စက်တင်ဘာ ၁၁ ၊ ၂၀၁၄
M-Media

– ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များမှာ ရှေရှည် လိုအပ်ချက်များရှိနေသည်ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC မှ စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
အကူအညီပေးရေးအဖွဲ့များအား ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့်မေလမှစတင်ကာ ICRC မှ အကူအညီပေးရေး လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ခဲ့သည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အရေးပါသည့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေပြီး အစားသောက်နှင့် သောက်သုံးရေ ရရှိရေးတို့မှာလည်း အရေးကြီးနေကာ အကြမ်းဖက်မှုများက မွတ်စလင်နှင့် ရခိုင် လူ့အဖွဲ့အစည်းနှစ်ခုလုံးကို ရေရှည်ထိခိုက်နေသည်ဟု စစ်တွေရှိ ICRC ရုံးမှ အကြီးအကဲ အာကွင်း အိုချွာက ပြောကြားခဲ့သည်။
ICRC ကမူ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများ၊ အစားအသောက်နှင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဆေးရုံ၊ ဆေးခန်းများ အတွက် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ခြင်း၊ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် အတွက် မျိုးစေ့များ၊ မြေသြဇာများဝေငှခြင်း စသည့် အကူအညီပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။
အစားသောက်ချက်ပြုတ်ရန် ထင်းမရရှိသည့် ဒုက္ခသည်စခန်း သုံးခုကိုလည်း စပါးခွံများမှ ပြုလုပ်ထားသည့် ထင်းအစားထိုးလောင်စာများ ပေးပို့ ကူညီထားသည်။ ထို့ပြင် မိုးရာသီ၌ အမိုးအကာများရရှိစေရန် တာပေါ်လင်စများ၊ ငါးဖမ်းသမားများအတွက် ငါးဖမ်း ပစ္စည်းကိရိယာများ စသည်တို့ကို ပေးအပ်ထားပြီး ခြောက်သွေ့ရာသီတွင် ဒုက္ခသည်မိသားစုများ ပုံမှန်ဝင်ငွေရရှိရေး အသေးစား စီးပွားရေးလုပ်ငန်းများကို ICRC မှ ထူထောင်ပေးရန် ရှိနေသည်။
ICRC မှာ ကချင်ပြည်နယ်နှင့် အရှေ့ပိုင်းပြည်နယ်များရှိ စစ်ဘေးဒဏ်ခံပြည်သူများအတွက်လည်း အကူအညီပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး စင်တာများကို ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
ref_ICRC
Leave a Reply
You must be logged in to post a comment.