News @ M-Media

Tag: Rohingya IDP

  • ရခိုင်မှ ဒုက္ခသည်များ အကူအညီ ပိုလိုအပ်ဟု ကွင်းဆင်း ကြည့်ခဲ့သည့် ကုလ အကြီးအကဲ ၂ ဦးပြော

    ရခိုင်မှ ဒုက္ခသည်များ အကူအညီ ပိုလိုအပ်ဟု ကွင်းဆင်း ကြည့်ခဲ့သည့် ကုလ အကြီးအကဲ ၂ ဦးပြော

    စက်တင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media

    cq5dam.web.540.390
    ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဗိုလ်ချူပ်မောင်မောင်အုန်းနှင့် ကုလ အကြီးအကဲ နှစ်ယောက် ရခိုင်မှ ဒုက္ခသည်စခန်းတခုတွင် ဆွေးနွေးနေကြစဉ်

    – လူအုပ်စုနှစ်စုအကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၏ အခြေအနေမှာ ယမန်နှစ်ကထက်စာလျှင် တိုးတက်လာသော်လည်း အဓိကကျသည့် ဆောင်ရွက်မှုအများအပြား လိုအပ်နေသည်ဟု ကုလသမဂ္ဂ အကြီးအကဲနှစ်ဦးက ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ၏ အာရှပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ ဟိုလီယန်ဇူနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိုနှိုင်းရေးမှုရုံး OCHA မှ လုပ်ငန်းပိုင်းဆိုင်ရာ ဒါရိုက်တာ ဂျွန်ဂင်းတို့ ရခိုင်ပြည်နယ်သို့ နှစ်ရက်တာ သွားရောက် ကြည့်ရှုခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

    ရခိုင်ပြည်နယ်ရှိ မတူညီသော လူမျိုးစုများအကြား ဆက်ဆံရေးတိုးတက်လာရန်အတွက် ဆောင်ရွက်မှု ပိုလိုအပ်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပြည်သူများအတွက် ရေရှည် အကျိုးသက်ရောက်မှုရှိသည့် အဖြေများကို ရှာဖွေရန်လည်း ၎င်းတို့က တိုက်တွန်းခဲ့သည်။

    “ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူ့အဖွဲ့အစည်းအားလုံးရဲ့လိုအပ်ချက်တွေ ပြည့်မီမှသာ တည်ငြိမ်မှုနဲ့ ရေရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိမှာပါ။ ဒုက္ခသည်တွေရဲ့ လက်ငင်းလိုအပ်ချက်ကို ဖြေရှင်းဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ သောက်သုံးရေရရှိရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေဖန်တီးပေးရေးနဲ့ အခြေခံ အဆောက်အဦးတွေ ဆောက်လုပ်ပေးခြင်းပါအ၀င် အခြေခံလိုအပ်ချက်တွေကို အရည်အသွေး ပြည့်ဝဖို့ ဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်ရပါမယ်” ဟု မစ္စတာ ဇူက ပြောကြားခဲ့သည်။

    မစ္စတာဇူနှင့် မစ္စတာ ဂင်းတို့မှာ စစ်တွေနှင့် ပေါက်တောမြို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး၊ မင်းပြားနှင့် စစ်တွေမြို့တွင် UNDP မှ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကြည့်ရှုခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အစိုးရနှင့် UNDP တို့ ပူးတွဲဆောက်လုပ်နေပြီး ကျေးရွာလေးခုကို ဆက်သွယ်ပေးနိုင်မည့် တံတားဆောက်လုပ်ရေးလုပ်ငန်းကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

    မစ္စတာဂင်းကမူ ပြီးခဲ့သည့်နှစ် မိမိလာရောက်စဉ်ကထက်စာလျှင် တိုးတက်မှုများကို တွေ့ရပြီး အကူအညီပေးရေးအဖွဲ့အစည်းများ၏ ကြိုးပမ်းမှုဖြင့် အခြေအနေများ တည်ငြိမ်လာသည့်အတွက် ကျေးဇူးတင်ကြောင်း၊ သို့သော်လည်း  လူအများအပြားအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ လက်မခံနိုင်စရာဖြစ်ပြီး မိမိတို့၏ ဆောင်ရွက်ချက်များကို နှစ်ဆတိုး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ref_UNDP Myanmar

  • ရခိုင်မှ ဒုက္ခသည်များ ရေရှည် လိုအပ်ချက်များ ရှိနေကြောင်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ပြောကြား

    ရခိုင်မှ ဒုက္ခသည်များ ရေရှည် လိုအပ်ချက်များ ရှိနေကြောင်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ပြောကြား

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media

    OCHA
    ဓါတ်ပုံ အညွှန်း – ကုလသမဂ္ဂ OCHA အကြီးအကဲ John Ging မှ ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများသို့ စက်တင်ဘာ ၁၀ ရက်နေ့က သွားရောက်ကြည့်ရှုစဉ် Photo: OCHA / C. Learson

    – ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များမှာ ရှေရှည် လိုအပ်ချက်များရှိနေသည်ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC မှ စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    အကူအညီပေးရေးအဖွဲ့များအား ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့်မေလမှစတင်ကာ ICRC မှ အကူအညီပေးရေး လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ခဲ့သည်။

    လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အရေးပါသည့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေပြီး အစားသောက်နှင့် သောက်သုံးရေ ရရှိရေးတို့မှာလည်း အရေးကြီးနေကာ အကြမ်းဖက်မှုများက မွတ်စလင်နှင့် ရခိုင် လူ့အဖွဲ့အစည်းနှစ်ခုလုံးကို ရေရှည်ထိခိုက်နေသည်ဟု စစ်တွေရှိ ICRC ရုံးမှ အကြီးအကဲ အာကွင်း အိုချွာက ပြောကြားခဲ့သည်။

    ICRC ကမူ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများ၊ အစားအသောက်နှင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဆေးရုံ၊ ဆေးခန်းများ အတွက် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ခြင်း၊ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် အတွက် မျိုးစေ့များ၊ မြေသြဇာများဝေငှခြင်း စသည့် အကူအညီပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

    အစားသောက်ချက်ပြုတ်ရန် ထင်းမရရှိသည့် ဒုက္ခသည်စခန်း သုံးခုကိုလည်း စပါးခွံများမှ ပြုလုပ်ထားသည့် ထင်းအစားထိုးလောင်စာများ ပေးပို့ ကူညီထားသည်။ ထို့ပြင် မိုးရာသီ၌ အမိုးအကာများရရှိစေရန် တာပေါ်လင်စများ၊ ငါးဖမ်းသမားများအတွက် ငါးဖမ်း ပစ္စည်းကိရိယာများ စသည်တို့ကို ပေးအပ်ထားပြီး ခြောက်သွေ့ရာသီတွင် ဒုက္ခသည်မိသားစုများ ပုံမှန်ဝင်ငွေရရှိရေး အသေးစား စီးပွားရေးလုပ်ငန်းများကို ICRC မှ ထူထောင်ပေးရန် ရှိနေသည်။

    ICRC မှာ ကချင်ပြည်နယ်နှင့် အရှေ့ပိုင်းပြည်နယ်များရှိ စစ်ဘေးဒဏ်ခံပြည်သူများအတွက်လည်း အကူအညီပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး စင်တာများကို ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ref_ICRC

  • ဘင်္ဂလားဒေရှ်တွင် ခိုလှုံနေသည့ှ် ရိုဟင်ဂျာ ဒုက္ခသည် ၂ ထောင်ကျော်ကို မြန်မာပြန်လည် လက်ခံမည်။

    ဘင်္ဂလားဒေရှ်တွင် ခိုလှုံနေသည့ှ် ရိုဟင်ဂျာ ဒုက္ခသည် ၂ ထောင်ကျော်ကို မြန်မာပြန်လည် လက်ခံမည်။

    စက်တင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    MC10 Omi_18
    – ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းနှစ်ခုမှ ရိုဟင်ဂျာဒုက္ခသည် နှစ်ထောင်ကျော်ကို ပြန်လည် လက်ခံရန်အတွက် မြန်မာနိုင်ငံက သဘောတူညီခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    ယမန်နေ့ နေ့လည်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် ၈ ကြိမ်မြောက် နိုင်ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲ အတွင်း သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနမှ အတွင်းဝန် အမ် ရှဟီဒွလ် ဟာကွီက ဆွေးနွေးပွဲ အပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    ပြန်လည်ခေါ်ဆောင်မည့် ရိုဟင်ဂျာ  ဒုက္ခသည် အရေအတွက်မှာ စုစုပေါင်း ၂၄၁၅ ဦးဖြစ်ပြီး  ပြန်လည်ခေါ်ဆောင်ရေး လုပ်ငန်းစဉ်များကို နှစ်လအတွင်း စတင်သွားမည်ဖြစ်ကာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ပြန်လည် လက်ခံခြင်း ဖြစ်သည်။

    ၈ ကြိမ်မြောက် နိုင်ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်မှ နိုင်ငံခြားရေးရာဌာန အတွင်းဝန် အမ် ရှဟီဒွလ် ဟာကွီဦးဆောင်သည့် အဖွဲ့နှင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်တို့ ဦးဆောင်သောအဖွဲ့တို့ ပြုလုပ်ကြခြင်းဖြစ်သည်။

    Ref: Dhaka Tribune

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတချို့ကို မြန်မာအစိုးရ ပြန်လက်ခံတော့မည်

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတချို့ကို မြန်မာအစိုးရ ပြန်လက်ခံတော့မည်

    စက်တင်ဘာ ၁ ၊ ၂၀၁၄
    VOA (မြန်မာပိုင်း)

    6FC3F35E-FE3B-4619-85E1-E7A587B413B0_w640_r1_s
    ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲ ၂၄၅၁ ယောက်ကို လာမယ့် နှစ်လ အတွင်း မြန်မာအစိုးရက ပြန်လည် လက်ခံဖို့ ဘင်္ဂဘားဒေ့ရှ်အစိုးရနဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြ ပါတယ်။

    မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အားရှိသူ ရိုဟင်ဂျာ ဒုက္ခသည် ၃၂,၀၀၀ ထဲက ပထမအသုတ်အဖြစ်နဲ့ ၂,၄၅၁ ယောက်ကို လာမယ့် ၂ လအတွင်း ပြန်လည်ခေါ်ယူနိုင်ရေး စတင်ဆောင်ရွက်ဖို့ မြန်မာအစိုးရဖက်က သဘောတူလိုက်ကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဌာနာ ဒုတိယ၀န်ကြီး ဦးသန့်ကျော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Md Shahidul Haque က တွေ့ဆုံ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ FOC ခေါ် ဘင်္ဂလားဒေ့ရှ် – မြန်မာ ၈ ကြိမ်မြောက် နိုင်ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲအတွင်း ဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား အခုလို ထူးခြားတဲ့ သဘောတူညီမှု ရရှိလိုက်ပေမယ့် တခြား သဘောထား မတိုက်ဆိုင်တဲ့ အကြောင်းအရာတွေလည်း အများအပြား ရှိနေတုန်းပဲလို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာပြည်ကို ပြန်ပို့မယ့် ရိုဟင်ဂျာတွေ နှစ်ဖက် ပြန်လည် စစ်ဆေးပြီးမှ ပြန်ပို့မှာဖြစ်ပြီး အဲဒီအထဲမှာ ၂၀၀၅ နှစ်နောက်ပိုင်း ရိုဟင်ဂျာတွေက မွေးဖွားတဲ့ သားသမီးတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

    တရားဝင်ပြုစုထားတဲ့ စာရင်းဇယားတွေအရ ၁၉၉၁ ခုနှစ်မှာ မြန်မာစစ် အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ၂,၅၀,၈၇၇ ယောက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၂,၃၆,၅၉၉ ယောက်ကို ကုလသမဂ္ဂရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။

    လက်ရှိမှာတော့ Cox’s Bazar ခရိုင်အတွင်းက ဒုက္ခသည်စခန်း ၂ ခုမှာ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၃၂,၀၀၀ လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေက ကလေးမွေးဖွားမှုနှုန်း များလွန်းတာကြောင့် သူတို့ရဲ့ အရေအတွက်ဟာလည်း တဖြည်းဖြည်း များပြားလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဖက်က အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

    http://burmese.voanews.com/content/rohingya-refugee-bangaladesh-/2434263.html

  • ရိုဟင်ဂျာများကို နိုင်ငံသား အသိမှတ်ပြုရန် ငြင်းဆိုမှုကို စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးပြော

    မေ ၁၁ ၊ ၂၀၁၄
    M-Media
    camp-05
    – မြန်နိုင်ငံတွင် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုခံရမှု အတွက်စိုးရိမ်မိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အမ် ရှာရီယာ အလမ် က  ပြောကြားလိုက်သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် အမေရိကန် တောင်အာရှရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Fatema Sumar. နှင့် မေလ ၈ရက်နေ့က တွေ့ဆုံစဉ်အတွင်း အလမ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်ထောင်ပေါင်းများစွာအား လက်ခံထားရသော နိုင်ငံလည်းဖြစ်သည်။

    မြန်မာနယ်စပ်နှင့် နှစ်ကီလိုမီတာအကွာ ကူတူပလောင်နှင့် နာယာပရာဒေသတို့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အကူအညီဖြင့် လည်ပတ်နေသော ဒုက္ခသည်စခန်းများ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည် ၃၀,၀၀၀ အပါအ၀င် ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းကျော် ရှိနေပြီး စခန်းအပြင်တွင် နေထိုင်ကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များမှာ ငါးသိန်းကျော်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

    ထိုဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် မြန်မာအစိုးရက ငြင်းဆိုထားပြီး၊ မြန်မာနိုင်ငံ၏ နောက်ဆုံး မဲပေးသူများစာရင်းတွင်လည်း ရိုဟင်ဂျာများမှာ ဖယ်ထားခြင်းခံထားရကာ ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍လည်း မေးခွန်းထုတ်စရာများရှိနေသည်ဟု သတင်းများက ဖော်ပြသည်။

    ပုံညွှန်း- ရခိုင်ဒေသမှ ထွက်ပြေးသွားသည့် ဘင်္ဂလားဒေရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု

    Ref:  bdnews24