News @ M-Media

Tag: Rakhine State

  • ရိုဟင်ဂျာများ ညှင်းပမ်းခံရမှုကို ပုပ်ရဟန်းမင်းကြီး ပြင်းပြင်းထန်ထန်ဝေဖန်

    ရိုဟင်ဂျာများ ညှင်းပမ်းခံရမှုကို ပုပ်ရဟန်းမင်းကြီး ပြင်းပြင်းထန်ထန်ဝေဖန်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ရှိသည်ဆိုသည့် သတင်းများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ ရိုဟင်ဂျာများ ၎င်းတို့၏ ယုံကြည်မှု၊ ယဉ်ကျေးမှုဖြင့် အသက်ရှင်နေထိုင်လိုခြင်းကြောင့် ညှင်းပမ်း၊ နှိပ်စက် သတ်ဖြတ်ခံနေရသည်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    မြန်မာစစ်တပ်လက်အောက်တွင် ရိုဟင်ဂျာများမှာ ညှင်းပမ်းနှိပ်စက်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းတို့ ရှိနေသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို ကုလသမဂ္ဂက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ပြီးခဲ့သည့်တစ်ပတ်တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီးမှာ အဆိုပါ အစီရင်ခံစာမှ အဖြစ်အပျက်များကို ရည်ညွှန်းဖွယ် ရှိနေသည်။

    “သူတို့တွေဟာ နှစ်ပေါင်းများစွာ ထိခိုက်ခံစားခဲ့ရတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုအတိုင်း၊ ဘာသာရေးအတိုင်း အသက်ရှင်သန်လိုမှုကြောင့် ညှင်းပမ်းနှိပ်စက်ခံရတယ်၊ သတ်ဖြတ်ခံရပါတယ်။ မြန်မာနိုင်ငံကနေ နှင်ထုတ်ခံရပြီး၊ ဘယ်သူမှ သူတို့ကို မလိုချင်တာကြောင့် တစ်နေရာကနေ တစ်နေရာကို သွားနေရပါတယ်။ ဒါပေမယ့် သူတို့က လူကောင်းတွေပါ၊ ငြိမ်းချမ်းသူတွေပါ။ သူတို့ဟာ ခရစ်ယာန်တွေမဟုတ်ပါဘူး။ သူတို့ဟာ လူကောင်းတွေပါ။ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေပါ” ဟု ပုပ်ရဟန်းမင်းကြီးက ယနေ့တွင်ပြုလုပ်သည့် ၀တ်ပြုဆုတောင်းမှု အခမ်းအနားတွင် ထည့်သွင်း မိန့်ကြားခဲ့သည်။

    ရိုဟင်ဂျာများမှာ ကမ္ဘာပေါ်တွင် ညှမ်းပတ်နှိပ်စက်မှု အခံရဆုံး လူမျိုးများဟု ကုလသမဂ္ဂက သတ်မှတ်ထားသည်။

    OHCHR ကမူ ၎င်းတို့၏ အစီရင်ခံစာမှာ အောက်တိုဘာလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်ကပြုလုပ်ခဲ့သည့် စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသော ရိုဟင်ဂျာများကို မေးမြန်းကာ ရေးသားထားခြင်းဖြစ်သည်ဟုဆိုသည်။

    ပုပ်ရဟန်းမင်းကြီးကမူ လူ့အဖွဲ့အစည်းအကြား တံတိုင်းများ ခြားခြင်းထက် နားလည်မှုတံတားထိုးရန်လည်း ထပ်မံတိုက်တွန်းခဲ့သည်။

    OHCHR ၏ အစီရင်ခံစာအတွက် ရိုဟင်ဂျာများကို သွားရောက်တွေ့ဆုံခဲ့သည့် ကုလ၀န်ထမ်း ၄ ဦးအနက်မှ တစ်ဦးဖြစ်သော လင်နီယာ အာဗစ်ဆန်က မိမိအနေဖြင့် ရိုဟင်ဂျာများ၏ တုန်လှုပ်ဖွယ်အခြေအနေမျိုးကို ယခင်က မမြင်ဘူးခဲ့ဟု ပြောကြားခဲ့သည်။

    “ဒီလိုအခြေအနေမျိုး ကျွန်မ တစ်ခါမှ မမြင်ဘူးပါဘူး။ ၂၀၄ ယောက်ကို အင်တာဗျူးလုပ်ခဲ့ပြီး တစ်ယောက်ချင်းဆီတိုင်းမှာ စိတ်ထိခိုက်ဖွယ် ဇာတ်လမ်းတွေ ရှိကြပါတယ်။ အိမ်တွေမီးရှို့ခံရတာမျိုး၊ အဓမ္မကျင့်ခံရတာမျိုး၊ ဆွေးမျို တစ်ယောက်ယောက် အသတ်ခံရတာ၊ ဒါမှမဟုတ် အဖမ်းခံရတာမျိုးတွေပါ။ တော်တော်များများအခြေအနေတွေမှာ နီးစပ်တဲ့ မိသားစုတွေပြီးရင် ဒီအကြောင်းတွေကို သူတို့ ပြောပြဖြစ်တာ ကျွန်မတို့က ပထမဆုံးလူတွေပါ။ ပြောရင်းနဲ့ မခံစားနိုင်ကြတော့ဘူး။ အမျိုးသမီးတွေ၊ ယောက်ျားအရင့်မာကြီးတွေတောင်မှ ငိုချလိုက်ကြတယ်” ဟု အာဗစ်ဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများ၊ မိမိ၏ရင်သွေးကို ရှေ့မှောက်တွင်ပင် သတ်ဖြတ်မှုကို မြင်ရသူများလည်း ရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    “အကြမ်းဖက်မှု ဒီလောက် ကြီးကြီးမားမား ပြန့်နှံ့နေတာ တော်တော်လေး ဖြစ်ခဲပါတယ်။ အဲဒီဒေသကနေ ထွက်ပြေးလာရတဲ့ လူပေါင်း ၈၈၀၀၀ လောက်မှာ ၂၀၄ ယောက်လောက်ကို ကျွန်မတို့ အင်တာဗျူးတာဆိုတော့၊ စုစုပေါင်းဆို (ဒီလိုအကြမ်းဖက်ခံရသူတွေ) ဘယ်လောက်များမလဲဆိုတာ မတွေးရဲလောက်အောင်ပါပဲ”

    Ref: Independent, Reuters

  • ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုအတွက် လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲများကို အပြစ်ပေးသင့်ဟု HRW ပြော

    ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုအတွက် လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲများကို အပြစ်ပေးသင့်ဟု HRW ပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်လူ့အဖွဲ့အစည်းက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် စစ်တပ်က အဓမ္မပြုကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေလုပ်ဖို့ အထက်လူကြီးတွေက ခွင့်ပြုထားတယ်ဆိုရင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တပ်မှူးတွေကို အပြစ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့ Human Rights Watch က မြန်မာအစိုးရကို ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    လွန်ခဲ့တဲ့ ၄ လ ရခိုင်မြောက်ပိုင်းက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစိုးရစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာ ၆၉၀၀၀ ထဲက အချို့ကို တွေ့ဆုံမေးမြန်းရာမှာ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တွေအပေါ်မှာတောင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ၊ အကြမ်းဖက်မှုတွေလုပ်တာမျိုး ရှိနေတယ်လို့ မှတ်တမ်းရထားကြောင်း Human Rights Watch (HRW) က ဆိုပါတယ်။

    “လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ ဗြောက်သောက်လုပ်တာမျိုး၊ အခွင့်အရေးရတုန်း လုပ်တာမျိုးမဟုတ်ဘဲ၊ ရိုဟင်ဂျာတွေရဲ့ လူမျိုးဖြစ်တည်မှု၊ ဘာသာတရားကိုးကွယ်မှုတွေကြောင့် သေသေချာချာနဲ့ စနစ်တကျ တိုက်ခိုက်မှုရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ” လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ Reuter သတင်းဌာနက မြန်မာအစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

    အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းမှာ အစိုးရတပ်က စစ်ဆင်ရေးလုပ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို လွတ်လပ်တဲ့ ဂျာနယ်လစ်တွေ၊ လေ့လာစောင့်ကြည့်သူတွေ ၀င်လို့ မရသေးပါဘူး။

    အစိုးရစစ်တပ်ဟာ တရားလက်လွတ်သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ နေအိမ်တွေမီးရှို့မှု၊ အဓ္ဓမပြုကျင့်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး မြန်မာအစိုးရက ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေဟာ စစ်တပ်ဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဆောင်ရွက်နေတဲ့ပုံရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပြီးနောက် HRW ရဲ့ ဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

    ကုလရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ်-ဟူစိန်က သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခဲ့ပြီး ရခိုင်ကိစ္စအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တင်ဖို့ရှိကြောင်း ပြောကြားခဲ့ကာ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ စွပ်စွဲမှုတွေအတွက် စုံစမ်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    HRW က သူတို့အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးမှာ အစိုးရစစ်တပ်က သေနတ်နဲ့ချိန်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ၉ ဦးနဲ့ အင်တာဗျူးအပါအ၀င် လိင်ပိုင်းဆိုင်ရာစော်ကားမှု ၂၈ မှုအတွက် သီးခြားအထောက်အထားတွေ ရရှိထားကြောင်း ပြောကြားခဲ့ပါတယ်။

    အဲဒီအမျိုးသမီးတွေနဲ့ အခြား မျက်မြင်သက်သေတွေက ကျူးလွန်သူတွေဟာ စစ်သား၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေဖြစ်ပြီး သူတိုရဲ့ ယူနီဖောင်း၊ တံဆိပ်တွေကြောင့် ဒီလို သိရှိရတာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

    “ရိုဟင်ဂျာအမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ဒီလို သွေးပျက်ဖွယ် တိုက်ခိုက်မှုဟာ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပြုလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ နှလုံးနာဖွယ် သမိုင်းဆိုးမှာ စက်ဆုပ်စရာ ကဏ္ဍသစ်တစ်ခုကို ပေါင်းထည့်လိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီကိစ္စမှာ ပါဝင်သူတွေကို တားဆီးဖို့ ဒါမှမဟုတ် အပြစ်ပေးဖို့ သူတို့ရဲ့ သြဇာနဲ့ ဘာမှမလုပ်ခဲ့ဘူးဆိုရင်တော့ စစ်တပ်က တပ်မှူးတွေ၊ ရဲတပ်ဖွဲ့က တပ်မှူးတွေဟာ ဒီရာဇ၀တ်မှုအတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်” လို့ HRW က အရေးပေါ်ကိစ္စဆိုင်ရာ အကြီးတန်း သုတေသနပညာရှင် ပရီယန်ကာ မိုတာပါသီက ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • မြန်မာနိုင်ငံသည် အလက်ပိုဖြစ်စဉ်နောက် လိုက်နင်းနေပြီလော ?

    မြန်မာနိုင်ငံသည် အလက်ပိုဖြစ်စဉ်နောက် လိုက်နင်းနေပြီလော ?

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇

    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ Kutalong ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိသော ဂျမလီဒါး ဘီဂမ်းနှင့် သူမကလေးငယ်များ

    – စစ်တပ်က ကြောက်ခမန်းလိလိ ရှေ့ဆက်လွှမ်းမိုးထားသည့် မြန်မာနိုင်ငံအတွင်း၌ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးမှာ မသေမချာနှင့် အလှမ်းကွာနေဆဲ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စ်လင်မ်စစ်သွေးကြွများအပေါ် ပြုလုပ်လိုက်သော စစ်ဆင်ရေးသည် အရပ်သားပေါင်း ခြောက်သောင်းခွဲခန့်ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ အလွတ်ရုန်းထွက်ပြေးစေခဲ့သည်။ ထိုဖြစ်စဉ်ဝယ် အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ အပြစ်မဲ့အရပ်သားများအပေါ် သတ်ဖြတ်မှု သတင်းများလည်း ဖြစ်ပေါ်နေသည်။ လူ ၉၀ ၀န်းကျင် သေဆုံးရသည်။ ဤသည်မှာ တိုင်းပြည်ကို ပဲ့ထိန်းမောင်းနှင်နေသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်သာမက မြန်မာ၏ ပြည်ပမိတ်ဖက်များအတွက်လည်း စိန်ခေါ်ချက်တစ်ရပ် ဖြစ်စေသည်။

    နှစ်ရှည်လများ ဒုက္ခခံစားနေရသော လူနည်းစုဝင်ရိုဟင်ဂျာများအပေါ် အားပေးစကား ထုတ်ဖော်ပြောဆိုရန် ကျွန်ုပ်တို့မှ ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းထားပါသည်။ ယခုအခါ သူမသည် အတိုက်အခံဘ၀မှ သူမတိုင်းပြည်၏ နိုင်ငံရေးခေါင်းဆောင်အဖြစ်သို့ ဖြတ်ကျော်လာခဲ့ပြီးဖြစ်သည်။ သူမအနေနှင့် နိုဗဲလ်ဆုရှင်တစ်ဦး၏ စိတ်ဓာတ်နှင့် ခံယူချက်အတိုင်း ထိုက်သင့်သမျှ စွဲမြဲရပ်တည်လျက် ရှိနေသင့်သည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ ထို့ပြင် ပြစ်တင်ကဲ့ရဲ့မှုများ အဆုံးသတ်စေရန် ဒေသတွင်း သတင်းအချက်အလက်များ၊ စုံစမ်းစစ်ဆေးမှုများကို ပွင့်လင်းမြင်သာစေခြင်း အပါအ၀င် သူမ တတ်နိုင်သလောက် ဆောက်ရွက်သင့်သည်။ သို့သော် ရိုဟင်ဂျာများအပေါ် စစ်တပ်၏ရက်စက်စော်ကားမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် စစ်ဗိုလ်ချုပ်များအား ပထမဦးဆုံး အရေးယူရပါမည်။ အဆိုပါ စစ်ဗိုလ်ချုပ်များသည် ပါလီမန်နေရာ လေးပုံတစ်ပုံရယူထားခြင်းနှင့်အတူ ဗုဒ္ဓဘာသာဝင် လူများစုတိုင်းပြည်၏ အာဏာအဆောက်အဦအား လွှမ်းမိုးကြီးစိုးထားကြဆဲဖြစ်သည်။

    ရိုဟင်ဂျာသူပုန်အုပ်စုသစ်တစ်ခုသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ကင်းစခန်းသုံးကို ၀င်ရောက်တိုက်ခိုက်ပြီး ရဲအရာရှိ ကိုးဦးကို သေဆုံးစေခဲ့သော အောက်တိုဘာ ၉ ရက်မှ စတင်၍ နောက်ဆုံး ပဋိပက္ခ စတင်လာသည်။ The International Crisis Group ၏အဆိုအရ ၎င်းအုပ်စုမှာ စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ထားပြီး Harakah al-Yaqin ဟု ပညတ်ထားကြောင်း၊ ရိုဟင်ဂျာစစ်သွေးကြွများက ပြောက်ကျားစစ်ဆင်ရေးနည်းဗျူဟာသုံး၍ အကြမ်းဖက်တိုက်ခိုက်တတ်ကြောင်း သိရသည်။ ထိုအချိန်မှစပြီး စစ်တပ်ကလည်း ကျေးရွာများကို အကြီးအကျယ် ဖျက်ဆိးခြင်း၊ အရပ်သားများကို ရက်စက်ခြင်းတို့ဖြင့် ပြင်းထန်ကြမ်းတမ်းစွာ ပြန်လည်တုန့်ပြန်ခဲ့သည်။ ၎င်းစော်ကားချက်များအပေါ် စွပ်စွဲမှုများကို အစိုးရဖက်မှ ငြင်းဆိုထားသော်လည်း လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးကြသူများနှင့် ဂျာနယ်လစ်များအား အဆိုပါမြင်ကွင်းမှ တားမြစ်ကန့်သတ်လျက် ရှိနေပြန်သည်။

    ပြင်ပဖိအားများလည်း အတော်အတန် သက်ရောက်လာသဖြင့် ဤသည်မှာ အလွန်သိမ်မွေ့သည့် အချိန်အခါသို့ ဆိုက်ရောက်နေပြီဖြစ်သည်။ အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်ကို ချီးကျူးဂုဏ်ပြုခဲ့သည်၊ ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်၊ အထူးခရီးစဉ်ဖြင့်ပင် ရောက်လာပြီး အားပေးခဲ့သည်။ သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ကြိတ်ဖတ် ကဲ့သို့ဖြစ်နေသည့် ဤလူသား၏ ဒုက္ခများအတွက် စာနာမှု မည်သို့ရှိမည်ကို ကျွန်ုပ်တို့ မသိနိုင်သေးပါ။ သူနှင့် သူ၏ခန့်အပ်ခံပုဂ္ဂိုလ်များက လူ့အခွင့်အရေးကိစ္စများအပေါ် စိတ်အားထက်သန်မှု မပြသသေးသလို သူကိုယ်တိုင်က ခေါင်းမာပြင်းထန်သူ ဖြစ်လို့နေသည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့လူ့အဖွဲ့အစည်း၏ ဒီမိုကရေစီခရီးစဉ်အတွက် ကြီးမားစွာ ပေးကမ်းထားပြီးသည့်အပြင် ယိုင်နဲ့နေသော ဒေါ်အောင်ဆန်းစုကြည်၏အနေအထားကို မဖြိုလှဲဘဲ ထပ်မံပံ့ပိုးပေးရန်လည်း ရှိနေသည်။ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခမှာ ကုလသမဂ္ဂအဖွဲ့အစည်းမှ ပြင်းထန်သော တုန့်ပြန်မှုတစ်ရပ် ဆောင်ရွက်သင့်ပေသည်။

    အနောက်တိုင်းနိုင်ငံများရှိ ရေဒါမျက်နှာပြင်ပေါ် ရောက်ရှိမလာသေးသော ရိုဟင်ဂျာလူထု၏ ပြင်းထန်ဆိုးဝါးသည့် ဒုက္ခဝေဒနာများလည်း ရှိနေဦးမည်။ ယင်းအကြမ်းဖက်မှုအတိုင်းအတာမှာ သေးငယ်လင့်ကစား “အာရှ၏အလက်ပို” ဖြစ်ရန် နီးစပ်လာနေပြီ။ လက်နက်ကိုင်သူပုန်တပ်ဖွဲ့တစ်ခု ထွက်ပေါ်ရန် တာစူနေပြီ၊ တအုံတကျင်းသော အပြစ်မဲ့ပြည်သူများ ကယ်ကူရာမဲ့ဘ၀သို့ ရောက်ရှိနေကြသည်၊ ဘာသာရေးကို ပစ်မှတ်ထားခံနေရသည်၊ အင်အားကြီးသည့် စစ်တပ်က ပြင်းထန်စွာ လိုက်လံချေမှုန်းနေသည်။ ဤသည်မှာ လူသားအားလုံးကို စိုးရိမ်သောက ရောက်စေသည့် ယမ်းအိုးတစ်လုံးပင် ဖြစ်ပါတော့သည်။

    ×××××××××××××××

    The Washington Post ၏ အယ်ဒီတာ့အာဘော် Asia’s version of Aleppo is happening in Burma ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • ရခိုင်မှ လူအခွင့်အရေးချိုးဖောက်မှု နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ရန် ကုလ စဉ်းစားနေ

    ရခိုင်မှ လူအခွင့်အရေးချိုးဖောက်မှု နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ရန် ကုလ စဉ်းစားနေ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၇
    M-Media

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ဘင် အလ်-ဟူစိန်

    – ရခိုင်မြောက်ပိုင်းက အခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာအတွက် မိမိအနေနဲ့ စုံစမ်းစစ်ဆေးပေးမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိပေးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ဘင် အလ်-ဟူစိန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အောက်တိုဘာလဆန်းပိုင်းက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံရိုဟင်ဂျာတွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး အစုလိုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေပါအ၀င် စစ်တပ်ဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ကုလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း ၆၆၀၀၀ လောက်ရှိသွားခဲ့ပြီး အလ်-ဟူစိန်ကတော့ ကျူးလွန်ခံရသူတွေ၊ သက်သေတွေကို သူတို့အနေနဲ့ တွေ့ဆုံမေးမြန်းထားကာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့လိုမျိုး လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး သူတို့အနေနဲ့ ဒီကိစ္စကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ကို တင်သွားဖို့အထိ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

    ဒီနေ့မနက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခဲ့ရာမှာတော့ ဒီစစ်ဆင်ရေးကို အဆုံးသတ်ဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း ဟူစိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    OHCHR က ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာဟာ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေထဲက ၂၂၀ လောက်ကို တွေ့ဆုံမေးမြန်းထားတာပါ။

    အလ်-ဟူစိန်ကတော့ မိမိတို့အနေနဲ့ ဒီစစ်ဆင်ရေးတွေ ရပ်တန့်ဖို့ တိုက်တွန်းနေပြီး အကောင်ဆုံးနည်းလမ်းအတွက် တောင်းဆိုလာရင် လုံခြုံရေးကောင်စီ၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးသွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: VOA, BBC

  • ရခိုင်ရှိ လူ့အဖွဲ့အစည်းနှစ်ခုအကြား လူသိနည်းသည့် လူသားဆန်သော ဆက်ဆံမှုများ

    ရခိုင်ရှိ လူ့အဖွဲ့အစည်းနှစ်ခုအကြား လူသိနည်းသည့် လူသားဆန်သော ဆက်ဆံမှုများ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၇
    M-Media

    မွတ်စလင်အများစုရှိရာဒေသမှ အထက်တန်းကျောင်း၏ ကျောင်းအုပ်အဖြစ် တာဝန်ယူထားသည့် ရခိုင်တိုင်းရင်းသား ဦးမောင်သန်းရွှေ

    – ၂၀၁၂ ခုနှစ် လူ့အဖွဲ့အစည်းနှစ်ခုအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးကတည်းက ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်လူ့အဖွဲ့အစည်းနှစ်ခုအကြား ဆက်ဆံမှုမှာ မဆိုစလောက်သာ ရှိသည်။

    ထိုကဲ့သို့ ဆက်ဆံရေးနည်းပါးမှု အကြောင်းအရင်းက မွတ်စလင်များမှာ အခြားသော လူ့အဖွဲ့အစည်းမှ သီးသန့် ခွဲထုတ်ခံထားရပြီး အောင်မင်္ဂလာရပ်ကွက်အပါအ၀င် မြို့တစ်ဝိုက်ရှိ ဒုက္ခည်စခန်းများတွင် ပိတ်မိ နေထိုင်နေရသောကြောင့် ဖြစ်လေသည်။ တိုက်ခိုက်မှုကြောင့် အိုးအိမ်ပျက်ဆီးဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသားမှာလည်း အချို့ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။ သို့သော် ၎င်းတို့မှာ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပြီး မြို့ရှိ မွတ်စလင်အများစုကတော့ ထိုအခွင့်အရေးကို မခံစားရ။

    မွတ်စလင်ဒုက္ခသည်စခန်းများကို ရခိုင်တိုင်းရင်းသားများက ၀င်ရောက်မှုမျိုး မရှိသလို၊ မွတ်စလင်များကလည်း ၎င်းတို့၏ စခန်းများမှ အပြင်ထွက်ရန် မလွယ်ကူ။ စစ်တွေမြို့တွင် သွားရောက်လည်ပတ်ရန် ခွင့်ပြုထားသည့် တစ်ခုတည်းသော နေရာဖြစ်သော အောင်မင်္ဂလာရပ်ကွက်သို့ မွတ်စလင်များ သွားရောက်သည့်အခါမျိုးတွင် လက်နက်ကိုင် အစောင့်အရှောက် လိုအပ်လေသည်။

    ယနေ့အချိန်အထိ မွတ်စလင်များမှာ စစ်တွေမြို့အတွင်း လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိ။ ရခိုင်များမှာလည်း ဒုက္ခသည်စခန်းများ၊ အောင်မင်္ဂလာရပ်ကွက်သို့သွားရောက်ရန်မှာ စွန့်စားရသည့် ကိစ္စဖြစ်နေသည်။ လူ့အဖွဲ့အစည်းနှစ်ခုအကြား ကာလရှည် ရှိနေခဲ့သည့် တင်းမာမှုများကြောင့်လည်း ဖြစ်သည်။

    သို့သော် မွတ်စလင်များ နေထိုင်ရာနေရာသို့ ပုံမှန် သွားရောက်လည်ပတ်သည့် ရခိုင်ဗုဒ္ဓဘာသာဝင်မှာ အနည်းဆုံး ၁ ဦးတော့ ရှိနေသည်။ အသက် ၄၆ နှစ်အရွယ်ရှိ ဦးမောင်သန်းရွှေမှာ စစ်တွေမြို့လယ်ကောင်မှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့် သွားရသည့် သက်ကယ်ပြင်ရွာမှ အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအုပ်တစ်ဦးဖြစ်သည်။ သက်ကယ်ပြင်ရွာနားမှ ဒုက္ခသည်စခန်းတစ်ခုကတော့ ပြည်နယ်အတွင်း အကြီးဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်တစ်ဝှမ်းမှ မွတ်စလင်ဒုက္ခသည်များ နေထိုင်ကြသည်။

    သက်ကယ်ပြင် အထက်တန်းကျောင်းတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသော မွတ်စလင်ဆရာများ

    အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၉၀၀ ၀န်းကျင်ရှိနေပြီး ၁၀၀၀ ခန့်မှာ သက်ကယ်ပြင်မှ မွတ်စလင်များဖြစ်သည်။ မွတ်စလင်များကိုသာ ဦးစားပေး ကူညီနေသည်ဟု စွပ်စွဲကာ ရခိုင်လူအုပ်ကြီးက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ ရုံးခန်းများနှင့် ဂိုထောင်များကို ဖျက်ဆီးလုယက်သည့် ၂၀၁၄ ခုနှစ်
    တင်းမာမှုများ ထပ်ဖြစ်ချိန်ကတည်းက ဦးမောင်သန်းရွှေမှာ ထိုကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

    ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်ပွားပြီးနနောက်ပိုင်းတွင် အဆိုပါ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာများမှာ ကျောင်းကို စီမံခန့်ခွဲမှု မပြုနိုင်ကြ။ သမ္မတရုံးမှ တာဝန်ရှိသူများ ၂၀၁၄ ခုနှစ်တွင် လာရောက်ကြည့်ရှုကာ ကျောင်း၏ အခက်အခဲကို သိရှိခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာနက ဦးမောင်သန်းရွှေအားခေါ်ယူကာ ကျောင်းအုပ်ဆရာအလုပ်အတွက် စိတ်ဝင်စားခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်။

    “သူတို့လည်း ကျွန်တော်တို့လို လူသားပဲဗျ။ ကလေးတွေရဲ့ ပညာရေးအတွက် မှန်ကန်တဲ့အရာကိုလုပ်ဖို့ ကျွန်တော် ဒီရောက်လာခဲ့တာပါ” ဟု ဦးမောင်သန်းရွှေက ပြောကြားခဲ့သည်။

    အလုပ်အင်တာဗျူးအတွက် သွားရောက်ရာတွင် စစ်တွေမြို့လယ်ကောင်ရှိ ဆိုင်ကယ်တက္ကစီများက မွတ်စလင်အများစုရှိရာနေရာသို့ သွားရောက်ရန် တွန့်ဆုတ်နေသောကြောင့် ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရသည်။

    ရခိုင်တိုင်းရင်သား ဦးမောင်သန်းရွှေမှာ စစ်တွေမြို့ ဓည၀တီရပ်ကွက်ရှိ ၎င်းနေထိုင်ရာ နှစ်ထပ်အိမ်မှ နေ့စဉ် ဆိုင်ကယ်ဖြင့် ကျောင်းသို့သွားသည်။ ထိုအိမ်တွင် ၎င်းမှာ ဇနီးသည် သားသမီး ၃ ဦးတို့နှင့် နေထိုင်သည်။ အငယ်ဆုံးမှာ မတ်တတ်သွားအရွယ်ရှိပြီး အကြီးဆုံးက ၈ တန်းတက်နေသည်။

    “ဘောပင်တစ်လျောင်းကလွဲလို့ ကျွန်တော့်မှာ ကာကွယ်ဖို့ ဘာမှမရှိတဲ့အတွက် တစ်ခါတစ်လေမှာ ကျွန်တော် ကြောက်ရွံ့မိတယ်ဗျ။ ဒါပေမယ့် တစ်ခြားသူတွေအတွက် ခက်ခဲတဲ့အလုပ်ကို လုပ်ချင်တဲ့ စိတ်ဓာတ်မျိုး ကျွန်တော့်ဘ၀မှာ ပါလာတယ်။ ဒီစိတ်ကြောင့်ပဲ အစကတည်းက ဒီအလုပ်ကိုလုပ်ဖို့ လက်ခံခဲ့တာပါ” ဟု ဦးမောင်သန်းရွှေက ပြောကြားခဲ့သည်။

    အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများအားလုံးမှာ မွတ်စလင်လူ့အဖွဲ့အစည်းမှ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ကြက်ရိုးပြင် အခြေခံပညာအထက်တန်းကျောင်းမှ ၀န်ထမ်းများစာရင်းတွင် အစိုးရက ခန့်အပ်ပေးထားသော ဆရာ၊ ဆရာမများ၏ အမည်များကို ရေးသားထားသော်လည်း ၎င်းတို့က အခြားကျောင်းများတွင် သွားရောက် သင်ကြားနေသည်။

    လက်ထောက်ကျောင်းအုပ်ကြီးဖြစ်သည့် အသက် ၅၇ နှစ်အရွယ် ဦးခင်မောင်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် မွတ်စလင်အမျိုးသားတစ်ဦးဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ၎င်းမှာ ပေါက်တောမြို့နယ်ရှိ အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်းခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၎င်း၏ အိမ်နှင့် အလုပ်အကိုင်တို့ကို ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ ဦးခင်မောင်မှာ ၎င်း၏ မိသားစုနှင့်အတူ ကြက်ရိုးဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရသည်။

    ဦးမောင်သန်းရွှေမှာ ကျောင်းအုပ်တစ်ဦး၏ တာဝန်များကို ကျေပွန်ရုံသာမက၊ စာသင်ကျောင်းနှင့် ပြင်ပကမ္ဘာအကြား ဆက်ဆံရေးတစ်ခု ထူထောင်ပေးသူအဖြစ်လည်း ဆောင်ရွက်နေသည်ဟု ဦးခင်မောင်က ဆိုသည်။ ဥပမာအားဖြင့် ကြက်ရိုးပြင်ရွာအပြင်ဖက်ကို ထွက်၍မရသည့် စေတနာ့ဝန်ထမ်း ဆရာများကိုယ်စား တစ်ခါတစ်ရံတွင် သတင်းစကား ပါးပေးခြင်းဖြစ်သည်။

    သက်ကယ်ပြင် အထက်တန်းကျောင်း သန့်ရှင်းရေး ဆောင်ရွက်နေကြစဉ်

    ကျောင်အုပ်ကြီး ဦးမောင်သန်းရွှေအား လုပ်ဖော်ကိုင်ဖက်များက အလွန်လေးစားကြသည်ကို စာသင်ကျောင်းသို့ ရောက်ရှိသူတိုင်း သတိပြုမိကြသည်။ ဦးခင်မောင်အပါအ၀င် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများက ဦးမောင်သန်းရွှေအား ‘ဆရာကြီး’ ဟု တလေးတစား ခေါ်ဆိုကြသည်။

    မွတ်စလင်များကို ‘ကုလား’ ဟု မခေါ်ဝေါ်သည့်အတွက်လည်း ဦးမောင်သန်းရွှေမှာ ပိုမိုလေးစားခံရသည်ဟု ဦးခင်မောင်ကဆိုသည်။ အဆိုပါ စကားလုံးက နိုင်ငံခြားသားများကို နှိမ့်ချခေါ်ဝေါ်သည့် စကားလုံးဖြစ်ပြီး မြန်မာနိုင်ငံတွင် အိန္ဒိယတိုက်ငယ်နွယ်ဖွားများအား ရည်ညွှန်းခေါ်ဆိုကြသည်။ ရခိုင်ပြည်နယ်တွင် ‘ရိုဟင်ဂျာ’ နှင့် ‘ဘင်္ဂါလီ’ ဆိုသည့် စကားလုံးမှာ ဆတ်ဆတ်ထိမခံသည့် စကားလုံးဖြစ်သည်။

    “သူတို့မကြိုက်ဘူးဆိုတာကို သိလို့ ကျွန်တော် ဘယ်တော့မှ သူတို့ကို ‘ကုလား’ လို့ မခေါ်ပါဘူး” ဟု ဦးမောင်သန်းရွှေကဆိုပြီး ၎င်း၏နှင့် လူမျိုးတူ ရခိုင်အသိုင်းအ၀ိုင်းတွင် ဒေါသမဖြစ်စေရန် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကိုလည်း မသုံးမိအောင် ဂရုစိုက်သည်။

    “သူတို့ကို မွတ်စလင်လို့ပဲ ကျွန်တော် ခေါ်ပါတယ်”

    လူ့အဖွဲ့အစည်းနှစ်ခုအတွင်း ပြဿနာများကို ရှောင်ရှားရန် အဖြေမှာ ဘာသာရေးကိစ္စကို ဘေးဖယ်ထားခြင်းဖြစ်သည်ဟု ဦးမောင်သန်းရွှေကဆိုသည်။

    “ကျောင်းသားက မွတ်စလင်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ကျောင်းသားလို့ပဲ သတ်မှတ်ရင် ပြဿနာငြိမ်းတယ်။ သူတို့နဲ့ ထိထိရောက်ရောက် ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဓိကသော့ချက်က ဒါပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ဦးမောင်သန်းရွှေမှာ မွတ်စလင်ဒေသတွင် အလုပ်လုပ်သည်မှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်၊ ယခင်ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်စလင်အများစုတည်ရှိရာ မောင်းတောမြို့ရှိ စာသင်ကျောင်းတစ်ခုတွင် တစ်နှစ်နှင့် ၆ လ တာဝန်ထမ်းဆောင်ဖူးသည်။

    သက်ကယ်ပြင်ရှိ မွတ်စလင်လူ့အဖွဲ့အစည်း၏ လေးစားမှုကို ရရှိထားသော်လည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် မောင်တောမြို့ရှိ စစ်သွေးကြွများ၏ တိုက်ခိုက်မှုနောက်ပိုင်း မြင့်တက်လာသော လူ့အဖွဲ့အစည်းကြား တင်းမာမှုကြောင့် တစ်ပတ်ခန့် ကျောင်းသို့ မသွားခဲ့။

    သက်ကယ်ပြင်ကျောင်းသို့ ပထမဆုံး ပြောင်းရွှေ့စဉ်က ကျောင်းဆရာတစ်ယောက်အနေဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သော်လည်း ကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရပြီး တစ်နှစ်အကြာတွင် တရားဝင် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့သည်။ ၎င်း၏ ကြီးကြပ်မှုအောက်တွင် ထိုကျောင်းမှာ အလယ်တန်းကျောင်းမှ တွဲဖက်အထက်တန်းကျောင်းအဖြစ်လည်းကောင်း၊ ထိုမှ အထက်တန်းကျောင်းအဖြစ်လည်းကောင်း ၂ ဆင့် တက်လာခဲ့သည်။ ဦးမောင်သန်းရွှေ ကျောင်းအုပ်ကြီးဖြစ်ပြီးကတည်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့သူ ကျောင်းသား ၂၁ ယောက်ရှိပြီး ဂုဏ်ထူးရသူ ၅ ဦး ပါဝင်ခဲ့သည်။

    သိပ်မကြာခင်ကာလအတွက် ၎င်း၏ စီမံကိန်းတွင် ကျောင်း၌ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေကြသော ကျောင်းဆရာများကို နိုင်ငံတော်က လခပေးရန်နှင့် များပြာနေသော ကျောင်းသာများအတွက် နောက်ထပ် ကျောင်းဆောင် ၂ ခု ဆောက်လုပ်ပေးရန်ဖြစ်သည်။ ဦးမောင်သန်းရွှေကတော့ သက်ကယ်ပြင် အထက်တန်းကျောင်းတွင် နောက်ထပ် ၂ နှစ်ခန့် ကျောင်းဆရာအဖြစ် ဆက်ရှိနေရန် မျှော်လင့်နေသည်။

    “ကျွန်တော်ရရှိခဲ့တဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော့်ရဲ့ ဆောင်ရွက်မှုတွေအတွက် ရာထူးတက်ဖို့လည်း မျှော်လင့်ပါတယ်”

    Ref: Frontier Myanmar