News @ M-Media

Tag: Qatar

  • အရှေ့အလယ်ပိုင်း၏ အကြီးဆုံး ပလက်စတစ်စက်ရုံ ကာတာတွင် တည်ဆောက်မည်

    အရှေ့အလယ်ပိုင်း၏ အကြီးဆုံး ပလက်စတစ်စက်ရုံ ကာတာတွင် တည်ဆောက်မည်

    ဇန်န၀ါရီ ၁၁၊ ၂၀၂၃

    M-Media 


    -ဓာတ်ငွေ့ကနေ ပလက်စတစ်ထုတ်မယ့် စက်ရုံတစ်ခု တည်ဆောက်ဖို့အတွက် ကာတာနိုင်ငံဟာ Chevron Phillips Chemical ကုမ္ပဏီနဲ့ အခုတစ်ပတ်အစောပိုင်းမှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ 

    ကန်ဒေါ်လာ ၆ ဘီလီယံ ကုန်ကျမယ့် အဲဒီစက်ရုံဟာ သဘာ၀ဓာတ်ငွေ့ကနေ ပိုလီအီသိုင်းလင်းနဲ့ အခြား ပလက်စတစ်ပစ္စည်းတွေ ထုတ်လုပ်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးစက်ရုံ ဖြစ်လာမှာ ဖြစ်ပါတယ်။ 

    ၂၀၂၆ ခုနှစ်မှာ စတင်လည်ပတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ကာတာအစိုးရပိုင် စွမ်းအင်လုပ်ငန်း Qatar Energy က ရှယ်ယာ ၇၀ ရာခိုင်နှုန်း၊ Chevron က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ 

    ကမ္ဘာတစ်၀ှမ်းက အဲဒီလို စက်ရုံတွေထက်စာရင် ဘေးထွက် အညစ်အကြေးနဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အနည်းဆုံးစက်ရုံအဖြစ် မှတ်တမ်း၀င်မှာပါ။  

    ကာတာမှာ သဘာသဓာတ်ငွေ့သိုက် အများအပြား ရှိနေပြီး ပင်လယ်ကွေ့ကနေ အီရန်နယ်စပ်အထိ ရှည်လျားတဲ့ North Field ဓာတ်ငွေ့သိုက်ဟာ ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့သိုက်လည်း ဖြစ်ပါတယ်။ 

    Ref: AFP 

  • ကာတာကို အဓိကမဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်ပြီး ဆက်ဆံရေး တစ်ဆင့်မြှင့်

    ကာတာကို အဓိကမဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်ပြီး ဆက်ဆံရေး တစ်ဆင့်မြှင့်


    မတ် ၁၁၊ ၂၀၂၂

    M-Media 

    အလ်သာနီ (၀ဲ) နှင့် ဂျိုးဘိုင်ဒန်

    -ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာကို နေတိုးအဖွဲ့၀င်မဟုတ်တဲ့ အဓိက မဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်လိုက်ပါတယ်။ 

    နှစ်နိုင်ငံဆက်ဆံရေးကို တစ်ဆင့်မြှင့်လိုက်တာဖြစ်ပြီး အခုသတ်မှတ်ချက်ကြောင့် ကာတာဟာ အမေရိကန်ထံကနေ စီးပွားရေးနဲ့ စစ်ရေးမှာ အထူးအခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်။ 

    ဇန်န၀ါရီလက ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ်သာနီကို အိမ်ဖြူတော်မှာ တွေ့ဆုံမှုအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အဓိကမဟာမိတ်အဖြစ် သတ်မှတ်သွားမယ်လို့ ကတိပြုခဲ့ပြီး ကြာသာပတေးနေ့မှာတော့ အိမ်ဖြူတော်က တရား၀င် ကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

    ကာတာကို နေတိုးအဖွဲ့၀င်မဟုတ်တဲ့ အဓိကမဟာမိတ်အဖြစ် သတ်မှတ်တာဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြလိုက်တာလို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ 

    အရှေ့အလယ်ပိုင်းက ပင်လယ်ကွေ့ဒေသမှာ နေတိုးအဖွဲ့၀င်မဟုတ်တဲ့ အဓိက မဟာမိတ်နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်ထားတဲ့နိုင်ငံဟာ ၃ နိုင်ငံ ရှိလာပြီး ကူ၀ိတ်၊ ဘာရိန်းနဲ့ ကာတာနိုင်ငံတို့ ဖြစ်ပါတယ်။ 

    အမေရိကန်နဲ့ ကာတာတို့ဟာ အရင်ကတည်းက နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပြီး ဒေသတွင်းက ကိစ္စတော်တော်များများမှာ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera 

  • အမျိုးသမီးများပညာရေးကိစ္စ တာလီဘန်၏ ဆောင်ရွက်ချက်ကို ကာတာဝေဖန်

    အမျိုးသမီးများပညာရေးကိစ္စ တာလီဘန်၏ ဆောင်ရွက်ချက်ကို ကာတာဝေဖန်

    အောက်တိုဘာ ၂၊ ၂၀၂၁
    M-Media

    -မိန်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး တာလီဘန်တွေရဲ့ ဆောင်ရွက်ချက်ဟာ အလွန်စိတ်ပျက်စရာကောင်းတဲ့လုပ်ရပ်၊ ခေတ်နောက်ပြန်ဆွဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ကာတာနိုင်ငံက ဝေဖန်လိုက်ပါတယ်။

    ကာတာနိုင်ငံဟာ တာလီဘန်ကို အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးနိုင်ဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပြီး တာလီဘန်နိုင်ငံရေးရုံးကလည်း ကာတာနိုင်ငံ ဒိုဟာ မြို့မှာ ဖွင့်လှစ်ထားတာပါ။

    ၁၉၉၆-၂၀၀၁ အာဏာရတုန်းကလို အမျိုးသမီးတွေကို ပညာသင်ခွင့်မပေးတာ၊ အလုပ်လုပ်ခွင့်မပေးတာတွေ ထပ်လုပ်မှာမဟုတ်ဘူးလို့ တာလီဘန်က ပြောကြားထားပေမယ့် လက်ရှိမှာတော့ အလယ်တန်းကျောင်းသူတွေကို ပညာဆက်လက်သင်ကြားခွင့် မပေးတော့ပါဘူး။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးအကြီးအကဲ ဂျိုးဆပ် ဘောရဲလ်နဲ့ ကြာသာပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူရဟ်မန် အလ်-သာနီက အလယ်တန်းကျောင်းသူတွေကို ကျောင်းပြန်တက်ခွင့်မပေးတာအပြင် တာလီဘန်ရဲ့ ဆောင်ရွက်ချက်တွေကို ဝေဖန်ခဲ့ပါတယ်။

    “အာဖဂန်နစ္စတန်မှာ တော်တော် စိတ်ပျက်စရာကောင်းပြီး၊ ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်မျိုးတွေကို ကျွန်တော်တို့ တွေ့နေရပါတယ်”

    တာလီဘန်ရဲ့ လက်ရှိလုပ်ရပ်တွေကို တားဆီးပြီး၊ တစ်ခြားမွတ်စလင်နိုင်ငံတွေက အစ္စလာမ့်ဥပဒေတွေကို ဘယ်လိုကျင့်သုံးလဲဆိုတာ နမူနာယူလာအောင် ဆောင်ရွက်ရမယ်လို့လည်း ကာတာနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    “တာလီဘန်တွေနဲ့ ဆက်လက်ထိတွေ့ဆက်ဆံပြီး၊ ဒီလိုအလုပ်မျိုးတွေမလုပ်ဖို့ တိုက်တွန်းရပါမယ်။ ဒါ့အပြင် မွတ်စလင်တိုင်းပြည်တွေဟာ ဥပဒေတွေကို ဘယ်လို ပြဌာန်းကျင့်သုံးရတယ်၊ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရတယ်ဆိုတာတွေကို တာလီဘန်တွေ သိမြင်လာအောင် ပြသဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကာတာနိုင်ငံကို ဥပမာပေးလို့ရပါတယ်။ မွတ်စလင်နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ရဲ့စနစ်ကို အစ္စလာမ့်ရှရီအသ်နဲ့သွားတယ်။ တိုင်းပြည်ရဲ့လုပ်သားအင်အား၊ အစိုးရဌာနနဲ့ ပညာရေးတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက်တောင် ပိုများနေပါသေးတယ်”

    ပြီးခဲ့တဲ့နှစ်တွေအတွင်း ရရှိခဲ့တဲ့ တိုးတက်တက်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ တာလီဘန်ကို ကာတာနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သလို၊ အာဖဂန်နစ္စတန်ကို ပစ်မထားကြဖို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ​ကာတာနှင့် ဆော်ဒီ ပြန်လည်သင့်မြတ်ပြီး အာရပ်ကမ္ဘာ စည်းလုံးမှုလမ်းကြောင်းပေါ် ရောက်လာ

    ​ကာတာနှင့် ဆော်ဒီ ပြန်လည်သင့်မြတ်ပြီး အာရပ်ကမ္ဘာ စည်းလုံးမှုလမ်းကြောင်းပေါ် ရောက်လာ

    ဇန်နဝါရီ ၅၊ ၂၀၂၁
    M-Media

    -ကာတာနိုင်ငံအ​ပေါ် ကုန်း၊ ရေ၊ လေ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ပင်ထားမှုကို ​​ဆော်ဒီအာရေဗျက ဒီကနေ့မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။

    ​ကာတာဟာ အီရန်နဲ့ အဆက်အသွယ်ရှိပြီး ဒေသတွင်း အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့က သံတမန်အဆက်အသွယ် ဖြတ်တောက်ကာ ​ကုန်း၊ ရေ၊ လေ လမ်းကြောင်းတွေကို ပိတ်ဆို့ခဲ့တာပါ။

    ဒီအကြပ်အတည်း ပြေလည်ဖို့ ဆော်ဒီနဲ့ ကာတာတို့ဟာ ပြီးခဲ့တဲ့လတွေအတွင်း ပိုမိုကြိုးစားလာခဲ့ကြပြီး ကူဝိတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အခုလို ပြေလည်မှုလမ်းကြောင်းပေါ် ရောက်လာတာ ဖြစ်ပါတယ်။

    ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး အဟ်မဒ် နဆာရ် အလ်-ဆာဘာက ကူဝိတ်အုပ်စိုးသူ ရှိခ်နာ၀ပ်ဖ်ရဲ့ စေ့စပ်ပေးမှုကြောင့် ဆော်ဒီနဲ့ ကူဝိတ်တို့ဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေ အပြန်အလှန် ပြန်ဖွင့်ပေးဖို့ သဘောတူခဲ့ကြတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒီနေ့မှာတော့ အီဂျစ်နိုင်ငံကလည်း ကတာအတွက် ​လေပိုင်နက်ကို ပြန်ဖွင့်ပေးလိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။

    ဒါဟာ ကာတာနဲ့ ဆော်ဒီဦးဆောင်တဲ့ ၄ နိုင်ငံအကြား သံတမန်အကြပ်အတည်း ပြေလည်ဖို့ လမ်းစဖြစ်ပြီး ဒီကနေ့ ဆော်ဒီမှာ စတင်မယ့် ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ (GCC) ထိပ်သီးအစည်းအဝေးမှာ သ​ဘောတူညီချက်တွေ လက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။

    ကာတာနိုင်ငံက အုပ်စိုးသူ ရှိခ် သာမင် ဘင် ဟာမဒ် အလ်သာနီဟာ GCC ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က GCC ထိပ်သီးအစည်းအဝေးဟာ ပိုမိုပြည့်စုံတဲ့အစည်းအဝေး ဖြစ်လာမှာဖြစ်ပြီး ဒေသတွင်း စိန်ခေါ်မှုတွေကို တွန်းလှန်နိုင်မယ့် စည်းလုံးညီညွတ်မှုမျိုး ရရှိစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းအကြံပေး ဂျရဒ် ကက်ရှ်နာလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ပင်လယ်ကွေ့အကြပ်အတည်း ဇန်နဝါရီမတိုင်ခင် ပြေလည်ဖွယ်ရှိနေ

    ပင်လယ်ကွေ့အကြပ်အတည်း ဇန်နဝါရီမတိုင်ခင် ပြေလည်ဖွယ်ရှိနေ

    ဒီဇင်ဘာ ၂၄၊ ၂၀၂၀
    M-Media

    -ဆော်ဒီဦးဆောင်တဲ့ ၄ နိုင်ငံနဲ့ ဖြစ်နေတဲ့ ၃ နှစ်ကြာ သံတမန်အကြပ်အတည်းကို ဖြေရှင်းရေးအတွက် ဘာအတားအဆီးမှ မရှိဘူးလို့ ကာတာနိုင်ငံက ပြောကြားလိုက်ပြီး၊ ဘာရိန်းကလည်း ဒီပြဿနာကိုအဆုံးသတ်ဖို့ ဆော်ဩလိုက်ပါတယ်။

    ကာတာဟာ အီရန်နဲ့ ဆက်သွယ်တယ်၊ ဒေသတွင်းမှာ အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့ဟာ ၂၀၁၇ ခုနှစ်မှာ သံတမန်အဆက်အသွယ်ဖြတ်ခဲ့ပြီး၊ ကုန်း၊ ရေ၊ လေ ဆက်ဆံမှုအားလုံးကိုလည်း ရပ်ပစ်ခဲ့ပါတယ်။

    ကာတာက ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။

    ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဒီပြဿနာကို​ ဖြေရှင်းဖို့အတွက် ​ပင်လယ်ကွေ့နိုင်ငံတွေက ကြိုးစားလာကြပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန် အလ် သာနီက ဒီပြဿနာကို ဆွေးနွေးညှိနှိုင်းမှု၊ အချုပ်အခြာအာဏာလေးစားမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒတွေနဲ့ ဖြေရှင်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GCC) အတွင်း ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရင် ကျွန်တော်တို့အားလုံး အကျိုးရှိမှာပါ။ ဒီပြဿနာကို အဆုံးသတ်နိုင်မယ့် ဆောင်ရွက်မှုကိုလည်း ကျွန်တော်တို့ အခု လုပ်ဆောင်နေပါတယ်”

    ဒီပြဿနာကို အဆုံးသတ်နိုင်မှုဟာ ဒေသတွင်း လုံခြုံရေးနဲ့ ပြည်သူလူထု သာယာ၀ပြောရေးအတွက် အရေးပါတယ်လို့လည်း ရှိခ် မိုဟာမက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီကိစ္စမှာ ပါဝင်နေတဲ့ ဘာရိန်းနိုင်ငံကလည်း နောက်လ GCC ထိပ်သီးအစည်းအဝေး မတိုင်ခင် ပြဿနာကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် မနေ့က ထုတ်ပြန်တဲ့ ကြေငြာချက် မှာ တိုက်တွန်းခဲ့ပါတယ်။

    ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ဘာရိန်၊ အိုမန်၊ ကူဝိတ်နဲ့ ကာတာတို့ပါဝင်တဲ့ GCC ထိပ်သီးအစည်းအဝေးကို ဇန်နဝါရီလ ၅ ရက်နေ့ကျရင် ဆော်ဒီအာရေဗျမှာ ကျင်းပမှာ ဖြစ်ပါတယ်။

    Ref: Reuters