News @ M-Media

Tag: Rohingya

  • အိန္ဒိယရောက် ရိုဟင်ဂျာ ဒုက္ခသည်များ နယူးဒေလီတွင် မြန်မာအစိုးရကို ဆန္ဒပြ

    မေ ၉ ၊ ၂၀၁၄
    M-Media

    – မိမိတို့ခံစားနေရသော ဒုက္ခများကို ကမ္ဘာက သိရှိစေရန်အတွက် ရိုဟင်ဂျာ မွတ်စလင်များမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြသည်ဟု Press TV သတင်းဌာနက ဖော်ပြခဲ့သည်။

    PressTV_-_Rohingiya_refugees_protest_against_killing_of_Muslims_in_Myanmar_-_2014-05-08_23.39.18

    အဆိုပါဆန္ဒပြပွဲတွင် လူရာချီပါဝင်ခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ မိမိတို့၏ ဒုက္ခအား ကြည့်ရှုစောင့်ရှောက်ပေးရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်လူနည်းစုများအား သတ်ဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများကို ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား ဖိအားပေးရန် တောင်းဆိုခဲ့ကြသည်။

    “မြန်မာနိုင်ငံမှာ ညှင်းပန်းနှိပ်စက်မှုတွေကို ကျွန်တော်တို့ ကြုံတွေ့နေပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက Press TV သို့ ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မိသားစုအားလုံး ဆုံးရှုံးခဲ့ရသည့် အမျိုးသမီးတစ်ဦးကလည်း ရိုဟင်ဂျာမွတ်စလင်များမှာ ဆိုးရွားသော အခြေအနေတွင်ရှိနေပြီး၊ မြန်မာအစိုးရ၏ လူမဆန်သော လုပ်ရပ်များအား မိမိတို့ ခံစားနေရမှုကိုကမ္ဘာတစ်ဝှမ်းလုံး သိစေချင်ကြောင်း ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံအတွင်း မွတ်စလင်များအပေါ်ပြုလုပ်သည့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ရသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို လက်ခံထားရသည့် နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်သည်။

    ရိုဟင်ဂျာများမှာ နယူးဒေလီဆင်ခြေဖုံးရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး အစားအသောက်၊ ဆေးဝါးတို့ မလုံလောက်ခြင်းများလည်း ရှိနေသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို မြန်မာအစိုးရက အားပေးထားသည့် လူမျိုးစုရှင်းလင်းရေးအဖြစ် အများစုက ရှုမြင်ကြပြီး ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များကလည်း ရိုဟင်ဂျာများကို ကာကွယ်စောင့်ရှောက်မှုမပေးသည့် မြန်မာအစိုးရအား ဝေဖန်ထားသည်။

  • ကျန်းမာရေး အစောင့်အရှောက်များ ဖြည့်ဆီးပေးမှု မရှိခြင်းက ရိုဟင်ဂျာများကို မရဏ လမ်းသို့ ပို့နေ

    မေ ၅ ၊ ၂၀၁၄
    M-Media
    မြင့်မိုရ် မောင်မောင် ဘာသာပြန်သည်။

    အဲ့ဒီလပိုင်းကပေါ့။ မွေးဖွားလတ္တံ့သော အမြွာရင်သွေးလေးတွေ ခြေကန်လှုပ်ရှားမှု ရပ်တန့်သွားတဲ့ အခါ တစ်စုံတစ်ခုတော့ မှားယွင်းပြီလို့ ဇူရား ဘီဂမ်း ထင်ယောင် ထင်မှားဖြစ်ခဲ့သေးတယ်။ သူမ ခန္ဓာကိုယ် နာကြင်မှု ပြင်းထန်လာတဲ့ အခါကျမှ သံသယအားလုံး ပယ်ဖျက်နိုင်သွားတယ်။

    သူမမှာ အကူအညီလိုအပ်နေပေမယ့်လည်း မျှော်တော်ယောင် အခြေအနေမှာ ရှိနေဆဲပါ။ သူမဟာ အခြားသော ရိုဟင်ဂျာ မွတ်စ်လင်မ်များလို မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က ညစ်ထေးကျဉ်းကြပ်ဖုံထူလှတဲ့ ဒုက္ခသည် စခန်းတွင်းမှာ ရောက်နေလို့ပါပဲ။

    ကနဦးပိုင်းက တစ်ခုတည်းသော အားထားရာဖြစ်တဲ့ ပြည်ပကူညီထောက်ပံ့ရေး လုပ်သားများကလည်း မရှိတော့ဘူး။ ပျက်လိုဖျက်ဆီး လုပ်တတ်တဲ့ အာဏာပိုင် နဲ့ ဗုဒ္ဓဘာသာဝင် အစွန်းရောက်လူရမ်းကားတွေရဲ့ အဓမ္မမောင်း ထုတ်မှုကြောင့် ဒေသတွင်းမှ ထွက်ခွာသွားကြပါပြီ။ စခန်းပြင်ပက အကူအညီရယူဖို့ ဆိုတာကလည်း လူများစု ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ ကြီးစိုးထားတဲ့ ပြည်သူ့ဆေးရုံကို တက်ရောက်ရေး အတွက် ခွင့်တောင်းခံဖို့ဟာ ယခင်ကာလများထက် ခက်ခဲ တင်းကြပ်နေပြန်တော့တယ်။

    နောက်ထပ် အတားအဆီးကြီး တစ်ရပ်ကလည်း ရှိနေသေးရဲ့။ အဲ့ဒါကတော့ စိုးရိမ်ကြောက်ရွံ့မှုပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း ရခိုင်လူမျိုးအများစုက ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးအကြမ်းဖက်မှု ပြုလုပ်ခဲ့ရာမှာ သေဆုံးသူ ၂၈၀ နဲ့ အဓမ္မရပ်ရွာစွန့်စေခြင်းခံရသူ လူပေါင်းတစ်သိန်းလေးသောင်းကျော်ရှိခဲ့တဲ့နောက် ဒီလိုကြောက်ရွံ့မှုသောက ကြီးထွားလာရခြင်းဖြစ်တယ်။ ဗုဒ္ဓဘာသာဝင် ဆရာဝန်တွေ၊ သူနာပြုတွေက မိမိတို့ကို ပိုမို ဆိုးဝါးထိခိုက်အောင် လုပ်လေတော့မလား – သို့မဟုတ် သေဆုံးတာကိုပဲ မြင်တွေ့ချင်နေ မလားဆိုတဲ့ စိုးရိမ်သောက ဖြစ်ပါတယ်။ ယခုအခါ ရခိုင်ပြည်နယ်ထဲ တစ်ကျော့ပြန်ဝင်ရောက်စပြုနေတဲ့ ကူညီရေး လုပ်သားတွေရဲ့အဆိုအရ အဲ့ဒီ ကောလဟလတွေဟာ မှန်ကန်ကြောင်း သုံးသပ်စဉ်းစားနေစရာတောင် မလိုဘူးလို့ သိရတယ်။

    အဲ့ဒီအကြောင်းအချက်တွေက အရေးပေါ်ဆေးကုသမှု ခံယူရေးလိုအပ်နေတဲ့  ရိုဟင်ဂျာတွေအပေါ်မှာ ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်နေရပါတယ်။ အထူးသဖြင့် ဘီဂမ်းလို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါပဲ။ မိခင်နဲ့ကလေးတွေ လိုအပ်တဲ့ ကုသစောင့်ရှောက်မှုအစား မိသားစုများစွာ စုပေါင်းနေထိုင်နေတဲ့ စခန်းထဲက တန်းလျားရှည်ထဲမှာဘဲ ကျော်ဖြတ်ခဲ့ရပြီး၊ မီးဖွားစဉ်အတွင်း ဘီဂမ်းရဲ့ ၀မ်းဗိုက်ကြီးပေါ် ရေခဲထုပ်တွေ တင်လို့ သူမရဲ့မိခင်က လက်သည်လုပ်ပေးခဲ့ရတဲ့ အကြောင်း သူမရဲ့မိသားစုက ပြောပြတယ်။
    8d4c77e32f6ffe11520f6a7067009120
    (ဓာတ်ပုံ) ငါးချောင်းဒုက္ခသည်စခန်းက ရွက်တဲတစ်ခုထဲ လဲလျောင်းနေတဲ့ ဝေဒနာသည် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်။ (AP Photo/Gemunu Amarasinghe)
    —————————————
    ဗုဒ္ဓဘာသာဝင်အများစုရှိပြီး လူဦးရေ သန်း ၆၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ သုံးနှစ် ဒီမိုကရေစီလမ်းကြောင်းဆီ ခပ်ကြမ်းကြမ်းပြောင်းလဲပြုပြင်မှု စတင်လိုက်ကတည်းက လူမျိုးရေးဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေ တင်းကြမ်းပြည့်လာခဲ့တယ်။ အများစုကတော့ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပျက်ခဲ့တာပါ။

    ဒီဒေသတွင်းရှိ ရိုဟင်ဂျာအများအပြားဟာ မျိုးဆက်အလီလီရောက်နှင့်ပြီးသော မိသားစုတွေကနေ ပေါက်ဖွားလာသူများ ဖြစ်ကြပေမဲ့လည်း သူတို့ကို အစိုးရဖက်က တရားမ၀င်ပြောင်းရွှေ့ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ပြီး သူတို့ရဲ့နိုင်ငံသားဖြစ်မှုကို ငြင်းဆိုထားပါတယ်။ မကြာသေးမီဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာရသူ သူတို့ထဲက များစွာသောသူတွေအနေနဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ပြင်တစ်ကြောပေါ်မှာ လူမျိုးကြီးဝါဒဆန်ဆန် စည်းကမ်းချက်များအောက်မှာ နေထိုင် ရှင်သန်နေကြရပေတယ်။

    နေ့စဉ်နီးပါး သေဆုံးမှုသတင်းတွေ ရရှိနေတယ်။ အများစုက တားဆီးခံအခြေအနေတွေ ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဖြစ်တယ်လို့ ဒုက္ခသည်စခန်းများက ရိုဟင်ဂျာတို့နဲ့ ကူညီရေးလုပ်သားများ၊ရဲ့ အဆိုအရ သိရတယ်။ ရခိုင်ပြည်နယ်ကနေ နယ်စည်းမထားဆရာဝန်များအဖွဲ့ နှင်မထုတ်မီအချိန်က အဖွဲ့ရဲ့ အရေးပေါ်ကယ်ဆယ်ကုသခဲ့ရသောလူနာတွေထဲက လေးပုံတစ်ပုံဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဖြစ်ခဲ့ကြတယ်။

    အဲ့ဒီအဖွဲ့ကို အစိုးရဖက်က ဖေဖော်ဝါရီလ အတွင်း နှင်ထုတ်ခဲ့တယ်။ ရိုဟင်ဂျာလူမျိုးတွေကို ၀န်ထမ်းအဖြစ် ငှားရမ်း ခန့်အပ်ခဲ့ခြင်း၊ ဒီနှစ်အစောပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ရွာတစ်ရွာကို တိုက်ခိုက်မှုထဲက အကြမ်းဖက်ခံလူနာတွေကို ကုသပေးခဲ့ခြင်းကြောင့် အစိုးရကို အမျက်ထွက်စေ ခဲ့တာလို့ ဆိုကြတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ လူပေါင်း ၄၀ ကျော်သေဆုံး ရတယ်လို့ ကုလသမဂ္ဂက ဆိုသော်လည်း မြန်မာ အစိုးရဖက်က ရဲအရာရှိ တစ်ဦးသာ သေဆုံးတယ်လို့ ပြောဆိုထုတ်ပြန်ခဲ့ပါတယ်။

    ရက်သတ္တပတ်အနည်းငယ်အကြာ ပြည်ပကူညီရေးလုပ်သားပေါင်း ၇၀၀ ကျော်ရဲ့ တည်းခိုရိပ်သာတွေ၊ ရုံးတွေ၊ ဂိုဒေါင်တွေကို ဗုဒ္ဓဘာသာဝင်လူရမ်းကားတို့ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ဘေးကင်းရေးအလို့ငှာ ထွက်ခွာသွားစေခဲ့ပါတယ်။

    035efa452f6ffe11520f6a706700d8b0
    စစ်တွေမြို့ပြင်ဖက် မိုးရေကြားက တုန်ယင်နေတဲ့ ရိုဟင်ဂျာလုလင်တစ်ဦး၊ ၂၀၁၃ ခုနှစ် မေလ ၁၄ ရက်။ (AP Photo/Gemunu Amarasinghe)
    ——————————————————————

    နိုင်ငံတစ်ဝှမ်း ကျန်းမာရေးစောင့်ရှောက်မှုစံနစ်က နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရာက ပြန်လည် တည်ဆောက်နေရဆဲဖြစ်ပေမဲ့ မြန်မာအစိုးရကတော့ ဒီကွက်လပ်ကို ဖြည့်ဆည်းပေးနိုင် ပါတယ်လို့ ခေါင်းမာစွာ ဆိုခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ အစားထိုးခံခဲ့ရတဲ့ ယခင်စစ်အစိုးရဟာ အဲ့ဒီအချိန် မတိုင်မီက ပြည်သူတစ်ဦးချင်းစီ အပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှုန်း အဖြစ် တစ်နှစ်လျှင် တစ်ဒေါ်လာမျှသာ အသုံးပြုခဲ့တာပါ။

    မွတ်စ်လင်မ်စခန်းတွေထဲ နိုင်ငံတော်က လက်အောက်ခံ ၀န်ထမ်း ဆရာဝန်များကို ဒါဇင်နဲ့ချီပြီး စေလွှတ်ပါတယ်။ သို့ပေမဲ့လည်း လူတစ်ချို့က လုံခြုံမှုမရှိဘူးလို့ ခံစားရတဲ့အတွက် ကနဦးပိုင်းမှာ သွားရောက်ဖို့ ငြင်းဆန်ခဲ့တယ်။ ခုချိန်မှာတော့ ရက်သတ္တပတ် အတွင်း အကြိမ်ပေါင်းများစွာ သွားရောက်ကြည့်ရှုကြပါတယ်။ ခက်တာက နာရီပိုင်းမျှသာ ဖြစ်နေတာပါပဲ။

    ရာပေါင်းများစွာသော လူနာတွေဟာ လူတန်းရှည်ကြားက တန်းစီစောင့်ဆိုင်းနေရတယ်။ တစ်ဦးချင်းစီ ကိုလည်း မိနစ်အနည်းငယ်လေးမျှသာ အချိန်ပေးနိုင်ကြတယ်။ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေကို သတ်ဖြတ်တဲ့ အကြီးမားဆုံး လူသတ်ကောင်နှစ်ဦးလို့ ညွှန်းဆိုရမယ့် အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါနဲ့ ၀မ်းပျက် ၀မ်းလျှောရောဂါ ခံစားနေရသူအချို့လည်း ရှိနေတယ်။ လက်ရှိအချိန် ဖုံတောထဲ ၀ပ်တွားနေရတဲ့ ဒုက္ခသည်စခန်းများက မိုးတွင်းကာလ၀င်ရောက်လို့ ရွှံ့ဗွက်တော အဖြစ် ပြောင်းလဲသွားချိန်မှာ ရေဆိုးရေပုပ်ကြောင့် ဖြစ်တတ်တဲ့ရောဂါ သို့မဟုတ် အထက်လှန်အောက်လျှော ၀မ်းရောဂါတွေ ပွင့်အံထွက်လာမှာကို ကျွမ်းကျင်သူများမှ စိုးရိမ်လျက်ရှိနေပါတယ်။

    Save the Children ၊ Oxfam နဲ့ အခြား လူသားချင်းစာနာရေးအဖွဲ့က ကူညီရေးလုပ်သားတွေကို ရက်ပိုင်းအတွင်း စစ်တွေမြို့ထံ ပြန်လည်သွားရောက် ခွင့်ပြုမယ်လို့လည်း ကတိပြုခဲ့ပေမယ့် ၀န်ထမ်း အနည်းအကျဉ်းမျှသာ ပြန်သွားနိုင်တာကို တွေ့ရတယ်။

    သွားရောက်သူအများစုဟာ ဟိုတယ်တွေမှာတည်းခိုပြီး အလုပ်ထွက်လုပ်ရတယ်။ လက်ဆွဲသေတ္တာတွေ၊ ကဒ်ပုံးတွေကိုအသုံးပြုပြီး ရှောင်တခင်ရုံးဌာနတွေအဖြစ် အသွင်ပြောင်းအသုံးချနေရတယ်။ ဒီရက်သတ္တပတ်အတွင်း လူအချို့ဟာ အထောက်အကူပစ္စည်းပစ္စယများနဲ့တစ်ကွ ဒုက္ခသည်စခန်းတွေဆီ သွားရောက်တဲ့အခါကျတော့ ယခင်ကနဲ့မတူအောင် ကြီးမားလှတဲ့ တင်းကြပ်ထားမှုအောက်က လုပ်ကိုင်ဆောင်ရွက်ရတယ်လို့ ဆိုကြတယ်။

    အကြီးမားဆုံးစိုးရိမ်ဖွယ်လက္ခဏာများအနက် တစ်ခုအပါအ၀င်အဖြစ် အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးစင်တာကို သူတို့က ထောက်ပြကြတယ်။ အဲ့ဒီစင်တာဟာ နိုင်ငံတော်ဗဟိုအစိုးရအာဏာပိုင်တွေ၊ ကုလကိုယ်စားလှယ်တွေ၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေ၊ ဒေသတွင်း ရခိုင်လူ့အဖွဲ့အစည်းဝင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အတွက် ကနဦးပိုင်းမှာ တကယ့်သတင်းအချက်အလက် မျှဝေရေးယန္တရား တစ်ခုရဲ့ အခန်းကဏ္ဍဖြစ်ခဲ့တယ်။

    ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ သြဇာ အထွားဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ပြောင်းလဲ လိုက်ပြီဖြစ်ကြောင်း ကူညီရေး လုပ်သွားတွေကို ပြောဆိုလိုက်တယ်။ ဒါကြောင့် ယခုအခါမှာ ကူညီရေးအုပ်စုများက စင်တာရဲ့ ထောက်ခံချက်ကို ရယူနေရတယ်။ ဗုဒ္ဓဘာသာဝင်တွေ နဲ့ ရိုဟင်ဂျာတွေအပေါ် ကူညီထောက်ပံ့မှု ပမာဏတွေကို မဖြစ်မနေ တန်းတူပေးနေရပါတယ်။

    “ အသိုင်းအ၀ိုင်းနှစ်ခုလုံး လက်ခံနိုင်မယ့် အနေအထားတစ်ရပ်ကို သူတို့ ဖန်တီးပေးရပါမယ်။ တကယ်လို့ သူတို့ဟာ အရင်လမ်းဟောင်းအတိုင်း ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ပြည်နယ်ထဲမှာ ပဋိပက္ခ ပိုမို ကြီးထွားလာလိမ့်မယ်လို့ ကျွန်တော် ကျိန်းသေပြောရဲပါတယ် ” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဦးသန်းထွန်းက ပြောကြားခဲ့တယ်။

    ရခိုင်ပြည်နယ်ထဲမှာ ဗုဒ္ဓဘာသာဝင်တွေက ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အတားအဆီးမျိုး အလျဉ်းမရှိဘဲ အစိုးရပိုင်ဆေးပေးခန်း နဲ့ ဆေးရုံတွေမှာ အကူအညီကောင်းစွာ ရရှိနေပါတယ်။ ရိုဟင်ဂျာတွေအဖို့မှာတော့ သူတို့ထက်ကို အကူအညီအထောက်အပံ့ အဆမတန် လိုအပ်နေတယ်လေ။ ဒီအကြောင်းကို ကူညီရေးလုပ်သားများက ရှင်းလင်းပြတ်သားစွာ သိမြင်နေကြလေတော့ ………………..

    အပိုင်း(၂)

    ဘီဂမ်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က မုဟမ္မဒ် ရဖီးနဲ့ အိမ်ထောင်ကျခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူတို့ရဲ့ကမ္ဘာလေးကို အမုန်းတရားက ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေတယ်။ သူတို့ရဲ့ရွာလေးကို ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေ ဖျက်ဆီးပစ်လိုက်ပြီးတဲ့နောက် ဒုက္ခသည်စခန်းထဲ သူတို့ ၀င်ရောက်ခဲ့ကြရတယ်။

    စခန်းထဲက ငွေရှိသူတွေလို လာဘ်ငွေအများအပြားမပေးနိုင်တဲ့အတွက် ရဖီးဟာ ပြင်ပထွက်ပြီး အလုပ်မလုပ်နိုင်ခဲ့ဘူး။

    08

    ဘီဂမ်းမှာတော့ မျှော်လင့်ချက်ရောင်ခြည်သန်းနေခဲ့ပြီ။ သူမရဲ့သူငယ်ချင်းများစွာတို့ဟာ အသက် ၂၀ မှာတင် ကလေးအသီးသီးရှိနေကြသော်လည်း အမြွာနှစ်ဦးရှိနေတဲ့ သူမရဲ့ ၀မ်းဗိုက်ဖောင်းဖောင်းလေးက သူမအဖို့ ပထမဦးဆုံးနဲ့ သည်းထိတ် ရင်ဖိုစရာ ဖြစ်နေရတယ်။

    ဖေဖော်ဝါရီလအတွင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို အဓမ္မ ထွက်ခွာစေခြင်း မပြုမီချိန်အထိတော့ သူမဟာ ပဋိသန္ဓေဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနေခဲ့တယ်။ ဖွားမြင်ရက်နီးကပ်လာတာနဲ့အမျှ သူမရဲ့ သန္ဓေသား တစ်စုံတစ်ရာ မှားယွင်းလာကြောင်း သတိပြုမိတယ်။ နာကျင်မှုပြင်းထန်လာတော့ မလွဲမသွေ ဆရာဝန်တစ်ဦးရှိဖို့ လိုအပ်လာပြီ။

    ဧပြီ ၁၃ ရက်မှာ သူမကို မိသားစုက ဒါးပိုင်ရွာ ဆေးရုံငယ်လေးဆီ ခေါ်သွားကြတယ်။ ဒါပေမဲ့ အဲ့ဒီမှာ ဆရာဝန် ရှိမနေခဲ့ဘူး။ သူမကို စစ်တွေဆေးရုံကြီးဆီပို့ဖို့ ဆရာဝန်က သူနာပြုတွေကို ဖုန်းဆက်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    စခန်းထဲရောက်နေတဲ့အခြားသူတွေလိုပဲ ဘီဂမ်းလည်း ကောလဟလသတင်းတွေ ကြားခဲ့ရပြီးဖြစ်တယ်။ ဆေးရုံကြီး တက်ရောက်ခွင့်ရသူ အများအပြားဟာ အသက်ရှင်ခွင့် မရရှိခဲ့ကြဘူး ဆိုတဲ့အကြောင်းပေါ့။ ဗုဒ္ဓဘာသာဝင် ဆရာဝန်များက ရိုဟင်ဂျာတွေအပေါ် မဖွယ်မရာပြုမူ ဆက်ဆံကြောင်း အထောက်အထားကို ပြည်ပ ကူညီရေး လုပ်သားများဖက်မှ မမြင်တွေ့ကြသေးပါဘူး။

    ဒီ့ထက်ပိုအဓိကကျတဲ့ အန္တရာယ်က ဆေးဝါးကုသမှု အကူအညီ မရခဲ့ကြတာပဲဖြစ်တယ်။ တကယ်လို့ ဆေးရုံတစ်ရုံမှာ ကောင်းမွန်တဲ့ ခွဲစိပ်ကုသမှု ကဏ္ဍ မပြုလုပ်နိုင်ဘူးဆိုရင် မိခင်နဲ့ကလေး အသက်ဆုံးပါးနိုင်တဲ့ စိန်ခေါ်ချက်ကို အလွန်တိုးမြှင့်ကြီး ထွားလာစေမှာ အမှန်ပါပဲ။

    ဘီဂမ်း ….. အိမ်ပြန်ခဲ့တယ်။ သူမရဲ့ခင်ပွန်းနဲ့မိဘများက သူမရဲ့လက်ကိုဆုပ်ကိုင်လို့ သူမရဲ့ ၀မ်းဗိုက်ပြင်ပေါ် ရေခဲနဲ့ ပွတ်သပ်ပေးရင်း အားပေးနှစ်သိမ့်နေခဲ့ကြတယ်။ ဘီဂမ်းရဲ့မိသားစု မိတ်ဆွေဖြစ်ပြီး သူတို့နဲ့အတူ သူမရဲ့ခါးသည်းဖြစ်အင်ကို ကြုံဆုံခဲ့တဲ့ အဗ်ဒုလ် မာလစ်က ပြန်ပြောင်းပြောပြပါတယ်။

    “ ကျွန်မ သေရပါတော့မယ်။ အရမ်းကို နာကျင်ပါတယ် ဆိုပြီး သူမက စူးစူးဝါးဝါး ဟစ်အော်နေခဲ့ပါတယ်။ သူမရဲ့ ဟစ်အော်ညည်းငြူသံကို အိမ်ခြေ ၁၀ စုအကွာကနေ ကြားနေကြရတယ် ”။

    စစ်တွေမြို့ပေါ် ခေတ္တရောက်ရှိလာတဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ဘီဂမ်းရဲ့ဖြစ်အင်ကိုကြား သိရတဲ့အခါ သူမအနေနဲ့ စစ်တွေဆေးရုံကြီး တက်ရောက်ဖို့သာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း နားချနိုင်ခဲ့ကြတယ်။

    c8dc2a042f6ffe11520f6a7067007031ဝမ်းလျောရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ၈ လအရွယ် သမီးဖြစ်သူ ဝတ်ခဲ့တဲ့ အကျီင်္ကိ ပြသနေတဲ့ မိခင်ဖြစ်သူ ဟလီမား ကာတူး၊ ၂၀၁၄ ဇန္န၀ါရီ ၁၇ ရက်။ (AP Photo/Gemunu Amarasinghe)
    ———————–
    ဒါးပိန်ရွာဆေးရုံလေးကို သွားပြီးနောက် သုံးရက်အကြာမှာ စစ်တွေဆေးရုံကြီးဆီ ဘီဂမ်း တက်ရောက်ခဲ့ပါတယ်။ ဆေးရုံကို အချိန်မီရောက် မလာတဲ့အတွက် မီးဖွားပြီး ပိုးဝင်နိုင်တဲ့အခြေအနေကြောင့် ကလေးနှစ်ဦးအနက် တစ်ဦးဟာ ရက်အနည်းငယ်အကြာမှာ အသက်မရှင်နိုင်ဘူးလို့ တွက်ဆထားကြတယ်။ ဒါပေမဲ့ ခွဲစိပ်ပြီးတဲ့နောက် ဘီဂမ်းကို တည်ငြိမ်တဲ့ အခြေအနေမှာ တွေ့ကြရတယ်။ တစ်ပတ်နေပြီးနောက် ဧပြီ ၂၅ ရက်မှာ ဆေးရုံဆင်းခွင့် ရခဲ့ပါတယ်။

    ဆေးရုံမှာ အတူနေအဖော်ပြုခဲ့တဲ့ ဘီဂမ်းရဲ့အဒေါ်ဖြစ်သူ မတ်စ်တာဘာ ခါတူးက သူမရဲ့အတွေ့အကြုံကို ဒီလို ပြောပြခဲ့တယ်။ သူ့တူမ ဆေးရုံဆင်းကာနီး နာရီပိုင်းအလို ဆရာဝန်တစ်ဦးရောက်လာပြီး သူမကို အခန်းတစ်ခုထဲ ခေါ်ဝင်သွားတယ်။ သူမကို နောက်ဆုံးဆေးတစ်လုံး ထိုးပေးဖို့လိုနေသေးတယ်လို့ ဆိုတယ်။ မိနစ် ၂၀ အကြာ ဘီဂမ်းရဲ့ ခွဲစိပ်ထားတဲ့ ၀မ်းဗိုက်က နောက်ထပ်တဖန် ဆိုးဝါးစွာ နာကျင်လာပြန်တယ်။ တစ်ခဏနေပြီးတော့ သူမ သေဆုံးသွားပါတယ်။

    ပဋိသန္ဓေနဲ့မီးဖွားမှုဆိုင်ရာ ဆေးရုံဆရာဝန် ဦးတင်အောင်က ဘီဂမ်းကိစ္စအပေါ် မည်သည့်မှတ်ချက်မျှ မပေးခဲ့ပါဘူး။ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာလူနာတွေကို တန်းတူသာ ဆက်ဆံကုသပေးတယ်လို့သာ ပြောဆိုပါတယ်။

    “ ကျွန်တော်တို့ဆီမှာ လူနာတွေ အများကြီးပါ။ သူတို့ကို ကယ်ဆယ်နိုင်ခြင်းရှိမရှိကတော့ သူတို့ဘယ်လိုအခြေအနေမှာရှိခဲ့တယ်၊ ဘယ်လိုအချိန်မှ ရောက်လာ ခဲ့တယ်ဆိုတဲ့ အချက်တွေပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ကြိုးစားပေးတာချည်းပါပဲ ”။

    ဘီဂမ်းရဲ့သေဆုံးမှုသတင်းက ရိုဟင်ဂျာတွေအကြား တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့တယ်။ စစ်တွေမှာ အကူအညီ မရခဲ့ဘူးဆိုတဲ့ ကောလဟလတွေလည်း ရောစွက် ပါဝင်လာတယ်။

    အင်္ဂါနေ့မှာတော့ အသက် ၂၇ နှစ်အရွယ် အလီမား ခါတူးအမည်ရှိ နောက်ထပ် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးက မီးဖွားရင်း ဆုံးပါးသွားခဲ့ပြန်ရော။ သူမလည်း ဒါးပိုင်ဆေးရုံကို သွားရောက်ခဲ့သူဖြစ်တယ်။ သူမရဲ့ခင်ပွန်းက စစ်တွေဆေးရုံဆီ လွှဲပြောင်းပေးဖို့ အစပိုင်းမှာ ငြင်းဆန်ခဲ့သေးတယ်။ ဇနီးဖြစ်သူရဲ့ ဘေးကင်း လုံခြုံရေးကို စိုးရိမ်ခဲ့လို့ဖြစ်ပါတယ်။

    ဘီဂမ်းရဲ့ဖခင် အသက် ၅၀ အရွယ် အဗ်ဒုလ် လာမင် ကတော့ မိမိကိုယ်ကို ဖြေသိမ့်နိုင်အောင် ကြိုးစားနေဆဲပါ။ ယူကြုံးမရစွာနဲ့ သူက အောက်ပါ အတိုင်း ပြောကြားခဲ့ပါတယ်။

    “ ဆေးရုံမှာ သမီးဖြစ်သူ သေဆုံးပြီလို့ကြား သိလိုက်ရတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံးနဲ့အတူ ကျွန်တော့် နှလုံးသားပါ ကြေမွပျက်သုဉ်းသွားသလို ခံစားလိုက်ရပါတယ်။ သူမက အသတ်ခံလိုက်ရတာ ဆိုပြီး လူတွေရဲ့ပြောဆိုချက်ကို ကျွန်တော် မပြတ်ကြားနေတယ်။ ဒါပေမယ့် ဒါတွေဟာ ကျွန်တော့် မျက်စေ့နဲ့ တပ်အပ်မြင်တွေ့ခဲ့တာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ အပြစ်မတင်လိုပါဘူး။ ကျွန်တော့်သမီးကို ပြန်လိုချင်တာ တစ်ခုတည်းပါပဲဗျာ ”။

    အေပီသတင်းဆောင်းပါးရှင် Robin McDowell ၏ Lack of health care deadly for Myanmar’s Rohingya ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • မြန်မာနိုင်ငံမှ မွတ်စလင် တို့အား ခိုင်မာသော ရပ်တည်မှုပေးရမည်ဟု ကုလသံတမန်မှ ပြောကြား

    မေ ၂ ၊ ၂၀၁၄
    M-Media
    photo_1376580893492-1-hd
    လက်ရှိတွင် တရားမ၀င်ရွှေ့ပြောင်းလာသူများဟု ယူဆခံထားရသော ရိုဟင်ဂျာမွတ်စ်လင်မ်တို့အတွက် လုံခြုံမှုပေးနိုင်သည်မှာ နိုင်ငံသားအဖြစ် သတ်မှတ်ခြင်း ပင်ဖြစ်ကြောင်း ဗီဂျေး နမ်ဗီးယားမှ ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စ်လင်မ်တို့ အတွက် နိုင်ငံသားဖြစ်ရေး လမ်းကြောင်းတစ်ရပ် ရှိရမည်၊ သို့မဟုတ်ပါက သူတို့၏လုံခြုံရေးသည် အန္တရာယ် အနေအထား၌ ရောက်နေဆဲဖြစ်နေလိမ့်မည်ဟု မြန်မာနိုင်ငံအရေးဆိုင်ရာ ကုလသမဂ္ဂ၏ထိပ်တန်းသံတမန်က ပြောကြားသည်။

    ကြာသပတေးနေ့က International Peace Institute ၌ ပြောခဲ့သည့်မိန့်ခွန်းတွင် “ယင်းလမ်းကြောင်း အတိုင်း မလျှောက်လှမ်းပါက မြန်မာနိုင်ငံ အနေနှင့် နိုင်ငံတကာရှေ့မှောက်ဝယ် ဂုဏ်သိက္ခာ ကျဆင်း ထိခိုက်ဖွယ်ရှိနေကြောင်း ” ဗီဂျေး နမ်ဗီးယားမှ ထည့်သွင်းဖော်ပြခဲ့သည်။

    ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စ်လင်မ် အမြောက်အများတို့မှာ မြန်မာနိုင်ငံတွင်း ရာစုနှစ်များစွာကတည်းကရောက်ရှိခဲ့သော မျိုးဆက်နွယ်များဖြစ်သော်လည်း မြန်မာနိုင်ငံက ၎င်းတို့အား တရားမ၀င်ပြောင်းရွှေ့ အခြေချလာသူများအဖြစ် အမြင်ထားရှိနေကြသည်။

    လူဦးရေပမာဏ တစ်သန်း အထက်ရှိနေသော ရိုဟင်ဂျာတို့ကို မြန်မာအစိုးရ၏ မှတ်တမ်းများ၌ ထည့်သွင်း မထားချေ။ ၎င်းပြင် ၎င်းတို့သည် မိမိကိုယ်ကို ဘင်္ဂါလီများအဖြစ် ဖော်ပြခြင်းမပြုသရွေ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းထဲ ထည့်သွင်းခွင့်ပြုမည်မဟုတ်ဟုလည်း အစိုးရဖက်က ဆိုထား၏။

    ရိုဟင်ဂျာတို့၏ သွားလာမှု၊ ထိမ်းမြားမှု၊ ကလေးမွေးဖွားနှုန်း၊ အိမ်ရာပြုပြင်ရေး၊ ၀တ်ပြုဌာန တည်ဆောက်ရေးတို့ အပေါ် နိုင်ငံတော်မူဝါဒအရ ပိတ်ပင်တားဆီးထားသည် ဟူ၍ ဖေဖော်ဝါရီလထုတ် လူ့အခွင့်အရေးအုပ်စု တစ်ခု၏အစီရင်ခံစာက ဆိုထားသည်။

    ယခုလအစောပိုင်းက ကုလသမဂ္ဂ၏ နောက်ထပ် သံတမန်တစ်ဦးက မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရိုဟင်ဂျာ မွတ်စ်လင်မ်တို့အကြား အစာရေစာ ရိက္ခာပြတ်လပ်မှုနှင့် ဆေးဝါးကုသ ခံယူနိုင်မှု ပြင်းထန်ဆိုးရွားလာခြင်းသည် လူနည်းစု ဘာသာဝင်များအပေါ် နှစ်ကာလ များစွာကတည်းက ညှင်းပန်းနှိပ်စက်ခြင်း၏ တစ်စိတ် တစ်ဒေသဖြစ်ကြောင်း၊ ထိုအချက်က လူသားချင်းစာနာခြင်း ကင်းမဲ့သည့် ရာဇ၀တ်မှု အဖြစ် သတ်မှတ်ရန် လုံလောက်ကြောင်း ပြောကြားသည်။

    ရာနှင့်ချီသော နိုင်ငံတကာ လူသားချင်းစာနာကူညီရေး လုပ်သားများကို ရခိုင်ပြည်နယ်မှ ထွက်ခွာစေခဲ့သည့်ဖြစ်ရပ်နောက်ပိုင်း သောမတ်စ် အိုယေး ကင်တားနားထံမှ အထက်ပါ စကားထွက်ရှိလာခြင်းဖြစ်သည်။

    မြန်မာနိုင်ငံသည် အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမား၏ ရှုတ်ချဝေဖန်မှုနှင့်လည်း ရင်ဆိုင်နေရသည်။ အကယ်၍ မြန်မာပြည်သူတို့သည် ဘာသာရေး သို့မဟုတ် လူမျိုးရေး လက္ခဏာအပေါ် အခြေတည်သည့် နိုင်ငံရေးကို လက်ခံအသုံးပြုလျှင် တိုင်းပြည်သည် အလွန်ဆိုးဝါးသော လားရာဖက်သို့ ဦးတည်သွားလိမ့်မည်ဟု ပြီးခဲ့သည့်လ၌ အိုဘားမားမှ ပြောဆိုလိုက်သည်။

    AP

  • ကမ္ဘာ့ အဆိုးရွားဆုံး အာဟာရ ချို့တည့်မှုကြောင့် သေတွင်းရောက်နေရ သူများ၏ ပုံရိပ်များ

    မေ ၁ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်- O’Laie Manzu

    ရိုဟင်ဂျာလူမျိုးဆိုတာကတော့ ကမ္ဘာ့ပေါ်မှာ ဥပက္ခာပြုခြင်းခံရဆုံးသော လူမျိုးလို့ အတော်များများသိကြပါတယ်။ မြန်မာစိုးရရဲ့ ခွဲခြားဆက်ဆံခြင်း ခံနေကြရပြီး နိုင်ငံအနောက်ပိုင်း နယ်စပ်ဒေသမှာနေထိုင်ကြတဲ့ မွတ်စလင် လူနည်းစုလည်းဖြစ်ပါတယ်။ သူတို့ရဲ့ ဒုက္ခတွေကိုတော့ သေသေချာချာ မှတ်တမ်းတင်ထားနိုင်ပေမယ့် လက်တွေ့ရင်ဆိုင်နေရတဲ့ ဘဝကတော့ သိပ်ပြီးပြောင်းလဲမှု မရှိပါဘူး။ Reuters သတင်းဌာနက ထုတ်ဖော်တင်ပြလိုက်တဲ့ ပုံရိပ်တွေကတော့ အကြမ်းဖက် လူစုကြီးရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေနေထိုင်တဲ့ ရခိုင်ပြည်နယ်ရှိ ပြည်တွင်း ဒုက္ခသည် စခန်းတွေထဲက ပုံတွေဘဲဖြစ်ပါတယ်။

    10
    ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဒါးပိုင် ဒုက္ခသည်စခန်းမှ တဲကုတ်အတွင်းနေထိုင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီး နူရ်ဘေဂမ် အား အာဟာရချို့တည့်နေသည့် အမွားပူးငယ်လေးငယ်နှစ်ယောက်နှင့် အတူ တွေ့ရစဉ် Photo Copy Right-REUTERS/Minzayar

    ဖေဖော်ဝါရီလ လောက်ကနေစပြီး နိုင်ငံခြားက ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကို မြန်မာ အာဏာပိုင်တွေ နှင်ထုတ်ပြီးတဲ့နောက်မှာ နေထိုင်မှု အခြေအနေတွေ ပိုမိုဆိုးရွားလာတွေကို ဒီပုံရိပ်တွေမှာ ထင်ဟပ်စေပါတယ်။ ဆာလောင် မွတ်သိပ်မှုတွေနဲ့ အာဟာရ ချို့တည့်မှုတွေ ရင်ဆိုင်နေကြရပြီး မွေးကင်းစ ကလးငယ်တွေကတော့ ဒီဒဏ်တွေကို ပိုပြီး ခံစားကြရပါတယ်။ ဒုက္ခသည်တွေကို ဆေးဝါး ကုသမှုပေးနေခဲ့တဲ့ Medecins Sans Frontieres ဆရာဝန်များအဖွဲ့ကို အစိုးရက နှင်ထုတ်ပြီးတဲ့နောက် ရက်သတ္တပတ် အနည်းငယ်အတွင်း ကြိမ်နီပင် ဒုက္ခသည် စခန်းမှာ မွေးကင်းစ ခြောက်ယောက် သေဆုံးခဲ့တဲ့ အကြောင်း ကယ်ဆယ်ရေး လုပ်သား တစ်ဦးပြောပြတယ်လို့ Reuters မှာဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေကို အခြားမြန်မာ အများစုကတော့ တရားမဝင် ခိုးဝင်လာတဲ့ နိုင်ငံခြားသား ဘင်္ဂါလီတွေလို့ သက်မှတ်ကြပါတယ်။ မြန်မာနိုင်ငံသားဖြစ်ခွင့် ကိုလည်း ငြင်းပယ် ထားပါတယ်။ ဒါပေမယ့် ၁၃ သိန်းခန့်ရှိတဲ့ ဒီလူတွေဟာ ရိုဟင်ဂျာလို့ လက်ခံထားကြပြီး မြန်မာနိုင်ငံ နောက်ဖျားရှိ အာရကန်ပြည်ကို မျိုးရိုစဉ်ဆက် အလိုက် မွေးရပ်ဌာနေလို့ သက်မှတ်ကြပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေကို ရုတ်သိမ်းလိုက်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား က ဒီလအတွင်းအခြေအနေကို ဆန်းစစ်လေ့လာခဲ့ပါတယ်။ အစာရေစာ မဖူလုံမှုတွေနဲ့ ကျန်မာရေးဆေး ကုသမှု လစ်ဟာနေတာတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ “ရိုဟင်ဂျာ မွတ်စလင် အသိုင်းအဝိုင်း အပေါ် အခုလို နှစ်ရှည်လများ ခွဲခြား ဆက်ဆံမှုတွေနဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေပြုလုပ်နေတာ လူသားများအပေါ် ရာဇဝတ်မှုကျူးလွန်ရာ ရောက်တယ်” လို့ သူကဆိုပါတယ်။

    08
    နူရ်ဘေဂမ်ရဲ့ ရက်ပိုင်းအရွယ် ကလေးငယ်များ Photo Copy Right-REUTERS/Minzayar

    ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေနဲ့ လူမျိုး အငြင်းပွားမှုတွေဟာ ဆိုးသွမ်းလှတဲ့ စစ်အာဏာရှင် လက်အောက်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းလာပြီး ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ မြန်မာနိုင်ငံ အတွက် ပုံရိပ် မဲကြီးတွေဖြစ်ပါတယ်။ ရှေ့ရိုးစွဲတွေကို အားပြုတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အမျိုးသားရေး ဝါဒတွေကိုသာ အပြစ်တင်ရပါလိမ့်မယ်။ ၂၀၁၃ ခုနှစ် မတ်လမှာ ရွှေဆိုင် တစ်ခုက အငြင်းပွားရာကနေ ဗုဒ္ဓဘာသာဝင် လူစုကြီးက မွတ်စလင်တွေကို ဝိုင်းဝန်း တိုက်ခိုက်တဲ့ အဖြစ်အပျက်ကြီး တစ်ရပ် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှာဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး တစ်သိန်းလေးသောင်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ကြီး အနက် လူ ၄၃ ဦးသေဆုံးခဲ့တဲ့ မီးရို့သတ်တဲ့ လုပ်ရပ်ကြီးကတော့ အကျည်းတန်ဆုံးဖြစ်ရပ် တစ်ခုပါဘဲ။

    တချို့ကတော့ မြန်မာနိုင်ငံက နိုဘလ်ဆုရှင်လည်းဖြစ် ဒီမိုကရေစီ ချန်ပီယန်ကြီးလည်းဖြစ်တဲ့ ပါလီမန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေတဲ့ အတွက် အတော်လေးကို စိတ်ပျက်နေကြပါတယ်။ တချိန်တည်းမှာ ရိုဟင်ဂျာတွေဟာ ဖယ်ကြဉ်ခြင်းခံနေရပေမယ့် သူတို့ကို လုံးဝကြီးတော့လည်း ဥပက္ခာပြု မေ့မထားပါဘူး။ ဒါပေမယ့် တကယ်တန်းတော့ သူတို့အတွက် ကယ့်မယ့်လူလည်းမရှိသလို မျော်လင့်ချက်လည်း မဲ့နေပါတယ်။

    (မှတ်ချက်။ Ishaan Tharoor ရေးသားပြီး Washington Post မှာဖော်ပြထားတဲ့ Shocking images of the world’s most forsaken people starving to death ဆောင်းပါးကို O’Laie Manzu မှ ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။)

    ဓါတ်ပုံများ FB တွင် ကြည့်လိုလျှင် =>http://goo.gl/ddT9so

  • ရိုဟင်ဂျာများအား ညှင်းပန်း နှိပ်စက်မှု လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်နေပြီဟု ကုလဆို

    ရိုဟင်ဂျာများအား ညှင်းပန်း နှိပ်စက်မှု လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်နေပြီဟု ကုလဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – မြန်မာနိုင်ငံရှိ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များအား နှိပ်စက်မှုမှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်နေပြီဟု ကုလသမဂ္ဂ ထိပ်တန်း အရာရှိတစ်ဦးက ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများကြောင့် ထွက်ပြေးခဲ့ရသည့် နိုင်ငံတကာမှ အကူအညီပေးရေး အဖွဲ့အစည်းများ ပြန်လည် ၀င်ရောက်ခွင့်ပေးရန် အတွက် အစိုးရတာဝန်ရှိသူများအား တိုက်တွန်းခဲ့သည်။

    “ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားနေတဲ့ အခြေအနေဟာ ရိုဟင်ဂျာ မွတ်စလင်တွေပေါ် နှစ်ပေါင်းများစွာ ခွဲခြားမှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေရဲ့ နောက်ဆုံးပြယုဂ်ပါပဲ။ ဒီလို ညှင်းပန်းနှိပ်စက်မှုတွေဟာ လူသားထုတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုလို့ ယူဆနိုင်ပါတယ်” ဟု ကင်တားနား၏ ကြေညာချက်တွင်ဖော်ပြထားသည်။

    နိုင်ငံတကာ အကူညီပေးရေးအဖွဲ့များကို ပစ်မှတ်ထားကာ ရခိုင်ပြည်နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အကူအညီပေးရေးဝန်ထမ်း ၁၇၀ မှာ ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့ရပြီး၊ ၎င်းတို့၏ ရုံးခန်းများနှင့် အကူအညီပေးရေးပစ္စည်းများ သိုလှောင်ထားသည့် ဂိုထောင်များမှာလည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။

    ထိုကဲ့သို့ အကူအညီပေးရေး အဖွဲ့အစည်းများ မရှိခြင်းကြောင့် ၎င်းတို့၏ ဆေးခန်းများကို မှီခိုနေရသော မွတ်စလင် ဒုက္ခသည်များအတွက် ဆိုးရွားသော အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း၊ အချို့သော ဒုက္ခသည်စခန်းများတွင် ရေပြတ်လပ်မှုမှာ တစ်ပတ်အတွင်း စိုးရိမ်စရာအနေအထားသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ကင်တားနားက ထပ်လောင်းပြောကြားခဲ့သည်။
    MN/AS/MAM