News @ M-Media

Tag: Rakhine State

  • အင်ဒိုနီးရှားရှိမြန်မာသံရုံး ဓာတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံရ

    အင်ဒိုနီးရှားရှိမြန်မာသံရုံး ဓာတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံရ

    စင်တက်ဘာ ၃၊ ၂၀၁၇
    M-Media

    ဂျကာတာမြို့ရှိ မြန်မာသံရုံး

    – ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးဟာ ဒီနေ့မနက်အစောပိုင်းမှာ ဓာတ်ဆီဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး မီးလောင်မှု အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

    လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဒီလို တိုက်ခိုက်မှုမျိုး ဖြစ်လာတာဖြစ်ပါတယ်။

    သံရုံးနောက်ဖက်လမ်းမှာ ပတ္တယောင်လှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ ဒေသစံတော်ချိန် ဒီနေ့မနက် ၂ နာရီ ၃၅ မှာ သံရုံးရဲ့ ဒုတိယထပ် မီးလောင်နေတာကို တွေ့ရှိခဲ့ပြီးတဲ့နောက် သံရုံးကို စောင့်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့တယ်လို့ ဂျကာတာရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မီးညှိမ်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဟာ မီးစာတပ်ထားတဲ့ ဘီယာပုလင်းအကွဲကို တွေ့ရှိခဲ့ပြီး သံသယရှိသူဟာ MPV ကားနဲ့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားတယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    လက်ရှိမှာ ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာဂို ယူဝိုနိုက ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်က လှုံ့ဆော်မှုကိုတော့ ရဲတပ်ဖွဲ့က မသိရှိသေးပါဘူး။

    မနေ့က တက်ကြွလှုပ်ရှားသူအချို့ဟာ သံရုံးရှေ့မှာ ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုကို ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ဒီနေ့မနက်ပိုင်းမှာလည်း ဂျကာတာမြို့လယ်ကောင်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ မွတ်စလင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာနဲ့ပတ်သက်လို့ ဖြေရှင်းရေးမှာ အင်ဒိုနီးရှားအစိုးရက တက်တက်ကြွကြွပါဝင်ဖို့ အစ္စလာမ့်မစ်အဖွဲ့အစည်းတွေက လူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပါတယ်။

    Ref: Reuters

  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ ပြည့်လျှံနေပြီဟု အကူအညီပေးရေးအဖွဲ့များ သတိပေး

    ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ ပြည့်လျှံနေပြီဟု အကူအညီပေးရေးအဖွဲ့များ သတိပေး

    စက်တင်ဘာ ၃၊ ၂၀၁၇
    M-Media

    ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများ

    – ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၇၅၀၀၀ နီးပါး ရှိနေပြီး၊ ကယ်ဆယ်ရေးစခန်းတွေလည်း ပြည့်လျှံနေပြီလို့ အကူအညီပေးရေး အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    “ထွက်ပြေးလာသူအများစုဟာ တော်တော်လေး ထိခိုက်ခံစားနေရသူတွေပါ။ တစ်ချို့တွေက အစားအသောက် မစားရတာ ရက်အနည်းငယ် ရှိနေပြီလို့ ပြောပြီး၊ တစ်ချို့တွေကြတော့ သူတို့ရဲ့ အတွေ့အကြုံတွေကြောင့် စိတ်ထိခိုက်နေကြပါတယ်” လို့ UNHCR မှ ဒေသတွင်း ပြောရေဆိုခွင့်ရှိသူ ဗီဗီယန်တန်က ပြောကြားခဲ့ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အပါအ၀င် လူပေါင်း ၄၀၀ လောက် သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

    သေဆုံးသူအများစုဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ကူးစက်ရောဂါတွေနဲ့ အဟာရချို့တဲ့မှုအတွက် ဆေးဝါးကုသမှု ချက်ခြင်းလိုအပ်နေတယ်လို့ အကူအညီပေးရေးလုပ်သားတွေက ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလာဒေ့ရှ်ကို ရောက်လာတဲ့ ရိုဟင်ဂျာ ၅၀ ကျော်လောက်မှာ သေနတ်ဒဏ်ရတွေကို တွေ့ရပြီး ကော့ဇ်ဘဇားက ဆေးရုံတွေမှာ ကုသမှုခံယူနေရတယ်လို့လည်း အခြား အကူအညီပေးရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားတွေကို အစိုးရက ကူညီကယ်ဆယ်ထားပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ပွားပြီး တစ်ပတ်ကျော်အကြာ မနေ့ကတော့ ရိုဟင်ဂျာကျေးရွာတစ်ခုမှာ အခြေခံအစားအသောက်တွေ အစိုးရက ပေးအပ်တဲ့ဓာတ်ပုံ တက်လာပြီး အကြမ်းဖက်သမားတွေကို ရိုဟင်ဂျာတွေက ဖမ်းဆီးကာ ရဲလက်အပ်နှံတဲ့ ဖြစ်စဉ်တွေကိုလည်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

    Ref: Aljazeera

  • ရခိုင်ပြည်နယ်တွင် လတ်တလော မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၄ သောင်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး

    ရခိုင်ပြည်နယ်တွင် လတ်တလော မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၄ သောင်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    မတည်ငြိမ်မှုကြောင့် ထွက်ပြေးရသည့် ရိုဟင်ဂျာကလေးငယ်များ

    – လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၄၀၀၀၀ နီးပါးလောက် ရှိတယ်လို့ ကုလက ပြောကြားလိုက်ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာစစ်သွေးကြွတွေဟာ ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားတဲ့ မတည်ငြိမ်မှုမှာ လူသေဆုံးမှုတွေလည်း ရှိခဲ့ပြီး ဒေသတွင်းက လူအဖွဲ့အစည်းအားလုံးဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ရိုဟင်ဂျာတွေကတော့ နတ်မြစ်ကိုကျော်ကာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးဖို့ ကြိုးစားကြပြီး သောကြာနေ့မှာ နတ်မြစ်အတွင်း ရေနစ်သေဆုံးခဲ့တဲ့ အလောင်း ၁၆ လောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့်လတ်တလော ထွက်ပြေးမှုအတွင်း လှေနစ်သေဆုံးသူအရေအတွက်ဟာ အလောင်းတွေ့ရှိမှုအရ ၄၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။

    ကုလ တာဝန်ရှိသူတွေကတော့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်လာသူ ရိုဟင်ဂျာအနေရအတွက်ဟာ ၃၈၀၀၀ လောက်ရှိနေပြီး ဒီအရေအတွက်ဟာ ခန့်မှန်းတွက်ချက်မှုသာဖြစ်တယ်လို့ ဆိုပါတယ်။

    “ကားလမ်းဘေးတွေမှာ တဲတွေထိုးနေတာကို ကျွန်မတို့မြင်နေရပါတယ်။ နေရာလွတ်တောင် မရှိတော့ပါဘူး” လို့ UNHCR ရဲ့ ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗီဗီယန်တန်က ပြောပါတယ်။

    ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကလည်း နယ်စပ်မှာ စောင့်နေတယ်လို့ သတင်းတွေကဖော်ပြပြီး၊ မစ္စတန်ကတော့ နယ်စပ်ထိန်းချုပ်မှုတွေဟာ တစ်နေရာကနေ တစ်နေရာကို အတည်တကျ မရှိဘူးလို့ ဆိုပါတယ်။

    မြန်မာအစိုးရကတော့ သူတို့အနေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်ပေါင်း ၁၁၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ ပြောကြားထားပါတယ်။

    ဂျာနယ်လစ်တွေကို ၀င်ခွင့်ကန့်သက်ထားတာကြောင့် မြေပြင်အခြေအနေ အတိအကျကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။

    Ref: BBC

  • ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ဖျက်ရေးတွင် အရပ်သားများမထိခိုက်စေရန် အမေရိကန် တိုက်တွန်း

    ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ဖျက်ရေးတွင် အရပ်သားများမထိခိုက်စေရန် အမေရိကန် တိုက်တွန်း

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

    – ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာစစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုကို တားဆီးရာမှာ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့၊ အပြစ်မဲ့အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ မပြုလုပ်ဖို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက မနေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ Arakan Rohingya Salvation Army ဆိုတဲ့အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းတွေနဲ့ ရဲစခန်း ၃၀ လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်မှုတွေပြုလုပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ချို့အပါအ၀င် လူပေါင်း ၁၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    သေဆုံးသူအများစုဟာ ARSA က အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    အမေရိကန် သံအမတ်က ဒီ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချတယ်လို့ ပြောကြားခဲ့ပြီး၊ ဒီ အကြမ်းဖက်မှုမျိုး ထပ်မဖြစ်အောင် တားဆီးတဲ့နေရာမှာ အပြစ်မဲ့အရပ်သားတွေ၊ အကူအညီပေးရေးအဖွဲ့တွေကို မထိခိုက်စေဖို့၊ နိုင်ငံတကာ ဥပဒေတွေအတိုင်း ဆောင်ရွက်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

    အကူအညီလိုအပ်နေသူတွေကို အကူအညီပေးဖို့၊ လူ့အဖွဲ့အစည်းအားလုံး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိရေး ဆောင်ရွက်ပေးဖို့အတွက်လည်း ဟာလေးက တိုက်တွန်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုကြောင့် သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ဖက်ကို ထွက်ပြေးခဲ့ရပြီး၊ မြန်မာစစ်တပ်ကလည်း ရိုဟင်ဂျာအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာကြောင့် ကုလ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က တံခါးပိတ်အစည်းအဝေး
    ကျင်းပခဲ့ပါတယ်။

    Ref : Reuters

  • ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ရိုဟင်ဂျာများ ရေနစ်သေဆုံးမှု ရှိနေ

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ရိုဟင်ဂျာများ ရေနစ်သေဆုံးမှု ရှိနေ

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာရင်း ရေနစ်သေဆုံးခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA ဟာ ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ပြီးခဲ့တဲ့တစ်ပတ်က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြင့်တက်လာတဲ့ မတည်ငြိမ်မှုတွေကနေလွတ်အောင် အမျိုးသမီးနဲ့ ကလေးတွေ အများစုပါဝင်တဲ့ ရိုဟင်ဂျာအုပ်စုတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေရပါတယ်။

    ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေဟာ တော်တော်ဆိုးဝါးနေပြီး လှေနဲ့ ထွက်ပြေးဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

    ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်ကို ဖြတ်သန်းဖို့အတွက် မသင့်လျော်တဲ့ လှေငယ်လေးတွေနဲ့ ထွက်ပြေးနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရိုဟင်ဂျာ သိန်းချီလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အခုတစ်ခေါက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လက်မခံဘဲ ပြန်လည် နှင်ထုတ်နေပြီး ရိုဟင်ဂျာတွေဟာ နှစ်နိုင်ငံနယ်ခြားက နေရာလွတ်တွေမှာ ပိတ်မိနေပုံရပါတယ်။

    ဒေသ မတည်ငြိမ်တာကြောင့် အရေအတွက်အတိအကျကို သတင်းသမားတွေ သွားရောက်သတင်းယူခွင့် မရပါဘူး။

    ဘင်္ဂလားဒေ့ရှ်မှာ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ လုပ်သားတွေကတော့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေပြီး နောက်ထပ်ရောက်လာတဲ့ သူတွေမှာ သေနတ်ဒဏ်ရာတွေပါ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC