အောက်တိုဘာ၊ ၂၃ ၊ ၂၀၁၂
M-Media
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးဖွဲ့ကြီးမှ ယခုနှစ် ၂၀၁၂ ခုနှစ် တွင် အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကုရ်ဘာနီအီးဒ်နေ့ကို မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ မပြုလုပ်ရန် မေတ္တာရပ်ခံသော ကြေငြာချက်တစောင်ကို ယနေ့ထုတ်ပြန်လိုက်သည်။ ကြေငြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
ရက်စွဲ။ ။ ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ(၂၃) ရက်၊
(အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှု အဖြာဖြာကျရောက်ပါစေ) မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ ခင်ဗျား
၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း ဘာသာပေါင်းစုံ လွတ်လပ်စွာ ယုံကြည်ကိုးခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတည်ပြုပြဌာန်းပါသည်။
၂။ နိုင်ငံတော်အစိုးရ အဆက်ဆက်၏ ခွင့်ပြုချက်အရ အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံတွင် နှစ်စဉ်အေးချမ်းစွာ ကုရ်ဘာနီ ပြုလုပ်ခဲ့ကြပါသည်။
၃။ ယခုနှစ်တွင် ရခိုင်ပြည်နယ် ဒေသအချို့၌ ယနေ့အထိ အစ္စလာမ်ဘာသာဝင်များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ဘာသာရေးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုကျင့်ခံနေရဆဲဖြစ်ပါသည်။ (ယခုထိ လုံခြုံမှုမရှိသေးပါ။ ) အချို့တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကုရ်ဘာနီနှင့် စပ်လျဉ်း၍ ယခင်မရှိခဲ့သော စည်းကမ်းချက်များဖြင့် ချုပ်ချယ် ကန့်သတ်မှုများ ပြုလုပ်နေခြင်းကြောင်းလည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံ့မြို့ ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် အချို့ဒေသများတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် ဘာသာဝင်များအပေါ် ဥပဒေပါ အခွင့်အရေး၊ လူအခွင့်အရေး ချိုးဖောက်သော ဆန့်ကျင်ရေးသား ခြိမ်းခြောက်မှု့များ၊ လှုံ့ဆော်ပြောဆို ဖြန့်ဝေနေခြင်းတို့ကို လက်ငင်း ကြုံတွေ့နေရပါသည်။
၎။ အထက်ပါ အချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ နိုင်ငံတော်အစိုးရသို့ အကြိမ်ကြိမ် မေတ္တာရပ်ခံ တင်ပြခဲ့သော်လည်း ယခုတိုင် တစ်စုံတစ်ရာ ပြန်ကြားချက် မရရှိခဲ့ပါ။
၅။ သို့ပါသောကြောင် ဤ အခြေအနေတွင် နိုင်ငံတော်နှင့် တည်ဆဲ ဥပဒေများ၏ ခွင့်ပြုချက်အရ ကုရ်ဘာနီ ပြုလုပ်ခွင့် ရှိသော်ငြားလည်း အထက်ဖော်ပြပါ အခြေအနေများကြောင့်လည်းကောင်း၊ နိုင်ငံတော်မှ လုံခြုံရေးပြည့်ဝစါာ ပေးနိုင်မည်မဟုတ်ဟု ယူဆပါသောကြောင့်လည်းကောင်း၊ ယခုနှစ် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကုရ်ဘာနီ ပြုလုပ်ခြင်းကို ရပ်ဆိုင်းထားကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဝမ်းနည်းစွာ အသိပေးကြေငြာအပ်ပါသည်။
Leave a Reply
You must be logged in to post a comment.