချမ်းရေးအခွင့်အလမ်းတွေကို ထိခိုက်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာတာကတော့ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုရေး ဘယ်လို လုပ်ရပ်မျိုးကိုမဆို ကန့်ကွက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အမေရိကန်သံရုံး ဂျေရုစလင်ကို ရွှေ့မယ့်အစီအစဉ်ဟ အစ္စရေး-ပါလက်စတိုင်း ပြဿနာကို ပိုမိုရှုပ်ထွေးကာ ဒေသတွင်း အကွဲအပြဲတွေ ဖြစ်လာမှာဖြစ်ဖြစ်ကြောင်း၊ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းကိစ္စကို ထိခိုက်ပြီး ကမ္ဘာမွတ်စလင်လူထုလည်း အုံကြွလာမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

    ကျွမ်းကျင်သူများ သတိပေး

    အစ္စရေးက အမေရိကန်သံရုံး ဂျေရုစလင်ကို ၁၉၉၉ ခုနှစ်မှာ ပြောင်းရွှေ့ဖို့ အမေရိကန်အောက်လွှတ်တော်က ၁၉၉၅ ခုနှစ်မှာ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်တာကြောင့် ၁၉၉၈ ခုနှစ်ကစပြီး အမေရိကန်သမ္မတ အဆက်ဆက်ဟာ ဒီဆုံးဖြတ်ချက်ကို ၆ လတစ်ကြိမ် ရွှေ့ဆိုင်းလာခဲ့တာပါ။

    ထရမ့်ကလည်း ဇွန်လမှာ ဒီဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပြီး နောက်ထပ် ၆ လက်သက်တမ်းဟာ မနေ့မှာ ကုန်ဆုံးခဲ့ပါတယ်။

    အရှေ့မျှော်ပေါ်လစီဆိုင်ရာ ၀ါရှင်တန်အင်စတီကျုက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စီမံကိန်း ဒါရိုက်တာ ဒေးဗစ် မာကော့ဗ်စကီးက ထရမ့်အနေရဲ့ ဒီလို ကြေငြာလိုက်မယ်ဆိုရင် ငြိမ်းရေးလမ်းစအားလုံး အဆုံးသတ်သွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    မေရီလန်းတက္ကသိုလ်က ပါမောက္ခ ရှိဘီ တဲလ်ဟာမီကလည်း ဒီလုပ်ရပ်ဟာ အစွန်းရောက်တွေ ၀ါဒဖြန့်ဖို့ ခေါင်းစဉ်တစ်ခု ဖော်ပေးလိုက်တာဖြစ်ပြီး လုံခြုံရေးကိစ္စမှာ အစ္စရေးနဲ့ ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်နေကာ အမေရိကန်တပ်တွေ ရှိနေတဲ့ ပင်လယ်ကွေ့နိုင်ငံတွေအတွက် ခက်ခဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    လတ်တလောမှာတော့ အမေရိကန်က ဒီလို ကြေငြာချက်မျိုးထုတ်လာရင် ဆန္ဒပြဆန့်ကျင်သွားဖို့ ပါလက်စတိုင်းပြည်သူတွေက စီစဉ်နေပါတယ်။ အဘတ်စ်ကလည်း ဒီလုပ်ရပ်ကို မကြေနပ်ကြောင်း ပြသဖို့အတွက် ၃ ရက်တာ အကြီးအကျယ် ဆန္ဒပြကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

    Ref: CNN, Aajazeera