News @ M-Media

Tag: Rohingya

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ သွားရောက်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောဒေသသို့ သွားရောက်

    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media

    စစ်တွေလေဆိပ်ကို ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်

    – နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို ဒီကနေ့မှာ နေ့ချင်းပြန်ခရီးစဉ် သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

    အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ ပြည်နယ်မြို့တော် စစ်တွေကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဟတ်ယာဉ်တွေနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို သွားရောက်ခဲ့ပါတယ်။

    Arakan Project စောင့်ကြည့်ရေးအဖွဲ့က ခရစ္စလီဝါက မောင်တောကိုရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခတွေမဖြစ်ပွားဖို့ ပြောကြားခဲ့ကြောင်း၊ မိမိတို့အစိုးရအနေနဲ့လည်း ကူညီပေးသွားမှာဖြစ်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လူတွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ် အာဏာရပြီးကတည်း ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ကို သွားရောက်တာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း​ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေမှုအတွက် ဒေါ်အောင်စုကြည်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၁၉၉၀ ပြည့်နှစ်တွေက နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အတိုင်း ပြန်လည်လက်ခံမယ်လို့ ကတိပြုခဲ့ပြီး၊ ပြီးခဲ့တဲ့လကလည်း ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်နေရာချထားရေး စီမံကိန်းတစ်ခုကို စတင်ခဲ့ကာ သူမကိုယ်တိုင် ဦးဆောင်မှာ ဖြစ်ပါတယ်။

    Ref: Reuters

     

  • ရိုဟင်ဂျာများနေရပ်ပြန်ရေး နှောင့်နှေးမှုအတွက် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်

    ရိုဟင်ဂျာများနေရပ်ပြန်ရေး နှောင့်နှေးမှုအတွက် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်

    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များ

    – ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး နှောင့်နှေးနေတာတွေနဲ့ပတ်သက်လို့ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်လိုက်ပြီး နိုင်ငံတကာက ငွေကြေးအကူအညီ သန်းပေါင်းများစွာ ရရှိတဲ့အထိ ဆိုင်းငံ့နေတာလားဆိုတာ စိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၆ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး နိုင်ငံတကာက ဖိအားတွေ မြင့်တက်လာပြီးတဲ့နောက် ဒီလူတွေကို ပြန်ခေါ်မယ်လို့ မြန်မာအစိုးရက လူသိရှင်ကြား ပြောကြားထားတာပါ။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၁၉၉၀ ပြည့်နှစ်တွေက ၂ နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ပါ အချက်တွေကို အခြေခံကာ ပြန်လည်လက်ခံရေးလုပ်ငန်းကို ဘယ်အချိန်မဆို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီး၊ ဘင်္ဂလားဒေ့ရှ်က ဒီသဘောတူညီချက်ကို လက်မခံသေးဘူးလို့ ပြောပါတယ်။

    “ကျွန်တော်တို့က စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တစ်ဖက်က လက်မခံသေးတာပါ။ လုပ်ငန်းစဉ်က နှောင့်နှေးနေပါတယ်။ ဒါဟာ နံပါတ်တစ် တစ်ချက်ပါ” လို့ ဦးဇော်ဌေးက ဂျာနယ်လစ်တွေကို ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကိစ္စတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့တစ်ပတ် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်း မြန်မာနိုင်ငံကို လာရောက်စဉ်မှာ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပေမယ့်၊ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး သဘောတူညီချက်ဟောင်းကို ပြန်လည်ကျင့်သုံးရေးမှာ တိုးတက်မှု မရှိပါဘူး။

    ဦးဇော်ဌေးကတော့ ဘင်္ဂလားဒေ့ရှ်ဖက်က နှောင့်နှေးကြန့်ကြာမှုကို နိုင်ငံတကာကူအညီတွေ ရယူလိုမှုနဲ့ ဆက်စပ်ပြောကြားခဲ့ပါတယ်။

    “လတ်တလော သူတို့ဟာ ကန်ဒေါ်လာ သန်း ၄၀၀ လောက် ရရှိနေပါတယ်။ ဒီလောက်များများ ရတဲ့အပေါ်မှာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ဆိုင်းနေတာလားဆိုတာ ကျွန်တော်တို့ စိုးရိမ်တာပေါ့လေ။ နိုင်ငံတကာက ထောက်ပံ့ငွေတွေ သူတို့ရနေတယ်။ နေရပ်ပြန်ပို့ရေးနဲ့ပတ်သက်ပြီး သူတို့မှာ အခြားတွေးတာတွေများ ရှိလားဆိုတာ ကျွန်တော်တို့ စိုးရိမ်ပါတယ်”

    ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဘင်္ဂလားဒေ့ရှ်ဖက်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြီးခဲ့တဲ့တစ်ပတ် ပြည်ထဲရေးဝန်ကြီးရဲ့ ဆွေးနွေးမှုအတွင်း ကိုဖီအန်နန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ရေးအပါအ၀င် အချက် ၁၀ ချက် တင်ပြခဲ့ပေမယ့် မြန်မာဖက်က လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကို သောကြာနေ့က ပြောကြားရာမှာ ခန်းက သူ့ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို နှစ်ဖက် မဖွဲ့စည်းနိုင်ခဲ့ပေမယ့် နိုဝင်ဘာ ၃၀ ရက်နေ့ နိုင်ငံခြားရးဝန်ကြီး အဘူလ် ဟာဆန် မဟ်မွဒ် အလီ မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ ဖွဲ့စည်းနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

    ရိုဟင်ဂျာတွေအနေနဲ့ သူတို့ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထားပြနိုင်ရင် ပြန်လက်ခံမယ်လို့ မြန်မာအစိုးရက ပြောကြားထားတာပါ။

    ဦးဇော်ဌေးက သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဖက်က ရိုဟင်ဂျာဒုက္ခသည်အရေအတွက်စာရင်းကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

    Ref: CNA

  • ၂ ရက်အတွင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးရသည့် ရိုဟင်ဂျာဒုက္ခသည် ၇ ဦး ရေနစ်သေဆုံး

    ၂ ရက်အတွင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးရသည့် ရိုဟင်ဂျာဒုက္ခသည် ၇ ဦး ရေနစ်သေဆုံး

    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးရသည့် ရိုဟင်ဂျာများ

    – ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရိုဟင်ဂျာဒုက္ခသည်တွေ စက်လှေနဲ့ ထွက်ပြေးမှုမှာ နှစ်ရက်အတွင်း အနည်းဆုံး ၇ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    ဒီနေ့မနက်ပိုင်းမှာ ရိုဟင်ဂျာ ၃၀ ကျော်လောက်ကို တင်ဆောင်သွားတဲ့ စက်လှေဟာ ရာသီဥတုမကောင်းတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတမ်းမှာ နစ်မြုပ်ခဲ့ပြီး အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။

    အဲဒီလှေမှောက်မှုကြောင့် ဒဏ်ရာရပြီး ဆေးရုံတင်ထားရသူတစ်ချို့ ရှိနေကာ ကျန်တဲ့သူတွေကတော့ ကမ်းခြေကို ကူးခတ်အရောက်သွားနိုင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကလည်း တစ်ချို့ကို ကယ်ဆယ်ခဲ့ပါတယ်။

    အဲဒီမတိုင်ခင်တုန်းကလည်း ရေနစ်သေဆုံးခဲ့တဲ့ ရင်ခွင်ပိုက်ကလေးငယ် ၃ ဦးရဲ့ အလောင်းကို ဘင်္ဂလားဒေ့ရှ်ဖက်က ဆယ်ယူရရှိခဲ့ပြီး မနေ့ညနေက တက်ခ်နက်မြို့ကို ကမ်းကပ်မယ့် စက်လှေပေါ်ကနေ ရေထဲကို ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ် ၃
    ဦးဟာ ၃ လကနေ ၁၀ လသားလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။

    သြဂုတ်လနှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းလောက် ထွက်ပြေးခဲ့ရပြီး နတ်မြစ်အတွင်း လှေမှောက်ကာ ရေနစ်သေဆုံးသူ အရေအတွက်က အနည်းဆုံး ၂၀၀ လောက် ရှိနေပါတယ်။

    Ref: CNA

  • ရိုဟင်ဂျာဒုက္ခသည်များ မိမိဆန္ဒအလျောက် သားကြောဖြတ်နိုင်ရေး ဘင်္ဂလားဒေ့ရှ် ဆောင်ရွက်မည်

    ရိုဟင်ဂျာဒုက္ခသည်များ မိမိဆန္ဒအလျောက် သားကြောဖြတ်နိုင်ရေး ဘင်္ဂလားဒေ့ရှ် ဆောင်ရွက်မည်

    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media

    – ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လူတွေ ပြွတ်သိပ်မှုကို လျှော့ချဖို့အတွက် မိမိသဘောဆန္ဒအရ သားကြောဖြတ်နိုင်မယ့် အစီအစဉ်တစ်ခုကို ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး၊ အရင်က ထွက်ပြေးခဲ့ရတဲ့သူတွေ သိန်းချီရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ လူတွေ ကြပ်ညပ်မှု၊ အစားအသောက် မလောက်ငှမှု၊ ကျန်း
    မာရေးစောင့်ရှောက်မှု မပြည့်မီမှု စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။

    ဒုက္ခသည်စခန်းတည်ရှိရာ ကော့ဇ်ဘဇားမှာ မိသားစု စီမံကိန်းအတွက် ဆောင်ရွက်နေတဲ့အဖွဲ့ကို ဦးဆောင်နေတဲ့ ပင်တု ကန်တီ ဘာတာချာဂျီက ရိုဟင်ဂျာတွေမှာ မွေးဖွားနှုန်းထိန်းချုပ်ရေးအတွက် အသိပညာတွေ တော်တော်လေးနည်းပါးတယ်လို့ ဆိုပါတယ်။

    “ဒီလူ့အဖွဲ့အစည်းတစ်ခုလုံးကို တမင်တကာကို ပစ်ထားခဲ့တာဗျ” လို့ ရိုဟင်ဂျာတွေအပေါ် အသိပညာပေးလုပ်ဆောင်မှုတွေ မရှိတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရည်ညွှန်းပြီး ဘာတာချာဂျီက ပြောပါတယ်။

    ကော့ဇ်ဘဇားခရိုင်က မိသားစုစီမံကိန်း တာဝန်ရှိသူတွေဟာ လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို သားဆက်ခြားပစ္စည်းတွေ ဖြန့်ဖြူးပေးတဲ့ ဆောင်ရွက်မှုမျိုးတွေ လုပ်ဆောင်နေပြီး၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်စလုံးအတွက် သားကြောဖြတ်နိုင်မယ့် အစီအစဉ်ကို ခွင့်ပြုပေးဖို့လည်း အစိုးရကို တောင်းဆိုထားပါတယ်။

    ဒါပေမယ့် မိသားစုများပြားမှုကို နှစ်သက်ပြီး၊ သားဆက်ခြားမှုဟာ အစ္စလာမ့်သွန်ချက်နဲ့ ဆန့်ကျင်တယ်လို့ လက်ခံထားတဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းမှာ ဒီကိစ္စအတွက် တော်တော်လေး ကြိုးစားရဖွယ်ရှိနေကြောင်း၊ သားချက်ခြားမှုရဲ့ အကျိုးကျေးဇူးတွေကို ရိုဟင်ဂျာအမျိုးသမီးတွေ နားလည်လာဖို့ အခက်အခဲတွေရှိကြောင်း ဘင်္ဂလားဒေ့ရှ် မိသားစုစီမံကိန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ နိုင်ငံအတွင်းမှာ သားဆက်ခြားရေး စီမံကိန်းကို အကောင်အထည်ဖော်နေပြီး အောင်မြင်မှုက နှေးကွေးနေပါတယ်။ ကော့ဇ်ဘဇားခရိုင်အတွင်းမှာ သားကြောဖြတ်သူတွေဟာ တစ်လကို ၂၅၀ လောက် ရှိတယ်လို့ သိရပါတယ်။

    ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမဟုတ်သူတွေ အစိုးရရဲ့ သားဆက်ခြားမှုအစီအစဉ်မှာ ပါဝင်လာနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဦးဆောင်တဲ့ ကော်မတီရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။

    Ref: Aljazeera

  • ရခိုင်မြောက်ပိုင်းတွင် WFP က အကူအညီပြန်ပေးခွင့်ရ

    ရခိုင်မြောက်ပိုင်းတွင် WFP က အကူအညီပြန်ပေးခွင့်ရ

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    မောင်တောတွင် အကူအညီပေးရေးအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြမှုတစ်ခု

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လိုအပ်နေသူတွေအတွက် အစားအသောက်တွေ ဖြန့်ဖြူးရေး ပြန်လည်လုပ်ဆောင်ဖို့အတွက် မြန်မာအစိုးရက ခွင့်ပြုလိုက်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    WFP ဟာ ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ စုစုပေါင်း ၁၁၀၀၀၀ လောက်ကို စားနပ်ရိက္ခာတွေ ဖြန့်ဖြူးပေးနေတာဖြစ်ပြီး သြဂုတ်လနှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းတွေကို ၀င်တိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် အကူအညီပေးရေးလုပ်ငန်းတွေကို ၂ လလောက် ရပ်ဆိုင်းခဲ့ရတာပါ။

    “ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စားနပ်ရိက္ခာအကူအညီပေးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ဖို့ WFP ကို ခွင့်ပြုလိုက်ပါပြီ။ အသေးစိတ်ကိစ္စတွေအတွက် ကျွန်မတို့ဟာ အစိုးရနဲ့ ဆောင်ရွက်နေပါတယ်” လို့ WFP ပြောရေးဆိုခွင့်ရှိသူ Bettina Luescher က ဂျီနီဗာမှာ ဂျာနယ်လစ်တွေကို ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခုအချိန်အထိ နေထိုင်နေတဲ့ ရိုဟင်ဂျာမွတ်စလင်လူ့အဖွဲ့အစည်းကို အစားအသောက်တွေ ဖြန့်ဖြူးဖို့ကိစ္စကို သူမက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

    “မြေပြင်မှာ အခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ ကျွန်မတို့ ကြည့်ရပါမယ်။ ဒါတွေမသိဘဲနဲ့ ဒီကိစ္စတွေကို ပြောဖို့ခက်ပါတယ်”

    Ref: CNA