News @ M-Media
Tag: russia
  • ထရမ့်နဲ့ပူတင်တို့ ဟယ်လင်စကီးမှာ ဘာတွေဆွေးနွေးကြမလဲ
    ထရမ့်နဲ့ပူတင်တို့ ဟယ်လင်စကီးမှာ ဘာတွေဆွေးနွေးကြမလဲ
    ဇူလိုင် ၁၆၊ ၂၀၁၈
    M-Media
    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ဟာ ဖင်လန်နိုင်ငံ ဟယ်လင်စကီးမှာ ဒီကနေ့ စတင်တွေ့ဆုံနေကြပြီး ‘ကုန်သွယ်ရေးကိစ္စကနေစပြီး စစ်ရေး၊ ဒုံးကျည်အရေးနဲ့ တရုတ်အရေးအထိ’ ဆွေးနွေးဖို့ ရှိနေပါတယ်။
    ပူတင်က အခုအချိန်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကမ္ဘာပေါ်က ကိစ္စတွေအကြောင်းကို စေ့စေ့စပ်စပ် ဆွေးနွေးရမယ့်အချိန်လို့ ထရမ့်ကို ပြောခဲ့ပြီး၊ ထရမ့်ကလည်း သမိုင်းတစ်လျှောက် အကောင်းဆုံး ကမ္ဘာ့ဖလားပွဲတွေထဲကတစ်ခုကို ရုရှားနိုင်ငံက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
    ရုရှားနဲ့ မိတ်ဖက်ဖြစ်မှုဟာ ကောင်းမွန်တဲ့ကိစ္စဖြစ်ပြီး၊ မကောင်းတဲ့ကိစ္စမဟုတ်ကြောင်း၊ ဆွေးနွေးမှုအတွင်း ကုန်သွယ်ရေး၊ စစ်ရေး၊ ဒုံးကျည်အရေး၊ နျူလက်နက်အရေးနဲ့ တရုတ်အရေးတို့ ပါဝင်မှာဖြစ်ကြောင်း ဆိုပါတယ်။
    “(သမ္မတအဖြစ်) ကျွန်တော် ရည်ရှည်ရှိမှာ မဟုတ်ပါဘူး။ ၂ နှစ်ပြည့်တော့မယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ထူးခြားတဲ့ ဆက်ဆံရေး ရှိလာမှာဖြစ်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်”
    အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တဲ့ကိစ္စအတွက် ပူတင်ကို ဖိအားပေးမလားလို့ ဆွေးနွေးမှုမတိုင်ခင် ထရမ့်ကို သတင်းထောက်တွေက မေးရာမှာ “အေးဆေးဖြစ်သွားမှာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်မှာ အမေရိကန်အာဏာပိုင်တွေဟာ ရုရှား စစ်ထောက်လှမ်းရေး ၁၂ ယောက်ကို ၂၀၁၆ ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
    Ref: Aljazeera
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၈၊ ၂၀၁၈
    M-Media
    မလေးရှား စီးပွားရေးလုပ်ငန်းရှင် Low Taek Jho
    ဆီးရီးယားတွင် ရုရှားတပ်ဖွဲ့များ ဆက်နေမည်ဟု ပူတင်ပြော
    ================
    ဆီးရီးယားကနေ မိမိတို့ရဲ့တပ်ဖွဲ့တွေ ထွက်သွားဖို့အတွက် လတ်တလော အစီအစဉ်မရှိသေးပေမယ့် ရေရှည် စခန်းချသွားမှာမဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က မနေ့က ရုပ်သံအမေးအဖြေတစ်ခုမှာ ပြောကြားလိုက်ပါတယ်။ ၇ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားဟာ ၂၀၁၅ ခုနှစ်ကတည်းက ပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ပူတင်က ဒီလိုတိုက်ခိုက်မှုဟာ ရုရှားတပ်ဖွဲ့တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ရရှိခဲ့ပြီး စစ်ရေးလေ့ကျင်တာနဲ့ တကယ်တိုက်ခိုက်ရတဲ့ အတွေ့အကြုံဟာ ဘယ်လိုမှ မယှဉ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
    ကင်ဂျုံအွန်ကို အိမ်ဖြူတော်ဖိတ်မည်ဟု ထရမ့်ပြော
    ===================
    စင်ကာပူက ထိပ်သီးအစည်းအဝေး စီစဉ်ထားတဲ့အတိုင်း အဆင်ပြေပြေ ဖြစ်လာမယ်ဆိုရင် ကင်ဂျုံအွန်ကို အိမ်ဖြူတော်လာရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူမှာ တွေ့ဆုံကြမှာဖြစ်ပြီး ကိုရီးယားစစ်ပွဲရပ်စဲရေး သဘောတူညီချက်တစ်ခု လက်မှတ်ထိုးနိုင်မယ်လို့လည်း ထရမ့်က ပြောပါတယ်။
    မီးတောင်လှုပ်မှုအတွင်း ပျောက်သွားသူများကို ရှာဖွေရေး ဂွါတီမာလာ ရပ်ဆိုင်း
    ==============
    တနင်္ဂနွေနေ့က မီးတောင်လှုပ်ခတ်မှုအတွင်း ပျောက်ဆုံးသွားတဲ့ လူ ၂၀၀ နီးပါး ရှာဖွေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ ဂွါတီမာလာ အမျိုးသားသဘာဝဘေးအေဂျင်စီက မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် သေဆုံးသူဟာ ၉၉ ဦးရှိခဲ့ပြီး ၁၉၇ ဦး ပျောက်ဆုံးနေတာပါ။ မီးတောင်ကထွက်တဲ့အရာတွေ အများအပြား
    ရှိနေတာ၊ ရာသီဥတုမကောင်းတာတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ပြန်တွေ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာလည်း မှေးမှိန်သွားပါတယ်။
    1MDB ကိစ္စအတွက် စီးပွားရေးလုပ်ငန်းရှင်များကို မလေးရှားက ဖမ်းဝရမ်းထုတ်
    ==============
    Ref: CNA, Aljazeera
  • အာဖဂန်တွင် ပျောက်သွားသည့် ဆိုဗီယက်လေယာဉ်မှူးကို နှစ် ၃၀ ကြာမှ အသက်ရှင်လျက် ပြန်တွေ့
    အာဖဂန်တွင် ပျောက်သွားသည့် ဆိုဗီယက်လေယာဉ်မှူးကို နှစ် ၃၀ ကြာမှ အသက်ရှင်လျက် ပြန်တွေ့
    ဇွန် ၃၊ ၂၀၁၈
    M-Media
    ၁၉၈၀ တွင်ပျောက်ဆုံးပြီး ၂၀၁၃ ခုနှစ်တွင် ပြန်တွေ့ခဲ့သည့် ဆိုဗီယက်စစ်သားပုံ
    – ၁၉၈၀ ပြည့်နှစ်တွေမှာ အာဖဂန်နစ္စတန်ကို ဆိုဗီယက်က ကျူးကျော်စဉ်အတွင်း လေယာဉ်ပျက်ကျကာ သေဆုံးသွားပြီလို့ မှတ်ယူခဲ့တဲ့ လေယာဉ်မှူးတစ်ဦးကို နှစ်ပေါင်း ၃၀ ကြာပြီးတဲ့နောက် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။
    “သူအသက်ရှင်နေသေးတယ်ဗျ။ တော်တော်အံ့သြဖို့ကောင်းတယ်။ အခု သူ အကူအညီလိုနေတယ်” လို့ ရုရှား လေထီးတပ်ဖွဲ့သမဂ္ဂ အကြီးအကဲ ဗာလီရီ ဗို့စ်ထရိုတင်က ပြောကြားခဲ့ပါတယ်။
    ဗို့စ်ထရိုတင်ဟာ စစ်သုံ့ပန်းနဲ့ ပျောက်ဆုံးစစ်သားများဆိုင်ရာ ရုရှာ-အမေရိကန်က ပူးတွဲကော်မရှင်ရဲ့ ရုရှားဖက်က အကြီးအကဲလည်း ဖြစ်ပါတယ်။ အသက်ရှင်လျက်ပြန်တွေ့သူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ လုံခြုံရေးကြောင့် သူက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
    အာဖဂန်စစ်သုံ့ပန်းတွေကိုထားတဲ့ ပါကစ္စတန်ကစခန်းမှာ ရှိနေတယ်လို့ ယုံကြည်ရတဲ့ အဲဒီလေယာဉ်မှူးဟာ ၁၉၈၇ ခုနှစ်မှာ ပစ်ချခံလိုက်ရတာဖြစ်ပြီး သူကလည်း ရုရှားကို ပြန်လာချင်နေပါတယ်။
    ၁၉၇၉ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ ဆိုဗီယက်ရဲ့ ကျူးကျော်မှုအတွင်း အာဖဂန်မှာ ဆိုဗီယက်လေယာဉ်ပေါင်း ၁၂၅ စင်း ပစ်ချခံခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ် ဆီုဗီယက်တပ်တွေ ဆုတ်ခွာတဲ့အချိန်မှာ စစ်သား ၃၀၀ ၀န်းကျင်လောက် ပျောက်ဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ အဲဒီအချိန်ကတည်းက ၃၀ ကို ပြန်တွေ့ခဲ့ပြီး အများစုဟာ သူတို့ရဲ့ မူရင်းနိုင်ငံတွေကို ပြန်ရောက်သွားကြပါတယ်။
    ၁၉၈၉ ခုနှစ်အတွင်း အာဖဂန်မှာ ဆိုဗီယက်လေယာဉ်တစ်စင်းသာ ပျက်ကျခဲ့ပြီး လေယာဉ်မှူးဟာ ရုရှားနိုင်ငံတောင်ပိုင်း ရိုစ်တို့ဗ်ဒေသက ဆာဂျီ ပန်တဲလ်ယွက် ဖြစ်တယ်လို့ ရုရှားမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
    ဗို့စ်ထရိုတင်က ဒီလေယာဉ်မှူးရဲ့ မိခင်နဲ့ ညီမဖြစ်သူတို့ဟာ သက်ရှိထင်ရှား ရှိနေတယ်လို့ ပြောကြားခဲ့ပြီး၊ သူမပျောက်ဆုံးခင် လပိုင်းအလိုမှာ မွေးဖွားခဲ့တဲ့ သမီးဖြစ်သူက ၃၁ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
    Ref : Arab News
  • တနင်္ဂနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနေ့မနက် နိုင်ငံတကာသတင်းများ
    ==========
    ဇွန် ၃၊ ၂၀၁၈
    M-Media
    ရုရှား၏ S-400 ဒုံးခွင်းစနစ်
    စင်ကာပူ-မလေး ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    ===============
    နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးနဲ့ မလေးရှား ကာကွယ်ရေးဝန်ကြီးတို့ဟာ ဒီကနေ့ တွေ့ဆုံမှုအတွင်း သဘောတူညီခဲ့ကြပါတယ်။ စင်ကာပူနဲ့ မလေးရှားလေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုအပါအ၀င် လတ်တလော နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုတွေအကြောင်း ၀န်ကြီးနှစ်ဦးက ပြောကြားခဲ့သလို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကိစ္စ အပါအ၀င် အာဆီယံဒေသတွင်း စိန်ခေါ်မှုတွေအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
    နျူကင်းစင်ရေး မြောက်ကိုရီးယားက အပြည့်ဝ ဆောင်ရွက်ရမည်
    ===============
    နျူကင်းစင်ရေးအတွက် ခိုင်ခိုင်မာမာနဲ့ နောက်ကြောင်းပြန်လှည့်လို့မရမယ့် လုပ်ဆောင်ချက်မျိုးကို တွေ့ရမှသာ ဖြေလျော့မှုတွေ လုပ်ပေးမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ် မာတစ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ စင်ကာပူမှာပြုလုပ်နေတဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ တောင်ကိုရီးယားနဲ့ ဂျပန်ကာကွယ်ဝန်ကြီးတွေနဲ့ တွေ့ဆုံမှုအတွင်း ဒီလိုပြောကြားလိုက်တာပါ။ ဇွန်လ ၁၂ ရက်နေ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကင်ဂျုံအွန်နဲ့ ထိပ်သီးအစည်းအဝေး ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း၊ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း မာတစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဆော်ဒီက ကန့်ကွက်သော်လည်း ရုရှားက ကာတာကို S-400 ဒုံးခွင်းစနစ် ရောင်းမည်
    ===========
    ဆော်ဒီအာရေဗျက ကန့်ကွက်မှုတွေရှိနေပေမယ့် မိမိတို့ရဲ့ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ကာတာထံ ရောင်းချသွားမယ်လို့ ရုရှားအထက်လွှတ်တော်က လွှတ်တော်အမတ် အလက်ဆီ ကွန်ဒရာယက်ဗ်က ပောကြားလိုက်ပါတယ်။ ကာတာအနေနဲ့ ဒီစနစ်ကို ၀ယ်ယူရင် စစ်တိုက်မယ်လို့ ဆော်ဒီဘုရင်က ခြိမ်းခြောက်ထားကြောင်း သတင်းထွက်ပြီး နောက်တစ်ရက်မှာပဲ ရုရှားက ဒီလိုတုန့်ပြန်လိုက်တာပါ။ ကွန်ဒရာယက်ဗ်က ဒီကိစ္စဟာ ဆော်ဒီနဲ့ ဘာမှမဆိုင်ကြောင်း ရုရှားအနေနဲ့ မိမိလက်နက် ရောင်းချရေးကိစ္စကို မိမိဖာသာ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း၊ ဆော်ဒီရဲ့ ရပ်တည်ချက်ဟာ ဒေသတွင်း လက်နက်ဈေးကွက်ကို စိုးမိုးထားတဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားပါနေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ကုန်ကျစားရိတ်ကြီးမြင့်မှုကြောင့် ဂျော်ဒန်ပြည်သူများ ဆန္ဒပြ
    =============
    နေထိုင်စားရိတ် ကြီးမြင့်လာတာ၊ အခွန်တိုးကောက်မယ့် မူကြမ်းတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဂျော်ဒန်ပြည်သူတွေဟာ ဗုဒ္ဓဟူးနေ့ကနေ စတင်ပြီး နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။ မနေ့က ဆန္ဒပြမှုအတွင်း ပြည်သူတွေဟာ ၀န်ကြီးချုပ်ရုံးတည်ရှိရာ နေရာကို ချီတက်ခဲ့ကြပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်အော်ခဲ့ကြသလို ၀န်ကြီးချုပ် နှုတ်ထွက်ပေးရေးလည်း တောင်းဆိုခဲ့ပါတယ်။ ဂျော်ဒန်အစိုးရရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကြံပြုချက်တွေကို ဂျော်ဒန်ပြည်သူတွေက မနှစ်မြို့ကြပါဘူး။
    Ref: CNA, Aljazeera
  • ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြုံးယမ်သို့လာရောက်ကာ ကင်ဂျုံအွန်နှင့်တွေ့
    ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြုံးယမ်သို့လာရောက်ကာ ကင်ဂျုံအွန်နှင့်တွေ့
    မေ ၃၁၊ ၂၀၁၈
    M-Media
    လာဗရော့ဗ် (ယာ) နှင့် တွေ့ရသည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်
    – မြောက်ကိုရီးယားအနေနဲ့ နျူကင်းစင်ရေး ဆောင်ရွက်မယ်ဆိုရင် ပိတ်ဆို့မှုတွေ တစ်ဖြည်းဖြည်းချင်း ပြေလျော့သွားလိမ့်မယ်လို့ ပြုံးယမ်ကို ရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က ပြောကြားလိုက်ပါတယ်။
    လာရော့ဗ်ဟာ ဒီကနေ့မှာ ရောက်ရှိလာတာဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၊ နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
    “ကိုရီးယားကျွန်းဆွယ်က နျူကလီးယားပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုပြီး ကျွန်တော်တို့ ဆွေးနွေးတဲ့အခါ ပိတ်ဆို့မှုတွေ မဖယ်ရှားပေးဘဲနဲ့ ဘယ်လိုမှ ပြဿနာပြေလည်မှာမဟုတ်ဘူးဆိုတာကို သွားတွေ့ပါတယ်။ တစ်ဖက်တည်းက လုပ်လို့ အောင်မြင်နိုင်တဲ့အရာ မဟုတ်ပါဘူး။ နျူကင်းစင်ရေးကို ချက်ခြင်းလုပ်လို့မရဘဲ တစ်လှမ်းချင်းစီသွားကာ ပတ်သတ်သူအားလုံးက တစ်ဆင့်ချင်းစီကို ဖြည်ဖြည်းနဲ့မှန်မှန် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” လို့ လာဗရော့ဗ်က ပြောကြားခဲ့ပါတယ်။
    အမေရိကန် မြောက်ကိုရီးယားအနေနဲ့ နျူအစီအစဉ်ကို အလျင်အမြန်စွန့်လွှတ်ဖို့ လိုလားနေပြီး အဲဒီလိုလုပ်မှသာ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးကာ၊ စီးပွားရေးအခွင့်အလမ်တွေ ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
    ဒါပေမယ့် ကင်ဂျုံအွန်ဟာ သူ့အတွက် လုံခြုံရေး အာမခံချက်မရဘူးဆိုရင် လက်ခံမှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
    ကင်ဂျုံအွန်ရဲ့ ထိပ်တန်းအကြံပေး ကင်ယွန်ချိုဟာ မနေ့က အမေရိကန်ကို ရောက်ရှိလာခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ထရမ့်-ကင်ဂျုံအွန် ထိပ်သီးအစည်းအဝေး ကိစ္စဆွေးနွေးဖို့ ဖြစ်ပါတယ်။
    Ref: Aljazeera