News @ M-Media

Tag: Rohingya

  • နေရပ်ပြန်ရိုဟင်ဂျာများကိုထားမည့် ယာယီကယ်ဆယ်ရေးစခန်း အချိန်မီပြီးမည်ဟု မြန်မာပြော

    နေရပ်ပြန်ရိုဟင်ဂျာများကိုထားမည့် ယာယီကယ်ဆယ်ရေးစခန်း အချိန်မီပြီးမည်ဟု မြန်မာပြော

    ဇန်န၀ါရီ ၁၅၊ ၂၀၁၈
    M-Media

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်များ

    – ဘင်္ဂလားဒေ့ရှ်ကနေ ပထမအသုတ်အဖြစ် နေရပ်ပြန်လာကြမယ့် ရိုဟင်ဂျာတွေနဲ့ ဟိန္ဒူဒုက္ခသည်တွေ နေထိုင်ဖို့ ယာယီကယ်ဆယ်ရေးစခန်း ဆောက်လုပ်မှုဟာ ကတိပြုထားတဲ့အတိုင်း လာမယ့်သီတင်းပတ်မှာ အဆင်သင့်ဖြစ်မယ်လို့ မြန်မာအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှုအတွင်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ နိုဝင်ဘာလမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ပြီးခဲ့တဲ့လမှာတော့ လုပ်ငန်းအဖွဲ့ကို ဖွဲစည်းခဲ့ပါတယ်။

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဝင်းမြတ်အေးက ရိုဟင်ဂျာအရေအတွက် ဘယ်လောက်ကို မြန်မာနိုင်ငံက လက်ခံမယ်၊ ကယ်ဆယ်ရေးစခန်တွေမှာ ဘယ်လို နိုင်ငံသားစီစစ်ရေးလုပ်မယ် ဆိုတာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ နေပြည်တော်မှာ တစ်ရက်ကြာ ဆွေးနွေးမှုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒုက္ခသည် ပထမအသုတ် လက်ခံဖို့ရက်ကို ဇန်န၀ါရီ ၂၃ ရက်နေ့အဖြစ် သတ်မှတ်ထားပါတယ်။

    “လာမယ့်တစ်ပတ်မှာ ပြန်လာတဲ့သူတွေကို လက်ခံဖို့အတွက် စီစဉ်စရာရှိတာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အချိန်မီပြီးစီးမယ်ဆိုတာ သေချာပါတယ်”

    ၁၂၄ ဧက ကျယ်ဝန်းတဲ့ လှပိုခေါင် စခန်းက နေအိမ် ၆၂၅ လုံးမှာ လူပေါင်း ၃၀၀၀၀ လောက်ကို နေရာချထားပေးမှာဖြစ်ပြီး အခုလကုန်ပိုင်းမှာ အိမ် ၁၀၀ လောက် ပြီးစီးမယ်လို့ နိုင်ငံပိုင်မီဒီယာက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။ ဒီစခန်းဟာ နေရပ်ပြန်လာသူတွေကို နေရာချထားပေးမယ့် ပထမဆုံးစခန်း ဖြစ်ပါတယ်။

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကတော့ နေရပ်ပြန်လာသူတွေဟာ ဒီယာယီစခန်းမှာ တစ်လ၊ ဒါမှမဟုတ် နှစ်လလောက်သာ နေရမှာဖြစ်ပြီး နောက်ပိုင်းမှာ နေအိမ်အသစ်ကို သွားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်ထပ်လုပ်ရေး အမေရိကန်ကို ဂျူးအဖွဲ့အစည်းများ တောင်းဆို

    မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်ထပ်လုပ်ရေး အမေရိကန်ကို ဂျူးအဖွဲ့အစည်းများ တောင်းဆို

    ဇန်န၀ါရီ ၆၊ ၂၀၁၈
    M-Media

    – ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဖို့အတွက် အမေရိကန်က ဂျူးအသင်းအဖွဲ့တွေက အမေရိကန် အထက်လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။

    အကြီးဆုံး ဂျူးအသင်းတော် ၃ ခုအပါအ၀င် ဂျူးအဖွဲ့ပေါင်း ၂၀ ကျော် လက်မှတ်ရေးထိုးထားတဲ့ အဲဒီ တိုက်တွန်းစာမှာ The Burma Human Rights and Freedom Act လို့ခေါ်တဲ့ မြန်မာနိုင်ငံအပေါ် အရေးယူမယ့် ဥပဒေမူကြမ်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။

    ဒီဥပဒေမူကြမ်းမှာ နိုင်ငံတစ်ဝှမ်း ရက်စက်ကြမ်းကြုတ်မှုတွေ ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှုအသစ်တွေ ပြုလုပ်ဖို့၊ မြန်မာနိုင်ငံ အနောက်ပိုင်းမှာ အကြမ်းဖက်မှုကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို နည်းလမ်းအသစ်တွေနဲ့ ကူညီပေးသွားဖို့ ပါဝင်ပြီး အမေရိကန် အထက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ မကြာခင် မဲခွဲအတည်ပြုဖို့ ရှိနေပါတယ်။

    တစ်ခြားနိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမေရိကန်ဂျူးအဖွဲ့အစည်းတွေ စုပေါင်း ဆန့်ကျင်တာဟာ ရှားပါးပြီး အခုတိုက်တွန်းစာမှာ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေထဲမှာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ American Jewish World Service အဖွဲ့ အပါအ၀င် အမေရိကန်က ထိပ်တန်းဂျူးအဖွဲ့အစည်းတွေ အားလုံးနီးပါး ပါဝင်ပါတယ်။

    ပိတ်ဆို့မှုအသစ်တွေ ပြုလုပ်လိုက်ခြင်းအားဖြင့် ‘ဆိုးဆိုးဝါးဝါး ရက်စက်ကြမ်းကြုတ်မှုတွေအတွက် နိုင်ငံတကာလူ့အဖွဲ့အစည်းနဲ့ အမေရိကန်တို့ဟာ နှုတ်ဆိတ်နေတာမျိုး၊ ဘာမှမလုပ်ဘဲနေတာမျိုး မရှိဘူးဆိုတာ မြန်မာစစ်တပ်ကို သတိပေးလိုက်တာမျိုး ဖြစ်တယ်’ လို့ တိုက်တွန်းစာမှာ ဖော်ပြထားပါတ
    ယ်။

    နောက်ပြီး ဂျူးတွေအနေနဲ့ ဒီလိုကိစ္စအတွက် နှုတ်ဆိတ်နေမှာမဟုတ်ဘဲ ရိုဟင်ဂျာတွေ အသက်ရှင်ရပ်တည်ခွင့်၊ ဘေးန္တရာယ်ကင်းရှင်းရေးနဲ့ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ဖို့ အမေရိကန်အနေနဲ့ အခုချခြင်း ဆောင်ရွက်ဖို့ လိုတယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အခုနှစ်အစောပိုင်းမှာလည်း အမေရိကန်က ဂျူးဘုန်းကြီး ၃၀၀ ကျော်လောက်ဟာ အစ္စရေးအစိုးရထံကို စာတစ်စောင် ပေးပို့ခဲ့ပြီး မြန်မာစစ်တပ်အပေါ် လက်နက်တွေရောင်းနေတာကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

    Ref: Haaretz

  • ပထမဆုံးအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာတစ်သိန်း နေရပ်ပြန်မည်

    ပထမဆုံးအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာတစ်သိန်း နေရပ်ပြန်မည်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်

    – အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁ သိန်းလောက်ကို ပထမသုတ်အနေနဲ့ ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေတယ်လို့ သိရပါတယ်။

    ဒီလူတွေရဲ့နာမည်စာရင်းကို သောကြာနေ့မှာ မြန်မာအာဏာပိုင်တွေဆီ ပို့ထားပြီး နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အတိုင်း လာမယ့်လနှောင်းပိုင်းမှာ စတင်ပြီး နေရပ်ပြန်ပို့နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူ အိုဘိုက်ဒွလ် ကွာဒဲရ်က ပြောပါတယ်။

    သြဂုတ်လနှောင်းပိုင်းကစတင်ပြီး မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာ ၆၅၅၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ဒီလုပ်ရပ်ဟာ လူမျိုးစုလိုက် သုတ်သင်မှု ဖြစ်တယ်လို့ ကုလနဲ့ အမေရိကန်တို့က ပြောထားပါတယ်။

    ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး သဘောတူညီချက်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေဟာ နိုဝင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ပြီး ဇန်န၀ါရီ ၂၃ ရက်နေ့မှာ စတင်ဆောင်ရွက်ဖို့ စီစဉ်ခဲ့တာပါ။

    လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေကတော့ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးနဲ့ နေထိုင်ရေးအတွက် စိုးရိမ်ကြောင်း ပြောကြားထားပါတယ်။

    ကွာဒဲရ်က နှစ်နိုင်ငံ ပူးတွဲအလုပ်အဖွဲ့ တာဝန်ရှိသူတွေဟာ ပေးပို့ထားတဲ့ စာရင်းကို အတည်ပြုပြီးတာနဲ့ နေရပ်ပြန်လည်ရေး လုပ်ငန်းစဉ်ကို အလျင်အမြန် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

    “ပူးတွဲအလုပ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီး လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး ပထမအသုတ် လူ ၁ သိန်းစာရင်းကို ဒီကနေ့မှာ မြန်မာအစိုးရစီ ပေးပို့သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလုပ်မယ့် နောက်ထပ် အစည်းအဝေးမှာ နေရပ်ပြန်ပို့ရေး အစီအစဉ် ဘယ်လိုစတင်မလဲဆိုတာကို အလုပ်အဖွဲ့က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ မြန်မြန် စာရင်းကို အတည်ပြုပြီးနောက်ပိုင်းနေရပ်ပြန်ရေးလုပ်ငန်းစဉ် စတင်မှာပါ”

    တွေ့ဆုံမေးမြန်းမှုတွေအရ ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချရမှု မရှိတာကြောင့် ရိုဟင်ဂျာဒုက္ခသည် တော်တော်များများဟာ နေရပ်မပြန်ချင်ကြဘူးလို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက်ရှိနေပြီး တော်တော်များများက အဲဒီမှာ ၁၀ စုနှစ်နဲ့ချီပြီး ရှိနေကြတာ ဖြစ်ပါတယ်။

    Ref: AFP

     

  • ရခိုင်ကိစ္စအတွက် မြန်မာဗိုလ်ချုပ်တစ်ဦးကို အမေရိကန်က စတင် ပိတ်ဆို့အရေးယူ

    ရခိုင်ကိစ္စအတွက် မြန်မာဗိုလ်ချုပ်တစ်ဦးကို အမေရိကန်က စတင် ပိတ်ဆို့အရေးယူ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    ဗိုလ်ချုပ်မောင်မောင်စိုး (Photo Credit – VOA)

    – ‘ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊  ခြစားမှုတွေနဲ့’ ပတ်သက်ပြီး မြန်မာဗိုလ်ချုပ်တစ်ယောက်အပါအ၀င် လူ ၁၃ ဦးကို အမေရိကန်က မနေ့မှာ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။

    မြန်မာနိုင်ငံက အရေးယူခံရသူဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာ ၆၅၀၀၀၀ ကျော်လောက် ထွက်ပြေးခဲ့ရတဲ့ သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကို တာဝန်ယူရသူ ဖြစ်ပါတယ်။

    မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာအရပ်သားတွေကို တရားလက်လွတ်သတ်ဖြတ်တာ၊ လိင်အကြမ်းဖက်တာ၊ ထင်ရာစိုင်းဖမ်းဆီးတာနဲ့ ရိုဟင်ဂျာရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပါအ၀င် ဗိုလ်ချုပ်မောင်မောင်စိုး တာဝန်ခံရမယ့် လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေကို မိမိတို့က တွေ့ရှိခဲ့တဲ့အတွက် ဒီလို အရေးယူပိတ်ဆို့မှု ပြုလုပ်လိုက်တာဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မောင်မောင်စိုးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရာထူးကနေ ရုတ်ရက် ဖယ်ရှားခံလိုက်ရပြီး ဗိုလ်မှူးချုပ် စိုးတင့်နိုင်ငံက သူ့နေရာကို ဆက်ခံခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ပြဌာန်းခဲ့တဲ့ ဥပဒေနဲ့ ပထမဆုံးပြုလုပ်တဲ့ အရေးယူမှုမှာ ပါဝင်သူတွေဟာ အမေရိကန်ရဲ့ တရားစီရင်ရေးနယ်ပယ်အတွင်းမှာရှိတဲ့ ပိုင်ဆိုင်မှုတွေ အသိမ်းခံရမှာဖြစ်ပြီး၊ အမေရိကန်နိုင်ငံသားတွေနဲ့ ထိတွေ့ဆက်ဆံခွင့်၊ အမေရိကန်ဘဏ္ဍာရေးစနစ်မှာ ပါဝင်ခွင့်တွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မောင်မောင်စိုးအပါအ၀င် တောင်ဆူဒန်သမ္မတ ဆလ်ဗာ ကီရ်ရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ဘင်ယာမင် ဘိုမဲလ်၊ ဂမ်ဘီယာအာဏာရှင်ဟောင်း ယာယာဂျာမေဟ်၊ အစ္စရေး ဘီလီယံနာ ဒန် ဂျာတလာနဲ့ ကွန်ဂိုသမ္မတ ဂျိုးဆက်ဖ် ကာဘီလာတို့လည်း အမေရိကန်ရဲ့ အရေးယူမှုမှာ ပါဝင်ပါတယ်။

    “ကျွန်တော်တို့ဟာ ရှေ့ဆောင်လမ်းပြအနေနဲ့ ဦးဆောင်ရမှာပါ။ ဒီကနေ့ ကြေငြာလိုက်တဲ့ ပိတ်ဆို့မှုက အမေရိကန်ဟာ လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါးချိုးဖောက်သူတွေ၊ ခြစားမှုမှာ ပါဝင်သူတွေအနေနဲ့ သူတို့ရဲ့ ကျူးလွန်မှုတွေကို အမှန်တကယ် ခံစားရအောင် အမေရိကန်က ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ရခိုင်ကိစ္စ အဖြစ်မှန်ဖော်ဖို့ကြိုးစားလို့ Reuters သတင်းထောက်တွေ ဖမ်းခံရတာလား

    ရခိုင်ကိစ္စ အဖြစ်မှန်ဖော်ဖို့ကြိုးစားလို့ Reuters သတင်းထောက်တွေ ဖမ်းခံရတာလား

    ဒီဇင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ဖမ်းဆီးခံရသည့် Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး

    – ပြီးခဲ့တဲ့တစ်ပတ်က မြန်မာနိုင်ငံမှာ အဖမ်းခံလိုက်ရတဲ့ သတင်းထောက် ၂ ယောက်ဟာ ကာကွယ်ရေးဦးစီးချုပ်ရုံးက အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတွေ တွေ့တယ်လို့ ကြေငြာလိုက်တဲ့ ရခိုင်ပြည်နယ်က ရွာတစ်ရွာရဲ့ ရွာသားတွေထံကနေ ဓာတ်ပုံတွေရရှိထားပါတယ်။ ရိုဟင်ဂျာမွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တပ်ရဲ့ ဆောင်ရွက်မှုဟာ ၃ လကျော်လောက် ကြာနေပြီဖြစ်ပါတယ်။

    Reuters သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာ ရဲတပ်အရာရှိတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

    ဒီဂျာနယ်လစ်တွေဟာ ရခိုင်ပြည်နယ်က သတင်းအချက်အလက်တွေကို တရားမ၀င်ရယူဖို့ ကြိုးစားခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ အဓမ္မကျင့်မှုကို ခံခဲ့ရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာတွေကို အညှိုးထားသတ်ဖြတ်မှုတွေ၊ ရိုဟင်ဂျာရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေမှာ ရခိုင်ဗုဒ္ဓဘာသာ အုပ်စုလည်း ပါဝင်တယ်လို့ စွပ်စွဲခံထားရပါတယ်။

    Reuters သတင်းထောက်တွေကို ဖမ်းဆီးပြီး ၃ ရက်အကြာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာက ရခိုင်ရွာသား ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ ကျောင်းအုပ်တစ်ဦးနဲ့ ဆရာ ၃ ဦး ပါဝင်ခဲ့ပါတယ်။

    ဖမ်းဆီးခံရတဲ့ ဆရာတစ်ဦးရဲ့ အမည်မဖော်လိုတဲ့ ဆွေမျိုးတစ်ယောက်က Reuters သတင်းထောက်တွေကို ဓာတ်ပုံနဲ့ စာရွက်စာတမ်းတစ်ချို့ ပေးလိုက်တာကြောင့် ရခိုင်ရွာသားတွေ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဖွင့်ဟလာပါတယ်။ ဘာဓာတ်ပုံတွေလဲဆိုတာကိုတော့ သူက ပြောကြားခဲ့ခြင်း မရှိပါဘူး။

    တနင်္လာနေ့က ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာမှာ အင်းဒင်သုဿာန်အတွင်း ဘယ်သူဘယ်ဝါမှန်းမသိတဲ့လူတွေ ‘သတ်ဖြတ်မြှုပ်နှံခံထားရမှုအတွက်’ စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    “အထက်ပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တစ်စုံတစ်ရာပါဝင် ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရပါက တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်” လို့လည်း ထည့်သွင်း ရေးသားခဲ့ပါတယ်။

    သြဂုတ်နှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ဝိုက် ရွာတွေ မီးလောင်မှုအတွင်းမှာ ရိုဟင်ဂျာနဲ့ ရခိုင်တွေ ရောနှောနေထိုင်ကြတဲ့ အင်းဒင်ရွာက အိမ်တော်တော်များများလည်း မီးလောင်ခဲ့ပါတယ်။ ဒါပေမယ့် Amnesty International က ရရှိတဲ့ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားအရ အင်းဒင်ရွာက ရိုဟင်ဂျာတွေနေထိုင်တဲ့နေရာက အိမ်တွေပဲ ကွက်ပြီး မီးလောင်ပျက်ဆီးနေတယ်ဆိုတာ တွေ့ရပါတယ်။

    ဖမ်းဆီးခံလိုက်ရတဲ့ အင်းဒင်ရွာသားတစ်ယောက်ရဲ့ ဆွေမျိုးတစ်ဦးက အစိုးရအနေနဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားတာတွေကို ဖျောက်ချင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    လွတ်လပ်တဲ့ မြန်မာစာနယ်ဇင်းကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်က Reuters သတင်းထောက်တွေ ဖမ်းဆီးခံရမှုနဲ့ ရခိုင်ရွာသားတွေ ဖမ်းဆီးခံရမှု ဆက်စက်မှုရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

    အရပ်သားအစိုးရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သမ္မတရုံးက ဒီသတင်းထောက်တွေအပေါ် ဖမ်းဆီးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ခွင့်ပြုချက်ပေးခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေက ဆိုပါတယ်။

    “အခုအချိန်မှာ ဂျာနယ်လစ်တွေအပေါ် စွဲထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရပ်တန့်ဖို့ ခက်ပါလိမ့်မယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုအတွက် အစိုးရအနေနဲ့ အရင်ဆုံး စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ရမှာပါ” လို့ ဦးမြင့်ကျော်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သတင်းထောက်တွေ ဖမ်းဆီးခံရပြီး တစ်ပတ်အကြာမှာ မြန်မာအရပ်သားအစိုးရဲ့ ကြီးကြီးပိုင်းလူတစ်ချို့က ဒီ ဂျာနယ်လစ်နှစ်ယောက်ကို ဘာ့ကြောင့် ဖမ်းဆီးထားလဲ ဆိုတာနဲ့ပတ်သက်ပြီး နောက်ထပ်အချက်အလက်တွေ မသိရဘူးလို့ ဖွင့်ဟလာပါတယ်။

    “ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ တကယ်ကို မသိရပါဘူး။ ဘာဖြစ်လဲဆိုတာသိရရင် ကျွန်တော်တို့ တစ်ခုခု လုပ်နိုင်မှာပါ” လို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောကြားခဲ့ပါတယ်။

    သတင်းထောက်တွေ ဘာအကြောင်းကို လိုက်နေလဲဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းမှုကိုတော့ Reuters သတင်းဌာနက မဖြေခဲ့ပါဘူး။

    “ကမ္ဘာကြီး အကျိုးရှိစေမယ့် သတင်းတွေကို ဖော်ပြရာမှာ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြသူတွေပါ။ သူတို့ဟာ ဘာအမှားမှ မလုပ်ထားတဲ့ အပြစ်မဲ့သူတွေ ဖြစ်ပါတယ်” လို့ Reuters သတင်းဌာနရဲ့ ဥက္ကဌနဲ့ အယ်ဒီတာချုပ် စတီဖင် ဂျေ အဒ်လာက ကြေငြာချက် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတာပါ။ ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ အဲဒီဥပဒေဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်လောက် ချမှတ်လို့ ရပါတယ်။ ဂျာနယ်လစ်တွေကို ထိန်းသိမ်းတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

    အဲဒီ ဂျာနယ်လစ် ၂ ဦးဟာ ပြီးခဲ့တဲ့ ၃ လခွဲအတွင်းမှာ မြန်မာဖက်ကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရိုဟင်ဂျာ ၆ သိန်းခွဲလောက် ထွက်ပြေးရတဲ့ သတင်းကို တင်ဆက်ခဲ့သူတွေလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ ဆယ်စုနှစ်ချီ ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီး လတ်တလောကိစ္စက သြဂုတ်လနှောင်းပိုင်းမှာ ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

    အစိုးရက သေသေချာချာစီစဉ်ပြီး လွှတ်တဲ့ ခရီးစဉ်ကလွဲလို့ ဒေသတွင်းနဲ့ နိုင်ငံခြား သတင်းထောက်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ခွင့် မရပါဘူး။ Reuters သတင်းဌာနဟာ ဒေသတွင်း မျက်မြင်သက်သေတွေရဲ့ ပြောကြားမှုတွေကို အမည်ထုတ်ဖော်ခြင်းမရှိဘဲ ဖော်ပြခဲ့ပြီး ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့က
    လည်း ဒီဒေသတစ်ဝိုက်ကနေ သတင်းပေးပို့ခဲ့ကြပါတယ်။

    နယ်စည်းမခြား ဆရာဝန်များအဖွဲ့က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စတင်ပြီး တစ်လတာအတွင်းမှာ ကလေးငယ် ၇၃၀ အပါအ၀င် အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ လောက် အသတ်ခံရတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    အဖြေမထွက်တဲ့ မေးခွန်းတွေထဲမှာ စစ်တပ်နဲ့ ရခိုင်လူအုပ်ပေါင်းပြီး သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ အလောင်းတွေ ဘာဖြစ်သွားလဲဆိုတာလည်း ပါဝင်ပါတယ်။

    စက်တင်ဘာလက မြန်အစိုးရရဲ့ အစောင့်အကြပ်နဲ့ သွားရောက်ခဲ့တဲ့ သတင်းထောက်တွေကို ဒါဇင်နဲ့ချီတဲ့ ဟိန္ဒူရွာသားတွေရဲ့ အလောင်းတွေ ပြသခဲ့ပြီး မြန်မာစစ်တပ်က ဒါဟာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က လုပ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ အသက်ရှင်သူ ဟိန္ဒူတွေကလည်း သူတို့ရဲ့ လူ့အဖွဲ့အစည်းကို ဘယ်သူတိုက်ခိုက်လဲဆိုတာနဲ့ပတ်သက်ပြီး ထွက်ဆိုရာမှာ ရှေ့နောက်မညီပါဘူး။ တစ်ချို့က ၀တ်စုံနက်နဲ့ ရိုဟင်ဂျာစစ်သွေးကြွတွေက သတ်ဖြတ်တယ်လို့ပြောပြီး၊ တစ်ချို့က မြန်မာ့တပ်မတော်က လုပ်တယ်လို့ ပြောပါတယ်။

    ရိုဟင်ဂျာအလောင်းတွေကို မီဒီယာတွေမှာ မမြင်ရသေးဘဲ၊ အင်းဒင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှပ်ထားတဲ့ အလောင်းတွေဟာ ဘယ်သူတွေလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    နိုဝင်ဘာလက မြန်မာစစ်တပ်ဟာ တပ်တွင်း စုံစမ်းစစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်က စစ်သားအားလုံး မဟုတ်တာ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ အပြစ်မဲ့တဲ့ ဘယ်အရပ်သားမှ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အဓမ္မကျင့်ခံရတာမျိုး၊ သတ်ဖြတ်ခံရတာမျိုး မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

    အင်္ဂါနေ့မှာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) က စာမျက်နှာ ၃၀ ပါ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး နယ်မြေရှင်းလင်းမှုဒဏ် အဆိုးရွားဆုံးခံရတဲ့ တူလာတိုလီရွာမှာ စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားပါတယ်။

    “စစ်သားတွေနဲ့ ရခိုင်ရွာသားတွေဟာ အလောင်းတွေကို သဲကျင်းနက်နက်ထဲမှာ မီးရှို့ခဲ့ပြီး သတ်ဖြတ်မှုအတွက် လက်စလက်နဖျောက်တဲ့လုပ်ရပ်လို့ ထင်ရပါတယ်” လို့ HRW ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

    အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ရိုဟင်ဂျာရွာ ၄၀ လောက် မီးရှို့ဖျက်ဆီးခံထားရတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကိုလည်း HRW က ထုတ်ပြန်ခဲ့ပြီး အနည်းဆုံး ရိုဟင်ဂျာရွာ ၃၅၄ ရွာလောက် မီးတိုက်ခံရတာဖြစ်ပါတယ်။ အရပ်သားအစိုးရရဲ့ အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ဟာ ‘နယ်မြေရှင်းလင်းရေးလုပ်ငန်း’ ကို
    စက်တင်ဘာအစောပိုင်းကတည်းက ရပ်ဆိုင်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ဒေါ်ဆောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ ဖြစ်လာဖို့ လမ်းပွင့်စေခဲ့ပေမယ့် နှစ် ၅၀ နီးပါး တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ စစ်တပ်က အာဏာအတွက် အရေးပါဆုံး ခလုပ်တွေကို ကိုင်ထားဆဲပါ။

    စစ်တပ်အပေါ် သြဇာမညောင်းပေမယ့် ဒေါ်အောင်ဆန်းစုကြည့်အနေနဲ့ စစ်တပ်ကို လူသိရှင်ကြား ဖာထေးကာကွယ်ပေးတာဟာ စစ်ရာဇ၀တ်ကောင်တွေကောင် အလောင်းအလျာတွေကို စိတ်ဓာတ်ခွန်အားပေးသလို ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြပါတယ်။

    ကုလလူ့အခွင့်အရေးအကြီးအကဲ အလ်-ဟူစိန်က ရိုဟင်ဂျာတွေအပေါ် လုပ်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်ပြီး လက်သည်တွေကို နိုင်ငံတကာဥပဒေတွေနဲ့ အရေးယူဖို့ တိုက်တွန်းဆော်သြတဲ့အထိ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ကတော့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ လုပ်ဆောင်မှုကို ‘လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု’ လို့ ကင်ပွန်းတပ်ပါတယ်။

    စာပေကင်ပေတိုင်အောက်မှာ ဆယ်စုနှစ်ချီရှိခဲ့ပြီး မကြာသေးခင်ကမှ လွတ်မြောက်လာခဲ့တဲ့ မြန်မာ သတင်းမီဒီယာလောကဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တမ်းမှာ စိန်ခေါ်မှုအသစ်တွေရဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ထိပ်တန်းဂျာနယ်လစ်တွဟာ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးတရားစွဲဆို ခံခဲ့ရပြီး အောက်တိုဘာမှာ နိုင်ငံခြားသား ဂျာနယ်လစ်နှစ်ယာက်နဲ့ ဒေသတွင်း သတင်းထောက်တစ်ယောက်၊ သူတို့ကိုလိုက်ပို့တဲ့ ကားဆရာတို့ဟာ နေပြည်တော်မှာ တရားမ၀င် ဒရုန်းလွှတ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆို ခံခဲ့ရပါတယ်။

    ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထားလဲဆိုတာ မသိဘူးလို့ သူတို့ရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။

    “ကျွန်မ ရဲစခန်းကို သွားတယ်။ ကျွန်မယောက်ျားကို ဘယ်မှာချုပ်ထားလဲဆိုတာ မသိဘူးလို့ ရဲတွေကပြောပါတယ်။ စိုးရိမ်သောကရောက်နေတာကတော့ ပြောမပြတတ်အောင်ပါပဲရှင်” လို့ ကိုဝလုံးရဲ့ဇနီး မပန်းအိမွန်က ပြောကြားခဲ့ပါတယ်။

    Ref: Newyork Times

    ( Newyork Times တွင် ဖော်ပြထားသည့် As Signs of a Mass Grave Emerge, Myanmar Cracks Down ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အချက်အလက်များမှာ မူရင်းသတင်းဌာန၏ တင်ပြချက်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်သလို၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ထားခြင်းလည်း မရှိပါ။)