News @ M-Media

Tag: Philippines

  • ရခိုင်ပြည်နယ်အတွက် ဒူတာတေး ဒေါ်လာ ၃ သိန်း လှူဒါန်း

    ရခိုင်ပြည်နယ်အတွက် ဒူတာတေး ဒေါ်လာ ၃ သိန်း လှူဒါန်း

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ သုံးသိန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

    ဒူတာတေးမှာ မတ်လ ၂၀ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာခေါင်းဆောင်များနှင့် ယမန်နေ့တွင် တွေ့ဆုံခဲ့သည်။ သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံပြီးနောက် စားနပ်ရိက္ခာဖူလှုံရေးနှင့် လယ်ယာလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်ကမူ ဒူတာတေး၏ ထိုလှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဖိလစ်ပိုင်အစိုးရရဲ့ အမျှော်အမြင်ရှိတဲ့ ဒီအပြုအမူက အာဆီယံစည်းလုံးညီညွတ်မှုနဲ့ မိသားစုစိတ်ဓာတ်ကို ထင်ဟပ်စေသလို နှစ်နိုင်ငံအကြား ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့ မိတ်ဆွေဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ရောင်ပြန်ဟပ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သည်။

    ဒူတာတေးကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဖိလစ်ပိုင်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခ်ါခဲ့သည်။

    မြန်မာနိုင်ငံသို့ ဒူတာတေးလာရောက်မှုမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စ တိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

    REf: Philstar.com

  • သမ္မတ၏ တရားလက်လွတ်သတ်ဖြတ်မှုများကို ဖိလစ်ပိုင်ပြည်သူများ ကန့်ကွက်

    သမ္မတ၏ တရားလက်လွတ်သတ်ဖြတ်မှုများကို ဖိလစ်ပိုင်ပြည်သူများ ကန့်ကွက်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်တိုက်ဖျက်ရေးစစ်ပွဲ ခေါင်းစဉ်အောက်တွင် တရားလက်လွတ်သတ်ဖြတ်မှုများကို ဆန့်ကျင်သောအနေဖြင့် ခရစ်ယာန် ကက်သလစ်ဘာသာဝင် ထောင်ပေါင်းများစွာမှာ ယမန်နေ့က မြို့တော်မနီလာတွင် ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    “Walk for Life” ဟု အမည်ပေးထားသည့် အဆိုပါ ဆန္ဒပြမှုတွင် လူပေါင်း ၂ သောင်း တက်ရောက်ခဲ့ကြသည်ဟု စီစဉ်သူများက ပြောကြားခဲ့ပြီး၊ ရဲတပ်ဖွဲ့က ၁ သောင်းသာရှိသည်ဟု ဆိုသည်။

    ဆန္ဒပြမှုကို စနေနေ့ အရုဏ်မတက်ခင်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင်း အကြမ်းဖက်ဓလေ့ ပြန့်နှံ့မှုကို ရှုတ်ချရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဆန္ဒပြသူများမှာ ဆုတောင်းမှုများ၊ ဓမ္မတေးသီဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည်။

    လွန်ခဲ့သည့် ၈ လ ဒူတာတေး သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ကတည်းက ပြုလုပ်ခဲ့သည့် မူးယစ်စစ်ပွဲကြောင့် လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

    “ဘုန်းကြီးတို့ ရပ်တည်ပြရမယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို တရားလက်လွတ် သတ်ဖြတ်မှုတွေကို မကြိုက်ဘူးဆိုတဲ့ ယုံကြည်သူတွေရဲ့ အင်အားကို ပြပြီးသားလည်း ဖြစ်သွားတာပေါ့။ ဖြစ်ပျက်နေတာတွေအတွက် စိုးရိမ်မိသလို၊ ဒေါသလည်း ထွက်မိတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ မကောင်းတဲ့အခြေအနေပါ။ ဘုန်းကြီးတို့ရဲ့ လူသားဆန်မှုကို ပြသရာ မရောက်ဘူးလေ” ဟု မနီလာ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဘရိုဒရစ် ပါဘီလိုက ပြောကြားခဲ့သည်။

    ဆန္ဒပြသူများမှာ မူးယစ်နှင့် ဆက်စပ်သည့် ရာဇ၀တ်မှုများ၊ အခြားပြစ်မှုများအတွက် သေဒဏ်အမိန့်ကို ပြန်လည်အသက်သွင်းသည့် ဥပဒေကိုလည်း ရှုတ်ချခဲ့သည်။

    ဒူတာတေးက ၎င်း၏ မူးယစ် စစ်ဆင်ရေးမှာ မျိုးဆက်သစ်များကို မူးယစ်အန္တရာယ်မှ ကာကွယ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားထားပြီး၊ ထိုလုပ်အား ဝေဖန်သည့် ကက်သလစ်အသင်းတော်ကိုလည်း အသုံးမကျသော၊ ကြောင်သူတော်အသင်းအဖွဲ့ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

    Ref : Aljazeera

  • ဖိလစ်ပိုင် ကသလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုပမာဏ မြင့်တက်လာ

    ဖိလစ်ပိုင် ကသလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုပမာဏ မြင့်တက်လာ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံရှိ ခရစ်ယာန် ကက်သလစ်ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများမှာ မြင့်တက်လာခဲ့ပြီး ကျူးလွန်သူများအား အရေးယူမှုမှာလည်း အလွန်အမင်း နည်းပါးသည်ဟု အလ်ဂျာဇီးရား သတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုအရ သိရသည်။

    “ဟုတ်ပါတယ်။ ကလေးတွေအပေါ်မှာ ကျူးလွန်မှုတွေ၊ လိင်တူကျူးလွန်မှုသတင်းတွေ ပိုကြားလာရပါတယ်။ ဒါဟာ စက်ဆုပ်စရာ ရာဇ၀တ်မှုပါ” ဟု ကက်သလစ်ဘုန်းကြီးများ၏ ထိုကဲ့သို့ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးနေသည့် အငြိမ်းစား ဘုန်းတော်ကြီး အော်စကာ ခရုဇ်က ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံ၏ သန်း ၁၀၀ သော လူဦးရေတွင် ၈၀ ရာခိုင်နှုန်းမှာ ကက်သလစ်ခရစ်ယာန်များ ဖြစ်ကြပြီး အသင်းတော်မှာ ပြည်သူလူထုအပေါ် ရာစုနှစ်ပေါင်းများစွာ သြဇာလွှမ်းမိုးသည့် အသင်းအဖွဲ့တစ်ခုလည်း ဖြစ်သည်။

    အီမဲလ်ဒါဆိုသည့် အမျိုးသမီးက သူမမှာ အသက် ၁၅ နှစ်အရွယ် လွန်ခဲ့သည့် ၃ နှစ်က ကက်သလစ်ဘုန်းကြီးတစ်ပါး၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့အား တိုင်ကြားသည့်အခါတွင် ဘုရားကျောင်းအဖွဲ့ဝင် ၂ ဦးမှ လာရောက်ကာ ကန်ဒေါ်လာ ၁၅၀ ပေး၍ အမှုပိတ်ရန် ပြောကြားခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

    “ပထမတော့ ကျွန်မ ငွေမယူချင်ဘူး။ ဒါပေမယ့် ဒါဟာ ဘုန်းကြီးဆီကဆိုတာ ကျွန်မ သိလိုက်ရတယ်။ သူတို့က အတင်းအကြပ်လိုဖြစ်နေတော့ ကျွန်မလည်း ငွေယူလိုက်ရတယ်”

    စော်ကားခံရသူများကို ကူညီပေးနေးသည့် မာရီယန် အဲလ်ဒါကမူ ကျူးလွန်ခံရသူများတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်များပင် ပါဝင်ကြောင်း၊ အချို့မှာ ၎င်းတို့၏ အဖြစ်အပျက်ကို ထုတ်မပြောခဲ့ကြဘဲ ဘုန်းကြီးများ၏ ထိုကဲ့သို့ ကျူးလွန်မှုပမာဏကို အတိအကျမသိနိုင်ကြောင်း ပြောကြားခဲ့သည်။

    ကက်သလစ်အသင်းတော်၏ စည်းမျဉ်းများဆိုင်ရာ ကျွမ်းကျင်သူ ရှေ့နေ ဂျိုင်မီ အေခါကိုဆိုက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ပြုလုပ်ခဲ့သည့် ဘုန်းကြီးများကို အသင်းတော်က ဖယ်ရှားခြင်းမပြုဟု ဆိုသည်။

    ဖိလစ်ပိုင်တွင် ကက်သလစ်ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အဖြစ်အပျက်များတွင် အထင်ရှားဆုံး ကျူးလွန်ခံရသူမှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဖြစ်ပြီး ၎င်း၏ ဇာတိမြို့ ဒါဗာအိုတွင် Jesuit စာသင်ကျောင်း၌ ကျောင်းတက်နေစဉ် အမေရိကန် ဘုန်းကြီးတစ်ပါး၏ စော်ကားမှုကို ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မိမိမှာ ငယ်သောကြောင့် ဘုန်းကြီးတစ်ပါးအား အမှုဖွင့်ရမည်ကို ကြောက်ရွံ့ကြောင်း၊ ထိုဘုန်းကြီးမှာ အမေရိကန်သို့ ပြန်ရောက်သည့်အချိန်တွင်လည်း ထိုကဲ့သို့ ကျူးလွန်မှုများရှိသည်ဟု သတင်းထွက်ခဲ့ကြောင်း ဒူတာတေးက ဆိုသည်။

    ဒူတာတေးက ကက်သလစ်ထိပ်ပိုင်းခေါင်းဆောင်များမှာ ကြောင်သူတော်များဖြစ်သည်ဟုလည်း တံဆိပ်ကပ်ခဲ့သည်။

    Ref: Aljazeera

  • ယမန်နေ့ ဖိလစ်ပိုင်ငလျင် ၄ ဦး သေဆုံး

    ယမန်နေ့ ဖိလစ်ပိုင်ငလျင် ၄ ဦး သေဆုံး

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် ယမန်နေ့ည နှောင်းပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဆူရီဂါအိုမြို့ အရှေ့ပိုင်း ၁၃ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အဆိုပါ ငလျင်မှာ ပြင်းအား ၆.၇ မဂ္ဂနီကျုရှိပြီး၊ ဆူနာမီခြိမ်းခြောက်မှုမရှိဟု အမေရိကန် သမုဒ္ဒရာနှင့် လေထုစောင့်ကြည့်ရေးအဖွဲ့၏ ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ပြောကြားခဲ့သည်။

    နောက်ဆက်တွဲ ငလျင် ၈၉ ခု လှုပ်ခတ်ခဲ့ပြီး နောက်ထပ် လှုပ်ခတ်ရန် ရှိနေသော်လည်း ပျက်ဆီဆုံးရှုံးမှု မဖြစ်ပေါ်နိုင်ဟု ဆိုသည်။

    ငလျင်ကြောင့် ဆူရီဂါအိုလေယာဉ်ကွင်းရှိ ပြေးလမ်းမှာ အက်ကွဲသွားပြီး ဓာတ်အားလိုင်း၊ ရေလိုင်းများ ပြတ်တောက်ခြင်း၊ တံတားများ အဆောက်အဦးများ ပြိုကျပျက်ဆီးခြင်းတို့ ရှိခဲ့သည်။ လူများမှာလည်း၊ အဆောက်အဦးများမှ ဆင်းပြေးလာကြပြီး၊ လဟာပြင်တွင် အိပ်စက်ခဲ့ရသည်။

    Ref: CNA

  • ရာဇ၀တ်မှုသံသယရှိသူများကို ကိုယ်တိုင်သတ်ခဲ့သည်ဟု ဖိလစ်ပိုင်သမ္မတ ၀န်ခံ

    ရာဇ၀တ်မှုသံသယရှိသူများကို ကိုယ်တိုင်သတ်ခဲ့သည်ဟု ဖိလစ်ပိုင်သမ္မတ ၀န်ခံ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    duterte-2

    – ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ဒါဗာအိုမြို့တော်ဝန်အဖြစ် ဆောင်ရွက်စဉ် ရာဇ၀တ်မှုအတွက် သံသယရှိသူများကို သတ်ပစ်ခဲ့သည်ဟု ၀န်ခံပြောကြားလိုက်သည်။

    “ဒါဗာအိုမှာတုန်းက ကျွန်တော်ဟာ ဒါမျိုး (သတ်ဖြတ်မှု) ကို ကိုယ်တိုင် လုပ်ပြခဲ့ပါတယ်။ ကျွန်တော်တောင် လုပ်နိုင်တယ်ဆိုရင် သူတို့လဲ ဘာဖြစ်လို့ မလုပ်နိုင်ရမလဲဆိုတာ ကျွန်တော့်တပည့်တွေကို ပြချင်လို့ပါ။ ပြီးတော့ မော်တော်ဆိုင်ကယ်နဲ့ ဒါဗာအိုမြို့ကို ကျွန်တော်ပတ်တယ်။ လမ်းတွေကို လျှောက်ကြည့်ပြီး ပြဿနာကို လိုက်ရှာတယ်။ ကျွန်တော် သတ်လို့ရအောင် ရန်ရှာမယ့်တစ်ယောက်ယောက်ကို ကျွန်တော် တကယ်လိုက်ရှာတာပါ” ဟု တနင်္လာနေ့က မနီလာမြို့တွင် ပြုလုပ်ခဲ့သည့် Wallace Business Forum ၌ ပြောကြားခဲ့သည်။

    ဇွန်လက အာဏာရပြီးနောက်ပိုင်း ဒူတာတေးမှာ မူယစ်ဆေးဝါးလုပ်ငန်းကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပြီး ၆ လအတွင်း လူပေါင်း ၅၉၀၀ ကျော် သေဆုံးခဲ့သည်။

    ဒူတာတေး၏ မူးယစ်နှိမ်နှင်ရေးတွင် တရားလက်လွတ် သတ်ဖြတ်မှုများ ရှိခဲ့လားဆိုသည်ကို ဆန်းစစ်ရန် ဖွဲ့စည်းထားသည့် ဖိလစ်ပိုင်အထက်လွှတ်တော်မှ စုံစမ်းရေးကော်မတီတွင် ဒူတာတေးမှာ ဒါဗာအို သတ်ဖြတ်မှုများတွင် ကိုယ်တိုင် ပါဝင်ခဲ့သည်ဟုသော စွပ်စွဲချက်များကို တင်ခဲ့မှုများလည်း ရှိသည်။

    မိမိကိုယ်ကို ကြေးစားလူသတ်သမားဟုဆိုသူ အဒ်ဂါ မာတိုဘာတိုက ဒူတာတေး ဒါဗာအိုမြို့တော်ဝန်အဖြစ် ဆောင်ရွက်စဉ်က အာဏာပါးကွက်သားများဖြင့် လူပါင်း ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့ပြီး ဒူတာတေးကိုတိုင် စက်သေနတ်ဖြင့် ကျည်ဆံ ၂၀၀ ကုန်အောင် ပစ်သတ်ခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

    သို့သော်လည်း စုံစမ်းရေးကော်မတီ၏ အကြီးအကဲဖြစ်ပြီး ဒူတာတေးကို ဝေဖန်သူ အထက်လွှတ်တော်အမတ် ဒီ လီမာ ရာထူးမှ အစားထိုးခံရပြီးနောက်ပိုင်းတွင် စုံစမ်းမှုမှာလည်း ပြီးခဲ့သည့် အောက်တိုဘာလတွင် ရပ်တန့်ခဲ့သည်။

    ဒူတာတေးက မိမိအနေဖြင့် ပြုတ်ကျမှုတစ်ခုအတွင်း ဦးခေါင်းကို ပြင်းထန်စွာ ရိုက်မိခဲ့ပြီး ခေါင်းကိုက်ဝေဒနာစွဲကာ ခေါင်းကိုက်ပျောက်ဆေးများကို အများအပြား သောက်သုံးရကြောင်း၊ ထို့ပြင် ဆေးလိပ်အလွန်သောက်ခြင်းကြောင့် ခြေထောက်သို့ သွေးမရောက်သည့်ရောဂါလည်း ခံစားရကြောင်း အဆိုပါ ဖိုရမ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNN