News @ M-Media

Tag: qurbani

  • အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ ကုရ်ဘာနီဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း MMSY ကြေငြာချက်

    အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ ကုရ်ဘာနီဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း MMSY ကြေငြာချက်

    မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ (MMSY) မှ အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီး၏ Eid Al-Adha ကုရ်ဘာနီဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    ကြေငြာချက်အပြည့်အစုံမှာ –

    မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ (MMSY) မှ အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီး၏ Eid Al-Adha ကုရ်ဘာနီဆိုင်ရာဆုံးဖြတ်ချက်ကိုထောက်ခံကြောင်း ကြေငြာချက်

     အောက်တိုဘာ ၂၄၊ ၂၀၁၂ ခုနှစ်

     (၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူ များ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် နေ့ စွဲဖြင့် လက်မှတ်ထိုးထုတ်ပြန်ထားသော ကုရ်ဘာနီမလုပ်ရန် ဆုံး ဖြတ်ချက်ကို မိမိတို့ မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ (MMSY) မှ အပြည့်အ၀ ထောက်ခံသည်။

    (၂) မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ (MMSY) အနေဖြင့် အစ္စလာမ့်အဖွဲ့ကြီး၏ ကြေငြာချက်အမှတ် စဉ် (၁) ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ဘာသာ ပေါင်းစုံလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိရေးကို နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီး၏ ဦးဆောင်မှု ဖြင့် အစဉ်တစိုက် တောင်းဆိုသွားမည်။

    (၃) နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ ကြီး၏ ကြေငြာချက် အမှတ်စဉ် (၃) ပါ

    -ရခိုင်ပြည်နယ်ဒေသအချို့ ၌ ယနေ့အထိ အစ္စလာမ်ဘာသာဝင်များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင်ဘာသာရေး အဆောက်အအုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများပြုကျင့်ခံနေရဆဲဖြစ် ခြင်း (ယခုထိ လုံခြုံမှုမရှိသေးခြင်း)၊

    – အချို့တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကုရ်ဘာနီနှင့် စပ်လျဉ်း၍ ယခင်မရှိခဲ့သော စည်းကမ်းချက်များဖြင့် ချုပ်ချယ် ကန့်သတ်မှုများ ပြုလုပ်နေခြင်း၊

    – ကရင်ပြည်နယ် ဘားအံ့မြို့ ၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ၊ မန္တလေးမြို့ နှင့် အချို့ဒေသများတွင် အစိုးရမဟုတ်သော

    အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် ဘာသာဝင်များအပေါ် ဥပဒေ ပါ အခွင့်အရေး၊ လူအခွင့်အရေးချိုးဖောက်သော ဆန့်ကျင်ရေးသား ခြိမ်းခြောက်မှု့များ၊ လှုံ့ ဆော်ပြောဆို ဖြန့်ဝေနေခြင်းများ၊

    -တနိုင်ငံလုံးတွင် လုံခြုံရေးပေးနိုင်မည်ဟု မယူဆသောကြောင့် ယခုနှစ်ကုရ်ဘာနီ ပြုလုပ်ခြင်း ရပ်ဆိုင်းထားခြင်းကို ထပ်တူထပ်မျှ ထောက်ခံသည်။

    (၄) မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံးအနေဖြင့် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ပါရန်နှင့် အဖွဲ့ ကြီးမှပြန်လည်ခွင့်ပြုမှသာ ကုရ်ဘာနီပြုရန် တိုက်တွန်းသည်။

    (၅) မြန်မာနိုင်ငံတရားဥပဒေစိုးမိုးရေးနှင့် မြန်မာမွတ်စလင်များကိုကာကွယ်ရေး ရှေးရှု၍ နိုင်ငံအဝှမ်းတွင် နိုင်ငံ သား အစ္စလာမ်ဘာသာဝင်များ အပေါ် ဥပဒေမဲ့ လူအခွင့်အရေးချိုးဖောက် ကျူးလွန်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် မီဒီယာများကို  တည်ဆဲဥပဒေများအရ အစ္စလာမ်ဘာသာရေး အဖွဲ့ ကြီးမှ တရားဆွဲဆို အရေးယူပေးပါရန် လေးနက်စွာ တိုက်တွန်းသည်။

    (၆) အခြေခံဥပဒေပါ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်နှင့် လူမျိုးဘာသာ အချင်းချင်းကြား ပဋိပက္ခမုန်းတီးမှုများ မပြု လုပ်ရန်ပါရှိသော ဥပဒေများအရ အွန်လိုင်းဆိုရှယ်မီဒီယာနှင့် လူထုကြားတွင် ပြန့်နှံနေသော အစ္စလာမ့်မုန်းတီးရေး စာပေများ၊ လက်ကမ်းစာစောင်များ၊ ရေးသားသူ ဖြန့်ဝေသူများကို တရားဥပေဒအရ အရေးယူတားဆီးပေးရန် မြန်မာမွတ်စလင်မ်ထု ကိုယ်စား နိုင်ငံတော်အစိုးရသို့  တင်ပြရန် တိုက်တွန်းတောင်းဆိုသည်။

    (၇) ယခု ကုရ်ဘာနီမပြုလုပ်ရခြင်းအပါအ၀င် နိုင်ငံနှင့်အဝှမ်းတွင် အစ္စလာမ်ဘာသာဝင်များ အခွင့်အရေး ချိုး ဖောက်ခံနေရမှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခု အမြန်ဆုံးပြုလုပ်ပေးရန်တောင်းဆိုသည်။

    (၈) မြန်မာနိုင်ငံရှိ မွတ်စလင်ညီနောင်များအားလုံးကိုလည်း အစ္စလာမ့်အဆုံးအမတိုင်း လိုက်နာကျင့်သုံး နေထိုင်ကျရန်နှင့်၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းနေ ဘာသာခြားညီနောင်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် လက်တွဲဆောက်ရွက်ကြရန် တိုက်တွန်းသည်။

    (၉) အခြားဘာသာရေး ခေါင်းဆောင်ကြီးများ အနေဖြင့်လည်း မိမိတို့ သာသနာ့ဥသျှောင်ကြီးများ၏ အဆုံးအမအတိုင်း ဘာသာဝင်များ လိုက်နာကျင့်သုံးနေထိုင်စေရန် သွန်သင်လမ်းပြပေးပြီး ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက်ဆောင်ရွက်ရာတွင် မိမိတို့မွတ်စလင်များကိုလည်း လက်တွဲကြပါရန် တိုက်တွန်းမေတ္တာရပ်ခံသည်။

    မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ

    Myanmar Muslim Students and Youth

     

     

  • အစ္စလာမ့် ဘာသာရေး အဖွဲ့ကြီး၏ ၂၀၁၂- ကုရ်ဘာနီ ကြေညာချက်အပေါ် မွတ်စလင်မ် လူငယ်တို့၏အသံ

    အစ္စလာမ့် ဘာသာရေး အဖွဲ့ကြီး၏ ၂၀၁၂- ကုရ်ဘာနီ ကြေညာချက်အပေါ် မွတ်စလင်မ် လူငယ်တို့၏အသံ

    အောက်တိုဘာ၊ ၂၄ ၂၀၁၂
    M-Media

    ယခုနှစ် ၂၀၁၂-ခုနှစ်တွင် ကုရ်ဘာနီပြုလုပ်ခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ၀မ်းနည်းစွာ အသိပေးကြေညာချက်နှင့်ပတ်သက်ပြီး အနယ်နယ်အရပ်ရပ်က ဒေသခံ မွတ်စလင်မ်တွေရဲ့ စကားသံတွေကို M-Media မှ တင်ဆက်ပေးလိုက်ပါတယ်။

    စစ်ကိုင်း ။ ။ ကုရ်ဘာနီမလုပ်တော့ဘူးလို့ ဘာသာရေးအဖွဲ့ကြီးက ကြေညာချက်အပေါ် ကြားကြားချင်းတော့ အံ့သြမိတယ်။ ကုရ်ဘာနီလုပ်ဖို့ နွားကလည်း ၀ယ်ပြီးသားဖြစ်နေတော့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်မယ်လို့ စိတ်ကူးလိုက်သေးတယ်။ ဒါပေမယ့် ကိုယ်တစ်ယောက်ကြောင့် ကိုယ့်မွတ်စလင်မ်အများစုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မလုပ်ဘူး။ ဒါကြောင့် အဲဒီထုတ်ပြန်ချက်ကို ကိုယ်တိုင်သဘောတူတယ်။ ကုရ်ဘာနီမလုပ်တော့ဘူး။

    မကွေး ။ ။ ဒီမှာက ဘာမှတော့ အထွေအထူးမရှိဘူး။ ဒါပေမယ့် ဘာသာရေးအဖွဲ့ကြီးက ထုတ်ပြန်တဲ့ ကြေညာချက်အပေါ် လိုက်နာပြီး ကုရ်ဘာနီ မလုပ်ပဲ နေမယ်။

    တောင်တွင်းကြီး ။ ။ ကုရ်ဘာနီလုပ်မယ့်သူတွေက နွားတွေဝယ်ထားတာတွေရှိတယ်။ ဒါပေမယ့် ဘာသာရေးအဖွဲ့ကြီးက မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်ဆိုရင်တော့ ကျွန်တော်တို့လည်း မလုပ်ပဲ နေကြမှာပါ။ ဒါပေမယ့် စိတ်တော့လုံးဝ မကောင်းပါဘူး။

    မန္တလေး ။ ။ ပထမတော့ ကုရ်ဘာနီမလုပ်တော့ဘူးလို့ ကြားကြားချင်း စိတ်တိုတယ်။ ဘာလို့မလုပ်ရမှာလဲလို့။ ဒါပေမယ့် နောက်ပိုင်းသေချာစဉ်းစားမိလာတော့ မလုပ်တော့တာ ကောင်းတယ်။ ကျွန်တော်တို့အတွက် ဘာလုံခြုံရေးမှ မရှိတာ။ ကောင်းတယ်ဗျာ မလုပ်ကြတာ ကောင်းတယ်။

    ကောလင်း ။ ။ ဒီမှာတော့ တစ်ခြားဘာမှ အကြောင်းကိစ္စမရှိဘူး။ ဒါပေမယ့် ၂-ပိုင်းရှိနေတယ်။ တစ်ချို့ကလည်း ကြောက်လို့ ကုရ်ဘာနီမလုပ်ဘူး ထင်မှာကြောင့် လုပ်မယ်။ တချို့ကလည်း အဖွဲ့ကြီးတွေရဲ့ ဆုံးဖြတ်ကို လိုက်နာမယ်လို့ပြောတယ်။ ဒါပေမယ့် အခုတော့ အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး မလုပ်ပဲ နေကြမယ်။ ကုရ်ဘာနီ မလုပ်လည်းဖြစ်တယ်ဆိုတဲ့ အခြေအနေတွေရှိတာကို ကျွန်တော်တို့ ရှင်းပြမယ်။

    ပြင်ဦးလွင် ။ ။ ကုရ်ဘာနီမလုပ်ဖို့ ဘာသာရေးအဖွဲ့တွေက ဆုံးဖြတ်တဲ့အပေါ် ကျွန်တော်တို့တွေ လိုက်နာမှာပါ။ ပြင်ဦးလွင်က အဖွဲ့တွေကလည်း စာထုတ်ပြီးပါပြီ။ ဒါကြောင့် ဒီနှစ် ကုရ်ဘာနီ မလုပ်တော့ပါဘူး။

    ဘားအံ ။ ။ ဘာသာရေးအဖွဲ့ကြီးက ရန်ကုန်မှာ ထုတ်လိုက်တဲ့စာတွေ ရပါတယ်။ ဒီမှာလည်း တချို့က လုပ်ချင်ကြတယ်။ တချို့ မလုပ်ချင်ဘူး။ ဒါပေမယ့် အခုအချိန်မှာ ဘာသာရေးအဖွဲ့ကြီးကထုတ်တာကို ကျွန်တော်တို့ လိုက်နာပြီး ကုရ်ဘာနီ မလုပ်ပဲ နေပါမယ်။

    တောင်ကြီး ။ ။ ရန်ကုန်က ထုတ်တဲ့စာတွေရပါတယ်။ တောင်ကြီးမှာတော့ အေးအေးဆေးဆေးပါပဲ။ ၀ယ်ပြီးသားနွားတွေလည်းရှိနေတော့ တချို့လည်း စိတ်ညစ်တာပေါ့။ အခုမနက် (၁၀)နာရီမှာ အစည်းအဝေးရှိတယ်ပြောတယ်။ အဲဒါပြီးမှ သေချာပြောနိုင်မယ်။

    ဘိုကလေး ။ ။ ကုရ်ဘာနီ မလုပ်တော့ဘူးဆိုတော့ တော်တော်များများစိတ်မကောင်းဖြစ်ကြတယ်။ ဒါပေမယ့် ဘာသာရေးအဖွဲ့ကြီးက လူတွေက ပညာရှိတွေပီသစွာ ထုတ်ပြန်ကြေညာခဲ့တာအပေါ် အလွန်အားရတယ်။ ဒါကြောင့် ကုရ်ဘာနီ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားကြတယ်။

    ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ ။ ။ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ် ၊ ဖျာပုံ နဲ့ ဒေးဒရဲ မြို့နယ်တွေမှာ ကုရ်ဘာနီပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက ကုရ်ဘာနီ ကြီးကြပ်ရေးကော်မတီ အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံပါတယ်။ အာဏာပိုင်တွေအနေနဲ့ ကုရ်ဘာနီပြုလုပ်ဖို့ ခွင့်ပြုပေမယ့် သားကောင်ကို အကောင်ရေသတ်မှတ် ပြီး ခွင့်ပြုပေးပါတယ် ။ ဥပမာ အကောင် ၆၀ စာရင်းတင်ရင် ၂၅ ဘဲ ခွင့်ပြုတယ် ။ ဒါ့ကြောင့်မို့ ၄င်းမြို့ နယ် ၃ မြို့ နယ်က အစ္စလာမ်များက သားကောင်ကန့်သတ်ပိတ် ပင်တဲ့အတွက် ကုရ်ဘာနီ လုံးဝမလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ ဒီသတင်းဟာ အဖွဲ့ကြီး ၄ ဖွဲ့ က ကုရ်ဘာနီ မလုပ်ဖို့ မတားမြစ် ခင်ကတည်းက ဖြစ်ပျက်ခဲ့တာပါ ။ ဒီ ကနေ့ မနက် ၁၀ နာရီမှာ ဘိုကလေးမြို့နယ် မယက ရုံးမှာ ကုရ်ဘာနီ ကြီးကြပ်ရေးကော်မတီနဲ့ မြို့နယ်အာဏာပိုင်တွေ အစည်းအဝေးရှိပါတယ်။

    ရန်ကုန် ။ ။ ကုရ်ဘာနီမလုပ်ဖို့ဆုံးဖြတ်တာကို ကြောက်တာလို့ မယူဆ စေချင်ပါဘူး။ တကယ်ကိုရဲရင့်လို့ ဒီလိုဆုံးဖြတ်ချက်ကိုလူကြီးတွေဆုံးဖြတ်တာလို့ပဲမြင်ပါတယ်။ ဒါကလည်းငြိမ်းချမ်းစွာ ဆန္ဒပြခြင်း တစ်မျိုးပါပဲ။ တကယ်တမ်း ကုရ်ဘာနီလုပ်ရင်းနဲ့ တစ်စုံတစ်ရာဖြစ်သွားတယ်ဆို ရင် အရင်ဆုံးကိုယ့်အစ္စလာမ်တွေပဲ ထိခိုက်နစ်နာမှုရှိမယ်။ သူများတွေထိခိုက်တာကိုမပြောချင်ပါဘူး။ ကိုယ့်အစ္စလာမ်တွေကို ထပ်ပြီမဆုံးရှုံးစေချင်ဘူး။ အစ္စလာမ် အနည်းစုရှိတဲ့နေရာတွေကို လည်းထဲ့စဉ်းစားပေးသင့်တယ်လေ။  ကြောက်လို့မလုပ်တာမဟုတ်ပဲ။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့မလုပ်တာ လို့ပဲယူစပါတယ်။ တကယ်ကိုလဲဝမ်းနည်းပူဆွေးနေရတယ်။ ကိုယ်တွေထမင်းနှစ်နှပ်စားနေချိန်မှာ အခြားအဝေးတစ်နေရာက ကိုယ့်ညီအကိုတွေအစာရေစာပျက်လပ်နေရပါတယ်။ အားလုံးလဲဒါတွေကိုသိမှာ…နေ့စဉ်နဲ့အမျှစာရင်းမရှိပဲအသက်ပေးနေရတဲ့သူတွေ အများကြီးဖြစ်နေပါတယ်။ အခုအချိန်ထိကိုယ့်အစ္စလာမ်တွေများကို ဆုံးရှုံးနေရတုန်းပါပဲ… ထပ်ပြီး အဆုံးရှုံးမခံနိုင်ပါဘူး။ အခုချိန်မှအားလုံး စည်းလုံးညီညွှတ်ဖို့ အရမ်းကိုလိုအပ်နေတာပါ။ ဘာလို့ဆန့်ကျင်ဘက်တွေလုပ်ကြတယ်ဆိုတာ နားမလည်နိုင်ဘူး။ အရမ်းလည်းဝမ်းနည်းရပါတယ်။

    ရန်ကုန် ။ ။ ဆရာကြီးတွေမလုပ်ဘူးလို့ဆုံးဖြတ်တာ ကောင်းပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စလာမ်ဘာသာဝင်အားလုံးဝမ်းနည်းကြေကွဲရပါတယ်။ အခြေအနေအရ ဘာသာရေးခေါင်းဆောင်တွေ ကုရ်ဘာနီမလုပ်ဖို့ဆုံးဖြတ်တာကိုလည်း ထောက်ခံပါတယ်။ အားလုံးသိကြပါတယ် နိုင်ငံတော်က ခွငြ့်ပုထားတယ်ဆိုပေမဲ့ လုံခြုံရေးအာမခံချက် ရှိဘူးဆိုတာလူတိုင်းသိပါတယ်။ ဒီတနှစ် မလုပ်ရလို့ နောက်နစ်တွေလည်းလုပ်ရမှာ မဟုတ်ဘူးလို့ မဆိုနိုင်ပါဘူး။ နှောင်နှစ်တွေမှာ အားသာချက်ရှိဖို့ ဒီနှစ်မှာစွန့်လွတ်ပေးလိုက်တယ်လို့ပဲ မိသားစုတွေ နားလည်ပေးလိုက်ပါ။ အစ္စလာမ်ဘာသာခေါင်းဆောင်တွေက ဒီဆုံးဖြတ်ချက်ကို ၀မ်းနည်းစွာနဲ့ဆုံးဖြတ်တာပါ။ အခုချိန်မှာကုရ်ဘာနီ တနိုင်ငံလုံးမလုပ်ဘဲနေတာ အကောင်းဆုံးပါ။ ဒါမှ ဘာကြောင့် မလုပ်တာလဲဆိုတာ ကမ္ဘာကပိုပြီးသိမှာ။ သူတို့တွေလည်း သူတို့အခါ ရက်မြတ်တွေနီးလာပါပြီး ပျော်ရွင်ချမ်းမြေ့စွာနဲ့ ဆင်နွှဲနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

    မော်လမြိုင် ။ ။ ကျွန်တော်တို့တွေ ကုရ်ဘာနီ လုပ်ချင်ကြတာပေါ့ဗျာ။ ကျွန်တော်ဆို မနေ့ကမှ နွား ၂-ကောင် ၀ယ်ပြီးသွားတယ်။ ကျွန်တော်မှ မဟုတ်ပါဘူး။ တစ်ခြားသူတွေလည်း မ၀ယ်ခင်က စောစောစီးစီးသာ ဘာသာရေးအဖွဲ့ကြီးရဲ့ထုတ်ပြန်ချက်ကို သိရရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် အခုလည်း ကျွန်တော်တို့ ဘာသာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်ကို လက်ခံပြီး ကုရ်ဘာနီ မလုပ်ပဲ နေကြဖို့ပဲ ဆုံးဖြတ်မှာပါ။

  • ယခုနှစ် ကုရ်ဘာနီ မပြုလုပ်ရန် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့် ဘာသာရေးအဖွဲ့ကြီးမှ ကြေငြာချက်ထုတ်

    ယခုနှစ် ကုရ်ဘာနီ မပြုလုပ်ရန် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့် ဘာသာရေးအဖွဲ့ကြီးမှ ကြေငြာချက်ထုတ်

    အောက်တိုဘာ၊ ၂၃ ၊ ၂၀၁၂

    M-Media

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးဖွဲ့ကြီးမှ ယခုနှစ် ၂၀၁၂ ခုနှစ် တွင် အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကုရ်ဘာနီအီးဒ်နေ့ကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ မပြုလုပ်ရန် မေတ္တာရပ်ခံသော ကြေငြာချက်တစောင်ကို ယနေ့ထုတ်ပြန်လိုက်သည်။ ကြေငြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    ရက်စွဲ။    ။ ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ(၂၃) ရက်၊

    (အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှု အဖြာဖြာကျရောက်ပါစေ) မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ ခင်ဗျား

    ၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း ဘာသာပေါင်းစုံ လွတ်လပ်စွာ ယုံကြည်ကိုးခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတည်ပြုပြဌာန်းပါသည်။

    ၂။ နိုင်ငံတော်အစိုးရ အဆက်ဆက်၏ ခွင့်ပြုချက်အရ အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံတွင် နှစ်စဉ်အေးချမ်းစွာ ကုရ်ဘာနီ ပြုလုပ်ခဲ့ကြပါသည်။

    ၃။ ယခုနှစ်တွင် ရခိုင်ပြည်နယ် ဒေသအချို့၌ ယနေ့အထိ အစ္စလာမ်ဘာသာဝင်များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ဘာသာရေးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုကျင့်ခံနေရဆဲဖြစ်ပါသည်။ (ယခုထိ လုံခြုံမှုမရှိသေးပါ။ ) အချို့တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကုရ်ဘာနီနှင့် စပ်လျဉ်း၍ ယခင်မရှိခဲ့သော စည်းကမ်းချက်များဖြင့် ချုပ်ချယ် ကန့်သတ်မှုများ ပြုလုပ်နေခြင်းကြောင်းလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံ့မြို့ ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် အချို့ဒေသများတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် ဘာသာဝင်များအပေါ် ဥပဒေပါ အခွင့်အရေး၊ လူအခွင့်အရေး ချိုးဖောက်သော ဆန့်ကျင်ရေးသား ခြိမ်းခြောက်မှု့များ၊ လှုံ့ဆော်ပြောဆို ဖြန့်ဝေနေခြင်းတို့ကို လက်ငင်း ကြုံတွေ့နေရပါသည်။

    ၄။  အထက်ပါ အချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ  နိုင်ငံတော်အစိုးရသို့ အကြိမ်ကြိမ် မေတ္တာရပ်ခံ တင်ပြခဲ့သော်လည်း ယခုတိုင် တစ်စုံတစ်ရာ ပြန်ကြားချက် မရရှိခဲ့ပါ။

    ၅။ သို့ပါသောကြောင် ဤ အခြေအနေတွင် နိုင်ငံတော်နှင့် တည်ဆဲ ဥပဒေများ၏ ခွင့်ပြုချက်အရ ကုရ်ဘာနီ ပြုလုပ်ခွင့် ရှိသော်ငြားလည်း အထက်ဖော်ပြပါ အခြေအနေများကြောင့်လည်းကောင်း၊ နိုင်ငံတော်မှ လုံခြုံရေးပြည့်ဝစါာ ပေးနိုင်မည်မဟုတ်ဟု ယူဆပါသောကြောင့်လည်းကောင်း၊ ယခုနှစ် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကုရ်ဘာနီ ပြုလုပ်ခြင်းကို ရပ်ဆိုင်းထားကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဝမ်းနည်းစွာ အသိပေးကြေငြာအပ်ပါသည်။

  • ကုရ်ဘာနီအီးဒ်နှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်များသို့ MMSYမှ နှိုးဆော် ပန်ကြားလွှာထုတ်ပြန်

    ကုရ်ဘာနီအီးဒ်နှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်များသို့ MMSYမှ နှိုးဆော် ပန်ကြားလွှာထုတ်ပြန်

    အောက်တိုဘာ၊ ၂၀၊၂၀၁၂
    M-Media

    ကုရ်ဘာနီအီးဒ်နှင့်ပတ်သက်၍ မြန်မာမွတ်စလင်မ်များအနေနှင့် ဆောင်ရန်ရှောင်ရန်များကို မြန်မာမွတ်စလင်မ် ကျောင်းသား လူငယ်များအဖွဲ့မှ ယခင်နှစ်များကလည်း နှိုးဆော် ပန်ကြားခဲ့သည့် နည်းတူ ယခုနှစ်တွင်လည်း နှိုးဆော်ပန်ကြားလွှာထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်။

    လာမည့် ၂၀၁၂ အောက်တိုဘာ ၂၇ ရက်(စနေနေ့)တွင် ကျရောက်မည့် အီသွလ်အသွာဟာ ကုရ်ဘာနီ အီးဒ်အခါ သမယတွင် မိမိဘေး ပတ်ဝန်းကျင်ရှိ အများပြည်သူတို့  စိတ်အနှောင့်အယှက် မဖြစ်စေရန်၊ နေထိုင်သွားလာရေး အခက်အခဲ မရှိစေရေးတို့အတွက် မြန်မာမွတ်စလင်မ် ပြည်သူများက စံပြအနေဖြင့် လိုက်နာပေးပါရန် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။

    ကြေငြာချက်အပြည့်အစုံမှာ

    “ကုရ်ဘာနီအီးဒ်နှင့် ပတ်သက်၍ ရှောင်ရန်ဆောင်ရန် မြန်မာမွတ်စလင်မ် ပြည်သူများသို့ နှိုးဆော် ပန်ကြားလွှာ”

     

    အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှု အဖြာဖြာ အသင့်အပေါ်သို့ကျရောက်ပါစေ . . .

     

    ၂၀၁၂ အောက်တိုဘာ ၂၇ ရက် စနေနေ့တွင် ကျရောက်မည့် အီသွလ်အသွာဟာ ကုရ်ဘာနီ အီးဒ်အခါ သမယတွင် မိမိဘေး ပတ်ဝန်းကျင်ရှိ အများပြည်သူတို့  စိတ်အနှောင့်အယှက်မဖြစ်စေရန်၊ နေထိုင်သွားလာရေး အခက်အခဲ မရှိစေရန် လိုအပ်ပါသည်။ သို့  ဖြစ်ပါ၍ မြန်မာမွတ်စလင်မ် ပြည်သူများ အနေဖြင့် အောက်ပါအချက်များအား စံပြအနေဖြင့် လိုက်နာပေးပါရန် လေးစားစွာ နှိုးဆော်ပန်ကြားအပ်ပါသည်။

    ကုရ်ဘာနီ မတိုင်မှီ

    ● သားကောင်များအား သူတပါးခြံများ၊ နေအိမ်ပတ်ဝန်းကျင်များ၊ အများပိုင်လမ်းများတွင် စားကျက်လွတ်ထားခြင်းမပြုရန်။
    ● လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်စေနိုင်သည့် အပြိုင်အဆိုင်နွားမောင်းခြင်း၊ ပိုင်ရှင်မဲ့ သွားလာနေစေခြင်း၊ လမ်းများပိတ်နေခြင်း မရှိစေရန်။
    ● ဘေးပတ်ဝန်းကျင်တွင် သားကောင်များ၏ မစင်များ၊ အနံ့အသက်များနှင့် မြက်၊ ကောက်ရိုးစသည့် စားကြွင်းစားကျန်များ မကျန်ခဲ့စေရန် ၊ သန်ရှင်းရေးပြန်လုပ်ရန်။

    ကုရ်ဘာနီနေ့ 

    ● သားကောင်များ လှီးဖြတ်ခြင်းကိစ္စများကို မှတ်တမ်းတင် ဓါတ်ပုံ နှင့် ဗီဒီယိုရိုက်ကူးခြင်းများ မပြုကြပါရန် နှင့် အခြားသူများ ရိုက်ကူးလျှင်လည်း တားဆီးပေးကြရန်။
    ● ကုရ်ဘာနီနှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာနှင့် ဝဘ်ဆိုဒ်များတွင် အဆိုပါ ဓါတ်ပုံနှင့် ဗီဒီယိုများကို မတင်ကြပါရန်။
    ● မိမိတို့ အရပ်ဒေသတွင် နိုင်ငံတော်အစိုးရက ကုရ်ဘာနီအတွက် သီးသန့်  နေရာသတ်မှတ်ထားပါက ထိုနေရာတွင်သာ ကုရ်ဘာနီလုပ်ရန်။
    ● ကုရ်ဘာနီလုပ်ပြီးပါက အသုံးပြုသည့် ဓားများ၊ ပစ္စည်းကိရိယာများနှင့် အသားများအား လုံခြုံစွာ ဖုံးအုပ်ပြီးမှ သယ်ဆောင်ရန်။
    ● သွေးပေကျံနေသော ကိုယ်လက်များဖြင့်သော်လည်းကောင်း၊ အ၀တ်အထည်များဖြင့်သော် လည်းကောင်း၊ ဓားများကိုင်ဆောင်၍သော် လည်းကောင်း အများမြင် လမ်းများပေါ်တွင် အမြင်မတော် သွားလာခြင်းမပြုရန်။
    ● အသား သယ်ဆောင်ရာလမ်းတလျှောက် သွေးများ တစက်စက်ကျခဲ့ခြင်း မရှိစေရန်။
    ● နေရာတိုင်းတွင် သွေးများနှင့် အခြားကြွင်းကျန်များကို စနစ်တကျ ဆေးကြောသန့် စင်ရန်။
    ● ဆူညံစွာ ဟွန်းတီးခြင်း၊ အော်ဟစ်သွားလာခြင်းမပြုဘဲ တည်ငြိမ်အေးချမ်းစွာ၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်ပြုကျင့်ရန်။
    ● ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်နိုင်သည့်အချက်မှန်သမျှအားလုံး စဉ်းစားရှောင်ကြဉ်ရန်။
    ● ကုရ်ဘာနီ မတိုင်ခင်၊ ကုရ်ဘာနီအတွင်းနှင့် ကုရ်ဘာနီအီးဒ်ပြီးသည် အထိ မိမိပတ်ဝန်းကျင်တွင် သော်လည်းကောင်း၊ ရောက်ရာအရပ်တွင်သော်လည်းကောင်း ပျူပျူငှာငှာ၊ လေးလေးစားစား ဆက်ဆံပြီး အများပြည်သူအကျိုး တတ်နိုင်သမျှဆောင်ရွက်ရန်။

    မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ
    (Myanmar Muslim Students and Youth)

    အောက်တိုဘာ ၊ ၂၀၁၂

  • ‘တချိန်တုန်းက ကုရ်ဘာနီ အမှတ်တရ’

    ‘တချိန်တုန်းက ကုရ်ဘာနီ အမှတ်တရ’

    အောက်တိုဘာ၊၁၈၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- Storm Rider

    တခါတုန်းက အစ္စလာမ့်တံခွန်ဆိုတဲ့ ကုရ်ဘာနီ စွန့်လှူတဲ့ အလှူအဖွဲ့နဲ့ မြို့သစ်တွေကို အသားလိုက်ဝေတာ လုပ်အားပေးအနေနဲ့ လိုက်သွားဘူးပါတယ်။ ကျွန်တော်တို့က ရွှေပြည်သာဘက်က ရပ်ကွက်တွေကို ဘာသာလူမျိုးမခွဲခြားဘဲ လိုက်ဝေတာ။တန်းစီတဲ့ လူအုပ်ကြည်ပြီး ကျွန်တော်တော်လေး တုန်လှုပ်မိပါတယ်။ စိတ်မကောင်းလည်း တော်တော်ဖြစ်ပြီး မျက်ရည်တောင်ဝဲမိပါတယ်။ ။ပါလာတဲ့ အသားထုပ် အရေအတွက်နဲ့ တန်းစီပြီးအသားယူဖို့ စောင့်နေတဲ့ နွမ်းဖတ်နေတဲ့ အဝတ်စားတွေနဲ့ လူအုပ်ကြီးဟာ ဘယ်လိုမှ မလောက်မှန်း ကျွန်တော်တို့သိလိုက်လို့ပါ။ ဒါတောင်ရပ်ကွက် နှစ်ခုက လူပဲရှိသေးတာတဲ့။ အဲ့ဒါနဲ့ ကျွန်တော်တို့လည်း ရပ်ကွက်ကတာဝန်ရှိတဲ့လူတွေနဲ့ ဝေခြမ်းရေး အစီအစဉ်စရော။ ကားပေါ်က အသားထုတ်တွေကို လှမ်းကြည့်ပြီး အခြေအနေ မဟန်မှန်းသိတဲ့ လူတချို့က အသားထုတ်တွေကို လုယူဖို့ တီးတိုးတီးတိုးသံတွေ ညံလာတဲ့အခိုက် အခြေအနေကို ရိပ်စားမိတဲ့ လှူဒါန်းရေး အဖွဲ့ဝင်တွေနဲ့ ရပ်ကွက်လူကြီးတွေ တိုင်ပင်ပြီး လူထုကိုကြေငြာရပါတယ်။မလုကြဖို့နဲ့ အခုဒီမှာ တန်းစီနေတဲ့ လူတွေ အကုန်လုံးရမှာ ဖြစ်ကြောင်း ကြေငြာရပါတယ်။

    တဆက်တည်း အစ္စလာမ့်တံခွန်က တာဝန်ရှိတဲ့လူတွေကို ဆက်သွယ်ပြီး အသားထုတ်တွေ ထပ်လိုချင်ကြောင်း။ လောက်ငှမှု မရှိကြောင်း ပြောတော့ပြန်ပြောတာက အသားဝေဖို့လမ်းကြောင်းတိုင်းက အသားထုပ်ထပ် လိုချင်နေပေမယ့် သူတို့လည်း ဘယ်လိုမှ မတတ်နိုင်တော့ကြောင်း အကြောင်းပြန်တော့ ကျွန်တော်တို့ ဇောချွေးတွေပျံနေကြပြီ။ မထူးတော့တဲ့အဆုံး အိမ်ကိုဖုန်းဆက်ပြီး အသားထုတ် ဘယ်လောက်ကျန်သေးလည်း လှမ်းမေးတော့ (၅၀) လောက်ရမယ်ပြောလို့ ကျွန်တော်လည်း နီးရာကားနဲ့ သုတ်ခြေတင်လို့ အမြန်သွားယူပါတော့တယ်။

    အလ္လာဟ်အရှင်ဘက်က အကူအညီကလည်း အစ်ခ်လားစ် (စိတ်ရင်းစေတနာ) မှန်တော့ ထပ်ရောက်လာပါတယ်။ နီးစပ်ရာဆွေမျိုးများနဲ့ လွတ်လပ်ရေးရပ်ကွက် (ဘင်္ဂါလီစု လို့လည်းခေါ်ပါတယ်) အဲ့ဒီထဲကို ကားနဲ့ပတ်ပြီး အလှူခံတော့ စုစုပေါင်းအသားထုပ် အရေအတွက် (၃၈၀) ခန့်ထပ်ရပါတယ်။ အဲ့ဒါနဲ့ သုတ်ခြေတင်ပြေး။ ဟိုရောက်တော့ သန်လျင်ဘက် အသားလှူတဲ့ အဖွဲ့တဖွဲ့ကလည်း အသားထုတ် (၅၀၀) ကျော်နဲ့ ထပ်ရောက်နေပြီ။ ALLAHAMDULILLAH  (အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ခြင်း) ဆိုပြီး အဲ့ဒီကြမှ သက်ပြင်း ချနိုင်တော့တယ်။
    ဒါတောင် ထပ်ပြီး လူ(၅၀) လောက်နဲ့ ရပ်ကွက်လူကြီးတွေကို ပေးဖို့ကျန်တော နောက်နေ့ယူလာပါ့မယ့် လို့ကတိပေးပြီး ပြန်လာခဲ့ရတယ်။  အချိန်ကလည်း ည ၈း၀၀ နာရီကျော်ပြီ။ လူတွေလည်း မနက် ၅း၃၀ နာရီ ထဲက တောက်လျှောက် RUN ခဲ့ရတာဆိုတော့ တကိုယ်လုံးကို ကိုင်ရိုက်ထားသလို ကိုက်ခဲပြီး ပင်ပန်းနေပြီ။ မျက်စိထဲမြင်နေတာက လူမမယ်ကလေး တယောက်နဲ့ အသက် ၆၅-၆၈ နှစ် လောက်ရှိတဲ့ အမေအိုကြီးရဲ့ သနားစဖွယ် မျက်နှာလေးတွေနဲ့ မနက်ဖြန် ဆက်ဆက်လာပို့ပါနော်။မနက် ၇း၀၀ နာရီ လာစောင့်နေပါ့မယ် ဆိုတာကြောင့် စိတ်ထဲ တော်တော် မကောင်းဖြစ်ပြီး မနက်ဖြန် အတွက် ရင်မောရင်း ပြန်ခဲ့ရပါတယ်။

    ဒါပေမယ့် အဲ့ဒီနေ့မှာလည်း အလ္လာဟ်ဘက်က အကူအညီတွေက ထပ်ရောက်လာပြီး ဆိတ်နှစ်ကောင်လှူတဲ့လူနဲ့ အိမ်မှာရှိတဲ အလှူလုပ်ဖို့ ဝေစုအိုးထဲက ချက်ပြီးသား အသားတွေ ယူပြီးဝေခြမ်း နိုင်ခဲ့ပါတယ်။ အလှူခံ ၉၅ရာခိုင်နှုန်းဟာ ဗုဒ်ဓ ဘာသာဝင်တွေပဲဖြစ်ပါတယ်။အဲ့ဒီတုန်းက အခုလို အစ္စလာမ့်တံခွန်အဖွဲ့က ရပ်ကွက်တခုခြင်းစီ နွားအကောင်လိုက် မလှူနိုင်သေးဘူး။ မှတ်မိရသလောက် ပထမနှစ်က ဟံသာဝတီဒါရ်ဂါဗလီ (အခုတော့မရှိတော့ပါဘူး စစ်အစိုးရလက်ထက် အစ္စလာမ့် သာသနိက အဆောက်အအုံကို ဖျက်ပြီး အခုဘာလုပ်ထားတယ်ဆိုတာ မိတ်ဆွေများသိမှာပါ)။  နောင်နှစ်တွေမှာတော့ရွာသာကြီး အမဲဈေးမှာ လုပ်အားပေးတွေ အင်အားနဲ့ ကိုယ်တိုင်ပဲ ကစိုင်လုပ်။ကိုယ်တွေပဲ ခုတ်ထစ်ဖြတ်တောက်ပြီး ကိုယ်တိုင်ပဲ ကားတွေနဲ့ဝေချမ်းရေးလုပ်ရပါတယ်။

    ဒါတောင် အလှူခံတွေရှိတဲ့ နေရာတွေကိုသယ်တဲ့ လမ်းတလျှောက် စစ်ဝတ်စုံနဲ့ဓါးပြ၊ ရဲဝတ်စုံနဲ့ဓါးပြ၊ ယာဉ်ထိန်းရဲဝတ်စုံနဲ့ ဓါးပြတွေက လမ်းထောင့် အသီးသီးမှာ ဆက်ကြေးတောင်းပြီး ပါလာတဲ့အသားတွေကိုလည်း အေးဓါးမြ တိုက်ပါသေးတယ်။အဆိုးဆုံးနေရာကတော့ ဒဂုံတောင်မြောက်လမ်းဆုံနား ငမိုးရိပ်ချောင်းကူးတံတားနားမှာပါ။ စစ်ကား TE11 ကြီးရပ်ပြီးတော့ကို မသထာကြေးတောင်းတာ။

    အစ္စလာမ်တံခွန်က လုပ်ဆောင်တောင် ကုရ်ဗာနီစွန့်လှူတဲ့ အစီအစဉ်ဟာ အခုတော့ တော်တော်ကို အောင်မြင်နေပါပြီ။ နွားအကောင်လိုက် ရပ်ကွက်အလိုက် အသင်းကိုလှူတဲ့ သူဌေးတွေ ဒုနဲ့ဒေးပါ။ ဒီအလုပ်နဲ့ ဒီအသင်းကို စတင်ဖွဲ့စည်း အကောင်အထည်ဖော်ခဲ့တဲ့ ဦးတင်မောင်သန်း နှင့် အဖွဲ့ဝင်များအား အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ သာသနာ့အကျိုး ၊ နိုင်ငံ့အကျိုးအား ဆထက်တံပိုး ထမ်းပိုးနိုင်တဲ့ အင်အားများချီးမြင့် ပေးသနားတော်မှုပါစေ။

    အဲ့ဒီလိုသွားပို့ရာ ကျွန်တော်တို့ လုပ်အားပေးတွေဟာ အသားထုတ်တွေ တင်ဆောင်ထားတဲ့ HILUX တို့DYNA တို့လို ကားတွေရဲ့ နောက်ခန်းမှာ တပါတည်းလိုက်ပါသွားရပါတယ် ။ သေချာဆေးကြောပြီး သွေးတွေဘာတွေ မမြင်အောင် ဘယ်လောက်လုပ်လုပ် အဲ့ဒီနေ့မှာ တကူးတက ကိုယ်ပိုင်ကားတွေနဲ့ ပြသနာကို မီးခွက်ထွန်းပြီးရှာတဲ့ ခွေးတွေက ဘေးကနေ ဖြတ်ကျော်ရင်းခွေးကုလားတွေ။ ငါ-ိုးမကုလားတွေဆိုပြီး ပေါ်တင်ဆဲတာကိုလည်း မသိချင်ယောင်ဆောင်ပြီး မျက်နှာလွဲထားရပါသေးတယ်။ စိတ်ထဲကလူငယ်ပီပီ ပြန်ဆဲချင်ပေမယ့် ကားပေါ်ပါလာတဲ့ အကိုတချို့က ဖျောင်းဖျတာကြောင့် အံကိုကြိတ်လို့မျက်ရည်ဝဲမိပါတယ်။ စိတ်ထဲကတော့—-အော်—အဲဒီခွေးကုလားလို့ မင်းတို့နှိမ်ပြီး ခေါ်နေတဲ့လူတွေဟာ မင်းတို့အမျိုး မင်းတို့ဘာသာဝင်တွေအတွက် ဗုဒ်ဓဘာသာအယူအရ ကံ၊ ကံ၏ အကျိုးကြောင့်ဘဲ ဖြစ်ဖြစ်၊ စနစ်ဆိုးကြောင့်ပဲ ဆိုဆို၊ စစ်အစိုးရစနက်ကြောင့်ပဲဆိုဆိုကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံက အဆင်းရဲဆုံးဆိုတဲ့ လူ့ငမွဲတွေကို ကျောသားရင်သား မခွဲခြားဘဲ အစ္စလာမ်သာသနာရဲ့ သွန်သင်ဆုံးမတဲ့ နည်းလမ်းအတိုင်း အလ္လာဟ်အရှင့် မျက်နှာ တခုတည်းသာကြည့်ပြီး စိတ်စေတနာ သန့်သန့်နဲ့ သွားလှုနေတာပါလို့ စိတ်ထဲမှာဘဲ ပြောနေမိပါတော့တယ်။