News @ M-Media
Tag: Rakhine State
  • ရခိုင်ရှိ လူ့အဖွဲ့အစည်းများအတွက် စင်ကာပူက အကူအညီပေးပို့မည်
    ရခိုင်ရှိ လူ့အဖွဲ့အစည်းများအတွက် စင်ကာပူက အကူအညီပေးပို့မည်
    စက်တင်ဘာ ၂၉၊ ၂၀၁၇
    M-Media
    မတည်ငြိမ်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ရိုဟင်ဂျာများ
    – ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေအတွက် စင်ကာပူက ဒေါ်လာ သုံးသိန်းတန်ဖိုးရှိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့သွားဖို့ ရှိနေပါတယ်။
    ဒီ ကူညီထောက်ပံ့မှုဟာ ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းအားလုံးအတွက် ဖြစ်တယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာန (MINDEF) က ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။
    “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေအတွက် စင်ကာပူဟာ စိုးရိမ်မိပါတယ်” လို့လည်း ၀န်ကြီးဌာနက ဆိုပါတယ်။
    ASEAN Charter နဲ့ အညီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့အတွက် လက်ရှိနည်းလမ်းတွေကို အသုံးပြုပြီး အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဆောင်ရွက်မှုတွေကို ပံ့ပို့ပေးသွားမယ်လို့လည်း MINDEF က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အခုလက်ရှိ အကူအညီတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေဆီ ပေးပို့မှာ ဖြစ်ပါတယ်။
    စင်ကာပူက ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်က ထိခိုက်ခံစားရသူတွေကို ကူညီပေးနိုင်ဖို့အတွက် ရန်ပုံငွေတွေ ကောက်ခံနေပါတယ်။
    Ref: CNA
  • ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာဒုက္ခသည်များပြန်ခေါ်ရေး ၁၉၉၂ နှင့် ၁၉၉၃ နှစ်များတွင် မြန်မာအစိုးရ၏ သဘောတူစာချုပ်များ
    ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာဒုက္ခသည်များပြန်ခေါ်ရေး ၁၉၉၂ နှင့် ၁၉၉၃ နှစ်များတွင် မြန်မာအစိုးရ၏ သဘောတူစာချုပ်များ
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    (မူရင်းအင်္ဂလိပ်စာသားကို M-Mediaမှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်)
    (အပိုဒ် ၇ မှ သဘောတူချက်တစ်ချို့)
    (ဂ) မြန်မာနိုင်ငံတွင် နေထိုင်သူများ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာမှုကို ရပ်တန့်စေမည့် လိုအပ်သော ဆောင်ရွက်ချက်အားလုံး ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံကို စွန့်ခွာလာသူများ မိမိတို့ဆန္ဒအလျောက် လုံခြုံစွာဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြန်လာနိုင်ရေး တိုက်တွန်းအားပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံက သဘောတူခဲ့သည်။
    (ဃ) ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်လာသည့်အချိန်၌ အင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပေးသော ‘ဒုက္ခသည်သက်သေခံကဒ်ပြား’ (Refugee Registration Card) ဖြင့် ၎င်းတို့၏ တည်ရှိမှုကို မှတ်တမ်းတင်ထားပြီး၊ မြန်မာနိုင်ငံတွင် နေထိုင်မှုကို ရနိုင်သမျှ အထောက်အထားအား စားရင်ပြုစုထားသည့် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသူအားလုံးကို သေချာစွာ စီစစ်မှုပြုလုပ်ပြီးနောက် ပြန်လည်လက်ခံရန် ပူးပေါင်းဆောင်ရွက်လိုသည့် သဘောထားဖြင့် မြန်မာနိုင်ငံက သဘောတူသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရကပေးသော စာရင်းများအား သေချာစွာ စိစစ်မှုကို အခြေခံ၍ နိုင်ငံသားမှတ်ပုံတင်ကဒ်/နိုင်ငံသားစီစစ်ရေးကဒ် ကိုင်ဆောင်ထားသူများ၊ သက်ဆိုင်ရာ မြန်မာအာဏာပိုင်များက ထုတ်ပေးထားသည့် အခြားသော မည်သည့်စာရွက်စာတမ်းကိုမဆို ပြနိုင်သူများ၊ နေရပ်လိပ်စာ သို့မဟုတ် အခြား သက်ဆိုင်သည့် အချက်အလက်များကဲ့သို့ မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း ခိုင်မာသည့် အထောက်အထား ပြနိုင်သူများအားလုံး စသဖြင့် လူအားလုံးကို အသုတ်များခွဲ၍ ပြန်လည်လက်ခံရန် ပြည်ထောင်စု မြန်မာနိုင်ငံက သဘောတူခဲ့သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း မှန်ကန်သည့်အထောက်အထား ပြနိုင်နေသမျှ ပြန်လည်လက်ခံမည့်အရေအတွက်ကို ကန့်သတ်မှုမပြုဟု ပြည်ထောင်စုမြန်မာနိုင်ငံက သဘောတူသည်။ ဘင်္ဂလားဒေ့ရှ်ကပေးအပ်သော စာရင်းများမှာ မြန်မာအာဏာပိုင်များက အတည်ပြုထားသူများနှင့် အနီးစပ်ဆုံး တူနေသည်ဟုလည်း ၎င်းတို့က အသေအချာ ပြောကြားခဲ့သည်။
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ——————————————
    (မူရင်းအင်္ဂလိပ်စာသားကို M-Media မှ မြန်မာဘာသာသို့ ပြန်ဆိုသည်)
    မိမိ၏ သဘောဆန္ဒအလျောက် နေရပ်ပြန်ရေးအစီအစဉ်တွင် အောက်ပါအချက်များ ပါဝင်သည်။
    ၁။ ပြန်လည်ဝင်ရောက်လာသည့်အဆင့် – ထိုကာလအတွင်း ပြန်လာမည့်သူ အမြောက်အများကို နေရာထိုင်ခင်းပေးနိုင်ရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အဦးများကို အဆင်သင့် ပြင်ဆင်ထားရမည်။
    ၂။ ၎င်းတို့ မူလနေထိုင်သည့် ကျေးရွာများတွင် ကနဦးအကူအညီ ပေးခြင်း – အိမ်ထောင်သုံးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ (၀ါးများ) ကဲ့သို့ ကယ်ဆယ်ရေးပစ္စည်းများအပြင် ပြန်လာသူများမှာ WFP မှ ပေးအပ်သော ၂ လစာ စားနပ်ရိက္ခာ အထောက်အပံ့ကို ရရှိရမည်။
    ၃။ လူအဖွဲ့အစည်းအတွင်း နေသားတစ်ကျဖြစ်ရေးအဆင့် – ပြန်လည်ရောက်ရှိလာသူများ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ တည်ငြိမ်စေရန်အတွက် လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေး၊ သောက်ရေနှင့် သန့်ရှင်ရေး၊ ပညာရေးကဏ္ဍများတွင် ဒေသအဆင့် စီမံကိန်းများကို သက်ဆိုင်ရာ ဦးစီးဌာနများနှင့် အကောင်အထည်ဖော်ပေးရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လူ့အဖွဲ့အစည်းမှာလည်း ထိုအကျိုးကျေးဇူးကို ခံစားနိုင်စေရမည်။ ဆောင်ရွက်ချက်များ မထပ်စေရန်၊ ကယ်ဆယ်ရေးအဆင့်မှ ဖွံ့ဖြိုးရေးအဆင့်အထိ တစ်ဖြည်းဖြည်း ပြောင်းလဲသွားစေရန်အတွက် UNDP၊ အခြား ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် UNICEF နှင့် WHO တို့ကဲသို့ အဖွဲ့များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ထိန်းသိမ်းထားရမည်။
    ၁၉၉၃ မြန်မာ-ကုလ နားလည်မှုစာချွန်လွှာ (မြန်မာဘာသာပြန်)
    ၁၉၉၃ မြန်မာ-ကုလ နားလည်မှုစာချွန်လွှာ (အင်္ဂလိပ်မူရင်း)
  • မောင်တောရှိ မီးလောင်ရွာများကို အစိုးရသိမ်းမည်၊ မူလနေထိုင်သူများ ပြန်ရရေး မသေချာ
    မောင်တောရှိ မီးလောင်ရွာများကို အစိုးရသိမ်းမည်၊ မူလနေထိုင်သူများ ပြန်ရရေး မသေချာ
    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    မောင်တောရှိ မီးလောင်ပြင်တစ်ခု
    – သြဂုတ်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မငြိမ်မသက်မှုအတွင်းမှာ မီးလောင်းသွားခဲ့တဲ့ ရွာတွေက မြေကို အစိုးရက သိမ်းယူပြီး ပြန်လည်ဖွံ့ဖြိုးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားပြီး CNA သတင်းဌာနက ဒီကနေ့မှာ ဖော်ပြထားပါတယ်။
    ဒီအဖြစ်အပျက်အတွင်းမှာ ရိုဟင်ဂျာတွေနေထိုင်တဲ့ ရွာတော်တော်များများ မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၄၈၀၀၀၀ လောက်ဟာလည်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။
    အစိုးရကတော့ သြဂုတ်လ ၂၅ ရက်နေ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရွာတွေကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
    “ဥပဒေအရတော့ မီးလောင်ပြင်တွေဟာ အစိုးရက စီမံရတဲ့ မြေတွေဖြစ်သွားပါတယ်” လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးဝင်းမြတ်အေးက ပြောကြားကြောင်း ဒီကနေ့ထုတ် Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားပါတယ်။
    အင်္ဂါနေ့ အာဏာပိုင်တွေနဲ့ တွေ့ဆုံမှုအတွင်း သဘာဝဘေး စီမံခန့်ခွဲရေးဥပဒေကို ထောက်ပြပြီး ၀န်ကြီးက ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းဟာ တော်တော်လေး အကျိုးသက်ရောက်မှုရှိမယ်လို့ ပြောကြားခဲ့ပါတယ်။
    အဲဒီဥပဒေအရ ပဋိပက္ခအပါအ၀င် သဘာဝဘေးကြောင့် ပျက်ဆီးသွားတဲ့ ဒေသတွေ ပြန်လည်တည်ဆောက်ရေးကို အစိုးရက ကြီးကြပ်ရမှာဖြစ်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့ ရိုဟင်ဂျာတွေအတွက် ဘယ်လို အစီအစဉ်တွေရှိလဲ၊ သူတို့ နေထိုင်ခဲ့တဲ့ရွာတွေမှာ ပြန်လည်နေထိုင်ခွင့်ရမလားဆိုတဲ့အချက်ကိုတေတာ့ Global New Light of Myanmar သတင်းဖော်ပြချက်မှာ မပါဝင်ပါဘူး။
    ဒီကိစ္စအတွက် လူကယ်ပြန်ဝန်ကြီးထံကနေ လတ်တလော မှတ်ချက်ယူလို့ မရသေးဘူးလို့ CNA သတင်းဌာနက ထည့်သွင်းဖော်ပြပါတယ်။
    လတ်တလော မတည်ငြိမ်မှုအတွင်း ရိုဟင်ဂျာရွာပေါင်း ၄၀၀ လောက် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားထားပါတယ်။
    Ref: CNA
  • ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဒုက္ခသည်များအတွက် စင်ကာပူပြည်သူများထံမှ ဒေါ်လာ ၂ သိန်းကျော် ကောက်ခံရရှိထား
    ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဒုက္ခသည်များအတွက် စင်ကာပူပြည်သူများထံမှ ဒေါ်လာ ၂ သိန်းကျော် ကောက်ခံရရှိထား
    စက်တင်ဘာ ၂၆၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဒုက္ခသည်များ
    – ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရန်အတွက် စင်ကာပူ ပြည်သူများနှင့် ဘာသာပေါင်းစုံအဖွဲ့များထံမှ ရန်ပုံငွေ စင်ကာပူဒေါ်လာ ၂ သိန်းကျော် ကောက်ခံရရှိနေပြီဟု သိရသည်။
    Rahmatan Lil Alamin ဖောင်ဒေးရှင်း (RLAF) က ယနေ့ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ၎င်းတို့အဖွဲ့မှာ စက်တင်ဘာ ၉ ရက်နေ့ကတည်းက နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်ပေါင်း ၇၀ ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ရန်ပုံငွေ ကောက်ခံခဲ့ပြီး ဗလီ ၃၂ လုံးက ကောက်ခံမှု မပြီးသေးဟု ပြောကြားခဲ့သည်။
    အခြားသော အဖွဲ့အစည်း ၄ ခုဖြစ်သည့် စင်ကာပူ ဗုဒ္ဓဘာသာအဖွဲ့၊ စင်ကာပူ ဘဟာအီဘာသာအဖွဲ့၊ မဒ်ရာဆာ အလ်ဂျူနိုက် အလ်-အစ္စလာမီယာနှင့် စင်ကာပူ မွတ်စလင်သစ်လွင်များအသင်းတို့ကလည်း စုစုပေါင်း ရန်ပုံငွေ စင်ကာပူဒေါ်လာ ၅၉၀၀၀ ကောက်ခံပေးခဲ့ပြီး RLAF ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
    ကောက်ခံရရှိသည့် ငွေများကို UNHCR သို့ လှူဒါန်းသွားမည်ဖြစ်ပြီး ဒုက္ခသည်များ၏ ‘စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် ကျန်းမာရေး လိုအပ်ချက်များ’ အတွက် သုံးစွဲမည်ဖြစ်သည်။
    ထို့ပြင် ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအေဂျင်စီ Mercy Relief မှ အဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ စေလွှတ်ထားသည်ဟု RLAF က ဆိုသည်။
    Mercy Relief အဖွဲ့မှာ စုစုပေါင်း စင်ကာပူဒေါ်လာ ၁ သိန်းကို ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လှူဒါန်းမည်ဟု ကတိပြုထားပြီး ယာယီတဲများ၊ ဆိုလာမီးအိမ်များ၊ စောင်များ၊ အမျိုးသမီးများအတွက် တစ်ကိုရည်သုံးပစ္စည်းများကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
    ထို့ပြင် ပြည်သူများအနေဖြင့် ရန်ပုံငွေများကို ၎င်းတို့၏ ၀ဘ်ဆိုက်နှင့် ရန်ပုံငွေကောက်ခံရေး ပေ့ခ်ျများ၌ ထည့်ဝင်နိုင်သည်ဟုလည်း Mercy Relief က ကြေငြာထားသည်။
    Ref: CNA
  • ဟိန္ဒူဘာသာဝင်များကို သတ်ဖြတ်မြှုပ်နှံထားသည့်နေရာများ ရခိုင်မြောက်ပိုင်းတွင် တွေ့ရှိ
    ဟိန္ဒူဘာသာဝင်များကို သတ်ဖြတ်မြှုပ်နှံထားသည့်နေရာများ ရခိုင်မြောက်ပိုင်းတွင် တွေ့ရှိ
    စက်တင်ဘာ ၂၆၊ ၂၀၁၇
    M-Media
    သတ်ဖြတ် မြှုပ်နှံထားသည့်နေရာအား တူးဖော်နေစဉ် (Photo Credit – Facebook page of Information Committee)
    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခဲ့ထားရတဲ့ နေရာတွေကို တွေ့ရှိခဲ့တယ်လို့ မြန်မာအစိုးရ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
    တနင်္ဂနွေနေ့က မြေကျင်းနှစ်ခုမှာ အလောင်း ၂၅ လောင်း တွေ့ရှိခဲ့ပြီးတဲ့နောက် တနင်္လာနေ့မှာ နောက်ထပ် ၁၇ လောင်းကို ထပ်မံတွေ့ရှိခဲ့တာပါ။
    မနေ့က တူးဖော်ခဲ့တဲ့ အလောင်းတွေကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့တဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အသတ်ခံရသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပြီး လက်တွေကို ကြိုတုပ်ထားကာ တစ်ချို့ကို ခေါင်းဖြတ်ထားတယ်လို့ ဆိုပါတယ်။
    ရခိုင်ပြည်နယ်မြောက်ပိုင်း ရဲဘောာ်ကျကျေးရွာ အပြင်ဘက်မှာ ဟိန္ဒူ ၂၈ ဦးရဲ့ အလောင်းကို တွင်း ၂ ခုမှာတွေ့ရှိခဲ့တဲ့ မြန်မာစစ်တပ်ကတော့ ဒီလူတွေကို ရိုဟင်ဂျာ ‘အစွန်းရောက်အကြမ်းဖက်သမား’ တွေက သတ်ဖြတ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အလောင်းတူးဖော်မှုမှာ ပါဝင်ခဲ့တဲ့ ဟိန္ဒူခေါင်းဆောင် Ni Maul က အလောင်းတွေဟာ အသက် ၃၀ ကနေ ၅၀ ကြား ဟိန္ဒူအမျိုးသားတွေရဲ့ အလောင်းတွေဖြစ်ပြီး ကျင်း ၂ ကျင်းမှာ မြှုပ်နှံထားတာဖြစ်တယ်လို့ ဆိုပါတယ်။
    “လူ ၁၀၀ ကျော်စလုံး အဲဒီအချိန်တုန်းက အသတ်ခံရတယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီး စစ်သားတွေ၊ ရဲတွေနဲ့ ကျွန်တော်တို့ ဆက်လက် ရှာဖွေနေတယ်” လို့ ဆိုပါတယ်။
    ခမောင်းဆိပ်ရွာက အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဟိန္ဒူတွေက သြဂုတ်လ ၂၅ က်နေ့မှာ ရိုဟင်ဂျာတိုက်ခိုက်ရေးသမားတွေဟာ သူတို့ရွာထဲ ၀င်လာပြီး လူအများအပြားကို သတ်ဖြတ်ကာ၊ အခြားသူတွေကို တောထဲ ခေါ်ဆောင်သွားတယ်လို့ ပြောကြားခဲ့ပါတယ်။
    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအ၀င် လူပေါင်း ၄၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။
    သေဆုံးသူအများစုဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ထားပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရခိုင်နဲ့ အခြားလူမျိုးစုတွေကို အစိုးရက ကယ်ဆယ်စောင့်ရှောက်ထားပါတယ်။
    ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး လတ်တလော မတည်ငြိမ်မှုအတွင်း ၄ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတယ်လို့ ကုလက သတင်းထုတ်ပြန်ထားပါတယ်။
    Ref : Hindustantimes,VOA