News @ M-Media
Tag: russia
  • Star Wars စတိုင် နည်းပညာမြင့် တိုက်ပွဲဝင်ဝတ်စုံကို ရုရှား ထုတ်ပြ
    Star Wars စတိုင် နည်းပညာမြင့် တိုက်ပွဲဝင်ဝတ်စုံကို ရုရှား ထုတ်ပြ
    ဇွန် ၃၀၊ ၂၀၁၇
    M-Media
    – ကမ္ဘာကျော် Star Wars ဇာတ်ကားမှာ သရုပ်ဆောင်တွေ ၀တ်ဆင်တဲ့ ၀တ်စုံနဲ့ ဆင်တူတဲ့ မျိုးဆက်သစ် တိုက်ပွဲဝင် ၀တ်စုံသစ် နမူနာကို ရုရှား စစ်ဖက်ဆိုင်ရာ ထိပ်တန်း သုတေသနစင်တာစ်ခုက ထုတ်ဖော်ပြသလိုက်ပါတယ်။
    အနာဂတ်တိုက်ပွဲတွေမှာ ရုရှားစစ်သားတွေ ၀တ်ဆင်မယ့် အဲဒီဝတ်စုံဟာ စစ်သားရဲ့ ဦးခေါင်းကို ဖုံးအုပ်ထားတဲ့ ဦးထုပ်နဲ့အတူ ဆန်းသစ်တဲ့ ကျည်ကာဝတ်စုံ ဖြစ်ပါတယ်။ ပြီးတော့ တိုက်ခိုက်မှုအတွင်းမှာ စွမ်းဆောင်ရည်နဲ့ သက်လုံတို့ကို တိုးတတ်စေဖို့အတွက် စက်အကူနဲ့ လှုပ်ရှားမှုစနစ်လည်း ပါဝင်တယ်။
    ဒီနမူနာကို မော်စကိုက အမျိုးသား သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် (MISIS) မှာ နည်းပညာမြင့် ပစ္စည်းတွေကို ထုတ်ဖော်ပြသတဲ့ ရုရှားရဲ့ အကြီးဆုံးပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။
    “အနာဂတ်အတွက် တိုက်ပွဲဝင် ၀တ်စုံအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ ဆောင်ရွက်နေတာပါ။ ဒီလို ထုတ်ပြတာက နောက်ထပ် ၂ နှစ်လောက်အတွင်းမှာ ထုတ်လုပ်ဖို့ ရည်ရွယ်ပြီး ပြသတာဖြစ်ပါတယ်” လို့ စင်တာရဲ့ စစ်လက်နက်ဆိုင်ရာ ဒုတိယအကြီးအကဲ အိုလက် ချီကာရက်ဗ်က ပြောကြားခဲ့ပါတယ်။
    နောက်ပြီး စစ်သားတွေ စစ်ဆင်ရေး ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေမယ့် အခြား ပစ္စည်းတွေကိုလည်း အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်နေတယ်လို့ သူက ဆိုပါတယ်။
    ကမ္ဘာ့ စစ်အင်အားကြီးနိုင်ငံတွေဟာ အနာဂတ်တိုက်ပွဲတွေအတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ကြီးကြီးမားမားမား ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပြီး အဲဒီအထဲမှာ ရုရှားနိုင်ငံလည်း ပါဝင်ပါတယ်။
    ပြီးခဲ့တဲ့နှစ်တုန်းက ရုရှားစစ်တပ်ဟာ ကြည်းတပ်၊ ရေတပ်၊ လေတပ်က လူသားစစ်သားတွေနေရာနဲ့ အာကာသနယ်ပယ်တွေမှာ တစ်ဖြည်းဖြည်းနဲ့ စက်ရုပ်တွေ၊ စက်ရုတ်တစ်ပိုင်း လူတစ်ပိုင်းတွေ အစားထိုးသွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : RT
  • Confederations Cup ပြိုင်ပွဲတွင် ရုရှားက ဆိုးသွမ်းပရိတ်သတ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မည်
    Confederations Cup ပြိုင်ပွဲတွင် ရုရှားက ဆိုးသွမ်းပရိတ်သတ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မည်
    ဇွန် ၁၆၊ ၂၀၁၇
    M-Media
    – ယခုသီတင်းပတ်နှောင်းပိုင်းတွင် စိန့်ပီတာစဘတ်၌ ကျင်းပမည့် ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံးပြိုင်ပွဲတွင် ဆိုးသွမ်းဘောလုံးပရိတ်သတ် ပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ရုရှားက ပြောကြားလိုက်သည်။
    ရုရှားပရိတ်သတ်များမှာ ပြိုင်ဘက် အသင်း ပရိတ်သတ်များ၊ ဘောလုံးသမားများကို အုပ်စုဖွဲ့တိုက်ခိုက်သည့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး မနှစ်က ပြင်သစ်တွင် ကျင်းပခဲ့သည့် ယူရို ၂၀၁၆ တွင် အထင်ရှားဆုံး ဖြစ်ခဲ့သည်။
    ထို့ကြောင့် ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယခု ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုများ ရှိနေသည်။ သို့သော်လည်း ရုရှားတာဝန်ရှိသူများက ထိန်းသိမ်းသွားမည်ဟု ဆိုသည်။
    “ကျွန်တော်တို့ဟာ ပရိတ်သတ်တွေနဲ့ ပူးပေါင်းပြီး ဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဆန်းစစ်နေပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ယခု ကွန်ဖက်ဒရေးရှင်းဖလားနှင့် ၂၀၁၈ ကမ္ဘာ့ဖလားအတွက် လုံခြုံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    လက်ရှိတွင် ရုရှားပရိတ်သတ် ၉၁ ဦးကို ဘောလုံးပွဲများသို့ ၀င်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့ပြီး ထိုအရေအတွက်မှာ ပြင်သစ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စ မတိုင်ခင်ထက် ၂ ဆ မြင့်တက်လာခြင်းဖြစ်သည်။
    “လူမျိုးရေးခွဲခြားမှု၊ မီးကျည်လွှတ်မှုနဲ့ တိုက်ခိုက်မှုတွေအပါဝအင် ဆိုးဆိုးဝါးဝါး ကျူးလွန်ခဲ့ကြတဲ့ အဲဒီလူတွေဟာ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်”
    ရုရှားမှာ ‘ပရိတ်သတ် ပတ်စပို့’ စနစ်ကိုလည်း ဆောင်ရွက်ရန် စီစဉ်ထားပြီး လက်မှတ်လာဝယ်သူတိုင်းမှာ ၎င်းတို့၏ ဓာတ်ပုံဖြင့် ကွင်းဝင်ခွင့်ပတ်စပို့ကို လျှောက်ထားရမည်ဖြစ်သည်။ နိုင်ငံခြား ပရိတ်သတ်များအတွက် ဗီဇာဖြင့် အစားထိုးပေးသည်။
    Ref: BBC
  • IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးပြီဟု သတင်းထွက်ပေါ်
    IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးပြီဟု သတင်းထွက်ပေါ်
    ဇွန် ၁၆၊ ၂၀၁၇
    M-Media
    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာရ် အလ်-ဘဂ္ဂဒါဒီ
    – ဆီးရီးယားတွင် ရုရှားက ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာရ် အလ်-ဘဂ္ဂဒါဒီ သေဆုံးသွားသည်ဆိုသော သတင်းများကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေသည်ဟု ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။
    ရုရှား တိုက်လေယာဉ် Su-34 နှင့် Su-35 တို့မှာ မေလ ၂၈ ရက်နေ့က ဆီးရီးယားနိုင်ငံမြေက်ပိုင်း IS ခြေကုပ်ယူရာ ရက်ကာမြို့တွင် လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး၊ IS ထိပ်တန်းခေါင်းဆောင်များ ပြုလုပ်ခဲ့သည့် အစည်းအဝေးကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
    ထိုအစည်းအဝေးတွင် အလ်-ဘဂ္ဂဒါဒီလည်း တက်ရောက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
    “လက်ရှိမှာ နည်းလမ်းပေါင်းစုံနဲ့ အတည်ပြုဖို့လုပ်နေတဲ့ သတင်းအချက်အလက်အရ IS ခေါင်းဆောင် အီဘရာဟင် အလ်-ဘာကာရ် အလ်-ဘဂ္ဂဒါဒီဟာ အစည်းအဝေးမှာ ရှိနေခဲ့ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြောငြာချက်တွင် ဖော်ပြထားသည်။
    ထိုတိုက်ခိုက်မှု ပြုလုပ်မည့် နေရာ၊ အချိန်တို့နှင့် ပတ်သက်သည့် အချက်အလက်များကို အမေရိကန်အား အသိပေးခဲ့ဟုလည်း ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: RT
  • ပူတင်မှာ IS ထက် ကြောက်စရာကောင်းသည်ဟု ကန် အထက်လွှတ်တော်အမတ် ပြော
    ပူတင်မှာ IS ထက် ကြောက်စရာကောင်းသည်ဟု ကန် အထက်လွှတ်တော်အမတ် ပြော
    မေ ၃၀၊ ၂၀၁၇
    M-Media
    – ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်မှာ IS အဖွဲ့ထက် ပို၍ ကြောက်စရာကောင်းသည်ဟု အမေရိကန် အထက်လွှတ်တော်မှ သြဇာရှိ ရီပက်ဘလစ်ကန်အမတ် ဂျွန်မက်ကိန်းက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    သြစတေးလျ ရုပ်သံ ABC နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ရုရှားမှာ ‘ဒီမိုကရေစီ၏ အခြေခံကို ဖျက်ဆီးရန်’ ကြိုးစားနေသည်ဟုလည်း စွပ်စွဲခဲ့သည်။
    “IS က ဆိုးဆိုးဝါးဝါးအလုပ်တွေ လုပ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ရုရှားက ဒီမိုကရေစီရဲ့ အခြေခံကို ဖျက်ဆီးဖို့နဲ့ အမေရိကန်ရွေးကောက်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တာပါ” ဟု မက်ကိန်းက ဆိုသည်။
    သို့သော်လည်း ၎င်းတို့ အောင်မြင်သည်ဆိုသည့် အထောက်အထားကို မတွေ့ရကြောင်း၊ နောက်ထပ်လည်း ထိုသို့ ရွေးကောက်ပွဲရလဒ်များကို ပြောင်းလဲရန် ကြိုးစားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြင်သစ်ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးစေရန်လည်း ကြိုးစားခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    ပူတင်ကလည်း ယမန်နေ့တွင် ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်နှင့် တွေ့ဆုံခဲ့ပြီး ပြင်သစ်ရွေးကောက်ပွဲတွင် မိမိတို့ ၀င်ရောက်စွက်ဖက်မှုမရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင် လက်ယာစွန်းသမ္မတလောင်း လီပန်နှင့် တွေ့ဆုံခြင်းမှာ ရွေးကောက်ပွဲကို လမ်းကြောင်းလွှဲရန် ကြိုးစားခြင်းမဟုတ်ကြောင်း မာခရွန်အားေ
    ပြာကြားခဲ့သည်။
    ရုရှားက ယူကရိန်းပြဿနာတွင် ပါဝင်မှုအတွက်လည်း မက်ကိန်းက ဝေဖန်ခဲ့ပြီး အမေရိကန်က ပိတ်ဆို့မှုများဖြင့် ရုရှားကို တုန့်ပြန်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Haaretz.com
  • ခရစ်ယာန် ယေဟောဝါသက်သေ အသင်းတော်ကို အစွန်းရောက်အဖွဲ့အဖြစ် ရုရှား သတ်မှတ်
    ခရစ်ယာန် ယေဟောဝါသက်သေ အသင်းတော်ကို အစွန်းရောက်အဖွဲ့အဖြစ် ရုရှား သတ်မှတ်
    ဧပြီ ၂၁၊ ၂၀၁၇
    M-Media
    – ခရစ်ယာန် သာသနာပြုအသင်းတော်တစ်ခုဖြစ်သည့် ‘ယေဟောဝါသက်သေ’ အသင်းတော်မှာ အစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ရုရှားတရားရုံးချုပ်က ယမန်နေ့တွင် ဆုံးဖြတ်လိုက်ပြီး ထိုအဖွဲ့ကို ဖျက်သိမ်းကာ ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများအားလုံးကို နိုင်ငံတော်က သိမ်းယူရမည်ဟု အမိန့်ပေးခဲ့သည်။
    အဆိုပါအဖွဲ့ကလည်း ၎င်းတို့အဖွဲ့မှာ ရုရှားတွင် ပြိုကွဲသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
    “ဒီလိုဆုံးဖြတ်မှုအတွက် ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်မိပြီး ကျွန်တော်တို့ရဲ ဘာသာရေးလှုပ်ရှားမှုအပေါ်မှာ ဒါက ဘယ်ရောက် ရိုက်ခတ်သွားမလဲဆိုတာကိုလည်း အရမ်း စိုးရိမ်မိပါတယ်” ဟု ရုရှား ယေဟောဝါသက်သေ အသင်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ယာရိုစလဗ် ဆီလ်ဆူလ်စကီးက အီးမေးလ်မှတစ်ဆင့် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
    “ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အယူခံဝင်မှာပါ။ ငြိမ်းချမ်တဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော်တို့ရဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေး၊ ကာကွယ်မှုတွေ မြန်မြန်ပြန်ရမယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်”
    ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန်အတွက် ၎င်းတို့အသင်းအနေဖြင့် အယူခံဝင်ခွင့်ကာလ ရက်ပေါင်း ၃၀ ရရှိမည်ဖြစ်သည်။
    ရုရှားတွင် ခရစ်ယာန်ဘာသာရေးကို အော်သိုဒေါ့စ်အသင်းတော်က လွှမ်းမိုးထားပြီး နိုင်ငံရေးတွင်လည်း အတိုင်းအတာတစ်ခုအထိ လက်တံရှည်ကာ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်၏ ထောက်ခံမှုကို ရရှိထားသည်။ အချို့သော အော်သိုဒေါ့စ် ခရစ်ယာန်ဘာသာရေးပညာရှင်များက ယေဟောဝါအသင်းတော်ကို ‘အာဏာရှင်ဆန်သည့် ဂိုဏ်း’ အဖြစ် သတ်မှတ်ထားသည်။
    ယေဟောဝါအသင်းတော်၏ ကိုယ်စားလှယ် ဆာဂျီ ချီရီပါနော့ဗ်က မိမိတို့အနေဖြင့် ဥရောပ လူ့အခွင့်အရေး ခုံရုံးသို့ အယူခံဝင်သွားမည်ဟု ပြောကြားကြောင်း Interfax သတင်းဌာနက ဖော်ပြခဲ့သည်။
    အမေရိကန်အခြေစိုက် ယေဟောဝါအသင်းတော်မှာ တစ်အိမ်တက်ဆင်း သာသနာပြုနိုင်မှုအတွက် ကျော်ကြားပြီး၊ စစ်မှုထမ်းခြင်း၊ သွေးသွင်းကုသခြင်း စသည်တို့ကို ဆန့်ကျင်သည့်အဖွဲ့ ဖြစ်သည်။
    ကမ္ဘာတစ်ဝှမ်း ၎င်းတို့၏အသင်းဝင် ၈ သန်းခန့်ရှိသည်ဟု ဆိုပြီး၊ ၎င်းတို့၏ စစ်မက်ကင်းစင်ရေးဝါ၊ သွေးသွင်းမှုဆန့်ကျင်ရေးတို့ကြောင့် နိုင်ငံအများအပြားတွင် ဥပဒေကြောင်းအရ ဖိအားပေးမှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ထိုနိုင်ငံများထဲတွင် ရုရှားမှာ လူသိရှင်ကြား ပြင်းပြင်းထန်ထန် ကန့်ကွက်သည့် နိုင်ငံဖြစ်သည်။
    Ref: Reuters