News @ M-Media

Tag: Peace

  • အရှင်ဝိစိတ္တာလင်္ကာရ (ရွှေစုန်းချောင်း ဆရာတော်)နှင့် တွေ့ဆုံမေးမြန်း လျှောက်ထားချက်

    မေလ ၁၄၊ ၂၀၁၃
    M-Media
    တွေ့ဆုံမေးမြန်းသူ – ဆူးထက်

    ဆရာတော် အရှင်ဝိစိတ္တာလင်္ကာရ (ရွှေစုန်းချောင်းဆရာတော်) – စာရေးဆရာ အောင်မှူးဝေ သီတင်းသုံးတော်မူသော ကျောင်းဆောင် တည်ရှိရာ ရန်ကုန်မြို့  ဒဂုံမြောက်ပိုင်းသို့ သွားရောက်၍ M-Media မှ မေးမြန်းလျှောက်ထားခဲ့ပါသည်။

    P8090016

    M-Media –   ဘာသာတရား အားလုံးက ပြောတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ အတွက် ဦးဇင်း အနေနဲ့ ဘယ်လိုများ မိန့်ကြားချင်ပါသလဲ။

    ဆရာတော် – အစ္စလာမ်တွေ ပြောတဲ့ ရုပ်ထုကိုးကွယ်မှုဆိုတာ ဦးဇင်းတို့ရဲ့မြတ်စွာဘုရားရုပ်ထုကို ပြောတာ မဟုတ်ဘူးလို့ နားလည်ပါတယ်၊ သူတို့ပြောတဲ့ ရုပ်ထုဆိုတာ မြင့်မြတ်တဲ့ ၀တ်ကျောင်းတော်မှာ ရှိတဲ့ စိတ်ကူးတည့်ရာ ပြုလုပ်ထားတဲ့ ရုပ်ဝတ္ထုတွေကိုပြောတာ၊ တမန်တော် မုဟမ္မဒ်က ဒါတွေကို သဘောမကျဘူး။ ဆော်ဒီအာရေးဗီးယားမှာ သဘောမကျတဲ့ အတွက် လူတွေရင်ထဲမှာ ငြိမ်းချမ်းစေနိုင်မယ့် ဘာသာတရားကို တောင့်တတယ်။ တောင့်တတဲ့အတွက် ကုရ်အာန်ကျမ်းရဲ့ အဆိုအရ ဆိုရင် အလ္လာဟ်ဟို အရှင်မြတ်ဆီကနေ ကျမ်းတော်မြတ်ကုရ်အာန်ကို ရလိုက်တယ်။ ကျမ်းတော်မြတ် ကုရ်အာန်သည် အစမှ အဆုံးတိုင် ကရုဏာချည်းသာတည်းဟု ပြဌာန်းထားတယ်၊ ကရုဏာချည်းပဲဆိုတဲ့ ဘာသာသည် သူများကို ဒုက္ခပေးဖို့ မရှိဘူး။ ဒီတစ်ပိုဒ်ထဲနဲ့တင် ကုရ်အာန်ကျမ်းက ပြည့်စုံသွားပြီ။ ဒီတော့ အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့လည်း ဒီကုရ်အာန်ကျမ်းရဲ့ အဆုံးအမ အတိုင်း၊ အလ္လာဟ်ဟိုအရှင်မြတ်ရဲ့ အဆုံးအမ အတိုင်း နေကြမယ် မဆန့်ကျင်ဘူးဆိုရင် ငြိမ်းချမ်းမှာပဲ။

    ဗုဒ္ဓဘာသာ ဆိုတာကတော့ ခေတ်အဆက်ဆက်ကတည်းက တကယ် ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ ဘာသာ၊ တကယ့် မေတ္တာတရားကို အရင်းခံထားတဲ့ ဘာသာ အဲလိုမျိုး ကျော်ကြားလာတဲ့ ဘာသာဖြစ်တဲ့ အတွက် အထူးပြောစရာ မလိုဘူး။ ဒါကြောင့်လည်း နိုင်ငံတော်က အထူးဝိသေသနဲ့ပြည့်စုံတဲ့ ဘာသာတစ်ခုလို့ သတ်မှတ်ထားတယ်၊ ပြီးတော့ ဦးဇင်းတို့ ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာ အများစု၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ ကအနည်းစု၊ အများစုက အနည်းစုကို ကြောက်တယ်ဆိုတာက သဘာဝမကျဘူး။ တို့တတွေ ကြောက်ကြတယ်ဆိုတာ အင်အားကြီးလို့သော် လည်းကောင်း၊ လက်နက် အင်အားများလို့ သော်လည်းကောင်း၊ လူအင်အားများလို့ သော်လည်းကောင်း ကြောက်ကြတာ။ အဲတော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာအနေနဲ့ ကြောက်စရာ မလိုဘူး၊ ကြောက်တာသည် အဘိဓမ္မာနည်းနဲ့ ကြည့်ရင် ဒေါသ၊ ကိလေသာ။ ကြောက်နေရင် ဒေါသရှိနေမယ် မငြိမ်းချမ်းတော့ဘူး။ မြတ်စွာဘုရားက ဒေါသနဲ့ သူရဲ့ အဖေါ်တွေဖြစ်တဲ့ လောဘတို့၊ မောဟတို့ ပယ်ခိုင်းတယ်။

    ဦးဇင်းတို့တတွေက ပယ်ကြသလား၊ ဒါတွေမပယ်နိုင်တော့ ဗုဒ္ဓဘာသာရှူဒေါင့်ကနေ ပြောရင်တော့ မငြိမ်းချမ်းနိုင်ဘူး၊ လောဘ၊ ဒေါသ၊ မောဟကို ပယ်သတ်ဖို့ မြတ်စွာဘုရားက ပဋိပဌာန်လေးပါး ပေးထားတယ်၊ ဒါကို ဦးဇင်းတို့တတွေ ပွားရမယ် အဲလိုပွားနိုင်ရင် တို့တတွေ တို့ဘာသာနှင့် မဆန့်ကျင်၊ ဦးဇင်းတို့ ဘာသာနဲ့ မဆန့်ကျင်တဲ့ အတွက် ဦးဇင်းတို့ ဗုဒ္ဓဘာသာလည်း ငြိမ်းချမ်းကြမှာပဲ။ အဲလိုပဲ ဟိန္ဒူရော၊ ခရစ်ယာန်ရော အားလုံး ငြိမ်းချမ်းရေး တရားတွေကြီးပဲ။

    အဲဒီတော့ စကားစဉ်အားလုံးကို ပြန်ချုံ့ဖို့ ဆိုရင် ဦးဇင်းတို့မှာ မွေးရာပါ အခွင့်အရေးအနေနဲ့ လူတစ်ယောက်ရဲ့ အခွင်အရေး အနေနဲ့ ငြိမ်းချမ်းပိုင်ခွင့် ပါခဲ့ပြီးသား။ လူ လူချင်း ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရ ပြီးသား၊ အဲဒါကို ပိုပြီးတော့ ဦးဇင်းတို့ဘုရားတွေမှာ ထီးတင်သလို၊ အဆောက်အဦးတွေမှာ အမိုး မိုးသလို အထွဋ်တင်တယ် ခေါ်တာပေါ့။ ဘာသာတရားတွေသည် အထွဋ်အမြတ်အနေနဲ့ ငါတို့ ပေါ်မှာရှိတယ်။ ဒီဘာသာတရားတွေဟာ တို့တတွေရဲ့မွေးရာပါ ငြိမ်းချမ်းပိုင်ခွင့် လွတ်လပ်ရေးကို ပိုပြီးအရောင်တောက်ပြောင်လာအောင် ထိန်းမပေးတယ်၊ ဒါတွေကို တို့တတွေ ဆန့်ကျင်လိုက်တာနဲ့ မွေးရာပါ ငြိမ်းချမ်းရေးကို အမှောင်က ဖုံးလွှမ်းလို့ ပူလောင်ကြတာ၊ ဒါကြောင့် တစ်ခွန်းတည်း ပြတ်အောင်ပြောမယ်

    ကိုယ့်ဘာသာရဲ့အဆုံးအမကို တိတိကျကျ လိုက်နာရင် ငြိမ်းချမ်းမယ်၊ မလိုက်နာ နိုင်ဘူးဆိုရင် မငြိမ်းချမ်းဘူး၊ ဦးဇင်းကတော့ အမြဲ ငြိမ်းချမ်းပါစေလို့ ဆုတောင်းတယ်၊ ဦးဇင်းတို့တတွေမှာ အခြားလုပ်စရာတွေ ရှိသေးတယ်၊ လူလူခြင်း ရန်ဖြစ်နေလို့ မပြီးဘူးကွယ့်။

    P8090017

    M-Media – ဗုဒ္ဓရဲ့ အဆုံးအမနဲ့ မကိုက်ညီတဲ့ ဗုဒ္ဓရဲ့ တရားတော်မဟုတ်တဲ့ မငြိမ်းချမ်းတဲ့ လမ်းစဉ်ကို မလိုက်ကြဖို့ ဦးဇင်းအနေနဲ့ ဘယ်လိုများ မိန့်ကြားလိုပါသလဲ။
    ဆရာတော် –  ဒါကတော့ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တယ်။ ဒီဘာသာတရားတွေနဲ့ ဘာသာဝင်တွေနဲ့ ဝေးကွာသွားတဲ့ အကြောင်းက လူ့အဖွဲ့အစည်းတွေထဲက စားဝတ်နေရေး အဆင်မပြေမှုလည်း ပါတယ်၊ ဒီတော့ ဦးဇင်းတို့တတွေက ဘာသာတရားနဲ့ ဝေးကွာစေတဲ့ အဓိက အကြောင်းအရင်းက ဘာလဲလို့ အရင်ရှာရမယ်၊ ဥပမာ – နိုင်ငံတော်ရဲ့ အမြင့်ဆုံးကနေပြီးတော့ စဉ်းစားမယ်၊ အစိုးရကြောင့်လား၊ အစိုးရကြောင့် ငါတို့တတွေသည် ဘာသာရေးနှင့် ဝေးကွာသွားတာလား၊ ကောင်းပြီ အစိုးရကြောင့် မဟုတ်ဘူး ဆိုရင် ထားလိုက်၊ စီးပွားရေးကြောင့်လား၊ တချို့က ဘုရား ကျောင်းတက်တော့ လုပ်ချင်တယ်၊ စီးပွားရေးက အဆင်မပြေဘူး၊ အဲဒါဆိုရင် စီးပွားရေး အဆင်ပြေအောင် ဘယ်လိုလုပ်ကြမလဲ၊ စီးပွားရေးကြောင့် ဘာသာရေးနှင့် ဝေးနေသလားဆိုရင် ဦးဇင်းတို့ ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ပေါ့၊
    ဥပမာ – ဦးဇင်းမှာ တစ်သိန်းရှိတယ် သူ့မှာ တစ်သိန်းရှိတယ် ၁၀-ယောက်ဆိုရင် ၁၀-သိန်းရမယ်။ အဲဒီ ၁၀-သိန်းနဲ့ တကယ်စီးပွားရေး လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ကလေးတွေကို စုစည်းပြီး လုပ်ငန်းထူထောင်ပေးရမယ်။ ဒါ လူမျိုးတိုင်း၊ ဘာသာတိုင်းပေါ့။ အဲလိုလုပ်ပေးလိုက်ရင် စီမံကိန်းသက်တမ်း တို့တစ်တွေ သတ်မှတ်ထားတဲ့ ၅-နှစ်၊ ၁၀-နှစ် အတွင်းမှာ ထိုက်သင့်တဲ့ အကျိုးမြတ်ကလေးရမယ်၊အဲလိုမျိုး လူမျိုးတိုင်း၊ ဘာသာတိုင်းက အသီးသီး စီးပွားရေး အဆင်ပြေအောင် ရှာဖွေကြမယ်ဆိုရင် ကြံဆကြမယ်ဆိုရင် စီးပွားရေး အဆင်ပြေကြမယ်။ ဒါဆိုရင် စီးပွားရေးကြောင့် ဘာသာရေးနှင် ဝေးတယ်ဆိုတဲ့ ပြဿနာ ပြေလည်သွားမယ်၊ လူမူရေးကြောင့်လား တို့တတွေ လူမူရေးကြောင့် ဘာသာရေးကို ဝေးကွာတာလား။ နောက်တစ်ခု စဉ်းစားရမယ်၊ ဒါဆို လူမျိုးယဉ်ကျေးမှု ဖလှယ်ကြမယ်၊  လူတွေရဲ့ အတွင်းစိတ်သဘော၊ လူနေမှု အကျင့် ဓလေ့စရိုက် သူဆေးလိပ်သောက်တာ မကြိုက်ရင် မသောက်ဘူး၊ သူ ကွမ်းစားတာ မကြိုက်ရင် မစားဘူး၊ အဲဒါဆိုရင် လူမူရေး အရ ဘာသာရေး ဝေးတယ်ဆိုတာ မရှိတော့ဘူး၊ကျန်းမားရေးကြောင့်လား စသည့်ဖြင့် နည်းလမ်းတွေ ရှာပြီး ဖြေရှင်းသွားရမယ်။ ဒါဟာ တို့တတွေ ဘာသာတရားတွေနဲ့ နီးစပ်ဖို့ အတွက် လုပ်ရမယ့် နည်းလမ်းတွေကို ပြောပြတာပါ။ ဒါက ဦးဇင်းတစ်ပါးတည်းရဲ့ အကြံပဲ ရှိသေးတယ်၊ လူအားလုံးက ၀ိုင်းပြီး စဉ်းစားကြမယ်ဆိုရင် ပြဿနာတွေက ပြေလည်သွားမယ်။

    P8090029M-Media – အခြား ဘာသာတရားကို ပုတ်ခတ် စော်ကားပြီး ဟောကြားနေတဲ့ တရားဟောကြားနေမူတွေ၊  အရေးအသားတွေနဲ့ ပတ်သက်ပြီး ဦးဇင်းအနေနဲ့ ဘယ်လို မြင်ပါသလဲ။

    ဆရာတော်  –  မြတ်စွာဘုရားရဲ့ တရားဟော တရားတွေက သစ္စာလေးပါးက လွတ်တယ်လို့ မရှိဘူး၊ သစ္စာလေးပါးက လွတ်သွားရင် ဘုရားဟောတရားတွေ မဟုတ်တော့ဘူး။ တရားတစ်ပုဒ်ကြားလိုက်ရင် အဲဒီ့ သစ္စာလေးပါးထဲကို ဒကာတို့ ထည့်ကြည့်။ ထည့်ကြည့်လို့ မ၀င်ရင် အဲဒါ ဘုရားတရား မဟုတ်ဘူး။ နောက် တစ်ခုက မြတ်စွာဘုရားရဲ့ တရားမှန်သမျှ လောဘ၊ ဒေါသ၊ မောဟ ငြိမ်းဖို့တရားတစ်ပုဒ် နာရင် တစ်နာရီနာရင် တစ်နာရီ လောဘ၊ ဒေါသ၊ မောဟ ငြိမ်းရမယ်၊ တစ်နာရီနာလို့ လောဘ၊ ဒေါသ၊ မောဟ နှစ်နာရီစာ ဖြစ်လာ တယ်ဆိုရင် အဲဒါ ဘုရားတရား မဟုတ်ဘူး၊ အဲဒီဘုန်းကြီးကလည်း ဘုရား တရားဟောနေတာ မဟုတ်ဘူး။ နောက် မြတ်စွာဘုရားရဲ့ တရားသည် သူများကို ပုတ်ခတ်ခြင်း၊ မိမိကို ပုတ်ခတ်ခြင်း မရှိဘူး၊ ကိုယ့်ကိုကိုယ်တော့ အတင်းမြှောက်ပြီးတော့ သူများကိုကြတော့ ရှုံ့ချတယ်ဆိုတာလည်း ဘုရားရဲ့ တရားတွေမှာ မရှိဘူး၊ အဲလိုမျိုး ဖြစ်လာရင်လည်း မြတ်စွာဘုရားရဲ့ တရား မဟုတ်ဘူးလို့ မှတ်ရမယ်၊ မြတ်စွာဘုရားရဲ့ တရားမဟုတ်တာကို မြတ်စွာဘုရားကလည်း တာဝန်မယူနိုင်ဘူးလေ။ အခု ဖြစ်နေတာနဲ့ ပတ်သတ်ပြီးလည်း ဘာသာရေး ပဋိပက္ခလို့ ပြောလို့ မရဘူးလေ။ အဲလို ဟောကြားတာ၊ ရေးသားတာတွေကို ဦးဇင်းတို့ အနေနဲ့ကလည်း လက်မခံဘူး။ ဒါကြောင့်လည်း ဦးဇင်းတို့ ဆောင်းပါးတွေရေးတယ်၊ တရားထဲမှာလည်း ထည့်ဟောတယ်၊ အဲလိုဟောတဲ့ ရေးတဲ့ အခါကျတော့ ဘာပြဿနာ တက်လဲဆိုရင် တချို့ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာတွေက မထည့်ဘူး။

    M-Media – နောက်ဆုံး လျှောက်ထားချက်မေးခွန်းအနေနဲ့ ဦးဇင်း အခု အစ္စလာမ်ဘာသာဝင်တွေရဲ့ ကျမ်းတော်မြတ် ကုရ်အာန်ကို လေ့လာဖြစ်တဲ့ အကြောင်းလေး ပြောပြပေးပါ။

    ဆရာတော်  –  လေ့လာဖြစ်တဲ့ အကြောင်းက ဦးဇင်းက ဗုဒ္ဓဘာသာထဲမှာ ဘာသာရေးခေါင်းဆောင်။ ဘာသာရေး ခေါင်းဆောင်ဆိုတာ ဘာသာတရား အားလုံးကို သိထားဖို့လိုတယ်၊ ဒါက တစ်ချက်၊ နောက် သီတဂူဆရာတော်ကြီးက ပြောတယ်၊ အားလုံး လက်တွဲပြီး လျှောက်လို့ရမယ့် နည်းလမ်းကို ရှာကြလို့ ကမ္ဘာကုလသမဂ္ဂ မိန့်ခွန်းမှာ ပြောသွားတယ်။ အဲဒါကြောင့် ဦးဇင်း လက်တွဲလျှောက်လို့ရတဲ့ ပလပ်ဖောင်းကို ရှာတယ်၊ အဲလိုရှာဖို့ အတွက် ကုရ်အာန်ကျမ်းကို ဖတ်တယ်၊ နောက်တစ်ခါ အစ္စလာမ်ထဲမှာ ထင်ရာလုပ်နေတဲ့ လူတစ်ချို့ရှိတယ်၊ အဲဒီ လူတွေကို ဆုံးမလို့ ရှိရင်  အခါကျတော့ ဗုဒ္ဓဘာသာတရားနဲ့ ဆုံးမလို့ မရဘူး၊ ကုရ်အာန်ထဲက အဆုံးအမနဲ့ပဲ ဆုံးမလို့ရမယ်၊ ဒါကြောင့်လည်းပဲ ကုရ်အာန်ကို လေ့လာတယ်၊

    နောက်တစ်ခုက ဘာသာတရား အားလုံးသည် အရှေ့တိုင်းမှာ ပေါ်ခဲ့တယ်။ ဦးဇင်းတို့ မြန်မာနိုင်ငံလည်း အရှေ့တိုင်းထဲမှာ ပါတယ်၊ အဲဒီအတွက် ဦးဇင်းတို့နဲ့ ဆက်နွယ်နေတဲ့ အရှေ့တိုင်းဘာသာရပ်တစ်ခုကို ဦးဇင်း လေ့လာခြင်း ဖြစ်တယ်၊ အဲဒီ အတွက်ကြောင့် ကုရ်အာန်ကျမ်းကို လေ့လာတယ်၊ နောက်တစ်ခုက ဦးဇင်းက စာရေးဆရာ၊ စာရေးဆရာဆိုတာ စာအစုံဖတ်ရတယ်။ အဲဒါကြောင့်လည်း ကုရ်အာန်ကို လေ့လာတယ်။ နောက် ဦးဇင်းတို့ဟာ စာပေတွေထဲမှာလည်း ကိုယ်သဘောမကျပေမယ့်  သဘောကျ စရာကောင်းမယ့် အချက်အလက်လေးတွေ တွေ့တတ်တယ်။ အဲလို ရှာဖွေခြင်းမျိုးနဲ့လည်း ကုရ်အာန်ကို လေ့လာရတဲ့ အကြောင်းအရင်း ဖြစ်တယ်။ နောက်တစ်ခုက နောင်ခေတ်မှာ တို့တတွေဟာ တို့တတွေရဲ့ မျိုးဆက်သစ်တွေကို ဘာသာရေး သံသယတွေ မရှိစေချင်ဘူး။ အဲဒီ အတွက် ဒီဘာသာထဲမှာတော့ ဒီလို ဒီလို ကောင်းတာလေးတွေ ရှိတယ်။ အဲဒါတွေကို မင်းတို့ လေ့လာကြ၊ အဲဒီလို လေ့လာပြီး သူတို့ကို မင်းတို့ နားလည်ပေးကြ ဒါမျိုး ပြောနိုင်ဖို့ အတွက်လည်း ကုရ်အာန်ကို လေ့လာတယ် ”

    M-Media – အခုလို မေးမြန်းလျှောက်ထားချက်များကို ဖြေကြားပေးတဲ့ ဦးဇင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

    *  လျှောက်ထားမေးမြန်းချက်များကို မေတ္တာတရားတော်နဲ့အညီ ဖြေကြားပေးတဲ့ ဆရာတော် အရှင်ဝိစိတ္တာလင်္ကာရ(ရွှေစုန်းချောင်းဆရာတော်) ကို M-Media အဖွဲ့သားများမှ ကျေးဇူးတင် ဂုဏ်ယူမှတ်တမ်းတင်ပါသည်။
    P8090025

  • ငြိမ်းချမ်း လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး သြဝါဒပေး ဆွေးနွေးပွဲကို မန္တလေးမြို့နှင့် မြစ်ငယ်မြို့တွင် ပြုလုပ်

    183672_507707532611822_714776497_n
    ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး သြဝါဒပေး ဆွေးနွေးပွဲ ၊ မန္တလေး လက်ပံဗလီ
    Photo Credit မေတ္တာ campaign

    487524_167766860050764_1180034860_n
    မြစ်ငယ်ဗလီ၊မြစ်ငယ်မြို့.၊
    Photo Credit Aung Aung

    ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက်သြ၀ါဒပေး ဆွေးနွေးပွဲကို မေလ ၁၀ ရက်နေ့က မွန်းလွဲ ၂း၃၀ နာရီ က မြစ်ငယ်မြို့ မြို့မဗလီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အဲဒီဆွေးနွေးပွဲမှာ မြစ်ငယ်မြို့အတွင်းရှိဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန် စတဲ့ ဘာသာပေါင်းစုံ မြို့ခံလူထု (၁၀၀)ကျော်တက်ရောက်ခဲ့ပြီး ပဋိပက္ခမဖြစ်ပွားအောင် ဘာသာရေး၊ လူမျိုးရေးကို ဦးမတည်ဘဲ ညှိနှိုင်းဆွေးနွေး
    ကာကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက်စုပေါင်းလုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

    အလားတူ ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက် ဆွေးနွေးပွဲကို မန္တလေးမြို့ လက်ပံဗလီဝင်း အစ္စလာမ့်ရောင်ခြည်အသင်း ရုံးခန်း၊ ၌ ၂၀၁၃ မေလ ၁၁ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ အခမ်းအနားအပြီးတွင် ကြွရောက်လာတဲ့ သံဃာတော်များ လက်ပံဗလီအား လေ့လာရေးကြွရောက်ခံကြပြိး ဗလီဂေါပက ဥက္ကဌနှင့် တာဝန်ရှိသူများမှ ဗလီသမိုင်းနှင့် ဗလီတွင်း နေရာများအား ရှင်းလင်းပြသ ခဲ့ကြကြောင်း သိရှိရပါသည်။

    ကိုးကား- Harry Mdy FB နှင့် မြန်မာဓိက

    321356_507582842624291_1920122127_n
    မြစ်ငယ်ဗလီ၊မြစ်ငယ်မြို့.
    Photo Credit မေတ္တာ campaign FB
    417786_507707912611784_1658874347_n
    ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး သြဝါဒပေး ဆွေးနွေးပွဲ ၊ မန္တလေး လက်ပံဗလီ
    Photo Credit မေတ္တာ campaign

     

    946045_10200392127900243_710520682_n
    အာရှအလင်းရောင်ဆရာတော်၊ အေးမြမြိုင်ဆရာတော်၊ ခလီဖွာ ဦးသိန်းဝင်းအောင်
    လက်ပံဗလီဝင်း။ Photo Credit Harry Mdy

    965137_10200392253783390_1830426841_o
    အေးမြမြိုင်ဆရာတော် ဦးသုဇန မန္တလေးမြို့ လက်ပံဗလီ အတွင်းလေ့လာရေးကြွရောက် ဗလီဂေါပက ဥက္ကဌနှင့် တာဝန်ရှိသူများမှ ဗလီသမိုင်းနှင့် ဗလီတွင်း နေရာများအား ရှင်းလင်းတင်ပြစဉ်။
    Photo Credit Harry Mdy

  • အိမ်မဲမြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား မေလ တွင် ကျင်းပမည်

    အိမ်မဲမြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား မေလ တွင် ကျင်းပမည်

    ဧပြီ -၂၆-၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား တစ်ရပ်ကို မေလအတွင်း ကျင်းပမည်ဟု သတင်းရရှိသည်။

    အိမ်မဲမြို့မှ အစိုးရ အသိအမှတ်ပြု ဘာသာရေး အဖွဲ့ကြီး လေးဖွဲ့နှင့် မြို့နယ် အစ္စလာမ် ဘာသာရေး လူငယ်များ အဖွဲ့၊ မြို့ပေါ်ရှိ ဗလီနှစ်လုံးမှ ဂေါပကများအပြင် ငြိမ်းချမ်းရေးကို လိုလားသော ဗုဒ္ဓဘာသာဝင် များလည်း ဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်ကြောင်း သိရသည်။

    အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ “ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို မေလ ပထမအပတ် အတွင်း ကျင်းပ နိုင်ဖို့ ကြိုးစားနေပါတယ်။ မြို့နယ်အတွင်း ပဋိပက္ခ မဖြစ်ရေးနှင့် အတူယဉ်တွဲ အေးချမ်းစွာ နေထိုင်ရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း၊ အခမ်းအနားတွင် အထိမ်းအမှတ် အဖြစ် ငြိမ်းချမ်းရေး စာပါ စွပ်ကျယ်များ၊ ငြိမ်းချမ်းရေး စာစောင်များ ဝေဌါ့မည် ဖြစ်ကြောင်း ”အိမ်မဲမြို့နယ် မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ ဥက္ကဌ ဦးဇော်မင်းထက် မှ M-Media  သို့ပြောကြားသည်။

    မိထ္တီလာ အရေးအခင်းနောက်ပိုင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အစ္စလာမ်ဘာသာဝင်များ အနေဖြင့် စိုးရိမ် ထိတ်လန့်မူများ အနည်းငယ် ဖြစ်ပေါ်ခဲ့ကြပါသည်။ အိမ်မဲမြို့နယ်တွင် တစ်ဦးနှင့် တစ်ဦး သံသယများ ကင်းဝေးပြီး ယခင်ကတည်းက အေးချမ်းသာယာစွာ အတူယှဉ်တွဲ၊ လက်တွဲနေထိုင်ခဲ့ကြရာ ယခု အချိန်ထိ ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြပါသည်။ အိမ်မဲမြို့နယ်အတွင်း  ပဋိပက္ခ မဖြစ်ပေါ်ရေး အတွက် ဒေသ အာဏာပိုင်များမှ ဦးဆောင်ပြီး ဘာသာပေါင်းစုံ အဖွဲ့ ဖွဲ့စည်းထားပါသည်။

    ယခု အခါ သံသယ ပျောက်၍ ချစ်ခင်မူ ပိုမို ခိုင်မြဲစေရန်နှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်မူ ဆထပ်တပိုး တိုးမြင့်စေရန် အတွက် အမြို့မြို့အနယ်နယ်တွင် ကျင်းပ ပြုလုပ်သည့် နည်းတူ အိမ်မဲမြို့တွင်လည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
    အဆိုပါ အခမ်းအနားသို့  ရန်ကုန်မြို့၊ ငြိမ်းချမ်းမူ တည်ဆောက်ရေး ကွန်ရက် ( PCN) မှ ရှေ့နေ ဦးအုန်းမောင်တို့ အဖွဲ့ တက်ရောက်မည်ဟု သိရှိရသည်။

  • ပဲခူးမြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အလှူတော်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့

    ဧပြီ- ၁၁- ၂၀၁၃

    ပဲခူးတိုင်းဒေသကြိး ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အလှူတော်ပေးအပ်ပွဲ အခမ်းအနား ဧပြီလ(၁၁)ရက်နေ့တွင် ပဲခူးမြို့ ရွှေမောဓေါ ဘုရားဝင်းရှိ ဗုဒ္ဓအသံ သာသနာ့ နိဗ္ဗာန် ခန်းမတွင် နံနက် ၉ နာရီမှ ၁၁ နာရီထိကျင်းပခဲ့ပါသည်။

    အခမ်းအနားကို ပဲခူးတိုင်း သံဃာ့နာယက ဆရာတော်များ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင်.အစ္စလာမ်ဘာသာများမှ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ.မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ လူမှု.ရေးအသင်း အဖွဲ.များ၊မြို.မိမြို.ဖများ၊ တက်ရောက်ခဲ.ကြပါသည်။

    အခမ်းအနားတွင် သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များမှ ငြိမ်းချမ်းရေးစကားများ ပြောကြားခဲ.ပြီးလူမှု.ရေးအဖွဲ. အသီးသီးထံသို့ အလှူငွေစုစုပေါင်း သိန်း(၄၀)နီးပါးခန်. လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

    IMG_20130411_075722 IMG_20130411_081248 IMG_20130411_081317 IMG_20130411_081341 IMG_20130411_111111 IMG_20130411_111208

    ကိုးကား-http://legendarymanmm.blogspot.com/