News @ M-Media

Tag: Rohingya

  • ရိုဟင်ဂျာများကို မူရင်းနေရာများဆီ ပြန်မပို့လျှင် သပိတ်မှောက်မည်ဟု အကူအညီပေးရေးအဖွဲ့များပြော

    ရိုဟင်ဂျာများကို မူရင်းနေရာများဆီ ပြန်မပို့လျှင် သပိတ်မှောက်မည်ဟု အကူအညီပေးရေးအဖွဲ့များပြော

    ဒီဇင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်ကို ပြန်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ အရင်နေထိုင်တဲ့နေရာတွေ မပို့ဘဲ ဒုက္ခည်စခန်းတွေမှာ ထားမယ်ဆိုရင် သပိတ်မှောက်သွားမယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေဖြစ်တဲ့ Care International၊ Save the Children၊ Consortium Dutch NGOs နဲ့ Solidarites International တို့ မနေ့က ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ရိုဟင်ဂျာတွေ ပြန်လည်လက်မယ့်အစီအစဉ်ကို ၂ လအတွင်းမှာ စတင်မယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ရဲ့ ကြေငြာချက်အပေါ် စိုး
    ရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြန်လည်လက်ခံရေးအစီအစဉ်ကို စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်လို့ ကြေငြာချက်မှာ ဖော်ပြထားပြီး နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ ဆောင်ရွက်ဖို့၊ ဒုက္ခသည်တွေအနေနဲ့ သူတို့ အရင်နေထိုင်တဲ့ ဒေသတွေမှာ သူတို့ သဘောဆန္ဒအတိုင်း ပြန်လည်နေထိုင်ခွင့်ကို အလေးထားဖို့၊ ပြန်လည်လက်ခံရေးလုပ်ငန်း မစခင်မှာ
    ပြန်မယ့်သူတွေ အန္တရာယ်ကင်းရေး၊ ကာကွယ်စောင့်ရှောက်ပေးရေးကို အာမခံပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှုအတွင်းမှာ ရိုဟင်ဂျာ ၆ သိန်းခွဲနီးပါးလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ဒီလူတွေကို နေရပ်ပြန်လည် ပို့ဆောင်ဖို့အတွက် နိုဝင်ဘာလအတွင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရခိုင်ပြည်နယ်ကို ပြန်သွားသူတွေဟာ ယာယီစခန်းတွေမှာပဲ နေထိုင်ရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါ့ကြောင့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ရိုဟင်ဂျာ ၁ သိန်းကျော်လောဟာ အခုအချိန်အထိ ဒုက္ခသည်စခန်းတွေမှာ ဆိုးဆိုးဝါးဝါးအနေအထားနဲ့ နေထိုင်နေရတဲ့ အခြေအနေမျိုး ထပ်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

    UNHCR ပြောရေးဆိုခွင့်ရှိသူ အက်ဒရင် အဒ်ဝပ် ဒုက္ခသည်တွေကို ပြန်လည်လက်မခံခင် ရှိနေရမယ့် တည်ငြိမ်တဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ မရှိဘူးလို့ ဆိုပါတယ်။

    သြဂုတ်လနှောင်းပိုင်း ပြဿနာတွေ ဖြစ်ပွားကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကူအညီပေးရေးအဖွဲ့တွေကို အာဏာပိုင်တွေက ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်ထားပါတယ်။

    မနေ့က အကူအညီပေးရေးအဖွဲ့တွေရဲ့ ဒီထုတ်ပြန်ချက်မှာ သူတို့အနေနဲ့ ရခိုင်ပြည်နယ်ကို ပြန်လာချင်သူတွေအတွက် ကူညီဖို့ အဆင်သင့်ရှိနေပြီး၊ ဒီပြဿနာကြောင့် ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းအားလုံးကို ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။

    Ref: VOA

  • ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှု ဆိုးကျိုးပိုများမည်ဟု တတ်သိပညာရှင်အဖွဲ့တစ်ခု သုံးသပ်

    ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှု ဆိုးကျိုးပိုများမည်ဟု တတ်သိပညာရှင်အဖွဲ့တစ်ခု သုံးသပ်

    ဒီဇင်ဘာ ၇၊ ၂၀၁၇
    M-Media

    ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာ သားအမိနှစ်ဦး (Photo credit – Reuters- September 2017)

    – ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်ပြီး အခြေအနေတွေ ဆိုးရွားသွားနိုင်တယ်လို့ နိုင်ငံတကာ တတ်သိပညာရှင်များအဖွဲ့တစ်ခုဖြစ်တဲ့ International Crisis Group (ICG) က သတိပေးလိုက်ပါတယ်။

    Myanmar’s Rohingya crisis enters a dangerous new phase (အန္တရာယ်ရှိသောအဆင့်သို့ ရောက်လာသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာပြဿနာ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ICG က ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလားရာဟာ သတ်မှတ်ပြီးသားဖြစ်ပြီး ပြောင်းလဲဖို့ခက်မယ်လို့ ဆိုပါတယ်။

    “တစ်နိုင်ငံလုံးရဲ့ သဘောထားကို ကျော်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီကိစ္စမှာ အစိုးရ၊ စစ်တပ်နဲ့ ပြည်သူလူထု အားလုံးနီးပါးဟာ တစ်သဘောတည်းရှိနေပြီး ခေတ်သစ်သမိုင်းမှာ ဒီလိုမျိုး တစ်ခါမှ မရှိဖူးပါဘူး။ ဒါက တရားဝင်ပေါ်လစီကို ပြောင်းလဲဖို့အတွက် တော်တော်လေးကို ခက်ခဲမယ့်အနေအထား ရှိပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၁၉ မျက်နှာပါဝင်တဲ့ အဲဒီအစီရင်ခံစာဟာ သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက်မှု၊ အဲဒီနောက်ပိုင်း စစ်တပ်ကလုပ်ခဲ့တဲ့ ဆိုးဆိုးရွားရွား စစ်ဆင်ရေးတွေ၊ စိန်ခေါ်မှုတွေကို ခြုံငုံသုံးသပ်ထားပြီး မြန်မာအစိုးရနဲ့ နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေကိုလည်း ဆွေးနွေးထားပါတယ်။

    ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ နိုင်ငံတကာက ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ICG က တစ်ခြားနိုင်ငံတွေမှာ ဒီလို အရေးယူမှုတွေလုပ်ရင် အခြေအနေက ရပ်တန့်သွားတတ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကောင်းမွန်တဲ့အပြောင်းအလဲ ဖြစ်လာမှာမဟုတ်ဘဲ အခြေအနေကို ပိုဆိုးသွားစေမယ်လို့ သတိပေးခဲ့ပါတယ်။

    ပြန်လက်ခံချင်တဲ့ဆန္ဒမရှိ

    လက်ရှိ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေ ကုန်သလောက်နီးပါးဖြစ်မှ ရပ်တန့်မယ့်အနေအထားရှိတယ်လို့လည်း ICG က ဆိုပါတယ်။

    ICG ရဲ့ နောက်ထပ် အရေးပါတဲ့ သုံးသပ်ချက်တစ်ခုကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မြန်မာနိုင်ငံက လက်ခံချင်တဲ့ဆန္ဒမရှိဘူးဆိုတဲ့ အမြင်ပါ။

    ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက်၊ အန္တရာယ်ကင်းစွာ၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ခွင့်ကို ဆက်လက် တောင်းဆိုသွားဖို့ လိုအပ်တယ်လို့ ICG က ထောက်ပြပါတယ်။

    “အခြေခံကျကျပြောရရင် အစိုးရရော၊ လုံခြုံရေးတပ်ဖွဲ့တွေရော ဒုက္ခသည်တွေ သူတို့သဘောဆန္ဒအလျောက် ပြန်လာနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့၊ ဒါကိုအဆုံးသတ်နိုင်အောင် ယုံကြည်စိတ်ချရပြီး ထိရောက်တဲ့လုပ်ငန်းစဉ်မျိုး အကောင်အထည်ဖော်ပေးဖို့ နိုင်ငံရေးဆန္ဒရှိတာကို မတွေ့ရပါဘူး”

    ရိုဟင်ဂျာတွေဟာ လတ်တလောမှာ အိမ်ပြန်လို့ရမှာ မဟုတ်သေးဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

    နိုင်ငံဆုတ်ယုတ်မယ်

    ရိုဟင်ဂျာကိစ္စဟာ လူသားတွေ မစဉ်းစားနိုင်လောက်တဲ့ ထိခိုက်ခံစားရတဲ့ ပြဿနာတစ်ခုသာ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေကို ပုံသွန်းပေးမှာဖြစ်ပြီး ဒေသတွင်း လုံခြုံရေးဆိုင်ရာ အနေအထားအပေါ်လည်း ကြီးကြီးမားမား သက်ရောက်မှုရှိမယ်လို့ ICG က သုံးသပ်ပါတယ်။

    “ဒီပြဿနာဟာ အနာဂတ်မှာ မြန်မာနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံအများစုရဲ့ ရှုမြင်မှုကို ပုံဖော်ပေးမှာဖြစ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားကဏ္ဍတွေမှာ အနှုတ်လက္ခဏာဆောင်မှု ကြီးကြီးမားမား ဖြစ်လာပါလိမ့်မယ်။ ဆယ်စုနှစ်များစွာ အနောက်နိုင်ငံတွေရဲ့ စွန့်ပစ်ခံရမှုကနေ ရုန်းထွက်လာတဲ့ ဒီနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းက စို့စို့ပို့ပို့ ရရှိထားတဲ့ ထောက်ခံအားပေးမှုတွေကို အလိုအပ်ဆုံးအချိန်မှာ ဖြုန်းတီးပစ်ခဲ့တာပါ”

    လုံခြုံရေးဆိုင်ရာ အန္တရာယ်

    ဒုက္ခသည်စခန်းတွေမှာ ပိတ်မိနေပြီး ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလာခြင်းက နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေ ရှိလာနိုင်ပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တာ၊ နိုင်ငံဖြတ်ကျော် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာတာမျိုးတွေ ဖြစ်နိုင်တယ်လို့ အစီရင်ခံစာမှာ ထပ်မံသတိပေးထားကာ ဒါတွေကို ဖြေရှင်းဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။

    နိုင်ငံတကာက ပေါ်လစီချမှတ်သူတွေကို ICG က ဘယ်လိုတုန့်ပြန်မှုမျိုးကိုမဆို မြန်မာပြည်သူတွေကို တတ်နိုင်သလောက် မထိခိုက်အောင် ဆောင်ရွက်သင့်တယ်လို့ အကြံပြုခဲ့ပြီး၊ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ ကိုယ်လုပ်ချင်တာလုပ်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် မြန်မာပြည်သူတွေ ထပ်မံပေးဆပ်ရတာမျိုး မဖြစ်သင့်ဘူးလို့ တိုက်တွန်းထားပါတယ်။

    မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ဖြတ်ဖို့ တိုက်တွန်းတာတွေကို နိုင်ငံတကာ ခေါင်းဆောင်တွေအနေနဲ့ လစ်လျူရှုထားဖို့၊ ဖွံ့ဖြိုးရေးအကူအညီတွေ ဆက်ပေးတာ၊ အရပ်သားအစိုးရနဲ့ ထိတွေ့ဆက်ဆံတာ၊ ပိတ်ဆို့မှုတွေလုပ်ရင် ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်စေဖို့ ဂရုစိုက်တာ၊ ပိတ်ဆို့မှုတွေမလုပ်ခင် စစ်တပ်၊ အရပ်သားအစိုးရတွေနဲ့ ဆွေးနွေးတာမျိုး လုပ်ဆောင်ဖို့လည်း အစီရင်ခံစာက အကြံပြုထားပါတယ်။

    Ref: Frontier Myanmar

     

  • အလွယ်တကူ မပြေလည်နိုင်တဲ့ ရိုဟင်ဂျာတို့ရဲ့ မူရင်းဇစ်မြစ်

    အလွယ်တကူ မပြေလည်နိုင်တဲ့ ရိုဟင်ဂျာတို့ရဲ့ မူရင်းဇစ်မြစ်

    Hosne Ara, 4, a Rohingya refugee who fled Myanmar two-months ago listens to children singing at a children’s centre in the Kutupalong refugee camp near Cox’s Bazar, Bangladesh, November 5, 2017. REUTERS/Hannah McKay/File Photo SEARCH “POY GLOBAL” FOR THIS STORY. SEARCH “REUTERS POY” FOR ALL BEST OF 2017 PACKAGES. TPX IMAGES OF THE DAY

    မကြာသေးမီက မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်မှာ “ရိုဟင်ဂျာ” လို့ လူမျိုးအမည်တပ်ပြီး ပြောဆိုခဲ့ခြင်းမရှိတဲ့အပေါ် သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ တချို့ကတော့ ဒါဟာ အမျိုးသားရေးအစွန်းရောက်တွေကို မသိမသာ အားပေးလိုက်ရာကျတယ်လို့ဆိုကြပြီး တချို့ကတော့ ဒါဟာ သဘောထားတင်းမာမှုကို ရှောင်ကျင်တဲ့ သံတမန်ရေးရာ သဘောရိုးဖြစ်တယ်လို့ ဆိုကြပါတယ်။

    ကသ်လစ်ချက်ခ်ျရဲ့ အရှိုန်အဝါအရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ “လူမျိုးစု သန့်စင်ရေး” စံနမှုအဖြစ် မှတ်တမ်းတင်လောက်တယ်လို့ ကုလသမဂ္ဂက ညွန်းဆိုရလောက်အောင် ဖြစ်ပျက်နေတဲ့ မြန်မာစစ်တပ်ရဲ့ “ရှင်းလင်းရေးလှုပ်ရှားမှု” ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ “ရိုဟင်ဂျာ” လို့ လူမျိုးအမည်တပ်ပြီး ပြောဆိုခဲ့ပါတယ်။

    ဒီလို ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ “ရိုဟင်ဂျာ” လို့နာမည်တပ်မခေါ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်မှ နာမည်တပ်ခေါ်တာကို ထောက်ကြည့်ခြင်းအားဖြင့် လက်ရှိရခိုင်ပြည်နယ်အနောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လူသားခြင်းစာနာထောက်ထားမှု ချွတ်ခြုံကျနေတဲ့ အရေးကိစ္စဟာ မြန်မာပြည်အနေနဲ့ ပြည်တွင်း ပြည်ပ အမြင်သဘောထား ဘယ်လောက်ကွာခြားနေသလဲဆိုတာကို မှန်းဆကြည့်လို့ရနိုင်ပါတယ်။ ဒုက္ခသည်ပြန်လည်နေရာချထားရေး အစီအစဉ်တွေ စတင်ဖို့ ဆောင်ရွက်နေချိန် ရှေ့ ရက်သတ္တပတ်ကာလတွေမှာ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းအပေါ် အခြေအတင် ငြင်းခုံမှုတွေ ပေါ်လာဦးမှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံသားအဖြစ် ပိုင်းခြားသက်မှတ်မှုဟာ တိုင်းရင်းသားဖြစ်ခြင်း သို့မဟုတ် နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ လူမျိုးစုဝင်ဖြစ်ခြင်း ဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံပါတယ်။ ဒါဟာလည်း အာရကန် ဒေသကြီး [လက်ရှိ ရခိုင်ပြည်နယ်] နဲ့ တချို့နိုင်ငံတော်ပိုင်နက်တွေကို ဗြိတိသျှထံ ပေးအပ်လိုက်ရတဲ့ ပထမ အင်္ဂလိပ်-မြန်မာ စစ်မတိုင်မီ တနှစ်၊ ၁၈၂၃ ခုနှစ် မတိုင်မီ မှာ အခြေချနေထိုင်တဲ့ လူမျိုးစုတွေကို ရည်ညွန်းတယ်လို့ ခြုံငုံပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။

    ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံသား အပြည်အဝရှိဖို့ဆိုတာ အလုံးစုံမဟုတ်ရင်တောင် တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်တည်မှုက အဓိကကျနေပါတယ်။ ဒီလို နိုင်ငံသားဥပဒေ အတည်ပြုပြီး ၉ နှစ်အကြာမှ တိုင်းရင်းသားမျိုးနွယ်စုစာရင်း ၁၃၅ မျိုးကို အစိုးရက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ က တော့ အဲ့ဒီစာရင်းထဲမှာ ပါမလာပါဘူး။ ဒါဟာ စစ်တပ်ဦးဆောင်တဲ့ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသမိုင်းက ဖျက်ပစ်ဖို့ ကြိုးစားတယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာဖြစ်လာပါတယ်။

    ရိုဟင်ဂျာတွေနဲ့ ရိုဟင်ဂျာအရေးလုပ်ရှုားသူ တွေဟာ ရိုဟင်ဂျာတွေက ရခိုင်ဒေသမှာ ၈ ရာစုလောက်ကတည်းက အခြေချနေထိုင်ကြသူတွေဖြစ်တယ်လို ဆိုပါတယ်။ တဖက်မှာ ရိုဟင်ဂျာအရေးဆန့်ကျင်သူ အများစုဟာ ဒီသမိုင်းကြောင်းကို ငြင်းဆိုကြပြီး ရိုဟင်ဂျာတွေဟာ ဗြိတိသျှ ကိုလိုနီခေတ် (၁၈၂၄-၁၉၄၈) အကြားမှာ ဒါမှမဟုတ် ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာပြီး ၁၉၄၈ ခုနှစ်နောက်ပိုင်းမှသာ ရောက်ရှိလာတဲ့ တရားမဝင်ပြောင်းရွှေ့လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    နိုင်ငံခြားသားတွေက ဆင်းသက်လာတယ်ဆိုတာ ပေါ်လွင်အောင် သူတို့ကို “ဘန်ဂါလီ” လို့ ရိုဟင်ဂျာဆန့်ကျင်ရေးသမားတွေက ခေါ်ဝေါ်ကြပါတယ်။ “ဘန်ဂါလီ” တွေဟာ တိုင်းရင်းသားရခိုင်ဗုဒ္ဓဘာသာဝင်တွေ ပိုင်တဲ့ဒေသကို အန္တရာယ်ဖြစ်စေတယ်လို့ ဆန့်ကျင်ရေးသမားတွေက မကြာခဏ သတိပေး ပြောကြားလေ့ရှိပါတယ်။

    ရခိုင်ပြည်နယ်သမိုင်းကို ပြန်ကြည့်ရင်တော့ ဒီကိစ္စက ရောထွေးနေပါတယ်။ သေခြာတာကတော့ အမှန်တရားဟာ နှစ်ဘက်လုံးရဲ့ အလယ်မှာ ရှိနေပါတယ်။ တကယ့်အရေးကြီးတဲ့ အချက်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဆိုတာ လူအုပ်စု တစုတည်းကို ရည်ညွန်းတာမဟုတ်ဘူးဆိုတာပါပဲ။

    တကယ်တန်း ဖြစ်နိုင်ခြေများတာကတော့ အုပ်စုသုံးစုကနေ ပူးတွဲဆင်းသက်လာတာပါပဲ။ ပထမတစုကတော့ ဗမာ့ယဉ်ကျေးမှု မလွမ်းမိုးမီ ၁၀ နဲ့ ၁၄ ရာစုနှစ်တွေအကြားမှာ အာရကန် ဒေသ [နေထိုင်ကြပြီး လက်ရှိ ရခိုင်ဒေသ] မှာနေထိုင်ကြသူတွေရဲ့ မျိုးရိုးအနွယ်ဝင်တွေဖြစ်ပါတယ်။ ဒုတိယအစုကတော့ ၁၆ ရာစုနဲ့ ၁၇ ရာစုအကြား ရခိုင်ဘုရင်နဲ့ ပေါ်တူကီ ကုန်သည်တွေခေါ်ဆောင်လာတဲ့ သုန့်ပန်းတွေနဲ့ ကိုလိုနီခေတ်အတွင်းမှာ ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ပါတယ်။ တတိယအစုကတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောင်းရွှေ့လာသူတွေဖြစ်ကြပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ဗြိတိသျှဝင်ရောက်လာပြီးတဲ့နောက် ဥရောပရဲ့ “နိုင်ငံတော်” ဆိုတဲ့ အတွေးအခေါ်တွေမတိုင်ခင်က အခုခေတ်မှာ မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့ နှစ်နိုင်ငံကြားက နယ်ခြားစည်းဆိုတာ ခိုင်ခိုင်မာမာ ရှိခဲ့တာမဟုတ်ပါဘူး။ အာရကန် ဒေသ [လက်ရှိ ရခိုင်ပြည်နယ်] ဆိုတာကလည်း ဗမာ နဲ့ ဘန်ဂါလီ တို့ရဲ့ နှစ်ကမ္ဘာ အလည်မှာ တည်ရှိနေပြီး နယ်နမိတ်တွေ ကြပ်ကြပ်မတ်မတ် ကားစည်းထားတာမရှိတဲ့ ကြားခံ ဒေသကြီးတခုဖြစ်ပါတယ်။

    သမိုင်းကြောင်းရဲ့ အချိန်ကာလ အပေါ်မူတည်ပြီး တချို့ကာလတွေမှာ အာရကန် ဒေသတွေဟာ ဘန်ဂါလီဘုရင်တွေလက်အောက်ကို ကျရောက်ခဲ့တာရှိသလို၊ တချို့ကာလတွေမှာ ရခိုင်ဘုရင်တွေက လက်ရှိ ဘင်္ဂလားဒေ့ရှ်ရဲ့ မြို့ဖြစ်တဲ့ စစ်တကောင်း အထိ သိမ်းပိုက် အုပ်ချုပ်ခဲ့တာတွေလည်း ရှိပါတယ်။

    နာမည်ကိစ္စပြန်ဆက်ပြောရရင် ရိုဟင်ဂျာ ဆိုတာ ၁၉၅၀ ခုနှစ်လောက်ကမှာ ပထမဆုံး ပေါ်ပေါက်လာပြီး ရခိုင်ပြည်မြောက်ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထုထောင်ချင်တဲ့ နိုင်ငံရေးတည်ဆောက်မှု ဒါမှမဟုတ် အရှေ့ပါကစ္စတန် [လက်ရှိ ဘင်္ဂလားဒေ့ရှ်] ထဲ သွတ်သွင်းချင်တဲ့ ဆန္ဒအပေါ် အခြေခံပြီး ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး ဆန့်ကျင်လှုပ်ရှားသူတွေကဆိုပါတယ်။

    တဘက်က ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကလည်း ဗြိတိသျှကိုလိုခေတ်မတိုင်မှီ ၁၇၉၉ ခုနှစ်ကမှတ်တမ်းတခုဖြစ်တဲ့ စကောဒ့်လူမျိုး Francis Buchanan ရဲ့ မှတ်တမ်းစာအုပ် “A Comparative Vocabulary of the Languages Spoken in the Burma Empire” မှာ “Rooinga” ရိုအ်ဂျာ လို့ အတိအလင်းရည်ညွန်းထားတာကို ထောက်ပြကြပါတယ်။

    Buchanan ရေးထားတာကို ပြန်ကြည့်ရင် “ဗမာအင်ပါယာမှာ သုံးနှုန်းပြောဆိုကြတဲ့ ပထမဆုံး ဘာသာစကားဟာ အာရကန်နယ်သား သို့မဟုတ် သူတို့ကိုယ်သူတို့ “ရိုအ်ဂျာ” လို့ခေါ်တဲ့ အာရကန်ဒေသမှာ အခြေချနေထိုင်ကြသူ မိုဟာမဒ်သာသနာဝင် [မွတ်စလင်] တွေပြောဆိုတဲ့ ဟိန္ဒူ နိုင်ငံက ဘာသာစကားက ဆင်းသက်လာတာဖြစ်တယ်” လို့ ရေးသားထားပါတယ်။

    ပြဿနာက ရိုဟင်ဂျာအရေး ထောက်ခံသူတွေရော ဆန့်ကျင်သူတွေဘက်ကပါ ပြောဆိုနေတဲ့အထဲမှာ အမှန်တရား လက္ခဏာတွေပါဝင်နေပါတယ်။ ကိုလိုနီခေတ်မတိုင်ခင်ကတည်းက ရှိခဲ့ကြောင်း သက်သေအထောက်အထားရှိတဲ့အတွက် ရိုဟင်ဂျာဆိုတာဟာ နောက်ပိုင်းမှ တီထွင်လာတဲ့ နာမည်အသစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်တလျောက် မှတ်တမ်းတွေ မှာ ဒီနာမည်ကို လုံးဝမတွေ့ရဘဲ ၁၉၅၀ ခုနှစ်လောက်မှာ တွင်တွင်ကျယ်ကျယ်သုံးစွဲလာပြန်ပါတယ်။

    ဒါကို အဖြေရှာကြည့်တဲ့အခါမှာ မျက်မှောက်ခေတ်က “ရိုဟင်ဂျာ” တချို့ဟာ “ရိုအ်ဂျာ” ဆိုတဲ့ မိဘမျိုးရိုးက ဆင်းသက်လာပေမယ့် ဖြစ်နိုင်ချေရှိတာကတော့ ၁၇၉၉ ခုနှစ်က မှတ်တမ်းမှာပါတဲ့ “ရိုအ်ဂျာ” ဆိုတာ ယနေ့မျက်မှောက်ခေတ်မှာ သုံးနေတဲ့ “ရိုဟင်ဂျာ” နဲ့ ရည်ညွန်းချက် အတူတူတော့ မဟုတ်နိုင်ပါဘူး။ ဒီအခေါ်အဝေါ်ဟာလည်း “အာရကန်” ဒေသကို ဘန်ဂါလီ အခေါ်အရ “ရိုဟဂ်” လို့ ခေါ်ရာက ဆင်းသက်လာဟန်ရှိပါတယ်။

    ဒါကြောင့် “ရိုဟဂ်” သား လို့ ရည်ညွန်းခေါ်ဝေါ်တဲ့ ရိုဟင်ဂျာ ဟာလည်း “အာရကန်” သား ကို ရည်ညွန်းတာဖြစ်ပါတယ်။ မကြာသေးမီကာလကမှ “ရိုဟင်ဂျာ” ဆိုတာကို လူမျိုးစုအမည်အဖြစ် တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာဖြစ်နိုင်ပြီး တခြားလူမျိုးစုအမည်တွေနည်းတူ နိုင်ငံရေးရည်ရွယ်ချက်ကြောင်းလည်း ဖြစ်ပါတယ်။ လူမျိုးစုသွင်ပြင်လက္ခဏာ ဆိုတာဟာလည်း နိုင်ငံရေးအမွေအနှစ်ပဲ ဖြစ်ပါတယ်။

    ရိုဟင်ဂျာ လူမျိုးစုရဲ့ မူရင်းဇစ်မြစ်အပေါ် အမြောက်အများ ရေးသားပြောဆိုနေကြပေမယ့် မြန်မာနိုင်ငံသားအဖြစ် အလိုအလျောက် အသိအမှတ်ပြုခြင်းခံကြရတဲ့ တခြားလူမျိုးစုတွေရဲ့ မူရင်းဇစ်မြစ်တွေကို တွင်တွင်ကျယ်ကျယ် ဖော်ထုတ်တာတွေ သိပ်မရှိပါဘူး။ ရခိုင်ဆိုတဲ့ အမည်နာမနဲ့ လူမျိုးစု သွင်ပြင်လက္ခဏာဖော်ဆောင်လာတာတောင်မှ ၁၉ ရာစုနှစ်လောက်ကစတင် ခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာပြဿနာ ဆိုတာကလည်း မြန်မာနိုင်ငံအတွင်းမှာ ရခိုင်လူမျိုးတို့ရဲ့ နိုင်ငံရေး အားနည်းချက်နဲ့ သူတို့ရဲ့သွင်ပြင်လက္ခဏာဖော်ဆောင်မှု နောက်ကျခြင်းရဲ့ အပိုင်းအစလည်းဖြစ်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ဒီအငြင်းပွားမှုရဲ့ အခြေခံအကြောင်းတရားကတော့ လူမျိုးစုဆိုတာ စည်းဘောင်ပိတ်ထားတယ်၊ အပြောင်းအလဲမရှိဘူး၊ ရှေ့ယခင်ကတည်းက ယခုထက်တည်း တသတ်မှတ်တည်းရှိနေတယ် လို့ ထင်မြင်ယူဆနေကြလို့ပဲဖြစ်ပါတယ်။ တကယ်တန်းတော့ လူမျိုးစုဆိုတာ ပြောင်းလဲတက်တယ်၊ တိုးပွားတတ်တယ်။ လူမျိုးစုအဖြစ် သက်မှတ်တဲ့ သဘောတရားကိုယ်နှိုက်ကလည်း ပြောင်းလဲတတ်တဲ့ သဘောရှိတယ်။ မြန်မာနိုင်ငံရဲ့ မတူကွဲပြားလှတဲ့ လူမျိုးစုတွေအကြားမှာ လူမျိုးစု ဆိုတာရော၊ လူမျိုးစုအဖြစ်သက်မှတ်တဲ့ သဘောတရားတွေကရော အချိန်ကာလ ကြာမြင့်တာနဲ့ အမျှ ပြောင်းလဲလာခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ကြည့်တဲ့အခါ လူမျိုးစုတွေနဲ့ လူမျိုးစုအဖြစ် သတ်မှတ်တဲ့ သဘောတရားတွေဟာ အချိန်ကာလနဲ့မျှ ပြောင်လဲလာခဲ့ပြီး လက်ရှိကာလမှာ နိုင်ငံရေးရဲ့ အလယ်ဗဟိုမှာ အနယ်ထိုင် နေရာဝင်ယူလာတယ်ဆိုတဲ့ သမိုင်းကြောင်းကြီးတခုလုံးကို ခြုံငုံ ရှု့မြင်သင့်ပါတယ်။

    Edmund Leach၊ F K Lehman နဲ့ Victor Lieberman တို့လို မနုဗေဒပညာရှင်တွေ၊ သမိုင်းသုတေသီတွေ ဖော်ထုတ်ပြသခဲ့သလို ကိုလိုနီခေတ်မတိုင်မှီ မြန်မာနိုင်ငံတော်က လူမျိုးစု အသွင်လက္ခဏာတွေဟာလည်း အစဉ်ပြောင်းလဲနေခဲ့ပါတယ်။ လူတွေကို ဘာသာစကားအပေါ်အခြေခံပြီး ဘောင်ခပ်၊ စည်းတား၊ အမျိုးအမည် ခွဲခြားခဲ့တာဟာ ဗြိတိသျှတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ တခါတရံမှာ တစုနဲ့တစု ကူးလူးဆက်ဆံမှုတွေကိုပါ ပိတ်ပင်ခဲ့တဲ့အတွက် အရင်က မရှိခဲ့တဲ့ သူ့လူ၊ ကိုယ့်လူ ဆိုတဲ့ အမာခံ ခွဲခြားတာတွေ စတင်လာခဲ့ပါတယ်။

    အဲဒီအပြင် ၂၀ ရာစု အတွင်းမှာ ဗမာလူမျိုးကြီးဝါဒတွေ၊ လူမျိုးစုအခြေခံ အမျိုးသားရေး လှုပ်ရှားမှုတွေ၊ စစ်အာဏာရှင်အုပ်ချုပ်ရေးတွေဟာ ဒီခွဲခြား သက်မှတ်မှုတွေကို ပိုမို တင်းမာစေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ စတင်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုနဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာလည်း ဒီလို ခွဲခြားမှုတွေကို ထပ်လောင်း တင်းမာစေခဲ့ပြန်ပါတယ်။

    လူမှုဗေဒပညာရှင် Michael Mann ဟာ ယခုခေတ်နိုင်ငံတွေဟာ ရှုပ်ထွေးပြီး မထင်မှတ်ထားတဲ့ သမိုင်းကြောင်းတွေအပေါ်မှာ အခြေခံတဲ့ အတွေးအခေါ်အယူအဆတွေ၊ စီးပွားရေးတွေ၊ အစုအဖွဲ့တွေ၊ နိုင်ငံရေးတွေနဲ့ ပုံဖော်ထားတဲ့ လှောင်အိမ်တွေ လို့ တင်စားဖော်ပြဖူးပါတယ်။ မြန်မာနိုင်ငံက ပုံဖော်ထားတဲ့ လှောင်အိမ် ရဲ့ သံတိုင်တွေမှာတော့ လူမျိုးစု ဆိုတဲ့ သံတိုင်တွေလည်း ပါဝင် ဘောင်ခပ်ထားပါတယ်။

    ရိုဟင်ဂျာခေါင်းဆောင်တွေအနေနဲ့ ဒီလို သူတို့ရဲ့ လူမျိုးစုနာမည်ကို စွဲကိုင်ထားတာဟာ မြန်မာနိုင်ငံအတွင်းက သတ်မှတ်ထားတဲ့ လူမျိုးစုနိုင်ငံရေး ကစားကွက်တွေအတွင်း အံတုယှဉ်ပြိုင်နေရတာပါ။ သူတို့တွေဟာ ဒီလို လူမျိုးစု သက်မှတ်ချက်စည်းကမ်းတွေကို ရေးဆွဲသူတွေမဟုတ်ပေမယ့် ဒီကစားကွက်တွေထဲမှာ အံတုယှဉ်ပြိုင်နေခြင်းဟာလည်း သူတို့ကို ဖိနှိပ်နေပါတယ်ဆိုတဲ့ လူမျိုးစုနိုင်ငံရေးကို အားပေးအားမြှောက်လုပ်ပေးသလို ဖြစ်နေပြန်ပါတယ်။ သူတို့လည်း ဒီ မြန်မာ့လှောင်အိမ်ထဲမှာ ပိတ်မိနေတာပါပဲ။ သူတို့ရဲ့အခွင့်အရေးကို အာမခံရနိုင်ဖို့အတွက် တခြားရွေးချယ်စရာရှားပါးလာတယ်လို့ ခံစားရလို့ ဒီလို ရှိရင်းစွဲ လူမျိုးစုနိုင်ငံရေးအတွင်းကို ဝင်တိုးရတာဖြစ်တယ်ဆိုတာကိုတော့ နားလည်ပေးနိုင်ပါတယ်။

    ဒီလို သူတို့ရွေးချယ်ထားတဲ့ လူမျိုးစုနာမည် “ရိုဟင်ဂျာ” ဆိုတာကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေတာဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်တဲ့ ဖိနှိပ်ချုပ်ချယ်မှု တစိတ်တဒေသဖြစ်တယ်ဆိုတာကတော့ သံသယရှိနိုင်ဖွယ်ရာမဟုတ်ပါဘူး။ တဆက်တည်းမှာလည်း ဒီလို ဖိနှိပ်မှုတွေဟာ “ရိုဟင်ဂျာ” ဆိုတဲ့ နာမည်ကို ပိုပြီးခိုင်မာအောင် စွဲကိုင်စေဖို့ တွန်းပို့သလို ဖြစ်နေပြန်ပါတယ်။

    သူတို့ရဲ့ ကိုယ်ပိုင်သွင်ပြင် လက္ခဏာသတ်မှတ်ပိုင်ခွင့် (Right of Self-Identification) ဟာ ငြင်းပယ်ထားစရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရိုဟင်ဂျာအရေး လုပ်ရှားသူတွေကြားမှာလည်း ဒီအခွင့်အရေးဟာ တထစ်ကျမရမနေရ အခွင့်အရေးတရပ်အဖြစ် မှတ်ယူထားတာလည်း ရှိပါတယ်။ ပြဿနာရဲ့ အခြေအမြစ်ကတော့ ရိုဟင်ဂျာ သွင်ပြင်လက္ခဏာကို ငြင်းဆန်နေတယ်ဆိုတာထက် မြန်မာနိုင်ငံရဲ့ လူမျိုးစုနိုင်ငံရေးကို ဦးစားပေးနေမှု နဲ့ မြန်မာနိုင်ငံရေးကို ပုံဖော်ထားတဲ့ လှောင်အိမ်တွေရဲ့ သံတိုင်တွေ အကြား ဆက်စပ်မှုတွေပဲ ဖြစ်ပါတယ်။

    အများစုမဟုတ်တောင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာအတော်များများဟာ မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေရရှိမယ်ဆိုရင် ဒီနာမည်ကို စွန့်လွတ်ကြမယ့်သူတွေရှိနေပါတယ်။ တချို့ကလည်း ဒီလို အခွင့်အရေး ပေးတာကို ရယူခဲ့တာတွေရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရခိုင်ပြည်နယ်အလယ်ပိုင်း မြေပုံမြို့နယ်မှာ နိုင်ငံသားစီစစ်ရေး စမ်းသပ်တဲ့ အစီအစဉ်တခုကို အစိုးရက ပြုလုပ်ခဲ့ဖူးပါတယ်။

    ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ရခိုင်ပြည်နယ်မှာ နေထိုင်လာတဲ့ မျိုးဆက် သုံးဆက် ကို သက်သေပြနိုင်ရင် နိုင်ငံသား ပေးမှာဖြစ်ပါတယ်။ ဝေးလံလှတဲ့အရပ်ဒေသတွေမှာ နေထိုင်ကြပြီး နှစ်ရှည်လများ စာရွက်စာတမ်းအထောက်အထား မရရှိတဲ့အတွက် ဒီလို သက်သေပြဖို့ကတော့ အတော်လေးကို ခက်ခဲပါတယ်။ တချို့ဆိုရင် ၁၉၉၀ ခုနှစ်လောက်ကတည်း နိုင်ငံသားစာရင်းက ဖယ်ထုတ်ခြင်းခံရတာတွေလည်းရှိပါတယ်။

    နောက်တခုကတော့ အကယ်လို့ မျိုးရိုးသုံးဆက် သက်သေပြနိုင်တယ်ဆိုရင်တောင် နိုင်ငံသား ကဒ်မှာ “ရိုဟင်ဂျာ” လို့ မသုံးဘဲ “ဘန်ဂါလီ” လူမျိုး ဆိုတဲ့ တံဆိပ်တပ်တာကို လက်ခံပေးရပါလိမ့်မယ်။ မြေပုံမှာရှိတဲ့ ရိုဟင်ဂျာ အားလုံးဟာ ၂၀၁၂ ခုနှစ် အဓိကရုန်း ကတည်းက ဒုက္ခသည်စခန်းမှာ နေထိုင်နေကြရပြီး တော်တော်များများက အစိုးရရဲ့ နိုင်ငံသား စီစဉ်ရေး အစီအစဉ်ကို လက်ခံခဲ့ကြပါတယ်။

    ဒီအစီအစဉ်အရ လူအယောက် ၃၀၀၀ လောက်ပါဝင် လျောက်ထားပေမယ့် ၉၇ ယောက်ပဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို အစိုးရရဲ့ အစီအစဉ်ကို လက်ခံ ပြီး နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရသူတွေကလည်း ဘာမှမထူးခြားလာဘူးဆိုတာကို တွေ့ရပြန်ပါတယ်။ ဒုက္ခသည်စခန်းမှာ ဆက်နေထိုင်ရပြီး ဆေးရုံကိုတောင်မှာ သွားပိုင်ခွင့်မရရှိပါဘူး။ သူတို့အတွက်ကတော့ နိုင်ငံသား ဆိုတာ မျှော်မှန်းထားသလို နိုင်ငံသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပါမလာခဲ့ပါဘူး။

    နိုင်ငံသား ရရှိသွားတဲ့ အမျိုးသမီးတယောက်ကတော့ သူ့အဖေဟာ မြို့ထဲမှာ လူအများ လေးစားရတဲ့ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရင်က ဆိုရင် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ခွဲခြားမှုမရှိဘဲ ဆက်ဆံရေးကောင်းခဲ့တယ်လို့ ပြောပြပါတယ်။ လေးနှစ်ကြာ ဒုက္ခသည်စခန်းမှာ နေထိုင်ပြီးတာတောင် သူမအနေနဲ့ အရင်က ကိစ္စတွေက အကျုံးမဝင်တော့ဘူးဆိုတာ လက်မခံနိုင်သေးဘူး ဖြစ်နေပါတယ်။

    ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက်အပြုံလိုက် တွန်းပို့ပြီး သူတို့ရဲ့ သမိုင်းကြောင်းကိုဖျောက်ဖျက်ကြသလို၊ အဲဒီအမျိုးသမီးရဲ့ ဘဝပုံပြင်ဟာလည်း ရခိုင်သိုင်းအဝိုင်းထဲမှာ မရှိတော့ပါဘူး။ ရိုဟင်ဂျာ အတွက် ကြေကွဲစရာကတော့ သူတို့တမျိုးသားလုံးရဲ့ သမိုင်းကို ထိမ်ချန်ထားတာထက် ပိုဆိုးတာကတော့ အဲဒီမှာနေထိုင်ကြသူ တဦးတယောက်ချင်းစီရဲ့ ဘဝသမိုင်းစာမျက်နှာတွေကို ဖျောက်ဖျက်ခြင်းခံနေတာပဲ ဖြစ်ပါတယ်။

    Carlos Sardina Galache ရေးသားထားတဲ့ The true origins of Myanmar’s Rohingya ဆောင်းပါးကို O’Laie Manzu မှာ ဆီလျော်သလို ဘာသာပြန်ထားသည်။

    မူရင်း ဆောင်းပါး http://www.atimes.com/article/true-origins-myanmars-rohingya/

  • ရိုဟင်ဂျာဒုက္ခသည်များအား လူမနေသည့်ကျွန်းသို့ ပို့မည့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ရှေ့ဆက်

    ရိုဟင်ဂျာဒုက္ခသည်များအား လူမနေသည့်ကျွန်းသို့ ပို့မည့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ရှေ့ဆက်

    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media

    ရိုဟင်ဂျာဒုက္ခသည်များကို ထားမည့် သန်ဂါချာကျွန်း မြင်ကွင်း

    – မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်က ကျွန်းတစ်ကျွန်းမှာ သွားထားမယ့် အငြင်းပွားဖွယ် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်တဲ့အနေနဲ့ အဲဒီကျွန်းမှာ မကြာခင် အဆောက်အဦးတွေ သွားရောက်ဆောက်လုပ်တော့မယ်လို့ ဘင်္ဂလားဒေ့ရှ်က ကြေငြာလိုက်ပါတယ်။

    ကန်ဒေါ်လာ ၂၇၈ သန်း ကုန်ကျမယ့် ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် စီမံကိန်းဝန်ကြီး မွတ်စ်တာဖာကမားလ်က ထုတ်ပြန်ရာမှာ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ တစ်သန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေထဲက တစ်သိန်းခန့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ သန်ဂါချာဆိုတဲ့ အဲဒီကျွန်းမှာ ပထမဆုံး နေရာချပေးသွားမယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် အရင်က ဘင်္ဂလားဒေ့ရှ်ဖက်ကို ရိုဟင်ဂျာ ဒုက္ခသည ၃ သိန်းလောက် ရောက်ရှိနေပြီး သြဂုတ်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မတည်ငြိမ်မှုတွေကြောင့် နောက်ထပ် ၆ သိန်းကျော်လောက် ထပ်မံထွက်ပြေးခဲ့ရတာပါ။

    ရိုဟင်ဂျာအရပ်သားတွေအပေါ် ညှင်းပမ်း၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွဲချက်တွေကို မြန်မာအစိုးရနဲ့ စစ်တပ်တို့က ငြင်းဆိုထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့အတွက် နိုင်ငံတကာက ချီးကျူးမှုတွေ ရှိနေပေမယ့် အမြဲတမ်း ရေမြုပ်လေ့ရှိတဲ့ ကျွန်းတစ်ကျွန်းမှာ သွားထားဖို့ အစီအစဉ်ကိုတော့ ကန့်ကွက်မှုတွေ ရှိနေပါတယ်။

    ဒီအစီအစဉ်ကို နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက အတည်ပြုခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့ Amnesty International က တော်တော်လေး မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ပြောကြားခဲ့ပါတယ်။

    သန်ဂါချာကျွန်းဟာ ဧက ၇၄၀၀၀ လောက် ကျယ်ဝန်းပြီး ကျွန်းမကြီးနဲ့ ၃၇ မိုင်ဝေးပါတယ်။ လက်ရှိမှာ လူသူနေထိုင်ခြင်းမရှိဘဲ အမြဲတမ်းလိုလို ရေကြီးရေလျှံလေ့ရှိတဲ့ နေရာပါ။

    ဝေဖန်မှုတွေရှိတာကြောင့် ဘင်္ဂလာဒေ့ရှ်ရေတပ်က လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး ဒီကျွန်းကို ပြန်လည် ပြုပြင်တာမျိုးလုပ်ရင် လူနေထိုင်လို့ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒီနေရာမှာ တန်းလျား ၁၅၀၀ နီးပါးနဲ့၊ ကယ်ဆယ်ရေးစခန်း ၁၂၀ လောက် ဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်က ကူတူပါလောင် ဒုက္ခသည်စခန်းမှာ ဧက ၃၀၀၀ လောက်ကျယ်တဲ့ ဒုက္ခသည်စခန်းသစ်တစ်ခုကိုလညး ဆောက်လုပ်နေပါတယ်။

    Ref: CNN

  • ရခိုင်ကိစ္စ မြန်မာလုံခြုံရေးတပ်ဖွဲ့များအပေါ် ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန် စွပ်စွဲ

    ရခိုင်ကိစ္စ မြန်မာလုံခြုံရေးတပ်ဖွဲ့များအပေါ် ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန် စွပ်စွဲ

    ဒီဇင်ဘာ ၅၊ ၂၀၁၇
    M-Media

    – ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေမှာ အပြစ်ရှိနိုင်တယ်လို့ ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ်-ဟူစိန် ပြောကြားလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ရဲ့ တောင်းဆိုမှုကြောင့် ကုလ လူ့အခွင့်အရေးကောင်စီက ဒီကနေ့မှာပြုလုပ်တဲ့ အထူးအစည်းအဝေးမှာ အလ်-ဟူစိန်က အခုလို ပြောကြားလိုက်တာပါ။

    ကုလဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးထင်လင်းက မိမိတို့အစိုးရအနေနဲ့ ထွက်ပြေးသွားသူတွေ ပြန်လာရေးကိစ္စ ၂ လအတွင်း စတင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး၊ ဒုက္ခသည်စခန်းတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးကောင်စီ အကြီးအကဲက ဒီလိုသဘောတူညီချက်တွေရရှိထားပေမယ့် ရိုဟင်ဂျာတွေက ဆက်လက်ထွက်ပြေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထိခိုက်ခံစားနေရမှုမှာ ‘လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု ပုံစံမျိုးတွေ’ မြင်တွေ့ရတယ်လို့လည်း ယခင်က အလ်-ဟူစိန်က ပြောကြားဖူးပါတယ်။

    ဒီကနေ့အစည်းအဝေးမှာတော့ သူက ‘လူတွေကို အိမ်ထဲမှာ သော့ပိတ်ပြီး မီးရှို့သတ်ဖြတ်ပစ်တာ၊ ရင်ခွင်ပိုက်တွေနဲ့ လူမမယ်လေးတွေကို သတ်ဖြတ်တာ၊ ထွက်ပြေးကြတဲ့ အရပ်သားတွေကို မြင်မြင်သမျှ သေနတ်နဲ့ ပစ်သတ်တာ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အဓမ္မကျင့်တာ၊ အိမ်တွေ၊ ကျောင်းတွေ၊ ဈေးတွေနဲ့ ဗလီတွေကို မီးရှို့ဖျက်ဆီးပစ်တာတွေအပါဝအင် ရိုဟင်ဂျာတွေအပေါ် စက်ဆုပ်ရွံ့ရှာဖွယ်ရာ ပြစ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တူညီတဲ့ သတင်းမျိုးတွေ’ အဖက်ဖက်က ကြားနေရတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီလုပ်ရပ်တွေအတွက် ‘တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ရေး ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေကို ကူညီဖို့’ အတွက် နည်းလမ်းသစ်တစ်ခု ဖော်ဆောင်ရေး ကုလ အထွေထွေညီလာခံမှာ အကြံပြုဖို့ လူ့အခွင့်အရေးကောင်စီကို အလ်-ဟူစိန်က တိုက်တွန်းခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် နှိပ်စက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေအတွက် လုံခြုံးရေးတပ်ဖွဲ့တွေကို အပြစ်ပေး အရေးယူတာမျိုး အလွန်နည်းတယ်လို့လည်း လူ့အခွင့်အရေးအကြီးအကဲ ထောက်ပြခဲ့ပါတယ်။

    ရခိုင်ကိစ္စ ကုလရဲ့ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မာဇူကီ ဒါရုစ်မန်က မလေးရှားကနေ ဗီဒီယိုကတစ်ဆင့်ပြောတဲ့ မိန့်ခွန်းမှာ သူတို့အနေနဲ့ သက်သေအထောက်အထားတွေက ခေါ်ဆောင်တဲ့နောက်ကို လိုက်မှာဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေ၊ စွပ်စွဲချက်တွေကို အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    မြန်မာအစိုးရကတော့ ဒီအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံထဲ ၀င်ရောက်ခွင့် မပေးပါဘူး။

    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေမှာ ရိုဟင်ဂျာအရပ်သားတွေအပေါ်မှာ ကျူးလွန်မှုတွေ ရှိတယ်လို့ နိုင်ငံတကာက စွပ်စွဲပြောဆိုထားပြီး မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: Reuters