News @ M-Media

Tag: Rohingya

  • မလေးရှားမှ ရခိုင်သို့ အကူအညီပေးပို့ရေးအစီအစဉ် ရက်ရွှေ့ဆိုင်း

    မလေးရှားမှ ရခိုင်သို့ အကူအညီပေးပို့ရေးအစီအစဉ် ရက်ရွှေ့ဆိုင်း

    ဇန်န၀ါရီ ၆၊ ၂၀၁၇
    M-Media

    malay
    ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဘုန်းတော်ကြီး ကေ စရီ ဓမ္မရတ္တနာ

    – ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းနှစ်ခုစလုံးအတွက် သင်္ဘောများဖြင့် မလေးရှားနိုင်ငံမှ အကူအညီများပေးပို့မှု အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်သည်ဟု ထိုလှုပ်ရှားမှုကို ဆောင်ရွက်နေသည့် အန်ဂျီအိုများက ပြောကြားလိုက်သည်။

    မလေးရှားရှိ အစိုးရမဟုတ်သောအဖွဲ့များ ပူးပေါင်းစီစဉ်သည့် အဆိုပါ အကူအညီပေးရေး သင်္ဘောအုပ်စုကို ဇန်န၀ါရီ ၁၀ ရက်နေ့တွင် စတင်ထွက်ခွာရန် စီစဉ်ထားခဲ့သော်လည်း ထွက်ခွာမည့်နေ့ကို ယခုလကုန်ပိုင်းသို့ ရွှေ့ခဲ့သည်ဟု ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်စီစဉ်သူ Putera 1Malaysia Club အဖွဲ့က ပြောကြားခဲ့သည်။

    ၎င်းတို့မှာ မြန်မာရေပိုင်နက်အတွင်းသို့ ၀င်ရောက်ရန်အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့က စာဖြင့် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း မြန်မာအစိုးရက ခွင့်ပြုခြင်း မရှိသေးပေ။ သို့သော်လည်း စီစဉ်သူများကမူ ၎င်းတို့အနေဖြင့် ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှု မရှိပါက ဘင်္ဂလားဒေ့ရှ်ဘက်တွက် ဆိုက်ကပ်သွားမည်ဟု ဆိုသည်။

    “ကျွန်တော်တို့က အကြမ်းဖက်သမားလည်းမဟုတ်ဘူး။ သူတို့ကိုတိုက်ဖို့ သွားမှာလည်းမဟုတ်ဘူး။ သူတို့ပြဿနာကို ဖြေရှင်းပေးဖို့သွားမှာဗျ။ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ကနေ သူတို့အတွက် ကူညီရေးမှာ သူတို့ပါဝင်လာဖို့ ကျွန်တော်တို့က ခခယယ ပြောနေတာ” ဟု ထိုအစီအစဉ်တွင် ပါဝင်လှုပ်ရှားနေသူ မစ္စတာ အဘ်ဒူလ် အဇစ်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအကူအညီပေးရေး လှုပ်ရှားမှုကို စီစဉ်သူများကမူ မိမိတို့မှာ ရည်ရွယ်ချက်ကောင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

    “မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို စိန်ခေါ်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး။ တိုင်းပြည်ကို စော်ကားဖို့လည်း အစီအစဉ်မရှိဘူး။ ကျွန်တော်တို့ဟာ အာဆီယံမိသားစုဝင်တွေပါ” ဟု MAPIM အဖွဲ့မှ ဥက္ကဌ မစ္စတာ မိုဟာမက် အဇ်မီ အဘ်ဒူလ် ဟာမစ်က ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်သို့ ထိုကဲ့သို့ အကူအညီပေးမည့်အစီအစဉ်ကို ကွာလာလမ်ပူရှိ အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှ သြဇာကြီးမားသော ဆရာတော် ကေ စရီ ဓမ္မရတ္တနာကလည်း ထောက်ခံခဲ့သည်။

    “လျှို့ဝှက်ထားတာ ဘာမှမရှိဘူး။ အကြမ်းဖက်မှုလည်းမဟုတ်ဘူး။ ဘုန်းကြီးတို့လုပ်နေတာက တကယ့် စိတ်ရင်းစေတနာအမှန်နဲ့ပါ” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

    ယခုအစီအစဉ်တွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အန်ဂျီအိုအဖွဲ့များလည်း ပူးပေါင်းပါဝင်နေသည်။

    မစ္စတာ အဘ်ဒူလ် အဇစ်ကမူ မိမိတို့တွင် တန်ပေါင်း ၂၀၀၀ ခန့်ရှိသည့် အကူအညီများ အဆင်သင့်ရှိနေပြီး ရခိုင်ပြည်နယ်ရှိ မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူ လူ့အဖွဲ့အစည်းနှစ်ခုစလုံးကို ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref : CNA

  • ကမ္ဘာ့အလယ်မှ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်အချိုးကျနေသည့် ရခိုင်ပြဿနာ

    ကမ္ဘာ့အလယ်မှ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်အချိုးကျနေသည့် ရခိုင်ပြဿနာ

    ဇန်န၀ါရီ ၅၊ ၂၀၁၇
    M-Media


    -မြန်မာနိုင်ငံ၏အခွင့်ထူးခံများကို နောင်ကြဉ်စေရန်အလို့ငှာ ထိပ်တန်းနိုင်ငံများမှ ဆောင်ရွက်နေသော ပြင်းထန်သည့် ပိတ်ဆို့မှုများ၊ သတိပေးချက်များအပေါ် ပေါ့ပျက်အောင် ဆောင်ရွက်နေခြင်းက ဒေါ်အောင်ဆန်းစုကြည်သည် မိမိဖာသာ ဦးချိုးနှိမ့်ကျအောင်ပြုလုပ်နေခြင်းပင် ဖြစ်ကြောင်း Manjit Bhatia က ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ပုံရိပ် ကျဆင်းလျှင် သူမ၏တိုင်းပြည်သည်လည်း နာလန်ထူနိုင်တော့မည်မဟုတ်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သော သူမ၏ NLD ပါတီသည် သူမအား နိုင်ငံတော်အတိုင်ပင်ခံ တစ်နည်း အစိုးရ၏ကြိုးကိုင်သူ ဟူသည့် အထူးသီးသန့်ရာထူးနေရာကို ဖန်တီးပေးခဲ့သည်။ သူမသည် အပြောအားဖြင့် ဦးဆောင်နိုင်သော်လည်း အလုပ်အားဖြင့် ရှေ့ဆက်နိုင်ဟန်မတူချေ။

    ပြင်းထန်ကြီးမားလာသော ရိုဟင်ဂျာအရေးကိစ္စအပေါ်တွင် ဒေါ်စုကြည်က မျက်နှာလွှဲခဲပစ်သည့် အသွင်ရှိနေသည်။ ရိုဟင်ဂျာမွတ်စ်လင်မ်များမှာ တစ်ယူသန်ဗုဒ္ဓဘာသာဝင်တို့၏ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခြင်းကိုလည်းကောင်း၊ မြန်မာစစ်သားတို့၏ အကြမ်းဖက်ခြင်းကိုလည်းကောင်း ဆက်လက်ခံစားနေရသည်မှာ သိသာထင်ရှားလွန်းလှ၏။ အကယ်၍ မထိန်းချုပ် မဟန့်တားဘဲ မြန်မာတို့၏ သားသတ်ကွင်းသဖွယ်ဖြစ်အောင် လွှတ်ထားပေးဦးမည်ဆိုပါက ၎င်းသည် အရှေ့တောင်အာရှ၏ အလက်ပို ဖြစ်လာပေတော့မည်။

    မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ စစ်အာဏာရှင်စံနစ်အောက်ရောက်ရှိပြီး လွတ်မြောက်လာသော အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်။ တိုင်းပြည်အား ဒီမိုကရေစီနှင့် ယဉ်ကျေးမှုထွန်းကားစေမည်ဟူသော သူမ၏ ကတိက၀တ်အပေါင်းမှာ ယခုအခါတွင် လူမျိုးခြားနိုင်ငံခြားအပေါ်မုန်းတီးသည့် လက်ျာစွန်းရောက် ရက်စက်ရိုင်းစိုင်းသည့် အနေအထားသို့ နောက်ပြန်ဆုတ်နေပြီဖြစ်သည်။

    ရွာကိုစွန့်ခွာထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက မိမိ၏ရင်သွေးငယ် ၇ ဦးကို မြန်မာစစ်တပ်မှ သတ်ဖြတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

    စက်တင်ဘာလ ကုလသမဂ္ဂညီလာခံတွင် ဒေါ်စုကြည်က မြန်မာနိုင်ငံတွင်းရှိ လူနည်းစုတို့၏ အခွင့်အရေးများကို ထောက်ခံကာကွယ်သွားမည်ဟု အာမခံချက်ပေးခဲ့သည်။ သို့သော် လက်တွေ့ဆောင်ရွက်ခြင်းမရှိသည့် အာမခံချက်တစ်ရပ် ဖြစ်သွားသည်။ ရိုဟင်ဂျာတို့၏ဇာတိမြေ ရခိုင်ပြည်နယ်အနောက်ပိုင်းအကြောင်း ပြောဆိုသော်လည်း အဆိုပါအနှိပ်စက်ခံအုပ်စုကို ၎င်းအမည်နာမဖြင့် ခေါ်ဆိုရန် ငြင်းဆန်ခဲ့သည်။

    ရခိုင်ပြည်နယ်တွင်း ပြဿနာများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၌ ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း(ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်း)

    ရိုဟင်ဂျာတို့သည် ဗုဒ္ဓဘာသာဝင်လူများစုရှိ ရခိုင်ပြည်နယ်၌ ဒေသခံတိုင်းရင်းသားစစ်စစ်ဖြစ်ကြောင်း တစ်နည်း မြန်မာနိုင်ငံ၏ ၉ ရာစုနှစ် ရခိုင်နိုင်ငံတော်အတွင်း နိုင်ငံရေးအဆောက်အဦထဲ ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိစေရန် ရုန်းကန်နေကြရသည်။ သို့စေကာမူ သူတို့သည် လူ့တန်ဖိုးတရားဆိုင်ရာ ၂၁ ရာစုအတွေးအမြင်များကို ရိုက်ချိုးဖျက်စီးစေသော ကရုဏာမဲ့ဆက်ဆံရေးကို ခံစားနေကြရသည်။

    “လေးစားစရာ နိုဗဲလ်ဆုရှင်တစ်ဦးက ၂၁ ရာစုအကျဉ်းစခန်းများကို စီမံကြီးကြပ်နေသည်” ဟူ၍ ပြီးခဲ့သည့် ဇန်န၀ါရီလတွင် The New York Times ပင်တိုင်ဆောင်းပါးဆောင် နီကိုလပ်စ် ခရစ္စတော့ဖ်က ရေးသားခဲ့သည်။ ဤသည်မှာ ဒေါ်စုကြည်သည် ရိုဟင်ဂျာမွတ်စ်လင်မ်များအတွက် နိုင်ငံမဲ့ဘ၀ရောက်အောင် တွန်းပို့သည့်နည်းဖြင့် အဖြေရှာနေပုံကို ရည်ညွှန်းထောက်ပြခြင်းဖြစ်သည်။

    ဒေါ်စုကြည်သည် သူမ၏နေအိမ်အကျယ်ချုပ်ကာလရှည်အတွင်း မြန်မာနိုင်ငံကို ခေတ်မီတိုးတက်သော ဒီမိုကရေစီလူ့အဖွဲ့အစည်းအသွင်ဆောင်လာအောင် ဆောင်ရွက်မည့် သူမ၏ကတိက၀တ်များအတိုင်း ခိုင်ကြည်စွာ ရပ်တည်၍ အကောင်အထည်ဖော်မည့်အစား မပြတ်သားခြင်းနှင့် တွေဝေခြင်းတို့ဖြင့် ရှေ့ဆက်နေ၏။

    မြန်မာနိုင်ငံရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂမှ ကြားဝင်လာစေရန် နိုဗဲလ်ဆုရှင်များ၏ တောင်းဆိုပန်ကြားမှုကလည်း ဒေါ်စုကြည်အား အထိနာစေသည်။

    ဒေါ်စုကြည်သည် ရိုဟင်ဂျာတို့၏အမည်နာမအသုံးပြုရန်ကိုပင် ငြင်းဆန်နေသည်ဖြစ်ရာ ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာတို့အကြား စီးပွားရေးဖွံ့ဖြိုးစေခြင်းနှင့် ယုံကြည်မှုတည်ဆောက်ခြင်းအားဖြင့် ပြန်လည်သင့်မြတ်ပြေလည်စေမည် ဟူသော သူမ၏ ယုံကြည်ခံယူချက်အား လက်ခံနားလည်ရန် ခက်ခဲသွားပါတော့သည်။

    အဆိုပါ ပြေလည်သင့်မြတ်ရေး ဟူသည်ကို ဒေါ်စုကြည်ကိုယ်တိုင်က ပြတ်သားရှင်းလင်းမှု မရှိ။ ယုံကြည်ချက်တည်ဆောက်ခြင်းက အလွန်အရေးကြီးပါသည်။ သို့သော် ထိုအဆင့်သို့ တက်လှမ်းနိုင်ရန် ခက်ခဲလွန်းလှပေသည်။ အကြောင်းသော် ရိုဟင်ဂျာတို့အပေါ် စနစ်တကျခွဲခြားချိုးနှိမ်ခြင်း၊ ပိုင်ဆိုင်မှုများ လုယက်သိမ်းဆည်းခြင်း၊ မရပ်တန့်နိင်သော မုဒိန်းကျင့်ခြင်းနှင့် စုပြုံသတ်ဖြတ်ခြင်း၊ ၎င်းတို့၏ကျေးရွာများကို မီးရှို့မြေခစေခြင်းတို့အပေါ် သူမ၏ အစိုးရအဖွဲ့က အလေးမထားအရေးမစိုက်ဘဲ နေနေခြင်းကြောင့်ဖြစ်သည်။

    ဒေါ်စုကြည် ဆောင်ရွက်နေသော ပြေလည်သင့်မြတ်ရေးမှာကား ရခိုင်ဗုဒ္ဓဘာသာဝင်များ၊ အရာရှိအရာခံများ၊ NLD ပါတီ၊ ရိုဟင်ဂျာဆန့်ကျင်သူလူများစုတို့နှင့် မိမိ၏ရာထူးခိုင်မာစေမှုအကြား၌သာ ဖြစ်လျက်ရှိသည်။ သူမသည် နိုင်ငံရေးသမားဘ၀ဖြင့် အခွင့်ထူးခံတို့၏သမိုင်းကို ခိုင်မာအောင် ပြုလုပ်ရာရောက်နေပါသည်။

    သူမ၏ငြိမ်းချမ်းရေးနိုဗဲလ်ဆုကို နိုဗဲလ်ကော်မီတီမှ ပြန်လည်ရုပ်သိမ်းအပ်သည်။ အာဆီယံအဖွဲ့ကလည်း ၎င်း၏ အကြောက်တရားနှင့် ပရိယာယ်မာယာတို့ကို အဆုံးသတ်၍ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများကို ရပ်တန့်ထားသင့်သည်။ ကုလသမဂ္ဂ အထူးသဖြင့် အမေရိကန်နိုင်ငံအနေနှင့်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သွေးချောင်းစီးလုပ်ရပ်များ ရှေ့ဆက်နေသမျှကာလပတ်လုံး ပိတ်ဆို့မှုများကို ပြန်လည်လုပ်ဆောင်ရတော့မည်ဖြစ်သည်။

    Amnesty International လူ့အခွင့်အရေးအဖွဲ့က ရိုဟင်ဂျာတို့အပေါ် မြန်မာနိုင်ငံ၏ဆက်ဆံပြုမူပုံမှာ “လူသားဖြစ်တည်မှုအပေါ် ကျူးလွန်စော်ကားသည့် ရာဇ၀တ်မှု” ဟူ၍ သတိပေးထားသည်။

    တရုတ်နိုင်ငံသည်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် အထောက်အပံ့အပေါင်းကို ဖြတ်တောက်ရန် လိုအပ်သည်။ါ် ပိတ်ဆို့မှုသည် အချိန်ကြာလာသည်နှင့်အမျှ တာသွားထိရောက်ပေသည်။ ၁၉၉၄ ခုနှစ် တောင်အာဖရိက၏ အသားအရောင် ခွဲခြားမှု၊ အီရန်၏ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၏ထိန်းချုပ်မှုများအပေါ် အကျိုးသက်ရောက်သကဲ့သို့ ဖြစ်သည်။ ယင်းသို့အားဖြင့်သာ အဆုံးသတ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်နိုင်ငံရေးအခွင့်ထူးခံများ အထိနာစေပါမည်။

    ရိုဟင်ဂျာပြဿနာမှာ အချိန်တိုအတွင်း ဖြေရှင်းမရနိုင်ပါဟု နိုင်ငံရေးဂုရုကြီးများက မကြာခဏ ပြောဆိုကြသည်။ အံ့သြစရာကောင်းပေစွ။ အမှန်တကယ်လိုအပ်နေသည်ကား ဆင်ခြေစောဒကများကို ထပ်မံတည်ဆောက်နေခြင်းမဟုတ်။ စက်ဆုပ်ဖွယ်အပြုအမူများကို ရပ်တန့်စေခြင်း၊ မကွယ်မ၀ှက် ထိရောက်သော အရေးယူမှုကို ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော အဖြေမှန်များကို ရှာဖွေခြင်းသာ ဖြစ်ပေသည်။

    မြန်မာနိုင်ငံအတွက်ရော တောင်အာရှနှင့်အရှေ့တောင်အာရှအတွက်ပါ ဖြစ်နိုင်ချေ အန္တရာယ်တစ်ရပ် ရှိ၏။ အရှေ့အလယ်ပိုင်းပဋိပက္ခဇုံမှ ရှောင်ထွက်လာကြသော အစွန်းရောက်စစ်သွေးကြွများသည် မြန်မာပြည်တွင်းထဲမှ အရှိတရား၊ ရုပ်ပျက်ဆင်းပျက်အယူသည်းမှု၊ စိတ်ပျက်စရာအခြေအနေတို့မှ ဖန်တီးလိုက်သည့် အနေအထားကို အခွင့်ကောင်းယူ၍ ဒေသတွင်းနိုင်ငံရေးတည်ငြိမ်မှုများအပေါ် ဂယက်ရိုက်စေပေတော့မည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ အလက်ပိုဖြစ်စဉ်သို့ တွန်းပို့မည့် လမ်းကြောင်းပင်။

    (South China Morning Post တွင် ပုံနှိပ်ဖော်ပြခဲ့သော Manjit Bhatia ၏ Rohingya need the world to help halt slaughter ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။ ဆောင်းပါးရှင်သည် အာရှနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ သြစတေးလျသုတေသီပညာရှင်၊ ၎င်းပြင် စီးပွားရေးနှင့် နိုင်ငံရေးအန္တရာယ်များ အတိုင်ပင်ခံအဖွဲ့ AsiaRisk ၏ သုတေသနဒါရိုက်တာလည်းဖြစ်သည်။ ဤဆောင်းပါးသည် ပြည်ပပညာရှင်တစ်ဦး၏ သုံးသပ်ချက်သာဖြစ်ပြီး M-Media ၏ အာဘော် မဟုတ်ပါ။)

  • မလေးရှားက လာမယ့်ရေယာဉ်ဟာ တရားမ၀င်ဆိုရင် လက်မခံ

    မလေးရှားက လာမယ့်ရေယာဉ်ဟာ တရားမ၀င်ဆိုရင် လက်မခံ

    1479596067663
    ရခိုင်ပြည်နယ် ကျောင်းတကျောင်းမှ ကျောင်းသားငယ်များ

    မလေးရှားနိုင်ငံကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က မွတ်စလင်တွေကို အကူအညီပေးမယ့် ရေယာဉ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ခွင့်တောင်းတာ မရှိသလို တရားမဝင် ဝင်ရောက်လာမယ်ဆိုရင်လည်း မြန်မာအစိုးရအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
    .
    မလေးရှားနိုင်ငံအခြေစိုက် The Star Online သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတဲ့ မလေးရှားနိုင်ငံက ဘာသာရေးအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို သယ်ဆောင်လာမယ် ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ဦးဇော်ဌေး က ပြောတာ ဖြစ်ပါတယ်။
    .
    “အစ္စလာမ်မစ် ဘာသာရေးအဖွဲ့အစည်း ကနေပြီးတော့ မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးကို သော်လည်းကောင်း မြန်မာနိုင်ငံ အစိုးရကို သော်လည်းကောင်း တစုံတရာခွင့်ပြုချက်တောင်းခံထားတဲ့ သတင်းအချက်အလက် ကျနော်တို့မရဘူး။ အဲ့တော့ သူများနိုင်ငံပိုင်နက်ထဲမှာရှိတဲ့ နေရာတစ်ခုကို အခြားနိုင်ငံက ဘာသာရေး အဖွဲ့အစည်းက မိမိသဘောနဲ့မိမိ လုပ်ချင်တယ်ဆိုလုပ်လို့ရမလား။ ကျနော်တို့က မလေးရှား အစ္စလာမ်မစ် အဖွဲ့အစည်းကို ကျနော်တို့ပြန်မေးရမယ်။ မလေးရှားနိုင်ငံရဲ့ ပိုင်နက်နယ်မြေ တစ်ခုခု အဲမှာရှိတဲ့ ဒေသတစ်ခုခုကို ကျနော်တို့က အဲ့လိုသွားလုပ်မယ်ဆိုရင် ဘယ်အစိုးရမှ လက်မခံဘူး။ မလေးရှားလည်း လက်မခံဘူး။”
    .
    အဲဒီရေယာဉ်ဟာ မလေးရှားနိုင်ငံကနေ လာမယ့်ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ထွက်ခွာလာပြီး ၂ ပတ်ကြာတဲ့အခါ မလေးရှားကို ပြန်ရောက်မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုရောက်တဲ့အခါ ကြုံတွေ့နိုင်တဲ့ အခြေအနေ ၃ ခုရှိပြီး ပထမအခြေအနေက အကူအညီတွေပေးခွင့်ရနိုင်ကြောင်း ၊ ဒုတိယအခြေ အနေက ပြန်ပို့ခံရနိုင်ကြောင်းနဲ့ တတိယအခြေအနေက လုံခြုံရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံရနိုင်ကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။
    .
    ဦးဇော်ဌေးက မလေးရှားက ကူညီထောက်ပံ့ရေး ရေယာဉ်တွေဟာ မြန်မာအစိုးရရဲ့ တရားဝင် ခွင့်ပြုမှုကိုမရဘဲ ဝင်ရောက်လာမယ်ဆိုရင် သူတို့မျှော်မှန်းထားတဲ့ အချက်တွေထဲက ဒုတိယအချက်နဲ့ တတိယအချက်တွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြောပါတယ်။
    .
    RFA မှ ကူးယူဖော်ပြသည်။
    http://www.rfa.org/burmese/news/malaysia-vessel-12282016055102.html

  • ရခိုင်ပြည်နယ်အတွက် မလေးအကူအညီပေးရေးသင်္ဘောများ ဇန်န၀ါရီတွင် ထွက်မည်

    ရခိုင်ပြည်နယ်အတွက် မလေးအကူအညီပေးရေးသင်္ဘောများ ဇန်န၀ါရီတွင် ထွက်မည်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    rohingya
    ရိုဟင်ဂျာကလေးငယ်များ

    – ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအတွက် စားနပ်ရိက္ခာအကူအညီပေးရေး သင်္ဘောအုပ်စုမှာ လာမယ့်လတွင် မလေးရှားမှ စတင်ထွက်ခွာမည်ဟု သိရသည်။

    Food Flotilla ဟုခေါ်သည့် ထိုသင်္ဘောအုပ်စုမှာ ဆန်၊ ဆေးဝါးနှင့် အခြား မရှိမဖြစ်လိုအပ်သော ပစ္စည်း စုစုပေါင်း တန် ၂၀၀ နီးပါးကို တင်ဆောင်သွားမည်ဖြစ်ပြီး ဇန်န၀ါရီ ၁၀ ရက်နေ့တွင် မလေးရှားမှ စတင်ထွက်ခွာမည်ဖြစ်ကာ ရခိုင်ပြည်နယ်သို့ရောက်ရန် ၂ ပတ်တာ ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။

    အဆိုပါ အကူအညီပေးရေးအစီအစဉ်ကို မလေးရှား အစ္စလာမ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီ (Mapim)၊ Kelab Putra 1Malaysia အဖွဲ့နှင့် အရှေ့တောင်အာရှဒေသအတွင်းမှ အန်ဂျီအိုအဖွဲ့များက ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

    Mapim ၏ အထွေထွေအတွင်းရေမှူးဖြစ်သူ ဇူလ်ဟာနစ် ဇိုင်နိုလ်က မိမိတို့အနေဖြင့် အကူအညီပေးခွင့်ပြုခြင်း၊ ပြန်လှည့်ခိုင်းခြင်း၊ လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်း စသည့် အခြေအနေ ၃ ခုကို ရင်ဆိုင်ရနိုင်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ ဘူးသီးတောင်နှင့် မောင်တောမှ မွတ်စလင်လူ့အဖွဲ့အစည်းများအား ကူညီထောက်ပံ့ရန်ဖြစ်သည်ဟု ဆိုသည်။

    “ပြဿနာဖြစ်တဲ့နေရာတွေကို ၀င်ရောက်ခွင့် လုံးဝပိတ်ထားတယ်။ စစ်တပ်က တိုက်ခိုက်မှုနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ နယ်စပ်ပိတ်ထားမှုကြားမှာ ပြည်သူတွေ ပိတ်မိနေတဲ့ ဂါဇာကမ်းမြှောင်နဲ့တူပါတယ်။ ရလဒ်အနေနဲ့ လုံး၀၀င်ရောက်ခွင့်မရဘူး။ လူသားချင်းစာနာထောက်ထားမှုအဆိုင်ရာ အေဂျင်စီတွေကိုလည်း ၀င်ရောက်ခွင့်မပေးပါဘူး” ဟု ဇူလ်ဟာနစ်က ထပ်လောင်း ပြောကြားခဲ့သည်။

    အဆိုပါ သင်္ဘောအုပ်စုတွင် အန်ဂျီအိုအဖွဲ့ဝင်များ၊ မီဒီယာသမားများ၊ ဆေးအဖွဲ့တစ်ဖွဲ့၊ ၀န်ကြီးဟောင်းများ၊ နိုင်ငံရေသမားများ၊ ဘာသာရေးခေါင်းဆာင်များ၊ စေတနာ့ဝန်ထမ်းများနှင့် သင်္ဘောဝန်ထမ်းများ အပါအ၀င် လူ ၂၀၀ ခန့် လိုက်ပါလာမည်ဖြစ်သည်။

    “ဒီသင်္ဘောတွေနဲ့အတူ ငြိမ်းချမ်းရေးသတင်းစကားကိုလည်း ကျွန်တော်တို့ ယူဆောင်သွားမှာပါ။ ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာသာ ဖြစ်ပါတယ်” ဟု ဇူလ်ဟာနစ်က ပြောကြားခဲ့သည်။

    Ref : The Star

  • ရိုဟင်ဂျာအသံနှင့် မြန်မာနိုင်ငံ

    ရိုဟင်ဂျာအသံနှင့် မြန်မာနိုင်ငံ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    rohin
    ရိုဟင်ဂျာ ဒုက္ခည်စခန်းမှ မြင်ကွင်းတစ်ခု

    -မြန်မာနိုင်ငံက လူနည်းစုဝင်မွတ်စ်လင်မ်အုပ်စုတစ်ခုဟာ လူများစုဗုဒ္ဓဘာသာဝင်တွေ၊ နိုင်ငံ့အာဏာပိုင်တွေ – နှစ်မျိုးစလုံးရဲ့ ဒုက္ခပေးမှုကို နှစ်ရှည်လများ ခံစားနေကြရပါတယ်။ တရားမ၀င် အခြေချသူများ ဆိုတဲ့ စွပ်စွဲချက်က ခြိမ်းခြောက်မှုတစ်ရပ်နဲ့ အန္တရာယ်ပြုလိုမှုတစ်ရပ် ဖြစ်လို့နေပါတယ်။

    ခင်ဗျားမှာ အိမ်တစ်လုံး ပိုင်ဆိုင်တယ်ဆိုပါစို့။ သိပ်မကြာမီ အဲ့ဒီအိမ်ကို လူတစ်ဦးတစ်ယောက်ထံ ငှားရမ်းလိုက်တယ်၊ အဲ့ဒီနောက် သူတို့က သူတို့ရဲ့မိတ်ဆွေတွေကို နေထိုင်ဖို့ ဖိတ်ခေါ်တယ်။ ဒါပေမယ့် ခင်ဗျား အဲ့ဒီအိမ်ကို ပြန်လည်ရယူချိန်မှာ ငှားရမ်းနေထိုင်သူရဲ့မိတ်ဆွေများက မထွက်ခွာပေးဘဲ သူတို့ရဲ့အိမ်ပါဆိုပြီး ပြောဆိုတယ်။ ဒါ့အပြင် သူတို့က သူတို့ရဲ့အိမ်သစ်ကို လိင်စော်ကားမှု၊ လူသတ်မှု၊ အကြမ်းဖက်မှုတွေနဲ့ ကာကွယ်သွားမယ်ဆိုရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ?

    ဒါဟာ မြန်မာနိုင်ငံရဲ့ အသံအကျယ်ဆုံး လူမျိုးရေးပြဿနာ နောက်ကွယ်က မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးပွေလီမှုအပေါ် အရိုးစင်းဆုံးသော ရှင်းပြချက်တစ်ရပ်ဖြစ်တယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အမည်ရှိ လူနည်ုးဝင်တွေကို သံသယ၀င်စရာကောင်းလောက်အောင် တိုက်ရိုက်ညှင်းပန်းမှုအကြောင်းကို ဆိုလိုပါတယ်။ ဒီဒေသအတွင်း မွတ်စ်လင်မ်အုပ်စုများဟာ နှစ်ပေါင်းရာချီ နေထိုင်လာကြတဲ့ သမိုင်းကြောင်းတစ်ရပ် ရှိနေလင့်ကစား မြန်မာနိုင်ငံရဲ့ တရားဝင် တိုင်းရင်းသား ၁၃၅ မျိုး စာရင်း မဟုတ်ဘူးလို့ ငြင်းပယ်ခံနေရပါတယ်။ ဒီအချက်က သူတို့ရဲ့ နိုင်ငံသားဖြစ်မှု၊ လူ့အခွင့်အရေးနဲ့ မျိုးနွယ်ဖျောက်လက်စတုန်းမှုမှ အကာအကွယ်ရရှိရေးကိုပါ ပယ်ချခံရစေပါတယ်။

    ငရဲသွားမလား၊ ပြည်တော်ပြန်မလား ?

    နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty ရဲ့အဆိုအရ ဒီအချက်ဟာ ယာစမင်းလို လူတွေကို ထွက်ခွာသွားစေပါတယ်။ ယာစမင်းဆိုတာ ကလေးငယ်နှစ်ဦးရဲ့မိခင် ငယ်ရွယ်သူအမျိုးသမီးတစ်ဦးဖြစ်တယ်။ ရွေးချယ်စရာလမ်း မရှိတော့လို့ လှေငယ်လေးနဲ့ ထွက်ပြေးခဲ့တယ်။ ၁၆ ရက်ခရီးနှင်ပြီးတဲ့နောက် ထိုင်းနီုင်ငံက အခန်းငယ်လေးတစ်ခုမှာ ပုန်းခိုနေရပါတယ်။ သူမဟာ ပြင်ပသဏ္ဍာန်အရ လုံခြုံသွားပေမယ့် သူမနဲ့ကလေးများဟာ နိုင်ငံမဲ့ဘ၀ ရောက်ရှိသွားတဲ့အပြင် သူတို့ကို နှင်ထုတ်ပြီး ပြန်ခိုင်းလေမလားလို့ ကြောက်လန့်စိုးထိတ်လျက်ရှိပါတယ်။ မျှော်လင့်ချက်ကင်းမဲ့ပြီး မြေနိမ့်ရာလှံစိုက်ခံရတဲ့ ဒီမိသားစုကို ဘယ်နေရာဒေသကမှ ကြိုဆိုလက်ခံမှု မရရှိကြပါဘူး။ ဒီလူ့အသိုင်းအ၀ိုင်းဝင်များကို “ကမ္ဘာ့အဆိုးဝါးဆုံး နှိပ်စက်ခံရတဲ့ အုပ်စု” လို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ခေါ်ဆိုသတ်မှတ်ထားပါတယ်။

    ရိုဟင်ဂျာလို့ခေါ်ဆိုသူများရဲ့သမိုင်းကြောင်းက ဘင်္ဂလားဒေ့ရှ်က စတင်ခဲ့တာပါ။ ပြဿနာအမြစ်တွယ်မှုကလည်း ဒီအရာပဲ ဖြစ်ပါတယ်။ သူတို့ဟာ အေဒီ ၁၇၀၀ နှစ်များအတွင်း စတင် ပြောင်းရွှေ့အခြေချဝင်ရောက်လာကြတယ်၊ သမိုင်းအရ တရားဝင်အသိအမှတ်ပြုခံရသည်သာမက ရခိုင်ပြည်နယ်ထဲ ဓားမဦးစိုက် အခြေချစေခဲ့တယ်လို့ ဒီအုပ်စုကို ထောက်ခံသူများက ဆိုပါတယ်။ အခြားတစ်ဖက်မှာတော့ သူတို့ဟာ မကြာသေးမီကမှ ၀င်ရောက်လာပြီး၊ ဗြိတိသျှကိုလိုနီဝါဒရဲ့ ဆိုးမွေအကျိုးဆက်ဖြစ်တယ်၊ ဘင်ဂါလီလယ်လုပ်သားတွေကို အလုံးအရင်းနဲ့ ခေါ်သွင်းဝင်ရောက်စေခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မတည်ငြိမ်မှုနဲ့ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာခြင်း၊ ၁၉၅၀ နှစ်များအတွင်း ဘင်ဂါလီတို့က မြေယာတွေကို လုယူအပိုင်းစီးလိုက်ကြတယ် လို့ ဆိုနေကြသူလည်း ရှိတယ်။

    ယနေ့ကာလ မြန်မာနိုင်ငံထဲ နေထိုင်နေကြတဲ့ ဒီလူမျိုးစုရဲ့ဦးရေ ဘယ်လောက်ရှိသလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။ သူတို့တစ်တွေရဲ့ ရွှေ့ပြောင်းမှု၊ ထွက်ပြေးမှုနဲ့ အာဏာပိုင်များရဲ့ညှင်းပန်းနှိပ်စက်မှုစက်ကွင်းက လွတ်အောင် ပုန်းအောင်းနေမှုများက အရေအတွက်ကို အပြောင်းအလဲ ဖြစ်စေပါတယ်။ ငါးသိန်းဆိုတဲ့ ကိန်းဂဏန်းကတော့ အသင့်လျော်ဆုံး ယူဆချက်တစ်ခု ဖြစ်မှာပါ။ အခြားတစ်ဖက်မှာ လူတစ်သန်းကျော်ရှိမယ်လို့ သုံးသပ်ကြပေမယ့် ဒီလူ့အဖွဲ့အစည်းကို တရားဝင်မှတ်ပုံတင်ခြင်းကနေ ဖယ်ထုတ်ထားတဲ့အတွက် မသေချာမရေရာလှပါဘူး။ သူတို့ လူ့အဖွဲ့အစည်းဝင်အများစုဟာ မြန်မာနိုင်ငံ အနောက်မြောက်စွန်း ရခိုင်ပြည်နယ်က ဖြစ်သလို ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေကြပါတယ်။

    တရားမဲ့ အနိုင်ကျင့်နေဆဲ

    အာဏာပိုင်အစိုးရရဲ့ လက်ဆင့်ကမ်းဥပဒေတွေ၊ အရွေ့လားရာတွေက ဒီလူ့အဖွဲ့အစည်းကို သီးခြားဆန်သွားစေခဲ့တယ်။ ဥပမာပေးရမယ်ဆိုရင် နိုင်ငံသားဖြစ်ဖို့ ခင်ဗျားက မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ တဆက်တည်း နေထိုင်လာသူဖြစ်ကြောင်း အထောက်အထားပြသရမယ်၊ သို့ပေမယ့် သူတို့ကျတော့ ဒါကို စာရွက်စာတမ်းအထောက်အထားနဲ့ သက်သေပြခွင့်ပင်လျှင် မရကြရှာပါဘူး။ အထောက်အထားစာရွက်စာတမ်း ရှိမနေတဲ့အတွက် လူမှုဘ၀ရဲ့ ရှုထောင့်အားလုံးလိုလိုမှာ တရားမဲ့ အနိုင်ကျင့်ခံနေကြရတယ်။ သူတို့တစ်တွေဟာ စာပေမသင်ကြားခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်း၊ ခရီးသွားလာခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာရေးဆောင်ရွက်ချက်၊ ကျန်းမာရေးစောင့်ရှောက်မှု … မရရှိ မပြုလုပ်နိုင်ကြပါဘူး။ ပိုပြီးဆိုးတာက သူတို့(ရိုဟင်ဂျာ) ဆိုတာ မရှိပါဘူးလို့ ဆိုပြီး အာဏာပိုင်တွေက သည်းသည်းလှုပ်နေတာပါပဲ။

    ထပ်တိုးပြဿနာတစ်ခုက သူတို့ထဲက လူအများအပြားဟာ မြန်မာစကား မပြောဆိုကြတဲ့ကိစ္စဖြစ်တယ်။ (သိပ်ထူးဆန်းစရာတော့ မဟုတ်ပါ။ ပညာသင်ကြားခွင့် မရကြလို့ပါပဲ)။ ပြီးတော့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဖက်က စစ်တကောင်းဒေသသုံး ဘာသာစကားကို အသုံးပြုနေကြခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ အစဉ်တစိုက်ထောက်ပြနေသလို သူတို့ဟာ ဒေသခံများနဲ့ ကွဲပြားခြားနားနေကြပါတယ်။

    ဗမာလူမျိုးပညာရှင် ဦးကျော်ရင်လှိုင်က မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်အသိုင်းအ၀ိုင်းအနေနဲ့ ဒီ(ရိုဟင်ဂျာလို့ခေါ်ဆိုတဲ့) လူအုပ်စုအပေါ် ဘာကြောင့် အသည်းအသန် လက်မခံရသလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ သူ့ရဲ့ သုတေသနပြုရှာဖွေချက် တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံ မြို့ကြီး ၇ မြို့ထိ ကွင်းဆင်းလေ့လာခဲ့ပြီးဖြစ်တယ်။ အဲ့ဒီမှာတွေ့ရတာက မွတ်စ်လင်မ်ဆန့်ကျင်ရေးမှိုင်းတိုက်မှုအစီအမံဟာ ပြည်သူ့စကားများထဲ သမရိုးကျကိစ္စတစ်ခုလို ဖြစ်အောင် လုပ်ထားကြပြီး၊ သူ့ကို ပြန်လည်ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းက မွတ်စ်လင်မ်တွေက မြန်မာပြည်ကို အစ္စလာမ်နိုင်ငံဖြစ်အောင် ပြောင်းလဲလိမ့်မယ်၊ ဒါကို သူတို့ စိုးရိမ်နေကြတယ် ဆိုတာပါပဲ။

    တစ်ခါ ပိုင်နက်နယ်မြေနဲ့ပတ်သက်လာရင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာခေါင်းဆောင်အားလုံးနီးပါးက မွတ်စ်လင်မ်လူဦးရေ ကြီးထွားလာတာနဲ့အမျှ အနောက်မြောက်ပိုင်းဒေသရဲ့ ရခိုင်လူဦးရေ လျော့ပါးနိမ့်ကျသွားမှာကို ဒေသခံတိုင်းရင်းသားများက စိုးရိမ်နေတယ်ဆိုတဲ့ အချက်ကို ယုံကြည်နေကြပါတယ်။

    ဆင်ခြေစောဒကတက်စရာ မဟုတ်ပါ

    ဒါဟာ ရိုဟင်ဂျာတွေကို မြန်မာတွေ မုန်းတီးနေရတဲ့ အကြောင်းရင်းပါပဲ။ အကြမ်းဖက်ခြင်းရဲ့အကြောက်တရား၊ တစ်ပါးသူပေါ်ရှိနေတဲ့ အကြောက်တရား၊ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ လှိုင်းဂယက်နောက်ကွယ်က တိုင်းပြည်ကို အစ္စလာမ်လွှမ်းမိုးနိုင်မှု ဆိုတဲ့ အကြောက်တရားတွေ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီအချက်နဲ့ ဆင်ခြေစောဒက တက်စရာ မလိုအပ်ပါ။ ဘာကြောင့်လဲဆိုတော့ မွတ်စ်လင်မ်အသိုင်းအ၀ိုင်း အုပ်စုများအတွင်း လူမျိုးဖျောက်ရှင်းလင်းရေးတွေ ဖြစ်နေပြီး တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု ရှိမနေလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ ရှက်စရာကောင်းလှပါတယ်။ လူသားချင်းစာနာထောက်ထားမှုဘေးအန္တရာယ် ကြီးထွားလာတဲ့အပေါ် မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား စတဲ့ မွတ်စ်လင်မ်လူများစု နိုင်ငံများမှာ မကျေနပ်မှုတွေ ဖြစ်တည်လာပါတယ်။ ဒီမျက်နှာစာကို အာဆီယံအဖွဲ့ဝင် အစိုးရများက မိမိတို့ရဲ့ဆိုင်ရာနောက်ခံအကြောင်းတရားထဲကနေ ဒီဆင်ဝှေ့ရန်ရှောင်အကြမ်းဖက်နေမှုအပေါ် မလွဲမသွေ ဖြေရှင်းရမယ့်အခြေအနေ ရောက်သွားခဲ့ပါပြီ။

    ယခုရက်သတ္တပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား အစည်းအဝေးတစ်ရပ် ကျင်းပခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူမှုဆိုင်ရာ ကနဦးခြေလှမ်းများ စတင်လိုက်ပါတယ်။ “အာဆီယံအဖွဲ့ရဲ့ ညီညွတ်စည်းလုံးမှုနဲ့ အခြေခံမူများအရ ဒီပြဿနာကို ကျွန်တော်တို့ စုပေါင်း ဖြေရှင်းရပါလိမ့်မယ်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖဟ် အမန် က အစည်းအဝေးပြီးချိန်မှာ ပြောကြားလိုက်ပါတယ်။ ဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ သူမနဲ့ သူမရဲ့အစိုးရဟာ အာဆီယံရဲ့အကျိုးတူစုစည်းမှု ဆက်လက်ထိန်းသိမ်းရေးအကျိုးငှာ အဖွဲ့ဝင်နိုင်ငံများထံ သတင်းအချက်အလက် ပိုမိုအသိပေးသွားဖို့ သဘောတူကြောင်း ဆွေးနွေးမှုအတွင်း ထည့်သွင်းပြောကြားသွားပါတယ်။

    ယာစမင်းမိသားစုတို့ရဲ့ ၁၆ ရက်တာ လှေစီးပြေးခြင်း၊ အကြောက်တရားနဲ့ မပြတ်ရှင်သန်နေရခြင်း ဆိုတာထက် ပိုမိုကောင်းမွန်ထိရောက်သော ရွေးချယ်ချက်တစ်ရပ်ကို ပြုလုပ်ရတော့မှာဖြစ်ပါတယ်။ အိမ်နီးချင်းတိုင်းပြည်များကလည်း အကြောက်တရားနဲ့ရှင်သန်နေရသူ လှေစီးပြေးများကို နှင်လွှတ်တာထက် ပိုကောင်းတဲ့ အစီအမံများ ပြုလုပ်ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ဆွံ့အနားမကြား၊ အမြင်ကျဉ်း၊ ခုတ်ရာတခြားရှရာတလွဲ၊ စာနာမှုမဲ့ အစိုးရကတော့ ဘာမှ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့၊ ယုံကြည်စိတ်ချစရာကောင်းတဲ့၊ သြဇာကြီးတဲ့ အာရှနိုင်ငံအစုအဖွဲ့အနေနဲ့ မိမိတို့ရဲ့သဘောထားများကို ခင်းကျင်းပြသဖို့ အချိန်ကျလာပြီဖြစ်ပါကြောင်း။

    ×××××××××××××××××

    Ref : Asean Today
    Original Article : Why is Myanmar so scared of the Rohingya? – By Holly Reeves
    Translation : Myintmo Maung Maung
    (မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်)