News @ M-Media

Tag: Rakhine State

  • ရခိုင်အရေး လုံခြုံရေးကောင်စီက ထိထိရောက်ရောက်ဖြေရှင်းရန် ထရမ့်လိုလား

    ရခိုင်အရေး လုံခြုံရေးကောင်စီက ထိထိရောက်ရောက်ဖြေရှင်းရန် ထရမ့်လိုလား

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ကုလ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ထရမ့်

    – မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီအနေနဲ့ ‘ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်’ အရေးယူဖို့ သမ္မတထရမ့်က လိုလားနေတယ်လို့ ကန် ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားလိုက်ပါတယ်။

    စက်တင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ မိုက်ပန့်စ်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ရိုဟင်ဂျာ လက်နက်ကိုင်တွေရဲ့ ရဲစခန်းတိုက်ခိုက်မှုကို မြန်မာစစ်တပ်ဟာ ‘တော်တော်လေး ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်တာ၊ ရွာတွေမီးတင်ရှို့တာ၊ ရိုဟင်ဂျာတွေကို သူတို့အိမ်တွေကနေ မောင်းထုတ်တာ’ တွေ လုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

    မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုကို ရပ်တန့်ဖို့၊ ရိုဟင်ဂျာတွေအတွက် ရေရှည်အဖြေတစ်ခု ရရှိရေးသံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံဖို့ အမေရိကန်က ထပ်မံတိုက်တွန်းတယ်လို့လည်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက တိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ်ကိစ္စအတွက် လုံခြုံရေးကောင်စီဟာ နှစ်ကြိမ်တိုင်တိုင် တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ပြီး တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း၊ မြန်မာအာဏာပိုင်တွေနေနဲ့ အကြမ်းဖက်မှုကို ရပ်တန်ဖို့ တိုက်တွန်းကြောင်း ကြေငြာချက်တစ်စောင်ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    “အကြမ်းဖက်မှု မရပ်တန့်မချင်း၊ တောင်းဆိုနေတဲ့ တရားမျှတမှုမျိုး မရမချင်း အခြေအနေက ပိုဆိုးမှာပါ။ ပြီးတော့ ဒါဟာ ကသောာင်းကနင်းဖြစ်မှုနဲ့ အမုန်းမျိုးစေ့ကို ချပေးလိုက်တာဖြစ်ပြီး ဒေသတွင်းက မျိုးဆက်များစွာဟာ ဒါကို ရိပ်သိမ်းရမှာဖြစ်ကာ ကျွန်တော်တို့အားလုံးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါလိမ့်မယ်” လို့ မိုက်ပန့်စ်က ပြောကြားခဲ့ပါတယ်။

    သမ္မတထရမ့်နဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ရဲ့ အခုလိုပြောကြားမှုဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ယခုအချိန်အထိ အပြင်းထန်ဆုံး ပြောကြားမှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့ကို Facebook က ပိတ်ပင်

    ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့ကို Facebook က ပိတ်ပင်

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ARSA အဖွဲ့ခေါင်းဆောင်ဆိုသူ၏ ပုံရိပ်

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA အဖွဲ့ကို ‘အန္တရာယ်ရှိတဲ့အဖွဲ့’ အဖြစ် Facebook က သတ်မှတ်ကာ ပိတ်ပင်လိုက်ပြီး၊ ဒီအဖွဲ့ကို ချီးကျူးအားပေးတဲ့ မှတ်ချက်တွေ အားလုံးကို ဖျက်ပစ်ဖို့ တာဝန်ရှိသူတွေကို အမိန့်ပေးထားတယ်လို့ သိရပါတယ်။

    ရုံးတွင်း သုံးသပ်မှုတွေ ပြလုပ်ပြီးတဲ့နောက် ဒီလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Facebook က ပြောပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုနဲ့ပတ်သက်တဲ့ ပို့စ်တွေကို Facebook က ဖြုတ်ချမှုတွေရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်တာတွေ ရှိနေတဲ့အချိန် Facebook ရဲ့ ဒီလိုဆောင်ရွက်ချက် ထွက်ပေါ်လာတာပါ။

    ARSA အဖွဲ့ဟာ အကြမ်းဖက်ဝါဒ၊ စနစ်တကျ အကြမ်းဖက်မှု၊ ရာဇ၀တ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အမုန်းတရားဖြန့်ဖြူးမှုတွေနဲ့ ဆက်စပ်နေတာကြောင့် Feacook ရဲ့ လူ့အဖွဲ့အစည်း စံနှုန်းတွေနဲ့ မညီဘဲ သူတို့ရဲ့ ပို့စ်တွေ၊ သူတို့ကို ထောက်ခံတဲ့ ရေးသားမှုတွေကို ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။

    ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းအငယ်ကတည်းက ဒီအဖွဲ့ကို အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: The Guardian

  • ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် မြန်မာစစ်တပ်ကို သင်တန်းပေးမှု ဗြိတိန်ရပ်ဆိုင်း

    ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် မြန်မာစစ်တပ်ကို သင်တန်းပေးမှု ဗြိတိန်ရပ်ဆိုင်း

    စက်တင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    ရခိုင်သို့ရောက်လာသည့် မြန်မာစစ်သားများ

    – ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် မြန်မာစစ်သားတွေအပေါ် သင်တန်းပေးနေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ ဗြိတိန်က မနေ့မှာ ကြေငြာခဲ့ပါတယ်။

    ရိုဟင်ဂျာပြဿနာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ‘အလွန်အမင်း’ စိုးရိမ်မိပြီး၊ ဒီပြဿနာအတွက် ‘လက်ခံနိုင်လောက်တဲ့ အဖြေမျိုး’ မရမချင်း မြန်မာစစ်တပ်ကို လေ့ကျင့်သင့်ကြားပေးမှု ပြန်လည်စတင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

    “ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ လိုပါတယ်။ ဒီကိစ္စကို မဖြေရှင်းမချင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှု၊ လေ့ကျင့် သင်ကြားပေးမှုတွေ ထပ်လုပ်မှာ မဟုတ်ပါဘူး” လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက နယူးယောက်မှာ ယူကေသတင်းဌာန Sky News ကို ပြောကြားခဲ့တာပါ။

    လန်ဒန်ကထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း အစိုးရ ပြောရေးဆိုခွင့်ရှိသူက ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားနေတာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ မြင့်တက်လာနေတဲ့အချိန် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတဲ့အတွက် အလွန်အမင်း စိုးရိမ်မိကြောင်း၊ လက်ရှိအနေအထားအတွက် လက်ခံနိုင်လောက်တဲ့ အဖြေမျိုး ထွက်မလာမချင်း မြန်မာစစ်တပ်ကို ပေးအပ်နေတဲ့ သင်တန်းတွေကို ရပ်ဆိုင်းမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကို ရပ်တန့်ဖို့၊ အရပ်သားအားလုံးကို ကာကွယ်ပေးဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ၀င်ရောက်ခွင့်ပေးဖို့၊ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အရပ်သားအစိုးရက အပြည့်အ၀ ဆောင်ရွက်ခွင့်ပေးဖို့ မြန်မာစစ်တပ်ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဗြိတိန်စစ်တပ်ဟာ မြန်မာစစ်တပ်ကို ဘာသာစကား၊ အုပ်ချုပ်ရေး၊ တာဝန်ခံမှု၊ ကျင့်ဝတ်၊ လူ့အခွင့်အရေး၊ နိုင်ငံတကာဥပဒေတွေနဲ့ပတ်သက်ပြီး သင်တန်းတွေ ပေးနေတာပါ။

    ရခိုင်ကိစ္စ ဖြစ်လာပြီးနောက်ပိုင်း ဒီလို သင်တန်းပေးမှုကို ရပ်တန့်ဖို့အတွက် ဗြိတိန် လွှတ်တော်အမတ် ၁၅၀ လောက်ဟာ စက်တင်ဘာ ၆ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကို စာရေးသား တောင်းဆိုခဲ့ပါတယ်။

    Ref : Yahoo.com

  • ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုများ ရုပ်သိမ်းရန် ဗြိတိန်အဖွဲ့များ စီစဉ်နေ

    ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုများ ရုပ်သိမ်းရန် ဗြိတိန်အဖွဲ့များ စီစဉ်နေ

    စက်တင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် ဗြိတိန်ရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးသမဂ္ဂ Unison က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ဆုတစ်ခုကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

    စစ်အာဏာရှင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ဒီမိုကရေစီရေးအတွက် လှုပ်ရှားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုတွေအတွက် ပြန်လည် သုံးသပ်မှုတွေ လုပ်နေတယ်၊ ဖယ်ရှားဖို့ လုပ်နေတယ်လို့ ဗြိတိန်က အသင်းအဖွဲ့တွေက ပြောကြားခဲ့ပြီးနောက်ပိုင်း Unison က ပထမဆုံး ဒီလို ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

    နိုင်ငံရေးအကျဉ်းသားအဖြစ် အကျယ်ချုပ်ကျခဲ့စဉ်က ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ရပ်ဆိုင်းသွားမယ်လို့ Unison က မနေ့မှာ ကြေငြာခဲ့ပြီး နိုင်ငံအတွင်းက ရိုဟင်ဂျာတွေရဲ့ ဒုက္ခ၊ သုက္ခတွေကို ရှုတ်ချရေး ပိုမို လုပ်ဆောင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။

    “မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ပြဿနာက တုန်လှုပ်ခြောက်ခြားစရာပါပဲ။ Unison က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်ဖြစ်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။ သူမအနေနဲ့ နိုင်ငံတကာရဲ့ ဖိအားကို တုန့်ပြန်မယ်လို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ်” လို့ သမဂ္ဂရဲ့ ဥက္ကဌဖြစ်တဲ့ မာဂရတ် မက်ကီက ပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသားဖြစ်နေစဉ်မှာ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့်ခဲ့တဲ့ တက္ကသိုလ်တွေထဲက Bristol တက္ကသိုလ်ကလည်း ရိုဟင်ဂျာတွေအပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း သူတို့ရဲ့ဆုအတွက် သုံးသပ်မှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “၁၉၉၈ ခုနှစ်မှာ ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူမဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ ရုန်းကန်ုကြိုးပမ်းမှုကို ဦးဆောင်နေသူပါ။ ဒီဆုရဲ့ ထုံးစံအရ ဒီအချိန်မှာ ရုပ်သိမ်းဖို့ စဉ်းစားတာမျိုး၊ ဆုံးဖြတ်တာမျိုး လုပ်လို့မရပါဘူး။ ဒါပေမယ့် အခြေအနေတွေကို လိုအပ်သလို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့် သုံးသပ်နေပါတယ်” လို့ တက္ကသိုလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    လန်ဒန် School of Economics ကျောင်းသားသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌဘွဲ့ကို ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။

    “လူမျိုးတုန်းသတ်ဖြတ်မှု ပြဿနာရှိနေတဲ့အချိန် နှုတ်ဆိတ်နေမှုနဲ့ သူမရဲ့ လက်ရှိ ရပ်တည်ချက်ကို ကျွန်တော်တို့ ဆန့်ကျင်တယ်ဆိုတဲ့ သဘောထားကို ထုတ်ပြတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌဘွဲ့ကို ရုပ်သိမ်းသွားမှာပါ” လို့ သမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး မဟာသီရ် ပက်စဟာက ပြောကြားခဲ့ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Glasgow၊ Bath နဲ့ Cambridge တက္ကသိုလ်တွေအပါအ၀င် ယူကေတက္ကသိုလ်ပေါင်းများစွာ၊ မြို့ပေါင်းများစွာက ဂုဏ်ထူးဆောင်ဘွဲ့တွေနဲ့ အခြား ဂုဏ်ပြုဆုတံဆိပ်တွေကို ရရှိခဲ့တာပါ။

    အောက်စဖို့မြို့တော်ကောင်စီကလည်း ၁၉၉၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Freedom of the city of Oxford ဆုကို လာမယ့်လ အစည်းအဝေးမှာ ရုပ်သိမ်းရေး ဖြစ်နိုင်ချေ တော်တော်ရှိနေတယ်လို့ ပြောကြားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၆၀ ပြည့်နှစ်တွေက Hugh ကောလိပ်မှာ ပညာသင်ကြားစဉ် အောက်စဖို့ဒ်မြို့နဲ့ တော်တော်လေး နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့သူပါ။ သူမရဲ့ခင်ပွန်း မိုက်ကယ် အဲရစ်ကလည်း အောက်စဖို့ဒ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာဖြစ်ပါတယ်။

    ၁၉၉၃ ခုနှစ်မှာ အောက်စဖို့ဒ်က ဒေါ်အောင်ဆန်းစ်ုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ တက်ယူနိုင်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေမှာ ရိုဟင်ဂျာတွေရဲ့ ထိခိုက်ခံစားရမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလောမှာ နိုင်ငံတကာရဲ့ ဖိအားတွေ၊ ဝေဖန်မှုတွေကို တိုးမြှင့်ခံစားလာနေရပါတယ်။

    Ref: The Guardian

  • ရိုဟင်ဂျာကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဖက်ကရပ်တည်မည်ဟု ကန်သမ္မတပြော

    ရိုဟင်ဂျာကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဖက်ကရပ်တည်မည်ဟု ကန်သမ္မတပြော

    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စအတွက် မိမိအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့အတူ ရှိနေပြီး ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ စဉ်းစားရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တယ်လို့ Dhakatribune သတင်းဌာနက ဖော်ပြပါတယ်။

    “မြန်မာကိစ္စ (ရိုဟင်ဂျာကိစ္စ) နဲ့ပတ်သက်လာရင် ကျွန်တော်က ခင်ဗျားဘက်ကပါ” လို့ မနေ့က ကုလဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အဆင့်မြင့်အစည်းအဝေး ‘Reforming the United Nations: Management, Security, and Development’ အပြီး ခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံစဉ်မှာ ထရမ့်က ပြောကြားခဲ့တာပါ။

    ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကြည့်ရမှာဖြစ်ကြောင်း ထရမ့်က ထည့်သွင်းပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူလ် ဟက်က ဆိုပါတယ်။

    ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးမှတ်ချက်လည်းဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ စီးပွားရေး ကိစ္စတွေအကြောင်းလည်း ဆွေးနွေးခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရက်ဂ်ျကလည်း တနင်္ဂနွေနေ့က အဘူဒါဘီကနေ နယူးယောက်အသွား လေယာဉ်ပေါ်မှာ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ ဆွေးနွေးခဲ့ပြီး ရိုဟင်ဂျာကိစ္စ ဖြေရှင်းရေးမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရပ်တည်ချက်အတိုင်း လုံးဝရှိနေမယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    UNHCR အကြီးအကဲ ဖိလစ်ပို ဂရန်ဒီက မြန်မာနိုင်ငံက ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်ကို ကူညီဖို့ စိတ်ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က စာရင်းကောက်ယူမှုတွေ လုပ်နေပါတယ်။

    Ref: Dhakatribune