News @ M-Media

Tag: Rohingya

  • ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဘာပြောခဲ့သလဲ

    ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဘာပြောခဲ့သလဲ

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    asean

    – ရခိုင်ပြည်နယ်ရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေထံ ရှင်းလင်းတင်ပြမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကာ ဒီကနေ့ ရန်ကုန်မြို့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    မလေးရှား

    တက်ရောက်လာကြတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ အမြင်တွေကို တင်ပြခဲ့ကြကာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အန်နီဖာဟ် အေမန်ကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်ပြဿနာဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာအစိုးရက ရခိုင်ပြည်နယ်ကိစ္စဟာ ပြည်တွင်းရေးသာဖြစ်တယ်လို့ စောစောပိုင်းကပြောကြားမှုကို တုန့်ပြန်လိုက်တာဖြစ်ပြီး၊ အေမန်က ရခိုင်ပြည်နယ်မှာ ဖိနှိပ်မှုတွေကြောင့် မလေးရှားကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာအရေအတွက်ာ ၅၆၀၀၀ လောက်ရှိနေပြီလို့ ဆိုပါတယ်။

    နောက်ပြီး ဒီပြဿနာကို အာဆီယံနိုင်ငံတွေနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ခါးစီးခံလာခဲ့ရတာ အချိန်အတော်ကြာခဲ့ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

    “အခြေအနေက အခုအချိန်မှာ ဒေသတွင်းပြဿနာ ဖြစ်လာတယ်လို့ ကျွန်တော်တို့ယုံကြည်ပြီး၊ အတူတကွ ဖြေရှင်းရမှာပါ”

    ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ တိုးတက်မှုတွေက ‘တော်တော်လေး နှေးနေတယ်’ လို့ အန်နီဖာဟ်ကဆိုပြီး ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်က ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်မှုကိုလည်း ထောက်ပြခဲ့သလို မလေးရှားအနေနဲ့ ဒီသတင်းတွေအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့လည်း ပြာကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေပြုလုပ်ရာမှာ၊ စစ်တပ်က ကျူးလွန်တယ်ဆိုတဲ့ ကိစ္စတွေအတွက် စုံစမ်းစစ်ဆေးရာမှာ ပူးပေါင်းပါဝင်ဖို့အတွက်လည်း အန်နီဖာဟ်က အာဆီယံနိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ တင်ပြမှုထဲမှာ ထိခိုက်ခံစားနေရတဲ့ ဒေသတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဟန့်အတားမရှိ ၀င်ရောက်ခွင့်ပေးဖို့လည်း ပါဝင်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က အခြေအနေတွေကို စုံစမ်းဖော်ထုတ်ဖို့ ကျွမ်းကျင်သူတွေ ဒါမှမဟုတ် ထင်ရှားသူတွေပါဝင်တဲ့ လွတ်လပ်တဲ့အဖွဲ့တစ်ခု ဖွဲ့စည်းဖို့လည်း အန်နီဖာက အဆိုပြုခဲ့ပါတယ်။

    “‘လူမျိုးစုလိုက် သုတ်သင်နေတယ်’ ဒါမှမဟုတ် ‘လူမျိုးတုန်းသတ်ဖြတ်နေတယ်’ ဆိုတဲ့ စွပ်စွဲချက်တွေ ပပျောက်သွားအောင် ပွင့်လင်းမြင်သာမှုရှိဖို့၊ တိကျတဲ့သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီပေးဖို့၊ ထိခိုက်ခံစားရတဲ့ဒေသတွေကို ၀င်ရောက်ခွင့်ပြုဖို့ အစိုးရအပေါ်မှာ လုံးလုံး တာဝန်ရှိပါတယ်။

    အင်ဒိုနီးရှား

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီကတော့ မြန်မာဟာ ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေကို အာဆီယံနိုင်ငံတွေဆီ ပုံမှန် သတင်းပို့ပေးဖို့ သဘောတူခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ရေး ၀င်ရောက်ခွင့်ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရက်အတိအကျတော့ မပေးသေးဘူးလို့ ဆိုပါတယ်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေး အကျဉ်းချုံးတင်ပြမှုအတွက် ကျေနပ်မိပြီး အမြင်တွေကို ပွင့်လင်းမြင်သာစွာ၊ ရိုးသားစွာ ဖလှယ်ခဲ့ကြတယ်လို့လည်း မာဆူဒီက ဖွင့်ဟခဲ့ပါတယ်။

    စင်ကာပူ

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလက်ခရစ်ရှ်နန်က ရခိုင်ကိစ္စဟာ ပြည်တွင်းရေးဖြစ်ပေမယ့်၊ အဲဒီဒေသမှာ မတည်ငြိမ်မှုတွေကြောင့် ဒေသတွင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်လို့ CNA ကို ပြောကြားခဲ့ပါတယ်။

    “(ရခိုင်ကိစ္စက) အကြမ်းဖက်အုပ်စုတွေ ဆွယ်တရားဟောဖို့ ဒါမှမဟုတ် အခြေစိုက်ဖို့ ရေခံမြေခံဖြစ်နေတယ်။ ဒါက ကျွန်တော်တို့ အားလုံးအတွက် ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒုတိယတစ်ခုက ဒုက္ခသည် တွေရှိလာမယ်ဆိုရင် နယ်စပ်ဖြတ်ကျော် ရိုက်ခတ်မှုတွေ ရှိလာမယ်။ ဒါဆိုရင် ဒါဟာ ဒေသတွင်း ပြဿနာ ဖြစ်လာတာပါပဲ” လို့ ၀န်ကြီးက ဆိုပါတယ်။

    ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ အဓိကတာဝန်ရှိသူကတော့ မြန်မာအစိုးရဖြစ်ပြီး၊ မြန်မာနိုင်ငံကို ပံ့ပိုးပေးဖို့က အာဆီယံနိုင်ငံတွေရဲ့ တာဝန်ဖြစ်ကြောင်း၊ ငါ့လူမျိုး၊ ငါ့ဘာသာစကားနဲ့ ငါ့ဘာသာတရားဆိုတာတွေဟာ အရှေ့တောင်အာရှရဲ့ ပြဿနာဖြစ်ပြီး အမြဲတမ်း အမြတ်ထုတ်ခံရမယ့် အန္တရာယ်ရှိနေကြောင်း၊ အခြေအနေတွေ မဆိုးရွားသွားအောင် သတိထားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတ
    ယ်။

    Ref: CNA, Washintong Post

  • ရခိုင်ပြဿနာကို ပိုကောင်းအောင် ဖြေရှင်းချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    ရခိုင်ပြဿနာကို ပိုကောင်းအောင် ဖြေရှင်းချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၆
    M-Media

    daw-su

    – ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ်မှာ မြန်မာအစိုးရစစ်တပ်က ဖိနှိပ်ငြှင်းပမ်းမှုတွေ ရှိနေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စွပ်စွဲထားချိန်မှာ စင်ကာပူကို ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မိမိအနေနဲ့ အခြေအနေကို ပိုကောင်းအောင်လုပ်ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

    စင်ကာပူက နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ CNA နဲ့ ဒီဇင်ဘာ ၂ ရက်နေ့ အင်တာဗျူးမှာ ဒီလို ပြောကြားလိုက်တာပါ။ ရခိုင်ကိစ္စဟာ ကိုင်ရတွယ်ရခက်တဲ့ ပြဿနာဖြစ်နေလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က မဟုတ်ဘူးလို့ ဆိုပါတယ်။

    “ကျွန်မတို့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့တယ်။ တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အမြဲတမ်း မကျေမချမ်းမှုတွေ မြင့်တက်လာစေမယ့် တောင်းဆိုမှု လုပ်တာမျိုးမဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားဖို့၊ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပိုကောင်းတဲ့ဆက်ဆံရေး တည်ဆောက်ရာမှာ တိုးတက်စေဖို့ ကူညီမယ်ဆိုရင်တော့ ကျွန်မ ကျေးဇူးတင်မိမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး မိမိတို့ကို နားလည်မှုပေးဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပြီး၊ ဒီပြဿနာဟာ အထိမခံတဲ့၊ သိမ်မွေ့တဲ့ ကိစ္စတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “မွတ်စလင်တွေပဲ စိုးရိမ်နေတာ၊ သောကရောက်နေတာ မဟုတ်ပါဘူး။ ရခိုင်တွေလည်း စိုရိမ်နေကြပါတယ်။ သူတို့ရဲ့ လူဦးရေရာခိုင်နှုန်း ကျုံ့သွားတာမျိုးလို အခြေအနေကို သူတို့ စိုးရိမ်နေတာပါ။ ဒီလူ့အဖွဲ့အစည်းနှစ်ခုအကြား ဆက်ဆံရေး မကောင်းတာကိုလည်း ကျွန်မတို့ လစ်လျူရှုထားလို့ မရပါဘူး။ ဒါကို ပိုကောင်းအောင် ကျွန်မတို့ ကြိုးစားချင်ပါတယ်”

    “အောက်တိုဘာ ၉ ရက်နေ့ကတည်းကစပြီး ရဲကန်းစခန်းတွေကို တိုက်ခိုက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အခြေအနေမျိုး ရှိနေရဲ့သားနဲ့ ဒီပြဿနာကို အနှုတ်လက္ခဏာဆောင်တဲ့ဘက်ကပဲ အာရုံစိုက်နေမယ်ဆိုရင်တော့ ကူညီရာရောက်မှာ မဟုတ်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုအတွက် အစိုးရက RSO အဖွဲ့ကို အပြစ်တင်ခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာ ရိုဟင်ဂျာအများစုနေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို တပ်တွေ စေလွှတ်ခဲ့ပါတယ်။

    သံသယရှိသူတွေကိုရှာဖွေတဲ့ စစ်တပ်ရဲ့ ဒီစစ်ဆင်ရေးအတွင်းမှာ အဲဒီဒေသက လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ စစ်တပ်ဟာ အရပ်သားတွေကို သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနဲ့ နေအိမ်မီးရှို့မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

    ဒီပြဿနာရဲ့ ဇစ်မြစ်က နိုင်ငံတကာ အ၀ိုင်းအ၀ိုင်းတစ်ခုတည်းရဲ့အပေါ်မှာ မူတည်နေတာမဟုတ်ဘူးလို့ အင်တာဗျူးသူက ပြောတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က

    “ကျွန်မသိပါတယ်။ ကျွန်မကလည်း အခက်အခဲတွေမရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် လူတွေအနေနဲ့ တကယ်ဖြစ်နေတာထက် ပိုဆိုးသယောင်ယောင် ချဲ့ကားပြောဆိုတာထက် အခက်အခဲကို နားလည်ပြီး အဲဒီအခက်အခဲတွေကို ဖြေရှင်းရာမှာ ပိုပြီး အာရုံစိုက်တာကသာ အကူအညီပေးရာ ရောက်မှာပါ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

    Ref: Channelnewsasia

  • ရခိုင်ပြည်က ရိုဟင်ဂျာအရေး ကူညီဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆို

    ရခိုင်ပြည်က ရိုဟင်ဂျာအရေး ကူညီဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆို

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၆

    2016_11_25_16590_1480050988-_large
    ရိုဟင်ဂျာ မွတ်စလင်မ်တွေကို ညှင်းပမ်းဖိနှိပ်မှုတွေ ရပ်တန့်ဖို့ ဂျာကာတာက မြန်မာသံရုံးကို လူထောင်ချီပြိးတော့ နိုဝင်ဘာ ၂၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဓါတ်ပုံ-(JP/Safrin La Batu)

    မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်မှုတွေ ဆိုးရွားနေဆဲဖြစ်တဲ့ အတွက် စစ်တပ်နောက်ခံပြု ဖိနှိပ်ညှင်းပမ်းမှုတွေ ရပ်တန့်စေရေး ရင်ဆိုင်ဖြေရှင်းပေးဖို့ လူအခွင့်ရေးလှုပ်ရှားသူတစ်ဦးက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။

    အင်ဒိုနီးရှားအစိုးရအနေနဲ့ ရိုဟင်ဂျာပြဿနာကို ပါဝင်ကူညီဖြေရှင်းပေးဖို့ လိုအပ်ပြီး မြန်မာအစိုးရရဲ့ တင်ပြချက်တွေကိုပဲ အာရုံစိုက် မနေသင့်ဘူးလို့ မြန်မာ့လူ့အခွင့်ရေး ကွန်ရက်(BHRN) အမှူဆောင် ဒါရိုက်တာ ဦးကျော်ဝင်းက ပြောဆိုပါတယ်။

    “အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာအစိုးရကို တိုက်ရိုက် ဆက်သွယ်ပြီး ဒီကိစ္စတွေကို တင်ပြဖို့နဲ့ ရိုဟင်ဂျာတွေအပေါ်မှာ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ ပြောသင့်ပါတယ်”လို့ ဦးကျော်ဝင်းက ဂျာကာတာပို့စ်ကို သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

    ကမ္ဘာ့မွတ်စလင်လူဦးရေ အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ လူသားချင်း စာနာထောက်မှုပြဿနာလို့ အများစုကရှုမြင်ထားတဲ့ ဒီကိစ္စတွေကို ဖြေရှင်းရာမှာ အာဆီယံနိုင်ငံများအကြား ၀င်ရောက် မစွက်ဖက်ရေးမူဝါဒကြောင့် အဟန့်အတား မဖြစ်သင့်ဘူးလို့ သူက ဆက်လက်ပြောဆိုပါတယ်။

    “ဒီကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရဆီက ဘာအသံမှမကြားရဘူးလို့ ကျနော်တို့ ခံစားရတယ်၊ မြန်မာစစ်တပ်ရဲ့ ပြောဆိုချက်တွေ ကိုပဲ အာရုံစိုက်နေတာက အဆိုးဆုံးပါပဲ” လို့ ဦးကျော်ဝင်းက ဆိုပါတယ်။

    ရိုဟင်ဂျာလူမျိုးတွေဟာ သူတို့အိမ် သူတို့ ကိုယ်တိုင်မီးရှို့ပြီး စွန့်ခွာထွက်ပြေးကြတယ်လို့  သတင်းမှားတွေကို မကြာခဏဆိုသလို  ထုတ်ပြန်လေ့ရှိတယ်လို့လည်း သူက ထောက်ပြပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး Retno LP Marsudi ကတော့ အင်ဒိုနီးရှားအနေနဲ့ ရခိုင်ပြည်နယ်အရေး လက်တွေ့မြေပြင် အခြေအနေမှန်များကို လေ့လာရာမှာ နိုင်ငံတကာသံတမန်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အဆင်သင့်ဖြစ်နေတယ်လို့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။

    အင်ဒိုနီးရှား အာဏာပိုင်တွေအနေနဲ့ မြေပြင်က သတင်းမှန်တွေပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဦးကျော်ဝင်းက ဆိုပါတယ်။

    Ref : Jakarta Post

  • လူမျိုးတုန်းသတ်ဖြတ်မှု အန္တရာယ် ကြုံတွေ့နိုင်သည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရှိနေ

    လူမျိုးတုန်းသတ်ဖြတ်မှု အန္တရာယ် ကြုံတွေ့နိုင်သည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရှိနေ

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    mm

    – ကမ္ဘာတစ်ဝှမ်း လူမျိုးတုန်းသတ်ဖြတ်မှုအန္တရာယ် ရှိနေသော နိုင်ငံများစာရင်းကို အမေရိကန် ဟိုလိုကော့စ် အောက်မေ့ဖွယ် ပြတိုက်မှ တတ်သိပညာရှင်များအဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံမှာ ထိပ်ဆုံး၌ ရှိနေသည်ဟု ၀ါရှင်တန်ပို့စ် သတင်းဌာနက ဖော်ပြခဲ့သည်။

    လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး Simon-Skjodt စင်တာမှ ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အစိုးရက ဦးဆောင်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအန္တရာယ်ကို ကြိုတင်ခန့်မှန်းရန် ရည်ရွယ်သည့် ဆောင်ရွက်မှုလည်းဖြစ်သည်။

    အဆိုပါ စင်တာမှာ Early Warning Project အမည်ဖြင့် စီမံကိန်းတစ်ခုကို ဆောင်ရွက်နေပြီး ထိုစီမံကိန်းမှာ နိုင်ငံတစ်ခုအတွင်း လူနည်းစုများအပေါ် စနစ်တကျ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ကျူးလွန်မှု အလားအလာအတွက် ထင်ရှားသည့် လက္ခဏာများကို ခြေရာကောက်ခြင်း ဖြစ်သည်။

    တွေ့ရှိချက်များကို နိုင်ငံရေးသိပ္ပံပညာရှင်များက ဆောင်ရွက်သည့် လူမျိုးတုန်းသတ်ဖြတ်မှု အခြေအနေကို ဆန်းစစ်လေ့လာသော မော်ဒပုံစံ ၃ ခုအား အခြေခံကာ နိုင်ငံတစ်နိုင်ငံချင်းစီ၏ နှစ်စဉ် အန္တရာယ်ရှိမှုဖြစ်နိုင်ချေကို ဆန်းစစ်မှုနှင့် ဒေသတွင်း ကျွမ်းကျင်သူများ၏ လူထုအမြင် စစ်တမ်းကောက်ယူမှုများကို ပေါင်းစပ်ကာ တွက်ချက် ထုတ်ပြန်ခြင်းဖြစ်သည်။

    အနာဂတ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုကို ကြုံတွေ့ရနိုင်သည့် အန္တရာယ်အရှိဆုံး ၁၀ နိုင်ငံမှာ မြန်မာ၊ နိုက်ဂျီးရီးယား၊ ဆူဒန်၊ ဗဟိုအာဖရိက၊ အီဂျစ်၊ ကွန်ဂို၊ ဆိုမာလီယာ၊ ပါကစ္စတန်၊ တောင်ဆူဒန်နှင့် အာဖဂန်နစ္စတန်တို့ ဖြစ်ကြသည်။

    ယခုနှစ်အစောပိုင်းက ၀ါရှင်တန်ပို့စ်မှာ Simon-Skjodt စင်တာ၏ ဒါရိုက်တာဖြစ်သူ ကင်မရွန်း ဟဒ်ဆန်နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ဟဒ်ဆန်မှာ မြန်မာနိုင်ငံမှ အချက်အလက်များကို ရှာဖွေသည့်လုပ်ငန်းတွင် ပါဝင်ပြီး ဆယ်စုနှစ်များစွာကြာ ခွဲခြားဆက်ဆံမှု ပေါ်လစီအောက်တွင် နေထိုင်ရကာ နိုင်ငံမဲ့ဖြစ်နေ၍ သောကပင်လယ်ဝေနေသော ရိုဟင်ဂျာလူနည်းစုများ ရင်ဆိုင်နေရသည့် အန္တရာယ်များကို လေ့လာခဲ့သည်။

    အဆိုပါ အစီရင်ခံစာတွင် ရိုဟင်ဂျာများမှာ ထပ်မံ၍ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုကိုပင် ခံစားရနိုင်သည့် အလွန်အန္တရာယ်ရှိနေသော လူ့အဖွဲ့အစည်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။

    “လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းကို ရည်ညွှန်းသုံးစွဲတဲ့အခါ ကျွန်တော်တို့ တော်တော်လေး သတိထားပါတယ်။ ပြီးတော့ ဒီလိုအသုံးအနှုန်းဟာ အစွန်းနှစ်ဖက်ကို ဖြစ်စေပြီး တစ်ခါတစ်ရံမှာ အကူအညီ မဖြစ်ပါဘူး။ ဒါပေမယ့် ၁၉၃၀ ခုနှစ်တွေအတွင်း ဂျာမနီနဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း ရ၀မ်ဒါတို့မှာ ခင်ဗျားတို့ တွေ့ရှိသိမြင်ဖူးတဲ့ အကြောင်းအချက်တွေဟာ (မြန်မာနိုင်ငံမှာ) စုပေါင်းပြီး ဖြစ်နေပါတယ်။ ဒါဟာ သိပ်ပြီး စိုးရိမ်စရာ ကောင်းပါတယ်” ဟု ဟဒ်ဆန်က ၀ါရှင်တန်ပို့စ်သို့ ထိုအချိန်က ပြောကြားခဲ့သည်။

    ထိုတွေ့ရှိချက်များကို အမေရိကန်ရှိ ဟိုလိုကော့စ်ပြတိုက်တွင် ပြသထားပြီး အနာဂတ်တွင် ဖြစ်လာနိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ရေးနှင့် တာဆီးရေး ပညာပေးရန် ဖြစ်သည်ဟု ယခင် အမိမြေလုံခြုံရေး အကြီးအကဲဟောင်းဖြစ်ပြီး၊ ယခုလက်ရှိတွင် ပြတိုက်၏ ဝေဖန်ပိုင်းခြားရေးကော်မတီ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော မိုက်ကယ် ချာတော့ဖ်က အီးမေးဖြင့် ၀ါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။

    “အစိုးရတွေဟာ သူတို့ရဲ့ လစ်လျူရှုမှုကို ဖုံးကွယ်တဲ့အနေနဲ့ “ကျွန်တော်တို့ မသိပါဘူးဗျာ” လို့ ပြောလို့ မရတော့ပါဘူး”

    Ref: washingtonpost

  • ဘ၀ရှင်သန်မှု အတွက် လှေဖြင့် ထွက်ပြေးသည့် လမ်းကိုသာ ရွေးချယ်နေကြရသည့် ရိုဟင်ဂျာများ

    ဘ၀ရှင်သန်မှု အတွက် လှေဖြင့် ထွက်ပြေးသည့် လမ်းကိုသာ ရွေးချယ်နေကြရသည့် ရိုဟင်ဂျာများ

    ဇွန်၂၀ ၊ ၂၀၁၅
    M-Media
    epa19
    – ပင်လယ်ပြင်တွင် စွန့်ပစ်ခံရသည့် အန္တရာယ်နှင့် နယ်စပ်များတွင် တင်းကြပ်သည့် ထိန်းချုပ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ရိုဟင်ဂျာများက တိုင်းပြည်အားစွန့်ခွာရန် နည်းလမ်းများကို ဆက်လက် ရှာဖွေနေကြလေသည်။

    ပင်လယ်ပြင်တွင် မျောပါနေကြသော ရွှေ့ပြောင်းလာသူများ၏ ခြောက်ခြားဖွယ်ပုံရိပ်များမှာ ၎င်းတို့၏ ဒုက္ခသုက္ခများ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ထိုအထဲမှ ၄၀၀၀ ကျော်မှာ ကယ်တင်ခံခဲ့ရပြီး အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့က ယာယီနေရာချထားပေးထားသည်ဟု ဆိုသည်။

    အချို့သော စောင့်ကြည့်အဖွဲ့များကမူ နောက်ထပ် လူ ၂၀၀၀ ကျော်မှာ ပင်လယ်ထဲတွင် ရှိကောင်းရှိနိုင်သည်ဟု ပြောကြားခဲ့သည်။ ရိုဟင်ဂျာအများစုအတွက်မူ ဘ၀အသစ်က အရာရာတိုင်းကို စွန့်စားမှပင် ရရှိနိုင်မည်ဖြစ်သည်။

    မြန်မာနိုင်ငံမှ ရိုဟင်ဂျာအများစုက ၎င်းတို့မှာ လူကုန်ကူးသူများနှင့် ခရီးသွားရခြင်း၏ အန္တရာယ်ကို သတိမူမိကြသည်ဟုဆိုသည်။ သို့သော်လည်း ထိုကဲ့သို့အန္တရာယ်ကို ရင်ဆိုင်စွန့်စားမှသာလျှင် အနည်းဆုံး မျှော်လင့်ချက်မှုန်းဝါးဝါးကို ရရှိကြသည်။

    “ကျွန်တော်တို့ ဒီမှာနေရင် ကျွန်တော်တို့ရဲ့ဘ၀က ဆိုးရွာလာမှာပါ။ အခြားနေရာမှာ ပိုပြီး သက်တောင့်သက်သာရှိတဲ့ ဘ၀ကို မျှော်လင့်နိုင်တာကြောင့် ကျွန်တော်တို့ စွန့်ခွာကြတာပါ။ ကျွန်တော်တို့ဟာ ဒီမြေကမဟုတ်ဘူး၊ ဒီမှာနေလို့မရဘူး၊ ကျွန်တော်တို့ဟာ ကျူးကျော်သူတွေဖြစ်တယ်လို့ ပြောပြီး အာဏာပိုင်တွေက ကျွန်တော်တို့ကို ခြိမ်းခြောက်ကြပါတယ်။ ကျွန်တော်တို့ ရွာခေါင်းဆောင်ကို ခြိမ်းခြောက်တာမျိုးအပါအ၀င် သူတို့က ကျွန်တော်တို့ကို အကြိမ်တော်တော်များများ ခြိမ်းခြောက်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀က ကျွန်တော်တို့အတွက် ခက်ခဲပါတယ်” ဟု ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာတစ်ဦးဖြစ်သူ အီလီယက်စ်က ပြောကြားခဲ့သည်။

    ရခိုင်လူမျိုးများက ရိုဟင်ဂျာဆိုင်တစ်ဆိုင်အား မီးရှို့ဖျက်ဆီးခဲ့မှုကို ပြောပြ၍ ရိုဟင်ဂျာများမှာ နေ့စဉ် ကြောက်ရွံ့မှုအောက်တွင် မည်ကဲ့သို့ နေရသည်ကို ၎င်းက မီးမောင်းထိုးပြခဲ့သည်။

    “ဈေးအရှေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ သူတို့ကကြည့်နေပြီး ရခိုင်တွေကို မဖမ်းပါဘူး။ ရခိုင်တွေကလည်း သူတို့လုပ်တာကို လုံခြုံရေးတပ်ဖွဲ့တွေ ကြည့်နေတယ်ဆိုတာ သိပါတယ်။ သူတို့ မီးရှို့ကြပြီး အခြား ဆိုင် ၁၀ ဆိုင်က ပစ္စည်းတွေကို ခိုးယူကြပါတယ်။ ဘာမှမကျန်ပါဘူး” ဟု အီလီယက်စ်က ထပ်လောင်းပြောကြားခဲ့သည်။

    အင်တာဗျူးမှုအား တစ်ဦးတစ်ယောက်က မြင်သွားမည်ကို စိုးရိမ်သည့်အတွက် အီလီယက်စ်နှင့် အင်တာဗျူးမှာ တိုတောင်းခဲ့လေသည်။ ထိုအချင်းအရာက မြို့၏ လူဦးရေ အများစုဖြစ်သော်လည်း မောင်တောမြို့ရှိ ရိုဟင်ဂျာများ အတွင်း ကိန်းဝပ်နေသည့် အကြောက် တရားပင် ဖြစ်သည်။

    သို့သော်လည်း အီလီယက်စ်၏ ပြောကြားမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက လုံးဝ ပယ်ချခဲ့သည်။

    “အဓိပ္ပါယ်မရှိပါဘူး။ ကျွန်တော်လက်မခံပါဘူး။ မောင်တောမှာ လူဦးရေရဲ့ ၉၇ ရခိုင်နှုန်းက ဘင်္ဂါလီတွေပါ။ ၃ ရာခိုင်နှုန်းသာ ရခိုင်တွေပါ။ ဘာ့ကြောင့် လူများစုတွေက ရခိုင်လူနည်းစုတွေကို ကြောက်ရသလဲဆိုတာ ခင်ဗျားမေးရပါမယ်။ ကျွန်တော့်ရဲ့မေးခွန်းက ဘယ်သူတွေက တကယ် ကြောက်ရလဲဆိုတာပါပဲ?” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့လေသည်။

    မြန်မာအာဏာပိုင်များ အသုံးပြုသည့် ဘင်္ဂါလီဟူသော စကားလုံးကို လက်မခံဘဲ ရိုဟင်ဂျာဟူ၍သာ ဖော်ပြနေပါက နိုင်ငံသား အခွင့်အရေးနှင့် ပတ်သက်၍ သဘောတူညီရန် နှစ်ဘက်စလုံးအတွက် ခက်ခဲမည်ဟု အစိုးရက အစဉ်တစ်စိုက် ပြောကြားထားသည်။

    အဆိုပါ အခွင့်အရေးများသည်ပင်လျှင် ရွှေ့ပြောင်းပြဿနာများ၏ အခြေခံအကြောင်းအရင်းတစ်ခုအဖြစ် သတ်မှတ်ကြလေသည်။

    Ref: Channelnewsasia