News @ M-Media

Tag: Philippines

  • ဇန်န၀ါရီလ ၄ ရက်နေ့ မှစပြီး ဖိလစ်ပိုင် နိုင်ငံသားများ မြန်မာသို့ ဗီဇာမယူဘဲ ဝင်နိုင်ပြီ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    YangonAirport_029
    – ဖိလစ်ပိုင်နိုင်ငံသားများမှာ လာမည့်နှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ဗီလာမလိုဘဲဝင်ရောက်သွားလာခွင့်ရရှိနိုင်မည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ဖိလစ်ပိုင်နိုင်ငံသားများမှာ မြန်မာနိုင်ငံတွင် ဗီဇာမလိုဘဲ ၁၄ ရက်နေထိုင်နိုင်မည်ဖြစ်သည်။

    နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အား မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ဒီဇင်ဘာ ၅ ရက်နေ့က ဖိလစ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း သဘောတူညီခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ သဘောတူညီခြင်းက နှစ်နိုင်ငံ ခရီးသွားလာရေးလုပ်ငန်းနှင့် ရင်နှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရန်အတွက် မျှော်လင့်နိုင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: Rappler

    ဓါတ်ပုံအညွှန်း- ရန်ကုန်လေဆိပ်ရှိ ဆိုက်ရောက် ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေး(လဝက) မှ စစ်ဆေးရာနေရာ
    photo courtesy: maftravelgraphy

  • တိုက်ပွဲကာလ ပျက်ဆီးခဲ့သော ခရစ်ယျာန် ဘုရားကျောင်း ဖိလစ်ပိုင် မွတ်စလင်များ ပြန်လည်ပြုပြင်ပေး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    The Christ the King chapel was destoyed during clashes between government forces and rebels last September.
    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း သူပုန်များကြီးစိုးရာဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလက အစိုးရနှင့် သူပုန်များအကြားဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရသည့် ကက်သလစ် ဘုရားကျောင်းတစ်ခုအား ဖိလစ်ပိုင် မွတ်စလင်များက ပြန်လည်ပြုပြင်ပေးနေသည်ဟု သိရသည်။

    “ပျက်စီးနေတဲ့ ဗလီကိုသာ သူတို့ပြင်မယ်လို့ ကျွန်တော်တို့ အရင်ကထင်ခဲ့ပါတယ်။ မွတ်စလင်တွေဟာ ခရစ်ယာမန်ဘုရားကျောင်းကို ကူညီဆောက်လုပ်ပေးတယ်လို့ ကျွန်တော် မကြားဖူးပါဘူး” ဟု ဘုရားကျောင်းတည်ရှိရာ ဆန်တာကာတာလီနာရွာ၏ အကြီးအကဲဖြစ်သူ ဂျင်မီ ဗီလာဖလိုးက Inquirer Mindanao သတင်းစာသို့ ပြောကြားခဲ့သည်။

    The Christ the King အမည်ရ ထိုဘုရားကျောင်းအား ၁၉၈၀ ပြည်နှစ်များက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း မီးလောင်ခဲ့သောကြောင့် လုံးဝပျက်စီးလုနည်းပါးဖြစ်ခဲ့ကာ ယခုအခါ ပြန်လည်ပြင်ဆင်ပြီးဖြစ်သည်။

    ထိုဘုရားကျောင်းဆောက်လုပ်ရေးလုငန်းအား ယခင် ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ဆူကာနို အစ်က်ဘာလာဦးဆောင်ပြီး အစ္စလာမ်ဘာသာဝင်များပါဝင်သည့် ‘မျှော်လင့်ချက်’ဟု အမည်ရသည့် Esperanza အဖွဲ့က ဦးဆောင်ကာ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

    “လူဆိုးတစ်ချို့ကြောင့် ခရစ်ယာန်အသိုင်းအ၀ိုင်းက ကျွန်တော်တို့ကို အမြင်စောင်းတာကို ကျွန်တော်တို့မလိုချပ်ပါဘူး။ ကျွန်တော်အားလုံးဟာ ခံရသူတွေချည်းပါ။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုအနည်းငယ်ကနေ လှပတဲ့အရာ အချို့ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အစ်က်ဘာလာက ပြောကြားခဲ့သည်။
    Ref:World Bulletin

  • မြန်မာ-ဖိလစ်ပိုင် ဗီဇာကင်းလွတ်ခွင့် အပါအဝင် သဘောတူချက်(၆) ခု သမ္မတဦးသိန်းစိန်၏ ဖိလစ်ပိုင်ခရီးစဉ်၌ သဘောတူလက်မှတ်ထိုး

    ဒီဇင်ဘာ- ၅ ၂၀၁၃
    M-Media

    460x
    – နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးအား ခိုင်မာစေရန် ရည်ရွယ်သော သဘောတူညီချက် ၆ ခုကို မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်တို့ ယနေ့တွင် လက်မှတ်ထိုးခဲ့ကြသည်ဟု သိရသည်။

    ထိုသဘောတူညီချက်အား ဖိလစ်ပိုင်နိုင်ငံသို့ ၃ ရက်ကြာအလည်အပတ်ရောက်ရှိနေသော မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့တွေ့ဆုံစဉ် လက်မှတ်ရေးထိုခဲ့ခြင်းဖြစ်ပြီး၊ အစားအသောက်ဆိုင်ရာ လုံခြုံမှု၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတို့တွင်ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ရေဒီယိုနှင့် ရုပ်သံလိုင်းများသို့ ဂျာနယ်လစ်များ အပြန်အလှန်လည်ပတ်ကာ လေ့လာမှုများ ဆောင်ရွက်ရေးတို့ ပါဝင်သည်။

    ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်း ဗီဇာမလိုဘဲ ၁၄ ရက်နေခွင့်ပေးရန်နှင့် မြန်မာနိုင်ငံသားများအား ဖိလစ်ပိုင်နိုင်ငံတွင် ဗီဇာမလိုဘဲ ရက် ၃၀ နေထိုင်ခွင့်ပေးရေးတို့အတွက်လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
    Ref: ဆင်ဟွာ
    (AP Photo/Aaron Favila)

  • နိုင်ငံတကာ မွတ်စ်လင်မ် ပညာရှင်များ သမဂ္ဂ မှ ဆိုမားလီးယား၊ ဖိလစ်ပိုင် ဒုက္ခသည်များနှင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ ၊ အကူအညီပေးရန် လုပ်ဆောင်နေ

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media

    typhoon-6

    ကိုင်ရို(CAIRO)။    ။ နိုင်ငံတကာ ထိပ်တန်း မွတ်စ်လင်မ် အဖွဲ့အစည်းတစ်ရပ်သည် ဆိုမားလီးယား(Somalia) နှင့် ဖိလစ်ပိုင်(Philippines) နှစ်နိုင်ငံအတွင်း တိုက်ခတ်သွားသော တိုင်ဖုန်း မုန်တိုင်း နှင့် ဆိုင်ကလုံး မုန်တိုင်းများကြောင့် ဒုက္ခခံစားခဲ့ရသူများနှင့် ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်း သ၀ဏ်လွှာများကို ပေးပိုခဲ့ပြီး၊ ၄င်းတို့အတွက် လူမှုကယ်ဆယ်ရေး ၀န်ဆောင်မှုများကို စီစဉ်နေသည် ဟုသိရသည်။

    “ နိုင်ငံတကာ မွတ်စ်လင်မ် ပညာရှင်များ သမဂ္ဂ – International Union for Muslim Scholars (IUMS) ဟာ တိုင်ဖုန်း မုန်တိုင်းတိုက်ခတ်မှု နဲ့ ရေလွှမ်းမိုးမှုများကို ကြုံတွေ့ခဲ့ရတဲ့ ဖိလစ်ပိုင် နဲ့ ဆိုမားလီးယား က ဒုက္ခသည်များကို  ကိုယ်ချင်းစာနာပါကြောင်း၊ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့ပြီး၊ အလ္လာဟ်အရှင်မြတ်ထံသို့လည်း လက်ရှိဖြစ်ပေါ်နေသော ကြေကွဲခြင်းများ နဲ့ နာကျင်ခြင်းများကို ရုပ်သိမ်းပေးပါရန် ဆုပန်ခဲ့ပါတယ်။ သမဂ္ဂအဖွဲ့အနေနဲ့ ကမ္ဘာတ၀ှန်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များ အထူးသဖြင့် အစ္စလာမ်အဖွဲ့များကိုလည်း အကြောင်းကြားခဲ့ပါတယ်။ အစ္စလာမ်ဟာ လူသားတို့အပေါ် အလေးထားတဲ့သာသနာဖြစ်လို့ သောကဝေနေသူများထံ ကယ်ဆယ်ရေး လုပ်ငန်းများကို မဆိုင်းမတွလုပ်ဆောင်ပေးပို့ရေးအတွက် နှိုးဆော်ခဲ့ပါတယ် ” ဟု IUMS ၏ ပြောကြားချက်ကို နိုဝင်ဘာလ ၁၂ ရက် အင်္ဂါနေ့ က OnIslam.net မှ တင်ပြခဲ့သည်။

    ပြီးခဲ့သည့်သောကြာနေ့က ဖိလစ်ပိုင်သို့တိုက်ခဲ့သော တိုက်ဖုန်းမုန်တိုင်းကြောင့်  ပြည်နယ် ၄၁ ခုရှိ လူ ၂ သန်းနီးပါး ဘေးအန္တရာယ်တွေ့ခဲ့ရပြီး၊ အိမ်ခြေ ၂၃,၀၀၀ နီးပါး ပျက်စီးခဲ့သည်။ ထိုသို့သတင်းဝင်ရောက်လာပြီးနောက်တွင် အဖွဲ့အစည်းသည် ယခုကဲ့သို့ ကယ်ဆယ်မှုများကို အလျင်အမြန်လုပ်ဆောင်ပေးရန်နှိုးဆော်ခဲ့ခြင်းဖြစ်သည်။

    ကျယ်ပြန့်သောကမ်းရိုးတန်းဒေသတစ်လျှောက်တွင် အကျိုးအပဲ့အပျက်အဆီးများဖြင့်ပုံနေပြီး၊ လမ်းများသည် ပိတ်ဆို့နေကာ ပျက်ဆီးမှုများအောက်တွင် လူသေအလောင်းများ ပိနေခဲ့သည်။ သင်္ဘောများသည် ကုန်းပေါ်တွင်သောင်တင်နေပြီး၊ ကားများ နှင့် ထရပ်ကားများသည် ပင်လယ်ထဲတွင် မျောပါနေခဲ့သည်။ တံတားများ နှင့် ဆိပ်ကမ်းများသည်လည်း ရေများတိုက်ခတ်ခံရ၍ ကျိုးပဲ့နေခဲ့သည်။

    အရာရှိနှစ်ဦးက သောကြာနေ့တွင် တိုက်ခတ်ခဲ့သော တိုက်ဖုန်းမုန်တိုင်းကြောင့် လူအယောက် ၁၀,၀၀၀ ကျော်ထိ အသက်ဆုံးရှုံးနိုင်မည်ဟု တနင်္ဂနွေနေ့က ကျေညာခဲ့သည်။ သို့သော်လည်း တဖြည်းဖြည်းရှင်းလင်းမှုများ အပြီးတွင် သေဆုံးသူဦးရေမှာ ကြေညာခဲ့သော ပမာဏထက် နည်းပါးမည်ဖြစ်ကြောင်း သိရသည်။

    ဖိလစ်ပိုင်တွင် ‘အကြီးစား တိုင်ဖုန်း(super typhoon)’ တိုက်ခတ်ခဲ့သလို ဆိုမားလီးယားအရှေ့မြောက်ဘက် ပန့်တ်လန်းဒ်(Puntland) ထံသို့ ဆိုင်ကလုံး မုန်တိုင်း ၀င်ရောက်လာခဲ့ပြီး လူအယောက် ၁၀၀ အား သေဆုံးစေခဲ့သည်။
    ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွဲဖက်ရရှိထားသော ဒေသ၏သမ္မတ အဗ်ဒီရဟ်မာန် ဖာရိုလ် (Abdirahman Farole) က အိမ်မွေးတိရစ္ဆာန်များ ထောင်ချီသေဆုံးပြီး၊ အိမ်ခြေရာကျော် ပျက်စီးခဲ့သည် ဟု ဆိုသည်။

    03A ဟု လူသိများသော အပူပိုင်းဒေသတွင်ဖြစ်ပွားလေ့ရှိသည့်ဆိုင်ကလုံးမုန်တိုင်းသည် အရှေ့ကမ်းရိုးတန်းတစ်လျှောက်ရှိ အိုင်လ်(Eyl)၊ ဘေလ(Beyla)၊ ဒန်ဂိုရာယို(Dangorayo) နှင့် ဟာဖန်(Hafun) ဒေသများသို့ တိုက်ခတ်ကာ အာဖရိကအငူ Horn of Africa ၏ ထိပ်စွန်းပိုင်း အလူလာ(Alula)ထိ ဖြတ်သန်းသွားခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံမှ အပျက်အစီးနှင့်မျှော်လင့်ချက်မဲ့နေမှုပုံရိပ်များကို မြင်တွေ့ရသော Islamic Relief အစ္စလာမ်ကယ်ဆယ်ရေး အဖွဲ့သည် အရင်ပတ် သောကြာနေ့က တိုက်ဖုန်းတိုက်ခတ်သွားသောဒေသများသို့ အရေးပေါ်လှူဒါန်းမှုများပြုလုပ်ရန် လှုံ့ဆော်တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။

    အမေရိကန် ဇကာ့သ် ဖောင်ဒေးရှင်းအသင်း(Zakat Foundation of America) နှင့် အမေရိကန် တွဲလက်များကယ်ဆယ်ရေး (Helping Hand USA)အဖွဲ့များအပါအ၀င် ထိပ်တန်းအမေရိကန်ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီပံ့ပိုးရန်အတွက် ချက်ခြင်းတောင်းဆိုပန်ကြားခဲ့ကြသည်။

    Ref: OnIslam

    Photo-AFP

  • မုန်တိုင်းသင့် ဖိလစ်ပိုင်သို့ ကမ္ဘာတဝှမ်းမှ မွတ်စ်လင်မ်တို့၏ ကယ်ဆယ် ထောက်ပံ့ရေး အကူအညီ

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    Muslims Aid Typhoon-Hit Philippine
    ကိုင်ရို။    ။ ဖိလစ်ပိုင်နိုင်ငံတွင် မကြုံဖူလောက်အောင်ဆိုးဝါးသော သဘာဝဘေးဒဏ်သင့်ပုံရိပ်များကြောင့် ကမ္ဘာ့ မွတ်စ်လင်မ်တို့သည် ရှင်သန်ကျန်ရစ်နေသူများအား အမြန်ဆုံးကူညီနိုင်ရေး အတွက်စီစဉ်လျက်ရှိကာ၊ လူသားချင်း စာနာ ကူညီရေးအဖွဲ့အစည်း များစွာသို့လည်း အလှူအဒါန်းများပေးပို့ကြရန် တိုက်တွန်းလိုက်သည်။

    “ အစ္စလာမ် ကယ်ဆယ်ရေးအဖွဲ့ Islamic Relief က ပေါင်စတာလင် ငါးသောင်းကို မဆိုင်းမတွ ပေးပို့လိုက်ပြီး၊ ပြင်းပြင်းထန်ထန် ကပ်ဆိုးသင့်ခံရလို့ အသက်ဆက်နိုင်အောင် ရုန်းကန်နေရတဲ့ ဖိလစ်ပိုင်ပြည်သူများ အတွက် စားဝတ်နေရေးနှင့်  အခြား လိုအပ်ချက်တွေရရှိဖို့ အရေးပေါ် အလှူခံအဖွဲ့ တစ်ရပ်ကို ထူထောင်လိုက်ပါပြီ ” ဟု Islamic Relief မှ ၄င်း၏ ၀က်ဘ်ဆိုက်တွင် သောကြာနေ့က ဖော်ပြခဲ့သည်။

    မိုးလေ၀သ အစီရင်ခံချက်၏နောက် မရှေးမနှောင်းမှာပင် မုန်တိုင်းမှာ ကြောက်ခမန်းလိလိ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။  ၃၆ ခရိုင်ရှိ လူပေါင်း ၄.၃ သန်း မုန်တိုင်း ဒဏ်သင့်ရသည်ဟု ကုလသမဂ္ဂ အစီရင်ခံချက်၌ဖော်ပြသည်။

    ပြီးခဲ့သည့် သောကြာနေ့တွင် ဖိလစ်ပိုင်နိုင်ငံသည် အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်လာခဲ့ရာ ၄၁ ခရိုင်ရှိ လူပေါင်း ၂ သန်းကျော် ဘေးဒဏ်သင့်၍ အိုးအိမ်ပေါင်း နှစ်သောင်း သုံးထောင် အနည်းဆုံး ပျက်စီးဆုံးရှုံးခဲ့သည်။

    ပင်လယ်ကမ်းခြေဒေသကြီးတစ်လျှောက် အပျက်အစီးများစုပြုံခြင်း၊ လမ်းပိတ်ခြင်း၊ နှုန်းထဲမြုပ်ဝင်နေသောလူသေ အလောင်းများဖြင့် မြင် မကောင်းအောင် ဖြစ်သွားခဲ့သည်။

    လှေသင်္ဘောများမှာ ကုန်းတွင်းပိုင်းအထိ လွင့်စင်လာသည်။ ကားကြီးကားငယ်များမှာ ပင်လယ်ထဲသို့ မျောကုန်သည်။ လမ်းတံတားနှင့် ဆိပ်ခံဗော တံတားတို့မှာလည်း ရေနှင့်အတူ ပါသွားကြသည်။

    သောကြာနေ့မုန်တိုင်းကြောင့် လူ တစ်သောင်း သို့မဟုတ် ၄င်းထက် ပိုလွန်သော လူဦးရေမှာ အသေအပျောက်ရှိခဲ့သည်ဟု တနင်္ဂနွေနေ့က သတင်းဌာနနှစ်ခုမှ ဆိုခဲ့သော်လည်း ဆက်လက်ထွက်လာသော သတင်းများက ထိုအရေအတွက်ထက် လျော့နည်းနိုင်သည်ဟု ဖော်ပြသည်။

    သေဆုံးသူများမှာ ၉၄၂ ဦးဟု ဖိလစ်ပိုင် တပ်မတော်မှ အတည်ပြုခဲ့သည်။ သို့သော် ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေး အချိတ်အဆက်ပြတ်တောက်နေမှုကြောင့် အဆုံးသတ်ဦးရေ သိရှိနိုင်ရန် အလှမ်းကွာဝေးသေးကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားသည်။

    သောကြာနေ့ မုန်တိုင်းဒဏ် အလူးအလဲခံရသည့် Tacloban ၌ သေဆုံးသူဦးရေ ၃၀၀ မှ ၅၀၀ အတွင်း စုပုံတွေ့ရကြောင်း ကုလသမဂ္ဂမှ ဆိုသည်။

    “ မုန်တိုင်းလမ်းကြောင်းထဲ ရောက်ရှိနေသူ အများအပြားက ဆင်းရဲနွမ်းပါးသူများဖြစ်ကြတယ်။ သူတို့အိုးအိမ်များဟာ ရစရာ မရှိသလောက်ပျက်စီး ဆုံးရှုံးသွားတော့ သူတို့အနေနဲ့ ဘ၀ပြန်လည်ထူထောင်ရေး အထောက်အပံ့လိုနေမှာ အမှန်ဘဲ။ ကျွန်တော်တို့ Islamic Relief  ရဲ့ Philippines Typhoon Appeal အစီအစဉ်မှာ တတ်စွမ်းသမျှ ထည့်ဝင် လှူဒါန်းခြင်းဖြင့် ကူညီနိုင်ပါလိမ့်မယ် ” ဟု Islamic Relief မှ ဖိတ်ခေါ်ထား၏။

    Tacloban တွင် မာရှယ်လော သို့မဟုတ် အရေးပေါ် အခြေအနေကြေငြာရန် စဉ်းစားနေကြောင် ဖိလစ်ပိုင်သမ္မတ Benigno Aquino III က ပြောသည်။

    အရေးပေါ်အခြေအနေကြေငြာခံရသောဒေသအဖို့ ကာဖျူးအမိန့်၊ စားရေရိက္ခာနှင့်ဈေးနှုန်း ထိန်းချုပ်မှု၊ စစ်တပ် သို့မဟုတ် ရဲကင်းဌာနများ၊ လုံခြုံရေးစောင့်ကြပ်မှု တိုးမြင့်ခြင်း စသည်တို့ လိုအပ်သည်။

    ကြောက်မက်ဖွယ်မုန်တိုင်းဒဏ်ခံလိုက်ရသော ဖိလစ်ပိုင်ပြည်သူများ အတွက် အမေရိကန် မွတ်စ်လင်မ်တို့ကလည်း မိမိတို့နှင့် မိုင်ပေါင်းထောင်ချီဝေးကွာနေလင့်ကစား အကူအညီပေးနိုင်ရန် စီစဉ်လျက်ရှိသည်။

    အမေရိကန်နိုင်ငံ ဇကာ့သ် ဖောင်ဒေးရှင်း Zakat Foundation of America နှင့် တွဲကူလက်များအဖွဲ့ Helping Hand USA တို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ရပ်ကို အမြန်ဆုံး စီစဉ်နေကြသည်။

    ကက်သလစ်(ခရစ်ယာန်)ဘာသာဝင်အများစုရှိသည့် ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေ စုစုပေါင်းမှ ၈ ရာခိုင်နှုန်းသည် မွတ်စ်လင်မ်များဖြစ်ကြသည်။ ၀တ်ပြုရေးဖိတ်ခေါ်မျှော်စင်အများအပြားရှိသည့် တောင်ပိုင်းဒေသ မင်ဒါနော Mindanao မှာ ဖိလစ်ပိုင်၌ အစ္စလာမ်မွေးဖွားရာနယ်မြေဖြစ်ပြီး၊ မွတ်စ်လင်မ်ပေါင်း ၅ သန်း အခြေစိုက်နေထိုင်ကြသည်။ အစ္စလာမ် သာသနာသည် ၁၃ ရာစုအတွင်း ခရစ်ယာန်သာသနာ မ၀င်ရောက်မီ နှစ် ၂၀၀ ကပင် ဖိလစ်ပိုင်သို့ ရောက်နှင့်ပြီးဖြစ်သည်။

    Ref: OnIslam
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]