News @ M-Media

Tag: Rohingya

  • ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုအတွက် မြန်မာကိုအရေးယူရန် ကန်စဉ်းစားနေ

    ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုအတွက် မြန်မာကိုအရေးယူရန် ကန်စဉ်းစားနေ

    အောက်တိုဘာ ၂၄၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် ကျမ်းစာသင်ယူနေသည့် ရိုဟင်ဂျာကလေးများ

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်လင်တွေအပေါ် ညှင်းပမ်းနှိပ်စက်မှုအတွက် Global Magnitsky ဥပဒေအရ ပြုလုပ်တဲ့ အရေးယူမှုအပါအ၀င် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လတ်တလောအဖြစ်အပျက်တွေ၊ ရိုဟင်ဂျာတွေနဲ့ အခြားလူ့အဖွဲ့အစည်းတွေ ခံစားနေရတဲ့ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် ကျွန်တော်တို့အနေနဲ့ အလွန်အမင်းစိုးရိမ်မိတယ်” လို့ အမေရိကန်အစိုးရကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစိုးရမဟုတ်တဲ့လူတွေ၊ လက်နက်ကိုင်ပြီး ရာဇ၀တ်မှုကျူးလွန်တဲ့ အရပ်သားတွေအပါအ၀င် ဒီလို ရက်စက်ကြမ်းကြုမှုတွေကို ပြုလုပ်တဲ့ တစ်ဦးချင်းတစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းစီတိုင်း သူတို့ရဲ့ လုပ်ရပ်အတွက် မလွှဲမသွေ တာဝန်ယူရလိမ့်မယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ အပြစ်မဲ့ ရိုဟင်ဂျာအရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ အမျိုးသမီးကို အဓမ္မကျင့်တာတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

    အဲဒီသတင်းတွေအတွက် မြန်မာအစိုးရနဲ့ စစ်တပ်က ငြင်းဆိုထားပါတယ်။ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းနီးပါးလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်မှုအတွက် စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ အမေရိကန်ကရှုမြင်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

    လာမယ့်လအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အာရှကိုလာဖို့ရှိတဲ့အချိန် အမေရိကန်အစိုးရရဲ့ အခုကြေငြာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ထရမ့်ဟာ အာဆီယံနိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို တက်ဖို့ ရှိနေပါတယ်။

    ဒီကြေငြာချက်ဟာ ကာလရှည်ဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာအတွက် အမေရိကန်အစိုးရရဲ့ အပြင်းထန်ဆုံး တုန့်ပြန်မှုတစ်ခုဖြစ်ပြီး Global Magnitsky ဥပဒေအပါအ၀င် အမေရိကန်ဥပဒေအရ အရေးယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့လည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    မြန်မာနိုင်ငံအပေါ် အမေရိကန်ကပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေထဲမှာ လက်ရှိစစ်ခေါင်းဆောင်တွေနဲ့ အရင် စစ်အာဏာရှင်အဖွဲ့ဝင်ဟောင်းတွေကို အမေရိကန်လာခွင့် ရပ်ဆိုင်းထားတာ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကို အမေရိကန်ရဲ့ အကူအညီ ရယူသုံးစွဲခွင့်မပေးတာတွေ ပါဝင်တယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းမှုအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အမေရိကန်က မဟာမိတ်တွေ၊ မိတ်ဖက်နိုင်တွေ၊ ကုလ၊ လူ့အခွင့်အရေးကောင်စီ၊ အခြား သင့်လျော်သူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

    Ref: Reuters

  • ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာက ပြန်လက်ခံရမည်ဟု အိန္ဒိယပြော

    ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာက ပြန်လက်ခံရမည်ဟု အိန္ဒိယပြော

    အောက်တိုဘာ ၂၃၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း

    – ဆယ်စုနှစ်ချီ ကြာမြင့်နေတဲ့ အာရှရဲ့ အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို မဖြစ်မနေ ပြန်လည် လက်ခံရလိမ့်မယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြောကြားလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ ယမန်နေ့က တွေ့ဆုံစဉ်မှာ ၀န်ကြီး ဆူရှ်မာ ဆွာရက်ဂ်ျက အခုလိုပြောကြားလိုက်တာဖြစ်ပြီး ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံဟာ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ရမှာပါ။ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်အတွက် တော်တော်လေးကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒီဝန်ထုပ်ဝန်ပိုးကို ဘယ်လောက်ကြာကြာ ထမ်းထားရမှာလဲ။ ဒီပြဿနာနဲ့ပတ်သက်ပြီး အမြဲတမ်းအတွက် အဖြေတစ်ခု ရှိသင့်ပါတယ်”

    ရှိခ်ဟာဆီနာဟာ မြန်မာနိုင်ငံဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးထားပြီး ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခွင့် ပြုထားပါတယ်။

    သြဂုတ်လနှောင်းပိုင်းကပြီး ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က မငြိမ်မသက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းနီးပါးလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဆွာရက်ဂ်ျဟာ စောစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မဟ်မူဒ်အလီနဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအတွက် အိန္ဒိယက စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြည်သူတွေရဲ့ အကျိုးကို ရှေ့ရှုပြီး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့အတွက် ကျွန်မတို့ တိုက်တွန်းပါတယ်” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

    ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက အသိအမှတ်ပြုဖို့ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေးကို အိန္ဒိယက ထောက်ခံကြောင်း၊ ရခိုင်ပြည်နယ်မှာ စီးပွားရေးအခွင့်အလမ်းတွေ ဖော်ဆောင်ပေးတာဟာ ပြဿနာ ပြေလည်စေရေး အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ဆွာရက်ဂ်ျက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာပြဿနာအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရှာဖွေရေး မြန်မာအစိုးရကို ဆက်လက်ဖိအားပေးတဲ့နေရာမှာ အိန္ဒိယကလည်း ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Washingtonpost

  • ရိုဟင်ဂျာကိစ္စ အစိုးရအစီအစဉ်နှင့်ပတ်သက်၍ စစ်တွေတွင် ဆန္ဒပြ

    ရိုဟင်ဂျာကိစ္စ အစိုးရအစီအစဉ်နှင့်ပတ်သက်၍ စစ်တွေတွင် ဆန္ဒပြ

    အောက်တိုဘာ ၂၂၊ ၂၀၁၇
    M-Media

    – လတ်တလော ရခိုင်ပြည်နယ် မတည်ငြိမ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံမယ့် အစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ပြည်နယ်မြို့တော်စစ်တွေမှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

    အဲဒီဆန္ဒပြမှုမှာ လူရာနဲ့ချီပါဝင်ခဲ့ပြီး စီစဉ်သူ ဦးအောင်ဌေးက နိုင်ငံသားတွေဖြစ်မယ်ဆိုရင် ကြိုဆိုတယ်လို့ ဆိုပါတယ်။

    “ဒါပေမယ့် ဒီလူတွေဟာ နိုင်ငံသားဖြစ်ခွင့်မရှိတဲ့သူတွေဆိုရင်တော့ ပဋိပက္ခကင်းမဲ့ဇုန်ဖြစ်ရေး အစိုးရရဲ့အစီအစဉ်ဟာ အကောင်အထည်ပေါ်လာမှာမဟုတ်ပါဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ သန်းဝက်ကျော်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရက ဟိုဖက်ရောက်သွားတဲ့သူတွေကို ပြန်ခေါ်သွားမယ်လို့ ပြောကြားထားပါတယ်။

    စစ်တွေက ဒီနေ့ဆန္ဒပြမှုအတွင်း ရိုဟင်ဂျာတွေကို ပြန်မခေါ်ဖို့ အစိုးရကို တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

    “စီစဉ်သူတွေက လူတစ်ထောင်လောက်ပါဝင်မယ်ဆိုပြီး ခွင့်ပြုချက်လျှောက်ထားခဲ့တာပါ။ ဒါပေမယ့် ရာဂဏန်းပဲ ရှိခဲ့ပါတယ်” လို့ ဒေသတာဝန်ရှိသူ ဦးစိုးတင့်ဆွေက ပြောကြားခဲ့ပါတယ်။

    Ref: AP

  • ရိုဟင်ဂျာကိစ္စ ဂျီနိုဆိုဒ် ဖြစ်၊ မဖြစ် ကုလက မဆုံးဖြတ်ရသေး၊ စစ်ခေါင်းဆောင်များတွင် တာဝန်ရှိဟု ကန်ပြော

    ရိုဟင်ဂျာကိစ္စ ဂျီနိုဆိုဒ် ဖြစ်၊ မဖြစ် ကုလက မဆုံးဖြတ်ရသေး၊ စစ်ခေါင်းဆောင်များတွင် တာဝန်ရှိဟု ကန်ပြော

    အောက်တိုဘာ ၁၉၊ ၂၀၁၇
    M-Media

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ ‘လူမျိုးတုန်းသတ်ဖြတ်မှု’ မြောက်တဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေလားဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ကုလ လူ့အခွင့်အရေး တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ် ဟူစိန်က ရိုဟင်ဂျာတွေ ကျူးလွန်ခံရတဲ့အခြေအနေဟာ လူမျိုးစုလိုက် သုတ်သင်မှု နယူနာဖြစ်တယ်လို့ အရင်က ပြောကြားထားတာပါ။

    မဟာမင်းကြီးရဲ့ အာရှပစိဖိတ်ဆိုင်ရာရုံး အကြီးအကဲ ဂျိုင်တီ ဆန်ဟီရာက ဒီအတွက် ဥပဒေကြောင်းအရ သတ်မှတ်ချက်တွေနဲ့ တိုက်မစစ်ရသေးဘူးလို့ ဆိုပါတယ်။

    “ဒီကိစ္စအတွက် ဥပဒေသတ်မှတ်ချက်တွေကို ကျွန်တော် မကြည့်ရေးသေးပါဘူး။ ဒီသတ်မှတ်ချက်တွေနဲ့ ညီကောင်းညီနိုင်ပေမယ့် OHCHR က တရားဝင် မဆုံးဖြတ်ရသေးပါဘူး”

    ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပြောကြားမှုတွေ၊ လက်ရှိ မြေပြင်မှာ ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောကြားမှုကို ကိုကားပြီး ပြီးခဲ့တဲ့ ၂ လအတွင်း ရိုဟင်ဂျာ ၅၈၂၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။

    စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိ

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ပြုလုပ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွအတွက် မြန်မာစစ်ခေါင်းဆောင်တွေက တာဝန်ယူရမယ်လို့ မနေ့မှာ ပြောကြားလိုက်ပါတယ်။

    “ဒီသတင်းတွေဟာ မှန်မယ်ဆိုရင် တစ်ယောက်ယောက်က ဒီအတွက် တာဝန်ယူရတော့မှာပါ” လို့ Center for Strategic and International Studies က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားခဲ့တာပါ။

    ဒါပေမယ့် အမေရိကန်အနေနဲ့ မြန်မာစစ်တပ်အပေါ် အရေးယူမယ်ဆိုတာမျိုးကို တီလာဆန်က ထုတ်ဖော်မပြောခဲ့သလို၊ ရိုဟင်ဂျာကိစ္စအတွက် ဘယ်သူ့ကို အမှန်တကယ် အပြစ်တင်ရမလဲဆိုတာ မရှင်းမလင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

    အကြမ်းဖက်မှုရင်းမြစ်ကို ရှာဖွေဖော်ထုတ်ရမှာ အမေရိကန်ဟာ ဆက်လက်ပါဝင်နေပြီး ဘယ်လို ရှေ့ဆက်လုပ်ဆောင်ရမလဲဆိုတာ၊ သူပုန်တွေ၊ အကြမ်းဖက်အုပ်စုတွေနဲ့ ရင်ဆိုင်ရာမှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်ဆိုတာ မြန်မာစစ်တပ်အပေါ် အမေရိကန်က အကြံပြုထားတယ် ၀န်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီယဲလ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးခဲ့ပြီး ရိုဟင်ဂျာအပါအ၀င် လူ့အဖွဲ့အစည်းအားလုံးကို ကာကွယ်ရေးပေးရေး လိုအပ်ချက်အတွက် အမေရိကန်က စိုးရိမ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အိုအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေရပ်ပြန်နိုင်ရေး မြန်မာအရပ်သားအစိုးရက ဆောင်ရွက်မှုမှာ စစ်တပ်က ကူညီဖို့လည်း ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုရပ်တန့်ရေး သဘောထားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုဖို့ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်ဟာ စက်တင်ဘာလမှာ တိုကတွန်းခဲ့ဖူးပါတယ်။

    Ref: CBS, Reuters