News @ M-Media
Tag: Rohingya
  • ရိုဟင်ဂျာအရေး မလေးရှားကြားဝင်ရန် ၀န်ကြီးချုပ်ဟောင်း မဟာသီ တိုက်တွန်း
    ရိုဟင်ဂျာအရေး မလေးရှားကြားဝင်ရန် ၀န်ကြီးချုပ်ဟောင်း မဟာသီ တိုက်တွန်း
    ဇွန် ၁၂၊ ၂၀၁၅
    M-Media
    ro
    – မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာများအပေါ် အစိုးရကပြုလုပ်သည့် ခွဲခြားဆက်ဆံမှုအတွက် မလေးရှားအနေဖြင့် ကြားဝင်ဆောင်ရွက်ရန် ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်က ပြောကြားခဲ့ပြီး ထိုကဲ့သို့ ဆက်ဆံမှုမှာ လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
    “Plight of the Rohingya Part II — Crime Against Humanity” ခေါင်းစဉ်ဖြင့် ယနေ့တွင် ကွာလာလမ်ပူ၌ ကျင်းပသည့် နိုင်ငံတကာ ညီလာခံတွင် မဟာသီက ထိုကဲ့သို့ ပြောကြားလိုက်ဖြစ်ပြီး ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေပြောင်းလာသူ ထောင်ပေါင်းများစွာမှာ ပင်လယ်ထဲတွင် သောင်တင်ခဲ့ပြီးနောက်ပိုင်း အာခြားသော အာဆီယံနိုင်ငံများအနေဖြင့် ၎င်းတို့၏ ကြားမ၀င်ရေး ပေါ်လစီကို ပယ်ဖျက်ရန်လည်း မဟာသီယာက တိုက်တွန်းခဲ့သည်။
    “ဒါက လှေစီးပြဿနာမဟုတ်ပါဘူး။ ကြားမ၀င်ဘူးဆိုတဲ့ အယူအဆက ကန့်သတ်ချက်တော့ ရှိသင့်ပါတယ်။ ဒါဟာ ပြည်တွင်းရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ပြည်သူတွေကို ဒီလိုနည်းလမ်းနဲ့ ဆက်ဆံဖို့ ဘယ်နိုင်ငံကမှ အခွင့်အရေးမရှိပါဘူး။ ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုပါ။ အကန့်အသတ်တစ်ခုကို ကျော်ပြီး ကျွန်တော်တို့ မဖြစ်မနေ ကြားဝင်ရမှာပါ။ ကြားမ၀င်ရေး ပေါ်လစီကို
    ပယ်ဖျက်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု မဟာသီက အဆိုပါညီလာခံမိန့်ခွန်း၌ ပြောကြားခဲ့သည်။
    “မလေးရှားအနေနဲ့ ဒီကိစ္စကို အာဆီယံအဖွဲ့နဲ့အတူ ဆွေးနွေးသင့်ပါတယ်။ ကျွန်တော်တို့ အာဆီယံမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့နိုင်ငံ မရှိရပါဘူး။ ကျွန်တော်တို့ ကြားဝင်စွက်ဖက်ရပါမယ်”
    ထို့ပြင် ဒေါက်တာမဟာသီမှာ မြန်မာအစိုးရ၏ ရိုဟင်ဂျာများအပေါ် ညှင်းပန်းနှိပ်စက်မှုများအား ကုလသမဂ္ဂသို့ ရောက်ရှိရန် အာဆီယံအသိုင်းအ၀ိုင်းက ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအား ၀ိုင်းကျဉ်ထားရန်လည်း တိုက်တွန်းခဲ့သည်။
    “ကျွန်တော်တို့ ဒါကို ကုလသမဂ္ဂကို ယူသွားနိုင်ပါတယ်။ သူတို့ဘာမှ မလုပ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီနိုင်ငံကို ၀ိုင်းကျဉ်ဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံကို ရည်ညွှန်း၍ ဒေါက်တာ မဟာသီယာက ထည့်သွင်းပြောကြားခဲ့သည်။
    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မေလ ၈ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဇန်န၀ါရီလမှ မတ်လအတွင်း လူကုန်ကူးသူများ၏ လှေပေါ်တွင် ရှိနေကြသည့် ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဦးရေမှာ ၂၅၀၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။
    နိုင်ငံတကာမှ သံတမန်များနှင့် လေ့လာသူများကမူ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်ရေးတွင် ကြားမ၀င်ရေး မူဝါဒက ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက စနစ်တကျ ညှင်းပန်းနှိပ်စက်မှုကို တားဆီးရန် မအောင်မြင်ခဲ့ဟု ပြောကြားခဲ့ကြောင်း မေလ ၁၇ ရက်နေ့တွင် AFP သတင်းဌာနက ဖော်ပြခဲ့သည်။
    Ref: sg.news.yahoo
  • မြန်မာ၏ ဒီမိုကရေစီအပြောင်းအလဲ အောင်မြင်ချင်ပါက ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံမှုကို ရပ်တန့်ရမည်ဟု အိုဘားမားပြော
    မြန်မာ၏ ဒီမိုကရေစီအပြောင်းအလဲ အောင်မြင်ချင်ပါက ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံမှုကို ရပ်တန့်ရမည်ဟု အိုဘားမားပြော
    ဇွန် ၂၊ ၂၀၁၅
    M-Media
    – မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအကူးအပြောင်း အောင်မြင်ချင်ပါက ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံမှုကို ရပ်တန့်ရမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    အိမ်ဖြုတော်၌ အာရှမှ လူငယ်ခေါင်းဆောင်များကို ဖိတ်ကြားတွေ့ဆုံစဉ် အိုဘားမားက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ လူကုန်ကူးခြင်းခံနေရသော သို့မဟုတ် ပင်လယ်ပြင်တွင် မျောပါနေသော ရိုဟင်ဂျာများအား သေသေချာချာ ပြန်လည်နေရာချထားပေးရေးတွင် မိမိတို့ အမေရိကန်အနေဖြင့် အာရုံစိုက်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ထိုသို့ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများအား လက်ခံပေးထားသော အင်ဒိုနီးရှားနှင့် မလေးရှားတို့ကိုလည်း အိုဘားမားက ချီးကျူးခဲ့ပြီး အမေရိကန်အနေဖြင့်လည်း အချို့ကို လက်ခံမည်ဟု ဆိုသည်။
    သို့သော်လည်း ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်စနစ်မှ အမေရိကန်က ထောက်ခံအားပေးသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်း အောင်မြင်ရန်အတွက် မည်သည့်အရာ လိုအပ်သနည်းဟု မေးမြန်းခဲ့ရာ အိုဘားမားက
    “အရေးအကြီးဆုံးကိစ္စတွေထဲက တစ်ခုကတော့ ရုပ်ဆင်းသွင်ပြင်ကြောင့် ဒါမှမဟုတ် ကိုးကွယ်ရာ အယူဝါဒကြောင့် ပြည်သူတွေကို ခွဲခြားဆက်ဆံနေတာတွေကို ရပ်တန့်ဖို့လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ရိုဟင်ဂျာတွေဟာ ခွဲခြားဆက်ဆံခံနေရပါတယ်။ ဒါ့ကြောင့်ပဲ သူတို့က ထွက်ပြေးနေကြတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    ထို့နောက် အကယ်၍ ၎င်းအနေဖြင့် ရိုဟင်ဂျာတစ်ဦးဖြစ်ပါက မည်သည့်နေရာတွင် ရှိနေချင်သနည်းဟု မေးမြန်းရာတွင်လည်း အိုဘားမားက မိမိမှာ မိမိမွေးဖွားရာနေရာတွင်ပင် ရှိနေလိမ့်မည်ဟု ထင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
    “ကျွန်တော့်မိဘတွေ နေခဲ့တဲ့ နေရာမှာပဲ ကျွန်တော် နေဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အစိုးရက ကျွန်တော့်ကိုကာကွယ်ပေးအောင်၊ လူတွေက ကျွန်တော့်ကို မျှမျှတတ ဆက်ဆံလာအောင် အသေအချာ ဆောင်ရွက်သွားချင်မှာပါပဲ”
    အိုဘားမားမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မြှင့်တင်ရေးအတွက် အိုဘားမားမှာ ၎င်း၏ ကိုယ်ပိုင်အားထုတ်မှုနှင့် ဂုဏ်သိက္ခာဖြင့် ကြိုးစားခဲ့ပြီး ပြီးခဲ့သည့် ၃ နှစ်အတွင်း မြန်မာနိုင်ငံသို့ ၂ ကြိမ် သွားရောက်ခဲ့သည်။
    သို့သော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး နှေးကွေးလာမှုနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူမျိုးရေးခွဲခြားမှုအခြေအနေမျိုးတွင် နေထိုင်နေရသည့် ရိုဟင်ဂျာများအပေါ် ဆက်ဆံမှုတို့နှင့် ပတ်သက်၍ ၀ါရှင်တန်မှာ စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။
    မြန်မာနိုင်ငံကမူ ရိုဟင်ဂျာလူနည်းစုများအား ခွဲခြားဆက်ဆံမှုနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်ကလည်းက ငြှင်းပန်းနှိပ်စက်မှုနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် ရိုဟင်ဂျာ ၁ သိန်းကျော်မှာ ထွက်ပြေးခဲ့ရသည်။
    ရိုဟင်ဂျာများမှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများ ဖြစ်ကြသည်ဟု မြန်မာနိုင်ငံက ဆိုပြီး၊ ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၀၀၀ ကျော်ပါဝင်ပြီး မကြာသေးမီ သီတင်းပတ်များက ဖြစ်ပွားခဲ့သော လှေစီးဒုက္ခသည် အရေးအတွက် နိုင်ငံတကာမှ ပြစ်တင်မှုကိုလည်း ပြီးခဲ့သည့်တစ်ပတ်က ဘန်ကောက်တွင် ပြုလုပ်ခဲ့သော ၁၇ နိုင်ငံ အစည်းဝေးတွင် မြန်မာနိုင်ငံက
    ငြင်းဆိုခဲ့သည်။
    Ref: Reuters
  • ရိုဟင်ဂျာတို့အား ဖိနှိပ်မှု အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်များမှ ရှုတ်ချ
    ရိုဟင်ဂျာတို့အား ဖိနှိပ်မှု အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်များမှ ရှုတ်ချ
    မေ ၂၉ ၂၀၁၅
    M-Media
    The Largest Buddhist Temple in Indonesia
    အကြမ်းဖက်ဆက်ဆံမှုသည် ဗုဒ္ဓဓမ္မ သွန်သင်ချက် အစစ်အမှန်နှင့် ဆန့်ကျင်နေကြောင်း အထူးပြုဖော်ပြ၍ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စ်လင်မ်များ အပေါ် အကြမ်းဖက်နေမှုအား အရှေ့ဂျာဗားရှိ မဒူရာမှ ထင်ရှားသော ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည့် Kosala Mahinda က  ရှုတ်ချလိုက်သည်။
    “လူသားအားလုံးကို မေတ္တာထားဖို့ ဗုဒ္ဓ၀ါဒက ကျွန်တော်တို့ကို သွန်သင်ထားတဲ့ အတွက် ရိုဟင်ဂျာပြဿနာ ဖြစ်ပေါ်လာအောင် လုပ်စရာအကြောင်းကို မရှိပါဘူး။ မြန်မာနိုင်ငံထဲက ပဋိပက္ခကို အဖြေရှာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီပြဿနာဟာ ကမ္ဘာ့ဘာသာတရားများရဲ့ သဟဇာတဖြစ်စဉ်ကို ခြိမ်းခြောက်လာနိုင်တဲ့ အတွက် ကုလသမဂ္ဂအနေနဲ့ ဒီအပေါ်မှာ အရေးစိုက်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်” ဟု မဒူရာမှ Avalokitesvara  Temple Foundation ဥက္ကဋ္ဌဖြစ်သူ မဟင်းဒါးက Antara သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။  တဆက်တည်းမှာပင် ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်များ အတူတစ်ကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ပြီး အပြန်အလှန်လေးစားမှုရှိကြသော Pamekasan ကဲ့သို့ အင်ဒိုနီးရှားဒေသများကိုလည်း ချီးကျူးစကားဆိုခဲ့သည်။
    စုမားတြားမြောက်ပိုင်း Medan နယ်မှ ဗုဒ္ဓဘုန်းတော်ကြီး Peter Lim ကလည်း “ဒီအကြမ်းဖက်လုပ်ဆောင်မှုတွေဟာ ဗုဒ္ဓလမ်းစဉ်နဲ့ ဗုဒ္ဓသွန်သင်ချက်ကို စော်ကားရာရောက်တဲ့အတွက် ဘုန်းဘုန်း အရှက်ရ၀မ်းနည်းမိပါတယ်။ အဲ့ဒီအစွန်းရောက်တွေရဲ့ ဖိနှိပ်ညှင်းပန်းမှုက ဗုဒ္ဓလမ်းစဉ်သွန်သင်ချက်တွေကို ကိုယ်စားမပြုပါဘူး” ဟု မကြာသေးမီက ရှုတ်ချပြောဆိုပါသည်။
    ထို့ပြင် ဗုဒ္ဓဘာသာဝင် လူ့ဘောင်ကောင်စီ  Walubi  မှလည်း နိုင်ငံတွင်းရှိဗုဒ္ဓဘာသာဝင်တို့အား Aceh  နှင့် စုမားတြားမြောက်ပိုင်း တွင် သောင်တင်နေကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များအပေါ် အကူအညီပေးကြဖို့ နှိုးဆော်ထားသည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်းစု(အပါအ၀င် မြန်မာမွတ်စ်လင်မ်)တို့အား ဖိနှိပ် ညှင်းပန်းမှုဖြစ်စေအောင် တွန်းအားပေးနေသော အရှင်ဝီရသူမှ ဖြန့်ချိနေသည့် အယူသည်း အစွန်းရောက်ဝါဒမှာ အင်ဒို ဗုဒ္ဓဘာသာဝင်များနှင့် အလျဉ်း မပတ်သက်ကြောင်း အဆိုပါအဖွဲ့အစည်းက ကနဦးပိုင်းကပင် ပြောဆိုထားပြီးဖြစ်သည်။
    Ref : The Jakarta Post
    ဓါတ်ပုံအညွှန်း- မွတ်စလင်မ် အများစုနေထိုင်ရာ အင်ဒိုနီးရှားမှ ယနေ့တိုင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးအကျဆုံးနှင့် အကြီးဆုံးဘုရား
  • လူကုန်ကူးမှုအတွက် ရဲအရာရှိ ၂ ဦးကို မလေးရှားဖမ်းဆီး
    လူကုန်ကူးမှုအတွက် ရဲအရာရှိ ၂ ဦးကို မလေးရှားဖမ်းဆီး
    မေ ၂၈၊ ၂၀၁၅
    M-Media
    malay
    – နိုင်ငံမြောက်ပိုင်း တောထဲတွင် လူကုန်ကူးစခန်းများကို တွေ့ရှိခဲ့ပြီးနောက် လူကုန်ကူးမှုအတွင်း ပါဝင်ပတ်သက်သည့် ရဲအရာရှိ ၂ ဦးကို ဖမ်းဆီးလိုက်ပြီး ကြံရာပါ ၀န်ထမ်းများအတွက် ဆက်လက်စုံစမ်းမှုများ ပြုလုပ်နေသည်ဟု မလေးရှားအာဏာပိုင်များက ယနေ့တွင်
    ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနယ်စပ်ရှိ တောထဲတွင် လူကုန်ကူးစခန်း ၂၈ ခုကို မလေးရှား အာဏာပိုင်များက တွေ့ရှိခဲ့ပြီး သေဆုံးသူများ မြှုပ်နှံထားမှုများကိုလည်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် တူးဖော်မှုများ ပြုလုပ်ခဲ့ရာ အလောင်း ၁၃၉ လောင်းကို ရရှိခဲ့ပြီး ကျင်းတစ်ကျင်းတွင် လူတစ်ဦးသာ မြှုပ်နှံထားကာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားခြင်းမရှိဟု ဆိုသည်။
    “မြန်မာနိုင်ငံကလူတွေကို ပို့ဆောင်မှုမှာ ပါဝင်တယ်လို့ သံသယရှိတဲ့ ရဲအရာရှိ ၂ ဦးကို ဖမ်းလိုက်ပါတယ်” ဟု လူကုန်းစခန်းများအနီးရှိ နယ်စပ်မြို့ ၀မ်ကီလီယန်၌ ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀မ် ဂျူနိုက်ဒီ တူအန်ကူ ဂျာဖာရ်က ပြောကြားခဲ့သည်။
    သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များ ပိုမိုပါဝင်နေလားဆိုသည့် အမေးအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ မည်သူ့ကိုမဆို စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ပြောင်းရွှေ့လာသူများအား နိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ကူညီမှုအတွက် မလေးရှာတွင် ရှိနေပြီးဖြစ်သည့် ရိုဟင်ဂျာအများအပြားကိုလည်း ဖမ်းဆီးထားသည်ဟု ဆိုသည်။
    အဆိုပါ လူကုန်ကူးစခန်းများကို တွေ့ရှိခဲ့ရပြီးနောက် မလေးရှားအာဏာပိုင်များမှာ ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး အဆိုပါ စခန်းများကို စောစောစီးစီး အဘယ့်ကြောင့် မတွေ့ခဲ့သနည်းဆိုသည်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကြံစည်မှု ရှိနေသလားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။
    Ref: Guardian
  • ရိုဟင်ဂျာအရေး ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည်အား ဒလိုင်းလားမား တိုက်တွန်း
    ရိုဟင်ဂျာအရေး ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည်အား ဒလိုင်းလားမား တိုက်တွန်း
    မေ ၂၈၊ ၂၀၁၅
    M-Media
    လှေစီးဒုက္ခသည်ပြဿနာများ မြင့်တက်လာချိန်တွင် မြန်မာနိုင်ငံရှိ ညှင်းပန်းနှိပ်စက်ခံ လူနည်းစု ရိုဟင်ဂျာများအား ကူညီရေး ပိုမိုဆောင်ရွက်ပေးရန် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းလိုက်သည်။
    ဆင်းရဲမွဲတေမှုနှင့် နိုင်ငံရှိ လူများစု ဗုဒ္ဓဘာသာဝင်များ၏ ခွဲခြားဆက်ဆံမှုတို့မှ လွတ်မြောက်ရန်အတွက် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ စိုးရိမ်ဖွယ်ရာကောင်းသည့် လှေစီးခရီးစဉ်ဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ ထွက်ပြေးနေရသော်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မည်သည့် မှတ်ချက်မှ မပေးသေးပေ။
    ဘုန်းတော်ကြီး ဒလိုင်းလားမားကမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူသိရှင်ကြား ပြောကြားရမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်တို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်အချိန် ၂၀၁၂ ခုနှစ်ကတည်းက ရိုဟင်ဂျာများအတွက်
    ပိုမိုဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်အား မိမိက ၂ ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “၀မ်းနည်းစရာပါပဲ။ မြန်မာနိုင်ငံက ပြဿနာမှာ နိုဘယ်ဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစ်ခုခုလုပ်နိုင်မယ်လို့ ဘုန်းကြီး မျှော်လင့်ပါတယ်။ သူနဲ့ လန်ဒန်မှာတစ်ကြိမ်၊ ချက်မှာ တစ်ကြိမ် နှစ်ကြိမ်တွေ့ခဲ့ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်လို့ ဘုန်းကြီးက ပြောခဲ့ပြီး သူက အခက်အခဲတွေရှိနေတယ်၊ ဒီပြဿနာဟာ ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ တော်တော်ရှုပ်ထွေးတဲ့ ပြဿနာလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမအနေနဲ့ တစ်ခုခုလုပ်နိုင်မယ်လို့ ဘုန်းကြီး ခံစားရပါတယ်” ဟု သြစတေးလျ သတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားခဲ့သည်။ ဒလိုင်းလားမားမှာ လာမည့်သီတင်းပတ်တွင် သြစတေးလျသို့ သွားရောက်မည်ဖြစ်သည်။
    ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းလာသူများနှင့်အတူ လှေစီးကာ ထွက်ပြေးခဲ့ကြသည့် ထောင်နှင့်ချီသော ရိုဟင်ဂျာများအား အရှေ့တောင်အာရှ ကမ်းခြေများတွင် ယခုလအစောပိုင်းက ကယ်တင်ခဲ့ရပြီးနောက် ထိုပြဿနာမှာ ရှေ့တန်းရောက်လာခဲ့သည်။
    အဆိုပါပြဿနာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရာက်လာသည်ဟု ရှုမြင်ခြင်းခံရသော မြန်မာနိုင်ငံအနောက်ပိုင်းမှ ရိုဟင်ဂျာ ၁ သန်းခန့် ရင်ဆိုင်နေရသည့် ဆိုးဝါးသော အခြေအနေများနှင့် ခွဲခြားဆက်ဆံမှုများအပေါ် နိုင်ငံတကာမှ အာရုံစိုက်လာခဲ့သည်။
    ဒလိုင်းလားမားကမူ ရိုဟင်ဂျာများအား မည်ကဲ့သို့ကူညီရေးအတွက် မေးမြန်းမှုပင် မလုံလောက်ဟု ဆိုသည်။
    “ဒီလောက်နဲ့ မလုံလောက်ပါဘူး။ လူသားထုရဲ့ စဉ်းစားပုံစဉ်းစားနည်းက တစ်ခုခုမှားနေပါတယ်။ အခြေခံအားဖြင့် ဘုန်းကြီးတို့ဟာ အခြားလူတွေရဲ့ ဘ၀တွေအတွက်၊ ကောင်းကျိုးချမ်းသာအတွက် စိုးရိမ်မှု နည်းနေပါတယ်”
    Ref: Channelnewsasia