News @ M-Media

Tag: Philippines

  • မူးယစ်မှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံရသူ ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦး သေနစ်ပစ်မှုအတွင်း သေဆုံး

    မူးယစ်မှုနှင့်ပတ်သက်၍ ထိန်းသိမ်းခံရသူ ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦး သေနစ်ပစ်မှုအတွင်း သေဆုံး

    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media

    duterte

    – ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့် ပြစ်မှုများဖြင့် အကျဉ်းချခံထားရသည့် မြို့တော်ဝန်တစ်ဦးသည် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတစ်ခုအတွင်း အခြားအကျဉ်းသားတစ်ဦးနှင့်အတူ သေဆုံးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    လေတီပြည်နယ် အလ်ဗျူရာမြို့တော်ဝန် ရိုလန်ဒို အက်စ်ပင်နိုဆာဖြစ်ပြီး သမ္မတရိုဒရီဂိုဒူတာတေးက ၎င်းနှင့် ၎င်း၏သား ကာဝင်ကို မူးယစ်ဆေးရောင်းဝယ်မှု၌ ပါဝင်ပက်သက်နေသည့်အပေါ် လက်နက်ချအဖမ်းခံရန် တောင်းဆိုခဲ့သည့်အတွက် သြဂုတ်လတွင် ၎င်းကိုယ်တိုင် ရဲချုပ်ထံ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

    နောက်ပိုင်းတွင် အက်စ်ပင်နိုဆာကို အိမ်ပြန်ခွင့်ပြုခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့က မူးယစ်ဆေးဝါးတရားမ၀င်လက်ဝယ်ထားရှိမှုဖြင့် ပြန်လည်ဖမ်းဆီးခဲ့သည်။ ၎င်းသည် ဒူတာတေး ထုတ်ပြန်ခဲ့သော မူးယစ်လုပ်ငန်းတွင် ပါဝင်သူ အစိုးရ၀န်ထမ်းများစာရင်းမှ ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးတွင် သေဆုံးခဲ့သော ဒုတိယမြောက် ဒေသဆိုင်ရာ အကြီးအကဲလည်း ဖြစ်သည်။

    ဖမ်းဆီးခံထားရသူများတွင် လက်နက်ခဲယမ်းနှင့် တရားမ၀င် မူးယစ်ဆေးဝါးများ ရှာဖွေရေး ၀ရမ်းထုတ်ရန် ဆောင်ရွက်နေသည့် ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးနှင့် ထောက်လှမ်းရေးဌာနမှ အဖွဲ့တစ်ခုကို အက်စ်ပီနိုစာနှင့် အတူနေအကျဉ်းသား ရာအူးလ် ယက်ပ်တို့က ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

    ထို့နောက် ၎င်းတို့ထားရှိရာ အချုပ်ခန်းအား ရှာဖွေရာတွင် ပစ္စတို ၂ လက်နှင့် မူယစ်းဆေးဝါးများကို တွေ့ရှိခဲ့ပြီး သမ္မတရုံးကမူ အက်စ်ပီနိုဆာ သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟုပြောကြားခဲ့သည်။

    Ref; CNA

  • မူးယစ်လုပ်ငန်းတွင် ပါဝင်သည့် မြို့တော်ဝန်ကို ဖိလစ်ပိုင် ပစ်သတ်

    မူးယစ်လုပ်ငန်းတွင် ပါဝင်သည့် မြို့တော်ဝန်ကို ဖိလစ်ပိုင် ပစ်သတ်

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    drug

    – ဖိလစ်ပိုင်၏ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ နိုင်ငံတောင်ပိုင်းတွင် ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း မြို့တော်ဝန်တစ်ဦးနှင့် ၎င်း၏ သက်တော်စောင့် ၉ ဦးတို့အား ပစ်သတ်ခဲ့ပြီး သမ္မတဒူတာတေးတက်လာပြီးနောက် မူးယစ်နှိမ်နှင်းမှုတွင် အဆိုးရွားဆုံး ဖြစ်ရပ်များမှ တစ်ခု ဖြစ်လာခဲ့သည်။

    ပစ်သတ်ခံရသည့် မြို့တော်ဝန်မှာ ဆော်ဒီ အမ်ပါတူဝမ်မြို့တော်ဝန် ဆမ်ဆူဒင် ဒီမူကွမ်ဖြစ်ပြီး ဒူတာတေးက မူးယစ်လုပ်ငန်းတွင် ပါဝင်နေသည့် အစိုးရတာဝန်တာဝန်ရှိသူများဟု ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သည့် လူ ၁၅၀ စာရင်းတွင် ပါဝင်သူတစ်ဦးလည်း ဖြစ်သည်။

    ဒူတာတေးမှာ ပါဝင်သူများအား အညံ့ခံရန် အမိန့်ပေးခဲ့ပြီး မလိုက်နာပါက နှိမ်နှင်းသွားမည်ဟု ပြောကြားခဲ့သည်။

    ဒီမူကွမ်မှာ ရဲတပ်ဖွဲ့တွင် သွားရောက်အဖမ်းခံခဲ့သော်လည်း ၎င်းအနေဖြင့် မူးယစ်လုပ်ငန်းတွင် ပါဝင်မှုမရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် တရားမ၀င် မူးယစ်လုပ်ငန်းများကို တိုက်ဖျက်နေသူဖြစ်ပြီး ဒူတာတေး၏ နှိမ်နှင်းမှုကို ထောက်ခံကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။

    ပစ်ခတ်မှုမဖြစ်ပွားခင် ရဲတပ်ဖွဲ့က ဒီမူကွမ်၏အဖွဲ့မှာ မူးယစ်ဆေး ပမာဏာအများအပြားကို ဒါဗာအိုမြို့မှ ဒူတာတေး၏ဇာတိ မူဂွင်ဒါနာအိုသို့ ပို့ဆောင်မည့်ဆိုသည့်သတင်းကို ရရှိခဲ့သည်။

    ရဲတပ်ဖွဲ့တာဝန်ရှိသူကမူ မြို့တော်မနီလာတောင်ဘက် ကီလိုမီတာ ၉၅၀ အကွာရှိ မာကီလာလာမြို့တွင် ရဲတပ်ဖွဲ့က ကားရပ်ရန် တားသည့်အခါ ၎င်းတို့အဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မေလ အာဏာရပြီးနောက်ပိုင်း ဒူတာတေး၏ မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးတွင် လက်ရှိအချိန်အထိ လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး အမေရိကန်၊ ကုလနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရသည်။

    Ref: Aljazeera

  • ဖိလစ်ပိုင်တွင် အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြ

    ဖိလစ်ပိုင်တွင် အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    phili

    – ဖိလစ်ပိုင်မြို့တော် မနီလာရှိ အမေရိကန် သံရုံးရှေ့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း ဆန္ဒပြလူအုပ်ထဲသို့ ရဲကားတစ်စီး အတင်းမောင်းဝင်လာမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အင်္ဂါနေ့က ပြုလုပ်သည့် အဆိုပါ ဆန္ဒပြမှုတွင် လူပေါင်းရာချီ ပါဝင်ခဲ့ကြပြီး နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာရန် တောင်းဆိုခဲ့ကြသည်။

    ထို့သို့ ဆန္ဒပြနေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသည့် ဗန်ကားတစ်စီးမှာ လူအုပ်ဆီသို့ အတင်းမောင်းဝင်လာကာ ရှေ့တိုးနောက်ဆုတ်ပြုလုပ်၍ ကားအား ၀န်းရံထားသည့် ဆန္ဒပြသူများကို အကြိမ်ကြိမ် တိုက်ခဲ့သည်။

    ဖိလစ်ပိုင် ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့ပြီး၊ ဆန္ဒပြသူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရီနာတို ရီယက်စ်က ကျောင်းသားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ဆန္ဒပြမှုအတွင်း အချို့မှာ သံရုံးအား ၀င်ရောက်စီးနင်းရန် ကြိုးစားခဲ့သည်ဟု သတင်းအချို့က ဖော်ပြခဲ့သည်။ ၎င်းတို့မှာ “အမေရိကန်စစ်အခြေစိုက်စခန်း၊ အမေရိကန်တပ်သားများ အလိုမရှိ” ဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစည်းကိုလည်း ဆန္ဒပြသူများက ဖြတ်ကျော်ဝင်ရောက်ကာ သံရုံး၏နံရံကို အနီရောင်မှုတ်ဆေးများဖြင့် ပက်ဖြန်းခဲ့ကြသည်။

    အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ ဆက်ဆံရေးမှာ အရှေ့တောင်အာရှတွင် အရှည်ကြာဆုံး တည်ငြိမ်ခဲ့သည့် ဆက်ဆံရေးဖြစ်သော်လည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်လာပြီးနောက်ပိုင်းအဖုအထစ် ဖြစ်လာခဲ့သည်။ ဒူတာတေးကမူ ၂၀၀၂ ခုနှစ်ကတည်းကစ၍ နိုင်ငံတောင်ပိုင်း မင်ဒါနာအိုတွင် တပ်ဖြန့်ချထားခဲ့သည့် အမေရိကန်အထူးတပ်ဖွဲ့များကို တိုင်းပြည်မှထွက်ခွာရန် ပြီးခဲ့သည့်လက တိုက်တွန်းခဲ့သည်။

    Ref : Presstv

  • အများပြည်သူနေရာများတွင် ဆေးလိပ်ပိတ်ပင်ရန် ဖိလစ်ပိုင် စီစဉ်နေ

    အများပြည်သူနေရာများတွင် ဆေးလိပ်ပိတ်ပင်ရန် ဖိလစ်ပိုင် စီစဉ်နေ

    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media

    duterte

    – မူးယစ်နှိမ်နှင်းရေး လှုပ်ရှားမှုကြောင့် နိုင်ငံတကာမှ ဖိအားများနှင့် ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးမှာ ယခုလမကုန်ခင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌ ဆေးလိပ်သောက်မှု ပိတ်ပင်ရန် စီစဉ်နေသည်ဟု သိရသည်။

    ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး ပေါ်လင်း ယူဘီယဲလ်က AP သတင်းဌာနနှင့် တွေ့ဆုံစဉ် ထိုအစီအစဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆေးရွက်ကြီးထုတ်ကုန်များတွင် ကျန်းမာရေး သတိပေးဓာတ်ပုံများ ကပ်ရမည့် ဥပဒေ နိုဝင်ဘာ ၄ ရက်နေ့ အသက်မ၀င်ခင် ထိုကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ရန် သမ္မတက မိမိအား တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

    ဒူတာတေးမှာ ယခင် နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ခဲ့စဉ် ထိုကဲ့သို့ ပိတ်ပင်ခဲ့ဖူးပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆေးလိပ်ကင်းစင်ဒေသအဖြစ် ဆောင်ရွက်ရန် အလိုရှိနေသည်ဟု ၀န်ကြီးက ဆိုသည်။

    ထို့ပြင် အဆောက်အဦးအပြင်ဘက်၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၏ အဝေးတွင် ဆေးလိပ်သောက်သုံးသည့်နေရာ သီးသန့်ထားရှိမည်ဖြစ်ပြီး ဒေသအတွင်းအစိုးရများကိုလည်း ဆေးလိပ်သောက်သုံးမှုပိတ်ပင်ရန်နှင့် ဒဏ်ကြေးများ ချမှတ်ရန် အမိန့်ပေးသွားမည်ဖြစ်သည်။

    ထိုကဲ့သို့ ပိတ်ပင်မှုတွင် အီလက်ထရောနစ် စီးကရက်များလည်း ပါဝင်မည်ဖြစ်ပြီး ၎င်းတို့မှာ အငွေ့ထွက်သောကြောင့်ဖြစ်သည်ဟု ယူဘီယဲလ်က ထည့်သွင်းပြောကြားခဲ့သည်။ ဒါဗာအိုမြို့အား ဒူတာတေး မြို့တော်ဝန်အဖြစ်ဆောင်ရွက်စဉ်က ထိုပိတ်ပင်မှုမှာ အောင်မြင်ခဲ့ပြီး စံပြဒေသအဖြစ် မှတ်ယူခံခဲ့ရသည်။

    Ref : Aljazeera

  • မူးယစ်ပြဿနာဖြေရှင်းရေး လူ ၃ သန်းခန့် သတ်ပစ်ရန် ဖိလစ်ပိုင်သမ္မတ ဆန္ဒရှိနေ

    မူးယစ်ပြဿနာဖြေရှင်းရေး လူ ၃ သန်းခန့် သတ်ပစ်ရန် ဖိလစ်ပိုင်သမ္မတ ဆန္ဒရှိနေ

    အောက်တိုဘာ ၃၊ ၂၀၁၆
    M-Media

    duterde

    – ဖိလစ်ပိုင်သမ္မတ ရော်ရီဂို ဒူတာတေးမှာ နောက်ထပ် ဟစ်တလာအဖြစ် တံဆိပ်အကပ် မခံလိုသော်လည်း ၎င်း၏ ရာဇ၀တ်မှုစစ်ဆင်ရေးတွင် လူသုံးသန်းခန့် သတ်ပစ်ရန် ရည်ရွယ်ထားသည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က စနေနေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်မေလ အာဏာရချိန်မှစ၍ ဒူတာတေးစတင်ခဲ့သည့် မူးယစ်နှိမ်နှင်းမှုအတွင်း ယခုအချိန်အထိ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံတကာကမူ နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာက ဂျူးလူမျိုးများကို မျိုးဖြုတ်သုတ်သင်မှုနှင့် အလားသဏ္ဍာန်တူသည်ဟု ဝေဖန်ရှုတ်ချမှုများ ရှိခဲ့သည်။

    ဒူတာတေးကလည်း ပြီးခဲ့သည့်သောကြာနေ့က မိမိကိုယ်ကို ဟစ်တလာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည်။ သို့သော်လည်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူကမူ သမ္မတ၏စကားမှာ ထိုကဲ့သို့ ရည်ရွယ်ခြင်း မဟုတ်ဟုဆိုသည်။

    “Holocaust မှာ ဂျူးလူမျိုးခြောက်သန်းလောက် အသက်ဆုံးရှုံးခဲ့ရတာကို မမှေးမှိန်စေချင်ပါဘူး” ဟု သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အာနက်စတို အဘယ်လာက သမ္မရုံးက ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် သမ္မတ၏ ထိုသို့ ခိုင်းနှိုင်းပြောဆိုခြင်းမှာ ဖိလစ်ပိုင်တွင် တရားမ၀င် မူးယစ်ပြဿနာကို အမြစ်ဖြတ်သုတ်သင်ရေး အောင်မြင်ရန်အတွက် လူသန်းနှင့်ချီ သတ်ဖြတ်ရန် ဆန္ဒရှိသည်ဟု ရည်ရွယ်ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    “ဒူတာတေးအနေနဲ့ ရာဇ၀တ်ကောင်တွေဖြစ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူပေါင်း သုံးသန်းလောက်ကို အသေသတ်ပစ်ချင်နေပါတယ်၊ တိုင်းပြည်နဲ့ နောက်မျိုးဆက်ရဲ့ အနာဂတ်ကို ကယ်တင်ဖို့ပေါ့”

    Ref : Bangkokpost