News @ M-Media

Tag: Philippines

  • ဘုရားသခင်ကို “ဉာဏ်မရှိသူ” ဟု ပြောကြားသည့် ဖိလစ်ပိုင်သမ္မတ ဝေဖန်ခံနေရ

    ဘုရားသခင်ကို “ဉာဏ်မရှိသူ” ဟု ပြောကြားသည့် ဖိလစ်ပိုင်သမ္မတ ဝေဖန်ခံနေရ

    ဇွန် ၂၇၊ ၂၀၁၈
    M-Media

    – ဘုရားသခင်ကို ‘ဉာဏ်မရှိသူ’ လို့ စော်ကားပြောဆိုမှုအတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ပြည်သူတွေရဲ့ ဝေဖန်ပြစ်တင်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။

    တစ်ချိန်က မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒါဗာအိုမြို့က အခမ်းအနားတစ်ခုမှာ ဒူတာတေးက သမ္မာကျမ်းစာထဲမှာပါဝင်တဲ့ အာဒမ်နဲ့ ဧ၀တို့ရဲ့ ဇာတ်လမ်းနဲ့ လူသားဟာ မူလထဲက အပြစ်ရှိသူဆိုတဲ့ ခရစ်ယာန်တွေရဲ့ အယူအဆကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

    “တော်တော်ဉာဏ်မရှိတဲ့ ဘုရားသခင်ပဲ။ ခင်ဗျားရဲ့ ဖန်တီးမှုကို ဖျက်ဆီးပစ်မယ့် အဖြစ်အပျက်တစ်ခု ဖြစ်လာမယ်ဆိုတာကို သိနေရင်၊ ခင်ဗျားအနေနဲ့ ပိုပြီး ပြည့်စုံကောင်းမွန်တာကို ဖန်ဆင်းခဲ့ပေါ့” လို့ ဒူတာတေးက ပြောကြားခဲ့ပါတယ်။

    အာဒမ်နဲ့ ဧ၀တို့ဟာ ‘တားမြစ်ထားတဲ့အသီး’ ကို စားသုံးမှုကြောင့် ကောင်းကင်နိုင်ငံတော်ကနေ နှင်ထုတ်ခံရတယ်ဆိုတဲ့ သမ္မာကျမ်းစာပါ အကြောင်းအရာကို ရည်ညွှန်းကာ ဒူတာတေးက အထက်ပါအတိုင်း ဝေဖန်ခဲ့တာပါ။

    လူသားတိုင်းဟာ အပြစ်ရှိသူအဖြစ် မွေးဖွားလာတယ်ဆိုတဲ့ ယူဆချက်ကိုလည်း ဒူတာတေးက “ခင်ဗျား မွေးတောင်မမွေးရသေးဘူး။ ခင်ဗျားမှာ အပြစ်ရှိနေပြီ။ ဘယ်လိုဘာသာတရားလဲဗျ။ ကျွန်တော် ဒါကို လက်မခံနိုင်ဘူး” လို့ ဆိုပါတယ်။

    ဒူတာတေးရဲ့ ဒီမှတ်ချက်အတွက် နိုင်ငံအတွင်းက ခရစ်ယာန် ကက်သလစ်အသင်းတော် ခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ရှုတ်ချခဲ့ကြပါတယ်။

    ဒေသခံ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး အာတူရို ဘက်စ်တက်စ်က ဒူတာတေးဟာ “စိတ်မနှံ့သူ” ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပြီး သူ့ရဲ့ “ဘာသာတရားကို စော်ကားပြောဆိုမှု၊ အာဏာရှင်ဆန်ဆန် ပြုမူမှုတွေ” အဆုံးသတ်စေဖို့အတွက် ဘုရားသခင်ထံပါးမှာ ဆုတောင်းကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဖိလစ်ပိုင်နိုင်ငံ လူဦးရေ ၉၀ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး အဲဒီအထဲက အများစုဟာ ကက်သလစ်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ဒူတာတေးရဲ့ အခုလို စော်ကားပြောဆိုမှုအတွက် ဖိလစ်ပိုင် ပြည်သူတွေဟာ အွန်လိုင်းစာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပါတယ်။

    ဒူတာတေးဟာ အရင်ကလည်း ခရစ်ယာန်ကက်သလစ်အသင်းတော်ကို ဝေဖန်ခဲ့ဖူးပါတယ်။

    သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီ ရိုကူက ဒါဟာ သမ္မတရဲ့ ကိုယ်ပိုင်အမြင်သာဖြစ်ကြောင်း၊ ကလေးဘ၀က ကက်သလစ် သာသနာပြုကျောင်းမှာ ခရစ်ယာန်ဘုန်းကြီးရဲ့ စော်ကားအနိုင်ကျင့်မှုကို ခံခဲ့ရတာကြောင့် ဒီလိုပြောကြားမှုတွေ ဖြစ်လာတာဖြစ်ကြောင်း ကာကွယ်ခဲ့ပါတယ်။

    Ref: BBC

  • မူးယစ်နှိမ်နှင်းမှုအတွင်း အသတ်ခံရသူများအတွက် တရားမျှတမှုမပေးဟု ဒူတာတေးပြော

    မူးယစ်နှိမ်နှင်းမှုအတွင်း အသတ်ခံရသူများအတွက် တရားမျှတမှုမပေးဟု ဒူတာတေးပြော

    ဇွန် ၁၉၊ ၂၀၁၈
    M-Media

    – သူ့ရဲ့ မူးယစ်နှိမ်နှင်းမှုအတွင်း သေဆုံးသွားသူ ထောင်ချီရဲ့ မိသားစုတွေအတွက် တရားမျှတမှုကို မပေးဘူးလို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၂၀၁၆ ခုနှစ် ဇွန်လမှာ စတင်ခဲ့တဲ့ အဲဒီ မူးယစ်တိုက်ဖျက်ရေး နှိမ်နှင်းမှုအတွင်း ရဲတပ်ဖွဲ့လက်ချက်ကြောင့် လူပေါင်း ၄၂၀၀ လောက် သေဆုံးခဲ့ပြီး အမည်မသိတဲ့ သေနတ်သမားတွေကြောင့် သေဆုံးမှုဟာလည်း ထောင်ချီရှိခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ အဲဒီသေနတ်သမားတွေဟာ ပြည်သူ့စစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာဆန်းစစ်သူတွေက အဲဒီမူးယစ်နှိမ်နှင်းမှုအတွင်း သတ်ဖြတ်ခံရသူတစ်ချို့ဟာ သိမ်းကျုံးပြီး ခံလိုက်ရတာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သံသယရှိသူတွေဟာ လက်နက်တွေကိုင်ဆောင်ကာ ဖမ်းဆီးမှုကို ခုခံတာကြောင့်ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

    “မူးယစ်ဆေးသုံးတဲ့ နွားလိုကောင်တွေကို ဆုံးရှုံးရတဲ့အတွက် တရားမျှတမှုကို ရမယ်လို့ထင်နေရင်တော့ ဆောရီးပါ။ ကျွန်တော် ဒါကို ခွင့်ပြုမှာမဟုတ်ပါဘူး” လို့ ဒူတာတေးက ပြောကြားခဲ့ပါတယ်။

    မူးယစ်ဆေးသုံးစွဲသူတွေ၊ ရောင်းချသူတွေကို သတ်ဖြတ်မှုအတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေ ထောင်ကျတာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

    “မူးယစ်ဘုရင်တစ်ယောက်ကို ကျွန်တော်သာဆိုရင် ၅ ချက်လောက် ဆင့်ပစ်မှာပါ”

    တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်မှုတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ဒူတာတေးဟာ သူ့ရဲ့ မူးယစ်တိုက်ဖျက်ရေးကို ၂ ကြိမ်တိုင်တိုင် ရပ်တန့်ခဲ့ပါတယ်။

    Ref: CNA

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၃၁၊ ၂၀၁၈
    M-Media

    မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်တစ်ဦး အမေရိကန်ကိုရောက်လာ
    ============
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ထိပ်တန်းအကြံပေး ကင်ယွန်ချိုဟာ နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအတွက် ဆွေးနွေးဖို့ နယူးယောက်မြို့ကို မနေ့မှာ ရောက်ရှိလာခဲ့ပါတယ်။ ကင်ယွန်ချိုဟာ ၁၈ နှစ်အတွင်း အမေရိကန်မြေမှာ အမေရိကန်အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ရောက်ရှိလာတဲ့ မြောက်ကိုရီးယားရဲ့ ရာထူးအကြီးဆုံး ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ စင်ကာပူမှာလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေး လုပ်ဖြစ်မလားဆိုတာကို အမရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုနဲ့ ဆွေးနွေးဖို ရှိနေပါတယ်။

    နိုင်ငံကြွေးမြီလျှော့ချရေး ပြည်သူများလှူဒါန်းနိုင်မည့် ရန်ပုံငွေတစ်ခု မလေးရှားတည်ထောင်
    ==============
    နိုင်ငံရဲ့အကြွေးတွေကို လျှော့ချရေးအတွက် ပြည်သူလူထုက ပါဝင်လှူဒါန်းနိုင်မယ့် ရန်ပုံငွေတစ်ခုကို မလေးရှားအစိုးရက တည်ထောင်လိုက်ပါတယ်။ Tabung Harapan Malaysia or Hope Fund လို့ အမည်ပေးထားပြီး လှူဒါန်းမှုတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကို တိုက်ရိုက်ရောက်ရှိမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်မဟာသီယာ မိုဟာမက်က မလေးရှားပြည်သူတွေဟာ အစိုးရကို လှူဒါန်းချင်တဲ့စိတ် ရှိနေတာကြောင့် သူတို့ရဲ့ တိုင်းပြည်ချစ်စိတ်ကို မိမိတို့ကကြိုဆိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ ပြည်ပကြွေးမြီဟာ ရင်းဂစ် ၁ ထရီလီယံ (ကန်ဒေါ်လာ ၂၅၀.၈ ဘီလီယံ) ရှိနေတယ်လို့ အစိုးရက ကြေငြာထားပြီး ဒါဟာ နိုင်ငံ ဂျီဒီပီရဲ့ ၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    အီရတ်ရွေးကောက်ပွဲ မဲများပြန်ရေတွက်မည်
    ============
    ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း တစ်ထောင်ကျော်က မဲတွေကို ပြန်လည်ရေတွက်သွားမယ်လို့ အီရတ်က လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က မနေ့မှာ ကြေငြာလိုက်ပါတယ်။ နိုင်ငံရေးသမားတွေက တစ်နိုင်ငံလုံးမှာရှိတဲ့ မဲတွေရဲ့ ၁၀ ရာခိုင်နှုန်းကို ပြန်လည်ရေတွက်ဖို့အတွက် တောင်းဆိုခဲ့ကြတာပါ။ လက်ရှိ မဲပြန်လည်ရေတွက်မှုမှာ ရလဒ်ပြောင်းလဲမှုဟာ ၂၅ ရာခိုင်နှုန်းကျော် ရှိခဲ့မယ်ဆိုရင်တော့ တစ်နိုင်ငံလုံးက မဲပေါင်း ၁၁ သန်းနီးပါးလောက်ကို ပြန်လည်ရေတွက်မှာဖြစ်ပါတယ်။

    ဒူတာတေးကို ဆန့်ကျင်သည့် ကမ်းပိန်းတစ်ခု အမျိုးသမီး တက်ကြွလှုပ်ရှားသူများ ပြုလုပ်
    ===============
    ခရီးသွားလာရေးဝန်ကြီး အမျိုးသမီး ရိုမူလို-ပူရတ်ကို ရမ္မက်ထန်တဲ့စကားပြောဆိုမှု၊ ကားတွေမှာ စပယ်ယာဘီးပါသလို သူ့အနေနဲ့ ဒုတိယမိန်းမတစ်ယောက် ထပ်ယူသွားမယ်ဆိုတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ပြောကြားမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ယောက်ဟာ #BabaeAko (ငါသည်အမျိုးသမီး ဖြစ်သည်) ဆိုတဲ့ ဆိုရှယ်မီဒီယာ ကမ်းပိန်းတစ်ခုကို မနေ့မှာ စတင်ခဲ့ပါတယ်။ ဒူတာတေးဟာ အရင်ကလည်း အမျိုးသမီးတွေကို နှိမ့်ချစော်ကားတဲ့စကားတွေ ပြောဆိုခဲ့ဖူးပါတယ်။ လှုပ်ရှားမှုကို ဦးဆောင်သူ နိုအီမီ ဒါဒိုက သမ္မတကိုယ်တိုင် ဒီလိုစကားပြောတာဟာ ကောင်းတဲ့ဥပမာမဟုတ်ဘဲ အတုယူမှားနိုင်ကြောင်း ဒ့ါကြောင်ပဲ နိုင်ငံအတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဖြစ်နေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • တောင်တရုတ်ပင်လယ်အတွက် ဖိလစ်ပိုင်က တရုတ်နှင့် စစ်ဖြစ်ရန် အသင့်ပြင်ထား

    တောင်တရုတ်ပင်လယ်အတွက် ဖိလစ်ပိုင်က တရုတ်နှင့် စစ်ဖြစ်ရန် အသင့်ပြင်ထား

    မေ ၃၀၊ ၂၀၁၈
    M-Media

    – တောင်တရုတ်ပင်လယ်က အငြင်းပွားရေပိုင်နက်ကို ထိခိုက်လာပြီဆိုရင် တရုတ်နဲ့ စစ်တိုက်ဖို့အထိ ပြင်ဆင်ထားတယ်လို့ ဖိလစ်ပိုင် ထိပ်တန်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဒီကနေ့မှာ ပြောကြားလိုက်ပြီး တရုတ်နဲ့ ပတ်သက်လာရင် ပျော့ပျောင်းလွန်းနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

    ဖိလစ်ပိုင်ရဲ့ စီးပွားရေးဇုန်အပါအ၀င် ကျွန်းတုတွေမှာ တရုတ်က ဒုံးစနူစ်တွေ ချထားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးတဲ့နောက် ဖိလစ်ပိုင်အတိုက်အခံတွေက ဒူတာတေးအစိုးရဟာ သံတမန်နည်းလမ်းနဲ့ ကန့်ကွက်ဆန့်ကျင်တာမျိုးတောင် မလုပ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

    ဒူတာတေးဟာ တရုတ်ဆီက ရင်းနှီးမြှုပ်နှံမှုတွေကို လိုချင်တဲ့အတွက် ဆက်ဆံရေးကောင်းတည်ဆောက်ချင်နေပြီး၊ သူတို့ထက် အဆမတန်အင်အားကြီးတဲ့ တရုတ်နဲ့ စစ်တိုက်ဖို့ မဖြစ်နိုင်ဘူးလို့လည်း အရင်က ပြောကြားဖူးပါတယ်။

    ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေး ဟာမိုဂီနက်စ် အက်စ်ပီရွန်က ဖိလစ်ပိုင်အနေနဲ့ တင်းမာမှုတွေ လျော့ပါးရေး ဆွေးနွေးမှုလုပ်ဖို့ အမြဲတမ်းကြိုးစားနေကြောင်း၊ ဒါပေမယ့် ရန်စလာမယ်ဆိုရင်တော့ မလွှဲမရှောင်သာ စစ်ဖြစ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့တပ်တွေကို ထိပါးလာပြီဆိုရင် ဒါဟာ စည်းဖောက်တာပဲလို့ သမ္မတက မနေ့မှာ ပြောကြားခဲ့ပါတယ်”

    ဖိလစ်ပိုင်ရဲ့ အချုပ်အခြာအာဏာ တည်နေတဲ့ Scarborough Shoal မှာ တရုတ်ရဲ့ ဘယ်လိုအဆောက်အဦးကိုမှ လက်ခံမှာမဟုတ်ဘူးဆိုတာ သမ္မတဒူတာတေးက တရုတ်နိုင်ငံကို အသိပေးထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပီတာ ကာယီတာနိုက တနင်္လာနေ့မှာ သူ့လက်အောက်က၀န်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ကူဝိတ်အချုပ်အခြာအာဏာ ချိုးဖောက်မှုအတွက် ဖိလစ်ပိုင်ပြန်တောင်းပန်

    ကူဝိတ်အချုပ်အခြာအာဏာ ချိုးဖောက်မှုအတွက် ဖိလစ်ပိုင်ပြန်တောင်းပန်

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    – အိမ်အကူလုပ်သားတွေကို ကယ်တင်ရာမှာ ကူဝိတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးသလိုဖြစ်သွားတဲ့ ကိစ္စအတွက် ဖိလစ်ပိုင်နိုင်ငံက ပြန်လည်တောင်းပန်လိုက်ပါတယ်။

    ကူဝိတ်မှာရှိတဲ့ ဖိလစ်ပိုင်သံရုံးဟာ စနေနေ့က ဖိလစ်ပိုင်အိမ်အကူတွေကို သူတို့အလုပ်လုပ်ရာ အိမ်တွေကနေ ကယ်ထုတ်ခဲ့ပြီး ဒီဗီဒီယိုကလည်း အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။

    ကူဝိတ်အစိုးရကတော့ ဒီလုပ်ရပ်ကို ကန်ကွက်ခဲ့ပြီး ဖိလစ်ပိုင်သံအမတ်ကို ဖြေရှင်းဖို့ ဆင့်ခေါ်ခဲ့ကာ ဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ သံရုံးဝန်ထမ်းနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

    ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အလန် ပီတာ ကာယီတာနိုက ကူဝိတ်သံအမတ်ဟာ သမ္မတဒူတာတေး၊ အင်္ဂါနေ့က သူနဲ့ တွေ့ဆုံကာ ဖိလစ်ပိုင်ရဲ့ ရှင်းပြမှုကို လက်ခံခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    “ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးကို စာတစ်စောင်ပို့ထားပြီး၊ ကူဝိတ်က သူတို့အချုပ်အခြာကို ချိုးဖောက်တယ်လို့ ရှုမြင်တဲ့ ဒီကိစ္စအတွက် ကျွန်တော်တို့ တောင်းပန်တယ်လို့ ပြောထားပါတယ်”

    ဒီလိုကိစ္စမျိုး နောက်ထပ်မဖြစ်ဖို့အတွက် လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင်ဖို့ ကူဝိတ်အာဏာပိုင်တွေနဲ့ သဘောတူညီချက်ရခဲ့တယ်လို့လည်း ကာယီတာနိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖိလစ်ပိုင်အိမ်အကူတစ်ယောက် အသတ်ခံရပြီး ရေခဲသတ္တာထဲမှာ ၂ နှစ်လောက် ပိတ်ထားခံရတဲ့သတင်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်ပိုင်း ဇန်န၀ါရီလမှာ ဖိလစ်ပိုင်ဟာ ကူဝိတ်ကို အိမ်အကူလွှတ်တာ ပိတ်ခဲ့ပါတယ်။

    ဒါပေမယ့် နိုင်ငံခြားအလုပ်သမားတွေကို ကာကွယ်ပေးရေး နှစ်နိုင်ငံသဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက် ဖိလစ်ပိုင်က ပိတ်ဆို့မှုကို ပြန်ဖျက်သိမ်းခဲ့ပါတယ်။

    Ref: Alrabiya