News @ M-Media

Tag: Rakhine State

  • ဘင်္ဂလားဒေ့ရှ်-မြန်မာ လျှို့ဝှက်စာချုပ်တွင် ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် မြန်မာက အသိအမှတ်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာ ဖော်ပြ

    ဘင်္ဂလားဒေ့ရှ်-မြန်မာ လျှို့ဝှက်စာချုပ်တွင် ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် မြန်မာက အသိအမှတ်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာ ဖော်ပြ

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    ၁၉၇၈ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ချုပ်ဆိုခဲ့သည့် လျှို့ဝှက်စာချုပ်

    – ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေမဟုတ်ဘူးလို့ မြန်မာအစိုးရက ကြေငြာနေပေမယ့် ၁၉၇၈ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ လျှို့ဝှက်သဘောတူညီချက်မှာ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတစ်ခုဖြစ်တဲ့ Dhaka Tribune က မနေ့မှာ ဖော်ပြလိုက်ပါတယ်။

    မြန်မာအစိုးရဟာ လူနည်းစု ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရအောင် စနစ်တကျ အကြမ်းဖက်နေကြောင်း၊ အေဒီ ၈ ရာစုလောက်ကတည်းက ရှိခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်နယ်ရဲ့ သမိုင်းနဲ့ချီတဲ့ ဆက်စပ်မှုကို ဖျောက်လိုတဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံးကို မသုံးဖို့အတွက် မြန်မာအစိုးရက တောင်းဆိုထားကြောင်း ၀ဘ်ဆိုက်က ဆိုပါတယ်။

    ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၉၇၈ ခုနှစ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ လျှို့ဝှက် လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်မှာ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံအတွင်းမှာ တရားဝင်နေထိုင်သူတွေအဖြစ် မြန်မာအစိုးရက ၀န်ခံထားတာကို Dhaka Tribune က ထောက်ပြခဲ့ပါတယ်။

    အဲဒီစာချုပ်ကို ၂၀၁၄ ခုနှစ်မှာ Princeton တက္ကသိုလ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး Forbes က ဒီအကြောင်းကို ထပ်ဆင့်ဖော်ပြခဲ့တာဖြစ်ပါတယ်။

    Dhaka Tribune ကတော့ ၁၉၆၂ ခုနှစ်ကစလို့ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ ‘နိုင်ငံခြားသား’ တွေကို ဖော်ထုတ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသားစီစစ်ရေးကို လုပ်ဆောင်ခဲ့ကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

    မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းတာ၊ အဓမ္မကျင့်တာ၊ သတ်ဖြတ်တာတွေကို လုပ်ဆောင်တယ်လို့ သတင်းတွေထွက်ခဲ့ပြီး ၁၉၇၈ ခုနှစ် မေလအတွင်းမှာ ရိုဟင်ဂျာ ၂ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ရကာ နယ်စပ်က ကုလရဲ့ ဒုက္ခသည်စခန်း ၁၃ ခုမှာ နေထိုင်ခဲ့ရတယ်လို့လည်း Dhaka Tribune က ဆိုပါတယ်။

    မြန်မာအာဏာပိုင်တွေကတော့ ဒီလို ထွက်ပြေးသွားသူတွေဟာ တရားမ၀င် နေထိုင်သူတွေဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Forbes ရဲ့ ဖော်ပြမှုကို Dhaka Tribune က ကိုးကားထားပါတယ်။

    ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ ဒီဒုက္ခသည်တွကို မြန်မာဖက်က ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့ပြီး ကုလရဲ့ အကူအညီနဲ့အတူ မြန်မာနိုင်ငံနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

    ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ ဆိုတဲ့ အဲဒီစာချုပ်ရဲ့ အပိုဒ် ၁(က) မှာ

    “ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေပြီး အမျိုးသားမှတ်ပုံတင်ကတ်ပြားရှိတဲ့ မြန်မာနိုင်ငံမှာ တရားဝင်နေထိုင်သူတွေကို သူတို့ရဲ့ ခင်ပွန်း၊ ဇနီး၊ မိဘ၊ ယောက္ခထီးယောက္ခမ၊ သားသမီးအရင်း၊ မွေးစားသားသမီး၊ မြေး၊ သားမက်၊ ချွေးမနဲ့ မုဆိုးမဖြစ်နေတဲ့ အစ်မ၊ ညီမတွေနဲ့အတူ ပထမဆုံးအသုတ်အနေနဲ့ ပြန်လည်လက်ခံဖို့ ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံက သဘောတူပါတယ်” လို့ ဖော်ပြထားပါတယ်။

    ၁၉၉၁ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အတွင်း ဖိနှိပ်မှုနဲ့ ဘာသာရေးချုပ်ချယ်မှုတွေကြောင့် နောက်ထပ် ရိုဟင်ဂျာ ၂ သိန်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာရပြီး ၁၉၉၂ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ “Joint statement by the foreign ministers of Bangladesh & Myanmar issued at the conclusion of the official visit of the Myanmar Foreign Minister to Bangladesh 23-28 April 1992″ ဆိုတဲ့ ခေါင်းစဉ်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်မှာလည်း မြန်မာဖက်က ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ထပ်မံ အသိအမှတ်ပြုထားတယ်လို့ Dhaka Tribune က ထည့်သွင်း ဖော်ပြထားပါတယ်။

    နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအနေနဲ့ ယခင်က သဘောတူညီချက်တွေကို ဖောက်ဖျက်မှု၊ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက သိရှိဖို့လိုပြီး၊ လက်ရှိ ဖြစ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေအတွက် စီးပွားရေးနဲ့ သံတမန်ရေးဆိုင်ရာ ပိုမိုဖိအားပေးဖို့ တိုက်တွန်းထားပါတယ်။

    Ref: Dhaka Tribune

    ၁၉၇၈ ခုနှစ် ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ စာချုပ် စာမျက်နှာ ၁
    ၁၉၇၈ ခုနှစ် ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ စာချုပ် စာမျက်နှာ ၂
    ၁၉၇၈ ခုနှစ် ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ စာချုပ် စာမျက်နှာ ၃
  • ရခိုင်ပြဿနာတွင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ချိန် တန်ပြီဟု ယန်ဟီးလီပြော

    ရခိုင်ပြဿနာတွင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ချိန် တန်ပြီဟု ယန်ဟီးလီပြော

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာရသည့် ရိုဟင်ဂျာများ

    – ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေကို ကာကွယ်မပေးနိုင်ဘူးလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီက ဝေဖန်လိုက်ပြီး ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဖြစ်မနေ ကြားဝင်ဆောင်ရွက်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။

    သြဂုတ်လ နှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်တွေ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းတွေနဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၉ သောင်းနီးပါးလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာရတယ်လို့ ကုလက ပြောကြားပြီးနောက်ပိုင်းမှာ ယန်းဟီးလီရဲ့ ဒီမှတ်ချက် ပေါ်ထွက်လာတာပါ။

    အခုလက်ရှိ ပျက်ဆီးမှုပမာဏဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်တပ်ကလုပ်တဲ့ စစ်ဆင်ရေးမှာ ပျက်ဆီးဆုံးရှုံးမှုထက် ပိုမိုကြီးမားတယ်လို့လည်း ယန်ဟီးလီက ဆိုပါတယ်။

    “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကိုယ်ရဲ့ တရားစီရင်ပိုင်ခွင့်ရှိတဲ့ နယ်နမိတ်အတွင်းမှာ ဘယ်သူ့ကိုမဆို ကာကွယ်ပေးဖို့ဆိုတာ ဘယ်အစိုးရမှာမဆို ကျွန်မတို့မျှော်လင့်တဲ့ ကိစ္စပါပဲ” လို့ ယန်းဟီလီက ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေက စစ်သားတွေနဲ့ ရခိုင်အုပ်စုတွေဟာ သူတို့ရဲ့ရွာတွေကို မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်တပ်ကတော့ သူတို့အနေနဲ့ ရိုဟင်ဂျာ စစ်သွေးကြွတွေကို တိုက်ခိုက်နေတာသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

    ဂြိုဟ်တုဓာတ်ပုံတွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်လျှောက် မီးလောင်ပြင်ဖြစ်နေတာကို တွေ့ရပြီး Human Rights Watch အဖွဲ့ကလည်း ရိုဟင်ဂျာရွာတစ်ရွာမှာ အိမ်ခြေ ၇၀၀ ကျော်လောက် မီးလောင်နေတဲ့ ဓာတ်ပုံတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြခဲ့ပါတယ်။

    ယန်းဟီးလီက ဒေါ်အောင်ဆန်းစုကြည်ဟာ ‘ဆုပ်လည်းဆူး၊ စားလည်းရူမယ့် အခြေအနေမျိုး’ ဖြစ်နေတယ်ဆိုတာ သူသိပေမယ့် ‘အဲဒီအနေအထားကနေ ရုန်းထွက်ဖို့အတွက် အချိန်ကျပြီ’ လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref : BBC

  • ရိုဟင်ဂျာများကို ဖိနှိပ်မှုရပ်တန့်ရေး သီရိလင်္ကာမှ တမီလ်များ ဆန္ဒပြ

    ရိုဟင်ဂျာများကို ဖိနှိပ်မှုရပ်တန့်ရေး သီရိလင်္ကာမှ တမီလ်များ ဆန္ဒပြ

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဆန့်ကျင်ပြီး၊ သူတို့နဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ သိရိင်္လကာက တမီလ်ပြည်သူတွေဟာ စနေနေ့မှာ ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။

    နိုင်ငံမြောက်ပိုင်း ဂျက်ဖနာမြို့ Jaffna Central Bus Stand မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ပါဝင်သူတွေဟာ မြန်မာအစိုးရက ကျူးလွန်တယ်လို့ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုတဲ့ ပိုစတာတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

    ဒီဆန္ဒပြမှုမှာ မြောက်ပိုင်းပြည်နယ်အစိုးရ တာဝန်ရှိသူတွေဖြစ်တဲ့ Ayngaranesan နဲ့ Vinthan Kanagaratnam တို့လည်း ပါဝင်ခဲ့ကြပါတယ်။

    ရိုဟင်ဂျာတွေ ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အင်ဒိုနီးရှား၊ တူရကီ၊ ဂျာမနီ တွေအပါအ၀င် ကမ္ဘာ့တစ်ဝှမ်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

    ကမ္ဘာတစ်ဝှမ်းမှာ ဆန္ဒပြမှု စုစည်းချက်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

    Ref: tamilguardian

  • ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ထိခိုက်ခံစားရမှုအတွက် ကမ္ဘာတစ်ဝှမ်းမှတုန့်ပြန်မှုများ စုစည်းချက်

    ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ထိခိုက်ခံစားရမှုအတွက် ကမ္ဘာတစ်ဝှမ်းမှတုန့်ပြန်မှုများ စုစည်းချက်

    စက်တင်ဘာ ၃၊ ၂၀၁၇
    M-Media

    – လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေမှာ ရိုဟင်ဂျာမွတ်စလင်တွေ ဖိနှိပ်ချုပ်ခြယ် တိုက်ခိုက်ခံရမှုကို ဆန့်ကျင်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာတစ်ဝှမ်း ဆန္ဒပြမှုတွေ၊ တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီအဖြစ်အပျက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

    အင်ဒိုနီးရှား

    အင်ဒိုနီးရှားနိုင်ငံက ပြည်သူတွေနဲ့၊ တက်ကြွလှုပ်ရှားသူတွေဟာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်ဖို့၊ အဖိအနှိပ်ခံ ရိုဟင်ဂျာတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြသဖို့အတွက် မနေ့က ဆန္ဒပြခဲ့ကြပြီး ဂျကာတာက မြန်မာသံရုံးရှေ့ကို ချီတက်ခဲ့ကြပါတယ်။

    “ရိုဟင်ဂျာမွတ်စလင်တွေကို ကယ်တင်ပါ” “မြန်မာသံအမတ်ကို မောင်းထုတ်ပါ” စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပြီး မြန်မာအစိုးရကိုဆန့်ကျင်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    ဆန္ဒပြပွဲတွေဟာ ဒီနေ့မနက် ဂျကာတာမြို့လယ်ကောင်မှာလည်း ဆက်လက်ဖြစ်ပွားခဲ့ပြီး ပါဝင်သူတွေက ရိုဟင်ဂျာမွတ်စလင်တွေအပါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ရေး ကြိုးပမ်းမှုမှာ တက်တက်ကြွကြွပါဝင်ဖို့ အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    ဒီနေ့မနက်အစောပိုင်းမှာ ဂျကာတာက မြန်မာသံရုံးဟာ ဓာတ်ဆီဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့က ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သူ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီကို မြန်မာနိုင်ငံ စေလွှတ်ခဲ့ပြီး ကုလအပါအ၀င် သက်ဆိုင်ရာပုဂ္ဂိုတွေနဲ့ ရိုဟင်ဂျာအရေး ခြေခြေမြစ်မြစ် ဆွေးနွေးဖို့အတွက် မှာကြားလိုက်တယ်လို့ ဆိုပါတယ်။

    “ဒီနေ့လည်ခင်းမှာ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ထွက်ခွာသွားပြီး အကြမ်းဖက်မှုတွေကို တားဆီးရေး၊ ရပ်တန့်ရေး၊ မွတ်စလင်တွေအပါအ၀င် မြန်မာနိုင်ငံက နိုင်ငံသားအားလုံးကို ကာကွယ်ပေးရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ၀င်ခွင့်ပေးရေး တောင်းဆိုပါလိမ့်မယ်” လို့ ၀ီဒိုဒိုက ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ဖြေရှင်းဖို့အတွက် ခိုင်မာတဲ့ ဆောင်ရွက်မှုတွေ လိုအပ်တယ်ဆိုတာကို အင်ဒိုနီးရှားအစိုးရက သိရှိနားလည်ထားပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေအတွက် အကူအညီ ထပ်ဆောင်းပေးအပ်ရေး နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ကို သွားရောက်မယ်လို့လည်း ဆိုပါတယ်။

    တူရကီ

    ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း အင်္ဂါနေ့က ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တဲ့ တူရကီပြည်သူတွေဟာ မနေ့ကလည်း လမ်းပေါ်ထွက်လာခဲ့ပြီး ထပ်မံ ဆန္ဒပြခဲ့ကြပါတယ်။

    ပြီးခဲ့ ၂ ရက်အတွင်းမှာ တူရကီက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

    ရိုဟင်ဂျာ လက်နက်ကိုင်တွေကို မြန်မာအစိုးရစစ်တပ်က နှိမ်နှင်းမှုအတွင်း ရိုဟင်ဂျာ အရပ်သားတွေ အသတ်ခံခဲ့ရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ တူရကီက ပြည်သူတစ်ချို့ဟာ အဝေးရောက် ဈာပနအခမ်းအနား ကျင်းပခဲ့ပြီး ၀တ်ပြုဆုတောင်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

    တူရကီက ပရဟိတအဖွဲ့တွေဟာ ရိုဟင်ဂျာတွေကို ကူညီရေး ရန်ပုံငွေကောက်ခံနေကြပြီး၊ တူရကီအစိုးရကလည်း ဘလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကူညီပံ့ပိုးမှုတွေ ပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားထားပါတယ်။

    သမ္မတအာဒိုဂန်ဟာ သြဂုတ်လ ၃၁ ရက်နေ့က အီရန်၊ ကာတာတို့အပါအ၀င် ကမ္ဘာ့မွတ်စလင်နိုင်ငံတွေက ခေါင်းဆောင်တွေကို ဖုန်းခေါ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

    ဂျာမနီ

    ဂျာမနီနိုင်ငံ မြို့တော်ဘာလင်က မြန်မာသံရုံးရှေ့မှာ မနေ့က လူတစ်ချို့ဟာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုကို ရပ်တန့်ပါ” “ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်တယ်” ဆိုတဲ့ ဆောင်ပုဒ်တွေကို ဂျာမနီ၊ အင်္ဂလိပ် ဘာသာတွေနဲ့ ရေးသားကာ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

    ဒီဆန္ဒပြမှုကို NGO အဖွဲ့တွေရဲ့ ပံ့ပိုးမှုနဲ့အတူ Turkish Community of Berlin အဖွဲ့က ဦးစီးဆောင်ရွက်တာဖြစ်ပြီး ကြေငြာချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီကြေငြာချက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ အစိုးရဲ့ ဖိနှိပ်မှု၊ လူမဆန်တဲ့ အခြေအနေတွေအောက်မှာ နေထိုင်နေရကြောင်း ဖော်ပြထားပြီး၊ ထိခိုက်ခံစားနေရတဲ့ သူတို့တွေကို ကူညီဖေးမဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ရုရှား

    မော်စကိုက မွတ်စလင်တွေကတော့ ဒီနေ့မနက် မြန်မာသံရုံးရှေ့မှာ စုရုံးကာ ဆန္ဒပြခဲ့ကြပါတယ်။

    ဆန္ဒပြလူစုဟာ မော်စကိုမြို့လယ်ကောင်ကနေ မြန်မာသံရုံးရှေ့ကို ချီတက်ခဲ့ကြပြီး ဆန္ဒပြမှုမှာ အနည်းဆုံး လူ ၈၀၀ လောက်ပါဝင်တယ်လို့ မော်စကိုရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    သံရုံးရှေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ထူထပ်စွာ ချထားခဲ့ပြီး ဆန္ဒပြသူတွေဟာ သံရုံးအဆောက်အဦးရှေ့မှာ ၀တ်ပြုဆုတောင်းမှုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ မော်စကိုမွတ်စလင်တွေရဲ့ ဒီလို ဆန္ဒပြတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။

    ခြေချင်းညာခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်က သူတို့အနေနဲ့ ဒီလို ဆန္ဒပြမှုမျိုးကို စက်တင်ဘာ ၄ ရက်နေ့မှာ ခြေချင်းညာမြို့တော် ဂရိုဇ်နီမှာ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ Instagram စာမျက်နှမှာ ပြောကြားခဲ့ပါတယ်။

    အဲဒီဆန္ဒပြမှုအတွင်း အဖိနှိပ်ခံနေရသူတွေအတွက် ရည်ရွယ်တဲ့ ၀တ်ပြုဆုတောင်းမှုလည်း ပါဝင်မယ်လို့ သူက ဆိုပါတယ်။

    ဆော်ဒီ

    ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံအဖွဲ့ကလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။

    “အစ္စလာမ့်အွမ္မသ်ရဲ့ ခေါင်းဆောင်အဖြစ် ဆော်ဒီဟာ တာဝန်ဝတ္တရားအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခု ပေါ်ထွက်လာရေး ဆော်ဒီက တိုက်တွန်းဆော်သြခဲ့ပါတယ်” လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖြေရှင်းရေးအတွက် ဆော်ဒီဟာ ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း၊ ဒီကိစ္စအတွက် စိတ်ပူပန်မိတယ်လို့ ကုလ အထွေထွေအတွင်းရေးမှူးကို ပြောကြားခဲ့ကြောင်း၊ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဒုက္ခသုက္ခတွေအတွက် ရေရှည်တည်တံ့မယ့် အဖြေတစ်ခု ရှာဖွေရေး ကြိုးပမ်းအားထုတ်သွားမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဒုက္ခသုက္ခတွေအတွက် အလွန်အမင်း စိုးရိမ်ကြောင်း ပြောကြားတဲ့ ကြေငြာချက်တစ်စောင်ကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပြီး ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း မြန်မာအစိုးရကို
    တိုက်တွန်းခဲ့ပါတယ်။

    ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေပြုလုပ်သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သင့်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    အလ်ကိုင်းဒါက ခြိမ်းခြောက်

    ယီမင်နိုင်ငံရဲ့ အလ်ကိုင်းဒါးအဖွဲ့ခွဲခေါင်းဆောင် ခါလစ် ဘာတာရ်ဖီက ရိုဟင်ဂျာမွတ်စလင်ကို အားပေးထောက်ခံဖို့နဲ့ မြန်မာအာဏာပိုင်တွေအပေါ် တိုက်ခိုက်မှုတွေပြုလုပ်ဖို့ တိုက်တွန်းတဲ့ ဗီဒီယိုတစ်ခု မနေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။

    ဒီဗီဒီယိုကို အလ်ကိုင်းဒါရဲ့ al-Malahem မီဒီယာဖောင်ဒေးရှင်းက ထုတ်ပြန်တာဖြစ်ပြီး ခါလစ်က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားတို့က မွတ်စလင်တွေကို ဒီလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယက အလ်ကိုင်းအဖွဲ့ AQIS အနေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ဖို့လည်း သူက ဆော်သြခဲ့ပါတယ်။

    Ref: Reuters, dailysabah, hurriyetdailynews, aa.com, RT, India Express, alarabiya, geo.tv

  • အင်ဒိုနီးရှားရှိမြန်မာသံရုံး ဓာတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံရ

    အင်ဒိုနီးရှားရှိမြန်မာသံရုံး ဓာတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံရ

    စင်တက်ဘာ ၃၊ ၂၀၁၇
    M-Media

    ဂျကာတာမြို့ရှိ မြန်မာသံရုံး

    – ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးဟာ ဒီနေ့မနက်အစောပိုင်းမှာ ဓာတ်ဆီဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး မီးလောင်မှု အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

    လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဒီလို တိုက်ခိုက်မှုမျိုး ဖြစ်လာတာဖြစ်ပါတယ်။

    သံရုံးနောက်ဖက်လမ်းမှာ ပတ္တယောင်လှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ ဒေသစံတော်ချိန် ဒီနေ့မနက် ၂ နာရီ ၃၅ မှာ သံရုံးရဲ့ ဒုတိယထပ် မီးလောင်နေတာကို တွေ့ရှိခဲ့ပြီးတဲ့နောက် သံရုံးကို စောင့်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့တယ်လို့ ဂျကာတာရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မီးညှိမ်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဟာ မီးစာတပ်ထားတဲ့ ဘီယာပုလင်းအကွဲကို တွေ့ရှိခဲ့ပြီး သံသယရှိသူဟာ MPV ကားနဲ့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားတယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    လက်ရှိမှာ ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာဂို ယူဝိုနိုက ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်က လှုံ့ဆော်မှုကိုတော့ ရဲတပ်ဖွဲ့က မသိရှိသေးပါဘူး။

    မနေ့က တက်ကြွလှုပ်ရှားသူအချို့ဟာ သံရုံးရှေ့မှာ ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုကို ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ဒီနေ့မနက်ပိုင်းမှာလည်း ဂျကာတာမြို့လယ်ကောင်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ မွတ်စလင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာနဲ့ပတ်သက်လို့ ဖြေရှင်းရေးမှာ အင်ဒိုနီးရှားအစိုးရက တက်တက်ကြွကြွပါဝင်ဖို့ အစ္စလာမ့်မစ်အဖွဲ့အစည်းတွေက လူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပါတယ်။

    Ref: Reuters