News @ M-Media
Tag: Rohingya
  • ” မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများကို ဆယ်စုနှစ်များစွာ ညှင်းပန်းခြင်း ” အကြောင်း ကွန့်ဖရင့် ကျင်းပမည်။
    ဧပြီ ၇ ၊၂၀၁၄
    M-Media
    မင်းထွဋ်ခေါင်
     မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများကို ဆယ်စုနှစ်များစွာ ညှင်းပန်းခြင်း ” အကြောင်းအရာအပေါ် ကမ္ဘာ့ပညာရှင်အချို့မှ ကွန့်ဖရင့်တစ်ရပ် ကျင်းပမည်။
    lselogo
    ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ ရက်တွင် THE NATIONAL ENDOWMENT FOR DEMOCRACY, USA ၊ JUSTCE FOR ALL AND BURMA TASK FORCE ၊ BURMESE ROHINGYA ORGANIZATION OF UK ၊ LSE Civil Society ၊ Human Security Research Unit ၊ Burmese Rohingya Organization – United Kingdom နှင့် ပုဂ္ဂလအလှူရှင်တို့မှ ကမကထပြုပြီး THE SHAW LIBRARY (Founders Room), 6th Floor, Old Building, LSE နေရာ၌ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများကို ဆယ်စုနှစ်များစွာ ညှင်းပန်းခြင်း ” အကြောင်းအရာအပေါ် London School of Economics Conference အမည်ရှိ ကွန်ဖရင့်တစ်ရပ် ကျင်းပမှာ ဖြစ်ပါတယ်။
    ထိုကွန်ဖရင့်၏နံနက်ခင်းပိုင်းအစီအစဉ်တွင် အောက်စဖို့ဒ်တက္ကသိုလ်၏ ဒုက္ခသည်များဆိုင်ရာလေ့လာရေးဧည့်ပါမောက္ခ၊ Fahamu ဒုက္ခသည်စီမံချက် ဒါရိုက်တာနှင့် OBE အဖွဲ့တည်ထောင်သူဒါရိုက်တာ ဒေါက်တာ Barbara Harrell-Bond မှ အဖွင့်အမှာစကားမှာ ဖြစ်ပြီး၊  Burmese Rohingya Organization – UK ဥက္ကဌ ဦးထွန်းခင်မှ ကမ္ဘာ့သို့ မေတ္တာရပ်ခံလွှာကို ဖတ်ကြားမယ်လို့သိရပါတယ်။
    ၎င်းနောက် PAX တည်ထောင်သူ၊ ၁၉၉၄ ရ၀မ်ဒါမျိုးဖြုတ်သုတ်သင်မှုမှလွတ်မြောက်လာသူနှင့် လူမှုအရေးလှုပ်ရှားသူ Prudentienne Seward မှ Surviving Rwanda genocide: A first-hand experience ခေါင်းစဉ်ဖြင့် ဖတ်ကြား ရှင်းလင်းမှာဖြစ်ပါတယ်။
    နံနက်ပိုင်း အကြိုဆွေးနွေးမှု အစီအစဉ်၌ Malaya တက္ကသိုလ်၊ ဒီမိုကရေစီနှင့်ရွေးချယ် တင်မြှောက်မှုဌာန၏ အဆင့်မြင့်သုတေသီ၊ Civil Society and Human Security Research Unit, LSE & Judge, Permanent People’sTribunal on Sri Lanka (Germany, 2013)၏ ဧည့်သည်တော်အဖွဲ့ဝင် ဒေါက်တာမောင်ဇာနည်မှ သဘာပတိအဖြစ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
    မျိုးဖြုတ်ခြင်းလေ့လာမှုဆိုင်ရာ နိုင်ငံတကာပညာရှင်များအဖွဲ့ဥက္ကဌ၊ Nacional de Tres de Febrero တက္ကသိုလ် မျိုးဖြုတ်ခြင်းလေ့လာမှုဆိုင်ရာဌာန ဒါရိုက်တာ၊ Buenos Aires တက္ကသိုလ် မျိုးဖြုတ်ခြင်းလေ့လာမှုဆိုင်ရာ ပါမောက္ခနှင့် “Genocide as a Social Practice: Reorganizing Society Under the Nazis and Argentina’s Military Juntas” (2014) စာအုပ်ရေးသားသူဖြစ်သော ပရော်ဖက်ဆာ Daniel Feierstein မှ “What is a genocide? Who decides ?” ခေါင်းစဉ်ဖြင့်လည်းကောင်း –
    Università Cattolica di Milano တက္ကသိုလ်မှ နိုင်ငံတကာဥပဒေပါမောက္ခ၊ International Criminal Tribunal for Rwanda (ICTR) (2003-2004) အတိုင်ပင်ခံ၊ Prosecutor’s Office of the International Criminal Tribunal for the former Yugoslavia (2000)၏ ဥပဒေအကြံပေး၊ နိုင်ငံတကာခုံရုံးတည်ထောင်သူ ၁၉၉၈အစိုးရကိုယ်စားလှယ်အဖွဲ့ဝင် ဖြစ်သူ ပရော်ဖ က်ဆာ Gabriele Della Morte မှ “International Human Rights Law and Mechanisms for the Pursuit of Justice” ခေါင်းစဉ်ဖြင့်လည်းကောင်း –
    ကမ္ဗောဒီးယားလူထုရေးရာတရားစီရင်စစ်ဆေးရေးအရာရှိဟောင်း၊ ယေးလ်တက္ကသိုလ်၏ ကမ္ဗောဒီးယား မျိုးဖြုတ်စီမံကိန်း အချက်အလက်ပြုစုရေး အတိုင်ပင်ခံ နှင့် “Getting away with genocide? Elusive justice and the Khmer Rouge tribunal” (Pluto, 2004) စာအုပ်ပူးတွဲပြုစုသူ ဒေါက်တာ Helen Jarvis မှ Cambodia’s Khmer Rouge Tribunal: one model for a combined national and international judicial mechanism ခေါင်းစဉ်ဖြင့်လည်းကောင်း –
    ရောမ လူထုရေးရာတရားစီရင်စစ်ဆေးရေး အမြဲတမ်းအဖွဲ့ဝင် ပရော်ဖက်ဆာ Gianni Tognoni မှ The Russell-Sartre Tribunal and other alternative routes to international justice ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးသီး ဖတ်ကြား တင်သွင်းကြမှာဖြစ်ပါတယ်။
    နံနက်ခင်း ဒုတိယပိုင်း အစီအစဉ်တွင် လန်ဒန်တက္ကသိုလ်၊ International Studies and Diplomacy ဌာန၊ အရှေ့တိုင်းနှင့်အာဖရိကရေးရာ ကထိက Arash Sedighi မှ သဘာပတိအဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
    စာတမ်းဖတ်မယ်သူတွေကတော့
    Burmese Muslim Association, UK မှ ဦးကျော်ဝင်းက “Mass Violence against Myanmar’s Muslims and State Persecution of Muslim Rohingya” ခေါင်းစဉ်ဖြင့်လည်းကောင်း –
    Arakan Rohingya National Organization ဥက္ကဌ Nural Islam မှ “Defenseless Rohingya and their Protection” ခေါင်းစဉ်ဖြင့်လည်းကောင်း –
    အောက်စဖို့ဒ်တက္ကသိုလ် တောင်အာရှရေးရာအစီအစဉ် အချိန်ပိုင်းပံ့ပိုးသူ၊ စင်္ကာပူ အမျိုးသား တက္ကသိုလ် တောင်အာရှရေးရာ တွဲဖက်ဌာနမှူးဟောင်း ဒေါက်တာ Shapan Adnan မှ “Bangladesh Government policies and the Situation of the Rohingya Refugees” ခေါင်းစဉ်ဖြင့်လည်းကောင်း –
    Fortify Rights လူ့အခွင့်အရေးအဖွဲ့တည်ထောင်သူနှင့်အမှုဆောင်ဒါရိုက်တာ၊ Ending Abusive State Policies Against Rohingya Muslims in Myanmar (2014)၊ “All You Can Do Is Pray”: Crimes Against Humanity and Ethnic Cleansing of Rohingya Muslims in Burma’s Arakan State (2013) နှင့် “The Government Could Have Stopped This: Sectarian Violence and Ensuing Abuses in Burma’s Arakan State (2012) ဟူသော အဖွဲ့၏ အစီရင်ခံစာများကိုရေးသားသူ Matthew Smith မှ “Findings From Myanmar: Documentation of Abuses Against Rohingya” ခေါင်းစဉ်ဖြင့်လည်းကောင်း –
    ညနေပိုင်း စားပွဲတင်ဆွေးနွေးမှုတွင် အောက်စဖို့ဒ်တက္ကသိုလ်မှ Joyce Pearce အငယ်တန်းသုတေသီ ဒေါက်တာ Dr Kirsten McConnachie မှ သဘာပတိအဖြစ်ဆောင်ရွက်မှာဖြစ်ပြီးတော့
    ထိုအစီအစဉ်၌ Dickson Poon ဥပဒေဌာန သုတေသီချုပ်၊ ဥပဒေနှင့်ရာဇ၀တ်ပြစ်မှုဆိုင်ရာပါမောက္ခ၊ လန်ဒန်တက္ကသိုလ် ဘုရင့်ကောလိပ်ရှိ အပြည်ပြည်ဆိုင်ရာ နိုင်ငံတော်ကျောထောက်နောက်ခံပြု ရာဇ၀တ်မှုလေ့လာရေး ဒါရိုက်တာ ပရော်ဖက်ဆာ Penny Green မှ “The State in Myanmar and Its Crimes” ခေါင်းစဉ်ဖြင့်လည်းကောင်း –
    Executive Director, The Sentinel Project for Genocide Prevention, Canada ကနေဒါနိုင်ငံ၊ မျိုးဖြုတ်သုတ်သင်ခြင်း ကာကွယ်ရေးအတွက် စောင့်ကြပ်လေ့လာရေး အမှုဆောင်ဒါရိုက်တာ Christopher Tuckwood မှ “Mapping and Tracking the Persecution of Rohingya” ခေါင်းစဉ်ဖြင့်လည်းကောင်း –
    Policy and Government Relations ၊ United to End Genocide ၏ ဒါရိုက်တာ၊ “Marching to Genocide in Burma”, (March 2014) အစီရင်ခံစာကို အမေရိကန်လွှတ်တော်အမတ် Tom Andrews နှင့် ပူးတွဲပြုစုသူ Daniel Sullivan မှ “Marching to Genocide in Burma” ခေါင်းစဉ်ဖြင့်လည်းကောင်း –
    ဘော့စ်တွန်ရှိ Tufts တက္ကသိုလ် Fletcher School of Law and Diplomacy ဌာန တွဲဖက်သုတေသီပါမောက္ခ ပရော်ဖက်ဆာ Bridget Conley မှ “Mass Atrocities and How They End: preliminary findings from high intensity cases of mass killings” ခေါင်းစဉ်ဖြင့် Skype အသုံးပြု၍ လည်းကောင်း ဦးတည်ဆွေးနွေးကြမှာဖြစ်ပါတယ်။
    ၎င်းနောက် ဒေါက်တာမောင်ဇာနည်နှင့် ဦးထွန်းခင်တို့မှ စီစဉ်ပြီး၊ ကန့်သတ် ဖိတ်ကြားသူများသာ ပါဝင်သော “What needs to be done ? ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါတယ်။
  • ကယ်ဆယ်ရေး လုပ်သားများ ထွက်ခွာပြီးနောက် လူသားချင်းစာနာမှု အကူအညီ ပျက်သုဉ်း
    ဧပြီ ၃၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- O’Laie Manzu
    ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကိုထားရှိရာ စခန်းတွေမှာ နာရီနဲ့အမျှ စာနပ်ရိက္ခာတွေလျော့ပါးလာပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုး တက်လာတာကြောင့် စခန်းတွင်းနေထိုင်သူ ကိုလှမောင် က အစားအသောက်ရရှိရေးအတွက် ဘေးပတ်ဝန်းကျင်ရွာက မိတ်ဆွေဆီမှာ အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်။
    A family stand at the entrance of their temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun
    စနေနေ့မနက်လောက်မှာ ဆန်တစ်အိတ် ကျပ် တစ်သောင်းခွဲ (၁၅ ဒေါ်လာ)ရှိပေမယ် နေ့တွင်းချင်း ကျပ် နှစ်သောင်းခွဲအထိ ထိုးတက်ခဲ့တယ်လို့ မိတ်ဆွေအိမ် သွားရင်း လမ်းမှာပြောပြခဲ့ပါတယ်။ သူ့မိတ်ဆွေကတော့ ဘင်္ဂလားပင်လယ်အော်ရှိ အနောက်ပိုင်းရခိုင်ပြည်နယ်မှာမကြာခဏ ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုတွေဖြစ်နေတဲ့ကြားက အိုးအိမ်မပျောက်၊ လှေမဆုံးဘဲ ကံကောင်းလှတဲ့ ရိုဟင်ဂျာတစ်ဦးလို့ပြောလို့ရပါလိမ့်မယ်။
    ပြည်နယ်မြို့တော် စစ်တွေမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားတဲ့ အထောက်အကူပြုလုပ်သားတွေကို ဖယ်ရှားလိုက်တဲ့အတွက် ကိုလှမောင်နဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ အစာရေစာတွေအတွက် ပိုမိုစိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်ဖွယ်ရှိတယ်လို့ဆိုရပါမယ်။ ပြန်လည်နေရာချထားရေးစခန်းက ဒုက္ခသည် အနည်းဆုံး နှစ်သောင်းလောက်အတွက်ကတော့ ဆယ်ရက်အတွင်း သောက်သုံးရေကုန်ခမ်းသွားမှာဖြစ်ပြီး နှစ်ပါတ်အတွင်း အစားအသောက်တွေ ပျက်တောက်သွားပါလိမ့်မယ်။ နောက်ထပ် ထောင်ပေါင်းများစွာလည်း ဒုက္ခရောက်နိုင်ချေရှိနေပါတယ်။
    ဒါကတော့ စစ်တွေ ဒေသပိုင်းမှာရှိတဲ့ အသိုင်းအဝိုင်းကို အခြေခံပြီး ရည်ညွန်းပြောဆိုတာဖြစ်လို့ အားလုံးခြုံကြည့်ရင်တော့ ကုန်စည်ခမ်းခြောက်မှုတွေကြောင့် ဒုက္ခရောက်နိုင်ခြေရှိတဲ့ ဦးရေက ပိုများပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက စစ်တွေကို အခြေပြုပြီး ဒုက္ခသည်စခန်းက လူဦးရေ တစ်သိန်းလေးသောင်းလောက်ကို ထောက်ပံ့တဲ့အပြင် အခြားကျေးရွာတွေက လူဦးရေ လေးသောင်းခန့်ကိုလည်း ကူညီနေကြရလို့ပါဘဲ။
    Children look out from their temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun
    ပြည်နယ်အတွင်း လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေက အကူအညီလက်ခံရရှိတဲ့ ဒုက္ခသည်ဦးရေများတယ်ဆိုပေမယ့် လူများစုဖြစ်တဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေအပေါ်မှီခိုနေရတာတွေလည်းရှိပါတယ်။
    ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရခိုင်ဗုဒ္ဓဘာသာဝင် ၄၀၀ လောက်ဟာ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အိုးအိမ်တွေ၊ ရုံးတွေ၊ ဂိုဒေါင်တွေ၊ သယ်ယူပို့ဆောင်ရေး စက်လှေတွေကို ဖျက်ဆီးလိုက်ကြတဲ့အတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ရပ်တန့်လိုက်ရတာပါ။ လူစုခွဲဖို့အတွက်နဲ့ လူအုပ်တွေကြားက ကယ်ဆယ်ရေးလုပ်သားတွေကို ကယ်ဆယ်ဖို့အတွက် ရဲတွေက သတိပေး သေနတ်တွေ ပစ်ဖောက်ခဲ့ကြပြီး သေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေတော့မရှိခဲ့ပါဘူး။
    နောက်တစ်ရက်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတွေက သတိပေး သေနတ်တွေကြောင့် ၁၁ နှစ်အရွယ် မိန်းခလေးတစ်ဦး သေဆုံးခဲ့ပြီး ၃၉ နှစ်အရွယ်အမျိုးသမီး သေနတ်ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
    အစိုးရမဟုတ်တဲ့ အရပ်ဖက်အန်ဂျီအို အဖွဲ့အစည်းတွေမရှိတော့တဲ့အတွက် ကုလသမဂ္ဂကတော့ အစိုးရနဲ့ ညှိနှိုင်းပြီး အရေးပေါ် ကုန်စည်တွေကို ဒုက္ခသည်စခန်းတွေထဲ ပေးပို့နေပါတယ်။ ဒါကလည်း ရေတို ဖြေရှင်းချက်သာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ Office for the Coordination of Humanitarian Affairs က ပြောရေးဆိုခွင့်ရှိသူ Pierre Peron ပြောပြပါတယ်။
    “ရေတိုနဲ့ရေရှည်မှာ အရပ်ဖက် အန်ဂျီအို အဖွဲ့ တွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတွေ ရှိဖို့ အရမ်းလိုအပ်ပါတယ်။” “ နိုင်ငံတကာလုပ်သားတွေနဲ့ ပြည်တွင်းဝန်ထမ်း တွေအတွက်ပါ လုံခြုံစိတ်ချရတဲ့ နေရာတွေ ဖြစ်ဖို့ အစိုးရက အာမခံဖို့လိုအပ်ပါတယ်။” လို့ သူက ပြောပါတယ်။
    ဇွန်လ ၂၀၁၂ ခုနှစ်ကတည်းက အကြမ်းဖက်မှုတွေကြောင့် ပြန်လည်နေရာချထားရေးစခန်းတွေထဲကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ တစ်သိန်းလေးသောင်းကျော်လောက်ကို ဦးစားပေးကူညီတယ်လို့ စွပ်စွဲနေတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းရဲ့ မနှစ်မြိုမှုကို ကယ်ဆယ်ရေးလုပ်သားတွေ ရင်ဆိုင်နေရတာကြာပါပြီ။
    အရပ်ဖက် အန်ဂျီအို ကိုယ်စားလှယ်တွေကတော့ ရခိုင်ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းကိုလည်း ကူညီပေးပါတယ်လို့ဆိုကာ ဘက်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ အဆိုအရကတော့ ကယ်ဆယ်ရေးလုပ်သားတွေက ခြိမ်းခြောက်တာ၊ စော်ကားတာကို ခံကြရပါတယ်။
    A Rohingya man carrying his child looks at police and volunteer conducting a national census at a Rohingya village in Sittwe
    REUTERS/Soe Zeya Tun
    အပြည်ပြည်ဆိုင်ရာ အရပ်ဖက် အန်ဂျီအို တွေကို ပြည်နယ်ကနေ နှင်ထုတ်ပေးဖို့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက အစိုးရဆီမှာ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ လက်တလောဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်းကတော့ ကယ်ဆယ်ရေးအဖွဲ့အစည်းက ဝန်ထမ်းတွေကို စစ်တွေမြို့က ဖယ်ရှားအောင် ဖန်တီးလိုက်သလိုပါဘဲ။
    “သူတို့က ကျန်ရှိနေသေးတဲ့ အန်ဂျီအို လုပ်သားတွေကို စာရင်းပြုစုပြီး အပြီးရှင်းဖို့ ကြိုးစားနေတာ” လို့ အမည်မဖော်လိုသူ ကယ်ဆယ်ရေးလုပ်သားတစ်ဦးကပြောပြပါတယ်။
    စားနပ်ရိက္ခာတွေ သယ်ယူဖို့ဆောင်ပေးဖို့ တဆင့်ခံလုပ်ပေးတဲ့ ဒေသခံတွေကိုလည်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အလုပ်မလုပ်ဖို့ ခြိမ်းခြောက်ထားတဲ့အတွက် လူသားချင်းစာနာထောက်ထားတဲ့ အလုပ်တွေ ဆက်လုပ်ဖို့ကတော့ တော်တော်ခက်ခဲ့ပါလိမ့်မယ်လို့ သူကပြောပါတယ်။
    “ရုံးတွေ၊ ကားတွေ၊ ယဉ်တွေ၊ ကုန်ကားတွေလည်း ကျနော်တို့ကို ဘယ်သူမှ မငှားပေးတော့ဘူး။ ကျနော်တို့ကို ဘာမှလည်း မရောင်းပေးတော့ဘူး။” လို့ သူကပြောပါတယ်။
    သန်းခေါင်စာရင်း အရှုပ်တော်ပုံ
    ဒီလို ကယ်ဆယ်ရေးလုပ်သားတွေကို ဖယ်ရှားလိုက်ချိန်ဟာ ဘာသာရေးနဲ့ လူမျိုးရေး မေးခွန်းတွေကြောင့် အငြင်းပွားမှုတွေ ပေါက်ဖွားနေတဲ့ သန်းခေါင်စာရင်းကောက်ဖို့ပြင်ဆင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါဟာ အစိုးရကိုယ်နှိုက်က ဘင်္ဂလားဒေ့ရှ်က တရားမဝင်ဘန်ဂါလီတွေလို့ စွပ်စွဲခံနေရတဲ့ သန်းချီ ရိုဟင်ဂျာတို့ရဲ့ ဇာတိမြေဖြစ်ရာ ဒီရခိုင်ပြည်နယ်မှာလည်း တင်းမာမှု ပိုမိုကြီးထွားလာစေနိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။
    “ရိုဟင်ဂျာ” ဆိုတဲ့ အမည်ဟာ သန်းခေါင်စာရင်းမှာမပါပေမယ့် “အခြား” ဆိုတာကိုရွေးချယ်ပြီး သန်းခေါင်စာရင်းလာကောက်သူကို ကိုယ့်ရဲ့ လူမျိုးရေးထည့်ပေးဖို့ ပြောလို့ရပါတယ်။ ဒါဟာ ရိုဟင်ဂျာဆိုတာကို တရားဝင်သိအမှတ်ပြုတဲ့ အနေအထားကို ရောက်သွားနိုင်တယ်လို့ ဆိုပြီး တချို့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက သန်းခေါင်စာရင်းကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်ကြပါတယ်။
    သန်းခေါင်စာရင်းကို ဆန့်ကျင်တဲ့ သင်္ကေတ အမှတ်အသားနေနဲ့ စစ်တွေက ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေးအလံတွေကို အိမ်ရှေ့မှာ ချိတ်ဆွဲကြပါတယ်။ Malteser International ကယ်ဆယ်ရေးရုံးရှေ့မှာ ဘာသာရေးအလံ ချိတ်ဆွဲထားလို့ ဘာသာရေး သို့မဟုတ် နိုင်ငံရေး သင်္ကေတဟာအဖွဲ့အစည်းရဲ့စည်းမျဉ်းကိုချိုးဖောက်တယ်ဆိုပြီး ဖယ်ရှားလိုက်ပါတယ်။
    A Rohingya woman carries a child inside a temporary shelter as the government embarks on a national census at a Rohingya refugee camp in Sittwe
    REUTERS/Soe Zeya Tun
    ဒါကို အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်သား အမျိုးသမီးတစ်ဦးက ဘာသာရေးအလံကို မဖွယ်မရာ လုပ်တယ်ဆိုတဲ့ ကောလဟာလ ပြန့်လွင့်ခဲ့တဲ့နောက် ညနေ ၈ နာရီလောက်မှာတော့ Malteser International ရုံးရှေ့မှ လူ ၄၀၀ လောက် စုဝေးခဲ့ပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အခြား အန်ဂျီအိုနဲ့ ယူအန်ရုံးတွေကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းပိုင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။
    စနေနေ့မှာတော့ အစိုးရပြောရေဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ရိုဟင်ဂျာ” လို့ထုတ်ဖော်ရင်တော့ သန်းခေါင်းစာရင်ကောက်သူတွေက မှတ်တမ်းတင်မှမဟုတ်ဘဲ “ဘန်ဂါလီ” ဆိုမှသာ စာရင်းသွင်းမယ်လို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်က သန်းခေါင်စာရင်းကောက်သူတွေကလည်း ညွန်ကြားထားတဲ့အတိုင်းသာ လိုက်လုပ်ကြရပါတယ် လို့ Reuters သတင်းဌာနကိုပြောကြပါတယ်။
    “အားလုံးကတော့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာပါ လို့ပြောတာဘဲ” လို့ စံပြကျေးရွာက သန်းခေါင်စာရင်းကောက်ပေးသူ ကျောင်းဆရာ ဦးစိန်ဝင်းက ပြောပါတယ်။
    “ဒီလိုဆို ကျနော်တို့လည်း ဘာမှမရေးရဘူး။ အထက်က အသိအမှတ်မပြုထားတဲ့ လူမျိုးဆိုရင် မရေးနဲ့လို့ အမိန့်ထုတ်ထားတာကို” လို့ပြောပါတယ်။
    သန်းခေါင်စာရင်းကို စီမံဆောင်ရွက်ရာမှာ ကူညီပေးတဲ့ UN Population Fund (UNFPA) ကတော့ ရိုဟင်ဂျာလို့ “ကိုယ်ပိုင်ဖော်ထုတ်ခွင့်” ကို ခွင့်မပြုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ စိုးရိမ်မိတယ်လို့ ထုတ်ပြန်ကြေညာချက်တစ်စောင်မှာဖော်ပြထားပါတယ်။
    “နိုင်ငံတကာသန်းခေါင်စာရင်း စံချိန်စံနှုန်းများမှလည်းကောင်း၊ လူ့အခွင့်အရေးစည်းမျဉ်းများမှ လည်းကောင်း၊ သဘောတူလက်ခံထားပြီးသော လုပ်ထုံးလုပ်နည်းများမှ လည်းကောင်း ဤသို့ ကျောခိုင်းခွဲထွက်လာမှုအပေါ် UNFPA မှ အထူးပင် စိုးရိမ်မကင်း ဖြစ်နေရပါသည်။” လို့ အင်္ဂါနေ့ထုတ် ကြေညာချက်တွေ ဖော်ပြခဲ့ပါတယ်။ အဲဒီအပြင် “လူ့အဖွဲ့အစည်းဆိုင်ရာ အကြမ်းဖက်မှုသမိုင်းကြောင်း ရှိနေသော ရခိုင်ပြည်နယ်၌ ဤလုပ်ရပ်က တင်းမာမှုများ မြှင့်တက်ကြီးထွား လာစေနိုင်ပြီး ကောက်ခံရရှိသည့် သန်းခေါင်စာရင်းအချက်အလက်များအပေါ် ယုံကြည်ထိုက်မှုတန်ဖိုး လျော့ကျလာမည်ကိုလည်း စိုးရိမ်ပါသည်။” လို့ UNFPA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
    မှတ်ချက်။ Reuters သတင်းထောက်များပေးပို့ပြီး Jared Ferrie ရေးသားကာ Nick Macfie မှတီးဖြတ်ထားသည့် Humanitarian crisis looms in western Myanmar as foreign aid workers leave သတင်းဆောင်းပါးအား O’Laie Manzu မှ ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။
  • တင်းမာမှုကြားက ခေါင်းမာနေဆဲ မြန်မာ့ သန်းခေါင်စာရင်း
    မတ် ၂၀၊ ၂၀၁၄
    M-Media
    myanmar-census-2012
    သန်းခေါင်စာရင်းအား နိုင်ငံတော်ကျောထောက်နောက်ခံဖိနှိပ်မှုအဖြစ် အသုံးချလာမည်ကို အချို့က စိုးရိမ်နေကြသည်။
    နာမည်ဆိုးဖြင့် ကျော်ကြားနေသော မွတ်စ်လင်မ်ဆန့်ကျင်ရေးသံဃာ အရှင်ဝီရသူသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံ၏ အကြီးစား အကြမ်းဖက်ဒေသဖြစ်သည့် ရခိုင်ပြည်နယ်သို့ အခြွေအရံတအုံ တကျင်းဖြင့်ရောက်လာသည်။ ကလေးငယ်များက ဗုံမောင်းတီး၍ ကြိုဆိုခဲ့ကြသည်။
    သူ၏ ရုတ်ခြည်းရောက်လာမှုက နိုင်ငံတော်သန်းခေါင် စာရင်းကောက်ခံတော့မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ မိမိကိုယ်ကို “ဗမာဘင်လာဒင်”ဟု ဖော်ပြလေ့ရှိသော ယင်းသံဃာမှာ နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် သန်းခေါင် စာရင်းဆိုင်ရာ စိန်ခေါ်ချက်၏ အကြီးစား သင်္ကေတတစ်ရပ်ဖြစ်လို့နေသည်။
    ကုလကျောထောက်နောက်ခံပြု ပရောဂျက်သည် ရခိုင်ပြည်နယ်၌လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်တို့ အကြား၌လည်ကောင်း အကြမ်းဖက်မီးစ ပြန်လည်ထတောက်မည့် အန္တရာယ်ကို ကြုံနေရပေပြီ။ လူမျိုးနှင့်ဘာသာဆိုင်ရာ သန်းခေါင်စာရင်း ပုံစံအပေါ် ထွက်ပေါ်လာသည့် မေးခွန်းများ၊ ပြဿနာများကလည်း နိုင်ငံတစ်ဝှမ်းလုံးတွင် ရှုပ်ထွေးလျက် ရှိသည်။ နိုင်ငံတစ်ဝှမ်းရှိလက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေးကို အစိုးရဖက်မှကြိုးစားနေသော်လည်း လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေများ အတွင်း ထောင်ပေါင်းများစွာသော လူတို့မှာ သန်းခေါင်စာရင်း မှတ်တမ်းထဲ ရောက်ဖွယ်ရာ လမ်းမမြင်နိုင်သေး။
    သန်းခေါင်စာရင်းကောက်ခံမည့် လူပေါင်း တစ်သိန်းခွဲမှာ တောကြိုအုံကြား နယ်ပယ်ဒေသများ၊ ဒုက္ခသည်စခန်းအသီးသီးသို့ အနက်ရောင် 2B ခဲတံ ကိုင်ဆောင်လျက် မေးခွန်း ၄၁ ချက်နှင့်အတူ ဖြန့်ကျက်ပို့လွှတ်ထားပြီးလေပြီ။
    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒေသခံ မွတ်စလင်များမှ မိမိတို့လူမျိုး အမည် ရိုဟင်ဂျာ ဆိုသည်ကို မိမိတို့ဆန္ဒအလျောက် ထည့်သွင်းမည့်ကိစ္စအား ဗုဒ္ဓဘာသာဝင် အမျိုးသားရေး ၀ါဒီများက ဆန့်ကျင်ကန့်ကွက်လျက် ရှိနေသည်။ ၎င်းသူတို့က ရိုဟင်ဂျာတို့အား ဘင်္ဂါလီဟုသာ အမည်သုံးဖြည့်သွင်းလိုက်ရန်၊ နိုင်ငံသားနှင့်မထိုက်တန်သည့် တရားမ၀င် ခိုးဝင်လာသူများ အဖြစ် သတ်မှတ်ရန် အတင်းအဓမ္မ ကြံဆောင်နေကြပေသည်။
    wirathu
    ဦးဝီရသူ စစ်တွေကို ရောက်စဉ် ကြိုဆိုသည့် ရခိုင်လူမျိုးများ (ဓါတ်ပုံ ဦးဝီရသူ FB)
    မွတ်စလင်တို့မှာ ဒေသတွင်းပြည်သူတို့အား လွှမ်းမိုး လာတော့မည်ဟူသော မှိုင်းတိုက်ချက်ဖြင့် စစ်တွေမြို့တွင် တရားဟောပြောပြီးနောက် ဦးဝီရသူသည် အရှေ့ဖက် ကီလိုမီတာ ၆၀ အကွာ မြေပုံမြို့၊ သန်းခေါင် စာရင်းဆန္ဒပြပွဲအား ဦးဆောင်သွားရောက်ခဲ့သည်။
    “ ဦးဇင်းတို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ အမည် နာမမျိုး မရှိဘူး ” ဟု သူက ပြည်တွင်းသတင်းထောက်များထံ တနင်္ဂနွေနေ့က ပြောကြားသည်။
    သန်းခေါင်စာရင်းကို ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးကာလ ၁၉၈၃ ခုနှစ်တွင် နောက်ဆုံး ကောက်ခံခဲ့သည်။ ၎င်းမှာ ထင်ရာစိုင်း လုပ်ရပ်တစ်ခုအဖြစ် ကျော်ကြားခဲ့ပြီး မွတ်စလင်တို့အား ထည့်သွင်းရေတွက်ခဲ့မှုမရှိဟု လူ့အခွင့်အရေး အုပ်စုများက ဆိုထားသည်။ ယခင်က မွတ်စလင်ဦးရေ ၄ ရာခိုင်နှုန်းသာရှိသည်ဟု ထုတ်ပြန်ခဲ့သော စာရင်းအင်းမှာ ပကတိ အခြေအနေ၌ ထိုထက်မက များပြားနေနိုင်သည်။
    “ ဒါဟာ မွတ်စလင်တွေအပေါ် အမုန်းတရား သွတ်သွင်းပြီး အကြမ်းဖက်နေသူ အစွန်းရောက် အမျိုးသားရေးဝါဒီတွေအဖို့ မတရားပြုမူအောင် တွန်းအားပေးရာရောက်စေတယ် ” ဟု European Burma Network မှ သန်းခေါင် စာရင်းကောက်ခံမှုအား ရွှေ့ဆိုင်းရန် အရေးဆိုသည့်ထုတ်ပြန်ချက်၌ ပြောထားသည်။ အခြား အပြည်ပြည်ဆိုင်ရာ အုပ်စုများကလည်း ရွှေ့ဆိုင်းရန် တောင်းဆိုထားကြသည်။
    သန်းခေါင်စာရင်းကို မိုက်ရူးရဲဆန်ဆန် မလုပ်သင့်ကြောင်း Burma Campaign UK မှ ဆိုထားသလို၊ မြန်မာနိုင်ငံရှိ ကရင်လူမျိုး ကိုယ်စားပြု အုပ်စု ၂၈ စုပါဝင်သည့် နိုင်ငံတကာ မဟာမိတ်အဖွဲ့အစည်း တစ်ရပ်ကလည်း ၎င်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပျက်သုဉ်းစေနိုင်ကြောင်း သတိပေးထား၏။
    မြန်မာစစ်တပ်သည် ၎င်းသတင်း အချက်အလက်ကို တိုင်းရင်းသား လက်နက်ကိုင်တို့အား ချေမှုန်းရာ၌ အသုံးချဖို့ များနေကြောင်း ကရင်အမျိုးသမီး အဖွဲ့အတွင်းရေးမှူး K’nyaw Paw က ယုံကြည်ထားသည်။
    “ အဲ့ဒီစာရင်းဇယားမှာ တိုင်းရင်းလက်နက်ကိုင် အုပ်စုအရေအတွက်တွေ၊ တိုင်းရင်း လက်နက်ကိုင်အုပ်စုများရဲ့ မိသားစုဝင်တွေ၊ တိုင်းရင်း လက်နက်ကိုင် အုပ်စုတွေအပေါ် အားပေးထောက်ခံကြတဲ့ လူတွေရဲ့အနေအထား အားလုံးကို သိရှိစေတယ်။ သူတို့(စစ်တပ်)အတွက် မဟာဗျူဟာ တစ်ရပ်ဖော်ဆောင်ဖို့ အလွန်အင်မတန် လွယ်ကူသွားမယ်လေ ” ဟု Anadolu သတင်းအေဂျင်စီသို့ သူမက ပြောကြားခဲ့သည်။
    ယူကေအခြေစိုက် လေ့လာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Daniel Gray မှ Maplecroft ကလည်း ယင်းအချက်ကို သဘောတူသည်။
    “ ဒေသဆိုင်ရာ နဲ့ နိုင်ငံရေးရာလှုပ်ရှားသူတွေရဲ့ သတင်းအချက်အလက်အသေးစိတ်ပေးလိုက်တာဟာ ပိုမိုပြင်းထန်တဲ့ နိုင်ငံတော် ဖိနှိပ်မှုဖြစ်အောင် ကျားကိုအတောင်ပံ တပ်ပေးလိုက်သလိုပါပဲ ” ဟု Maplecroft က ဆိုသည်။
    သို့သော် မြန်မာနိုင်ငံအနေနှင့် ၎င်းကို အရေးပေါ် လိုအပ်လျက်ရှိသည်။ တိုင်းပြည်လူဦးရေမှာ ၄၈ သန်းမှ ၆၅ သန်းအထိ ပြောင်းလဲ များပြားလာကြောင်း ခန့်မှန်းထားကြသည်။ မည်သည့်နေရာဒေသတွင် ဆေးရုံများ၊ ကျောင်းများ၊ လမ်းသစ်ဖောက်လုပ်ရေးများ အပူတပြင်းလိုအပ်နေသည်ကို ပြုပြင်ပြောင်းလဲမှုယိမ်း အစိုးရအား သိရှိစေ၍ ချွတ်ခြုံကျ တိုင်းပြည်အား ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခြင်း၌ အထောက်အကူပြုစေမည်ဖြစ်၏။
    အမှောင်ချပိတ်ဆို့ထားသော အာဏာရှင်အစိုးရအောက်တွင် နှစ်ပေါင်း ငါးဆယ်မျှ ရှူနာရှိုက်ကုန်းဖြစ်နေရသည့် တိုင်းပြည်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ တိုးတက်မှု တစိတ်တပိုင်းဖြစ်ပါသည်ဟု ထောက်ခံသူများက ဆိုကြသည်။ ဤစီမံကိန်းအတွက် ဒေါ်လာ ၇၅ သန်းထောက်ပံ့ကူညီထားသော ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့နှင့်တစ်ကွ ဗြိတိန်၊ ဂျာမဏီ အစရှိသည့်နိုင်ငံများက သန်းခေါင်စာရင်းကောက်ခံမှုသည် ဖြိုခွဲခံနိုင်ငံအား ပြန်လည်စုစည်းလာအောင် အထောက်အကူပြုလိမ့်မည်ဟု ဆိုနေပေ၏။
    ဤသန်းခေါင်စာရင်းကောက်ခံမှုမှာ အချိန်အခါနှင့် သင့်တင့်လျောက်ပတ်သော သမိုင်းဝင်လုပ်ရပ်ဖြစ်ကြောင်း ကုလလူဦးရေ ရံပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ်ဖြစ်သူ ဂျက်နက် ဂျက်ဆင်မှ ပြီးခဲ့သည့်လ သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။
    “ ဒါဟာ အနိမ့်ဆုံးအားဖြင့် လူတိုင်းအဖို့ လာမဲ့ဆယ်နှစ်စာ သူတို့ရဲ့သမိုင်းကို ပြောပြနိုင်စေတဲ့ အခွင့်အရေး တစ်ရပ် ဖြစ်ပါတယ် ”။
    သို့သော် စာရင်းဇယားသေချာတိကျမှုနှင့်ပတ်သက်၍ သေချာတပ်အပ် မဆိုနိုင်သေး။ စစ်အုပ်ချုပ်ရေးအလွန် ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်မှ သမ္မတအဖြစ်တာဝန်ယူပြီးကတည်းက လူပေါင်းများစွာတို့သည် မိမိတို့၏ ပုဂ္ဂလအချက် အလက်များပေးအပ်ရန် တွန့်ဆုတ်နေကြဆဲဖြစ်သည်။ ၎င်းတို့အထဲ ဦးသိန်းစိန်ကိုယ်တိုင် ပါဝင်နေပါသည်။
    နိုင်ငံ့ဒေသအချို့၌ သန်းခေါင်စာရင်းကောက်ခံမှု ဖြစ်မြောက်နိုင်ချေမရှိပါ။ ခရစ်ယာန်အများစုရှိသည့် မြောက်ပိုင်း ကချင်ပြည်နယ်မှ အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များက မိမိတို့ပိုင်နက်အတွင်း ၀င်ရောက်ခွင့်ကို ယခုလအတွင်း ငြင်းဆိုပြောကြားထားသည်။ ယင်းနယ်မြေ၌ လူဦးရေ အနည်းဆုံး ၈၀၀၀၀ ခန့် ရှိနေကြသည်။
    ပြည်နယ်အတွင်းရှိလူအတော်များများသည် မျိုးနွယ်ကွဲများကိ ၁၂ စုအဖြစ် တရားဝင် တစ်ဖက်သတ်ခွဲခြမ်းလိုက်ခြင်းအပေါ် မကြေမလည်ဖြစ်နေကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းမှာ ၎င်းတို့၏ လူမျိုးရေးဆိုင်ရာအမှတ်လက္ခဏာနှင့်နိုင်ငံရေးသြဇာကို အားပျော့သွားအောင် ကြံဆောင်စီစဉ်ထားခြင်းဖြစ်ကြောင်း ကချင်အုပ်စုများက ပြောကြားသည်။
    ရှမ်းပြည်နယ်မှ ပလောင်လူမျိုးများအပါအ၀င် အခြားလူမျိုးစုတို့ကလည်း လက်တွေ့နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည့်ပြဿနာ အပေါ် စောဒက၀င်လျက်ရှိသည်။ မိမိတို့၏ ကိုယ်ပိုင်မျိုးနွယ် အမည်ကို အသုံးပြုခွင့်ပေးရမည့်အစား နီးစပ်ရာအင်အားကြီး မျိုးနွယ်စုများအတွင်း သွတ်သွင်းခံရခြင်းကြောင့် ဖြစ်သည်။
    ၁၉၈၂ ခုနှစ်တွင် ရေးဆွဲလိုက်သော တရားဝင်အသိအမှတ်ပြု တိုင်းရင်းမျိုးနွယ် ၁၃၅ မျိုးစာရင်းမှာ လှောင်ပြောင်နှိမ့်ချ စရာဖြစ်နေခြင်းက စောဒကတို့၏ အရင်းအမြစ်ဖြစ်နေပါသည်။
    ပြီးခဲ့သည့်လအတွင်း ဦးသိန်းစိန်၏မိန့်ခွန်းတစ်ရပ်တွင် သန်းခေါင်စာရင်းကောက်ခံမှုသည် လူမျိုးစုအရေးအပေါ် မှားယွင်းသည့် နည်းစဉ်ဖြင့် ချဉ်းကပ်မိခြင်းဖြစ်သည်ဟု ၀န်ခံခဲ့သော်လည်း ထိုအတိုင်းသာ ရှေ့ဆက်ရန် ဆုံးဖြတ်ထားကြောင်း ထုတ်ဖော်ပြောဆိုသွား၏။
    ရှမ်းပြည်အရှေ့ပိုင်းရှိ လူနည်းစုဝင်တို့ကမူ တရားဝင်စာရင်းအင်းကောက်ခံမှုအပေါ် အယုံအကြည် မရှိသည်ကို ဖော်ပြသောအားဖြင့် အစိုးရဖက် စာရင်းကောက်ခံမှုပြီးစီးသည်နှင့် မိမိတို့၏စာရင်းကို မိမိတို့ဖာသာ ထုတ်ပြန်မည်ဟု ပြတ်သားစွာ ကြေညာထားပေသည်။
    “ ကျွန်တော်တို့ ကိုယ်ပိုင်နည်းစဉ်အောက်ကနေ တိုင်းရင်းမျိုးနွယ်အသီးသီးရဲ့ လူဦးရေစာရင်းအမှန်ကို ဆုံးဖြတ်ဖို့ ရည်ရွယ်ထားပါတယ် ” ဟု ရှမ်းပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်သူ ဦးဝင်းမြင့်က ဆိုသည်။
    ရိုဟင်ဂျာတို့သည် သန်းခေါင်စာရင်းကောက်ခံမှု အတွင်း အသုံးပြုသည့် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှ ထုတ်ပယ်ခံထားရ၏။ ထိုအစား “အခြား”အုပ်စုဝင်အောက်၌ ၎င်းတို့မှ ၀င်ရောက်ကြရမည်ဖြစ်သည်။
    cencus
    ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုများ ဖြစ်ပွားချိန်မှ စတင်ပြိး အတားအဆီးများဖြင့် ပိတ်ဆို့တင်းကြပ်ထားသော စစ်တွေမြို့မှ ရိုဟင်ဂျာများ နေထိုင်ရာ ရပ်ကွက်
    ယခုလအတွင်း သန်းခေါင်စာရင်း အရေးဆွေးနွေးရန် လ၀က၀န်ကြီး ဦးခင်ရီနှင့် ဂျက်ဆင်တို့သည် စစ်တွေရှိ ရခိုင်နှင့်ရိုဟင်ဂျာခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခဲ့ကြသော အစ္စလာမ် လူ့အဖွဲ့အစည်းခေါင်းဆောင်များ၏ အဆိုအရ လ၀က၀န်ကြီးသည် ရိုဟင်ဂျာတို့အား ဘင်္ဂါလီဟုသာ မှတ်တမ်းရေးသွင်းရန်မှာကြားပြီး ရိုဟင်ဂျာဟု ထည့်သွင်းပါက အကြမ်းဖက်မှုများထံ ပိုမို ဦးတည်သွားနိုင်သည်ဟု ပြောကြားသွားကြောင်း သိရသည်။
    စစ်တွေမြို့သည် ၂၀၁၂ နှစ်လည်ပိုင်းမှ စတင်သော လူမျိုးရေး အဓိကရုဏ်း ဇာတ်လမ်းတွဲများ၏ ဘူမိနက်သန် နေရာဖြစ်သည်။ ၎င်းမှ တဆင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ခဲ့သည်။ တိုင်းရင်းနွယ်များ အနက် ထောင်ချီပြီး အိုးအိမ်မဲ့သွား ရသူနှင့် ရာချီပြီးသတ်ဖြတ်ခံရသူ အများစုမှာကား ရိုဟင်ဂျာတို့ ဖြစ်နေသည်။
    အကြမ်းဖက်ဖြစ်စဉ် စတင်ကတည်းကပင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာအများစုသည် သွားလာခွင့်နှင့်ပတ်သက်၍ လက်နက်ကိုင် ရဲတပ်ဖွဲ့များနှင့် စစ်ဆေးရေးဂိတ်များ၏ တင်းကြပ်ကန့်သတ်မှုကို ခံနေကြရပါ၏။
    “ ကျွန်တော်တို့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သီးခြားခွဲထွက်နယ်ဖြစ်လာဖို့ မျှော်ကိုးနေသူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ရိုဟင်ဂျာလူမျိုးတွေ ဖြစ်ပါတယ်။ ရခိုင်လူမျိုးများ နှစ်သက်သည်ဖြစ်စေ မနှစ်မြို့သည်ဖြစ်စေ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ဘဲ ဖြည့်သွင်းမှာပါ ” ဟု လူ့အဖွဲ့အစည်းနှင့်ဘာသာရေး ခေါင်းဆောင်ဖြစ်သူ နူးရ် အလာမ်းက ဆိုခဲ့ပေသည်။
    ** Worldbulletin တွင်ဖော်ပြခဲ့သည့်  Myanmar goes ahead with census despite tensions သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • ရိုဟင်ဂျာတွေကို လူ့အခွင့်အရေး ချိုးဖောက်ဖို့ မြန်မာအစိုးရ မူဝါဒ ချမှတ်ထားဟု Fortify Rights အဖွဲ့ ဖွင့်ချ
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၄
    M-Media
    1622761_272962526199472_2147124283_n
    ရန်ကုန်။    ။လူနည်းစုဝင် ရိုဟင်ဂျာမွတ်စလင် လူ့အဖွဲ့အစည်းအား လူဦးရေနှင့်လွတ်လပ်စွာသွားလာခွင့် ထိန်းချုပ် ကန့်သတ်ထားချက်များ အပါအ၀င် မြန်မာအစိုးရ၏ ချိုးနှိမ်စော်ကားမူဝါဒများကို နှောင်ကြိုးမဲ့ လူ့အခွင့်အရေး အုပ်စု တစ်ခုမှ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် အထောက်အထားများနှင့် တစ်ကွ ဖွင့်ချတင်ပြလိုက်သည်။
    အရှေ့တောင်အာရှအခြေစိုက် Fortify Rights အဖွဲ့ အမှုဆောင်ဒါရိုက်တာ မက်သျူး စမစ် Matthew Smith က ယင်းတွေ့ရှိချက်များမှာ ပေါက်ကြားလာသည့်  စာရွက်စာတမ်း (၁၂)စောင် နှင့် လူထု သုံးသပ်မှု မှတ်တမ်းများ အပေါ် အခြေခံထားခြင်းဖြစ်သည်ဟု ပြောကြားသည်။
    လူနည်းစုဝင် အုပ်စုအပေါ် ညှင်းပန်းနှိပ်စက်မှုများကို ကျကျနန ရေးသွင်းပြုစုထားသလို လွန်ခဲ့သည့်ဆယ်စုနှ စ်များစွာမှ အချို့ကိစ္စများလည်း ပါဝင်ကြောင်း၊ ၎င်းတို့၏ တုန်လှုပ်ဖွယ် သက်ရောက်မှုများကို ရေးသားချက်များ၌ တွေ့ရမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပထမဆုံး လူသိရှင်ကြားတရားဝင် ထုတ်ဖော်မှုဖြစ်ကြောင်း သူက ဆိုသည်။
    “ အဲ့ဒီ တင်ပြချက်က လူလူချင်းစော်ကားတဲ့ပြစ်မှုတွေ တိုးပွားလာစေတဲ့ မြန်မာအာဏာပိုင်များ အကြားက အသိပညာနဲ့ ကြံစည်မှု အနေအထားကို ဖော်ပြထားပါတယ်။ လူပေါင်းများစွာ ပြိုလဲစေတဲ့ ဒီစော်ကားချက်တွေကို ကောက်ကျစ်ယုတ်မာမှုနဲ့ တစ်ကွ နှစ်ပေါင်းများစွာ ဖော်ဆောင်နေခဲ့ခြင်းဖြစ်တယ် ” ဟု စမစ်မှ ပြောပြသည်။
    တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားရန် အေပီ သတင်းဌာန၏ တောင်းဆိုချက်ကို သမ္မတရုံးပြောဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်မှ အဖြေမပေးခဲ့ပါ။ သို့သော် အစိုးရ အာဏာပိုင်များ၏ လက်သုံးစကားဖြစ်သော “ ဘင်္ဂါလီ(ရိုဟင်ဂျာ) အားပေး အုပ်စုများ၏ အခြေအမြစ်မဲ့ စွပ်စွဲချက်တို့ဖြင့် သုံးသပ်ပြောဆိုခြင်း မပြုပါနှင့် ” ဟု ပြောခဲ့ကြောင်း Myanmar Times က ဖော်ပြသည်။
    လူဦးရေ သန်း ၆၀ ရှိ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော မြန်မာနိုင်ငံသည် ရာစုနှစ်တစ်ဝက် စစ်အုပ်ချုပ်ရေးကြမ်းကြီးမှ ရုတ်တရက် ခုန်ထွက်လာရသည်။ အညှာမခိုင်သေးသည့် ဒီမိုကရေစီ ကူးပြောင်းမှုကို ခြိမ်းခြောက်လျက်ရှိသော ၂၀၁၂ ခုနှစ်မှစ၍ ပွင့်အံလာသည့် လူမျိုးရေး အကြမ်းဖက်မှုအပေါ် အမေရိကန်ပြည်ထောင်စုနှင့် အခြား တိုင်းပြည်များက ရတက်မအေး ဖြစ်နေကြ၏။ ဗုဒ္ဓဘာသာဝင် လူသွမ်းအုပ်စုများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၈၀ ထက်မနည်း သေကြေပျက်စီးရပြီး အများစုမှာ ရိုဟင်ဂျာများဖြစ်ကြသည်။ တစ်သိန်းလေးသောင်းခန့်မှာ နေရပ် စွန့်ခဲ့ကြရသည်။
    ဘင်္ဂလားပင်လယ်အော်ကမ်းခြေ တစ်လျှောက်တွင်တည်ရှိပြီး ပြည်မနှင့် အဆက်ပြတ်နေသော ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတို့ကို ကုလသမဂ္ဂမှ ကမ္ဘာ့နှိပ်စက်ညှင်းပန်းမှု အခံရဆုံး လူနည်းစု လူ့အဖွဲ့အစည်းဟု ဖော်ပြခဲ့သည်။ သူတို့၏ လူဦးရေ ပမာဏမှာ ၁.၃ သန်းခန့်ရှိသည်။ ထိုဒေသအတွင်း မျိုးဆက်ပေါင်း များစွာနေထိုင်လာသော အဆက်အနွယ်များဖြစ်သော်လည်း အစိုးရက သူတို့ကို ဘင်္ဂလားဒေ့ရှ်မှ လာသူများဟု ဆိုပြီး နိုင်ငံသားဖြစ်ခြင်းမှ လုံးလုံးလျားလျား ငြင်းပယ်၍ နိုင်ငံမဲ့များဘ၀သို့ တွန်းပို့လိုက်သည်။
    Fortify Rights ၏ စာမျက်နှာ ၇၉ မျက်နှာပါ အစီရင်ခံစာရှိ လျှို့ဝှက်စာရွက်စာတမ်းများက – ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ရခိုင်ပြည်နယ် အာဏာပိုင်များသည် ရိုဟင်ဂျာတို့အား ခရီးသွားလာခွင့်၊ လွတ်လပ်စွာ ဘာသာရေးကျင့်သုံးခွင့်၊ သာသနိက အဆောင်အဦဆောက် လုပ်ခွင့်၊ နေအိမ်ပြုပြင်ခွင့်၊ လက်ထပ် ထိမ်းမြား၍ မျိုးဆက် ထူထောင်ခွင့်များ အပေါ် တစိုက်မတ်မတ် ကန့်သတ်ပိတ်ပင်ဖို့ တရားဝင်အမိန့်များ ထုတ်ပြန်ထားကြောင်း ဖွင့်ထုတ်ဖော်ပြလျက်ရှိနေသည်။
    ၁၉၉၃၊ ၂၀၀၅ နှင့် ၂၀၀၈ ခုနှစ်များ၏ ဒေသဆိုင်ရာအမိန့်အချို့ကို ဗဟိုအစိုးရ တရားစီရင်ရေး လက်အောက်ဌာန အသီးသီးထံမှ ပေးပို့ထား ခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းအရာများအပေါ် ၂၀၁၁ ခုနှစ်ကတည်းကစပြီးမှတ်တမ်းတင်ဆွေးနွေး တင်ပြထားချက်များပါဝင်ကြောင်း၊ ၎င်းမူဝါဒ အားလုံးမှာ ယနေ့ထက်တိုင် သက်ဝင် လှုပ်ရှားနေဆဲဖြစ်ကြောင်း ထိုလူ့အခွင့်အရေးအုပ်စုက ပြောကြားသည်။
    မောင်းတောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ရိုဟင်ဂျာများအဖို့  ကလေးနှစ်ယောက်သာယူရေး မူဝါဒအတွက် အောက်ခြေအဆင့်အထိ အမိန့်ပေးထားခြင်း၊ စားဝတ်နေရေးဖူလှုံစေရန် မွေးဖွားမှုနှုန်း ထိန်းချုပ်လိုသည့် အတွက် ကလေး အရေအတွက်အား ကန့်သတ်ခြင်း၊ ခွင့်ပြုချက်ရမှသာ လက်ထပ် ထိမ်းမြားနိုင်ခြင်း စသည်ဖြင့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၎င်းသူတို့သာ လူဦးရေထိန်းချုပ်မှုကို ခံစားနေကြရသည်။
    အမျိုးသမီးများသည် တစ်ပါးသူ၏ ကလေးများကို မိမိ၏ရင်သွေးအဖြစ် ပြောဆိုသည်ဟု သံသယရှိပါက ကလေးမိခင် အမှန်ဟုတ်မဟုတ် အတည်ပြုရန် ၎င်းတို့မျက်မှောက်မှာပင် အဓမ္မနို့တိုက်ကျွေးပြစေကြောင်း၊ အာဏာပိုင်အရာရှိများထံ အသေးစိတ် လမ်းညွှန်ထားသည်ဟု အထောက်အထားတစ်ရပ်က ဆိုထားသည်။
    ထိုအမိန့်များအကောင်အထည်ဖော်ရေး အခွင့်အာဏာကို လုံခြုံရေး တပ်ဖွဲ့များထံသို့လည်း ပေးအပ်ထား၏။ နေအိမ်များပေါ် တက်၍ ရှောင်တခင် စစ်ဆေးခြင်း၊ မိသားစုစာရင်းအတည်ပြုချက်ရေးရာ၌ ကိုယ်ရေးကိုယ်တာများအတွင်း ရည်ရွယ်ချက်ရှိရှိ ၀င်စွက်ခြင်း စသဖြင့် ပြုလုပ်ခဲ့ကြသည်။
    အမျိုးသမီးများသည် တစ်ပါးသူ၏ ကလေးများကို မိမိ၏ရင်သွေးအဖြစ် ပြောဆိုသည်ဟု သံသယရှိပါက ကလေးမိခင် အမှန်ဟုတ်မဟုတ် အတည်ပြုရန် ၎င်းတို့မျက်မှောက်မှာပင် အဓမ္မနို့တိုက်ကျွေးပြစေကြောင်း၊ အာဏာပိုင်အရာရှိများထံ အသေးစိတ် လမ်းညွှန်ထားသည်ဟု အထောက်အထားတစ်ရပ်က ဆိုထားသည်။
    “ ဒါဟာ အလွန် စက်ဆုပ်စရာကောင်းပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားချိုးနှိမ်တဲ့ မူဝါဒများကို ပြည့်ပြည့်စုံစုံ ပြုစုထားသလို၊ အဲ့ဒါနဲ့ပတ်သက်တဲ့ တရားဝင် အမိန့်ထုတ်ပြန်ချက် မိတ္တူများအားလုံးလည်း ပါဝင်နေတဲ့ အတွက် အစီရင်ခံစာက ငြင်းမရအောင် ထင်ရှားခိုင်လုံနေပါတယ် ” ဟု အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင် Benjamin Zawacki က ပြောကြားလိုက်ပါသည်။
    အဆိုပါ Fortify Rights မှ ဖွင့်ချလိုက်တဲ့ အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်တွင်းခြေစိုက် သတင်းအေဂျင်စီ တခုဖြစ်သော မြစ်မခ မီဒီယာမှ “ဘင်္ဂါလီများအပေါ် အစိုးရမှ လူ့အခွင့်အရေးချိုးဖောက်မှု မရှိဟု အစီရင်ခံစာထွက်ပေါ်” ခေါင်းစဉ်ဖြင့် ယမန့်နေ့က သတင်း တပုဒ်ရေးသားခဲ့ပါသည်။ အဆိုပါသတင်းပါ အချက်အလက်တွေဟာ မူရင်း အစီရင်ခံစာ၊ နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်နှင့် ၄င်းတို့ သတင်းတွင် ကိုးကားဖော်ပြထားသော Wall Street Journal ၏ ဖော်ပြချက်များနှင့် များစွာ ကွဲလွဲမှုများပါရှိတာကို တွေ့ရှိရပါသည်။
    ကိုးကားသတင်းလင့်များ
    AP သတင်းလင့်         =>http://bigstory.ap.org/article/rights-group-publishes-anti-rohingya-policies
    Wall Street Journal     သတင်းလင့်=> http://on.wsj.com/1pnZs3B
    Fortify Rights ကနေ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ လင့်=> http://www.fortifyrights.org/publication-20140225.html
    မြစ်မခသတင်းလင့်=>http://goo.gl/jkdgZP
    AP သတင်းဌာနတွင် ROBIN McDOWELL ရေးသားသည့် “Rights group blasts Myanmar over Rohingya policies” သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • ရိုဟင်ဂျာ အရေး ကူညီရန် အမေရိကန်အတည်ပြု
    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media
    annecrichardus_19965
    ရိုဟင်ဂျာဒုက္ခသည်များအရေး နှင့် ဘင်္ဂလားဒေ့ရှ်ရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ဆိုင်ရာ ပထမဆုံး အမျိုးသားစီမံကိန်း စတင်နိုင်ရေးအတွက် အပြည့်အ၀ အကူအညီပေးရန် အမေရိကန်ပြည်ထောင်စုမှ ကြာသပတေးနေ့တွင် အတည်ပြုလိုက်သည်။
    Bureau of Population, Refugee and Migration (PRM)၏ လက်ထောက် အတွင်းရေးမှူး Anne C Richard နှင့် မြန်မာဒုက္ခသည်များ ဆိုင်ရာ ဒါကာ၏ အကူအညီ တိုးမြှင့်ရေးကြိုးပမ်းသူ နိုင်ငံခြားရေးဝန်ကြီး ရှဟီးဒုလ် ဟပ်က် Shahidul Haque တို့၏ တွေ့ဆုံမှုအပြီးတွင် ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
    Ref: The Financial Express