News @ M-Media

Tag: Philippines

  • ရာထူးမှ စောစောဆင်းပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ပြော

    ရာထူးမှ စောစောဆင်းပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈
    M-Media

    – အာဏာရှင်တစ်ယောက်ဖြစ်ရန် ဆောင်ရွက်နေသည်ဆိုသော ပြောကြားမှုများကို ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ယနေ့တွင် ငြင်းဆိုခဲ့ပြီး ရာထူးမှ စောစီးစွာ အနားယူသွားမည်ဟု ပြောကြားလိုက်သည်။

    ဒူတာတေးမှာ နိုင်ငံအား အမေရိကန်ကဲ့သို့ ဖက်ဒရယ်နိုင်ငံဖြစ်လာရေး ဖွဲ့စည်းပုံရေးဆွဲရန်အတွက် အငြိမ်းစားတရားသူကြီးချုပ် ဦးဆောင်သည့် ကျွမ်းကျင်သူ ၁၉ ဦးပါဝင်သော အဖွဲ့တစ်ခုကို လွန်ခဲ့သည့် တစ်လက ဖွဲ့စည်း ခဲ့သည်။

    ဝေဖန်သူများက ထိုဆောင်ရွက်မှုမှာ ၆ နှစ် သမ္မတသက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ရာထူးဆက်ယူရေးအတွက် ဖွဲ့စည်းပုံအပြောင်းအလဲ လုပ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။

    သို့သော်လည်း ထိုအချက်ကို ဒူတာတေးက ငြင်းဆိုခဲ့ပြီး ၎င်း၏ ဆန္ဒမှာ ဖက်ဒရယ်နိုင်ငံဖြစ်လာရေးဖြစ်သည်ဟု ဆိုသည်။

    “၂၀၂၂ ခုနှစ်အထိ ကျွန်တာ် မစောင့်ပါဘူး။ ၂၀၂၀ မှာ ရာထူးကဆင်းမှာပါ။ ကျွန်တော် အိုနေပြီ။ တစ်ခြား ရည်မှန်းချက်လည်း ကျွန်တော့်မှာ မရှိပါဘူး။ အနားယူချင်နေပါပြီ” ဟု ဒူတာတေးက ယနေ့ပြောကြားသည့်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

    အောက်လွှတ်တော်မှ ဒူတာတေး၏ မဟာမိတ်များမှာ ပြီးခဲ့သည့်လက လာမည့်နှစ်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအား ဖျက်သိမ်းရေး၊ ရွေးကောက်တင်မြှောက်ခံထားရသည့် တာဝန်ရှိသူများ၏ သက်တမ်းကို တိုးမြှင့်ရေးတို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ယူရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

    လူထုတော်လှန်ရေးကြောင့် အာဏာရှင် ဖာဒီနန် မားကို့စ် ပြုတ်ကျသွားခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်တွင် လက်ရှိအသုံးပြုနေသည့် ဖိလစ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။

    အရပ်ဖက်နှင့် ဘာသာရေးအဖွဲ့အစည်းများက တိုင်းပြည်တွင် မားကို့စ်ကဲ့သို့ အာဏာရှင်မျိုး ထပ်ပေါ်လာရန် ဖန်တီးနေသည်ဟု ပြောကြားမှုများကြောင့် ယခင်က အခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် ကြိုးပမ်းမှုများမှာ မအောင်မြင်ခဲ့ပေ။

    ဒူတာတေးမှာ အာဏာရှင် မားကို့စ်အား အားကျသည်ဟု ယခင်က ပြောဆိုမှုများ ရှိခဲ့ပြီး ၎င်းအား လူကြိုက်များနေမှု၊ လွှတ်တော်တွင် ၎င်း၏ မဟာမိတ်များက အလွန်အမင် အသာရနေမှုကြောင့် ဖွဲ့စည်းပုံအား ပြင်ဆင်ကာ အာဏာရှင်အဖြစ် ရပ်တည်လာမည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်။

    Ref: CNA

  • ပြည်သူကိုသတ်ပြီး ၀င့်ကြွားသောသမ္မတမှာ ဖိလစ်ပိုင်တွင်သာရှိသည်ဟု အတိုက်အခံအမတ် ဝေဖန်

    ပြည်သူကိုသတ်ပြီး ၀င့်ကြွားသောသမ္မတမှာ ဖိလစ်ပိုင်တွင်သာရှိသည်ဟု အတိုက်အခံအမတ် ဝေဖန်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈
    M-Media

    – ၂၀၁၆ ခုနှစ် သမ္မတဒူတာတေး အာဏာရပြီးကတည်းက ဖိလစ်ပိုင်တွင် ဆောင်ရွက်ခဲ့သည့် မူးယစ်တိုက်ဖျက်မှုအတွင်း သေဆုံးသူ အရေအတွက်မှာ ၂ သောင်းကျော်သွားပြီဟု အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးက ပြောကြားလိုက်သည်။

    မနေ့က လွှတ်တော်၌ တင်ပြမှုအတွင်း အန်တိုနီယို ထရီလိန်းစ်က ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ နိုဝင်ဘာ ၂၇ ရက်နေ့အကြား ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့ စစ်ဆင်ရေးအတွင်း ခုခံမှုကြောင့် ပစ်သတ်ခဲ့သည်ဟုဆိုသော အရေအတွက်မှာ ၃၉၆၇ ဦး ရှိကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော သတ်ဖြတ်မှု ၁၆၃၃၅ မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖော်ပြထားသည့် ဒူတာတေးအစိုးရ၏ မှတ်တမ်းများကို ထောက်ပြခဲ့သည်။

    ထို့ပြင် အစိုးရအစီရင်ခံစာ၌ မူးယစ်မှုဖြင့် ဖမ်းဆီးထားသည့် အရေအတွက်မှာ ၁၁၈၂၈၇ ဦး ရှိပြီး၊ ၁၃၀၈၀၇၈ မှာ အာဏာပိုင်များထံ လက်နက်ချခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။

    ထရီလိန်းစ်က အစိုးရ၏ ထိုအစီရင်ခံစာအရ အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ ၂၀၃၂၂ ဦး ရှိနေပြီဟု ပြောကြားခဲ့သည်။

    “ဒါ့ကြောင့် ဒီသေဆုံးမှုအားလုံးဟာ မူးယစ်နဲ့ ဆက်စပ်နေပြီး အခြားအကြောင်းအရင်းတွေကြောင့် မဟုတ်ပါဘူး။ ဒါရှင်းပါတယ်။ ဒူတာတေးရဲ့ အောက်လုံးတွေကို တိုင်းပြည်က ရယ်နေတဲ့အချိန် ကျွန်တော်တို့ပြည်သူ ၂ သောင်းကျော်က အသတ်ခံလိုက်ရပါပြီ”

    ထို့ပြင် ပြည်သူများအား အောင်မြင်စွာ သတ်ဖြတ်နိုင်မှုအတွက် ၀င့်ကြွားသည့် သမ္မတမျိုးရှိသော နိုင်ငံမှာ ဖိလစ်ပိုင်တစ်နိုင်ငံတည်းသာ ရှိသည်ဟုလည်း ထရီလိန်းစ်က ထည့်သွင်း ပြောဆိုခဲ့သည်။

    ဒူတာတေးအစိုးရကမူ ရဲတပ်ဖွဲ့မှာ တရားဥပဒေဘောင်အတွင်းက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

    Ref: Aljazeera

  • ICC အနေဖြင့် ရိုဟင်ဂျာများအားသတ်သူကို မိမိထက်ပို၍ ရွေးချယ်သင့်ဟု ဒူတာတေးပြော

    ICC အနေဖြင့် ရိုဟင်ဂျာများအားသတ်သူကို မိမိထက်ပို၍ ရွေးချယ်သင့်ဟု ဒူတာတေးပြော

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media

    – ဖိလစ်ပိုင်အစိုးရပြုလုပ်တဲ့ မူးယစ်နှိမ်နှင်းမှုအတွင်း ပြည်သူတွေကို တရားလက်လွတ် သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်တွေအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) က စီစစ်နေမှုကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဝေဖန်လိုက်ပြီး၊ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံနေရတာကိုတော့ လစ်လျူရှုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်ဟာ ICC က စွပ်စွဲမှုကိုခံရတဲ့ ပထမဆုံး နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ပါ။ ရိုဟင်ဂျာတွေလည်း သတ်ဖြတ်ခံနေရတာပဲ။ ဒါပေမယ့် ကျွန်တော့်ကိုပဲ သူတို့က ရွေးပြီး စွပ်စွဲကြတယ်” လို့ အင်္ဂါနေ့က စီဘူးမှာပြုလုပ်တဲ့ သီးသန့်ဆွေးနွေးပွဲတစ်ခုမှာ ဒူတာတေးက ပြောကြားခဲ့တာပါ။

    ဒီပြောကြားမှုမှတ်တမ်းကို ဖိလစ်ပိုင်သမ္မတရုံးက ဗုဒ္ဓဟူးနေ့ညမှာ မီဒီယာတွေကို ပေးခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်း ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်က လုပ်တဲ့ စစ်ဆင်ရေးမှာ ရိုဟင်ဂျာအရပ်သားတွေကို သတ်ဖြတ်မှု၊ အမျိုးသမီးတွေကို အဓမ္မကျင့်မှု၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေ ရှိတယ်လို့ စွပ်စွဲမှုတွေ ရှိနေပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒါတွေကို ငြင်းဆိုထားပါတယ်။

    ပြီးခဲ့တဲ့ ဇန်န၀ါရီလ အိန္ဒိယမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ် ဒူတာတေးက ရခိုင်ပြည်နယ်ကိစ္စ နှုတ်ဆိတ်နေတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုကို ဂရုမစိုက်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

    ဒူတာတေး အာဏာရပြီးတဲ့နောက် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ဖိလစ်ပိုင်မှာ စတင်ခဲ့တဲ့ မူယစ်နှိမ်နှင်းမှုအတွင်း ပြည်သူတွေအပေါ် တရားလက်လွတ်သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာပါ။

    ဒီကိစ္စနဲပပတ်သက်လို့ ကနဦးသုံးသပ်မှုတွေလုပ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ICC က ကြေငြာခဲ့ပါတယ်။

    အခုလုပ်မယ့် ကနဦးသုံးသပ်မှုဟာ တရားဝင်ပြုလုပ်တဲ့ ကနဦးသုံးသပ်မှုမျိုးနဲ့ မတူပေမယ့် ဒီအဖြစ်အပျက်တွေဟာ ICC ရဲ့ တရားစီရင်ရေးဘောင်အတွင်း ၀င်နေလားဆိုတာကို ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။

    ဒူတာတေးက ကုလသမဂ္ဂဟာ အသုံးမ၀င်တဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ဘယ်လိုစစ်ပွဲမျိုးကိုမှ မတားဆီးနိုင်ကြောင်း၊ မိမိအနေနဲ့ ICC မှာ ဒီကိစ္စကို ဖြေရှင်းဖို့အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင်သမ္မတရုံးက ဒီမူးယစ်နှိမ်နှင်းမှုဟာ ဥပဒေနဲ့ညီတဲ့ ရဲတပ်ဖွဲ့စစ်ဆင်ရေးဖြစ်ပြီး၊ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအဖြစ် မှတ်ယူလို့မရဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: manilainformer

  • အမျိုးသမီးများအပေါ် စော်ကားပြောကြားမှုအတွက် ဖိလစ်ပိုင်သမ္မတ ဝေဖန်ခံရပြန်

    အမျိုးသမီးများအပေါ် စော်ကားပြောကြားမှုအတွက် ဖိလစ်ပိုင်သမ္မတ ဝေဖန်ခံရပြန်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
    M-Media

    – အစိုးရအပေါ် ဆန့်ကျင်တိုက်ခိုက်မှုအတွက် အပြစ်ပေးတဲ့အနေနဲ့ အမျိုးသမီး ကွန်မြူနစ်သူပုန်တွေရဲ့ အောက်ပိုင်းကို ပစ်ခတ်သတ်ဖြတ်သင့်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်ပြီး ဒီမှတ်ချက်အတွက် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့တွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒါဟာ “အမျိုးသမီးတွေကို မုန်းတီးတဲ့၊ နှိမ့်ချစော်ကားတဲ့၊ မလေးစားတဲ့ ဒူတာတေးရဲ့ စကားတွေထဲက နောက်ဆုံးပေါ်ထွက်လာတဲ့စကား” ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    “ဒီစကားဟာ လက်နက်ကိုင်ပဋိပက္ခတွေမှာ နိုင်ငံတကာဥပဒေနဲ့ဆန့်ကျင်တဲ့ လိင်အကြမ်းဖက်မှု ကျူးလွန်ဖို့အတွက် အစိုးရတပ်တွေကို တိုက်တွန်းတာမျိုးပါ” လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ ဖိလစ်ပိုင်ဆိုင်ရာ ကိုယ်စားလှယ် ကားလို့စ် ကွန်ဒီက ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြောခဲ့တဲ့ ဒီမိန့်ခွန်းစာရွက်ကို အစိုးရက ထုတ်ပြန်ရာမှာ ဖိလစ်ပိုင် စစ်သားတွေအနေနဲ့ သူပုန်အမျိုးသမီးတွေကို မသတ်ဖို့ ဒူတာတေးက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    “ငါတို့ဟာ နင်တို့ရဲ့ အောက်ပိုင်းကို ပစ်သတ်မှာပါ။ အောက်ပိုင်းမရှိတော့ရင် နင်တို့လည်း သုံးစားလို့မရတော့ဘူး ဖြစ်သွားတာပေါ့” လို့ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အသုံးပြုတဲ့ ၀ီဆာယန် ဘာသာစကားနဲ့ ပြောကြားခဲ့ပါတယ်။

    မိသားစု၊ ကလေးတွေကို စွန့်ပစ်ပြီး ကွန်မြူနစ်တပ်ဖွဲ့ထဲကိုဝင်တဲ့ အမျိုးသမီးတွေကိုလည်း ဒူတာတေးက ပြင်းပြင်းထန်ထန် ဝေန်ခဲ့ပါတယ်။

    ဂါဘရီယဲလ်လာ အမျိုးသမီးပါတီဝင်တစ်ဦးဖြစ်ပြီး အောက်လွှတ်တော်အမတ်လည်းဖြစ်တဲ့ အမ်မီ ဒီ ဂျီးဆက်စ်က ဒူတာတေးရဲ့ ရိုင်းစိုင်းတဲ့ မှတ်ချက်ကို ရှုတ်ချခဲ့ပြီး နိုင်ငံအတွင်း အစိုးရတပ်ဖွဲ့ဝင်တွေအပေါ် အရေးယူလေ့မရှိတဲ့ အခြေအနေကို တွန်းအားဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး သမ္မတဟာ လက်ရှိ အစိုးရအဖွဲ့မှာ အန္တရာယ်အရှိဆုံး ဖက်ဆစ်ဝါဒီဖြစ်တယ်ဆိုတာ ဒီစကားနဲ့ ထပ်မံအတည်ပြုလိုက်တာဖြစ်ကြောင်း၊ အမျိုးသမီးတွေနဲ့ ပြည်သူတွေအပေါ် အစိုးရဦးဆောင်တဲ့ ပုံစံသစ် အကြမ်းဖက်ဝါဒကို ဒူတာတေးက ဖော်ဆောင်နေကြောင်း၊ စစ်သားတွေ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်ဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ဖောက်ဖျက်ဖို့ တွန်းအားပေးနေကြောင်း ဒီဂျီးဆက်စ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ဒူတာတေးဟာ အမျိုးသမီးတွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဝေဖန်ပြောဆိုလေ့ရှိတဲ့အတွက် အရင်လည်း ဝေဖန်ခံခဲ့ရဖူးပါတယ်။

    Ref: Aljazeera

  • တရုတ်အား ၀င်ခွင့်ပြုထားသည့် ရေပိုက်နက်ကို ဒူတာတေး ပိတ်ပစ်

    တရုတ်အား ၀င်ခွင့်ပြုထားသည့် ရေပိုက်နက်ကို ဒူတာတေး ပိတ်ပစ်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၈
    M-Media

    – ဖိလစ်ပိုင်ရှိ ပစိဖိတ်ကမ်းရိုးတန်းအလွန် ရေပိုင်နက်တွင် နိုင်ငံခြား သုတေသန လုပ်ငန်းများအားလုံးကို ပိတ်ပစ်ရန် သမ္မတ ဒူတာတေးက ညွှန်ကြားလိုက်ပြီး တရုတ်နိုင်ငံနှင့် ကနဦး သဘောတူညီမှုကို ဖျက်လိုက်ခြင်းဖြစ်သည်။

    ထိုကဲ့သို့ ပိတ်ပင်လိုက်သည့်နေရာမှာ Benham Rise ဆိုသည့် နေရာဖြစ်ပြီး ခွင့်ပြုချက်မဲ့ ၀င်ရောက်လာသည့် သင်္ဘောများအား လိုက်လံဖမ်းဆီးရန်လည်း ရေတပ်ကို အမိန့်ပေးထားသည်။

    အဆိုပါ ကမ်းလွန်ရေပိုင်နက်ကို ၂၀၁၂ ခုနှစ် ကုလက ဖိလစ်ပိုင် ပိုင်နက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး Philippine Rise ဟု ဖိလစ်ပိုင်က အမည်ပြောင်းခဲ့သည်။

    “Philippine Rise ဟာ ကျွန်တော်တို့ ပိုင်နက်ဖြစ်ပြီး လူတိုင်းအတွက် သွယ်ဝိုက်ဖွင့်ပေးထားမှုကို ဒီကြေငြာချက်နဲ့အတူ အဆုံးသတ်ပါတယ်” ဟု ဒူတာတေးက ယမန်နေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်မှာ စောစောပိုင်းက ထိုဧရိယာတွင် တရုတ် သုတေသနသင်္ဘောကို ၀င်ရောက်ခွင့်ပြုထားပြီး ယခုအမိန့်မှာ ထိုကိစ္စနှင့် သက်ဆိုင်သည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ဒူတာတေးမှာ အမေရိကန်အပေါ် မှီခိုနေရမှုအား လျော့ချရန် တရုတ်နှင့် နွေးထွေးသော ဆက်ဆံရေးကို တည်ဆောက်ထားပြီး နှစ်ရှည်ချေးငွေများ ရင်းနှီးမြှုပ်နှံများကိုလည်း တရုတ်ထံမှ ရယူထားသည်။

    Philippine Rise ဧရိယာမှာ ဇီဝညီညွတ်မှုနှင့် တူနာငါးများ ကြွယ်ဝသည့် နေရာဖြစ်ပြီး အမေရိကန်နှင့် ဂျပန်တို့မှ သိပ္ပံပညာရှင်များမှာ ထိုနေရာသို့ လာရောက်ကာ အကြိမ်များစွာ လေ့လာမှုများ ပြုလုပ်ခဲ့သည်။

    ထိုဧရိယာကို တရုတ်နိုင်ငံကလည်း စိတ်ဝင်စားနေပြီး ၁၇ နှစ်အတွင်း ၀င်ရောက်လေ့လာခွင့်ရရန် ၁၈ ကြိမ် တရားဝင် တောင်းဆိုခဲ့သည်။

    Ref: CNA