News @ M-Media

Tag: Rakhine State

  • လုံထိန်းအား ငွေ ၅၀၀၀ မပေးနိုင်သဖြင့် နေအိမ်မီးရှိုသူ အဖြစ် စွပ်စွဲ ရိုက်နှက်ခံရ

    လုံထိန်းအား ငွေ ၅၀၀၀ မပေးနိုင်သဖြင့် နေအိမ်မီးရှိုသူ အဖြစ် စွပ်စွဲ ရိုက်နှက်ခံရ

    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    စစ်တွေမြို့ အောာင်မင်္ဂလာ ရပ်ကွက် ၊ ကုန်တန်းရပ်နေ ထိုင်သူ မာမွတ်ရော်ဖိက် (၂၃နှစ်) အား ဓည၀တီ ရပ်ကွက် နေ ရခိုင်လူမျိုး တစ်စုက နေအိမ်မီးရှို့သည်ဟု စွပ်စွဲ ရိုက်နှက် ဖမ်းဆီးမှု တစ်ရပ် ဒီဇင်ဘာ ၁၄ ရက်နေ့ တွင်ဖြစ်ပွား ခဲ့သည်။

    ဖြစ်စဉ်မှာ – သဲချောင်း ဒုက္ခသည် စခန်းရှိ ကျန်းမာရေးမကောင်းသော ဆွေမျိုးများအား သွားရောက် ကြည့်ရှုပြီး နေအိမ်ရှိရာ အောင်မင်္ဂလာရပ်ကွက် ၊ ကုန်းတန်းရပ်သို့ လမ်းလျှောက် ပြန်လာသူ မာမွတ်ရော်ဖိက်သည် ဓည၀တီ ရပ်ကွက် အရောက် နံနက် ၄ နာရီ ၅၀ မိနစ် အချိန်၌ လုံခြုံရေးရဲတပ်သား များက ၄င်းထံမှ ငွေ ၅၀၀၀ တောင်းယူခဲ့ ကြောင်း ၊ ၄င်းတို့ တောင်းယူသော ငွေ ၅၀၀၀ မပေးနိုင်ခဲ့ကြောင်း ၊ ထို့နောက် ဓည၀တီ ရပ်ကွက်ရှိ ရခိုင်လူမျိုးတစ်စုက ၄င်းအား ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း၊ ဓာတ်ဆီပုလင်း ကိုင်စေပြီး နေအိမ် မီးရှို့သူဟု စွပ်စွဲ၍ အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သိရသည်။

    မာမွတ်ရော်ဖိက် (၂၃) နှစ်အား နေအိမ်မီးရှို့သည်ဟု စွပ်စွဲကာ ပုဒ်မ(၁၄၄)ဖြင့် အရေးယူထားကြောင်း သိရသည်။ အောင်မင်္ဂလာ ရပ်ကွက်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် ဒုက္ခသည်စခန်းများရှိ ကျန်းမာရေး ၊ လူမှုရေးကိစ္စများဖြင့် သွားရောက်လိုပါက အတင်းအဓမ္မ ငွေတောင်းယူခြင်း ၊ငွေမပေးပါက လုံခြုံရေးမပေးခြင်း  ၊ ရခိုင် အစွန်းရောက်များ၏ ရိုက်နှက်ခံရခြင်း ၊ အမှုဆင် စွပ်စွဲခြင်းများနှင့် မကြာခဏ ရင်ဆိုင်နေရကြောင်း သိရသည်။

  • နေအိမ်ထဲက ဒုက္ခသည်များ

    နေအိမ်ထဲက ဒုက္ခသည်များ

    ဒီဇင်ဘာ ၈ ၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခ ဖြစ်ပွားခဲ့သော စစ်တွေမြို့တွင် အောင်မင်္ဂလာရပ်ကွက် မှာ တစ်ခုတည်း ဖျက်ဆီးမခံ ရသော မွတ်စလင် ရပ်ကွက် ဖြစ်သည်။ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်များ ၏ တိုက်ခိုက် ဖျက်ဆီးမှု မခံခဲ့ရ၊ သို့သော် အမုန်းပြည့်နှက်နေသော လောဘစွန်းရောက် ရဲတပ်ဖွဲ့ ကတော့ အာဏာနည်းဖြင့် အောင်မင်္ဂလာ ရပ်ကွက် သား များ၏ ဘ၀ကို တစ်စစီချွေချနေသည်။

    “ဒီဇင်ဘာ ၇ရက်နေ့ မနက် ၇နာရီ ၄၅ လောက်မှာ ဘုမေ ကျေး ရွာ က အသက် ၁၂ အရွယ်လောက်ရှိတဲ့ မွတ်စလင် ကလေးနှစ်ယောက် ရဲတစ်ဦးက ဆိုင်ကယ်နဲ့ အောင် မင်္ဂလာ ရပ်ကွက်ကို လာပို့ပေးပါတယ်။ ဒါကို အောင်မင်္ဂလာရပ်ကွက် လုံထိန်းရဲတွေက မှောင်ခိုမှုနဲ့ ဖမ်းပြီး အမှတ်၁ ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်” ဟု အောင်မင်္ဂလာရပ်ကွက်နေ မွတ်စလင်တစ်ဦးက ရပ်ကွက်အခြေအနေကို ပြောပါသည်။ အောင်မင်္ဂလာ ရပ်ကွက် ဆီကို ရဲတပ်သား က လာပို့ပေးခြင်းဖြစ်ပေသော်လည်း ယင်း အသက်မပြည့် ၊ကလေးငယ် နှစ်ဦးမှာ အချုပ်စခန်း ထဲတွင် ရိုက်နှက် စစ်ဆေး ခံခဲ့ကြရသည်။

    “အဲဒီကလေးတွေကို ရိုက်နှက်စစ်ဆေးပါတယ်။ ကလေးတွေကတော့ ရဲတပ်သား လာပို့ပေးတာ လို့ ပြောတယ်။ ဒါကို စခန်းမှူး ဦးတင်ဝင်းက လက်မခံပဲ ကလေးနှစ်ယောက်ကို ပုဒ်မ ၃၅ တပ်ပြီး ထောင်၂ လ အမိန့်ချမှတ်ခဲ့ တယ်” ဟု အောင်မင်္ဂလာ ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောပါသည်။

    စစ်တွေမြို့က အဖျက်အဆီးမခံရဘဲ ကျန်ရစ်တဲ့ တခုတည်းသော မွတ်စလင်ရပ်ကွက် ၊ ပြင်ပသို့သွားလာခွင့် မရအောင် အတားအဆီးနှင့်လုံခြုံရေးချထားပုံ ( ဓါတ်ပုံ FB)

    ဤသို့ အရွယ်မရောက်သေးသော ကလေးငယ်များကို အမုန်းတရားဖြင့် ဖမ်းဆီ ထောင်ချခြင်းကို တားမြစ်သူမဲ့ ကျူးလွန်ရုံမက ရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်များ လူညွန့်တုံးစေရန် ပညာရေး ၊ ကျန်းမာရေး ၊ စားနပ် ရိက္ခာဝေငှရေးတို့တွင် အာဃာတ ကြီးကြီးဖြင့် ကျူးလွန်နေကြသည်။ အောင်မင်္ဂလာရပ်ကွက် တွင်းရှိ အမှတ် ၁၈ မူလ တန်း ကျောင်းကို ပိတ်ကာ ရဲကင်းအဖြစ်အသုံးပြုနေကြသည်။ “ကလေးတွေ စာသင်မရဘူး။ ရှိတဲ့ ကျောင်း ကို လည်းဆရာမတွေ မလာဘူး။ ရဲတွေ က စခန်းအဖြစ် အသုံးပြုနေကြတယ် ” ဟု ၄င်းက ပြောပါသည်။ “ရပ်ကွက် က တက္ကသိုလ် ကျောင်းသား ၁၂ ဦးခန့်ကတော့ တက္ကသိုလ် တက်ခွင့်မရပဲ စာမေးပွဲသွား ဖြေနေကြရ တယ် ” ဟု ရပ်ကွက် ပညာရေး အခြေအနေအကြောင်း ပြောပါသည်။

    ကိုယ်ခြေထောက်အပေါ် ကိုယ်ရပ်နိုင်ခဲ့ကြသူများပီပီ အများသူငါဆီ လက်ဖြန့်တောင်းရ သည့်အဖြစ်မျိုး မလို ချင်ကြ။ ရရာ အလုပ်လုပ်ကိုင်ချင်ပေမယ့် အမုန်းတံတိုင်းများဖြင့် သူတို့ ပိတ်လှောင်ထားလိုက်ကြသည်။ “ ဒီမှာ ဘယ်ကိုမှ ထွက်လို့ မရဘူး။ မြို့ထဲကို ဆေးကုဖို့တောင်သွား လို့မရ တော့ဘူး။ သွားရရရင်တောင်သူတို့ ဆေးမကုပေးဘူး´

    ရခိုင်လူမျိုးရေး အစွန်းရောက် အုပ်စုရန် ကြောင့် ရိုဟင်ဂျာမွတ်စလင်များမှာ လွတ်လပ်စွာ စီးပွားရှာဖွေခွင့်၊ ပညာသင်ကြားခွင့်၊  ဆေးကုသခွင့် ၊များ ဆုံးရှုံးခဲ့ရသည်။ လုံခြုံရေး တာဝန်ကျ လုံထိန်းရဲများက ယင်း အခြေ အနေကို အခွင့်ကောင်းယူ၍  အောင်မင်္ဂလာရပ်ကွက်သားများ ကို ခေါင်းပုံဖြတ် အမြတ်ထုတ် နေကြ သည်။

    “အပြင်မှာ ဆေးတစ်ကဒ် ၁၀၀၀တန်ရင် လုံထိန်းတွေဆီကနေ ၅၀၀၀ပေးဝယ်နေရတယ်။ ဘာဝယ်ဝယ် ၅ဆ ပိုပေးနေကြရတာ စစ်တွေဈေးကနေ စားစရာ၊ အသုံးအဆောင်ဝယ်လို့ ဈေးကလာပို့ပေးရင်လည်း လုံထိန်း  တွေက သိမ်းလိုက်ကြ တယ်။ သူတို့က ဘက်စုံထောင်စုံ ကို ဖိနှိပ်နေတာ” ဟု ရပ်ကွက်နေ ရိုဟင်ဂျာ မွတ်စလင် တစ်ဦးက ပြောပါသည်။

    တစ်ချို့တက်နိုင်သူတွေကတော့ လုံထိန်းကို လာဘ်ထိုးပြီး သက်ကယ်ပြင်မှာ ဆေးသွားကုနေရတယ်။ ဆင်းရဲ သား တွေကတော့ မကုနိုင်ရှာဘူး။

    ပဋိပက္ခမ ဖြစ်ပွားခင်က ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင်များမှာ ရန်ကုန်သို့ ဆေးကုသရန် လ၀က ခွင့်ပြုချက်ဖြင့် သွားရောက် နိုင်ခဲ့ကြသော်လည်း ယခုအခါ ခွင့်မပြုပေးတော့သဖြင့် ရပ်ကွက်နေ အစ္စလာမ် ဘာသာဝင် ရောဂါသည်များ၏ အခြေအနေ အထူးစိုးရိမ်နေရသည်။ “ ဒီရပ်ကွက်ထဲမှာ ဆေးကု ရက် ချိန်းလွန် နေတဲ့ သူ ၁၀၀ လောက်ရှိတယ်။ ရန်ကုန်က ပါရဂူဆီသွားကုခွင့် မရဘူး ။ ကျန်းမာရေး အခြေ အနေ တော်တော် စိုးရိမ်နေ ရတယ်။ ”

    ဤသို့ ရဲတပ်ဖွဲ့မှ အာဏာဖြင့် နှိပ်စက်မှု ဒဏ်မခံနိုင်ကြသော ရပ်ကွက်သား တချို့ကတော့  အောင်မင်္ဂလာကို ဒုက္ခသည်စခန်း လို သတ်မှတ်ပေးဖို့ တောင်းဆိုလာကြကြောင်း ၄င်းက ပြောပါသည်။

    “အာဏာပိုင်တွေ ဆန်အိတ် ၂၀၀ ၊ ၃၀၀ လောက်ပဲ တစ်ခါတစ်လေ ပေးတာ။ ။ တကယ်တမ်းလိုနေတာ တစ်ရက် ကို ဆန်အိတ် ၅၀ ၊ တစ်လ ကို အိတ် ၁၅၀၀ ” ဟု၍  မျှော်လင့်ချက်စွက် စကားသံဖြင့်  ပြောကြားသွား သည်။

  • ရခိုင်က ဒုက္ခသည်စခန်းတွေ အလွန်စိုးရိမ်ရလို့ ကုလပြော

    ရခိုင်က ဒုက္ခသည်စခန်းတွေ အလွန်စိုးရိမ်ရလို့ ကုလပြော

    ဒီဇင်ဘာ ၆ ၊ ၂၀၁၂

    BBC

    ရခိုင်ပြည်နယ်တွင်းက ယာယီ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဟာ အလွန် ဆိုးရွားနေတဲ့ အတွက် အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချူပ် မစ္စ ဗယ်လာရီ အေးမို့စ်က ပြောပါတယ်။

    မစ္စ ဗယ်လာရီ အေးမို့စ်ဟာ မြန်မာ နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး အင်္ဂါနေ့တုန်းက ရခိုင်ပြည်နယ်တွင်းကို သွားရောက်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်တွင်းမှာ ဇွန်လအတွင်းက စခဲ့ပြီး အောက်တိုဘာလအတွင်း တကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူအမြောက်အမြား အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသလို ယာယီ စခန်းတွေမှာ နေရတဲ့ ဒုက္ခသည် ၁ သိန်းကျော် ရှိပါတယ်

    မစ္စ ဗယ်လာရီ အေးမို့စ်က သူ့အနေနဲ့ အလွန်စိုးရိမ်မိကြောင်း၊ စခန်းတွေထဲမှာ လူ ထောင်နဲ့ချီပြီး ပြွပ်သိပ်နေကြောင်း၊ ဒါပေမယ့် ကုလသမဂ္ဂအနေနဲ့လည်း စခန်းတွေထဲထိ ဝင်ပြီး အကူအညီကို ပေးချင်သလောက် ပြည့်ပြည့်ဝဝ မလုပ်ပေး နိုင်သေးကြောင်း၊ စခန်းတွေထဲမှာ အမိုးအကာတွေ ချို့တဲ့နေပြီး သန်းရှင်းမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုက စိုးရိမ်စရာ အနေအထားဖြစ်ကြောင်း မစ္စ အေးမို့စ်က ဘီဘီစီကို ပြောပါတယ်။

    မစ္စအးမို့စ်ဟာ နယ်စပ်ဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီးသိန်းဌေးနဲ့ အတူရခိုင်ပြည်နယ် စစ်တွေ၊ မြေပုံ၊ ပေါက်တောနဲ့ မောင်းတော်မြို့နယ်တွေ ဘက်ကို သွားရောက်ခဲ့တယ်လို့ ကုလသမဂဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

    အခု တွေ့ရတဲ့ ဒုက္ခသည်စခန်းတွေဟာ ကမ္ဘာမှာ မဟုတ်ရင်တောင် အာရှအတွင်းမှာ အခြေအနေ အဆိုးဆုံး ဒုက္ခသည်စခန်းတွေထဲမှာ ပါဝင်တယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

    ကုလသမဂ္ဂဘက်ကနေ ရခိုင်ပြည်နယ်တွင်းမှာ အကူအညီ အမေရိကန် ဒေါ်လာ ၆၈ သန်း တောင်းခံထားရာမှာ ဒေါ်လာ ၄၁ သန်း လိုအပ်နေသေးကြောင်းလည်း သိရပါတယ်။

    ယာယီစခန်းတွေမှာ အကူအညီတွေ လိုနေသေးသလို အထူးသဖြင့် အင်္ဂါနေ့က သွားရောက်ကြည့်ရှုခဲ့တဲ့အထဲမှာ ပါတဲ့ မြေပုံမြို့နယ်က ဒုက္ခသည် စခန်းနှစ်ခုမှာဆိုရင် ရခိုင် ဒုက္ခသည် စခန်းကို ရွက်ဖျင်တဲ၊ အစားအစာနဲ့ ဆေးဝါး ပုံမှန် ထောက်ပံ့ပေးနိုင်တာ တွေ့ရပြီး အဲဒီနဲ့ သိပ်မဝေးတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ စခန်းမှာတော့ အကူအညီ ကောင်းကောင်း မရတာ တွေ့ရတယ်၊ သူတို့ဟာ စခန်းအပြင် ထွက်လို့လည်း မရဘူးလို့ ဗယ်လာရီ အေးမို့စ်နဲ့ အတူ သတင်းယူဖို့ လိုက်သွားတဲ့ ဘီဘီစီ သတင်းထောက် ဂျိနာ ဖစ်ရှာက ပြောပါတယ်။

    ဒုက္ခသည်စခန်းတွေ ပြွတ်သိပ်နေတဲ့အတွက် မြေနေရာလည်း ဒီထက်ပိုချဲ့ဖို့ လိုနေကြောင်းကို နယ်စပ် ဝန်ကြီးကို ပြောဖို့ ရှိတယ်လို့လည်း မစ္စ အေးမို့စ်က ပြောပါတယ်။

    နောက်ပြီး မစ္စ ဗယ်လာရီ အေးမိုစ်ဟာ မြန်မာအစိုးရကိုလည်း ရခိုင်ပြည်နယ်တွင်းမှာ အကူအညီတွေ တိုးပေးနိုင်အောင် ကူညီလုပ်ဆောင်ဖို့နဲ့ ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ဖို့အရေးမှာ အစိုးရဘက်က ဦးဆောင် ဦးရွက်ပြူ လုပ်ဆောင်ဖို့လည်း ပန်ကြားလိုက်ပါတယ်။

  • ကုလစာနာမှု အကြီးအကဲ ရခိုင်ပြည်နယ် သွားရောက်လေ့လာ

    ကုလစာနာမှု အကြီးအကဲ ရခိုင်ပြည်နယ် သွားရောက်လေ့လာ

    ဒီဇင်ဘာ ၅၊ ၂၀၁၂
    VOA (မြန်မာပိုင်း)

    ကုလသမဂ္ဂလူသားချင်းစာနာမှု အကူအညီပေးရေးအကြီးအကဲ Valerie Amos.

    ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Valerie Amos ဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ အောက်တိုဘာလတွေအတွင်း လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့တဲ့ ရခိုင်ဒေသ ကို ဒီကနေ့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပါတယ်။ ပဋိပက္ခကြောင့် ဒုက္ခကြုံတွေ့ရသူတွေကို ကုလသမဂ္ဂအနေနဲ့ အကူအညီအထောက်အပံ့တွေ ပိုပေးနိုင်ဖို့ လာရောက်တာဖြစ်တယ် လို့ ပြောခွင့်ရသူက ဆိုပါတယ်။ အကြောင်းစုံကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ်မှာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ စိုးရိမ်ပူပင်မှုတွေနဲ့အတူ ကုလသမဂ္ဂတာဝန်ရှိသူတွေက မကြာမကြာ ရခိုင်ဒေသကို လာရောက်ကြ ရာမှာ အခု Valerie Amos ဟာ အခုနောက်ဆုံးလာရောက်တဲ့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိ တဦး ဖြစ်ပါတယ်။ Ms.Valerie ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ရက်ကြာ အရင်သွားရောက်ပြီး အဲဒီ မှာ နိုင်ငံခြားရေးဝန်ကြီးအပါအ၀င် အခြားတာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာအရေး ကိစ္စကို ဆွေးနွေးခဲ့ ပါတယ်။ အဲဒီကတဆင့် မြန်မာနိုင်ငံကို လာရောက်ပြီး ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေကို လာရောက်တာ ဖြစ်တယ်လို့ အတူပါလာတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုရုံး ပြောခွင့်ရသူ Kirsten Mildren က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

    “ဒီခရီးစဉ်မှာတော့ Ms. Valerie Amos ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ဘင်္ဂလားဒေ့် ရှ် နိုင်ငံကို သွားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ပြန်လာတယ်။ အင်္ဂါနေ့မှာတော့ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဗုဒ္ဒဟူးနေ့ ဒီကနေ့ မနက်ပိုင်းမှာတော့ ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ် စစ်တွေကို ရဟတ်ယဉ်နဲ့ လာခဲ့ပါတယ်။ ဒီနေ့ နေလည်ပိုင်းမှာ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြတဲ့ ဒုက္ခသည်တွေရဲ့ စခန်း (၅)ခုကို သွားရောက် လေ့လာခဲ့ပါတယ်။”

    အခု မြန်မာနိုင်ငံလာရောက်တဲ့ သူ့ရဲ့ ခရီးစဉ်ဟာ ရခိုင်ဒေသတွင်းနဲ့ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်တွေ အခြေအနေကို မျက်မြင်လာရောက်ကြည့်ရှုဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီ ဒုက္ခသည်တွေအခြေအနေ ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ရာ ရှိနေတဲ့ အကြပ်အတည်း စိန်ခေါ်ချက်တွေကို မြန်မာအာဏာပိုင်တွေအနေနဲ့ ဖြေရှင်းဖို့၊ တည်ငြိမ်မှု အမျိုးသားပြန်လည် သင့်မြတ်ရေးကိုဆောင်ရွက်ဖို့ Ms.Valerie က တိုက်တွန်းပြောဆိုမယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ သိရှိနိုင်ဖို့ ရခိုင်ပဋိပက္ခမှာ ခံစားနစ်နာသူ မတူညီတဲ့ အုပ်စုတွေကို အသီးသီး တွေ့ဆုံခဲ့တယ်လို့ ပြောခွင့်ရသူ Kirsten က ပြောပါတယ်။

    “ပြီးခဲ့တဲ့ ဇွန်လနဲ့ အောက်တိုဘာလတွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင် လူထုအပေါ် ဘယ်လို သက်ရောက်ထိခိုက်စေသလဲဆိုတာကို အမှန်တကယ်သိနိုင်ဖို့ ဒုက္ခသည်စခန်းအချို့ကို သွားရောက်လေ့လာတာပါ။ ဒီ ပဋိပက္ခအကြပ်အတည်းနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့  မတူညီတဲ့ အုပ်စုအသီးသီးနဲ့ တွေ့ဆုံပါတယ်။”

    ရခိုင်ပဋိပက္ခဟာ အဲဒီမှာရှိတဲ့ ရန်ဖက်အသိုင်းအ၀ိုင်းနှစ်ခုစလုံးကို နစ်နာစေတယ်လို့ Mr.Valerie က သတင်းဌာနတွေကို ပြောခဲ့သလို၊ အဲဒီက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာကူညီမှုအနေနဲ့ ကုလသမဂ္ဂအနေနဲ့ ဒေါ်လာ ၁၁သန်း ကူညီဖို့ လျာထားတယ်လို့ ပြောခဲ့ပါတယ်။ ဇွန်လကစတဲ့ ပဋိပက္ခတွေကြောင့် ခန့်မှန်းချေအားဖြင့် ဒုက္ခသည် ၇ သောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရ တယ်လို့ ခန့်မှန်းထားတာပါ။ အခု သူတို့လာရောက်တာဟာလည်း ကုလသမဂ္ဂအနေနဲ့ ဒီဒုက္ခ သည်တွေကို ကူညီဖို့ အသင့်ရှိနေတယ်ဆိုတာ ပြသဖို့ဖြစ်တယ်လို့ ပြောခွင့်ရသူ Kirsten က ပြောခဲ့ပါတယ်။

    “အခု ဒီဒေသကို ဘာကြောင့်လာလဲဆိုတာ သိစေချင်တာတွေရှိပါတယ်။ တချက်ကတော့ ကုလသမဂ္ဂ အနေနဲ့ ဒီမှာ ရောက်လာပြီ၊ အကူအညီပို့ပေးဖို့ရှိတယ်ဆိုတာပါ။ အဲဒီမှာ အခြေခံအားဖြင့် အမိုးအကာတွေ၊ သောက်သုံးရေတွေနဲ့ သန့်ရှင်းရေးစနစ်တွေ လိုအပ်နေတုန်းပါပဲ။”

    ဒီခရီးစဉ်နဲ့ပတ်သက်လို့ သီးခြားသတင်းစာရှင်းလင်းပွဲတရပ်ကို မနက်ဖြန် ရန်ကုန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Ms.Valerie အနေနဲ့ ကချင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

  • သဲချောင်းဒုက္ခသည် စခန်းတွင် လုံထိန်းများမှ အကြမ်းဖက်ပစ်ခတ်မှု့ ဆက်သွယ်မေးမြန်းချက်

    သဲချောင်းဒုက္ခသည် စခန်းတွင် လုံထိန်းများမှ အကြမ်းဖက်ပစ်ခတ်မှု့ ဆက်သွယ်မေးမြန်းချက်

    ဒီဇင်ဘာ ၁၊ ၂၀၁၂
    M-Media
    ထွန်းတောက်

    သဲချောင်း။      ။စစ်တွေ သဲချောင်းရွာမှ မွတ်စလင်မ်ဒုက္ခသည် စခန်းရှိ ဒုက္ခသည်တို့အား စစ်တပ်က ယနေ့ ဒီဇင်ဘာ ၁-ရက်နေ့တွင် အတင်းအဓမ္မရွှေ့ပြောင်းခိုင်းပြီး ညနေ ၅-နာရီ ၄၀-မိနစ်ဝန်းကျင်တွင် လုံထိန်းများမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

    လုံထိန်းများမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မွတ်စလင်မ် ဒုက္ခသည် အမျိုးသား ၆-ယောက် သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး၊ အမျိုးသမီး ၃-ယောက်လည်း သေနတ်ဖြင့် ရိုက်ခံရ၍ ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။ ယင်းဒဏ်ရာ ရရှိသူများအား သဲချောင်းမှတဆင့် သက္ကယ်ပြင်ရွာသို့ ခေါ်ဆောင်သွားပြီး သက္ကယ်ပြင် ကဗရ်စတာန်(သုဿာန်) ဗလီထဲမှာ ထားရှိပြီး ဆေးကုသ နေကြောင်းသိရသည်။

    ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သဲချောင်းဒုက္ခသည် စခန်းကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    မေး – သဲချောင်းက ဒုက္ခသည်တွေကို သေနတ်နဲ့ပစ်လို့ ဒဏ်ရာရသွားကြတယ်ဆိုတာ ဟုတ်ပါသလား။
    ဖြေ – ဟုတ်ပါတယ်။ ၆-ယောက် သေနတ်ဒဏ်ရာအပြင်းအထန်ရသွားတယ်။

    မေး – ဘယ်လိုဖြစ်လို့ ဒုက္ခသည်တွေကို သေနတ်နဲ့ပစ်ခတ်မှုဖြစ်ခဲ့တာလဲ။ ဘယ်သူတွေက ပစ်ခဲ့တာလဲ။
    ဖြေ – ဖြစ်တာကတော့ သူတို့က ဒုက္ခသည်တွေကို သဲချောင်ကနေ ဗောဒူဝရွာကို ပြောင်းခိုင်းတယ်။ ရွေှ့ခိုင်းမယ်လုပ်ထားတဲ့ ဒုက္ခသည်တွေကို မခေါ်ပဲ တစ်ခြားသူတွေကိုခေါ်တယ်။ သူတို့က မလာတော့ သေနတ်နဲ့ပစ်တယ်။ လူအုပ်ထဲကို ရမ်းပစ်တာ။ ၇-ချက်ပစ်တယ်။ ၆-ယောက်ကို မှန်သွားတယ်။ ပစ်တာက လုံထိန်းကပစ်တာ။ လုံထိန်းက (၂၅)ယောက်လောက်ရှိတယ်။ အဲလိုဖြစ်တော့ တစ်ခြားသူတွေ ၀ိုင်းအုံလာတာနဲ့ လုံထိန်းတွေ ထွက်ပြေးသွားကြတယ်။

    မေး – ရွေှ့ခိုင်းတဲ့ဒုက္ခသည်တွေကိုမခေါ်ပဲ တစ်ခြားသူတွေကို ခေါ်တယ်ဆိုတာ ဘယ်လိုကိုပြောတာလဲ ခင်ဗျ။ ဗောဒူဝရွာကရော ဘာရှိတာလဲ။
    ဖြေ – ဗောဒူဝကလည်း မွတ်စလင်မ်ရွာပဲ။ အဲဒီမှာ ဒုက္ခသည်စခန်းလုပ်ပြီး အဲဒီကို ရွှေ့ခိုင်းတာဗျ။ ဒီသဲချောင်းမှာ ဒုက္ခသည်တွေအတွက်ပေးထားတဲ့ တဲတွေရှိတယ်ဗျ။ အဲဒီတဲတွေက ဆော်ဒီကပေးထားတဲ့တဲတွေရယ်၊ UNHCR က ပေးထားတဲ့ တဲတွေရယ် ကွဲတယ်။ UNHCR က တဲတွေမှာ ပိုက်သည်နဲ့ မော်လိပ်က ဒုက္ခသည်တွေနေတယ်။ ဆော်ဒီကပေးတဲ့ တဲတွေမှာ နာဇီက ဒုက္ခသည်တွေနေတယ်။ အဲဒါ ဆော်ဒီက တဲမှာနေတဲ့သူတွေကို စစ်တပ်က သဲချောင်းကနေ ဗောဒူဝကို ပြောင်းခိုင်းတယ်။ ဒုက္ခသည်တွေကလည်း မပြောင်းချင်ကြတော့ဘူး။ အဲဒါနဲ့ စစ်တပ်က ဘာမှ မပြောတော့ပဲ ထိုင်နေတယ်။ လုံထိန်းတွေက ပြောင်းခိုင်းတာ။

    မေး – အဲလို မပြောင်းတာနဲ့ သေနတ်နဲ့ပစ်တာလား။
    ဖြေ – စစ်တပ်က ပြောင်းခိုင်တာက ဆော်ဒီတဲကလူတွေကို ပြောင်းခိုင်းတာ။ တကယ်တမ်း သူတို့ကခေါ်တော့ UNHCR တဲက လူတွေကိုခေါ်တယ်။ အဲဒီတော့ UNHCR တဲကလူတွေက မလာဘူးပေါ့ဗျာ။ မလာတာနဲ့ UNHCR တဲသမားတွေကို ပစ်တာ။ လူတွေကြားထဲပစ်တာ ၇-ချက်၊ ၆-ယောက် မှန်သွားတယ်။

    မေး – သူတို့က ဘာလို့ပြောင်းခိုင်းတာလဲ။
    ဖြေ – ကျွန်တော်ထင်တာတော့ အခုက စစ်တွေမှာ နိုင်ငံတကာကအဖွဲ့တွေ တစ်နေ့ကို ၁၀-ကြိမ်ထက်မနည်းလာနေကြတယ်။ ဒီလောက်ဒုက္ခသည်တွေများနေတော့ အစိုးရက သိက္ခာကျလာတယ်။ ဒါကြောင့် ဒုက္ခသည်တွေကို ခွဲထုတ်ဖို့လုပ်တာ။

    မေး – ခုနက သေနတ်မှန်တဲ့ ၆-ယောက် အခြေအနေက အခု ဘယ်လိုရှိလဲ။
    ဖြေ – သူတို့ ၆-ယောက်ကို အခုတော့ သက္ကယ်ပြင်ကိုခေါ်သွားပြီပြောတယ်။

    မေး – ဟုတ်ကဲ့။ ဒါဆို သက္ကယ်ပြင်ကို ဆက်သွယ်လိုက်ပါဦးမယ်။ ဘာများပြောဦးမလဲ ခင်ဗျ။
    ဖြေ – စစ်တွေမှာလည်း ပြဿနာပြန်ဖြစ်လာနိုင်တဲ့ အနေအထားတွေဖြစ်နေတယ်။ ဒုက္ခသည်စခန်းတွေထဲမှာလည်း ဒုက္ခသည်တွေကို ဒုက္ခတွေထပ်ပေးနေတယ်။ အဲဒါတွေကို ၀ိုင်းဝန်းတားဆီးပေးကြပါလို့ပြောချင်တယ်။

    သက္ကယ်ပြင်ရွာသို့လည်း ဆက်သွယ်မေးမြန်းခဲ့ရာ “ဟုတ်တယ်ခင်ဗျ။ သဲချောင်းမှာ ညနေက သေနတ်မှန်လို့ ဒဏ်ရာရတဲ့ အမျိုးသား ၆-ယောက် အခု သက္ကယ်ပြင်မှာရောက်နေတယ်။ ကဗရ်စတာန်(သုသာန်)ဗလီထဲမှာ ထားထားတယ်။ အခုပဲ အမျိုးသမီး ၃-ယောက် ထပ်ရောက်လာတယ်ဗျ။ သူတို့ကတော့ သေနတ်မှန်တာ မဟုတ်ပါဘူး။ သေနတ်နဲ့ရိုက်ခံရလို့ ဒဏ်ရာတွေ ရလာတာပါ။ အခုတော့ ဆေးကုပေးနေပါတယ်”လို့ သက္ကယ်ပြင်ရွာသားတစ်ဦးမှ ပြောပြခဲ့ပါတယ်။

     

    မှတ်ချက်။ ။ သတင်းပေးပို့လာသူရဲ့ ကင်မရာ Date Setting မှားယွင်းနေခြင်းကြောင့် နေစွဲ လွဲနေခြင်းဖြစ်ပါတယ်။