News @ M-Media

Tag: Philippines

  • အကြမ်းဖက်များ ကြီးစိုးနေသည့် မာရာဝီမြို့အား ၀ါကျွတ်အီးဒ်အမီ ပြန်သိမ်းရန် ဖိလစ်ပိုင် ထိုးစစ်ဆင်

    အကြမ်းဖက်များ ကြီးစိုးနေသည့် မာရာဝီမြို့အား ၀ါကျွတ်အီးဒ်အမီ ပြန်သိမ်းရန် ဖိလစ်ပိုင် ထိုးစစ်ဆင်

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – ယခုတစ်ပတ်နှောင်းပိုင်းတွင် ကျရောက်မည့် အီးဒ်ပွဲတော်အမီ မာရာဝီမြို့အား အကြမ်းဖက်သမားများလက်မှ သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်ဟု ဖိလစ်ပိုင်စစ်တပ်က ပြောကြားလိုက်သည်။

    ယခုစစ်ဆင်ရေးကို လေတပ်နှင့် ကြည်းတပ်တို့မှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မာရာဝီမြို့အနီးရှိ ကာဂါယန် ဒီအိုရိုမြို့တွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ အကြီးအကဲများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မဟာဗျူဟာများကို ဆွေးနွေးခဲ့သည်။

    “ရမ်ဇာန်လကုန်ပိုင်းလောက်မှာ မာရာဝီမြို့ ရှင်းလင်းဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ တိုက်ပွဲရဲ့ ရှုပ်ထွေးမှုကို သိတဲ့အတွက်ကြောင့် နောက်ဆုံးရက်ကိုတော့ သတ်မှတ်မထားပါဘူး။ မာရာဝီမြို့ကို အမြန်ဆုံးလွတ်မြောက်ဖို့အတွက် အကောင်းဆုံး ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ လုပ်နေပါတယ်” ဟု ဖိလစ်ပိုင်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရက်စ်တီတူတို ပါဒီလာက ပြောကြားခဲ့သည်။

    မာရာဝီမြို့တွင် IS သစ္စာခံ အကြမ်းဖက်အဖွဲ့နှင့် ဖိလစ်ပိုင်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ သီတင်းပတ် ၅ ပတ်တာ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး လူပေါင်း ၃၅၀ နီးပါး သေဆုံးခဲ့ကာ ဒေသခံပြည်သူများမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လအကုန်တွင် ကျရောက်မည့် အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်နောက်ပိုင်းတွင် သူပုန်အဖွဲ့သို့ စစ်ကူများ ရောက်လာနိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်။

    ပါဒီလာကမူ ရမ်ဇာန်ဥပုသ်လအပြီးနောက်ပိုင်း တိုက်ခိုက်မှုများ မြင့်တက်လာမှုမရှိစေရေး ဆောင်ရွက်ရန် စစ်တပ်က ရည်ရွယ်ထားသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNA

     

  • အင်ဒို၊ မလေးနှင့် ဖိလစ်ပိုင် ၃ နိုင်ငံ ပူးပေါင်း အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်း စတင်

    အင်ဒို၊ မလေးနှင့် ဖိလစ်ပိုင် ၃ နိုင်ငံ ပူးပေါင်း အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်း စတင်

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – အရှေ့တောင်အာရှတစ်ဝှမ်း အကြမ်းဖက်မှု အပါအ၀င် အခြားသော ခြိမ်းခြောက်မှုများကို ကာကွယ်ရန်အတွက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့မှာ ဘော်နီယိုကမ်းရိုးတန်းမြောက်ဖက် ဆူးလူး ပယ်လယ်ပြင်တွင် ပူးပေါင်း စစ်ဆင်ရေးကို စတင်ဆောင်ရွက်နေသည်ဟု သိရသည်။

    “ပင်လယ်ဓားပြ၊ ပြန်ပေးဆွဲခြင်း၊ အကြမ်းဖက်ဝါဒနဲ့ ဒေသတွင်းရေပြင်မှာ အခြားသော နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေလို ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတဲ့အချိန် ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် အာဆီယံစိတ်ဓာတ်နဲ့ ဒီလို ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ယမန်နေ့က စတင်ခဲ့သည့် အဆိုပါ ဆောင်ရွက်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားစစ်တပ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    အဆိုပါစစ်ဆင်ရေးမှာ ရေတပ်အခြေပြု စစ်ဆင်ရေးဖြစ်သော်လည်း ကြည်းတပ်နှင့် လေတပ်များကလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။ စစ်ဆင်ရေးစတင်ခြင်းအခမ်းအနားသို့ နိုင်ငံ ၃ နိုင်ငံမှ ၀န်ကြီးများ၊ စစ်ဖက်ဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူများနှင့်အတူ ဘရူနိုင်းနှင့် စင်ကာပူနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

    စစ်ဆင်ရေးဌာနချုပ်ဖြစ်သော ရေကြောင်း ကွပ်ကဲရေးဌာန (MCC) ကို အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းတောင်ဘက် တာရာကန် ဆိပ်ကမ်းမြို့တွင် ထားရှိကာ ထိုမြို့ကို အခြေစိုက်၍ စစ်ဆင်ရေး ဆောင်ရွက်မည်ဖြစ်ည်။ အဆိုပါ ဘော်နီယိုကျွန်းမှာ လက်ရှိ မငြိမ်သက်မှုများ ဖြစ်နေသော ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။

    ထို့ပြင် ကွပ်ကဲရေးစင်တာကို မလေးရှားရှိ တာဝူမြို့၊ ဖိလစ်ပိုင်ရှိ ဘွန်ဂေါမြို့တို့တွင် ဖြန့်ခွဲထားရှိရန်လည်း စီစဉ်နေသည်။

    “ဒီလုပ်ငန်းကို ပင့်ကူအိမ်လို တြိဂံပုံစံ လုပ်ဖို့ ရှိပါတယ်။ အဲဒီ တြိဂံဒေသအတွင်းမှာ ရှိနေတဲ့အရာတိုင်းကို စောင့်ကြည့်သွားမှာပါ” ဟု အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ဂါတွတ် နူရ်မန့်ယိုက ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့တွင် IS ကို သစ္စာခံသည့်အဖွဲ့များက တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည့် လွန်ခဲ့သည့် ၁ လမှစ၍ အရှေ့တောင်အာရှဒေသအတွင်း အစ္စလာမ့်မစ်အစွန်းရောက်လှုပ်ရှားမှုများ မြင့်တက်လာမည်ကို စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။

    Ref: RT

  • နိုင်ငံတောင်ပိုင်းမှ IS စစ်သွေးကြွများကို တိုက်ထုတ်ရန် ဖိလစ်ပိုင် အချိန်ယူရမည်

    နိုင်ငံတောင်ပိုင်းမှ IS စစ်သွေးကြွများကို တိုက်ထုတ်ရန် ဖိလစ်ပိုင် အချိန်ယူရမည်

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    – IS ကို ထောက်ခံသူ စစ်သွေးကြွအဖွဲ့များက သိမ်းပိုက်ထားသည့် နိုင်ငံတောင်းပိုင်းမှ မာရာဝီမြို့အား ပြန်လည်သိမ်းယူနိုင်ရေး နောက်ဆုံးရက် သတ်မှတ်ထားမှုကို စွန့်လွှတ်လိုက်ပြီဟု ဖိလစ်ပိုင်စစ်တပ်က ပြောကြားလိုက်သည်။

    လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်သွေးကြွများ၏ တိုက်ပွဲများမှာ ၄ ပတ်အတွင်းသို့ ၀င်ရောက်လာပြီဖြစ်ပြီး ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။ အဆိုပါ စစ်သွေးကြွများကို နိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်သော ဇွန်လ ၁၂ ရက်နေ့တွင် အပြီးသတ် တိုက်ထုတ်ရန် ဖိလစ်ပိုင်စစ်တပ်က ရည်မှန်းထားသော်လည်း လက်ရှိတွင် ထိုထက်ပိုမို၍ အချိန်ကြာမြင့်နိုင်သည်။

    “နောက်ဆုံးရက်သတ်မှတ်ထားတာမျိုး မရှိတော့ပါဘူး။ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်” ဟု ဖိလစ်ပိုင်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ရက်စ်တီတူနို ပါဒီလာက ဇွန်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    မာရာဝီတွင် မောင်တေအုပ်စုနှင့် IS အဖွဲ့ခွဲ အဘူဆယက်ဖ်တို့အဖွဲ့မှ တိုက်ခိုက်ရေးသမားပေါင်း ၄၀၀ ခန့် ရှိနေပြီး ၎င်းတို့၏ ရက်စက်မှု၊ ပြင်းပြင်းထန်ထန် ခုခံမှုက စစ်တပ်ကို အကြပ်အတည်း တွေ့စေသည်။

    လေ့လာဆန်းစစ်သူများကမူ ဖိလစ်ပိုင်အစိုးရမှာ အစွန်းရောက်ဝါဒ ဖွံ့ဖြိုးလာမှုနှင့် အင်အားကို နားလည်အောင် မကြိုးစားခဲ့ဟု ဝေဖန်ခဲ့သည်။

    “မာရာဝီက IS လက်ဝေခံ စစ်သွေးကြွအုပ်စုတွေရဲ့ အင်အားနဲ့ လွှမ်းမိုးမှုကို အစိုရက လျှော့တွက်ခဲ့ပါတယ်။ စစ်သွေးကြွတွေက မာရာဝီကို အရှေ့တောင်အာရှရဲ့ IS နယ်မြေအဖြစ် ကြေငြာဖို့ စီစဉ်ခဲ့ကြတာပါ” ဟု ဒေသတွင်း လုံခြုံရေးဆိုင်ရာ ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

    ထိုပြင် စစ်သွေးကြွများမှာ မာရာဝီမြို့တွင် လေကြောင်းကာကွယ်ရေးလက်နက်များ မြေအောက်ဘန်ကာများနှင့် လူသားတံတိုင်းကဲ့သို့ ကာကွယ်ရေးအစီအစဉ်များ လုပ်ဆောင်ရန် အချိန်အတော်ကြာ ခြေကုပ်ယူခဲ့ကြောင်း အဆိုပါရင်းမြစ်က ထည့်သွင်းပြောဆိုခဲ့သည်။

    စစ်သွေးကြွများမှာ ပေါင် ၅၀၀ ရှိ ဗုံးများကို ခံနိုင်ရည်ရှိသော လှိုင်ခေါင်များ၊ မြေအောက်ခန်း အများအပြားကို ဆောက်လုပ်ထားပြီး ထွက်ပြေးရာ လမ်းကြောင်းအဖြစ်လည်း အသုံးပြုနိုင်သည်။

    အဘူဆယက်ဖ်အဖွဲ့ခေါင်းဆောင် အစ္စနီလွန် ဟာပီလွန်ကို အစိုးရစစ်တပ်က ဖမ်းဆီးရန် ဆောင်ရွက်ခဲ့သည့် မေလ ၂၃ ရက်နေ့တွင် စတင်ခဲ့သော တိုက်ပွဲများကြောင့် လက်ရှိတွင် လူပေါင် ၂၉၀ သေဆုံးခဲ့ပြီး စစ်သွေးကြွ ၂၀၆ ဦး၊ စစ်သား ၅၈ ဦးနှင့် အရပ်သား ၂၆ ဦးတို့ဖြစ်သည်။

    Ref : CNA

  • ဖိလစ်ပိုင်တွင် အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးက ခရစ်ယာန် ၆၀ ကျော်ကို IS လက်မှ ကယ်ထုတ်

    ဖိလစ်ပိုင်တွင် အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးက ခရစ်ယာန် ၆၀ ကျော်ကို IS လက်မှ ကယ်ထုတ်

    ဇွန် ၅၊ ၂၀၁၇
    M-Media

    ခရစ်ယာန် ၆၄ ဦးကို IS လက်မှ ကယ်ထုတ်ခဲ့သည့် အစ္စလာမ့်ဓမ္မပညာရှင် နူရ် လူစ်မန်

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းက မာရာဝီမြို့မှာ အစိုးရတပ်ဖွဲ့တွေနဲ့ IS အကြမ်းဖက်သမားတွေအကြား တိုက်ခိုက်မှုတွေအတွင်း ဒေသတွင်းက ဘာသာမတူသူတွေဟာ အချင်းချင်း ဖေးမကူညီနေကြပါတယ်။

    စနေနေ့မှာ မာရာဝီမြို့ကနေ ကလေးငယ် ၅၀ နီးပါအ၀င် လူပေါင်း ၁၆၀ ကျော်လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောကြားခဲ့ပါတယ်။ တိုက်ပွဲတွေကြောင်း သေဆုံးသူဟာ အရပ်သား ၂၀၊ စစ်သား ၃၈ ဦးနဲ့ အကြမ်းဖက်သမား ၁၂၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ မရာဝီမြို့ဟာ တိုက်ပွဲဇုန်ဖြစ်နေပြီး အစိုးရကလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

    အရပ်သားတွေကို ကယ်ထုတ်ဖို့ စနေနေ့က အပစ်ရပ်မှုအပြီးမှာ အစိုးရ တိုက်လေယာဉ်တွေဟာ မြို့လယ်ကောင်ကို ဗုံးတွေ ကြဲချခဲ့ပါတယ်။

    “ရဟတ်ယာဉ်က ကျွန်တော်တို့ကို ပစ်လိုက်မလား၊ ဂျီဟတ်ဝါဒီတွေက ကျွန်တော်တို့ သတ်လိုက်မလားဆိုပြီး စိုးရိမ်နေရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဒီတစ်ပတ်အတွင်း လွတ်မြောက်လာတဲ့ သူတွေထဲမှာ အစ္စလာမ့်ရေးရာ စာရေးဆရာတစ်ဦးဖြစ်ပြီး နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်တဲ့ နူရ် လူစ်မန်လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ဆော်ဒီမှာ အိုစမာဘင်လာဒင်နဲ့အတူ ပညာသင်ဖူးပြီး မာရာဝီမြို့က ခရစ်ယာန်တွေကို သူ့အိမ်မှာဖွက်ထားကာ၊ အကြမ်းဖက်သမားတွေကို လှည်
့ဖျားပြီး ကယ်ထုတ်လာခဲ့တဲ့ အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေမဖြစ်ပွားခင် သူ့အိမ်နားမှာ ခရစ်ယာန် ဆောက်လုပ်ရေးလုပ်သားတွေ အလုပ်လုပ်ကိုင်နေကြပြီး၊ အဲဒီလူတွေက ‘မြို့ထဲကနေ အပြင်ထွက်လို့မရတာကြောင့် သူတို့ကို ကာကွယ်ဖို့ဟာ ကျွန်တော့်တာဝန် ဖြစ်လာတယ်’ လို့ လူစ်မန်က ဆိုပါတယ်။

    “တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်နေ့တွေမှာ ခရစ်ယာန်အလုပ်သမားတွေက ကျွန်တော့်အိမ်မှာ လာပုန်းနေကြပါတယ်။ ၆၄ ယောက်ရှိပါတယ်။ သူတို့ကို ဘာမှမဖြစ်အောင် စောင့်ရှောက်ဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်” လို့ လူစ်မန်က ပြောကြားခဲ့ပြီး ဒီလူတွေကိုကယ်တင်ရေး သူ့ရဲ့အသက်ကို အသေခံဖို့အထိ တွေး
    ထားတယ်လို့ ဆိုပါတယ်။

    “IS တွေလာတဲ့အခါမှာ သူတို့ ကျွန်တော့်ကို မှတ်မိသွားတယ်။ သူတို့ကို ထွက်သွားဖို့ပြောတော့ ကျွန်တော့်ကို လေးစားတာကြောင့် ထွက်သွားကြတယ်။ ကျွန်တော် ခရစ်ယာန်တွေကို ဖွက်ထားတယ်ဆိုတာ သူတို့ မသိပါဘူး။ ခရစ်ယာန်တွေ ကျွန်တော့်အိမ်မှာ ရှိနေတယ်ဆိုတာသိရင် သူတို့ အားလုံးကို ခေါင်းဖြတ်သတ်လို
    က်ကြမှာ”

    အစားအသောက်တွေ ပြတ်လတ်လာပြီ စစ်တပ်ကလည်း တစ်မြို့လုံးကို ဗုံးကြဲတော့မယ်လို့ ကြားတဲ့အခါ လူစ်မန်က ဒီခရစ်ယာန်တွေနဲ့အတူ မြို့ထဲကနေထွက်ဖို့ ကြိုးစားခဲ့ပါတယ်။

    “ဒီလူတွေကို အိမ်ထဲကနေ ခေါ်ထုတ်မသွားဘူးဆိုရင် အစာငတ်ပြီး သေသွားလိမ့်မယ်လို့ ကျွန်တော်တွေးတယ်။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ထွက်လာဖို့ ကြိုးစားခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ စနိုက်ပါသမားတွေလည်း အများကြီးပဲ။ ဒီလူတွေဟာ ခရစ်ယာန်လား၊ မွတ်စလင်လားဆိုပြီး သူတို့ မမေးပါစေနဲ့လို့ ကျွန်တော်တို့ ဆုတောင်းလာရပါတယ်” လို့ လူစ်မန်က ပြောကြားခဲ့ပြီး ‘ကုရ်အာန်ဖတ်ခိုင်းလို့ မဖတ်တတ်ဘူးဆိုရင် သူတို့ သတ်ပစ်မှာ’ လို့လည်း ဆိုပါတယ်။

    လက်ရှိ မာရာဝီမြို့မှာ လူပေါင်း ၂၀၀၀ ကျော်လောက် ပိတ်မိနေပြီး အကြမ်းဖက်သမား ၂၅၀ လောက်က မြို့ကို စီးထားပါတယ်။

    စစ်တပ်ကလည်း ထိုးစစ်ဆင်ဖို့အခြေအနေရှိနေပြီး အကြမ်းဖက်သမားတွေဟာ ဖိလစ်ပိုင်ဒေသခံတွေအပြင် ဆော်ဒီ၊ ပါကစ္စတန်၊ ချေချင်းညာနဲ့ မော်ရိုကိုတို့ကလူတွေလည်း ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

    Ref: RT

  • မနီလာ ကာဆီနိုရုံတိုက်ခိုက်သူမှာ အကြမ်းဖက်သမားမဟုတ်ဟု ဖိလစ်ပိုင် ထုတ်ပြန်

    မနီလာ ကာဆီနိုရုံတိုက်ခိုက်သူမှာ အကြမ်းဖက်သမားမဟုတ်ဟု ဖိလစ်ပိုင် ထုတ်ပြန်

    ဇွန် ၄၊ ၂၀၁၇
    M-Media

    ကာဆီနိုရုံကို ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဂျက်ဆီ ဂျာဗီယာ ကားလို့စ်

    – သောကြာနေ့က မြို့တော် မနီလာရှိ ကာဆီနိုရုံအား ၀င်ရောက်ပစ်ခတ်မီးရှို့သူမှာ အကြမ်းဖက်သမားမဟုတ်ဘဲ အကြွေးပတ်လည်ဝိုင်းနေသည့် လောင်းကစားသမားဖြစ်သည်ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ကာဆီနိုရုံ မီးလောင်မှုကြောင့် မီးခိုးမွှန်ကာ လူပေါင်း ၃၆ ဦးထက်မနည်း သေဆုံးခဲ့သည့် အဆိုပါ အဖြစ်အပျက်ကို မိမိတို့၏ တပ်ဖွဲ့ဝင်တစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ကြေငြာခဲ့သည်။

    သို့သော်လည်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က တိုက်ခိုက်သူမှာ လောင်းကစားကြွေး အမြောက်အများရှိနေသည့် ဂျက်ဆီ ဂျာဗီယာ ကားလို့စ်ဆိုသူဖြစ်ပြီး အကြမ်းဖက်သမားမဟုတ်ကြောင်း၊ ၎င်းမှာ တစ်ဦးတည်း တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားအပြီး နာရီအနည်းငယ်အကြာတွင် ကားလို့စ်ကို သေဆုံးလျက် တွေ့ရှိခဲ့ရသည်။

    “သူ့မိသားစုက သူဟာ ကာဆီနိုလောက်ကစားကို စွဲလွန်းတာကြောင့် အကြွေးပတ်လည်ဝိုင်းနေတယ်လို့ ပြောပါတယ်” ဟု ရဲတပ်ဖွဲ့ အကြီးအကဲ မစ္စတာ အလ်ဘာယာလ်ဒီက ပြောကြားခဲ့သည်။

    ကားလို့စ်မှာ Resorts World Casino ရုံသို့ ၀င်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာ ကာဆီနိုစက်များအား မီးရှို့ခဲ့သည်။

    ထို့နောက် ကန်ဒေါ်လာ ၂.၃ သန်း တန်ဖိုးရှိ ကာဆီနိုအ၀ိုင်းပြားများကို ကျောပိုးအိတ်ထဲ ထည့်ကာ အဆောက်အဦး၏ ဟိုတယ်ဇုန်ထဲသို့ သွားကာ အခန်းတစ်ခုထဲ ၀င်ရောက်ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ကားလို့စ်မှာ ၎င်းကိုယ်ကို မီးရှို့သတ်သေခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: BBC