News @ M-Media

Tag: russia

  • သူလျှိဟောင်းကို လုပ်ကြံသူများမှာ ရုရှားထောက်လှမ်းရေးမှလူများဟု ဗြိတိန်ထုတ်ပြန်

    သူလျှိဟောင်းကို လုပ်ကြံသူများမှာ ရုရှားထောက်လှမ်းရေးမှလူများဟု ဗြိတိန်ထုတ်ပြန်

    စက်တင်ဘာ ၅၊ ၂၀၁၈
    M-Media

    ဗြိတိန်က ထုတ်ပြန်ခဲ့သည့် သံသယရှိသူနှစ်ဦး

    – ဗြိတိန်သူလျှိုဟောင်း ဆာဂျီ စကရီပဲလ်နဲ့ သူ့ရဲ့ သမီးဖြစ်သူ ယူလီယာတို့ကို အဆိပ်ဓာတ်ငွေ့နဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ သံသယရှိသူနှစ်ဦးရဲ့ အမည်နဲ့ ဓာတ်ပုံတွေကို ဗြိတိန်က ထုတ်ပြန်လိုက်ပါတယ်။

    အလက်ဇန်းဒါး ပီထရော့ဗ်နဲ့ ရုစ်လန် ဘိုရှီရော့ဗ်ဆိုတဲ့ အမည်တွေကို သုံးစွဲတဲ့ ရုရှားနိုင်ငံသားတွေဖြစ်ပြီး တရားစွဲဖို့ လုံလောက်တဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ စကော့တလန်ယာ့ဒ်အဖွဲ့နဲ့ CPS အဖွဲ့တို့က ပြောကြားခဲ့ပါတယ်။

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဒီနှစ်ဦးဟာ ရုရှားစစ်ဖက်ထောက်လှမ်းရေး အရာရှိတွေဖြစ်တယ်လို့ ယူဆရကြောင်း၊ တိုက်ခိုက်မှုကို ရုရှားအစိုးရရဲ့ အကြီးတန်းပုဂ္ဂိုလ်က အတည်ပြုခဲ့တာ သေချာကြောင်း ပြောကြားခဲ့ပါတယ်။

    အသက် ၆၆ နှစ်အရွယ် စကရီပဲလ်နဲ့ သမီးဖြစ်သူ ၃၃ နှစ်အရွယ် ယူလီယာတို့ဟာ မတ်လက ဆေလ်းစ်ဘူရီမြို့မှာ အဆိပ်ဓာတ်ငွေ့နဲ့ လုပ်ကြံခံခဲ့ရပြီး ဒါဟာ ရုရှားထောက်လှမ်းရေးလက်ချက်ဖြစ်တယ်လို့ ဗြိတိန်က စွပ်စွဲခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း သူတို့ သားအဖနှစ်ယောက်စလုံး အသက်ဘေးက လွတ်ခဲ့ပါတယ်။

    ရုရှားဖက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

    ဇွန်လ ၃၀ ရက်နေ့က ဆေးလ်စ်ဘူရီနဲ့ သိပ်မဝေးတဲ့ အေမက်စ်ဘူရီမြို့မှာ နောက်ထပ် လူ နှစ်ဦး အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံရပြီး အဲဒီထဲကတစ်ဦး သေဆုံးခဲ့ပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့က ဒါဟာ ဆေးလ်စ်ဘူရီက တိုက်ခိုက်မှုနဲ့ ဆယ်နွယ်တယ်လို့ ယူဆခဲ့ပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်ကနေ ထုတ်ပြန်တဲ့ အမည်တွေ၊ ဓာတ်ပုံတွေဟာ ရုရှားနဲ့ ဘာမှမဆိုင်ကြောင်း၊ စကရီပဲလ်တို့ တိုက်ခိုက်ခံရမှုမှာ ရုရှားက ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: BBC,RT

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၂၉၊ ၂၀၁၈
    M-Media

    တမန်တော်မိုဟာမက် ရုပ်ပြောင်းကာတွန်းပြိုင်ပွဲကျင်းပရန် စီစဉ်သည့် ဂါ့တ်ဝိုင်းလ်ဒါး

    အစ္စလာမ်ဆန့်ကျင်ရေးလွှတ်တော်အမတ်အား တိုက်ခိုက်ရန်ကြံစည်သူတစ်ဦးကို နယ်သာလန်ဖမ်းဆီး
    =============
    တမန်တော်မိုဟာမက်ကို စော်ကားတဲ့ ရုပ်ပြောင်ကာတွန်းပြိုင်ပွဲ ကျင်းပဖို့ စီစဉ်နေတဲ့ လက်ယာစွန်းရောက် လွှတ်တော်အမတ် ဂါ့တ် ၀ိုင်းလ်ဒါးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို နယ်သာလန် ရဲတပ်ဖွဲ့က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ လက်ရှိမှာ သူ့ကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပြီး အခုတစ်ပတ်အတွင်းမှာ တရားစွဲဆိုသွားဖို့ ရှိနေပါတယ်။ ၀ိုင်းလ်ဒါးဟာ အဲဒီ ကာတွန်းပြိုင်ပွဲကို လာမယ့်လမှာ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပြီး တစ်ပါးသူရဲ့ ဘာသာရေးခံယူချက်ကို ထိခိုက်နစ်နာအောင်လုပ်ဖို့ ရည်ရွယ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    လူမည်းလူငယ်ကို ပစ်သတ်ခဲ့သည့် အမေရိကန်ရဲ ထောင် ၉၉ နှစ်အထိ ကျခံရနိုင်
    =================
    ပြီးခဲ့တဲ့နှစ် ဧပြီလက ဒါးလက်စ်မြို့ ဆင်ခြေဖုံးမှာ လူမည်းလူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်မှုအတွက် ရဲအရာရှိဟောင်း ရိုင်အိုလီဗာဟာ အပြစ်ရှိတယ်လို့ တက္ကဆက်ပြည်နယ် တရားရုံးက မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ လူမည်းလူငယ်တစ်စုဟာ ကားနဲ့ ပါတီကနေ ပြန်လာတဲ့အချိန် အိုလီဗာရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ဂျော်ဒါန် အက်ဒ်ဝပ်ဆိုသူ လူငယ်တစ်ဦး သေဆုံးခဲ့တာပါ။ အိုလီဗာက ကားဟာ သူ့ကို ၀င်တိုက်ဖို့ကြိုးစားလို့ ပစ်ခတ်ခဲ့ရတာလို့ ပြောပေမယ့် စစ်ဆေးမှုတွေအရ ကားဟာ သူနဲ့အဝေးကို မောင်းထွက်သွားတာကို တွေ့ခဲ့ရပါတယ်။ ဒီအမှုအတွက် သူဟာ ထောင် ၅ နှစ်ကနေ ၉၉ နှစ်အထိ ကျခံရဖို့ ရှိပါတယ်။

    မြေထဲပင်လယ်တွင် ရုရှားက ရေတပ်အင်အား အကြီးအကျယ် ဖြည့်တင်း
    ===============
    ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်ရဲ့တပ်တွေဟာ နိုင်ငံမြောက်ပိုင်း အီဒလစ်ဘ်ပြည်နယ်က သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ရှိနေတဲ့အချိန် အာဆတ်ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားကလည်း မြေထဲပင်လယ်မှာ ရေတပ်အင်အား အကြီးအကျယ် ဖြည့်တင်းမှုတွေ ပြုလုပ်နေပါတယ်။ အမေရိကန်ဟာ ဆီးရီးယားအစိုးကို တိုက်ဖို့အတွက် အရှေ့အလယ်ပိုင်းမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ ရုရှားက စွပ်စွဲထားပြီး၊ အမေရိကန်ကလည်း အီဒလစ်ဘ်မှာ ရုရှားနဲ့ အာဆတ်အစိုးရက ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုရင် တုန့်ပြန်သွားမယ်လို့ မနေ့မှာ ခြိမ်းခြောက်ထားပါတယ်။ ရုရှားရဲ့ အခုစစ်အင်အားဖြည့်တင်းမှုမှာ ရေငုပ်သင်္ဘောတွေပါ ပါဝင်လာပြီး ၂၀၁၅ ခုနှစ် ဆီးရီးယားစစ်ပွဲမှာ ပါဝင်ပြီးနောက်ပိုင်း အကြီးမားဆုံး စစ်ရေးပြင်ဆင်မှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင်မှုကို ရုရှား ပြုလုပ်မည်

    စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင်မှုကို ရုရှား ပြုလုပ်မည်

    သြဂုတ် ၂၈၊ ၂၀၁၈
    M-Media

    – ၁၉၈၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင်မှုတစ်ခုကို နောက်လမှာ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှီဂူက ပြောကြားလိုက်ပါတယ်။

    စစ်သားပေါင်း ၃ သိန်းလောက်ပါဝင်မယ့် အဲဒီ စစ်ရေးလေ့ကျင့်မှုကို Vostok-2018 လို့ အမည်ပေးထားပြီး ရုရှားနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး တရုတ်နဲ့ မွန်ဂိုလီးယားတို့က တပ်ဖွဲ့တွေလည်း စစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းဖို့ ရှိနေပါတယ်။

    ရုရှားဟာ အခုနှစ်ပိုင်းအတွင်းမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့နဲ့ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် စစ်ရေးလေ့ကျင့်မှုတွေကို ခပ်စိပ်စိပ် ပြုလုပ်လာပါတယ်။

    လာမယ့်လ စစ်ရေးလေ့ကျင့်မှုမှာ စစ်သုံးယဉ် ၃၆၀၀၀၊ လေယာဉ် တစ်ထောင်ကျော် သုံးစွဲသွားမှာ ဖြစ်ပြီး လေထီးတပ်ဖွဲ့တွေနဲ့ ရေတပ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ရုရှားရဲ့ စစ်သည်အင်အားဟာ ၁ သန်းလောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

    Vostok-2018 စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မယ့် စစ်အင်အားဟာ ဒုတိယကမ္ဘာစစ်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီး ၃ ပွဲက တစ်ပွဲမှာ သုံးစွဲခဲ့တဲ့ အရေအတွက်လောက် ရှိနေပါတယ်။

    Ref: BBC

  • ကိုယ်ပျောက်လေယာဉ်များအား ပစ်ချနိုင်သည့် ဒုံးကျည်ကို ရုရှားထုတ်ပြ

    ကိုယ်ပျောက်လေယာဉ်များအား ပစ်ချနိုင်သည့် ဒုံးကျည်ကို ရုရှားထုတ်ပြ

    သြဂုတ် ၂၇၊ ၂၀၁၈
    M-Media

    ရုရှား၏ S400 ဒုံးခွင်းနစ်

    – အသံထက်မြန်တဲ့ ကိုယ်ပျောက်တိုက်လေယာဉ်တွေကို ပစ်ချနိုင်မယ့် ဒုံးကျည်တစ်မျိုးကို ရုရှားက မော်စကိုမှာပြုလုပ်ခဲ့တဲ့ ‘၂၀၁၈ စစ်လက်နက်ပြပွဲ’ မှာ ထုတ်ပြလိုက်ပါတယ်။

    40N6E လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးကျည်ဟာ ရုရှားရဲ့ နာမည်ကျော် ဒုံးခွင်းစနစ် S-400 နဲ့ နောက်မျိုးဆက် S-500 တို့မှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး မြေပြင်အထက် ၁၀ မီတာလောက်ကနေ ပျံသန်းတဲ့ လေယာဉ်ကိုတောင် ပစ်ချနိုင်တယ်လို့ ဆိုပါတယ်။

    အလေးချိန် ၁၈၉၃ ကီလိုဂရမ်ရှိပြီး ပစ်လွှတ်လိုက်တဲ့အချိန်မှာ တစ်စက္ကန့်ကို ပျမ်းမျှ ၁၁၉၀ မီတာနှုန်းနဲ့ သွားနိုင်ပါတယ်။ ကီလိုမီတာ ၃၀ လောက်မြင့်တဲ့ နေရာမှာရှိတဲ့ အရာတွေကို ပစ်ချနိုင်ပြီး ဂြိုဟ်တုနဲ့ ဖမ်းယူလို့မရတဲ့စနစ်မျိုး ဒုံးကျည်မှာ ထည့်သွင်းထားတယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

    40N6E ဒုံးကျည်ဟာ လေယာဉ်ပျံဆိုရင် ကီလိုမီတာ ၃၈၀ အကွာအဝေးလောက်ကနေ ပစ်ချနိုင်ပြီး၊ ဒုံးကျည်ဆိုရင်တော့ ၁၅ ကီလိုမီတာအကွာအဝေးကနေ ပစ်ချနိုင်တယ်လို့ သရုပ်ပြမှုမှာ ပြောကြားခဲ့ပါတယ်။

    ဒုံးကျည်ကို ဇူလိုင်လမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း S-400 ဒုံးခွင်းစနစ်တွေမှာ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

    S-400 အတွက် ဒုံးကျည်တွေကို ထုတ်လုပ်ရာမှာ 40N6E ဟာ ပဉ္စမမြောက် ထွက်ရှိလာတဲ့ ဒုံးကျည်ဖြစ်ပြီး အရင်ကထွက်ခဲ့တဲ့ ဒုံးကျည်တွေထက် ပိုဝေးဝေး ပစ်ခတ်နိုင်ပါတယ်။ S-400 ကို ဆက်ခံမယ့် S-500 ဒုံးခွင်းစနစ်မှာလည်း ဒီဒုံးကျည်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

    Ref: RT

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၂၂၊ ၂၀၁၈
    M-Media

    ကီရာလာမှ ကယ်ဆယ်ရေးစခန်း

    ဒုံခွင်းစနစ်ကို တူရကီသို့ ရုရှားက စောစောပို့ပေးမည်
    ==============
    တူရကီက မှာယူထားတဲ့ S400 ဒုံးခွင်းစနစ်တွေကို မူလက သတ်မှတ်ထားတဲ့ အချိန်ထက် တစ်နှစ်စောပြီး ၂၀၁၉ ခုနှစ်မှာ ပေးပို့သွားမယ်လို့ ရုရှားက ပြောပါတယ်။ တူရကီဟာ ရုရှားထံကနေ ဒီလို ၀ယ်ယူမှုကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝေဖန်မှုကို ခံနေရပြီး အမေရိကန် စစ်ဖက်အရာရှိတွေနဲ့ နိုင်ငံရေးသမားတွေကလည်း အပြစ်တင်ထားပါတယ်။ တူရကီဟာ ရုရှားရဲ့ S400 ဒုံးခွင်းစနစ်ကို ၀ယ်ယူမယ့် ပထမဆုံး နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။

    နိုင်ငံ၏ ကျန်းမာရေးကဏ္ဍကို ကင်ဂျုံအွန်ဝေဖန်
    =============
    နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍဟာ ၀န်ထမ်းတွေဟာ ပျင်းရိပြီး၊ တာဝန်ယူမှုမရှိဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ထူးထူးခြားခြား ဝေဖန်ပြောကြားလိုက်ပါတယ်။ နျူကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပိတ်ဆို့မှုတွေ ပြုလုပ်ထားတာကြောင့် မြောက်ကိုရီးယားဟာ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုပိုင်း ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက ပြောကြားထားပါတယ်။ မနေ့က ပြုံးယမ် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံကို သွားရောက်စစ်ဆေးရာမှာ ကင်က နိုင်ငံရဲ့ အခြားကဏ္ဍတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ တိုးတက်လာခဲ့ပေမယ့် ဆေးဘက်နယ်ပယ်ကတော့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံကို အတုယူဖို့လိုသည်ဟု မလေးဝန်ကြီးချုပ်ပြော
    ==============
    တရုတ်နိုင်ငံက ပြည်သူ သန်း ၁၄၀၀ ကျော်ရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင်ရရှိရေး၊ နည်းပညာတွေ ပြည့်မီအောင် ဆောင်ရွက်ပေးထားမှုကို မလေးရှားနိုင်ငံက အတုယူဖို့လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ်မဟာသီယာ မိုဟာမက်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ မဟာသီဟာ တရုတ်နိုင်ငံကို ၅ ရက်ကြာအလည်အပတ် ရောက်ရှိနေတာပါ။ မဟာသီဟာ စိုက်ပျိုးရေးနဲ့ နည်းပညာစင်တာ၊ အလီဘာဘာရုံးချုပ်တွေအပါအ၀င် နေရာတော်တော်များများ သွားရောက်ခဲ့ပြီး ကျည်ဆန်ရထားကိုလည်း စီးကြည့်ခဲ့ပါတယ်။

    အိန္ဒိယရေကြီးမှု လူ ၁ သန်းကျော် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေရ
    =============
    အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၂၀ လောက် ရှိလာခဲ့ပြီး လူ ၁ သန်းဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရတယ်လို့ အာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကယ်ဆေးရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွအတွက် ငွေကြေးအခက်အခဲရှိတယ်လို့ ကီရာလာအာဏာပိုင်တွေက ပြောကြားထားပြီး အာရပ်စော်ဘွားများပြည်ထောင်စု UAE က လတ်တလောမှာ ဒေါ်လာ သန်း ၁၀၀ လှူဒါန်းထာားကာ၊ ဗဟိုအစိုးရက ၉၇ သန်း ထောက်ပံ့ပေးထားပါတယ်။

    Ref: CNA, Aljazeera