News @ M-Media

Tag: Rakhine State

  • ရခိုင်ပြည်နယ်အတွက် ဒူတာတေး ဒေါ်လာ ၃ သိန်း လှူဒါန်း

    ရခိုင်ပြည်နယ်အတွက် ဒူတာတေး ဒေါ်လာ ၃ သိန်း လှူဒါန်း

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ သုံးသိန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

    ဒူတာတေးမှာ မတ်လ ၂၀ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာခေါင်းဆောင်များနှင့် ယမန်နေ့တွင် တွေ့ဆုံခဲ့သည်။ သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံပြီးနောက် စားနပ်ရိက္ခာဖူလှုံရေးနှင့် လယ်ယာလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်ကမူ ဒူတာတေး၏ ထိုလှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ဖိလစ်ပိုင်အစိုးရရဲ့ အမျှော်အမြင်ရှိတဲ့ ဒီအပြုအမူက အာဆီယံစည်းလုံးညီညွတ်မှုနဲ့ မိသားစုစိတ်ဓာတ်ကို ထင်ဟပ်စေသလို နှစ်နိုင်ငံအကြား ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့ မိတ်ဆွေဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ရောင်ပြန်ဟပ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သည်။

    ဒူတာတေးကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဖိလစ်ပိုင်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခ်ါခဲ့သည်။

    မြန်မာနိုင်ငံသို့ ဒူတာတေးလာရောက်မှုမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စ တိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

    REf: Philstar.com

  • ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်အများစုကို အကောင်အထည်ဖော်မည်ဟု မြန်မာအစိုးရ သတင်းထုတ်ပြန်

    ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်အများစုကို အကောင်အထည်ဖော်မည်ဟု မြန်မာအစိုးရ သတင်းထုတ်ပြန်

    မေ ၁၆၊ ၂၀၁၇
    M-Media

    သတင်းစာရှင်းလင်းပွဲတွင် ဗီဒီယိုမှ မိန့်ခွန်းပြောနေသည့် ကိုဖီအန်နန်

    – မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမွတ်စလင်ကို သူတို့ရဲ့ အရင်နေအိမ်တွေမှာ ပြန်လည်နေထိုင်ခွင့်ပေးတာမျိုး၊ ဒုက္ခသည်စခန်းတွေကို လုံးဝ ပိတ်ပစ်တာမျိုးကို အလျင်အမြန် ဆောင်ရွက်သင့်တယ်လို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးကော်မရှင်က ယနေ့မှာ ပြောကြားလိုက်ပြီး မြန်မာအစိုးရက အများစုကို အကောင်အထည်ဖော်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အရေး ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်မှုအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး၊ ထိခိုက်ခံစားရသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ သတင်းမီဒီယာတွေကို ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ လွပ်လပ်စွာ ၀င်ခွင့်ပေးရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးရေး၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူရေး စတာတွေကိုလည်း ကော်မရှင်က အကြံပြုခဲ့ပါတယ်။

    “ယာယီဒုက္ခသည်စခန်းတွေဟာ အမြဲတမ်းရှိနေရမယ့် အခြေအနေမျိုးလို့ ကျွန်တော်တို့မထင်ပါဘူး” လို့ ကော်မရှင်အဖွဲ့ဝင် ဂါဆန် ဆာလာမီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လက်ရှိမှာ ရိုဟင်ဂျာမွတ်စလင်အများစုပါဝင်တဲ့ လူပေါင်း ၁၂၀,၀၀၀ လောက်ဟာ ယာယီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။ တစ်ချို့တွေကတော့ သူတို့တွေဟာ နေအိမ်ကနေ အတင်းမောင်းထုတ်ခံရတယ်လို့ ဆိုပါတယ်။

    ဒုက္ခသည်တွေထဲက လုံလုံခြုံခြုံနဲ့ အိမ်ပြန်လို့ရမယ့်သူတွေကို ‘ပထမဆုံးခြေလှမ်းအဖြစ်၊ စိုးရိမ်မှုလျော့ပါးစေတဲ့ လက္ခဏာအဖြစ် ‘ ချက်ချင်း အိမ်ပြန်ပို့ပေးသင့်တယ်လို့လည်း ကော်မရှင်က ပြောကြားခဲ့ပါတယ်။

    ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ခေါင်းဆောင် ကိုဖီအန်နန်က လာရောက်နိုင်ခြင်းမရှိဘဲ ဗီဒီယိုကနေသာ စကားအနည်းအကျဉ်း ပြောခဲ့ပါတယ်။

    နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးပြီး ရိုဟင်ဂျာတွေရော၊ ရခိုင်တိုင်းရင်းသားတွေကိုပါ သွားလာခွင့်ကန့်သတ်ထားမှုကို ဖယ်ရှားပေးဖို့ အာနန်ကော်မရှင်က တိုက်တွန်းခဲ့ပါတယ်။

    ကော်မတီ၏ အကြံပေးချက်အများစုကို အကောင်အထည်ဖော်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာမှ ထုတ်ပြန်သည့် ကြေငြာချက်

    ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေဟာ ပြည်နယ်ရဲ့ အစိတ်အပိုင်းတော်တော်များများမှာ စစ်ဆေးရေးဂိတ်တွေရှိနေတာ၊ တားဆီးစစ်ဆေးမှုတွင်း တာဝန်ရှိသူတွေက အကျပ်ကိုင်တာတွေ လုပ်ဆောင်တာကိုလည်း ကော်မရှင်အဖွဲ့ဝင်တွေကို ပြောပြခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြုလုပ်တဲ့ စစ်ဆင်ရေးမှာ ကျူးလွန်မှုတွေအတွက် ‘ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့’ စုံစမ်းစစ်ဆေးရေးတစ်ခု ပြုလုပ်ဖို့လည်း ကော်မရှင်က ဆော်သြခဲ့ကာ၊ ရိုဟင်ဂျာကလေးတွေအတွက် မွေးစာရင်းထုတ်ပေးမှု ၂၀၁၂ ခုနှစ်ကတည်းက ရပ်တန့်ထားတာကိုလည်း ပြန်လည်စတင်ဖို့ ပြောကြားခဲ့ပါတယ်။

    “မွေးလာတဲ့ကလေးတွေမှာ မွေးစာရင်းမရှိဘူးဆိုတာ ကမ္ဘာ့ဘယ်နိုင်ငံမှာမှ မရှိတဲ့ ကိစ္စမျိုးပါ” လို့ ဆာလာမီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံရုံးကတော့ အာနန်ကော်မရှင်ရဲ့ ဒီကြားဖြတ်အစီရင်ခံစာကို ကြိုဆိုကြောင်း၊ အစီရင်ခံစာမှာပါဝင်တဲ့ အကြံပြုချက်တွေကို မိမိတို့ သဘောတူပြီး အမျိုးသား ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိမှာဖြစ်ကြောင်း၊ အကြံပြုချက်အများစုကိုလည်း အထိရောက်ဆုံးဖြစ်အောင် အမြန်ဆုံး အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

    Ref: Reuters

  • ရိုဟင်ဂျာများ ညှင်းပမ်းခံရမှု လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုဟု ယန်ဟီးလီပြော

    ရိုဟင်ဂျာများ ညှင်းပမ်းခံရမှု လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုဟု ယန်ဟီးလီပြော

    မတ် ၁၁၊ ၂၀၁၇
    M-Media

    – မြန်မာ အစိုးရစ်တပ်နှင့် ရဲတပ်ဖွဲ့မှာ ရိုဟင်ဂျာများနှင့်ပတ်သက်၍ လူထားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက BBC သို့ ပြောကြားလိုက်သည်။

    “လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုလို့ ပြောရပါလိမ့်မယ်။ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့တွေကလုပ်တဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဆိုတာ အသေအချာပါပဲ” ဟု ယန်ဟီးလီက ဆိုသည်။

    ထို့ပြင် ထိုပြဿနာမှာ လုံခြုံရေးတပ်ဖွဲ့များက စနစ်တကျ ကျူးလွန်မှုမျိုးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အစိုးရက တာဝန်ယူမှုအချို့ ပြုလုပ်ရမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    “အဆုံးတစ်နေ့မှာတော့ ဒီလို ကြီးမားတဲ့ ကြောက်စရာ ညှင်းပမ်းမှုမျိုး၊ သူတို့ရဲ့ နိုင်ငံသားတွေအပေါ် သူတို့ကိုယ်တိုင်ကျူးလွန်တဲ့ လူမဆန်တဲ့ ရာဇ၀တ်မှုတွေအတွက် အဖြေပေးရမှာ၊ တုန့်ပြန်ရမှာက အစိုးရ- အရပ်သားအစိုးရပါပဲ”

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ အင်တာဗျူးရန် ငြင်းဆိုခဲ့သည်။ သူမ၏ ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦ၀င်းထိန်က ထိုကဲ့သို့ စွပ်စွဲမှုများမှာ ချဲ့ကားပြောဆိုရာ ရောက်နေကြောင်း၊ ယခုပြဿနာမှာ ပြည်တွင်းပြဿနာဖြစ်ပြီး နိုင်ငံတကာ ပြဿနာမဟုတ်ကြောင်း ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်မှုပြီးနောက် အစိုးရလုံခြုံရေးတပ်ဖွဲ့များက ပြုလုပ်သော စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့ရသည်။

    ၎င်းတို့ကို BBC မှ မေးမြန်းမှုများအရ အစိုးရ လုံခြုံရေးတပ်ဖွဲ့များမှာ အရပ်သားများကို ပစ်သတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ နေအိမ်မီးရှို့ခြင်း၊ အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ခြင်းတို့ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ဂြိုဟ်တုမှရရှိသည့် ဓာတ်ပုံများ၊ မြေပြင်ဗီဒီယိုများကလည်း ၎င်းတို့၏ ပြောကြားမှုများကို ထောက်ခံနေသည်။

    ဦ၀င်းထိန်က လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်တပ်အား ဟန့်တားနိုင်သည့် ပါဝါမရှိကြောင်း၊ ယန်ဟီးလီ၏ ပြောကြားမှုများမှာ ချဲ့ကားပြောဆိုမှုများဖြစ်ပြီး တစ်ခါတစ်ရံတွင် ကုလမှာလည်း မှားယွင်းကြောင်း BBC သို့ ပြောကြားခဲ့သည်။

    “အစိုးရသစ်အနေနဲ့ ကျွန်တော်တို့ဟာ ခေတ်သစ်နိုင်ငံတစ်ခုအဖြစ် အောင်မြင်ဖို့ ကြိုးစားနေရပါတယ်။ ကျွန်တော်တို့မှာ ပြဿနာတွေထောင်ချီရှိတယ်။ ကျွန်တော်တို့ကတော့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုလို့ မယုံကြည်ပါဘူး။ ဒါဟာ ပြည်တွင်းရေးဖြစ်ပြီး နိုင်ငံတကာအရေး မဟုတ်ပါဘူး” ဟု ဦးဝင်ထိန်က ဆိုသည်။

    ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမှ စွပ်စွဲပြောဆိုမှုများအတွက် မြန်မာအစိုးရကလည်း ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ယန်းဟီလီမှာ တနင်္လာနေ့တွင် ဂျီနီဗာရှိ ကုလမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ၎င်း၏ နောက်ဆုံး တွေ့ရှိချက်များကို တင်ပြသွားမည်ဖြစ်ပြီး မြောက်ကိုရီးယားနှင့် ဆီးရီးယားမှ ကိစ္စရပ်များကို စုံစမ်စစ်ဆေးသကဲ့သို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် တိုက်တွန်းသွားမည်ဖြစ်သည်။

    BBC နှင့် ဆက်သွယ်မှုတွင် UK နှင့် အီးယူတို့က အဆိုပါကော်မရှင်အား ထောက်ခံမည်လားဆိုသည်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

    Ref: BBC

  • ရိုဟင်ဂျာအရေး ICC က အာရုံစိုက်ရန် လိုနေပြီဟု ကုလလူ့အခွင့်အရေးအကြီးအကဲ ပြော

    ရိုဟင်ဂျာအရေး ICC က အာရုံစိုက်ရန် လိုနေပြီဟု ကုလလူ့အခွင့်အရေးအကြီးအကဲ ပြော

    မတ် ၈၊ ၂၀၁၇
    M-Media

    ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ်-ဟူစိန်

    – မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်မှုတွေ ဆိုးဆိုးဝါးဝါးရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ရဲ့ အာရုံစိုက်မှုကို လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ် ဟူစိန်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဂျီနီဗာက လူ့အခွင့်အရေးကောင်စီမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ကာလရှည် ဆိုးဆိုးဝါးဝါး ညှင်းပမ်းနှိပ်စက်မှုမျိုးဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်နေပြီလို့လည်း ဆိုပါတယ်။ အလ် ဟူစိန်ဟာ နိုင်ငံပေါင်း ၄၀ ကျော်က လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဒီကောင်စီမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု – အထူးသဖြင့် အောက်တိုဘာ ၉ ရက် မောင်တောခရိုင်က နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ပြုလုပ်တဲ့ စစ်ဆင်ရေးမှာ ကျူးလွန်မှုတွေအတွက် အနည်းဆုံး ကော်မရှင်ဖွဲ့ စုံစမ်းဖို့လည်း လူ့အခွင့်အရေးကောင်စီကို အလ်-ဟူစိန်က တိုက်တွန်းခဲ့ပါတယ်။

    နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်မှုမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ပါတယ်။

    စစ်တပ်ကလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ အဓမ္မပြုကျင့်တာတွေ၊ တရားလက်လွတ် သတ်ဖြတ်တာတွေ၊ နေအိမ်မီးရှို့တာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မြန်မာအစိုးရနဲ့ ရဲတပ်ဖွဲ့ကတော့ ဒီသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။

    စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၄၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရသလို၊ ၂၀၀၀၀ ကျော်လောက်ဟာလည်း ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

    Ref : CNA

  • အစိုးရဘက်ဂျက်နှင့် အဆင်မပြေသည့် မြောက်ဦးလေဆိပ်အတွက် တင်ဒါခေါ်မည်

    အစိုးရဘက်ဂျက်နှင့် အဆင်မပြေသည့် မြောက်ဦးလေဆိပ်အတွက် တင်ဒါခေါ်မည်

    မေ ၅၊ ၂၀၁၇
    M-Media

    – အစိုးရဘက်ဂျက်ဖြင့် တည်ဆောက်ရန် အဆင်မပြေသည့် မြောက်ဦးလေဆိပ်အတွက် တင်ဒါခေါ်ယူသွားမည်ဟု ရခိုင်ပြည်နယ်အစိုးအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားလိုက်သည်။

    လေဆိပ်ဆောက်လုပ်ရေး လုပ်ငန်းကို ၂၀၁၅ ခုနှစ်က စတင်ခဲ့ပြီး ဗဟိုအစိုးရက တစ်နှစ်လျှင် ထိုစီမံကိန်းအတွက် ငွေကျပ် ၂ ဘီလီယံသာ ထောက်ပံ့သည့်အတွက် ထိုငွေပမာဏနှင့် စီမံကိန်းပြီးဆုံးရန်မှာ နောက်ထပ် ၁၀ နှစ်ကျော် ကြာမြင့်မည်ဟု ၎င်းက ဆိုသည်။

    “လေဆိပ်ဆောက်လုပ်ဖို့အတွက် တစ်နှစ်ကို ကျပ် ၂ ဘီလီယံလောက်ပဲ သုံးနိုင်တယ်။ ဒီစီမံကိန်းတစ်ခုလုံး အပြီးသတ်ဖို့အတွက် ငွေကျပ် ၂၆ ဘီလီယံလောက် လိုအပ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းကို တာဝန်ယူလိုတဲ့ ကုမ္ပဏီတွေကို တင်ဒါပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ တင်ဒါအောင်တဲ့သူ ဆောင်ရွက်လို့ရှိရင် လေဆိပ်ဟာ ၃ နှစ်အတွင်း ပြီးဆုံးနိုင်ပါတယ်။ ဒါဟာ မြောက်ဦးဒေသက ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကို အားကောင်းစေမှာ ဖြစ်ပါတယ်”

    လက်ရှိတွင် မြောက်ဦးကို ပြည်နယ်မြို့တော် စစ်တွေမှ ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့်သာ သွားလာနိုင်သည်။

    မြောက်ဦးတွင် သမိုင်းဝင် စေတီပုထိုးပေါင်း ၁၅၀၀ ကျော်ရှိနေပြီး အချို့၏ သက်တမ်းမှာ နှစ်ပေါင်း ၈၀၀ ကျော် ကြာမြင့်နေပြီဖြစ်သည်။ ထိုဒေသအား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရန် ကြိုးပမ်းနေသည်။

    ထို့ပြင် အဆိုပါ ဒေသမှာ နိုင်ငံခြားသားများ စိတ်ဝင်စားရာ နေရာလည်းဖြစ်ပြီး တစ်နှစ်လျှင် မြောက်ဦးသို့ လာရောက်သည့် နိုင်ငံခြား ခရီးသွားအရေအတွက်မှာ ၄၀၀၀ ကျော် ရှိနေသည်။

    Ref: Bangkokpost