News @ M-Media

Tag: Peace

  • Pray For Myanmar ၏ ငြိမ်းချမ်းရေး အနုပညာပြပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပ

    ဧပြီလ ၁၁၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    P7080097
    Pray For Myanmar  ၏ ငြိမ်းချမ်းရေး အနုပညာ ပြပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ Crystal Jade စားသောက်ဆိုင်တွင် ဧပြီလ ၁၀ ရက်နေ့က နေ့လည် (၁)နာရီမှ ညနေ (၅)နာရီထိ  ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ဘာသာပေါင်းစုံမှ လူငယ်များ ကျင်းပသော အခမ်းအနားကို နိုင်ငံတော် သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ အတွင်းရှိ မိတ္ထီလာမြို့နှင့် ပြည်ပမှ အင်ဒိုနီးရှား စသော နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကြောင့် ဆုံးရူံးနစ်နာခဲ့သော မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် တစ်မိနစ် ငြိမ်သက်ခဲ့သည်။

    ထိုပွဲတွင် ဆရာသစ္စာနီ၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ပေးပို့သော ငြိမ်းချမ်းရေး ကဗျာတို့ ရွတ်ဆိုပြီးနောက် ဆရာဆောင်းခ၊ ဆရာမိုးမျှော်၊ ဆရာနွေရိပ်၊ ဆရာကိုနိုင်၊ ဆရာဇောက်ထိုး၊ ဆရာခေါင်ညှိမင်း တို့မှ ငြိမ်းချမ်းရေး ကဗျာများ ရွတ်ဆိုခဲ့သည်။

    ပြီးနောက် Pray For Myanmar အဖွဲ့မှ မိန်းကလေးတစ်ဦးမှ ဘာသာပေါင်းစုံ အမှတ်သင်္ကတများဖြင့် သရုပ်ဖော် တင်ဆက်မှုတခု တင်ဆက်ခြင်း၊ အဖွဲ့ဝင်များက  ငြိမ်းချမ်းရေး သီချင်းများ သီဆိုခြင်း တို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အခမ်းအနားတွင် ဆရာနေဘုန်းလတ်မှ “မကြာမှီ မြန်မာနိုင်ငံသား အားလုံးရဲ့ အမှတ်လက္ခဏ ဖြစ်တဲ့ လူမျိုး ဘာသာ မရွေးတဲ့ နေရာဒေသ မရွေးတဲ့ သင်္ကြန်ပွဲတော်ကြီး ကျရောက်တော့မှာပါ။ တကယ် ငြိမ်းချမ်းတဲ့ သင်္ကြန်ဖြစ်ဖို့ အတွက် ပထမခြေလှမ်းကို စလှမ်းတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ငြိမ်းချမ်းအောင် သန့်စင်နေအောင် သင်္ကြန်ရေ မလောင်းခံရခင်လေးမှာ နှလုံးသားတွေကို ဆေးကြောကြပါလို့ ဒီနေရာကနေ တိုက်တွန်းချင်တယ်။ အားလုံး သန့်စင်တဲ့ ငြိမ်းချမ်းတဲ့ နှလုံးသားတွေနဲ့ သင်္ကြန်ထဲကို ၀င်ကြပြီ ဆိုရင် ဒီသင်္ကြန်ကြီးက တကယ့် ငြိမ်းချမ်းရေး သင်္ကြန်ကြီး ဖြစ်လာမှာပါ။ ကျွန်တော် တကယ်ပဲ စိုးရိမ်ပါတယ်၊ တကယ်လှပခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့အမှတ်လက္ခဏာ တစ်ခု ဖြစ်တဲ့ သင်္ကြန်ပွဲတော်ကြီးဟာ မလိုတမာ သူတွေရဲ့ သွေးထိုး လှုံဆော်မူတွေကြောင့်၊ အကြမ်းဖက်သမားတွေရဲ့ ရန်ကြောင့် တစ်ခါတုန်းကလည်း သွေးစွန်းခဲ့ပြီးပါပြီ။ အခု တစ်ခါ ထပ်ပြီး  သွေးစွန်းမခံချင်ပါဘူး။ သင်္ကြန်ကို ဆင်နွဲကြမယ့် သူတွေ အားလုံး သင်္ကြန်ကို ပုံဖော်ကြမယ့် သူတွေ အားလုံး သန့်စင်မွန်မြတ်တဲ့ နှလုံးသားတွေနဲ့ ၀င်မယ်ဆိုရင် အခု လာမယ့် သင်္ကြန်ဟာ ကျွန်တော်တို့ မျှော်လင့်တောင့်တတဲ့ ငြိမ်းချမ်းခြင်း သင်္ကြန်ဖြစ်မှာပါ ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပန်းချီဆရာ ကောင်းဆက်မင်း မှ  “ကျွန်တော် ဒီပန်းချီကားကို ရေးဆွဲတဲ့ နေရာမှာ ဘာသာမတူတဲ့ လူငယ် လေးငါးယောက်ကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဘာသာမတူတဲ့သူတွေရဲ့ အားလုံးကိုယ်စားပြု ရေးဆွဲမှာ ဖြစ်ပါတယ်။ ဒီဘာသာကြီး လေးခုကို ကိုးကွယ်နေတဲ့ သူတွေဟာလည်း လူတွေထဲက လူတွေပါပဲ၊ ဒါကြောင့် အကုန်လုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေး ခရီးကို ဆက်လျှောက်သွားကြမယ်လို့ ခံယူချက်နဲ့ ကျွန်တော်ဆွဲထားခြင်းပါ” ဟု ပန်းချီကား ရေးဆွဲ ပုံဖော်ထားခြင်းနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။

    P7080067

    နောက်ဆက်လက်၍ Pray For Myanmar သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းချက် ဖြစ်သော အွန်လိုင်းပေါ်မှ ပြောနေ ရေးနေ ကြသည့် ဒီအဖွဲ့တွင် နောက်ကွယ်က ကြိုးကိုင်နေသည့် အဖွဲ့ (သို့) လူတစ်ဦး ရှိမရှိ နှင့် ထွက်ပေါ်နေသည့်ကောလဟာလများနှင့် ပတ်သက်၍ မေးမြန်းချက်ကို ကိုနိုင်ဦးမှ  “ကျွန်တော်တို့လည်း အင်တာနက် စာမျက်နှာ ပေါ်က ကောလဟာလ တွေနဲ့ ပတ်သပ်ပြီး အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊ ဘာလို့များ အဲလို ရေးရက် ပြောရက်ကြတာလည်း ဆိုပြီးတော့ပေါ့။ ကျွန်တော်တို့ဟာ လူမူရေး အဖွဲ့အစည်း အသီးသီးမှာ အလုပ်လုပ်နေကြတဲ့ လူငယ်တွေပါ၊ လူငယ်တွေပါလို့ လှအောင်ပြောနေပေမယ့် အရမ်းငယ်တဲ့ သူတွေ မပါပါဘူ၊ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးမှာ ရှိတဲ့ ဖန်ငွေတွေ ပေါင်းလိုက်ရင် ဒီလိုပွဲမျိုးလေးတွေ လုပ်ဖို့ လုံလောက်ပါတယ်၊ ဒါတင် မကပါဘူး၊ မိထ္တီလာ ကယ်ဆယ်ရေး စခန်းကို သွားရောက်ဖို့ သဘာပေါင်းစုံက လူငယ်တွေ စုပေါင်းပြီး သွားလှူဖို့ ရှိပါသေးတယ်” ဟုဖြေကြားခဲ့သည်။

    တဆက်တည်း ကိုဇော်မင်းလတ်မှလည်း “ကျွန်တော်တို့နောက်မှာ ကျွန်တော်တို့ကို ထောက်ပံ့တဲ့ မည်သည့် အဖွဲ့အစည်းမှ မရှိပါဘူး၊ နိုင်ငံရေး ပါတီလည်း မရှိပါဘူး၊ပြည်ပ နိုင်ငံရဲ့ ထောက်ပံ့မူလည်း မရှိပါဘူး၊ ပန်းပျိုးလက်က လူငယ်တွေ မဇ္ချိမက လူငယ်တွေက စတဲ့ လူငယ် အဖွဲ့ အစည်း အသီးသီးက သူတို့ရဲ့ မုန့်ဖိုးလေးတွေ စုပါတယ် ပြီးတော့ အားလုံး ဒီမှာ စုပေါင်းပါတယ်၊ လူငယ်တွေထဲမှာလည်း လုပ်ငန်းရှင်တွေ ပါပါတယ်၊အခုချိန်မှာ စားသောက်ဆိုင် တစ်ဆိုင် သွားထိုင်ရင် အနည်းဆုံး ကျပ်တစ်သိန်း ကုန်ပါတယ်၊ကျွန်တော်တို့တွေက အဲလို မစားသောက်ကြပါဘူး၊ KTV တို့၊ အနှိပ်ခန်းတို့ မသွားပါဘူး၊ အဲဒီမှာ သုံးဖြုန်းမယ် မုန့်ဖိုး ပိုက်ဆံတွေ အားလုံးကို ကျွန်တော်တို့ ဒီနေရာတွေမှာ သုံးခြင်းဖြစ်ပါတယ်” ဟု ထည့်သွင်း ရှင်းလင်း ခဲ့ကြသည်။

    IMG_20130410_152316

    ကိုသန့်စင်ထွေး (မဇ္ချိမ) က “ကျွန်တော်တို့  မဇ္ချိမ အဖွဲ့ဟာ ဆိုရင်လည်း အာဇာနည် ခေါင်းဆောင် ဆရာကြီးဦးရာဇာတ် လုပ်ခဲ့တဲ့ ပုံစံမျိုး လုပ်မှာပါ၊ ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်တွေကြီးပဲ ကောင်းစားဖို့ ဖွဲ့တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး၊ဆရာကြီးဦးရာဇတ် လုပ်ခဲ့တဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံ ကောင်းစားဖို့  ဗိုလ်ချုပ်အောင်ဆန်းနဲ့ လက်တွဲခဲ့တယ်၊ နောက်ဆုံး အသက်ပါ ပေးခဲ့တယ်၊ ကျွန်တော်တို့ကလည်း မြန်မာနိုင်ငံကြီး ကောင်းစားဖို့ အတွက် ၊ မြန်မာနိုင်ငံကြီးး တိုးတက်ဖို့ အတွက်ပဲ ရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ ကျွန်တော်တို့ အစ္စလာမ်ဘာသာကို ၁၀၀ရာခိုင်နှုန်း ချစ်ပါတယ်၊ အဲလိုပဲ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မြန်မာနိုင်ငံသား အားလုံးကိုလည်း ကျွန်တော့် သာသနာကို ချစ်တာထက် တစ်စက်မှ မလျော့တဲ့ အချစ်မျိုးနဲ့ ချစ်ပါတယ် ၊အဲလိုပဲ ခံယူထားတဲ့ အတွက် မြန်မာနိုင်ငံကြီး ငြိမ်းငြိမ်း ချမ်းချမ်း နဲ့ ရှေ့ဆက်နိုင်ဖို့ အတွက် ကျွန်တော်တို့ တက်နိုင်တဲ့ ဘက်က ၀ိုင်းဝန်းပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ဘယ်သူရဲ့ နောက်ကွယ်က ပံ့ပိုးမူ၊ ထောက်ပံ့မူ၊ ခိုင်းစေမူ၊ ညွှန်ကြားမူ တစ်စုံတစ်ရာ မရှိပါဘူး၊ ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ ဆန္ဒ သဘောထားနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်မ ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့အကြမ်းဖက်မှာ ပါဝင်နေကြတဲ့  ဗုဒ္ဓဘာသာဝင်တွေကို မေတ္တာရပ်ခံ ချင်ပါတယ်။ ကျွန်မတို့ ဘုရားဟောခဲ့ပါတယ်၊ ဘုရားက မေတ္တာကို အခြေခံပြီး ဟောခဲ့ပါတယ်၊ ဘုရားဟောတဲ့ သာသနာကို ချစ်တယ် ဆိုလို့ ရှိရင်လည်းမေတ္တာတရားကို အခြေခံပြီး သွားရမှာပေါ့၊  ဘုရားဟောခဲ့တဲ့ အလယ်အလတ် လမ်းစဉ်ဟာ ဘယ်တော့မှ အစွန်းမရောက်ပါဘူး၊ လူတိုင်းကို ချစ်ခြင်း မေတ္တာကို အခြေခံတာပါ၊ နောက်တစ်ခုက ငါ ဆိုတဲ့ အတ္တကို အခြေမခံဘဲ ငါ သာဆိုရင်  ကျွန်မတို့ရဲ့မိဘ သာဆိုရင်  ကျွန်မတို့ရဲ့ အကိုသာ ဆိုရင် ဆိုတဲ့ အတွေး  လူတိုင်းကသာ အဲလို တွေးလို့ ရှိရင် ပဋိပက္ခတွေက လွတ်မြောက် ပြီးတော့ ငြိမ်းချမ်းခြင်းကို ရမှာပါလို့ ကျွန်မ ယုံကြည်ပါတယ်” မဆုမြတ်မွန် ဟု ထည့်သွင်းပြောကြားခဲ့သည်။

      IMG_20130410_163023

    ရန်ကုန်တိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် NGO Fair ကော်မတီမှ ဥက္ကဌ ဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်မှ ငြိမ်းချမ်းရေး စကားပြောကြားရာတွင်  “လူငယ်တွေက သမိုင်းခေတ် အဆက်ဆက် ကမ္ဘာအရပ်ရပ်မှာ လူငယ်တွေရဲ့ အခန်းဏ္ဍက ထွန်းတောက်တယ်၊ ရှေ့ဆောင်တယ်၊ လူငယ်တွေဟာ မဟုတ်ရင် မခံချင်ဘူး၊ နိုးကြားတယ်၊ တက်ကြွတယ်၊သွက်လက်တယ်၊ဖြတ်လက်တယ်၊ ပြတ်သားတယ် တွေရဲ့ နောက်မှာ စီမံခန့်ခွဲမူကောင်းတာတွေ၊ ကိုယ်ကျိုးစွန့်လွှတ်တာတွေ၊ သူများ အကျိုးကို ဆောင်ချင်တာတွေပါ တွဲပါလာပြီ ဆိုရင် ဒီလူသည်နိုင်ငံအတွက် အဖိုး မဖြတ်နိုင်တဲ့ ခေါင်းဆောင် ဖြစ်တယ်၊ ဒီလူငယ်တွေရဲ့ စွမ်းဆောင်ချက်တွေကို အင်မတန် ကျေနပ်တယ်၊ ၀မ်းသာတယ်၊ နိုင်ငံတော်ရဲ့ အနာဂတ်အတွက်လည်း အားရှိတယ်၊ ဒီလို ကလေးလေးတွေနဲ့ နောက်ထပ် ကလေးတွေရဲ့ မြောက်များစွာသော လှုပ်ရှားမူတွေကို ကြိုဆိုတယ်၊ အရေးကြီးဆုံး အနေနဲ့ နိုင်ငံတစ်နိုင်ငံ အတွက် ဖွံ့ဖြိုးတိုးတက်မူတွေ အတွက် ယုံကြည်ချက်တွေ လိုတယ်၊ စည်းလုံးညီညွှတ်မူတွေ လိုတယ်၊ တွေ့ဆုံ ညှိနှိုင်းမူတွေ လိုတယ်၊ ပွင့်လင်း မြင်သာမူတွေ လိုတယ် နောက်ပြီးတော့ ငြိမ်းချမ်းရေး ပြီးမှ ဖွံ့ဖြိုးတိုးတက်မူရှိမယ် အဲလိုရှိတဲ့ အထဲမှာ အခုလို ငြိမ်းချမ်းရေးကို အားသွန် ခွန်စိုက် နဲ့ စိတ်ပါဝင်စားစွာ လုပ်နေတာကို အန်တီဝိုင်း က ရာနှုန်းပြည့် ချီးကျူး ဂုဏ်ယူပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    တက်ရောက်လာသူများထဲမှ ကျူရှင်ဆရာ တစ်ဦးဖြစ်သော ဆရာဦးစိုးအောင်မှ “ဒီပွဲလေးဟာ ခုချိန်မှာ အင်မတန်မှ လိုအပ်ပြီး ကောင်းပါတယ်၊ ဒီလိုပွဲမျိုးလေးတွေ မြို့နယ်တိုင်း မြို့နယ်တိုင်း လုပ်ပေးသင့်ပါတယ်၊ အဲလို လုပ်ပေးခြင်း အားဖြင့် ဘာသာဝင် အချင်းချင်း ပွင့်လင်းလာပြီး ရင်းနှီးလာပြီး တစ်ဦးနှင့် တစ်ဦး အချင်းချင်း ခစ်ခြင်း မေတ္တာ ပွားလာလိမ့်မယ်၊ ရင်းနှီးမူ ပေါ်မှာ ချစ်ခင်လာမယ်၊ ချစ်ခင်မူပေါ်မှာ ငြိမ်းချမ်းမူဆိုတာ ပေါ်ပေါက်လာမယ်၊ ဒါကြောင့် ဒီလို ပွဲတွေကို ခဏခဏ နိုင်ငံနဲ့ တ၀ှမ်း ကျင်းပ သင့်တယ်လို့ မြင်ပါတယ်၊

    IMG_20130410_155732

    ဘာသာအသီးသီးရဲ့ တရားအားလုံးက ငြိမ်းချမ်းရေးကိုပဲ ဟောပါတယ်၊ မေတ္တာ တရားကို အခြေခံပြီးတော့ ဟောကြတာပဲ ဖြစ်တယ်၊ အခု ဖြစ်တာတွေက ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာ ဖြစ်တာ မဟုတ်ပါဘူး၊ ဘာသာဝင် အချင်းချင်း ဖြစ်ကြတာ မဟုတ်ပဲ အကြမ်းဖက် လူတစ်စုက ပြည်သူတွေကို တိုက်ခိုက်တာလို့ ယူဆပါတယ်၊ တရားဥပဒေကို လေးစား လိုက်နာတဲ့ သူတွေဟာ တရားဥပဒေ ဘောင်အတွင်းကနေ ဖြေရှင်းနိုင်ဖို့ အတွက် အဲလိုမျိုး လှုံဆော်တဲ့ သူတွေ၊ သွေးထိုးတဲ့ သူတွေကို လက်မခံပဲနဲ့ သက်ဆိုင်ရာ အာဏာပိုင် အသီးသီးကို ဆင့်ကဲ ဆင့်ကဲ သတင်းပေး တိုင်တန်းပြီးတော့  အမြန်ဆုံး တရား ဥပဒေ စိုးမိုးမူ ရှိအောင် နှိမ်နင်းသင့်တယ်လို့ ကျွန်တော်အနေနဲ့ အကြံပြု ပါတယ်” ဟု M-Media သို့ ပြောကြားခဲ့သည်။

    ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သော အဖွဲ့ခေါင်းဆောင် ကိုသက်ဆွေဝင်း မှ “ကျွန်တော် အနေနဲ့ ပြောရမယ် ဆိုရင် ဒီအစ္စလာမ် ဘာသာက ရောက်ရှိလာတာဟာလည်း နှစ်ပေါင်း မနည်းတော့ဘူး။ကျွန်တော်တို့တွေ ငြိမ်းငြိမ်း ချမ်းချမ်းနေထိုင် လာခဲ့တဲ့ သက်တမ်းကလည်း မနည်းဘူး၊ ကြားထဲမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပေမယ့်လည်း ဒီလောက် ကြီးကြီးမားမားဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သက်တမ်းမှာ တစ်ခါမှ မကြုံဖူးဘူး၊ ဒါမျိုး လူမဆန်စွာ သတ်ဖြတ်ခြင်းကို ကျွန်တော် တကယ်ပဲ တုန်လှုပ်တယ်၊ ဒီလိုမျိုး ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့ ဒီအဖွဲ့လေးလုပ်ဖြစ်တာ ဖြစ်တယ်၊ လူတစ်ယောက်ကို လူတစ်ယောက်က သတ်ဖြတ်နေခြင်းက အဖြေ မဟုတ်ဘူး၊ လူသတ်တာ မဟုတ်တဲ့ သွေးမစွန်းတဲ့ အဖြေတစ်ခုကို ရှာဖို့ လိုတယ်၊ကြားထဲမှာ လိုအပ်နေတာက တစ်ဦးနဲ့တစ်ဦးနားလည်မူ၊ ပွင့်လင်း မြင်သာမူ၊ စိတ်ရှည် သည်းခံမူ အဲဒါတွေကနေပြီးတော့ တဆင့်ပြီး တဆင့် လူတွေရဲ့ ရေချိန် စံနှုန်းလည်း တက်လာမယ်လို့ မြင်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

    ဓါတ်ပုံများ ကြည့်ရန်။

  • ပုသိမ်မြို့တွင် ဘာသာပေါင်းစုံ အလှူပွဲကျင်းပ

    ဧပြီ ၉၊ ၂၀၁၃
    M-Media
    နေမင်း

    FILE1759

    ပုသိမ် ။      ။    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ရည်ရွယ်၍ ဘာသာပေါင်းစုံအလှူပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြောင်းမြပရိယတ္တိစာသင်တိုက်တွင်  ဧပြီလ ၈-ရက် (တနင်္လာနေ့)၌ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    ပုသိမ်မြို့၊ မြောင်းမြပရိယတ္တိစာသင်တိုက်တွင် ၈.၄.၂၀၁၃ ရက်နေ့က ဘာသာပေါင်းစုံအလှူပွဲကျင်းပခဲ့ပါတယ်။ အလှူပွဲကို နံနက် (၁၀)နာရီအချိန်တွင်စတင်ခဲ့ပြီး ပုသိမ်မြို့မှ စာသင်တိုက် (၅)တိုက်မှ ကျောင်းထိုင်ဆရာတော်များ၊ ပုသိမ်မြို့ရှိပလီများမှ ရှေ့ဆောင်ဆရာများ၊ အစ္စလာမ်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရစ်ယာန်ဘာသာမှ တာဝန်ရှိသူများ၊ ဟိန္ဒူဘာမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြပါတယ်။စုစုပေါင်း အင်အား (၅၀၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ ဘာသာရေးခေါင်းဆောင်အသီးသီးမှ ဆုံးမသြ၀ါဒများ ဟောကြားခဲ့ကြပါတယ်။ ဒီအလှူပွဲကို အမျိုးသားဒီမိုကရေစီကွန်ယက် (NDN) နှင့် မွတ်စလင်မ်လူငယ်အချို့မှ ကြီးမှူးကျင်းပခဲ့ကြတာဖြစ်ပါတယ်။

    ယင်းအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့သည်မှာ – “ဒီနေ့ မြောင်းမြကျောင်းတိုက်မှာပြုလုပ်တဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ လက်တွဲနေထိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းကြတဲ့ သဘောထားတဲ့ ပြောကြတဲ့ဒီပွဲမှာ ကျွန်တော်ပုသိမ်ခရိုင်အုပ်ချုပ် ရေးမှူးအနေနဲ့ တက်ရောက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့အုပ်ချုပ်ရေးအဖွဲ့များရဲ့ကိုယ်စား ကျွန်တော် အနည်းငယ်ပြောကြားလိုပါတယ်။ ဒီနေ့ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ အင်မတန်ကို ကောင်းမြတ်တဲ့ မြန်မာနိုင်ငံတော်ကြီးဖြစ်ပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး မိမိတို့ကြိုက်နှစ်သက်တဲ့ ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရတဲ့ မြန်မာနိုင်ငံတော်ဖြစ်ပါတယ်။ နောက်တစ်ခု ကျွန်တော်တို့မြန်မာနိုင်ငံတော်မှာ လူမျိုးပေါင်းစုံဟာ ရှေးပဝေသဏီကတည်းက အတူယှဉ်တွဲလက်တွဲ ပြီးတော့ နေထိုင်လာခဲ့ကြတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဒေသတွင်းမှာလည်း တမြေတည်းနေ၊ တရေတည်းသောက်ပြီးတော့ လက်တွဲနေထိုင်ကြတဲ့ ညီအစ်ကိုများဖြစ်ပါတယ်။ တစ်မြို့တည်းမှာ တစ်ရွာတည်းမှာ အတူတူ ယှဉ်တွဲပြီးတော့ နေထိုင်လာကြတာဖြစ်ပါတယ်။ သို့ပေမယ့် အခုလက်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဖြစ်ပေါ်တဲ့အကြောင်းချင်းရာ များဟာ သာမန်အားဖြင့်  လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများမှသည် လူအများ၊ လူအများမှ သည် လူမျိုးရေး၊ ဘာသာရေး၊ ဒါတွေကို ယှဉ်တွဲဖြစ်ပြီးဖြစ်ပေါ်လာတဲ့အတွက် အုပ်စုလိုက်ဖြစ်ပေါ်လာ ခဲ့ရတဲ့ကိစ္စတွေဟာ ဒီနေ့ မျက်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

    ဒါကြောင့် သာမန်အားဖြင့် နေ့စဉ်နဲ့အမျှ မိမိတို့မိသားစုကိစ္စအ၀၀အရပ်ရပ်ကို ဆောင်ကြဉ်းနေကြတဲ့ ပြည်သူလူထုအရပ်ရပ်တွေမှာ နေ့စဉ်နဲ့အမျှ ကိစ္စအရပ်ရပ်တွေ ရှိနေကြမှာဖြစ်ပါတယ်။ ကိစ္စအရပ်ရပ်တွေရှိနေကြတဲ့အခါမှာ သာမန်အားဖြင့် ဖြစ်ပေါ်နေတဲ့ကိစ္စအရပ်ရပ်ဟာလည်း နေ့တဓူဝ ရှိနေကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘယ်လိုပဲပြောကြသည်၊ ဟောကြသည်ဖြစ်စေ မိသားစုအတွင်းမှာတောင် မိသားစုပြဿနာလေးတွေ ရှိနေကြမှာပဲ၊ အရပ်ထဲမှာလည်း ပြဿနာတွေ ရှိနေကြမှာပဲ။ ဒါကတော့ သဘာဝတရားအရ ရှုမြင်တဲ့ ကိစ္စပါ။ သို့သော်လည်း ဒီဖြစ်ပေါ်နေတဲ့ပြဿနာအကြောင်းချင်းရာတွေကို ဂဃနဏ ရေရေရာရာနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အကြောင်းချင်းရာတစ်ခုကို ချဲ့ကား၍သော်လည်းကောင်း၊ မမှန်သတင်းပေး၍သော်လည်းကောင်း၊ ပြဿနာကို ပိုကြီးထွားစေတဲ့ကိစ္စကြောင့်သာ ဒီလိုဖြစ်ပေါ်နေ တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တိုင်းအတွင်း၊ ပုသိမ်ခရိုင်အတွင်း၊ မြို့နယ်အတွင်းမှာ ယခုတက်ရောက်လာကြတဲ့ ညီအစ်ကိုပြည်သူလူထုတွေလည်း ပူးပေါင်းပါဝင်ကြမယ်၊ တာဝန်ရှိတဲ့လူ များကလည်း ဖြစ်ပေါ်လာတဲ့ကိစ္စတွေမှာ ပြည်သူလူထုကို မီးမကူးစက်အောင် ၀ိုင်းဝန်းပြီးတော့ထိန်း ကြောင်းနိုင်ကြဖို့လိုပါတယ်။ အထူးသဖြင့် အေးအေးချမ်းချမ်းနဲ့ ဒေသတွင်းမှာ အေးချမ်းဖို့ဟာ အရေး ကြီးပါတယ်။ ခုနက ဆရာတော်တို့ဟောပြောသွားတဲ့အတိုင်းပဲ ရပ်ရွာမှာ တရားဥပဒေစိုးမိုးပြီးတော့ လုံလုံခြုံခြုံရှိမှသာလျှင် မိမိတို့ရဲ့ အသက်အိုးအိမ်၊ စည်းစိမ် မိမိတို့ရဲ့လုပ်ကိုင်စားသောက်မှုကြီးငယ် မဟူပါ လုပ်ကိုင်စားသောက်လို့ရမှာဖြစ်ပါတယ်။

    ဒါကြောင့် လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးဖို့အတွက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့တင်မပြီးပါဘူး။ ကျွန်တော်တို့ အခုတက်ရောက်လာကြတဲ့ ရပ်သူရွာသား အားလုံးမှာလဲ ကိုယ်စီတာဝန်ရှိပါတယ်။ ဒါကြောင့် အချုပ်အနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော်တို့အခု ဒီကနေ့ ဒီမှာဆွေးနွေးကြတယ်၊ တိုင်ပင်ကြတယ်ဆိုတာဟာ ကျွန်တော်တို့ဧရာဝတီတိုင်းအတွင်းမှာ မတည်မငြိမ် မငြိမ်မသက်ဖြစ်နေကြလို့ ဆောင်ရွက်တာမဟုတ်ပါဘူး။ မတည်မငြိမ်လည်း လုံးဝမရှိပါ ဘူး။ တည်ငြိမ်အေးချမ်းလျက်ရှိပါတယ်။ သို့သော်လည်း ကြိုတင်ပြီးတော့ အားလံုးရဲ့ညီညွတ်မှုအားနဲ့ တို့ဒေသမှာတော့ တည်ငြိမ်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ ကိုယ့်အလုပ်ကိုယ် လုပ်ကိုင်စားသောက်ကြ ပြီး ညီရင်းအစ်ကိုလို အတူယှဉ်တွဲ လက်တွဲပြီးတော့ နေထိုင်စားသောက်ကြဖို့လုပ်တဲ့ပွဲလို့ ကျွန်တော်ထင်ပါတယ်။ သာမာန်အားဖြင့် လူထုထဲမှာ ပေါ့ပေါ့လေးနဲ့ ဖြစ်ပေါ်လာနိုင်တဲ့
    အကြောင်းအရာ ကိစ္စတွေကို လေးလေးနက်နက် မဆောင်ရွက်ဘဲနဲ့ တချို့ကျတော့ မိမိရဲ့ စကားလုံး အသုံးအနှုံးနဲ့ အခုခေတ်ကတော့ အင်တာနက်ဝက်ဘ်ဆိုဒ် တခြားဖြန့်ချိမှုတွေမြန်ဆန်တဲ့အတွက် ကြောင့် ဒီဟာတွေကို ပြည်သူလူထုတွေအနေနဲ့ စဉ်းစားချင့်ချိန်၊ ဟုတ်၏မဟုတ်၏ မှန်၏မမှန်၏ကို သက်ဆိုင်ရာဘာသာရေးအကြီးအကဲများ၊ သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းအသီးသီး၊ ခေါင်းဆောင် တွေရှိတယ်၊ မြို့မိမြို့ဖတွေ၊ ရပ်ကွက်ထဲမှာဆိုရင် ရပ်မိရပ်ဖတွေရှိတယ်။ ဒီလူကြီးသူမတွေရဲ့ ဆိုဆုံးမ စကားတွေကို လူငယ်အရွယ်မျိုးစုံကနေ စည်းစည်းလုံးလုံးနေဖို့ လိုပါတယ်။

    ဆရာတော်ကြီးများ ဟောကြား သွားတဲ့ သြဝါဒများမှာ မိန်ကြားသွားတဲ့အတိုင်း တဖက်စွန်းရောက်တဲ့ ၀ါဒဖြန့်ချိတဲ့လူပုဂ္ဂိုလ်များကြောင့် ကျွန်တော်တို့ဒေသတွေမှာ အခြားကဲ့သို့မဖြစ်ရအောင် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ရှိကြဖို့လိုပါတယ်။ ဒါကြောင့် နိဂုံးချုပ်အနေနဲ့ကတော့ ကျွန်တော်တို့ပုသိမ်ဒေသအတွင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း၊ အေးချမ်းတည်ငြိမ်ပြီးတော့ တရားဥပဒေစိုးမိုးဖို့အတွက်ကို ကျွန်တော်တို့အခုတက်ရောက် လာကြတဲ့လူထုပရိသတ်၊ လူငယ်လူရွယ်တွေအားလုံးရော အလွှာပေါင်းစုံမှလူများမှလည်း ၀ိုင်းဝန်းကြိုး စားကြရမှာဖြစ်ပါတယ်။ ဒီလိုကြိုးစားကြတဲ့နေရာမှာ  ကျွန်တော်တို့တာဝန်ရှိကြတဲ့ အုပ်ချုပ်ရေးအပိုင်း တွေရှိမယ်၊ လူမှုရေးအဖွဲ့တွေရှိကြမယ်။ ဒီလိုအခြေနေတွေ  ဖြစ်ပေါ်မှုမဖြစ်ရအောင် ကျွန်တော်တို့က ကြိုတင်ကာကွယ်မှုတွေမျိုးစုံလုပ်ကြရမှာဖြစ်တဲ့လူတန်းစားတွေရှိတယ်။ မဖြစ်သင့်တာတွေ မဖြစ်ရအောင် အသေးလေးအသေးလေးမှာကတည်းက ငြိမ်းသက်လိုက်မယ်ဆိုရင် အကြီးကြီး ဆိုတာ ဖြစ်စရာအကြောင်းမရှိပါဘူး။ ဒါကြောင့်အားလုံး ဒေသအတွင်းမှာ တည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်းပြီး ကြိုးစားပေးကြပါလို့ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။”

    ဓါတ်ပုံများ ဆက်လက်ကြည့်ရှု့ရန်

  • ပုသိမ်မြို့တွင် ဘာသာပေါင်းစုံ အလှူပွဲကျင်းပမည်

    ဧပြီ ၇၊ ၂၀၁၃
    M-Media
    နေမင်း
    2
    ပုသိမ် ။           ။    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ရည်ရွယ်၍ ဘာသာပေါင်းစုံအလှူပွဲကို ဧပြီလ ၈-ရက် (တနင်္လာနေ့)တွင် နံနက် (၁၀)နာရီမှ နေ့လည် (၁၂း၃၀)နာရီထိ မြောင်းမြကျောင်း ပရိယတ္တိစာသင်တိုက်၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    ယင်းဘာသာပေါင်းစုံအလှူပွဲကို ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေရေးကွန်ရက်၏ ကြီးကြပ်မှုဖြင့် သာသာပေါင်းစုံမှ လူမျိုးများ အတူတကွတွေ့ဆုံ၍ ဘာသာတရားအသီးသီးမှ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး တရားဒေသနာ အဆုံးအမများကို နာယူပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

  • ပုသိမ်တွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

    ပုသိမ်တွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

    ဧပြီ ၅၊ ၂၀၁၃
    M-Media
    နေမင်း

    ပုသိမ် ။         ။    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ညနေ ၆-နာရီက ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီကွန်ရက်တွင် ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ရည်ရွယ်၍ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စီမံမှုများအား ပြည်သူများအား ဟောပြောဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ပြီး၊ ယင်းတွေ့ဆုံဆွေးနွေးပွဲအား ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကွန်ရက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

    ယင်းဆွေးနွေးပွဲသို့ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းပေါင်းစုံ၊ ကျောင်းသားသမဂ္ဂအဖွဲ့နှင့် စိတ်ဝင်စားသူ စုစုပေါင်း ၆၀-၀န်းကျင် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

  • တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေး အတွက် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲကျင်းပ

    မတ်လ ၃၀၊ ၂၀၁၃
    M-Media

    မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေး အတွက် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲကျင်းပ

    Community Dialogue for Social Harmony & Stability in Myanmar
    Photo-DVB

    ရန်ကုန် ။      ။   မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ Myanmar Peace Center ၌ ယနေ့ မတ်လ ၃၀-ရက်၊ နေ့လည်(၂)နာရီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

    ထိုဆွေးနွေးပွဲ၌ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် မငြိမ်သက်မှုများအား အေးချမ်းစွာ အဖြေရှာနိုင်ရန် ၀ိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

    မိတ္ထီလာအရေးကိစ္စအပါအ၀င် အခြားသောနေရာများ၌ ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများနှင့်ပတ်သက်၍ တက်ရောက်လာသော အဖွဲ့များအားလုံးမှ ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ကြောင်းလည်း သိရသည်။

    “မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ”မှ ကြေညာချက် –

    ၂၀၁၃-ခုနှစ်၊ မတ်လ (၂၈)ရက်နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့သည့် မိန့်ခွန်းကို လေးလေးနက်နက် ထောက်ခံအပ်ပါသည်။

    အထူးသဖြင့် နိုင်ငံတော်သမ္မတကြီး ပြောကြားသည့် “မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှု ကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီးအစွန်း ရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုး စီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင် လာမှုတွေကို ပပျောက်အောင် ကျွန်တော်တို့ အစိုးရအနေနဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပေဒများနှင့် အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်” ဟူသည့် အဆိုအမိန့်ကို ထောက်ခံ ကြိုဆိုပါသည်။

    (၁)  ကျွန်ုပ်တို့မြန်မာနိုင်ငံအား“မတူကွဲပြားသည့်လူမျိုးဘာသာအမျိုးမျိုးတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သော ဒီမိုကရေစီအခြေခံသည့် ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီး” ဖြစ်အောင် ဆောင်ရွက်သွားရမည်မှာ နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါသည်။

    (၂) မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်သည့် ဘာသာပေါင်းစုံတို့ သဟဇာတဖြစ်ဖြစ် အတူယှဉ်တွဲနေထိုင်သည့် သမိုင်းအစဉ်အလာကြီးသည့် နိုင်ငံတော်ဖြစ်ပါသည်။မြန်မာနိုင်ငံအတွင်းတွင်လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိသကဲ့သို့အယူဝါဒကွဲပြားသည့် ဘာသာဝင်များသည်လည်းအချင်းချင်းစာနာထောက်ထားလေးစားရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိပါသည်။

    (၃) ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေချိန်တွင် မိတ္ထီလာအပါအဝင် မြန်မာနိုင်ငံရှိ အခြားနေရာများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ၊ နိုင်ငံသားတို့၏ အသက် အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက် ရန်ရှာမှုများ၊ လူမျိုးဘာသာအပေါ်အခြေခံ၍ နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံမှုများ အားလုံးကိုဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏  အတားအဆီးများ အဖြစ်ကန့်ကွက် ဆန့်ကျင်သည်။

    (၄) လက်ရှိဖြစ်ပွားနေသောအဓိကရုဏ်းများပျံ့ပွားခြင်းကိုဟန့်တားနိုင်ရန်အတွက် နိုင်ငံတော် အစိုးရနှင့် အာဏာပိုင်များသာမက ဘာသာရေး ခေါင်းဆောင်များ၊ လူထု အဖွဲ့အစည်းများ၊ ဒေသခံလူထုများပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တာဝန်ရှိပါသည်။ ယခုတက်ရောက်လာသော ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ ထိုသို့ပူးပေါင်းဆောင်ရွက်ရန် ကတိပြုပါသည်။

    (၅) နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်ဖြစ်သည့် “ဥပဒေမဲ့ အကြမ်းဖက်ဆူပူမှုများကို နိုင်ငံတော်အစိုးရမှ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမည်” ဟူသည့်ကတိ ကို အပြည့်အဝ တာဝန်ယူ အကောင်အထည်ဖော်ရန် တိုက်တွန်းပါသည်။

    (၆) ယခုလက်ရှိအခြေအနေတွင် အဓိကရုဏ်းများမပျံ့နှံ့အောင် ချက်ချင်းလက်ငင်းလုပ်ဆောင်နိုင်ရန် အလွန် အရေးကြီးပါသည်။ သို့အတွက် ယနေ့တက်ရောက်လာကြသည့် ပုဂ္ဂိုလ်အသီးသီးနှင့် အဖွဲ့အစည်း များက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုပါသည်။

    (၇) ဖြစ်ပွားခဲ့သောအကြမ်းဖက်အဓိကရုဏ်းများကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုများ၊ ထိခိုက် နစ်နာမှုများ ရှိခဲ့ပြီးယင်းတို့မှတဆင့် ပေါ်ပေါက်လာခဲ့သော သံသယများ၊ မယုံကြည်မှုများနှင့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုများကိုပြန်လည်ကုစားနိုင်ရန်အတွက်“မတူညီသော အသိုက်အဝန်းများ အကြား ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်း နှင့် ပြန်လည်သင့်မြတ်ရေး” တို့ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

    (၈) မတူညီသော လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ရေးအတွက် ရေရှည်တည်တံ့မည့် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်နိုင်ရေး တို့ကို အကောင်အထည် ဖော်ရာတွင် လူမှုလူတန်းစားအလွှာပေါင်းစုံအကြားပွင့်လင်းမြင်သာသည့် ဆွေးနွေး မှုများ (Community Dialogue) ဖြစ်ပေါ်လာရေးကို ယနေ့တက်ရောက်လာသော ပုဂ္ဂိုလ်အသီးသီးနှင့် အဖွဲ့အစည်း အားလုံးမှ ပူးပေါင်း လုပ်ဆောင်သွားမည်။

    (၉) ပူးတွဲကြေညာချက်တွင် ပါဝင်လက်မှတ်ရေးထိုးကြသူများသည် ပြည်သူလူထုအကြား ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူကို ပျံ့နှံ့လက်ခံအောင် စည်းရုံး လုပ်ဆောင်သွားရန် သဘောတူသည်။

    (၁၀) ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် ပတ်သက်သည့် ပညာပေး ဆွေးနွေးမှုများနှင့်ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် သဘောတူသည်။

    ကိုးကား – နိုင်ငံသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ် ( FB မှ)